မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်သော ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းလျက်ရှိသည်။
မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ အစဉ်ရှေးရှုသည့် နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံနှင့်ပထဝီအနေအထား၊ စီးပွားရေးအနေအထား၊ ယဉ်ကျေးမှုအနေအထား တူညီသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဘင်းမ်စတက်အဖွဲ့အစည်းသည်လည်း တစ်ခုပါဝင်သည်။ ဘင်းမ်စတက်ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်၊ ထိုင်းနိုင်ငံတို့ ပါဝင်သောဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို “ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ” ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ဘင်းမ်စတက် အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘင်းမ်စတက်သည် အာဆီယံကဲ့သို့ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို လက်ရှိအမည်ဖြစ်သည့် “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)” (BIMSTEC=Bay of Bengal Initiative for Multi Sectoral Technical and Economic Cooperation) ဟုပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီ အစည်းအဝေးဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။
ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်အထိ (၆) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပြီး လက်ရှိ အချိန်အထိ (၂၀) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ (၂၀) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ၂၀၂၅ ခုနှစ်ဧပြီလ ၃ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် စတင်အသက်ဝင် ခဲ့ပြီဖြစ်သည်။
ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ် အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီဆန္ဒအပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည်။ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာ သည့် ဘင်းမ်စတက်” ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement - FTA) ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် FTA ၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက်ရှိသည့်အတွက် တိုးပွားလာသည့် လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဘင်းမ်စတက်ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အဆိုပြုခန့်အပ်လေ့ရှိပြီး သက်တမ်း (၃)နှစ် တာဝန်ထမ်းဆောင်ရပါသည်။ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးကို သီရိလင်္ကာနိုင်ငံက ပထမဦးဆုံးအဖြစ် ၂၀၁၄-၂၀၁၇ ခုနှစ်ကာလအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အက္ခရာစဉ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇-၂၀၂၀ ပြည့်နှစ်ကာလကိုလည်းကောင်း၊ ဘူတန်နိုင်ငံက ၂၀၂၀-၂၀၂၃ ခုနှစ်ကာလကို လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုအခါ (၄) ဦးမြောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် အိန္ဒိယနိုင်ငံသား မစ္စတာ အင်ဒရာမာနီပန်ဒေးကို ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဘင်းမ်စတက်အဖွဲ့၌ ယခင်က ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၄) ခုရှိခဲ့ပြီး ယခုအခါ ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခု သတ်မှတ်ခဲ့ကာ အဖွဲ့ဝင် (၇) နိုင်ငံအနေဖြင့် တစ်နိုင်ငံလျှင် ကဏ္ဍ (၁) ခုစီနှင့် ယင်းကဏ္ဍအောက်ရှိ ကဏ္ဍခွဲများကို အောက်ပါအတိုင်း ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms.Paetongtarm Shinawatra၊ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Shri Narendra Modi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Tshering Tobgay တို့နှင့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် လည်းကောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံရာတွင်လည်းကောင်း မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ကူညီဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် အချိန်နှစ်ရက်တာအတွင်း မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အတွက် အတွေ့အကြုံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များရရှိရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်နေသော အခြားကဏ္ဍရပ်ပေါင်းစုံအတွက်လည်း အားလပ်ချိန်ပင်မထား အနားယူချိန်ပင်မရှိ အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ နိုင်ငံ့အပေါ်ထားရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ စိတ်စေတနာကို ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်စွာ ခံစားမိသလို နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း များစွာကျေနပ်အားရမိပါသည်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်းမ်စတက်အစည်းအဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသော နိုင်ငံရေး ဦးတည်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်သို့ပြန်လည် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ ချမှတ်ကာ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည့်မတ်ခိုင်မာရေး ဆောင်ရွက်လျက်ရှိရာ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုတွင် မိတ်ကောင်းဆွေကောင်းများနှင့်အညီ လက်တွဲဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories