ဆန်သည် ကမ္ဘာပေါ်တွင် လူအများစားသုံးသော သီးနှံတစ်မျိုးဖြစ်သည်။
ကမ္ဘာပေါ်၌ ပထမစားသုံးမှုအများဆုံးမှာ ပြောင်းဖြစ်ပြီး ဒုတိယစားသုံးမှုအများဆုံးမှာဂျုံဖြစ်သည်။ ဆန်ကတော့ တတိယစားသုံးမှုအများဆုံးဟုသိရသည်။ တချို့နိုင်ငံများ၏ နေ့စဉ်စားသုံးသောအာဟာရမှာ ဂျုံဖြစ်သည်။ ဂျုံနှင့်အသားကိုတွဲဖက်စားသုံးကြသည်။ တချို့နိုင်ငံများက ဆန်ကိုနေ့စဉ် အာဟာရအဖြစ် အသား၊ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ဖြင့် တွဲဖက်စားသုံးကြသည်။ ဆန်သည် အာရှတိုက်၏ အဓိကအစားအစာသီးနှံတစ်မျိုးဖြစ်သည်။ အာရှတိုက်ရှိနိုင်ငံများအနက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဆန်ကိုစားသုံးလေ့ရှိကြသည်။ အိန္ဒိယနိုင်ငံရှိ အစားအသောက်ကြော်ငြာ သူများလည်း ဆန်နှင့် အသား၊ ငါးတို့ကိုတွဲဖက် စားသောက်နေကြသည်ကို Facebook ပေါ်မှာမကြာခဏတွေ့ရသည်။ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့တွင် ဆန်စားသုံးသည့် လူဦးရေသည် သန်း ၄၀၀၀ ခန့်ရှိသည်။ ဥရောပတိုက်မှာလည်း ဆန်စားသုံးမှု အထိုက်အလျောက်ရှိကြောင်း သိရသလို အီတလီနှင့်စပိန်နိုင်ငံတို့သည်လည်း ဆန်ကိုပြည်ပပို့ကုန်အဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ အီတလီနိုင်ငံထုတ် ဆန်နှင့် အမေရိကန်ထုတ်ဆန်သည် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဆန်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အကောင်းဆုံးဆန်များအနက် မြန်မာတို့စိုက်ပျိုးထုတ်လုပ်သော မြန်မာ့ပေါ်ဆန်း မွှေးဆန်လည်း ပါဝင်ပါသည်။
မြန်မာ့ဆန်စပါးသမိုင်း
ဆန်စပါးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာ့မြေဧရိယာ တော်တော်များများသည် စိမ်းစိုသော လယ်မြေဧရိယာကများသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက စပါးခင်းများကို အများဆုံးတွေ့ရသည်။ ထို့ပြင် ဆန်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ နေ့စဉ်စားသုံးနေသော အာဟာရလည်းဖြစ်သည်။ ထို့ကြောင့် ဆန်သည် မြန်မာနိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သည်။
ဆန်စပါးနှင့်ပတ်သက်ပြီး သမိုင်းအထောက်အထားမှာ ဗိဿနိုးမြို့ဟောင်းမှာ စပါးခွံပါသည့် အုတ်များကိုတွေ့ရသည်။ ဟန်လင်းမြို့ဟောင်းနှင့်သရေခေတ္တရာမြို့ဟောင်းမှာလည်း စားနပ်ရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးသည့် အထောက်အထားများတွေ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက ဆန်စပါးကို စိုက်ပျိုးစားသောက်သည့် အလေ့အထရှိခဲ့သည်။ ထို့ပြင် ပေါင်လောင်ရှင် မဟာအဿပထေရ်၏ ဗောဓိဝင်ဋီကာနိဂုံး၌ ပုဂံပြည်၏ ပြည်ကြီးအင်္ဂါပြည့်စုံပုံနှင့်တင့်တယ်ပုံတို့ကို ပါဠိဂါထာ ၁၄ ပုဒ်ဖြင့်မှတ်တမ်းတင်ခဲ့ရာ ပါဠိဂါထာ ၁၁ ပုဒ်မြောက်မှာ “လယ်၊ ယာ၊ မြစ်၊ ကန်၊ ဥယျာဉ်တို့မှ ပေါ်ထွက်သောပစ္စည်းတို့နှင့်ပြည့်စုံ၏” ဟုဖော်ပြထားရာ ပုဂံခေတ်မှာလည်း လယ်စိုက်ပျိုးသဖြင့် ဆန်စပါးပေါများကြောင်းထင်ရှားသည်။
