ဆေးလိပ်သောက်ခြင်းနှင့် ဦးနှောက်ကျန်းမာရေးအန္တရာယ်

Posted_Date

Image

ဆေးလိပ်သောက်ခြင်းနှင့် ဦးနှောက်ကျန်းမာရေးအန္တရာယ်

Body

ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကျန်းမာရေးကို သိသိသာသာထိခိုက်စေပြီး မှတ်ဉာဏ်လျော့နည်းခြင်း၊ ဦးနှောက်ကျုံ့ခြင်းနှင့်အာရုံကြောဆိုင်ရာရောဂါများဖြစ်နိုင်သည်။ ဆေးလိပ်သောက်ခြင်းသည်ဦးနှောက်အတွင်းပိုင်းရှိ တစ်သျှူးများ ပျက်စီးဆုံးရှုံးခြင်းနှင့် ဦးနှောက်ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကိုဖြစ်စေပြီး  ဦးနှောက်၏  ပုံမှန်အိုမင်းမှုဖြစ်စဉ်ကိုအရှိန်မြင့်စေသည်။ လူတို့၏ဦးနှောက်သည် အသက်ကြီးလာသည်နှင့်အမျှ  သဘာဝအလျောက် ထုထည်လျော့နည်းလာပြီး       ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကို  ကျုံ့စေသောကြောင့်အရွယ်မတိုင်မီဦးနှောက်ကို ထိရောက်စွာအိုမင်းစေသည်ဟု  စိန့်လူးဝစ်မြို့ရှိ Washington University School of Medicine မှ  သုတေသီများ၏လေ့လာမှုအရ  သိရသည်။ ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်အတွင်း ဓာတ်တိုးဖိစီးမှုနှင့်    ရောင်ရမ်းမှုကိုဖြစ်စေပြီး  အာရုံကြောအဆိပ်သင့်မှုဆိုင်ရာ  သက်ရောက်မှုများကိုဖြစ်စေသည်။

ရေရှည်ဆေးလိပ်သောက်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ၊ ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှုနှင့် သွေးကြောဆိုင်ရာမှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်နိုင်သည်။ မှတ်ဉာဏ်၏အစိတ်အပိုင်းဖြစ်သော သိမြင်မှုနှင့် လုပ်ငန်းဆောင်တာများ ချိတ်ဆက်မှုကိုချို့ယွင်းစေသည်။  ဝါရှင်တန်တက္ကသိုလ်မှ  လေ့လာမှုတစ်ခုအရဆေးလိပ်သောက်ခြင်းသည်  ဦးနှောက်ကိုကျုံ့သွားစေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးလျော့ကျခြင်းတို့  ခံစားရကြောင်း တွေ့ရှိခဲ့သည်။Global  Open  Science  တွင်ထုတ်ဝေသောတွေ့ရှိချက်အရ ဆေးလိပ်သောက်သူများသည် အသက်အရွယ်နှင့်ဆက်နွှယ်သော မှတ်ဉာဏ်ကျဆင်းမှုနှင့်  အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားကြောင်း တွေ့ရသည်။

ဆေးလိပ်သောက်ခြင်းနှင့်ဦးနှောက်ထုထည်သေးငယ်ခြင်းတို့ ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များက ယခင်အချိန်ကတည်းကသိရှိခဲ့ကြသည်။ မကြာသေးမီအချိန်ထိ သိပ္ပံပညာရှင်များသည် ဆေးလိပ်သောက်ခြင်း၏ အဆုတ်နှင့်နှလုံးအပေါ်သက်ရောက်သော   ကြောက်မက်ဖွယ်ဆိုးကျိုးများကို အာရုံစိုက်ထားပြီး ဦးနှောက်အပေါ်သက်ရောက်မှုများကို   အာရုံစိုက်မှုလျော့နည်းခဲ့သည်။  သို့သော်ဦးနှောက်ကို   ပို၍အနီးကပ်ကြည့်လာသည်နှင့်အမျှဆေးလိပ်သောက်ခြင်းသည် ဦးနှောက်အတွက် အမှန်တကယ်ဆိုးရွားသော အန္တရာယ်ဆိုင်ရာအချက်အလက်များကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်၏အိုမင်းရင့်ရော်မှုကိုရပ်တန့်ရန်နှင့်   ဉာဏ်ရည်ဉာဏ်သွေးလျော့ကျစေမည့်အန္တရာယ်ကို  ကာကွယ်နိုင်သည်။ ပြီးပြီးသားပျက်စီးမှုများကို ပြန်ပြင်၍မရသော်လည်း နောက်ထပ်ပျက်စီးမှုများမဖြစ်စေရန်ရှောင်ရှားနိုင်ပါသည်။

သို့ဖြစ်၍ဆေးလိပ်သောက်ခြင်းသည်  ဦးနှောက်ကျန်းမာရေးအတွက်  အန္တရာယ်ဖြစ်စေသောအချက်တစ်ခုဖြစ်ပြီး ပြုပြင်ပြောင်းလဲနိုင်သောအချက်တစ်ခုလည်းဖြစ်ပါသည်။

ဆေးလိပ်သောက်ခြင်းသည်သိမြင်နိုင်စွမ်းကျဆင်းမှုကို သိသာထင်ရှားစွာ အကျိုးသက်ရောက်စေကြောင်း လေ့လာမှုများက တွေ့ရှိခဲ့သည်။ ဥရောပ ၁၄ နိုင်ငံမှ   အသက် ၅၀ နှစ်နှင့်အထက်အရွယ်ရောက်ပြီးသူ ၃၂၀၀၀ ဦးထံမှ သိမြင်နိုင်စွမ်းကျဆင်းစေသောအချက်အလက်များကို စေ့စေ့စပ်စပ်ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ရာ      ဆေးလိပ်သောက်သူများ၏သိမြင်မှု ရမှတ်များသည် ဆေးလိပ်မသောက်သူများနှင့်နှိုင်းယှဉ်ပါက  ၁၀ နှစ်ကျော်တွင် ၈၅ ရာခိုင်နှုန်းအထိ  ကျဆင်းသွားကြောင်းတွေ့ရသည်။   လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းသည်  ဦးနှောက် မှတ်ဉာဏ် လျင်မြန်စွာကျဆင်းမှုနှင့် သိသိသာသာ ဆက်စပ်နေကြောင်း    တွေ့ရှိခဲ့သည်။     ယနေ့ခေတ်၌ ဦးနှောက်စွမ်းအားကို မြှင့်တင်ရန်အတွက် စူပါအစားအစာများ၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများနှင့် နည်းပညာများတိုးတက်နေသည့်အချိန်တွင် မှတ်ဉာဏ်ကျန်းမာရေးအန္တရာယ်အတွက်အဆိုးဆုံးအချက်များထဲမှတစ်ခုမှာ လူအများအပြား ဆေးလိပ်သောက်နေကြခြင်းပင်ဖြစ်သည်။

