လောကဓံအား ဤသို့အောင်မြင်စွာရင်ဆိုင်ကျော်လွှားမည်

Posted_Date

Image

လောကဓံအား ဤသို့အောင်မြင်စွာရင်ဆိုင်ကျော်လွှားမည်

Body

ဘဝနှင့်လောကဓံတရား

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းနေသူများဖြစ်ကြသည်။ ဘဝခရီးကိုလျှောက်လှမ်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေတွေ့ကြုံကြရမည်။ မြတ်ဗုဒ္ဓက   ကျွန်ုပ်တို့လူသားများတွေ့ကြုံရမည့်လောကဓံတရားရှစ်ပါးကို    ဟောကြားခဲ့သည်။ ယင်းတို့မှ   လာဘဟူသော   လာဘ်ပေါများခြင်း၊ အလာဘဟူသော လာဘ်နည်းပါးခြင်း၊ ယသဟူသော အခြွေအရံများခြင်း၊   အယသဟူသော  အခြွေအရံနည်းပါးခြင်း၊ နိန္ဒာဟူသော ကဲ့ရဲ့ခြင်း၊ ပသံသာဟူသောချီးမွမ်းခြင်း၊   သုခဟူသော ချမ်းသာခြင်း၊ ဒုက္ခဟူသော   ဆင်းရဲခြင်းတို့ဖြစ်ကြသည်။  ယခုကျွန်ုပ်တို့ခံစားနေရသော  မန္တလေးငလျင်ကြီးသည် ဒုက္ခဆင်းရဲခြင်းဟူသော လောကဓံတရားပင်ဖြစ်သည်။

ကျွန်ုပ်တို့၏တာဝန်နှစ်ရပ်

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းရင်းလောကဓံတရားတစ်မျိုးမျိုး တွေ့ကြုံရသည့်အခါဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ရှိသည်။   ပထမတာဝန်မှာ  တွေ့ကြုံရသည့်လောကဓံတရားအပေါ် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီးရင့်ကျက်တည်ငြိမ်သောစိတ်အခြေအနေတစ်ရပ်တည်ဆောက်ရန်ဖြစ်သည်။    ဒုတိယတာဝန်မှာ ကြုံတွေ့ရသည့်လောကဓံတရားအား သတိ၊ ပညာ၊ဝီရိယဟူသော အားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းပြီးအဖိုးတန်ဘဝသင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိ၊ သတိ  စသည့်ကောင်းကျိုးရလဒ်အမျိုးမျိုးကို  ထုတ်ယူရန်ဖြစ်သည်။  ဤတာဝန်နှစ်ရပ်ကိုမပျက်မကွက်ထမ်းဆောင်ပါက လောကဓံတရားတစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီးသည့်အခါတိုင်း ကျွန်ုပ် တို့၏စိတ်ဓာတ်သည် ပိုမိုရင့်ကျက်တည်ငြိမ်လာမည်။  ကျွန်ုပ်တို့၏အတွေ့အကြုံ၊  ဗဟုသုတနှင့် အသိ၊ သတိ  အဆင့်အတန်းသည် ပိုမိုမြင့်မားလာမည်။ လောကဓံတရားက မည်သို့ပင်ဆိုးကျိုးပေးနေစေကာမူ အသိ၊ ပညာ၊ ဝီရိယဖြင့် ယင်းဆိုးကျိုးများကိုကောင်းကျိုးအဖြစ်သို့     ပြောင်းယူနိုင်မည်ဖြစ်သည်။

ယောနိသောမနသီကာရ

ယောနိသောမနသီကာရဆိုသည်မှာ ဘဝခရီးကိုဖြတ်သန်းရင်း   လောကဓံတရားတစ်မျိုးမျိုးကြုံတွေ့ရသည့်အခါ   ဗုဒ္ဓအဆုံးအမတရားများကိုနှလုံးသွင်းဆင်ခြင်သည်။ ဤသို့ဆင်ခြင်မှုကြောင့် ကြုံတွေ့နေရသည့်လောကဓံတရားနှင့်ပတ်သက်၍မှန်ကန်သောအသိဖြစ်ပေါ်လာသည်။ မှန်ကန်သောအသိကြောင့် မှန်ကန်သောအယူဖြစ်ပေါ်လာသည်။ မှန်ကန်သောအယူကြောင့် မှန်ကန်သောအတွေးဖြစ်ပေါ်လာသည်။    မှန်ကန်သောအတွေးကြောင့် ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤသဘောသည် ယောနိသောမနသီကာရ  မှန်ကန်စွာ နှလုံးသွင်းခြင်းသဘောဖြစ်သည်။ ဘဝခရီးတစ်လျှောက်လုံး လောကဓံတရားတစ်မျိုးမျိုးနှင့်တွေ့ကြုံရမည်ဖြစ်ရာ ကျွန်ုပ်တို့အစဉ်စွဲကိုင်ရမည့်တရားမှာ ယောနိသောမနသီကာရပင်ဖြစ်သည်။

လောကဓံထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်း

လောကဓံထံမှကောင်းကျိုးရလဒ်ထုတ်ယူခြင်းဆိုသည်မှာ တွေ့ကြုံလာရသောမည်သည့်လောကဓံတရားမျိုးကိုမဆို  မိမိ၏စိတ်ကို  အသိတရားဖြင့်ထိန်း၊ အရာရာကိုပညာဖြင့်ဆင်ခြင်ပြီး ဆောင်ရွက်သင့်၊  ဆောင်ရွက်ထိုက်သည်များကို မလျှော့သောဝီရိယဖြင့်ကြိုးပမ်းဆောင်ရွက်ပြီး  အောင်မြင်မှုရလဒ်အမျိုးမျိုးကို ဖော်ထုတ်ရယူခြင်းဖြစ်သည်။ တွေ့ကြုံနေရသောလောကဓံတရားကြောင့် အခြေအနေဆိုးအမျိုးမျိုးဖြစ်ပေါ်နေစေကာမူ ယင်းအခြေအနေဆိုးများကို အသိ၊ ပညာ၊ ဝီရိယဖြင့်ကိုင်တွယ်ဖြေရှင်းပြီး   အခြေအနေကောင်းများအဖြစ်သို့အောင်မြင်စွာပြောင်းလဲခြင်းဖြစ်သည်။ ဤသဘောသည် လောကဓံတရားထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်းသဘောဖြစ်သည်။

ကျွန်ုပ်တို့ခံစားခဲ့ရသည့်မန္တလေးငလျင်ကြီး

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊    ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်သင့်ခဲ့သည်။

ထိုသို့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။

မန္တလေးငလျင်ကြီးအားမှန်ကန်စွာနှလုံးသွင်းမည်

မန္တလေးငလျင်ကြီးသည် သူ့သဘောသူဆောင်ကာ ကျွန်ုပ်တို့ထံရောက်လာပြီး ကြီးစွာသောထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အား  ဝမ်းနည်းပူဆွေးသောကအမျိုးမျိုးကိုပေးသော်လည်း ကျွန်ုပ်တို့ကလက်မခံပါ။ ဗုဒ္ဓအဆုံးအမတရားများဖြင့် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီး ဓမ္မအသိ၊ ဓမ္မသတိများကိုဖော်ထုတ်ကာ ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ကိုသာတည်ဆောက်မည်။ နှလုံးသွင်းဆင်ခြင်ရမည့် ဗုဒ္ဓအဆုံးအမတရားတော်များအနက် အောက်ဖော်ပြပါတရားတော်သုံးမျိုးကို ဖော်ပြလိုသည်-

လောကသည် အနတ္တအစိုးမရသည့်သဘော

လောကကြီးသည်  မိမိဖြစ်စေချင်သည့်အတိုင်းမဖြစ်ဘဲ သူဖြစ်ချင်သည့်အတိုင်းဖြစ်နေသည်။ထို့ကြောင့် လောကကြီးသည် အနတ္တအစိုးမရသည့်သဘောရှိသည်။  ဤသို့အစိုးမရသည့်သဘောကို ကျွန်ုပ်တို့ရှောင်လွှဲ၍မရပါ။  ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည်  အနတ္တအစိုးမရဟူသောတရားသဘောအရ    ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လောက၌ထာဝရတည်မြဲသောအရာဟူ၍မရှိ၊ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ကြရမည်ဟု နှလုံးသွင်းဆင်ခြင်မည်။  ထို့နောက် အနတ္တအစိုးမရသောလောကကြီးတွင်    ရပ်တည်နေရသည်နှင့်အမျှကာလပတ်လုံး အချိန်တိုင်း အသိနှင့်သတိကြီးစွာထားနေရန်လိုအပ်သည်ဟူသောသင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ပြုခဲ့သောကံ၏အကျိုးကိုရှောင်လွှဲ၍မရ

အကြင်သူသည်ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ နှုတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ စိတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ ဤမကောင်းသောကံသုံးပါး၏ဆိုးကျိုးသည် မခံစားရဘဲပျောက်ပျက်၍မသွား၊ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။   နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ အကြင်သူသည်ကိုယ်ဖြင့်ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ ဤကောင်းသောကံသုံးပါး၏ အကျိုးသည်မခံစားရဘဲပျောက်ပျက်၍မသွား။ ယခုဘဝ၌လည်းခံစားရ၏၊ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း  ခံစားရ၏ဟုဗုဒ္ဓအဆုံးအမရှိ၏။   ဤအဆုံးအမကိုနှလုံးသွင်းပြီးယခုကဲ့သို့ငလျင်ဒဏ်ခံစားရခြင်းသည် အတိတ်ဘဝကကျွန်ုပ်တို့ပြုခဲ့ကြသော မကောင်းသောကံသုံးပါး၏ဆိုးကျိုးဖြစ်သည်ဟုဆင်ခြင်မည်။  ထို့နောက်မကောင်းသော ဆိုးကျိုးလောကဓံတရားမျိုး ထပ်မံမခံစားနိုင်စေရန်အတွက် မကောင်းသောကံသုံးပါးကိုလုံးဝမကျူးလွန်ဘဲကောင်းသောကံသုံးပါးကိုသာပြုမူမည်ဟု  ကျွန်ုပ်တို့   သင်ခန်းစာဖော်ထုတ်ကြရမည်။

ကပ်ကြီးသုံးပါးဖြစ်ရသည့်အကြောင်းရင်း

လူတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ဘေးဟူသော  ဒုဗ္ဘိက္ခန္တရကပ်ကျရောက်သည်။  လူတို့ဒေါသတရားကြီးမားလာသောအခါ လက်နက်ဘေးဟူသော သတ္ထန္တရကပ်ကျရောက်သည်။  လူတို့မောဟတရားကြီးမားလာသောအခါ အနာရောဂါဘေးဟူသော ရောဂန္တရကပ်ကျရောက်သည်ဟူ၍ ဗုဒ္ဓအဆုံးအမရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်သင့်ခြင်းသည် ကျွန်ုပ်တို့လောဘတရားကြီးမားနေကြသောကြောင့်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် ဤကဲ့သို့ငလျင်ဒဏ်အပါအဝင်အခြားမည်သည့်ကပ်ကြီးမျိုးမှမကျရောက်စေရန်အတွက် စိတ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့်မကောင်းသောစိတ်များမဝင်စေဘဲ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာကရုဏာ၊ မုဒိတာ စသည့်ကောင်းမှုကုသိုလ်စိတ်များကိုသာ ဝင်ရောက်နေစေရမည်ဟူသော   သင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ငလျင်ဒဏ်ထံမှရလဒ်ကောင်းများထုတ်ယူခြင်း

