အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးရန် အလားအလာကို ထရမ့်က ယာယီရပ်ဆိုင်း

News Image

  • အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးရန် အလားအလာကို ထရမ့်က ယာယီရပ်ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချပေးရန် အစီအစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး အစ္စရေးနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တင်းမာမှုတွင် အီရန် ခေါင်းဆောင်၏ အနိုင်ရခဲ့သည်ဟု ပြောဆိုမှုကို ဝေဖန်ခဲ့သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် အာဏာရှိနေသည့် အယာတိုလာ အလီ ခါမေနီက ကြာသပတေးနေ့ (ဇွန် ၂၆) တွင် အီရန်သည် အစ္စရေးနှင့် အမေရိကန်တို့အပေါ် ၁၂ ရက်ကြာ တိုက်ရိုက်စစ်ဆင်ရေး တိုက်ခိုက်မှု များအပြီး အနိုင်ရခဲ့ကြောင်း ကြေညာခဲ့သည်။ အစ္စရေးက အီရန်၏ အဆင့်မြင့်စစ်ဘက်အရာရှိကြီးများကို သုတ်သင်ပြီး ၎င်း၏နျူကလီးယား စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ချိန်မှစ၍ တင်းမာမှုများ မြင့်တက် ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုများ အပြန်အလှန်ဖြစ်ပွားပြီးနောက် အမေရိကန် က အီရန်၏ ခိုင်ခံ့သော ဖော်ဒိုးစက်ရုံနှင့် အခြားစက်ရုံနေရာနှစ်ခု (နတန်ဇ် နှင့် အစ္စဖာဟန်)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အစ္စရေး၏ စစ်ဆင်ရေးကို ထောက်ခံခဲ့သည့် ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ခါမေနီ၏ အနိုင်ရခဲ့ပြီဟူသော ကြေညာချက်ကို မမှန်ကန်သော အလိမ်အညာစကားဟု ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

၎င်းက မကြာသေးမီနေ့များအတွင်းက အမေရိကန်၏ ပြင်းထန်သော အရေးယူမှုများ ရုပ်သိမ်းရန် အလားအလာကို လုပ်ဆောင်နေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ခါမေနီ၏ ပြောဆိုချက်များကို သိရှိပြီးနောက် ဆန့်ကျင်ဘက် လုပ်ဆောင်လိုက်ကြောင်း ဖော်ပြခဲ့သည်။

ယခင်က ခါမေနီသည် “လွယ်ကူသော ပစ်မှတ်တစ်ခုဖြစ်သည်” ဟု ပြောဆိုခဲ့ပြီး ထရမ့်က စစ်ပွဲအတွင်း၌ အမြင့်ဆုံးခေါင်းဆောင်၏ တည်နေရာ အတိအကျကို သိရှိခဲ့သော်လည်း ၎င်းကို တိုက်ခိုက်ရန် ခွင့်မပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