ဆေးလိပ်ဖြတ်ခြင်းဖြင့် ဘဝသက်တမ်းတိုးနိုင်ခြင်း သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ခြင်းဖြင့် ဦးနှောက်အိုမင်းရင့်ရော်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှုအန္တရာယ်ကိုလျှော့ချနိုင်သည်ဟု လေ့လာမှုများက  ဖော်ပြသည်။   ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်တစ်သျှူးများ   ထပ်မံဆုံးရှုံးခြင်းမှ   ရပ်တန့်စေရန်ကာကွယ်ပေးနိုင်သော်လည်း ဦးနှောက်ပျက်စီးမှုကို မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိစေရန်အစားထိုးနိုင်ခြင်းမရှိပါ။ အထောက်အထားများအရ ဆေးလိပ်ဖြတ်ခြင်းသည် ဦးနှောက်ကျန်းမာရေးကို သိသိသာသာတိုးတက်စေပြီး သက်တမ်းတိုးစေနိုင်ကြောင်း သက်သေပြထားသည်။ Oxford သုတေသီများသည် နှစ်ပေါင်း ၅၀ အတွင်း ဆရာဝန် ၃၅၀၀၀ နီးပါးကိုလေ့လာခဲ့ပြီး   အသက် ၆၀ မတိုင်မီ  ဆေးလိပ်ဖြတ်ပါက  သက်တမ်းသုံးနှစ်ထပ်မံတိုးနိုင်သည်ကို တွေ့ရှိခဲ့သည်။

ဆေးလိပ်သောက်သူ၏ ဦးနှောက်ကိုလေ့လာခြင်း

ဆေးလိပ်သောက်သူများနှင့် ဆေးလိပ်မသောက်သူများ၏  ဦးနှောက်သံလိုက်ဓာတ်မှန် (MRI Brain ) လေ့လာမှုများတွင် ဆေးလိပ်ပိုသောက်လေ အသက်ကြီးလာသည်နှင့်အမျှ   ဦးနှောက်၏အရေးပါသောနေရာများတွင်    ထုထည်လျော့နည်းလာလေဖြစ်ကြောင်းတွေ့ရှိရသည်။

ဆေးလိပ်သောက်ခြင်း၏ ဦးနှောက်တွင် အကျိုးသက်ရောက်မှု

သိပ္ပံပညာရှင်များသည် အရွယ်ရောက်ပြီးသူ ၃၀၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ ဆေးလိပ်သောက်သူများသည် လျင်မြန်စွာလုပ်ဆောင်နိုင်မှု၊ အာရုံစူးစိုက်မှုနှင့် အလုပ်မှတ်ဉာဏ်တို့ကို အကဲဖြတ်သည့် သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်စစ်ဆေးမှုများတွင် အမှတ်နည်းကြောင်း တွေ့ရှိခဲ့သည်။ ဆေးလိပ်သောက်သူများအတွက် ပတ်ဝန်းကျင်ရှိသတင်းအချက်အလက်များကို အရှိန်အဟုန်ဖြင့်   အမီလိုက်နိုင်ရန်  အာရုံစိုက်နေရခြင်းသည်စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး မှတ်ဉာဏ်လုပ်ဆောင်နိုင်စွမ်းလျော့နည်းလာသည်ကိုတွေ့ကြုံနေရသည်။  ဆေးလိပ်သောက်ခြင်းနှင့်မှတ်ဉာဏ်လျော့နည်းခြင်းဆက်စပ်မှု၏အဓိကအကြောင်းရင်းမှာ စီးကရက်အတွင်းရှိ ဓာတုပစ္စည်းများကြောင့် သွေးကြောများပျက်စီးပြီး အယ်လ်ဇိုင်းမားရောဂါနှင့် ဦးနှောက်သွေးကြောဆိုင်ရာပြဿနာ များဖြစ်ကြောင်း    တွေ့ရှိရသည်။  သုတေသီများ လေ့လာမှုရလဒ်များကိုပေါင်းစပ်ဖန်တီးခဲ့သော World Alzheimer’s Report အရ ဆေးလိပ်သောက်ခြင်းသည် မှတ်ဉာဏ်လျော့နည်းသောရောဂါဖြစ်နိုင်ခြေ  ၃၀ မှ  ၅၀ ရာခိုင်နှုန်း ပိုများကြောင်းတွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုအားလုံး၏  ၁၄ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟု ခန့်မှန်းရသည်။

စီးကရက်သောက်သည့်ပမာဏနှင့် မှတ်ဉာဏ် လျော့နည်းသောရောဂါဖြစ်နိုင်ခြေ ဆက်စပ်မှုဆေးလိပ်သောက်ခြင်းနှင့် ဦးနှောက်ကျန်းမာရေးဆက်စပ်မှုမှာ လူတစ်ဦးသည် တစ်ရက်လျှင် ဆေးလိပ်သောက်သည့်ပမာဏပိုများလေ  ဦးနှောက်ထုထည် သေးငယ်လေဖြစ်သည်။ သုတေသီများ၏လေ့လာမှု ၃၇ခု၏ရလဒ်များတွင်  တစ်ရက်လျှင်   စီးကရက်အလိပ် ၂၀ သောက်တိုင်း မှတ်ဉာဏ်လျော့နည်းသော ရောဂါဖြစ်ပွားနိုင်ခြေ ၃၄ ရာခိုင်နှုန်း တိုးလာကြောင်းတွေ့ရှိခဲ့သည်။  ထို့ကြောင့်  တစ်ရက်သောက်သော ဆေးလိပ်အရေအတွက်ကို      လျှော့ချလိုက်ရုံဖြင့် မှတ်ဉာဏ်လျော့နည်းသောရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါသည်။

