အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ အာဒိုဂန်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြား

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ အာဒိုဂန်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြား

တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ၎င်းအား အမေရိကန်သမ္မတ က အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရန် ဖိတ်ကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ အကြောင်းကို တူရကီ သမ္မတက ၎င်း၏ လူမှုကွန်ယက် X (Twitter) တွင် ရေးသားဖော်ပြခဲ့ပါသည်။

“ယနေ့ (မေ ၅ ရက်) အမေရိကန်သမ္မတ၊ မိမိ၏အလေးစားရဆုံးမိတ်ဆွေ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ခြင်းသည် အလွန် ထိရောက်မှုရှိပြီး အကြောင်းအရာပြည့်ဝမှုနှင့် စိတ်ရင်းမှန်ရှိမှုတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ မိမိသည် အမေရိကန်သမ္မတ၏ အလည်အပတ်ခရီးကို တူရကီနိုင်ငံတွင် မကြာမီအချိန်အတွင်းကြိုဆိုရန်အတွက် အလွန် ဝမ်းမြောက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းကလည်း မိမိအားအမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန်ဖိတ်ကြားခဲ့ပါသည်” ဟု တူရကီ သမ္မတ အာဒိုဂန်က ဖော်ပြခဲ့ပါသည်။

တူရကီသမ္မတက အမေရိကန်သမ္မတနှင့် ဖုန်းဆက်ပြီး “ဂါဇာကမ်းမြှောင် ဒေသတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှု အခြေအနေ၊ ဆီးရီးယားအခြေအနေ၊ ရုရှားနှင့်ယူကရိန်းအကြား စစ်ပွဲအခြေအနေ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ အီရန်နှင့်အမေရိကန်အကြား ဆက်လက်လုပ်ဆောင်နေသောဆွေးနွေးမှုများနှင့် အခြားဒေသနှင့်ကမ္ဘာ့ပြဿနာများ” ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

“ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ပွဲများကို ရပ်တန့်ရန် သမ္မတဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုများကို မိမိတန်ဖိုးထား ကြောင်းနှင့် မိမိတို့၏ဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို ဖန်တီးရန် တူရကီသည် လိုအပ်သော ပံ့ပိုးကူညီမှုများကို ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း” ကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တူရကီသမ္မတ အာဒိုဂန်နှင့် စကား ပြောဆိုပြီးနောက် ၎င်း၏ လူမှုကွန်ယက် Truth Social တွင် “တူရကီ သမ္မတက ၎င်းအား အနာဂတ်တွင် တူရကီသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဝါရှင်တန်သို့ လာရောက်ရန် စီစဉ်ထားကြောင်း” အစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။

ကိုးကား - Tass