ပြည်ပသို့မြန်မာ့ဆန်စပါးတင်ပို့မှု
မြန်မာ့ဆန်စပါးသည် ခေတ်အဆက်ဆက်က ထင်ရှားခဲ့သလို ရှေးဘုရင်များလက်ထက်ကတည်းက ပြည်ပပို့ကုန်တစ်ခုဖြစ်ကာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး၌ စစ်တွေဆိပ်ကမ်းမှ နိုင်ငံခြား ကုမ္ပဏီများက ပြည်ပသို့ဆန်စပါးတင်ပို့မှုကိုစတင်ခဲ့ကြသည်။ ၁၈၄၀ ပြည့်နှစ်လောက်က ဆိုလျှင် ဆန်တန်ချိန် ၇၄၅၀၀ တင်ပို့ခဲ့ပြီး ဥရောပစျေးကွက်ရော အာရှစျေးကွက်ပါတင်ပို့ခဲ့သည်။ ထို့ပြင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာလည်း အောက်မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမှုတိုးလာခဲ့သည်။ ၁၈၆၅ ခုနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သိန်းကျော်၊ စူးအက်တူးမြောင်းဖောက်လုပ်ပြီးနောက်ပိုင်း ၁၈၈၀ ပြည့်နှစ်မှာ တန်ချိန် ၈ ဒသမ ၅ သိန်းတင်ပို့နိုင်ခဲ့သည်။ ၁၈၈၃ ခုနှစ် တွံတေးတူးမြောင်းဖောက်လုပ်ပြီး ၁၈၉၀ ပြည့်နှစ်မှာတော့ ဆန်တန်ချိန် ၁ ဒသမ ၁ သန်းကျော်အထိတင်ပို့နိုင်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှာမူ ဆန်တန်ချိန် နှစ်သန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့ဆန်စပါးလောကသို့ နိုင်ငံခြားကုမ္ပဏီများ လွှမ်းမိုးမှုကို ကျော်လွှားနိုင်စေရန် မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များက နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကို ၁၄-၁၁-၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကြသည်။ လွတ်လပ်ရေးရပြီးတစ်နှစ်အတွင်း မြန်မာ့ဆန်စပါးကဏ္ဍ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းရင်းသားလုပ်ငန်းရှင်များက ဆောင်ရွက်လာနိုင်ပြီး ပြည်ပဆန်တင်ပို့မှု တန်ချိန် တစ်သန်းကျော်မှ နှစ်သန်းကြားတင်ပို့နိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၃ ဒသမ ၂ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဆန်ပြည်ပပို့နိုင်ရန် တည်မှီနေသည့်အချက်များ
နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်ဖြစ်စေ၊ မွေးမြူရေးထုတ်ကုန်ဖြစ်စေ မိမိနိုင်ငံဖူလုံ၍ ပိုလျှံမှသာ ပြည်ပသို့တင်ပို့ကြသည်ကများသည်။ စာရေးသူတို့ နိုင်ငံအနေဖြင့် ပြည်တွင်းဆန်စပါးဖူလုံ၍ ပိုလျှံစေရန် အောက်ပါအချက်များအပေါ် တည်မှီနေသည်။ ယင်းတို့မှာ-