တစ်ဆင့်ခံဆေးလိပ်ငွေ့နှင့်မှတ်ဉာဏ်လျော့နည်းသောရောဂါဆေးလိပ်သောက်သူ၏ဆေးလိပ်ငွေ့အား ရှူရှိုက်ရခြင်းကို      ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းထက်ပြင်းထန်သည်ဟုယူဆကြပြီး  သက်ကြီးရွယ်အိုများတွင်     မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်နိုင်သောအန္တရာယ်ရှိသည့် သိသာထင်ရှားသောအချက်တစ်ခုဟု လေ့လာသုံးသပ်မှုသုံးခုတွင် တွေ့ရှိခဲ့သည်။

အနှစ်ချုပ်ရလျှင်ဆေးလိပ်သောက်ခြင်းသည် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးမရှိသောကြောင့်  ဖြတ်တောက်ခြင်းသည်  မှတ်ဉာဏ်လျော့နည်းသောရောဂါနှင့်ကျန်းမာရေးအန္တရာယ်များဖြစ်ပွားနိုင်ခြေကို များစွာလျှော့ချနိုင်ပြီး  လုံးဝရပ်တန့်ခြင်းသည်ဘဝအတွက်ပိုမိုကျန်းမာသောနှစ်များစွာကိုတိုးစေနိုင်သည်။ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ်  လုံးဝရပ်တန့်ခြင်းသည် မည်သည့်အခါမျှ နောက်ကျမည်မဟုတ်ကြောင်းတိုက်တွန်းရေးသားလိုက်ရပါသည်။

MWD Web Portal

Photo - Liver Doctor

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့် ထိန်းချုပ်ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ”အပိုင်း(၁)

Posted_Date

Image

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့်  ထိန်းချုပ်ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ”အပိုင်း(၁)

Body

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့်  စိတ်ကြွဆေးများဖမ်းဆီးရမှုအခြေအနေ နိုင်ငံတစ်ဝန်း၌  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများ အများအပြား ဖမ်းဆီးရမှုသတင်းများကို  နိုင်ငံပိုင်သတင်းစာများ၌ နေ့စဉ်နှင့်အမျှ ဖတ်ရှုမြင်တွေ့နေရ သည်။ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ  နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှု၊ တရားခံ ၇၈၂၈ ဦးနှင့်  စုစုပေါင်း တန်ဖိုးငွေကျပ် ၉၉၈ ဒသမ ၆၀၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၈၈၁ သန်း) တန်ဖိုးခန့် ဖမ်းဆီးရမိသည်။ ရှမ်းပြည်နယ်ရှိ ခရိုင်လေးခုမှ အဓိကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမှုမှာ အများဆုံးဖြစ်ကြောင်းသိရှိရသည်။     ရှမ်းပြည်နယ်ဘက်မှထုတ်လုပ်သည့်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် စိတ်ကြွဆေးများကို ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှသယ်ယူပို့ဆောင်ပြီး ပြည်ပသို့ ရေလမ်းခရီးဖြင့်ပို့ဆောင်၍ ဖြန့်ဖြူးရောင်းချနေမှုများကိုဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း  ပါဝင်သည်။

လူမသိသည့် သာမန်မီးဖိုချောင်တစ်ခုမှအစပြု၍ ဓာတုဆေးဝါးပစ္စည်းမျိုးစုံနှင့် ရောစပ်ပြီး ဆေးပြားရိုက်စက်ကိုအသုံးပြုကာ စိတ်ကြွဆေးများ  အလွယ်တကူထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေပြီး သုံးစွဲသူနှင့် မိသားစုအသိုင်းအဝိုင်းကိုပါ ဘဝပျက်လောက်အောင် ဆိုးရွားစေသည့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် ပရီကာဆာဟုခေါ်သည့် အစပျိုးဓာတုပစ္စည်းများ (Precursors)၏ အန္တရာယ်များကို အများပြည်သူသိရှိရှောင်ရှားနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၈) နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”  အထိမ်းအမှတ်အခမ်းအနားနေ့ကို   ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို အကျယ်တဝင့် ရေးသားဖော်ပြရခြင်းဖြစ်သည်။

အဓိကဦးတည်ချက်ဖြစ်သည့်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်း

မတင်ပြမီ အဆိုပါကိစ္စများကို အဓိကကိုင်တွယ်ထိန်းသိမ်းဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည့်   ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုအခြေအနေများကို  ဦးစွာတင်ပြလိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဦးစီးဌာန လေးခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌   ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် လွတ်လပ်သောအဖွဲ့ တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင်     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ   အမိန့်အမှတ် ၁/၉၅ ကို  ထုတ်ပြန်၍   မြန်မာနိုင်ငံရဲတပ်ဖွဲ့  (Myanmar  Police  Force)ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ်ဝတ်ဆင်စခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးချုပ်ငြိမ်းရေးရည်မှန်းချက်တာဝန်ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေးကျောင်းများဖြင့် ဖွဲ့စည်းထားရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးနှိမ်နင်းရေးအပါအဝင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်များအဖြစ် ချမှတ်ထားရှိပြီး ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်တရားစွဲတင်ရေး၊  နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးနှင့်  ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး အစရှိသည့် ပြည်သူလူထုနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသော ကြီးလေးသည့်လုပ်ငန်းတာဝန်များကို   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတာဝန်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်    အဆိုပါလုပ်ငန်းများအနက်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များကို မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာ သုံးရပ်၊ နည်းနာနိဿယ သုံးရပ်တို့ဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မဟာဗျူဟာ နှစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးတို့ကို   နည်းဗျူဟာသုံးရပ်ဖြစ်သည့်   ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါးစိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မားတိုးတက်ပြောင်းလဲရေး၊  တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူးဆက်ဆံနိုင်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝတိုးတက်မြင့်မားရေးဟူသည့် နည်းနာနိဿယသုံးရပ်ကို     အသုံးပြုဆောင်ရွက်နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးဆိုင်ရာ အမျိုးသားရေးတာဝန်ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို မလွဲမသွေထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့   အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို   အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် ပြည်သူလူထုတစ်ရပ်လုံးကို     ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာ   ချုပ်ငြိမ်းရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့်  စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း (Ices)၊ ကက်တမင်း (Ketamin) နှင့် စိတ်ပျော်ဆေးရည်(Happy Water)ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာသောကြောင့် ယခုကာလသည် အဆိုးရွားဆုံးအခြေအနေတွင်ရှိနေသည်ဟု  တွက်ဆရသည်။

မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာစာချုပ်များနှင့်  ဥပဒေပြဋ္ဌာန်းချက်များ

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ် တစ်ခုတည်းသော   မူးယစ်ဆေးဝါးများကွန်ဗင်းရှင်း  (Single convention on Narcotic Drugs)၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာကွန်ဗင်းရှင်း(Convention on Psychotropic Substances) နှင့် ၁၉၈၈ ခုနှစ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances) တို့ကို လက်မှတ်ရေးထိုးခြင်း၊ ၁၉၇၆  ခုနှစ်တွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကိုဖွဲ့စည်းခြင်း၊  ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာနည်းဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကိုဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့် လိုအပ်သောဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းစီမံချက်များရေးဆွဲအကောင်အထည်ဖော်မှုများ

အဆိုပါဆောင်ရွက်ချက်များအပေါ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတစ်ရပ်ကိုရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက်အကူပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။  မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ် အရေးပါသည့်လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်  အရှိန်အဟုန်ဖြင့်   ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်တွေ့ကြုံနေရသည့် မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံမှ ဇွန်လ  ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်  ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားအဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလာရာ   ယခုဆိုလျှင်  (၃၈)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

MWD Web Portal

ရေကြီးမှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးသင့်သည့် နည်းလမ်းကောင်းများ

Posted_Date

Image

 ရေကြီးမှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးသင့်သည့် နည်းလမ်းကောင်းများ

Body

ခုဆိုရင် ရာသီဥတုတွေက ပုံမှန်မဟုတ်တော့ပါဘူး။ ဒီနှစ်မှာတော့ မိုးဦးမှာ ဆက်တိုက်ဆိုသလို မိုးတွေ နေ့စဉ်ရက်ဆက်ရွာသွန်းနေတာဖြစ်ပါတယ်။ မိုးရွာသွန်းမှုများပြားတာနဲ့အမျှ   နောက်ဆက်တွဲအနေနဲ့ ရေကြီးမှုအန္တရာယ်တွေကို  သတိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံလို မုတ်သုံရာသီဥတုရှိတဲ့နေရာတွေမှာ  ရေကြီးတာက  နှစ်စဉ်ဖြစ်လေ့ရှိတဲ့ပြဿနာပါ။ အထူးသဖြင့်  မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မြစ်ကြီးနား တစ်ဝိုက်မှာ ပိုဆိုးပါတယ်။ ခုချိန်မှာလည်း ဒီနေရာတွေမှာ ရေတွေကြီးနေပြီဖြစ်ပါတယ်။

ရေကြီးမှုတွေဖြစ်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့်ကဏ္ဍမျိုးစုံမှာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ ထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ရေကြီးမှုအန္တရာယ်ကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးမှု မရှိအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေ၊ ရေကြီးနေစဉ်နဲ့ရေကျသွားပြီးနောက် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေကိုသိရှိလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ထိခိုက်မှုကိုလျော့နည်း သက်သာစေမှာဖြစ်ပါတယ်။

မိုးလေဝသသတင်းများ

တောင်သူလယ်သမားတွေအနေနဲ့   ရာသီဥတုခန့်မှန်းချက်တွေကို   ပုံမှန်စောင့်ကြည့်လေ့လာဖို့ အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် မိုးလေဝသအခမဲ့ဆော့ ဝဲများမှ နေပြီး ဒေသအလိုက် မိုးရွာသွန်းနိုင်မှုတွေကို ကြိုတင်သိရှိနိုင်နေပြီဖြစ်ပါတယ်။ တချို့ဖုန်းအော်ပရေတာ တွေကလည်း ထူးခြားမိုးလေဝသ သတင်းတွေကို ဖုန်းကနေစာတိုပေးပို့နေပါတယ်။ သတင်းဌာနတွေ ကလည်း မိုးလေဝသသတင်းတွေကို  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေတာကြောင့် ဒီသတင်းအချက်အလက်တွေကိုနားထောင်ပြီး ကိုယ့်ရဲ့စိုက်ပျိုးလုပ်ကိုင်နေမှုကို အလိုက်သင့်ဆောင်ရွက် သွားဖို့လိုပါတယ်။ မိုးကြီးနိုင်တဲ့အခြေအနေမှာ ကိုယ့်အနေနဲ့သီးနှံတွေ မစိုက်ရသေးဘူးဆိုရင် တော့ စိုက်ပျိုးမယ့်သီးနှံအမျိုးအစားနဲ့စိုက်ပျိုးမယ့်အချိန်ကို သင့်လျော်သလို ပြောင်းလဲစိုက်ဖို့လိုပါတယ်။

