တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့၌ လေးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းနေ သောကြောင့် လူပေါင်း ၃,၀၀၀ နီးပါးသည် ၎င်းတို့နေအိမ်များသို့ မပြန်နိုင်ဖြစ်နေကာ လည်ပင်းထိအောင်မြင့်တက်နေသော ရေတွင် တိရိစ္ဆာန်များ သောင်တင်နေခဲ့ကြောင်းနှင့် လက်ရှိအထိ သေဆုံးသူသည် လေးဦးရှိကာ နှစ်ဦးမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။အချို့ဒေသများတွင် ဇူလိုင်လ ၂၁ ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းနေနိုင်သည်ဟု မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့ပြီး နိုင်ငံ၏ နေရာအများစုတွင် သတိပေးချက်များထုတ်ပြန်ထားကာ မြေပြိုခြင်းနှင့် ရေကြီးခြင်းအန္တရာယ်ကို အထူးသတိပြုကြရန် တိုက်တွန်းထားသည်။ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီအထိ လူပေါင်း ၂,၈၁၆ ဦးသည် နေအိမ်များကို စွန့်ခွါခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အစောပိုင်း မိုးသည်းထန်သည့်ရက်များအတွင်း လူဦးရေ ၇,၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့ ကယ်ထုတ်ပေးခဲ့ရကြောင်းနှင့် သေဆုံးသူ လေးဦးရှိကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။ဇူလိုင်လ ၁၆ ရက် နေ့ကစ၍ ရွာသွန်းခဲ့သော မိုးသည် ဆိုးလ်မြို့တော်တောင်ဘက်တောင် Chungcheong ပြည်နယ်တွင် မိုးရေချိန် ၅၀၀ မီလီမီတာကျော်အထိ စံချိန်တင်ရောက်ရှိခဲ့သည်ဟု ဆက်လက်ပြောဆိုခဲ့သည်။ ပြည်နယ်ရှိ အခြားနေရာများတွင် ရေမြုပ်နေသော နွားတင်းကုပ်များနှင့် တဲများအတွင်း နွားများသည် ခက်ခက်ခဲခဲ ခေါင်းဖော်နေကြရသည်။ရေလွှမ်းမိုးမှုကြောင့် အဆောက်အအုံ ၆၄၁ လုံးကျော်၊ လမ်းပေါင်း ၃၈၈ လမ်းနှင့် မွေးမြူရေးခြံ ၅၉ ခု ပျက်စီးခဲ့သည်ဟု ဝန်ကြီးဌာနက ပြောဆိုသည်။အိမ်နီးချင်းမြောက်ကိုရီးယားနိုင်ငံတွင်လည်း မိုးရွာသွန်းမှုများရှိနိုင်သည်ဟု မျှော်လင့်ရသည်။Popular Myanmar
Sat, 19-Jul-2025