လောက၌အခြေအနေဆိုးတစ်ရပ်ဖြစ်ပေါ်လာတိုင်းယင်းအခြေအနေဆိုးနှင့်အတူ အခြေအနေကောင်းများ ပူးတွဲဖြစ်ပေါ်နေလေ့ရှိသည်။ ယင်းအခြေအနေကောင်းများကို  သတိပညာဖြင့်  ဆင်ခြင်သုံးသပ်ဖော်ထုတ်ပြီး ဝီရိယရှိစွာ  အသုံးချပါက တွေ့ကြုံခံစားနေရသောအခြေအနေဆိုးများကို အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်သည်။ ဤသဘောအတိုင်းမန္တလေးငလျင်ဆိုးကြီးသည် ယင်းနှင့်အတူ အခြေအနေကောင်းများယူဆောင်လာခဲ့သည်။ ယင်းအခြေအနေကောင်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများက သတိ၊ ပညာ၊  ဝီရိယကြီးစွာ၊ ထိရောက်မှန်ကန်စွာ အသုံးချနေမှုကြောင့် အမိနိုင်ငံအတွက် ရလဒ်ကောင်းများ၊ အခြေအနေကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်ပေါ်နေသော ရလဒ်ကောင်း၊   အခြေအနေကောင်းများအနက် အဓိကအချက်လေးချက်ကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်-

ဓမ္မအသိနှင့်သတိပိုမိုမြင့်မားလာခြင်း

လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့်လောကကြီးသည်အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊အနတ္တအမြဲမရှိဟူသော    ဓမ္မအသိနှင့်သတိ  ပိုမိုမြင့်မားလာသည်။ လူသည်မိမိပြုသောကံနှင့်တူသော အကျိုးကိုမလွဲမသွေခံစားရသည်။ အကြောင်းတရားကောင်းမှသာ အကျိုးတရားကောင်းမည်ဆိုသည့် ဓမ္မအသိပိုမိုခိုင်မာလာသည်။    ကပ်ကြီးသုံးပါးမည် သည့်အတွက်ကြောင့်ဖြစ်ရသည်ကိုလည်းကောင်း၊မည်ကဲ့သို့ကာကွယ်တားဆီးနိုင်သည်ကိုလည်းကောင်းသိမြင်လာသည်။ တွေ့ကြုံရသော မည်သည့်လောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းခြင်းပင်ဖြစ်သည်ဆိုသော ဓမ္မအသိပိုမိုမြင့်မားလာသည်။

အသိမှန်အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း

ယခုအခါ နိုင်ငံတော်အကြီးအကဲသည်  ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမြန်ဆုံးအရေးတယူဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်မှန်သမျှကို နေ့မအား ညမအား စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေး၊ ကျန်းမာရေး၊  ဆေးဝါးကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ တပ်မတော်ကလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့ ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေမှု၊   ဘေးဒုက္ခအကျပ်အတည်းများကို      ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့်  မျှဝေခံစားနေမှုတို့ကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်၏ သဘောထားနှင့်စေတနာအမှန်ကို မိဘပြည်သူများကပိုမိုသိမြင်လာကြသည်။ 

စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း

ယခုအခါ ငလျင်ဒဏ်သင့်ပြည်သူများကိုစေတနာ၊ သဒ္ဓါတရားထက်သန်သောစီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံ့ဝန်ထမ်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များက ဝိုင်းဝန်းကူညီဖေးမလျက်ရှိသည်။  ဤသို့  ဒုက္ခနှင့်အကျပ်အတည်းပေါင်းစုံကြုံတွေ့နေရချိန်တွင်   ကရုဏာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့်  ကူညီဖေးမမှုတို့ကြောင့် ခံစားနေရသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ အတိုင်းအတာတစ်ခုအထိလျော့ကျသွားခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပိုမိုချစ်ခင်မြတ်နိုးလာကြသည်။  အချင်းချင်းအပြန်အလှန်အားကိုးယုံကြည်လာကြသည်။ ပိုမိုစည်းလုံးညီညွတ်လာကြသည်။ စည်းလုံးညီညွတ်ခြင်း၏အကျိုးအာနိသင်ကို လက်တွေ့သိမြင်လာကြသည်။ ဤသို့စည်းလုံးညီညွတ်နေမှသာ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာသည့်အခါတိုင်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟူသောစည်းလုံးညီညွတ်ရေးစိတ်ဓာတ်မြင့်မားလာသည်။

နိုင်ငံတကာဆက်ဆံရေးပိုမိုအောင်မြင်လာခြင်း

ပြည်ပအင်အားစုအချို့က ကျွန်ုပ်တို့ အမိနိုင်ငံအား  ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကိုခံရသည့်နိုင်ငံ၊ အထီးကျန်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သို့သော် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော  မန္တလေးငလျင်ကြီးက ယင်းပြည်ပအင်အားစုများ၏   ကြိုးပမ်းမှုများကို ရိုက်ချိုးပစ်ခဲ့သည်။  ငလျင်ဒဏ်သင့်သောကျွန်ုပ်တို့အမိနိုင်ငံအား ပြည်ပမိတ်ဆွေ ၁၆ နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ အချိန်တိုအတွင်း  အမြန်ရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်  လူပုဂ္ဂိုလ်  ၄၅  ဦးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အလှူ ရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့်ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၉၇၅ ဦး၊ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း ၃၅၀၃ ဒသမ ၅၇  တန်တို့ကျွန်ုပ်တို့အမိနိုင်ငံထံသို့ရောက်ရှိခဲ့သည်။ဤသို့ မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုများကိုလက်ခံရရှိခြင်းသည်   အမိနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေခြင်းသဘောဖြစ်သည်။ မန္တလေးငလျင်ကြီးက မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ကြောင်း မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုကို ထိုက်တန်စွာရရှိထားသည့်နိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။

အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်

မန္တလေးငလျင်ကြီးအား ကျွန်ုပ်တို့ အမိနိုင်ငံအနေဖြင့် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ ပညာ၊ဝီရိယ စွမ်းအားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။  ဤသို့ဖြေရှင်းမှုကြောင့် အဆိုးထဲမှအကောင်း၊    အရှုံးထဲမှအမြတ်ဆိုသကဲ့သို့ နိုင်ငံသားများ၏  ဓမ္မအသိနှင့် သတိမြင့်မားလာခြင်း၊ အသိမှန်၊    အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း၊   နိုင်ငံတကာဆက်ဆံရေး   ပိုမိုအောင်မြင်လာခြင်း စသည့်အောင်မြင်မှုရလဒ်များရရှိခဲ့သည်။   

မန္တလေးငလျင်ကြီးက  ကျွန်ုပ်တို့အမိနိုင်ငံအား  ယိုင်လဲအောင်ပြုလုပ်ခဲ့သော်လည်းကျွန်ုပ်တို့အမိနိုင်ငံ ပိုမိုခိုင်မြဲလာခဲ့သည်။ အမိနိုင်ငံအား ကျိုးပျက်အောင်ချိုးဖျက်ခဲ့သော်လည်း ကျွန်ုပ်တို့အမိနိုင်ငံ တိုးတက်ခဲ့သည်။ ယောနိသောမနသီကာရနှင့်  သတိ၊ ပညာ၊ ဝီရိယ  စွမ်းအားသုံးမျိုးကြောင့် ဤသို့တိုးတက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင်လည်း   ယခုမန္တလေးငလျင်ကြီးကဲ့သို့  ဆိုးဝါးသော  လောကဓံတရားမျိုးနှင့် တွေ့ကြုံကောင်းတွေ့ကြုံနိုင်သည်။  ဤသို့တွေ့ကြုံလာပါက မပျက်မကွက်ဆောင်ရွက်ရမည့်နည်းလမ်းမှာ   တွေ့ကြုံလာရသည့်  လောကဓံတရားအပေါ် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး   သတိ၊ပညာ၊ ဝီရိယဟူသော စွမ်းအားသုံးမျိုးဖြင့်  အောင်မြင်စွာရင်ဆိုင်ကျော်လွှားခြင်းသာဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြ အပ်ပါသည်။   ။

Source: https://myawady.net.mm/stories

 

KIA နှင့် PDF များ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ဖူးသော ထီးချိုင့်မြို့တွင် တပ်မတော် အသာစီးရနေ

News Image

KIA နှင့် PDF များ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ဖူးသော ထီးချိုင့်မြို့တွင် တပ်မတော် အသာစီးရနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ကို KIA နှင့် PDF အဖွဲ့တို့က မြို့သိမ်း တိုက်ပွဲဖော်ဆောင်ကာ သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်မူ တပ်မတော်ဘက်မှ ပြန်လည်အသာစီးရနေပြီဖြစ်ကြောင်း ဒေသခံများက NP News သို့ ပြောသည်။ KIA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ထီးချိုင့် မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက စတင်တိုက်ပွဲများဖော်ဆောင်ခဲ့သော်လည်း ၎င်းတို့ကြောင့် မြို့သာကြေသွားခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ထို့နောက် လက်ရှိတွင်မူ အထက်ပါ အဖွဲ့များသည် အနီးပင် ကပ်နိုင်ခြင်း‌ မရှိတော့ဘဲ မြို့နယ်အတွင်း၌သာ အခြေချနေထိုင်နေကြကြောင်း သိရသည်။ “မြိ

မြေကြီးမှရွှေသီးစေဖို့ နေကြာသီးနှံစိုက်ပျိုးကြပါစို့

Posted_Date

Image

မြေကြီးမှရွှေသီးစေဖို့ နေကြာသီးနှံစိုက်ပျိုးကြပါစို့

Body

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသော မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီမုန်ညင်း၊ ပဲပုပ်တို့အနက်နေကြာသည် ဆီထွက်ကောင်းသောသီးနှံတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်ကောင်းသောနေကြာမျိုးများစိုက်ပျိုးရန်အတွက်  ရေမြေဒေသအခြေအနေနှင့်သင့်လျော်သော  စိုက်နည်းစနစ်များကိုစနစ်တကျလိုက်နာစိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများဝင်ငွေတိုးကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သည်။

ဒေသဆီဖူလုံရေးနှင့်  ကျန်းမာရေးအတွက် နေကြာသီးနှံကို    စနစ်တကျစိုက်ပျိုးရန်အတွက်အောက်ပါအချက်များကို   ဂရုတစိုက်လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးသည်။

မျိုးရွေးချယ်ခြင်း

•     ဆီထွက်ကောင်းသောမျိုး - နေကြာမျိုးများထဲတွင်ဆီထွက်နှုန်းမြင့်မားသောမျိုးများကို  ရွေးချယ်ရန် အရေးကြီးသည်။ ဥပမာ - ဟိုက်ဘရစ်မျိုးများ    (Hybrid varieties) နှင့် ဒေသနှင့်ကိုက်ညီသည့်ဆင်းရွှေကြာ -၂ နှင့်  ရေဆင်း- ၁ တို့သည်ဆီထွက်နှုန်းမြင့်မားပြီး ရောဂါဒဏ်ခံနိုင်ရည်လည်း ရှိသည်။

• နေကြာသီးနှံသည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းသောသီးနှံဖြစ်သော်လည်း အေးမြခြောက်သွေ့သောဒေသများတွင်လည်း ကောင်းစွာဖြစ်ထွန်းသည်။

• မျိုးစေ့မမှန်  ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းဟူသောစကားနှင့်အညီ မျိုးစေ့ရွေးချယ်ခြင်းသည်အလွန်အရေးကြီးလှသည်။ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသောစကားနှင့်အညီသီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် မှန်လေးမှန်သည် လွန်စွာအရေးကြီးလှသည်။