(၁) တောင်သူများ ဆန်စပါးထုတ်လုပ်မှုအပေါ် စိတ်အားထက်သန်ခြင်း
(၂) ရာသီဥတုမှန်ကန်ခြင်း
(၃) စိုက်ပျိုးစဉ် စိုက်ပျိုးမှုနည်းစနစ် မှန်ကန်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စဉ် အလေအလွင့် နည်းစေခြင်း
(၄) ပြည်တွင်းဆန်စျေးနှုန်း ကောင်းမွန်ခြင်းစသည်တို့ဖြစ်သည်။
ပြည်ပသို့ဆန်တင်ပို့ရာတွင် အောက်ပါအချက်များအပေါ် တည်မှီနေသည်။ ယင်းတို့မှာ-
(၁) ကမ္ဘာ့ဆန်စျေးနှုန်း
(၂) ပြည်တွင်းဆန်စပါးစျေးနှုန်း
(၃) မြန်မာ့ငွေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်း
(၄) ဆန်စပါးထုတ်လုပ်မှုတစ်လျှောက် တွက်ခြေကိုက်မှုရှိခြင်း
(၅) ကမ္ဘာ့ဆန်စားသုံးမှုအခြေအနေနှင့် စျေးကွက်လိုအပ်ချက်စသည်တို့ဖြစ်သည်။ စာရေးသူတို့နိုင်ငံ အနေဖြင့် ဆန်စပါးပြည်ပ တင်ပို့နိုင်ရေးအတွက်နှင့် စိုက်ပျိုးသူများ အကျိုးအမြတ်ရရှိနိုင်ဖို့ဆိုလျှင် စိုက်ပျိုးထုတ်လုပ်သူများအတွက် သင့်တင့်မျှတသောစျေးနှုန်းဖြစ်စေရေးနှင့်မစိုက်ပျိုးမီကပင် စျေးနှုန်းကိုခန့်မှန်းသိရှိနိုင်စေရန် စီစဉ်ဆောင်ရွက်သင့်ပါသည်။
ထို့ပြင် ဆန်စပါးကုန်စည်ဒိုင်များတွင် စနစ်မှန်ကန်ပြီး အာမခံချက်ရှိသည့်ပုံစံများဖြစ်အောင် ဆောင်ရွက်သင့်သည်။ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း ဆန်စပါးစိုက်ပျိုးရာတွင် ပြည်ပအထိ တင်ပို့နိုင်စေရန်ရည်ရွယ်၍ အရည်အသွေးကောင်းမွန်သော ဆန်စပါးများကို စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုပါသည်။
မြန်မာ့ဆန်စပါးနှင့်ပေါ်ဆန်းမွှေး
မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးဟုဆိုလိုက်လျှင် ရွှေဘိုပေါ်ဆန်းကိုသာပြေးမြင်ကြပေလိမ့်မည်။ အကြောင်းမှာ ရွှေဘိုပေါ်ဆန်းသည် နာမည်ကြီးသောကြောင့်ဖြစ်သည်။ ပေါ်ဆန်းသည် အခြားသောဆန်များထက် ပရိုတိန်းဓာတ်ကြွယ်ဝသည်။ ပေါ်ဆန်း၏ထူးခြားချက်မှာ ဆန်ကိုချက်လိုက်ပါက အလျားနှစ်ဆခန့် ရှည်ထွက်လာသည်။ ဆိုလိုတာက ဆန်လုံးဘဝထက် နှစ်ဆခန့်ရှည်ထွက်လာခြင်းကိုဆိုလိုသည်။ အရပ်စကားအရပြောရလျှင် အချက်ခံသည်။ ဆန်ပွားသည်။ အိုးတက်သည်ဟုဆိုလိုသည်။ ပေါ်ဆန်းဆန်သည် အနံ့ရှိသည်။ ချက်လိုက်လျှင် အနံ့သင်းသင်းလေး မွှေးသည်။ ထို့ကြောင့်ပေါ်ဆန်းမွှေးဟု ခေါ်ဆိုဟန်တူသည်။
ပေါ်ဆန်းနှင့် ငကျွဲဆန်မျိုးများသည် အခြားစပါးမျိုးများနှင့် မျိုးစပ်မရဟု ထိုင်းပညာရှင်များက ဆိုကြသည်။
မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပြီး Pearl Rice ဟု မလေးရှား၊ စင်ကာပူသက်ကြီးရွယ် အိုများက အသိအမှတ်ပြုကြသည်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော “The World Rice Conference” တွင် ကမ္ဘာ့အကောင်းဆုံးဆုဖြစ်သော “World Best Rice” ဆုကို မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်အားချီးမြှင့်ခြင်းခံခဲ့ရသည်။
ယနေ့ကမ္ဘာပေါ်တွင် ထင်ရှားသည့်ဆန်တစ်မျိုးမှာ ထိုင်းဆန်ဖြစ်သည်။ ထိုင်းဆန်နာမည်ကြီးရခြင်းမှာ အရောင်အသွေးကောင်းခြင်း၊ ချက်ပြုတ်စားသောက်ရာမှာ အနံ့အရသာနှင့်ပြည့်စုံခြင်းစသည့် အချက်များကြောင့် ဖြစ်သည်။
အဆိုပါထိုင်းဆန်မွှေးကို ယှဉ်ပြိုင်နိုင်မည့်ဆန်မျိုး မြန်မာနိုင်ငံ၌ရှိပါသည်။
နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားခြင်းမျိုးမဟုတ်ဘဲ သဘာဝအလျောက်စိုက်ပျိုးထားခြင်းဖြစ်သည်။ ထိုဆန်က ထိုင်းဆန်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်သည်။ ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်သည် မြန်မာလူမျိုးတို့၏ မိရိုးဖလာသဘာဝဆန်ပင်ဖြစ်သည်။
ငကျွဲဆန်၏ထူးခြားချက်မှာ ချက်လိုက်လျှင် မူလဆန်စေ့ထက် နှစ်ဆလောက်ရှည်ထွက်လာခြင်း ဖြစ်သည်။ ပေါ်ဆန်းမွှေးဆန်၏ ထူးခြားချက်မှာ ငကျွဲဆန်ကဲ့သို့ပင်ဖြစ်သည်။ သို့သော်ဆန်အနံ့မွှေးဖို့ရာ စိုက်ပျိုးချိန်ကို အချိန်ကိုက်စိုက်ပျိုးဖို့လိုကြောင်း ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ပြင် ငကျွဲဆန်နှင့် ပေါ်ဆန်းမွှေးဆန်ကို DNA ဖော်ထုတ်ပြီး မြန်မာ့စပါးအမျိုးအစားဖြစ်ကြောင်း မှတ်ပုံတင်ဖို့ မြန်မာနိုင်ငံ၏ ဆန်အမျိုးအစားဖြစ်သည့် ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်ကိုသာ စနစ်တကျစိုက်ပျိုး၍ နိုင်ငံတကာအဆင့်မီထုပ်ပိုးပြီး စီမံကိန်းချဆောင်ရွက်ပါက ကမ္ဘာ့စျေးကွက်မှာ နာမည်ရထင်ရှားသော ဆန်ဖြစ်လာနိုင်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် သဘာဝအတိုင်း စိုက်ပျိုးတောင် ကမ္ဘာ့အဆင့်မီဆန်မျိုးဖြစ်သဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ ခေတ်မီအောင်စနစ်တကျ ထုပ်ပိုးခြင်းများဖြင့် စီမံကိန်းချဆောင်ရွက်လျှင် မြန်မာ့ပေါ်ဆန်းမွှေးက ကမ္ဘာ့စျေးကွက်တွင် ထိပ်ဆုံးဖြစ်မည်မှာ သေချာသည်။
မြန်မာ့ပေါ်ဆန်းမွှေးနှင့် မြန်မာ့စီးပွားရေးဦးတည်ချက်
မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၅၀ ကျော်သည် ဆန်တန်ချိန် ရှစ်သန်းကျော်ကိုစားသုံးကြသည်။ ထိုသန်း ၅၀ ကျော်အနက်မှ လေးသန်း/ငါးသန်းခန့်သည် ပေါ်ဆန်းမွှေးဆန်ကို စားသုံးကြသည်။ ကျန်လူဦးရေက အခြားဆန်များကိုစားသုံးကြသည်။ ဆန်သည် ပြည်ပဝင်ငွေကို အများဆုံးရှာပေးနိုင်သဖြင့် ယခုအခါပေါ်ဆန်းမွှေးဆန်ကို နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ဆောင်ရွက်သင့်သည်။