ပိုတက်စီယမ်မြေဩဇာထည့်ပေးပါ

ရေကြီးနိုင်တဲ့   အခြေအနေတွေရှိခဲ့မယ်ဆိုရင် မြေဆီလွှာထဲကို  ပိုတက်စီယမ်မြေဩဇာကို မဖြစ်မနေ ကြိုတင်ထည့်သွင်းထားဖို့အရေးကြီးပါတယ်။ ရေလွှမ်းမိုးတဲ့အခါမှာ အပင်တွေဟာ အောက်ဆီ ဂျင်ငတ်ခြင်း၊ ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်တွေမညီမျှခြင်းနဲ့ ရောဂါဒဏ်ခံနိုင်ရည် လျော့နည်း ခြင်းတို့ကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ အပင်ရဲ့ဆဲလ်နံရံတွေကို ပိုမိုခိုင်မာစေပြီး ရေလွှမ်းမိုး မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင်  ပိုတက်စီယမ်ဟာ  အပင်တွေရဲ့ရေဓာတ်စီမံခန့်ခွဲမှုကို  ထိန်းညှိပေးပါတယ်။  ရေလွှမ်းမိုးမှု ဖြစ်ပေါ်တဲ့အခါအပင်တွေဟာရေဓာတ်အလွန်အမင်းစုပ်ယူမိတဲ့ပြဿနာကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ   ဆဲလ်အတွင်း  ရေဖိအားကို ထိန်းညှိပေးပြီး ဆဲလ်တင်းမာမှုကို  ထိန်းသိမ်းပေးနိုင်တာကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို   ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နောက်ထပ်အချက်အနေနဲ့ ပိုတက်စီယမ်ဟာ အမြစ်ဖွံ့ ဖြိုးမှုကို အားပေးပါတယ်။ ရေလွှမ်းမိုးမှုဒဏ်ကိုခံနိုင်ဖို့အတွက် ကောင်းမွန်တဲ့အမြစ်စနစ်ရှိဖို့ အရေးကြီးပါတယ်။  ပိုတက်စီယမ်ကြွယ်ဝတဲ့အပင်တွေဟာ အမြစ်ဖွံ့ဖြိုးမှုကောင်းမွန်တဲ့အတွက် ရေလွှမ်းမိုးမှုကို ပိုမိုခံနိုင်ရည် ရှိကြပါတယ်။ ရေမကြီးခင် ပိုတက်စီယမ်ဓာတ်လုံလောက်စွာရရှိထားတဲ့ အပင်တွေ ဟာ ရေကျသွားပြီး နောက်   နာလန်ပြန်ထတာမြန်ပြီး အရွက်တွေမြန်မြန်စိမ်းလာတာ၊ ကြီးထွားမှုမြန်တာမျိုး ဖြစ်စေပါ တယ်။

ထရိုင်ခိုဒါးမားဖျန်းပေးပါ

ရောဂါကာကွယ်ဖို့နဲ့   မြေဆီလွှာကျန်းမာစေဖို့အတွက် ဇီဝမြေဩဇာဖြစ်တဲ့ထရိုင်ခိုဒါးမား (Tricho-derma)ကို ရေမကြီးခင်မှာ ကြိုတင်ပြီး ဖျန်းပေးတာမျိုးလုပ်သင့်ပါတယ်။ ရေကြီးခြင်းဟာ မြေဆီလွှာထဲက   အကျိုးပြုဇီဝသက်ရှိများကိုသေစေနိုင်ပြီး မြေဆီလွှာဖွဲ့စည်းမှုကို  ပျက်စီးစေပါတယ်။  ထရိုင်ခိုဒါးမားက  မှိုမျိုးစိတ်ဖြစ်ပြီး  ရောဂါကာကွယ်ဖို့ အသုံးဝင်ပါတယ်။ ရေလွှမ်းတဲ့အခါ မြေဆီလွှာထဲက အောက်ဆီဂျင်နည်းသွားပြီး ရောဂါဖြစ်စေတဲ့မှိုတွေပေါက်ပွားလွယ်ပါတယ်။ ထရိုင်ခိုဒါး မားကို ကြိုတင်ဖျန်းထားရင် ရောဂါကျရောက်မှုတွေကို  ထိန်းချုပ်နိုင်ပါမယ်။ ဒါ့အပြင် ရေလွှမ်းခံရတဲ့အပင်တွေဟာ ဖိစီးမှုခံစားရပြီး  ခုခံအားကျလေ့ရှိပါတယ်။  ထရိုင်ခိုဒါးမားက အပင်ရဲ့ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် အမြစ်ဇုန်တစ်ဝိုက်မှာ အကျိုးပြုဇီဝဒြပ်ထုတွေကို  ဖွဲ့စည်းပေးနိုင်သလို  အမြစ်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အမြစ်ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ ဒါကြောင့် ရေကျသွားပြီး မြေဆီလွှာပြန်ခြောက်ချိန်မှာ  အပင်တွေ မြန်မြန်ပြန်နာလန်ထူလာဖို့ ကူညီပေးပါတယ်။ ထရိုင်ခိုဒါးမားဟာ  သဘာဝဆွေးမြည့်မှုဖြစ်စဉ် (Decompo-sition)ကို မြန်စေတဲ့အပြင် မြေဆီလွှာဖွဲ့စည်းပုံကို ပြန်လည်ကောင်းမွန်စေပြီး အပင်တွေကို မြေဆီလွှာထဲမှအာဟာရဓာတ်များ အထူးသဖြင့် ဖောစဖရပ်ကို ပိုမိုလွယ်ကူစွာရရှိအောင် ကူညီပေး ပါတယ်။ ထရိုင်ခိုဒါးမားကို ရေကြီးပြီးမှ ဖျန်းရင် မထိရောက်ပါဘူး။ ရေစီးနဲ့ပါသွားနိုင်သလို လိုရာနေရာ ကို မရောက်နိုင်ပါဘူး။ ရေမလွှမ်းခင် အမြစ်စနစ်ကျန်းမာနေချိန်မှာ ဖျန်းတာက ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် ရေလွှမ်းမှုမဖြစ်ခင် ကြိုတင်ဖျန်းထားဖို့အရေးကြီးတယ်။