မြေပြင်ခြင်း

• သီးနှံစိုက်ပျိုးရန် အရေးကြီးသောအချက်တစ်ခုမှာမြေပြုပြင်ခြင်းဖြစ်သည်။  မြေယာပြုပြင်ခြင်းသည် သီးနှံကာလတစ်လျှောက်လုံးတွင် အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ ယာသီးနှံများသည် မြေမှုန်ခြင်းကို ပိုမိုနှစ်သက်သဖြင့် အပင်ပေါက်ကောင်းရန်နှင့်  အမြစ်ဆင်းအားကောင်းစေရန်အတွက်  မြေနက်နက်နှင့်ညက်ညက်ပြုပြင်ခြင်းသည် လွန်စွာအရေးပါလှသည်။

• နေကြာပင်ကိုစိုက်ပျိုးရာတွင် မြေအမျိုးအစား ရွေးချယ်ခြင်းသည် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။  နေကြာပင်သည် မြေအမျိုးအစားအားဖြင့် ရွေးချယ်မှုများတွင် လိုက်လျောညီထွေရှိသော်လည်း အကောင်းဆုံးကြီးထွားဖို့ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။

•    မြေအမျိုးအစား - နေကြာသည်  မြေအားလုံးတွင်ဖြစ်ထွန်းပြီး   မြေဆီလွှာအတွက် သိပ်မရွေးချယ်သော်လည်း ရေစီးရေလာကောင်းသော သဲနုန်းမြေမျိုးကို ပို၍နှစ်သက်သည်။ ထို့ပြင် စနယ်မြေစေးနှင့်   ရွှံ့စေးမြေတို့တွင်လည်း ကောင်းစွာဖြစ်ထွန်းအောင်မြင်သဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။

•  သဲဆန်သောမြေ  သို့မဟုတ် နုန်းမြေသည် နေကြာပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။

•    မြေသည် ရေစီးဆင်းမှုကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်သည်။

•  နေကြာပင်သည်  မြေကြီးတွင်  ရေဝပ်ခြင်းကိုမကြိုက်သောကြောင့် ရေစီးဆင်းမှုကောင်းမွန်သောမြေမျိုးကို ရွေးချယ်သင့်သည်။

•     နေကြာပင်သည် pH 6.0 မှ 7.5 ကြားရှိသောမြေမျိုးကို နှစ်သက်သည်။

•      မြေသည် အလွန်အချဉ်ဓာတ်များနေပါက ထုံးထည့် ၍ pH ကို ညှိပေးနိုင်သည်။

•     နေကြာပင်သည် အာဟာရဓာတ်ကြွယ်ဝသောမြေ မျိုးကို နှစ်သက်သည်။

•  မြေဆီလွှာတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် စသည့်အာဟာရဓာတ်များ ပါဝင်သင့်သည်။

•    မြေဆီလွှာတွင် အော်ဂဲနစ်ပစ္စည်းများပါဝင်မှုများပါက ပိုမိုကောင်းမွန်သည်။

•   မြေပြုပြင်ရာတွင် ထွန်ရေးနက်နက်နှင့်မြေမှုန်မှုကောင်းစေရန် ထွန်ရေးညက်ညက်ဖြစ်အောင် ပြုပြင်ပေးရမည်။ မြေဆီလွှာတွင် သဘာဝမြေဩဇာများထည့်ပေးရန်လိုအပ်သည်။ ထို့ပြင်  ကွန်ပေါင်းဓာတ်မြေဩဇာကိုလည်း မြေပြင်ချိန်တွင် အပြီးထည့်ပေးထားရမည်ဖြစ်သည်။

စိုက်ပျိုးခြင်း

•  စိုက်ချိန် - နေကြာကို တစ်နှစ်ပတ်လုံး ရေရရှိလျှင် စိုက်ပျိုးနိုင်သော်လည်း ပန်းပွင့်ချိန်တွင်အပူချိန်မြင့်မားပါက  ဝတ်မှုန်ကူးမှုအားနည်းပြီး အစေ့အဆန်တည်မှုနည်းသောကြောင့် ဇန်နဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အတွင်း စိုက်ပျိုးရန်ရှောင်ရှားသင့်သည်။  နေကြာကို မိုးရာသီ၊ ဆောင်းရာသီ၊ မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုမှန်ကန်သောဒေသများတွင် ဇွန်လမှဇူလိုင်လအတွင်း စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး စိုက်ပျိုးချိန်များမှာ မိုးနှောင်းကာလ စက်တင်ဘာလ နှင့်  အောက်တိုဘာလတို့တွင် စိုက်ပျိုးခြင်းက အလေအလွင့်နည်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှုအကောင်းဆုံးဖြစ်သည်။

•     စိုက်နည်း - နေကြာကို အတန်းလိုက်စိုက်ပျိုးလေ့ ရှိပြီး  တန်းကြား ၂ ပေနှင့် ပင်ကြား ၉ လက်မ အများဆုံးစိုက်ပျိုးကြသည်။  အပင်ဦးရေ ပိုမိုဝင်ဆံ့စေရန် ၁ ပေပတ်လည် စိုက်နည်းစနစ် ကိုလည်း  စတင်စမ်းသပ်စိုက်ပျိုးနေပြီဖြစ်သည်။စပ်မျိုးနေကြာများကိုလည်း ၂ ပေခွဲ  ၉ လက်မနှုန်းဖြင့် စိုက်ပျိုးလျက်ရှိသည်။

•  မျိုးစေ့နှုန်း - အပင်ပေါက်နှုန်းကောင်းမွန်သောမျိုးစေ့ကို တစ်ဧကလျှင် ၃ ကီလိုမှ ၄ ကီလို (သုံး ပြည်မှ လေးပြည်) စိုက်ပျိုးသင့်သည်။

