ထိုင်းနိုင်ငံသည် ဝီဖာမုန်တိုင်းအတွက် တုံ့ပြန်နိုင်ရန် အရေးပေါ် စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်ထားပြီး အဆင်သင့်ဖြစ်နေ
ထိုင်းနိုင်ငံသည် ဝီဖာမုန်တိုင်း၏ အခြေအနေကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ၂၄ နာရီ အသင့် အရေးပေါ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ် ထားသည်။
ဇူလိုင် ၂၀ ရက်တွင် အမျိုးသားဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာန၏ တာဝန်ခံ ထိုင်းပြည်ထဲရေးဝန်ကြီး ဖမ်ထမ် ဝေချာချိုင် က ဝီဖာမုန်တိုင်းသည် ဇူလိုင် ၂၂-၂၃ ရက်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် မိုးကြီးစေနိုင်ပြီး မဲခေါင်မြစ်ရေမြင့်တက်လာ နိုင်ကြောင်း သတိပေးခဲ့သည်။
ဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ပတ်စကွန်း ဘွန်းယာလက် က ဝီဖာမုန်တိုင်း၏ သက်ရောက်မှုများကို အကဲဖြတ်ရန်နှင့် တုံ့ပြန်ရန်အတွက် မိုးလေဝသ ဌာန (TMD)၊ ရေအရင်းအမြစ်ဌာနနှင့် အာကာသအေဂျင်စီ Gistda အပါ အဝင် အေဂျင်စီများစွာပါဝင်သည့် အမျိုးသားအဆင့် လုပ်ငန်းကော်မတီ တစ်ခုကို ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။
မိုးလေဝသဌာန (TMD) က ချန်တဘူရီ၊ ထရတ်၊ ရန်နောင်နှင့် ဖန်ငါ စသည့် ပြည်နယ်များအပြင် ထိုင်းနိုင်ငံ၏ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမည် ဟု ခန့်မှန်းထားသည်။
ပြည်ထဲရေးဝန်ကြီး ဖမ်ထမ် ဝေချာချိုင်က ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ရေကာတာများ စစ်ဆေးပြင်ဆင်ခြင်း၊ ရေစီးကြောင်း ရှင်းလင်းခြင်း နှင့် ရေလှောင်တမံများ၏ ရေအဆင့်ကို ချိန်ညှိခြင်း တို့ကို အထူးသဖြင့် မိုးရေချိန် ၉၀ မီလီမီတာအထက် ရှိခဲ့သော ဒေသများနှင့် ရေစီးဆင်းမှု စနစ်အားနည်းပြီး ရေကြီးနိုင်ခြေရှိသည့် နေရာများတွင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
တောင်စောင်း၊ မြစ်ကမ်းအနီးအနားနှင့် ချိုင့်ဝှမ်းကျသောဒေသများ အနီးတွင် နေထိုင်သူများအား ရုတ်တရက် ရေကြီးခြင်းအတွက် အထူး သတိထားရန် အကြံပြုထားသည်။ အာဏာပိုင်များက အရေးပေါ်တုံ့ ပြန်ရေးအတွက် လူအင်အား၊ စက်ယန္တရားများနှင့် ဆက်သွယ်ရေးစနစ် များကို အဆင်သင့်ပြင်ဆင်ထားပြီး လိုအပ်ပါက လူများအားပြောင်းရွှေ့ ရန် အချိန်မီသတိပေးမည်ဖြစ်သည်။
ဇူလိုင် ၂၀ ရက် ညနေပိုင်းတွင် ဝီဖာဆိုင်ကလုန်း သည် တရုတ်နိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်ခဲ့ပြီး မုန်တိုင်းဗဟိုအနီး တစ်နာရီလျှင် ၁၀၈ ကီလိုမီတာ (အဆင့် ၁၁) အထိ လေပြင်းများ တိုက်ခတ်ခဲ့သည်။ ဟောင်ကောင် နှင့် မကာအိုတို့တွင် ပျက်စီးမှုအနည်းငယ် ရှိခဲ့ပြီး ဟိုင်နန် နှင့် ဂွမ်ဒေါင် ပြည်နယ်များက မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ခန့်မှန်းချက်အနေဖြင့် ဇူလိုင် ၂၁ ရက် ၊ ည ၇ နာရီအတွင်း မုန်တိုင်းသည် တုံကင်းပင်လယ်ကွေ့မြောက်ပိုင်း တွင် တည်ရှိမည်ဖြစ်ပြီး လေတိုက်နှုန်း အဆင့် ၁၁-၁၂ (အမြင့်ဆုံး အဆင့် ၁၅ အထိ) ရှိမည်ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ၂၀-၂၅ ကီလိုမီတာ နှုန်းဖြင့် အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရသည်။
ဇူလိုင် ၂၂ ရက် ၊ ည ၇ နာရီတွင် မုန်တိုင်းသည် ဟိုင်ဖောင် - သန်ဟွာ ကမ်းရိုးတန်းတစ်လျှောက် အဆင့် ၉-၁၀ (လေပြင်းအဆင့် ၁၂) အထိ အားနည်းသွားမည်ဖြစ်ပြီး ကုန်းတွင်းသို့ ဝင်ရောက်ကာ အပူပိုင်း လေဖိ အားနည်းရပ်ဝန်း အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