မိုးဆက်တိုက်ရွာနေချိန်မိုးအဆက်မပြတ်ရွာနေတဲ့အခြေအနေမှာဆိုရင် တောင်သူတွေအတွက် အရေးကြီးဆုံးက စိုက်ပြီးသီးနှံတွေထိခိုက်မှုမရှိစေဖို့အတွက် စိုက်ခင်းထဲရေမဝပ်အောင်လုပ်ဖို့နဲ့ ရေစီးဆင်းမှုကောင်းအောင်လုပ်ဖို့ပါ။  တကယ်တမ်းတော့  သီးနှံတွေစိုက်ပြီဆိုတာနဲ့ စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်းတွေသေချာလုပ်ထားရမှာဖြစ်ပါတယ်။ ရေစီးဆင်းမှုကောင်းအောင် မြောင်းတွေကို  ပုံမှန်သန့်ရှင်းရေးလုပ်ဖို့လည်း လိုပါတယ်။ ရေထုတ်မြောင်းမလုပ်ခဲ့မိဘူးဆိုရင်တော့ သီးနှံပင်တွေ ရေမြုပ်နေရင် အမြစ်ပျက်စီးမှာစိုးရိမ်ရတာကြောင့်  အခုလို  မိုးဆက်တိုက်ရွာနေချိန်မှာ   ယာယီဖြေရှင်းနည်းအနေနဲ့ မြန်မြန်ရေထုတ်နိုင်ဖို့ ရေစုပ်စက်သုံးပြီးရေထုတ်တာ၊ ရေထွက်ဖို့လွယ်ကူ တဲ့နေရာတွေမှာ    ရေပိုက်တို့ ပလတ်စတစ်စတို့နဲ့   ရေလမ်းကြောင်းဖောက်ပြီး ရေထုတ်တာမျိုးလုပ် ပေးရပါမယ်။    အကယ်၍ ရုတ်တရက် ရေတက်လာမယ်ဆိုရင် လယ်ကွင်းဘေးတွေမှာ ယာယီရေကာ တာလုပ်နိုင်ဖို့ သဲအိတ်တွေကြိုစုဆောင်းထားတာမျိုးလည်း လုပ်ထားသင့်ပါတယ်။  မိုးများလွန်းတာ ကြောင့် အပေါ်ယံမြေဆီလွှာကို တိုက်စားမှုကနေကာကွယ်ဖို့အတွက် ကောက်ရိုးလိုမျိုး  သီးနှံအကြွင်း အကျန်တွေနဲ့ ၄ လက်မအထူခန့် ဖုံးအုပ်ပေးမယ်ဆိုရင် မိုးရေကြောင့် မြေဆီလွှာပျက်စီးမှု ၇၀ ရာခိုင်နှုန်းခန့်လျှော့ချနိုင်မှာဖြစ်ပါတယ်။

ရေကြီးနိုင်တဲ့ဒေသများ

ရေကြီးနိုင်တဲ့ဒေသတွေမှာ   ရေဝပ်ဒဏ်ခံနိုင်တဲ့သီးနှံမျိုးတွေ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဥပမာအနေ နဲ့စပါးစိုက်မယ်ဆိုရင်   ရေလွှမ်းခံစပါးမျိုး၊ ရေမြုပ်ဒဏ်ခံမျိုး၊ ရေနက်ကွင်းတွေမှာဆိုရင်တော့ ရေနက် စပါးမျိုးစိုက်သင့်ပါတယ်။ ပြောင်းစိုက်မယ်ဆိုရင်လည်း ရေဝပ်တာကို ငါးရက်လောက်ခံနိုင်တဲ့မျိုး (Water Tolerant Maize)စိုက်သင့်ပါတယ်။ လက်ရှိစိုက်ပြီးသားသီးနှံပျက်စီးသွားရင် အချိန်မီ ပြန်စိုက် နိုင်ဖို့ အရန်မျိုးစေ့တွေဝယ်ထားတာ၊ အရန်ပျိုးပင်တွေစိုက်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။

ပေါင်ကြီးတင်စနစ် (Raised Bed Farming or Broad Bed and Furrow)

အကောင်းဆုံးကတော့ သီးနှံတွေစိုက်မယ်ဆိုရင် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေများတဲ့ဒေသတွေမှာ ပေါင်ကြီးတင်စိုက်စနစ်ဟာ အပင်တွေကိုရေဝပ်ဒဏ်မှ ထိရောက်စွာ  ကာကွယ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကနဦးမှာတော့ ပေါင်တွေဖော်ဖို့အတွက်   လုပ်အားစိုက်ထုတ်မှုလိုအပ်ချက်တွေ၊ လုပ်အားခကုန်ကျစရိတ်တွေ ရှိသော် လည်း ရေရှည်မှာသီးနှံအထွက်နှုန်းတည်ငြိမ်မှုအတွက်   များစွာအထောက်အကူပြုပါတယ်။ လက်ရှိမှာ လည်း ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ဟင်းသီးဟင်းရွက်အစရှိတဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ  ဒီစနစ်ကိုကျင့်သုံး ဆောင်ရွက်နေတဲ့ ဒေသတွေရှိပါတယ်။ အဓိကအားဖြင့် မြစ်ဝကျွန်းပေါ်ဒေသများ  (ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး)၊ မြေပြန့်လွင်ပြင်ဒေသများ (စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်း ဒေသကြီး)နဲ့ မိုးများပြီး ရေဝပ်လွယ်တဲ့ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိပါတယ်။  ရေကြီးမှုပမာဏ၊ မြေအမျိုးအစား၊ စိုက်မယ့်သီးနှံ စတဲ့အချက်တွေပေါ်မူတည်ပြီး  ပေါင်အမြင့်၊  အကျယ်နဲ့ပေါင်ကြား အကွာအဝေးကို ချိန်ညှိပြီးမှ ပေါင်ပြုလုပ်ဖို့ အရေးကြီးသလို  ရေနုတ်မြောင်းတွေကို  ပုံမှန်သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။  စနစ်တကျလုပ်ထားခဲ့မယ်ဆိုရင် သီးနှံပင်များ ရေမြုပ်ခြင်းမှ ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်  မြေဆီလွှာအခြောက်မြန်တဲ့အတွက် အမြစ်ဇုန်မှာ လေဝင်လေထွက်ကောင်းစေသလို ပေါင်းပေါက်ရောက်မှုနဲ့ ရောဂါကျရောက်မှုတွေကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေပြီး မြေဩဇာနဲ့ရေကိုအကျိုးရှိစွာ အသုံးချနိုင်ပါတယ်။