•  ပေါင်းမြက်များကို စိုက်ပြီး နှစ်ကြိမ်နှိမ်နင်းပေးရသည်။ ပေါင်းမြက်များက သီးနှံအား အာဟာရနှင့်ရေကို ယှဉ်ပြိုင်ယူသွားနိုင်သည်။

•      ဆီထွက်သီးနှံများသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည် ရှိပြီး စိုက်ပျိုးရန်လွယ်ကူသည်။

•   မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။

•     သားခွဲခြင်းလုပ်ငန်းများကိုလည်း စိုက်ပြီး ၁၄ ရက်အတွင်း အပြီးသားခွဲနိုင်ရမည်ဖြစ်သည်။ သားခွဲမှုသည် အပွင့်ကြီးထွားမှုနှင့် ပြောင်းပြန်အချိုးကျသဖြင့် သားခွဲလျှင်  အပွင့်ကြီးပြီး သားမခွဲလျှင်အပွင့်သေးမည်ဖြစ်သဖြင့် သားခွဲခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။

ရေသွင်းခြင်း

•  ရေလိုအပ်ချက် - နေကြာသည် ရေလိုအပ်ချက်အတော်အသင့်ရှိသော သီးနှံဖြစ်သည်။ အထူး သဖြင့် ပန်းပွင့်ချိန်နှင့် မျိုးစေ့ဖွံ့ဖြိုးချိန်တွင် ရေလိုအပ်သည်။ ရေကိုလုံလောက်စွာ ပေးသွင်း နိုင်မှသာ အစေ့အဆန်ပိုမိုပြည့်တင်းပြီး  ဆီထွက်နှုန်းလည်း  ပိုမိုကောင်းမွန်မည်ဖြစ်သည်။  သီးနှံကာလတစ်လျှောက် ရေလုံလောက်စွာပေးသွင်း နိုင်မှသာ ပန်းတိုင်အထွက်နှင့် ကျော်လွန်အထွက်ကို ရရှိမည်ဖြစ်သည်။

•  ရေသွင်းခြင်း - မိုးခေါင်ပါက ရေသွင်းပေးရန်   လိုအပ်သည်။ ရေဝပ်ခြင်းကို  ရှောင်ရှားရန်   ရေထုတ်မြောင်းများ ပြုလုပ်ထားသင့်သည်။   နေကြာသည် ရေလိုအပ်ချက်များသောသီးနှံဖြစ်သော်လည်း ရေမဝပ်စေရန်ဂရုပြုရသည်။အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်နှင့် အစေ့ဖြစ်ချိန်တွင် ရေလိုအပ်ချက်များပြားသည်။ ရေလိုအပ်ချက်ရှိသော သီးနှံဖြစ်သော်လည်း ရေများပါကအပင်ထိုင်ခြင်း၊ အပင်ဖြစ်ထွန်းမှုနှေးကွေးခြင်းတို့ကိုဖြစ်စေသဖြင့်   ရေပေးသွင်းရာတွင်ဂရုတစိုက်ရေသွင်းရမည်ဖြစ်သည်။

မြေဩဇာကျွေးခြင်း

•  သဘာဝမြေဩဇာ - စိုက်ပျိုးမြေတွင် သဘာဝ  မြေဩဇာများ (နွားချေး၊ ကြက်ချေး)ထည့်ပေး သင့်သည်။

•  ဓာတ်မြေဩဇာ - နိုက်ထရိုဂျင်၊  ဖော့စဖောရပ်၊ ပိုတက်စီယမ်  ဓာတ်မြေဩဇာများကို သင့်လျော် သောပမာဏဖြင့်ထည့်ပေးရသည်။  ပုံမှန်အားဖြင့် N:P:K = 60:40:40 kg/acre ထည့်ပေးရသည်။ အနည်းလို အာဟာရဓာတ်များနှင့် အပင်ဆဲလ်များသန်မာစေရန်အတွက် ကယ်စီယမ်နှင့် ဆာလဖာ တို့ကိုလည်း ထည့်ပေးသင့်သည်။

•  နေကြာစိုက်ပျိုးရာတွင်  နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ် မြေဩဇာများလိုအပ်သည်။ မြေဩဇာများကို စိုက်ပျိုးချိန်နှင့် ပန်းပွင့်ချိန်တွင် ထည့်ပေးရသည်။ ဓာတ်မြေဩဇာသုံးစွဲရာတွင် သဘာဝမြေဩဇာတို့နှင့် တွဲဖက်သုံးစွဲမှသာအပင်မှပိုမိုရရှိပြီး ကြာရှည်စွာ အပင်စားသုံးနိုင်မည်ဖြစ်သည်။

ပိုးမွှားနှင့် ရောဂါကာကွယ်ခြင်း

•   ပိုးမွှားများ - နေကြာတွင် ဖျက်ပိုးများ (ဥပမာ - ပင်စည်ထိုးပိုး၊ ရွက်စားပိုး) ကျရောက်တတ်သည်။ ပိုးသတ်ဆေးများကို သင့်လျော်သောပမာဏဖြင့်ဖျန်းပေးရသည်။

•    ရောဂါများ - မှိုရောဂါများ (ဥပမာ - ရွက်ပြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ) ကျရောက်တတ်သည်။ရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်သည်။

•    နေကြာတွင် မှဲ့ပြောက်ရောဂါ၊ မှိုရောဂါနှင့် ပိုးမွှားများ ကျရောက်တတ်သည်။ ရောဂါနှင့် ပိုးမွှားများကိုကာကွယ်ရန် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများဖျန်းပေးရသည်။

•    ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ပန်းပွင့်ချိန်တွင်လုံးဝသုံးစွဲခြင်းမပြုဘဲ ရှောင်ရှားသင့်သည်။ပန်းပွင့်ချိန်တွင်အသုံးပြုပါက  ဝတ်မှုန်ကူးပြီး သန္ဓေအောင်စေသော ပျားနှင့်ပိတုန်း တို့ကိုထိခိုက်သေစေနိုင်သဖြင့် ပန်းပွင့်ချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ရှားသင့်သည်။

