အီလွန်မက်၏ နိုင်ငံရေးပါတီအသစ်ဖွဲ့စည်းမည့်သတင်းကြောင့် တက်စလာ၏ စတော့ရှယ်ယာတန်ဖိုးများ ကျဆင်း

News Image

  • အီလွန်မက်၏ နိုင်ငံရေးပါတီအသစ်ဖွဲ့စည်းမည့်သတင်းကြောင့် တက်စလာ၏ စတော့ရှယ်ယာတန်ဖိုးများ ကျဆင်း

အီလွန်မက်သည် တက်စလာအား လစ်လျူရှုထားသည်ဟု ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ကြပြီး ဂျာမနီရှိ Frankfurt စတော့အိတ်ချိန်း ဈေးကွက် စတင် ဖွင့်လှစ်ချိန် တွင် ကုမ္ပဏီ၏ စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းသွားခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် Frankfurt စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်၌ တက်စလာ၏ စတော့ရှယ်ယာတန်ဖိုးများ ၄% ကျဆင်းကာ နယူးယောက်စတော့အိတ်ချိန်းတွင် ဆက်လက်ကျဆင်းနိုင်ကြောင်း ညွှန်းဆိုနေသည်။ အမေရိကန်၏ လွတ်လပ်ရေးနေ့ အားလပ်ရက်အပြီး Wall Street ပြန်လည် ဖွင့်လှစ်မည့်ညနေပိုင်းတွင် စတော့ရှယ်ယာတန်ဖိုးများ ပိုမိုကျဆင်းလာနိုင်သည်။

တက်စလာ၏ CEO အီလွန်မက်သည် ဒီမိုကရက်နှင့် ရီပတ်ပလီကန် ပါတီ များနှင့် ယှဉ်ပြိုင်ရန် “ယူနိုက်တက်စတိတ်ပါတီ” (United States Party) ဖွဲ့စည်းမည်ဟု ကြေညာပြီးနောက် ၎င်း၏အာရုံစိုက်မှုသည် တက်စလာမှ လွဲချော် နေသည်ဟု ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ကြသဖြင့် တက်စလာ၏ စတော့ရှယ်ယာ တန်ဖိုးများ ကျဆင်းလာခြင်းဖြစ်သည်။ Wedbush မှ နည်းပညာဆိုင်ရာ လေ့လာသူဟောင်း ဒန်အိုက်ဗ်စ်က “မက် သည် တက်စလာ၏ အကြီးမား ဆုံးသော အရင်းအမြစ်ဖြစ်သည်” ဟု ပြောကြားခဲ့ပြီး ၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုများသည် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ၏ စတော့ရှယ်ယာအား ဖိအားပေးလာ နိုင်ကြောင်း သတိပေးခဲ့သည်။

“တက်စလာက အီလွန်မက်ကို CEO အဖြစ်လိုအပ်ပါသည်၊ သမ္မတထရမ့်ကို ဆန့်ကျင်ပြီး နိုင်ငံရေးလုပ်ရန်မဟုတ်” ဟု ဒန်အိုက်ဗ်စ် က ဇူလိုင် ၆ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းက “မက်၏ နိုင်ငံရေးလုပ်ငန်းစဉ်များအပေါ် လိုက်စားမှုအပေါ် မူတည်၍ တက်စလာ ဒါရိုက်တာဘုတ်အဖွဲ့က ဝင်ရောက် စွက်ဖက်လာပါက အံ့သြစရာမရှိ” ဟုလည်း အတည်ပြုခဲ့သည်။

ဇူလိုင် ၅ ရက်တွင် Azoria Partners ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက ၎င်း၏ Azoria Tesla Convexity ETF စတော့ရှယ်ယာရန်ပုံငွေ စာရင်းသွင်းရန် အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့သည်။ Reuters သတင်းဌာနက ၎င်းကို မက် ၏ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ရင်းနှီးမြှုပ်နှံသူများ မကျေနပ်ကြောင်း စတင် ပြသသည့် ပထမဆုံးလက္ခဏာ အဖြစ် ဖော်ပြခဲ့သည်။ ယခင်က Azoria သည် တက်စလာ၏ စတော့နှင့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမည့် ETF ကို လာမည့် သီတင်းပတ်တွင် စတင်ရန် စီစဉ်ထားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