အိန္ဒိယ-ပါကစ္စတန် အခြေအနေကို စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

News Image

  • အိန္ဒိယ-ပါကစ္စတန် အခြေအနေကို စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်းအနေဖြင့် နှစ်နိုင်ငံအစိုးရအတွက် စေ့စပ် ညှိနှိုင်းမှုများပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း မေ ၅ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန် လက်ရှိ အခြေအနေတင်းမာမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်အကြား အခြေအနေတင်းမာမှုများသည် နှစ်ပေါင်းများစွာတွင် “အမြင့်ဆုံး” သို့ ရောက်ရှိနေကြောင်း၊ ထို့အပေါ် ၎င်းအနေဖြင့် နက်နက်ရှိုင်းရှိုင်း ကြေကွဲရကြောင်း ဂူတာရက်စ်က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဧပြီ ၂၂ ရက်က အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းက ထပ်မံအပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား နှစ်သိမ့်စကားပြောကြားခဲ့သည်။ အရပ်သားများအား ဦးတည်သည့် တိုက်ခိုက်ရေး လှုပ်ရှားမှုသည် လက်ခံ၍မရကြောင်း၊ ယုံကြည်ရပြီး တရားဝင်နည်းလမ်းဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ မုချမသွေ အရေးယူသွားရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

“စစ်ရေးနည်းလမ်းသည် ဖြေရှင်းသည့်နည်းလမ်းမဟုတ်” ကြောင်း၊ လက်ရှိ ယခုလို အရေးကြီးအချိန်အခါ၌ အရေးကြီးဆုံးမှာ “ထိန်းချုပ်မှုအလွယ်တကူလွတ်သွားနိုင်” သည့် စစ်ရေးထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်ကြဉ်ရန်ဖြစ်ကြောင်း ဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် “အတတ် နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း” ဆောင်ရွက်ကြရန် ၎င်းကတိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် အခြေအနေဖြေလျှော့ခြင်း၊ သံတမန်ရေး တွန်းအားပေးခြင်းနှင့် ငြိမ်းချမ်းရေး အဆိုပြုချက်ကို တစ်ဖန်ပြန်လည်အားထုတ်ခြင်းအား အထောက်အကူဖြစ်စေသည့် မည်သည်ကိုမဆို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နှစ်နိုင်ငံအစိုးရအတွက် စေ့စပ်ညှိနှိုင်းမှုများ ပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်တွင် အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ ခရီးသွားဧည်သည့်များအား ပစ်မှတ်ထားသည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန်တို့က တင်းမာသည့်အစီအမံများဆောင်ရွက်ခဲ့ရာ အခြေအနေများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ 

ကိုးကား- ဆင်ဟွာ