မြေအသုံးချမှု

တောင်သူတွေအနေနဲ့    မိမိဒေသရဲ့မြေအနေအထားအရ မြေကိုစနစ်တကျစီမံအသုံးချတတ်ဖို့လည်း လိုပါတယ်။ ဥပမာ ရေဝပ်ဖို့လွယ်ကူတဲ့မြေနိမ့်ချိုင့်ဝှမ်းလိုဒေသတွေမှာ ရေလွှဲမြောင်းနဲ့ရေကန်ငယ်များ မဖြစ်မနေလုပ်ထားရပါမယ်။ တောင်ပေါ်ဒေသတွေ၊  ကုန်းမြင့်ပိုင်းတွေမှာဆိုရင်  သစ်သီးပင်များ (ငှက်ပျော၊ သရက်၊ ပိန္နဲ၊ အုန်း)စတဲ့ ဥယျာဉ်ခြံသီးနှံတွေစိုက်သင့်ပြီး အနိမ့်ပိုင်းရေဝပ်မြေတွေမှာတော့ စပါးနဲ့  ငါးမွေးမြူရေးပေါင်းစပ်ထားတဲ့(Integrated Farming) မျိုးဆောင်ရွက်သင့်ပါတယ်။ ယာသီးနှံ တွေစိုက်တဲ့အခါ အခြေအနေပေးမယ်ဆိုရင် သီးနှံတစ်မျိုးတည်းစိုက်မယ့်အစားသီးနှံ နှစ်မျိုး၊  သုံးမျိုးကို  သီးညှပ် သို့မဟုတ် အကန့်လိုက် စိုက်သင့်ပါတယ်။ ဒါမှသာ သီးနှံတစ်ခုပျက်ခဲ့ရင် အခြားကျန်နေတဲ့ သီးနှံကနေ ဝင်ငွေရနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးတစ်ခုတည်းကိုမလုပ်ဘဲ  တစ်နိုင်တစ်ပိုင်မွေးမြူရေးနဲ့တွဲပြီးလုပ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား စတဲ့တိရစ္ဆာန်တွေကို မွေးထားတာမျိုး၊ငါးကန်/ ပုစွန်ကန်တွေမွေးမြူတာမျိုးလုပ်ထားမယ်ဆိုရင် ကိုယ်စိုက်ထားတဲ့ သီးနှံပျက်သွားခဲ့ရင်တောင် မွေးမြူရေးလုပ်ငန်းကနေဝင်ငွေရရှိမှာဖြစ်ပါတယ်။

မြေဆီလွှာတိုက်စားမှုလျှော့ချရေး

ရေကြီးမှုတွေဖြစ်ခဲ့ရင်    စိုက်ပျိုးမြေတွေမှာ မြေဆီလွှာတိုက်စားမှု  လျော့နည်းစေဖို့အတွက် မြေဆီလွှာနဲ့   ရေထိန်းသိမ်းရေးအလေ့အထကောင်းတွေဖြစ်တဲ့ စိုက်ခင်းဘေးတစ်လျှောက်မှာ ရေတိုက်စားမှုကိုခံနိုင် အောင် ဒေသနဲ့သင့်လျော်တဲ့ နှစ်ရှည်သီးပင်၊   စားပင်တွေစိုက်ပျိုးထားတာမျိုး၊ (Cover crop)တွေ စိုက်ထားတာ၊  ဗာတီဗာမြက်တွေ စိုက်ထားတာ၊   မြေအနေအထားပေါ်မူတည်ပြီး ကွန်တိုကန်သင်း၊ ရေစိမ့်နိုင်တဲ့ ကျောက်စီကန်သင်း၊ နုန်းတားကန်သင်း စတာတွေကို ပြုလုပ်ထား သင့်ပါတယ်။   

အထူးသဖြင့် ရုတ်တရက် စိုက်ခင်းတွေထဲကိုရေတွေဝင်လာမယ်ဆိုရင် အလွယ်တကူ ရေဖောက်ထုတ် နိုင်ဖို့ စိုက်ခင်းတွေမှာ ရေထွက်ပေါက်ရှိအောင် သေချာလုပ်ထားပြီး  စိုက်ခင်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ချောင်းရိုး၊ မြောင်းရိုးတွေမှာ ရေစီးရေလာကောင်းမွန်စေဖို့ကို ဆောင်ရွက်သင့်ပါတယ်။

ပြန်လည်ကုစားရေး

ရေကျသွားတဲ့အခါမှာတော့ ချက်ချင်းဆိုသလို ရေမြုပ်ခဲ့တဲ့ မြေတွေကို ပြန်လည်ပြုပြင်ကုစားရေး လုပ်ငန်းတွေ စတင်ဖို့လိုပါတယ်။ ရေနုတ်မြောင်းများသန့်ရှင်းခြင်း၊ ရေဝပ်ကျန်ရစ်သောနေရာများကို ရေထုတ်ခြင်း၊ မြေဆီလွှာကို ပြန်လည်ပြုပြင်တဲ့အနေနဲ့ မြေဆီတွင် ဆားဓာတ်စုပုံမှုကို လျှော့ချရန် မိုးရေဖြင့် ဆေးကြောခြင်း(Leaching)စတာမျိုး ဆောင်ရွက်သင့်ပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စိုက်ခင်းတွေကို ပြန်လည်ကုစားခြင်းဟာလည်း ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စပါးစိုက်ထားတာဆိုရင် ရေကြီးနစ်မြုပ်ပြီးနောက် စပါးခင်းရဲ့ရေနစ်မြုပ်မှုအခြေအနေ၊ ပျက်စီးမှုအခြေအနေ၊ မြေဆီလွှာ အခြေအနေနဲ့   ရောဂါကျရောက်မှုအခြေအနေတွေကို အချိန်မီစစ်ဆေးပြီး လိုအပ်တဲ့ပြန်လည် ကုစား ခြင်းလုပ်ငန်းကိုဆောင်ရွက်ရပါမယ်။  ရေမြုပ်မှုဒဏ်ကြာရှည်ခံရတဲ့စပါးခင်းတွေဟာ ရေကြောင့် အပင် ရှည်ထွက်ပြီး  အပင်ပျော့နေမှာ ဖြစ်တဲ့အတွက် ရေပြန်ကျချိန်မှာ အပင်ယိုင်လဲမှုနည်းစေဖို့ ကန်သင်း အတွင်းမှရေကိုထိန်းပြီး တဖြည်းဖြည်းချင်း လျှော့ချပြီးမှရေထုတ်ခြင်းကို ဆောင်ရွက်ရပါမယ်။ ဖြစ်နိုင်ရင် စပါးခင်းမှရေကို  ပြောင်စင်အောင်  ထုတ်ပေးရပါမယ်။

