ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက အမေရိကန်သမ္မတ ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပြင်ဆင်လိုက်ကြောင်း ပြောကြား

News Image

  • ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက အမေရိကန်သမ္မတ ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ပြင်ဆင်လိုက်ကြောင်း ပြောကြား

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် ၎င်း၏အမြင်ကို လွန်ခဲ့သောသီတင်းပတ်က ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းတွင် ၎င်းတို့ချင်းတွေ့ဆုံပြီးနောက် ပြုပြင်လိုက်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ၊ အဆိုပါဆွေးနွေးပွဲသည် ဖေဖော်ဝါရီလက အိမ်ဖြူတော်တွင် ၎င်းတို့နှစ်ဦးဖြစ်ပွားခဲ့သည့် အပြင်းအထန်ငြင်းခုံမှုနှင့် လုံးဝကွာခြား ခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့တွင် ဇီလန်စကီးနှင့် ထရမ့်တို့သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားတွင် တွေ့ဆုံပြီး အကြံပေးများနှင့် ဘာသာပြန်များမပါဘဲ ၁၅ မိနစ်ကြာ စကားပြောခဲ့ကြသည်။

“မိမိနှင့် ထရမ့်အကြား ယခုတစ်ကြိမ် စကားပြောခဲ့ခြင်းသည် ယခုထိ အကောင်းဆုံးဆွေးနွေးပွဲဖြစ်မည်ဟု ထင်မြင်မိပါသည်။ အချိန်ကာလ အနေဖြင့် တိုတောင်းသော်လည်း အရေးပါဆုံးအကြောင်းအရာများကိုပြောခဲ့ကြသည်။ မိမိတို့၏ အဖွဲ့များကို လေးစားမှုရှိစွာဖြင့် ပြောရမည် ဆိုပါက၊ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ပြောဆိုသည့် ပုံစံက အလုပ်ဖြစ်ခဲ့ ပါသည်။ ဆွေးနွေးပွဲသည် ကောင်းမွန်သည့် အငွေ့အသက်များ ရှိခဲ့ပါသည်” ဟု ဇီလန်စကီးက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဗာတီကန်မှာ မိမိတို့ တွေ့ဆုံပြီးနောက်မှာ သမ္မတထရမ့်သည် အရာရာကို နည်းနည်းတော့ ကွဲပြားစွာ မြင်လာမည်ဟု ယုံကြည်ပါသည် မိမိတို့ နှစ်ဦးသည် တည်ငြိမ်စွာဖြင့် ယဉ်ကျေးမှုရှိရှိ ဆွေးနွေးနိုင်ခဲ့သည်ဆိုသည်မှာ အရေးကြီးပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ဇီလန်စကီးကို ပိုအေးဆေးသည့်ပုံစံဖြင့် မြင်မိပါသည်။ ၎င်းသည်အခြေအနေကို နားလည်နေပြီဟု ထင်မိပါသည်။ ပြီးတော့ ၎င်းသည် သဘောတူညီချက်တစ်ခုရရန် လိုလားနေပါသည်” ဟု ထရမ့်က ဇီလန်စကီး နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