ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ပါကစ္စတန်နှင့် အိန္ဒိယအကြား တင်းမာမှုများ တိုးမြင့်လာမှုအပေါ် ဆွေးနွေးခဲ့
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မေ ၄) ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် ဖုန်းဆက်ပြောကြားစဉ် အစ္စလာမာဘတ်နှင့်နယူးဒေလီတို့ကြား တင်းမာမှုများ မြင့်တက်လာမှုအခြေအနေကို ဆွေးနွေး ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လာဗရော့ဗ်က တင်းမာမှုများ လျော့ပါးစေရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို မော်စကိုက ပံ့ပိုးလိုသည့်ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။ “ဧပြီ ၂၂ ရက်က ပါဟယ်ဂမ်ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း ပေါ်ပေါက်လာသည့် အခြေအနေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အစ္စလာမာဘတ်နှင့် နယူးဒေလီတို့၏ အပြန်အလှန် အကျိုးစီးပွားရှိပါက ရုရှားဘက်က အကူအညီပေးရန် အဆင်သင့်ရှိကြောင်း” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ဖုန်းဆက်ဆိုမှုသည်ပါကစ္စတန်ဘက်မှ တောင်းဆိုချက်အရ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စနေနေ့(မေ ၃)က လာဗရော့ဗ်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar နှင့်လည်း ဆက်သွယ်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ လာဗရော့ဗ်က “နယူးဒေလီနှင့် အစ္စလာမာဘတ်တို့ကြား သဘောထားကွဲလွဲမှုများကို ၁၉၇၂ ဆင်းမလားသဘောတူညီချက်နှင့် ၁၉၉၉ လာဟိုကြေညာစာတမ်းတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နှစ်နိုင်ငံချင်းနိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန်” တိုက်တွန်း ခဲ့သည်။ ထိုသဘောတူညီချက်များသည် တောင်အာရှနိုင်ငံနှစ်ခုအကြား အငြင်းပွားမှုများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ယခင်က သဘောတူညီခဲ့သည့် သမိုင်းဝင်မူဘောင်များ ဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