စပါးပင်ငယ်စဉ်ကာလမှာ  ရေမြုပ်ခဲ့မယ်ဆိုရင် ကောက်ပင်စိပ်သည့်နေရာမှ ပြန်လည်နုတ်ယူ၍ ကောက်ပင်ကျဲသွားသောနေရာတွေမှာ ကောက်ပင်ဖာထေးခြင်း၊ မြေဩဇာနှင့်ရွက်ဖျန်းမြေဩဇာများ နှုန်းထားမှန်ကန်စွာနဲ့ စနစ်တကျပြန်လည်ထည့်သွင်းပေးခြင်း စတာတွေဆောင်ရွက်သင့်သလို ရေကျ သွားချိန်မှာဖြစ်ပေါ်လာသော စိုထိုင်းဆ၊  အပူချိန်တွေကြောင့် စပါးပင်မှာ မှို၊ ဗက်တီးရီးယား စတဲ့ရောဂါ တွေဖြစ်လာစေနိုင်သလို ပိုးကျရောက်မှုတွေလည်းရှိနိုင်တဲ့အတွက် စောင့်ကြည့်စစ်ဆေး  ကာကွယ်တာ မျိုးဆောင်ရွက်ဖို့လိုပါတယ်။   ရေကြီးနစ်မြုပ်ဖြစ်ပွားပြီးနောက် ပြန်လည်စိုက်ပျိုးမယ့် သီးနှံတွေမှာဆိုရင် လည်း ပိုးမွှား၊ ရောဂါတွေကျရောက်နိုင်တာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့  ဆောင် ရွက်သင့်ပါတယ်။

လုံးဝပျက်စီးသွားတဲ့စပါးခင်းတွေမှာ စပါးပြန်စိုက်ဖို့ အချိန်မီနိုင်မယ်ဆိုရင်တော့ သက်တမ်းတို စပါးမျိုး များကို ပြန်စိုက်သင့်ပါတယ်။ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ ဧရိယာတွေမှာ ဒေသနဲ့သင့်လျော်ပြီး ဈေးကွက်ရှိတဲ့ အခြားသီးနှံတွေကို အချိန်မီပြန်ပြီးစိုက်သင့်ပါတယ်။ ရေမြုပ်လယ် ယာမြေတွေမှာဆိုရင် ရေထဲကနေတစ်ဆင့် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေပါလာနိုင် ပြီး မြေကြီးထဲမှာ ဓာတုဒြပ်ကြွင်းတွေကျန်ရှိနိုင်တာကြောင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးဖို့လိုသလို ဓာတ်ခွဲအဖြေပေါ်မူတည် ပြီး မြေဆီလွှာကို ပြန်လည်ပြုပြင် ပေးဖို့လည်း လိုအပ်ပါတယ်။

မိုးဆက်တိုက်ရွာချိန်မှာ    ရေဝပ်မြေတွေကို ဓာတ်မြေဩဇာထည့်ခြင်းဟာ ငွေကုန်ကြေးကျမှုရှိတာသာ ဖြစ်ပြီး  သီးနှံအတွက်  အကျိုးမရှိပါဘူး။

ရေထုတ်ဖို့နှင့်ရောဂါကာကွယ်ဖို့ကိုသာ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ယူရီးယား ဓာတ်မြေဩဇာကို   မိုးသည်းထန်စွာရွာနေစဉ်မှာ လုံးဝမသုံးရပါဘူး။ မိုးသည်းထန်နေချိန်မှာ ယူရီးယား ဒြပ်ပေါင်းတွေဟာ မြေဆီလွှာအတွင်းကို စိမ့်ဝင်ဖို့အခွင့်အလမ်းနည်းပြီး မြေကြီးအပေါ်ယံမှာပဲ ရေနဲ့အတူ စီးသွားတာ ဒါမှမဟုတ်   အငွေ့ပြန်သွားတာဖြစ်နိုင်ပါတယ်။ စီးဆင်းသွားတဲ့ ယူရီးယားဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေထဲရောက်သွားပြီး   ရေထုညစ်ညမ်းမှုကိုဖြစ်စေသလို   ရေနေသတ္တဝါတွေ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ပူးပေါင်းဆောင်ရွက်ရေး

ရေကြီးချိန်မှာ   လယ်သမားများအချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့အတွက် ကျေးရွာအဆင့် ရေဘေးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားဖို့လည်းလိုအပ်ပါတယ်။  ဥပမာအနေနဲ့  ရေအသုံးချသူများ အသင်း (Water Users Association-WUA)လိုမျိုး အသင်းအဖွဲ့တွေဖွဲ့ထားပြီး ရေမြောင်းတွေကို အစုအဖွဲ့အလိုက်ပြုပြင်တာ၊ ရွာထဲမှာ ထူးခြားရာသီဥတုသတင်းကို ကြေညာပေးတာ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာမျိုး လုပ်သင့်ပါတယ်။ 

ယခုဖော်ပြခဲ့တဲ့ နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ လက်တွေ့အသုံးချခြင်းဖြင့် မိုးဆက်တိုက်ရွာမှုကြောင့်   သီးနှံများဆုံးရှုံးမှုကို   သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါကြောင်း ကျေးဇူးရှင်တောင်သူလယ် သမားများအကျိုးကိုမျှော်မှန်းပြီး  စိတ်စေတနာထက်သန်စွာဖြင့်    လေးစားစွာတင်ပြလိုက်ရပါတယ်။   ။

MWD Web Portal