•  တမာကဲ့သို့သော သဘာဝပိုးသတ်ဆေးများကိုအသုံးပြုနိုင်သည်။

•     ပိုးမွှားများကို စားသောက်ဖျက်ဆီးသည့် အကျိုးပြုအင်းဆက်များကိုမွေးမြူပါ။

•  အပင်များကို သင့်လျော်သောအကွာအဝေးဖြင့်စိုက်ပျိုးခြင်းအားဖြင့် ပိုးမွှားများပျံ့နှံ့မှုကိုလျှော့ချနိုင်သည်။

•   ပေါင်းမြက်များကို ပုံမှန်ရှင်းလင်းပါ။ ပေါင်းမြက်များသည် ပိုးမွှားများအတွက် ခိုအောင်းရာနေရာဖြစ်နိုင်သည်။

•    နေကြာပင်သည် နေရောင်ခြည်ကိုအလွန်နှစ်သက်သောကြောင့် နေရောင်ခြည်ပြည့်ဝစွာရရှိသောနေရာကို ရွေးချယ်သင့်သည်။ လေဝင်လေထွက်ကောင်းပြီးနေရောင်ခြည်ကောင်းစွာရသောနေရာများသည် ပိုးမွှားရောဂါကျရောက်မှုသက်သာသည်ကိုတွေ့ရှိရသဖြင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ရိတ်သိမ်းခြင်း

•  ရိတ်သိမ်းချိန် - နေကြာပန်းပွင့်ပြီး ၃၀ ရက် သို့မဟုတ် ပန်းပွင့်နောက်ကျောဘက် အဝါရောင်သန်းလာပါက ရိတ်သိမ်းရန်သင့်‌လျော်သောအချိန်ဖြစ်သည်။  ရိတ်သိမ်းချိန်စောလွန်း၊ နောက်ကျလွန်းခြင်းသည်လည်း  သီးနှံအရည်အသွေးနှင့်   ဆီထွက်နှုန်းများကိုလည်း များစွာ လွှမ်းမိုးမှုရှိသည်။ ရိတ်သိမ်းချိန်စောလျှင် အစေ့အဆန်မအောင်မမြင်ဖြစ်ကာ ဆီထွက်နှုန်းကို ထိခိုက်လျော့နည်းစေပြီး ရိတ်သိမ်းချိန်နောက်ကျလွန်းလျှင်လည်းအလေအလွင့်များစွာဖြစ်ပေါ်စေသည်။

•  ရိတ်သိမ်းနည်း - နေကြာခေါင်းများကို ဓားဖြင့်ဖြတ်ယူပြီး နေလှန်းကာ အစေ့များကိုခြွေယူရသည်။ ရိတ်သိမ်းပြီး စုပုံထားပါက အရည်ထွက်ခြင်း၊ အပွင့်ပုပ်ခြင်းတို့ကိုဖြစ်စေပြီး  နေကြာအရည်အသွေးကို ညံ့စေသောကြောင့်   အထူးဂရုစိုက်  ရိတ်သိမ်းနေလှန်းရမည်ဖြစ်သည်။ရိတ်သိမ်းအခြောက်လှန်းထားသော နေကြာခွက်များကို လူဖြင့်လည်းကောင်း၊ ခြွေလှေ့စက်ဖြင့် လည်းကောင်း ခြွေလှေ့သန့်စင်ပြီး သန့်စင်အောင် ပြုလုပ်၍ အစိုဓာတ်နည်းအောင် နေလှန်းထားရမည်ဖြစ်သည်။

ဆီထုတ်လုပ်ခြင်း

•       အစေ့ခြွေခြင်း - နေကြာခေါင်းများမှ အစေ့များကို ခြွေယူပြီး သန့်စင်ကာ ဆီထုတ်လုပ်ရသည်။

•     ဆီထုတ်လုပ်ခြင်း - နေကြာစေ့များကို ဆီထုတ် စက်ဖြင့် ဆီထုတ်ယူနိုင်သည်။ ဆီထွက်နှုန်းသည်လည်း မျိုးနှင့်နေကြာသန့်စင်မှု၊ အစေ့အဆန်တင်းမှုတို့ဖြင့် လွှမ်းမိုးလျက်ရှိသည်။ ပုံမှန်အားဖြင့် နေကြာတစ်တင်း ၃၂ ပေါင်သည်ဆီကြိတ်လျှင်  ၂ ဒသမ ၅ ပိဿာ မှ ၃ ပိဿာထိထွက်ရှိသည်။

သိုလှောင်ခြင်း

•      အစေ့သိုလှောင်ခြင်း - မျိုးစေ့သိုလှောင်ခြင်းတွင်   ဆီထွက်သီးနှံများကို  သိုလှောင်ခြင်းသည်လွန်စွာအရေးကြီးသည်။  နေကြာစေ့များကိုခြောက်သွေ့သောနေရာတွင် သိုလှောင်ထားရသည်။ စိုထိုင်းမှုနှင့် ပိုးမွှားများ မဝင်ရောက်စေရန်ဂရုပြုရသည်။ မျိုးအတွက် သိုလှောင်မည်ဆိုပါကစိုဓာတ် ၅ ရာခိုင်နှုန်းခန့်နှင့် အေးမြခြောက်သွေ့ သောနေရာများတွင်သိုလှောင်မှသာကြာရှည်  သိုလှောင်နိုင်မည်ဖြစ်သည်။မျိုးအဖြစ်သိုလှောင်ခြင်းသည် နေကြာသီးနှံတွင် အရေးကြီးဆုံးဖြစ်သဖြင့် အထူးဂရုစိုက်သိုလှောင်ရမည်ဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် ဈေးကွက်တင်ပို့ရောင်းချခြင်း

•      နေကြာကို အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားရောဂါများကူးစက်မှုကို လျှော့ချနိုင်သည်။

