ရုရှားသည် အနောက်နိုင်ငံများ၏ “ပြည်ဖျက်စစ်ပွဲ” ကို တစ်နိုင်ငံတည်း ရင်ဆိုင်နေဟု ပူတင်ဆို
ရုရှားသည် နိုင်ငံကို ဆန့်ကျင်သည့် “ပြည်ဖျက်စစ်ပွဲ” (existential war) ဆင်နွှဲနေသည့် အနောက် အုပ်စုနှင့် တစ်နိုင်ငံတည်း ရင်ဆိုင်ရပ်တည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ Rossiya-1 ရုပ်သံလိုင်းမှ တနင်္ဂနွေနေ့(မေ ၄)တွင် ထုတ်လွှင့်ခဲ့သည့် “ကရင်မလင်တွင် ပူတင်၏ သမ္မတ တာဝန် ထမ်းဆောင်မှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်” စာတန်းထိုးရုပ်သံတွင် ပူတင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုရုပ်သံသည် ပူတင် ရုရှားသမ္မတအဖြစ် ပထမဆုံးအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ၂၀၀၀ ပြည့်နှစ် မေလ ၇ ရက်နေ့မှစ၍ နှစ် ၂၅ ပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ကူး ထားခြင်းဖြစ်သည်။အဆိုပါရုပ်သံတွင် ပူတင်သည်ဂျာနယ်လစ် ပါဗယ်ဇာရူဘင်နှင့် ယူကရိန်း-ရုရှားစစ်ပွဲ၊ ရုရှား နှင့် အနောက်နိုင်ငံများအကြား ကျယ်ပြန့်သော ပဋိပက္ခများအကြောင်း ဆွေးနွေးခဲ့သည်။
ပူတင်က “ရုရှားသည် အခြေအနေအရ အနောက်နိုင်ငံများ၏ စုပေါင်းတိုက်ခိုက်မှုကို တစ်ဦးတည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် အဆိုပါ အခြေအနေကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက အနောက်နိုင်ငံများသည် ရုရှားကို လှည့်စားသည့် နည်းလမ်းများဖြင့် ဆက်ဆံလာခဲ့သည်။ ၎င်းတို့က တစ်ခုပြောပြီး အခြားတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်” ဟု ဝေဖန်ခဲ့သည်။
ပူတင်က ရုရှား၏ ထပ်ခါတလဲလဲ သတိပေးချက်များကို အနောက်နိုင်ငံများက လျစ်လျူရှုခဲ့ခြင်း၊ ရုရှား၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို အပြည့်အဝ အသိအမှတ်မပြုခြင်းတို့ ကြောင့် လက်ရှိအကျပ်အတည်းများ ဖြစ်ပေါ်လာရကြောင်း ရှင်းပြခဲ့သည်။
ဆက်လက်၍ ပူတင် က “ဤအဆင့်မြင့်ယဉ်ကျေးမှုကမ္ဘာ (အနောက်နိုင်ငံများ) က ရုရှားအားနည်း သွားပြီဟု သတ်မှတ်ခဲ့ကြသည်။ ဆိုဗီယက်ယူနီယံဟူသော သမိုင်းဝင်ရုရှားပြိုကွဲသွားပြီး ကျန်ရစ်ခဲ့ သော အစိတ်အပိုင်းများကိုလည်း အပြီးသတ်ဖျက်ဆီးရမည်ဟု ရည်ရွယ်ခဲ့ကြသည်။ ယင်းအနက် အကြီးဆုံးဖြစ်သော ရုရှားဖက်ဒရေးရှင်းကိုလည်း ၄-၅ ပိုင်း ပိုင်းခြားရန် စီစဉ်ခဲ့ကြသည်။ မိမိသည် နိုင်ငံ၏အနာဂတ်အတွက် တာဝန်ရှိသူဖြစ်သည့်အတွက် ထိုသို့မဖြစ်ရလေအောင် စတင်လုပ်ဆောင်ခဲ့သည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
မော်စကိုသည် ယူကရိန်းပဋိပက္ခကို “အနောက်နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေး ကြားခံစစ်ပွဲ” အဖြစ် အစဉ်သတ်မှတ်ခဲ့ပြီး၊ ယူကရိန်းလူမျိုးများကို “အသုံးချခံစစ်သား (cannon fodder)” အဖြစ် အသုံးပြု နေသည်ဟု စွပ်စွဲခဲ့သည်။ ရုရှားအရာရှိများက “အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများသည် နေတိုး၏ အရှေ့ဥရောပချဲ့ထွင်မှုနှင့် ယူကရိန်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို မော်စကို၏ လုံခြုံရေး အရေးကိစ္စများကို လျစ်လျူရှုကာ တမင်တကာ တင်းမာမှုများ မြှင့်တင်ခဲ့သည်” ဟု ပြောဆို ထားသည်။
ပူတင်က “ရုရှားနှင့် အနောက်နိုင်ငံများသည် “ပြည်ဖျက်စစ်ပွဲ (existential war)” တွင် ပိတ်မိနေပြီဖြစ်ကာ၊ အနောက်မှ အများအပြားက ယခုအခါ ထိုအချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလာကြသည်” ဟု အားလုံးသိအောင် ပြောကြားခဲ့သည်။
ထိုပြောကြားချက်များသည် ရုရှား-အနောက် ပဋိပက္ခ၏ ဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်း သိမြင် စေသည်။ ပူတင်က အနောက်နိုင်ငံများသည် ရုရှားကို နိုင်ငံတော်ပြိုကွဲမှု (state collapse) ဖြစ်စေရန် နှစ်ပေါင်းများစွာ စီစဉ်ခဲ့ကြောင်း၊ သို့သော် မော်စကိုက ယင်းအန္တရာယ်ကို ကြိုတင်ကာကွယ် ခဲ့ကြောင်း ပြတ်သားစွာ အလေးပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