တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ မော်စကို မြို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေး
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် ဒေသစံတော်ချိန် မေ ၈ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က သမ္မတ ပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ခရီးစဉ်ထပ်မံလာရောက်ပြီး ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရခြင်းအပေါ် အလွန် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ရုရှားဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နက်ရှိုင်းရေးသည် နှစ်နိုင်ငံပြည်သူများ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုအား ဆက်ခံရာတွင် ရှိသင့်သည့်အနှစ်သာရဖြစ်ပြီး နှစ်ဖက်အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေခြင်း၊ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ခြင်း၏ မုချမသွေ ရွေးချယ်မှု ဖြစ်သလို နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲရေး တွန်းအားပေးခြင်း၏ ခေတ်ကာလတောင်းဆိုသံ လည်း ဖြစ်ကြောင်းကို သမိုင်းနှင့် လက်တွေ့က အပြည့်အဝ သက်သေပြလျက်ရှိကြောင်း ရှီကျင့်ဖျင် ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ၊ ဆိုဗီယက် ပြည်ထောင်စု မဟာမျိုးချစ်စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်-ရုရှား နှစ်နိုင်ငံပြည်သူများသည်အလွန်ကြီးမားလှသော ပေးဆပ်မှု များဖြင့် ကြီးမားလှသည့် အောင်မြင်မှုကို ရရှိခဲ့ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်းကာကွယ်ရေးနှင့် လူသားမျိုးနွယ် တိုးတက်ရေးလုပ်ငန်းအတွက် ရာဇဝင်တွင်သည့် သမိုင်း၏အကျိုးကို ထမ်းဆောင်ခဲ့ကြကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာ၌ တစ်ဖက်သတ်ဝါဒ ဟူသော ခေတ်နောက်ပြန်လှည့် မှုနှင့် အင်အားသုံး ဗိုလ်ကျ အနိုင်ကျင့်မှုလုပ်ရပ်များကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အထူးတာဝန်ကို ပခုံးထက်တွင်တင်လျက် မဆုတ်မရွံ့ ဝာာဝန်ထမ်းဆောင်ကာ မှန်ကန်သည့် ဒုတိယကမ္ဘာစစ်အမြင်ကို အတူတကွ မြှင့်တင်သွားမည် ဖြစ်သလို ကုလသမဂ္ဂ၏ ဩဇာသက်ရောက်မှုနှင့် အနေအထားကို ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံနှင့် ကျယ်ပြန့် များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ တန်းတူညီမျှ၍ စနစ်ကျသည့် ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းရေး၊ အများအကျိုးဖြစ်ထွန်း၍ အားလုံး ပါဝင်မှုရှိသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းရေးကို လက်တွဲအတူ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Xinhua
Photo: NBC News