ယူကရိန်း၏ ဆက်တိုက် တိုက်ခိုက်မှုများက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးရန် ရည်ရွယ်နေကြောင်း ပူတင်ပြောကြား၊ ပူတင်နှင့်တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိသေးကြောင်း ဇီလန်စကီး ဆို

News Image

  • ယူကရိန်း၏ ဆက်တိုက် တိုက်ခိုက်မှုများက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးရန် ရည်ရွယ်နေကြောင်း ပူတင်ပြောကြား၊ ပူတင်နှင့်တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိသေးကြောင်း ဇီလန်စကီး ဆို

ယူကရိန်း၏ လတ်တလော ရုရှားအပေါ် ဆက်တိုက် တိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးဆွေးနွေးမှု ကို ဖျက်ဆီးရန် ရည်ရွယ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၄ ရက်တွင် ရုရှားအစိုးရအရာရှိများနှင့် ကျင်းပသော ဗီဒီယိုအစည်းအဝေး၌ ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဇီလန်စကီးက ယူကရိန်း၏ ရက် ၃၀ ကြာ ဘက်စုံခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားဘက်က သဘောမတူညီသော်ငြားလည်း ၎င်းအနေဖြင့် ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိသေးကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း၏ မကြာသေးမီရက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော ဒုတိယ အကြိမ် စေ့စပ်ညှိနှိုင်းပွဲမတိုင်မီ ယူကရိန်းက ရုရှားအရပ်သားပြည်သူများအပေါ် “ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ” ပြုလုပ်ခဲ့ရာ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့သည်။ ထိုဆက်တိုက်တိုက်ခိုက်မှုများသည် “ကိယက်ဗ်အာဏာပိုင်က အကြမ်းဖက်အဖွဲ့အဖြစ် ရောက်ရှိနေပြီး ၎င်းတို့ကို ထောက်ခံသူတွေက အကြမ်းဖက်သမားများ၏ ကြံရာပါ ဖြစ်လာတာ” ကို ပြသနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ကြီးမားသော ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရကာ ရှေ့တန်းအားလုံး ဆုတ်ခွာခဲ့ရကြောင်း၊ “အကြမ်းဖက်လှုပ်ရှားမှုများ” မှတစ်ဆင့် ရုရှားကို ခြိမ်းခြောက်ကာ ရုရှားအား အတင်းအကျပ် အပစ်အခတ်ရပ်စဲစေပြီး ရုရှား-ယူကရိန်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရေးကို ယူကရိန်း က အတင်းအကျပ် စစ်သည် စည်းရုံးခြင်း၊ လက်နက်ကိရိယာများ ဖြည့်တင်းခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို စီစဉ်ရေးဆွဲခြင်းတို့၌ အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်မြို့၌ ယူကရိန်းထံ ပေးအပ်ခဲ့သော ရုရှား၏ အပစ်အခတ်ရပ်စဲရေး စာချွန်လွှာမှာ “နောက်ဆုံးအကြောင်းကြားခြင်းဖြစ်ပြီး အခြေအနေတင်းမာမှုကို ဖြေလျှော့သည့် အဆိုပြုချက် မဟုတ်ပါ” ဟူ၍ ဇီလန်စကီးက ရုရှား-ယူကရိန်း ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ ဇွန် ၄ ရက်တွင် မီဒီယာများထံ ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက ယူကရိန်း၏ ရက် ၃၀ ကြာ ဘက်စုံ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားဘက်က သဘော မတူသော်ငြားလည်း ၎င်းအနေဖြင့် ပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိသေးကြောင်း၊ တွေ့ဆုံဆွေးနွေးပြီးလျှင် ရုရှားဘက်က စစ်ပွဲရပ်တန့်လိုမှုကို ပြသခြင်းမရှိသေးပါက ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ဖော်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ဇွန် ၂ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဒုတိယအကြိမ် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံက စာချွန်လွှာများ ဖလှယ်ခဲ့ကြသည်။ ရုရှား စာချွန်လွှာ၏ ပင်မ အကြောင်းအရာများတွင် ယူကရိန်းအကျပ်အတည်း အဆုံးသတ်ဖြေရှင်းရန် အခြေအနေများ၊ ၃၀ ရက်ကြာ ဘက်စုံအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဖော်ဆောင်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးရန် လုပ်ငန်းစဉ်နှင့် သက်တမ်း စသည်တို့ ပါဝင်သည်။

ကိုးကား - ဆင်ဟွာ