မလေးရှားဘုရင်ကို မော်စကိုသို့ လာရောက်လည်ပတ်ရန် ပူတင်ဖိတ်ကြား
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟီမ်နှင့် ကရင်မလင်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ဆုံစဉ် မလေးရှားဘုရင် အီဗရာဟီမ် အစ်စကန်ဒါကို ရုရှားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားပါကြောင်း ပြောကြားလိုက်ပါသည်။
“မိမိအနေဖြင့် တောင်းဆိုစရာရှိပါသည်။ ကျေးဇူးပြု၍ နိုင်ငံတော်အကြီးအကဲ ဆူလတန် အီဗရာဟီမ်ထံ မိမိ၏ အကောင်းဆုံး ဆုမွန်ချီးကျူးစကားကို ပြောကြားပေးပါ၊ မိမိတို့အနေဖြင့် ၎င်းကို ရုရှားသို့ လာရောက် လည်ပတ်ရန် စောင့်မျှော်နေပါသည်” ဟု ပူတင်က မလေးရှား ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံသည် ဖက်ဒရယ် ရွေးကောက်တင်မြှောက်သော ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်အကြီးအကဲဖြစ်သော ဘုရင်ကို နိုင်ငံရှိ ပြည်နယ် (၉) ခုမှ မျိုးရိုးဆက်ခံ အုပ်ချုပ်သူများထဲမှ ငါးနှစ်လျှင် (၁) ကြိမ် ရွေးချယ်တင်မြှောက်လေ့ရှိပါသည်။ ဂျိုဟိုးမှ အီဗရာ ဟီမ် အစ်စကန်ဒါသည် ၂၀၂၄ ခုနှစ်မှစ၍ နိုင်ငံတော်အကြီးအကဲ ဘုရင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ကိုးကား- TASS
Photo: New Straits Times
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