•       ဈေးကွက်လိုအပ်ချက် - နေကြာဆီသည် ကျန်းမာ ရေးနှင့် ညီညွတ်သောဆီအဖြစ် လူကြိုက်များသည်။ ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီးစီးပွားဖြစ်စိုက်ပျိုးနိုင်သည်။

•   ဆီထွက်သီးနှံများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး ရောင်းချနိုင်သည့်ကုန်ပစ္စည်းများဖြစ်သည်။   

•    နိုင်ငံတကာဈေးကွက်တွင်ပါ ရောင်းချနိုင်သည့်သီးနှံများဖြစ်သည်။

•   ဆီထွက်သီးနှံများမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီများသည် ကျန်းမာရေးနှင့်ညီညွတ်သည်။

•    အာဟာရဓာတ်များ ကြွယ်ဝသည်။

•   အရည်အသွေးကောင်းသော နေကြာစေ့များကို  ရွေးချယ်ပါ။ နေကြာစေ့များသည် လတ်ဆတ်ပြီး မှိုမတက်ရန် အရေးကြီးသည်။ စိုက်ပျိုးရာသီနှင့် မျိုးစေ့အမျိုးအစားအပေါ်မူတည်၍ အရည်အသွေး ကွဲပြားနိုင်သည်။

•    နေကြာစေ့များတွင်ပါဝင်သော အမှုန်အမွှားများ၊ကျောက်စရစ်များနှင့် အခြားညစ်ညမ်းမှုများကို ဖယ်ရှားရန်သန့်စင်ရမည်။

•      ကြိတ်ခွဲထားသော နေကြာစေ့များမှဆီကို  ဖိအား ဖြင့်သို့မဟုတ် သွင်းအားဖြင့် ထုတ်ယူသည်။ ဤအဆင့်တွင် အပူချိန်ကို ထိန်းချုပ်ရန်အရေးကြီးသည်။အပူချိန်မြင့်မားပါကဆီ၏အရည်အသွေးကျဆင်းနိုင်သည်။

•    ထုတ်ယူထားသော ဆီတွင်ပါဝင်နေသော အမှုန်အမွှားများနှင့် မလိုလားအပ်သော ဒြပ်ပေါင်းများကိုဖယ်ရှားရန် သန့်စင်ရမည်။ ဤအဆင့်တွင် စစ်ထုတ်ခြင်း၊ အနည်ထိုင်ခြင်းနှင့် အခြားသန့်စင်မှု     နည်းလမ်းများပါဝင်သည်။

•   သန့်စင်ပြီးသောဆီကို လေလုံသောပုလင်းများ သို့မဟုတ် ဘူးများတွင် ထည့်၍သိုလှောင်ရမည်။ ဆီကို အလင်းရောင်နှင့် လေထုထဲမှ အောက်ဆီဂျင်    တို့မှကာကွယ်ရန် အရေးကြီးသည်။

•  ထုတ်လုပ်ပြီးသော ဆီ၏ အရည်အသွေးကို စစ်ဆေးရန် လိုအပ်သည်။ ဤအဆင့်တွင် ဆီ၏အနံ့၊ အရောင်၊ အာဟာရတန်ဖိုးနှင့် မှိုတက်မှုရှိ၊မရှိ စစ်ဆေးခြင်းတို့ ပါဝင်သည်။

•  အရည်အသွေးကောင်းမွန်သောနေကြာဆီကို ဈေးကွက်သို့တင်ပို့ရန် သင့်လျှော်သောထုပ်ပိုးမှုများဖြင့် ထုပ်ပိုးရမည်။

•    ထုပ်ပိုးပြီးသောဆီများကို အေးမြပြီးခြောက်သွေ့  သောနေရာတွင် သိုလှောင်ထားရမည်။ ဈေးကွက်သို့ဖြန့်ဖြူးရာတွင် လိုအပ်သောသယ်ယူပို့ဆောင်မှုနှင့် ဖြန့်ဖြူးမှုစနစ်များကို သေချာစွာစီစဉ်ရမည်။ဂရုတစိုက်လိုက်နာခြင်းဖြင့် အရည်အသွေးကောင်းမွန်သော နေကြာဆီကို ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် တောင်သူဘဝဝင်ငွေပိုမိုတိုးတက်ကာ လူမှုဘဝပိုမိုအဆင်ပြေမည်ဖြစ်သဖြင့် မြေကြီး မှရွှေသီးရန် နေကြာသီးနှံကို စနစ်တကျစိုက်ပျိုးသင့်ပါကြောင်း တင်ပြအပ်ပါသည်။    ။

Source: https://myawady.net.mm/stories

 

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ပူတင်၏ ၇၂ နာရီ စစ်ရပ်နားရေးကို ပယ်ချကာ “လှည့်စားမှု” ဟုစွပ်စွဲ

News Image

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ပူတင်၏ ၇၂ နာရီ စစ်ရပ်နားရေး ကို ပယ်ချကာ “လှည့်စားမှု” ဟုစွပ်စွဲ

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ “အောင်ပွဲနေ့ (May 9) အထိမ်းအမှတ် ၇၂ နာရီစစ်ရပ်နားရေး” အဆိုကို အလေးမထားဘဲ ပယ်ချလိုက်ပြီး ၎င်းသည် “ရုရှား၏ လှည့်ကွက်တစ်ခု” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဇီလန်စကီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သော ၎င်း၏ ထုတ်ပြန်ချက်တွင် “ချက်ချင်း ရက် ၃၀ ကြာ စစ်ရပ်နားရေး” ကိုသာ လိုလားကြောင်း ပြောကြား ခဲ့ပြီး၊ မော်စကိုအစိုးရအား “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာမခံချက်များ ထူထောင်ရန် ကြိုးပမ်းမှုများကို အဆက်မပြတ် ငြင်းဆန်နေသည်” ဟု စွပ်စွဲခဲ့သည်။