အထွက်နှုန်းကောင်းစေရေး၊ ကြိတ်ခွဲမှုစနစ်ကောင်းစေရေးနှင့် ပြည်ပတင်ပို့နိုင်မှုတို့ကို ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် အရည်အသွေးမညံ့ပါ။ ပေါ်ဆန်းမွှေးသည် ပြည်တွင်း၌ အများအပြားစားသုံးကြသော်လည်း ပြည်ပသို့တင်ပို့မှုမရှိသေးဟု သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်းစားသုံးမှုဖူလုံမှုမရှိသေးခြင်းနှင့် ထုတ်လုပ်မှုစရိတ်ကြီး နေခြင်းတို့ကြောင့်ဟု သိရသည်။ သို့သော်လည်း မြန်မာ့ပေါ်ဆန်းမွှေးကို ပြည်ပနိုင်ငံများက အသိအမှတ်ပြုကြသည်။
ထို့ကြောင့် ပြည်ပသို့တင်သွင်းနိုင်အောင် ကြိုးပမ်းကြဖို့လိုပါသည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များမှာလည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အချက် ပါဝင်နေသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးသည် ပြည်တွင်းဖူလုံရေးအတွက် သာမကဘဲ နိုင်ငံ့စီးပွားရေးအတွက်ပါ လယ်ယာထွက်ကုန်များ (အထူးသဖြင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်) တင်ပို့နိုင်မှုသည် အရေးပါသော မြန်မာ့စီးပွားရေးဦးတည်ချက်တစ်ခုလည်း ဖြစ်သည်။ မြန်မာ့ပေါ်ဆန်း မွှေးကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရွှေဘိုဒေသတို့၌ အများအပြားစိုက်ပျိုးကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ၂၀၂၃-၂၀၂၄ ခုနှစ်က စပါးစိုက်ဧက ၁၈ သိန်းအနက် ပေါ်ဆန်း ၃၅၆၈၄၂ ဧကစိုက်ပျိုးခဲ့သည်။ ရေဦးခရိုင်၌ ဧက ၁၁၁၈၉၀၊ ကန့်ဘလူခရိုင်၌ ၂၂၇၄၅ ဧကစိုက်ပျိုးခဲ့သည်။ အခြားသောဒေသများမှာလည်း စိုက်ပျိုးမှုများရှိသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ပေါ်ဆန်းသည် အရည်အသွေးရှိပြီးသားဖြစ်သည်။ ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်သည့် အရည်အသွေးလည်းရှိပါသည်။ ထို့ကြောင့် နည်းစနစ်တကျစိုက်ပျိုးခြင်း၊ ခေတ်မီအောင်ထုပ်ပိုးခြင်း၊ ခေတ်မီသောကြိတ်စက်များ အသုံးပြုကြိတ်ခွဲခြင်းနှင့် ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုးခြင်းအပြင် ပြည်ပသို့ပါတင်ပို့နိုင်အောင် စိုက်ပျိုးခြင်းစသည့် အချက်များနှင့် ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါသည်။
ထိုအချက်များအပြင် အထက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်နိုင်လျှင် မြန်မာ့ပေါ်ဆန်းမွှေးသည် ပြည်ပပို့ကုန်တစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ကမ္ဘာတစ်လွှား ဝင့်ကြွားနိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။