မိတ်ကပ်နှင့် ပတ်သက်သော 'mukbang' အစားအသောက် ဗီဒီယိုများ ရိုက်ကူးသည့် အမျိုးသမီး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်

News Image

  • မိတ်ကပ်နှင့် ပတ်သက်သော 'mukbang' အစားအသောက် ဗီဒီယိုများ ရိုက်ကူးသည့် အမျိုးသမီး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်

ထိုင်ဝမ်၏ အလှအပလုပ်ငန်းတွင် လူကြိုက်များပြီး မိတ်ကပ်ပစ္စည်းများကို စားသုံးပြသည့် ဗီဒီယိုများဖြင့် ကျော်ကြားခဲ့သော အမျိုးသမီးငယ်တစ်ဦး အသက် ၂၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

Guava Beauty အမည်ရှိ အဆိုပါ အမျိုးသမီးငယ်သည် နုပျိုချစ်စရာကောင်းသော ဟန်ပန်နှင့် “မိတ်ကပ်နှင့် အစားအစာ” ပေါင်းစပ်ထားသည့် "mukbang" ဗီဒီယိုများကြောင့် လူမှုကွန်ရက်ပေါ်တွင် ပရိသတ် ၁၂,၀၀၀ ကျော်ရှိခဲ့သည်။ သူမ၏ ဗီဒီယိုများတွင် နှုတ်ခမ်းနီ၊ မိတ်ကပ်၊ မျက်နှာနှင့် ဝက်ခြံအတွက် အသုံးပြုသည့် ဂွမ်းပြားများအထိ စားသုံး နေသည်ကို တွေ့ရသည်။

ဇွန်လ ၃ ရက်နေ့တွင် ထိုင်ဝမ်မီဒီယာများက အဆိုပါ အမျိုးသမီးငယ်၏ မိသားစုမှ ၎င်းတို့၏သမီး ကွယ်လွန်သွားသည်ကိုအတည်ပြုကြောင်းဖော်ပြခဲ့သည်။ “မိမိတို့၏ အဖိုးတန်သမီး Guava Beauty သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဤကမ္ဘာမှ ထွက်ခွာသွားကြောင်း ဝမ်းနည်းစွာ ကြေညာအပ်ပါသည်၊ သူမကို နှစ်သက်ခဲ့ကြသူများ၊ မှတ်ချက်ပေးခဲ့ကြသူများနှင့် အတူရယ်မောခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါသည်” ဟု ဖော်ပြခဲ့သည်။

Guava ၏ သေဆုံးရသည့် အကြောင်းရင်းကို မိသားစုနှင့် အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသေးပါ။ သို့သော် သူမ၏ သေဆုံးမှုသည် လူမှုကွန်ရက်ပေါ်တွင် များစွာ စဉ်းစားဆင်ခြင်မှုများ ဖြစ်ပေါ်စေခဲ့သည်။အချို့က မိတ်ကပ်ပစ္စည်းများ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သည်ဟု ယုံကြည်ကြပြီး အချို့က စိတ်ဖိစီးမှုနှင့် မူမမှန်သော နေထိုင်မှုပုံစံတို့ကြောင့် လေဖြတ်ခြင်း သို့မဟုတ် နှလုံးရပ်ခြင်း ဖြစ်နိုင်သည်ဟု သံသယ ရှိကြသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