အထူးမိုးလေဝသသတင်း ( ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

News Image

weather forecast
weather forecast
weather forecast

ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၅-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တန

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရပ်များအပေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏သက်ရောက်မှုများနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော ရေသတ္တဝါမွေးမြူနည်းစနစ်များ

Posted_Date

Image

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရပ်များအပေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏သက်ရောက်မှုများနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော ရေသတ္တဝါမွေးမြူနည်းစနစ်များ

Body

သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊  ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့်အများပြည်သူတို့၏ နေထိုင်ရာ အိုးအိမ်အဆောက်အအုံ၊    စိုက်ပျိုးမွေးမြူထုတ်လုပ်သောသီးနှံများနှင့် မွေးမြူထားသောငါးများ ထိခိုက်ပျက်စီးဆုံးရှုံးကြရသည့်အပြင် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခြင်း၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရခြင်း၊ အများပြည်သူပိုင်လမ်း/တံတားများပျက်စီးခြင်း၊ လျှပ်စစ်မီးရရှိမှုပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း စသည့်အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးပြီး သဘာဝပတ်ဝန်းကျင်အခြေအနေများပျက်စီးခြင်းတို့ကြောင့်   ငါးရိက္ခာများစဉ်ဆက်မပြတ်တိုးတက်ထုတ်လုပ်ရေးကိုထိခိုက်လျက်ရှိသည်။

သို့ဖြစ်၍ ငါးရိက္ခာအပါအဝင် စားနပ်ရိက္ခာများဖြည့်တင်းနိုင်မှုလျော့နည်းပြတ်တောက်မှုများ  အနည်းဆုံးဖြစ်စေရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရာသီဥတုအခြေအနေအား  အချိန်နှင့်တစ်ပြေးညီထုတ်ပြန်မှုများကို မျက်ခြည်မပြတ်လေ့လာခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအားလိုက်နာဆောင်ရွက်စေရန်   သတိပေးနှိုးဆော်ခြင်း၊ မလွှဲမရှောင်သာကြုံတွေ့လာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမည့်အစီအမံများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ထိခိုက်မှုများအမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အရေးပေါ်ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်  ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းမှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည်ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုများရှိပြီး ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း ထိုသက်ရောက်မှုများမှ လွတ်မြောက်နိုင်ခြင်းမရှိပါ။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် မိုးရွာသွန်းမှု ပုံစံများကိုပြောင်း လဲစေပြီး ခြောက်သွေ့သောဒေသများတွင် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေသည်။ ငါး၊ ပုစွန်မွေးမြူရေးအတွက် ရေသည် အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ရေအရင်းအမြစ်များလျော့နည်းလာခြင်းသည် မွေးမြူရေးလုပ်ငန်းကို ကြီးမားစွာထိခိုက်စေနိုင်သည်။  ရေချိုရှားပါးမှုကြောင့်  ငါး၊ ပုစွန်များ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ရောဂါဖြစ်ပွားမှုများပြားခြင်းနှင့် သေဆုံးမှုနှုန်းမြင့်တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းသည် ကမ်းရိုးတန်းဒေသများရှိ  ငါး၊ ပုစွန်မွေးမြူရေးကန်များကို ရေငန်ဝင်ရောက်မှုများစေပြီး ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်သည်။ ရေငန်ဝင်ရောက်မှုကြောင့် ငါး၊ ပုစွန်များ၏ ကြီးထွားနှုန်းနှင့် ကျန်းမာရေးအပေါ် ဆိုးရွားသောသက်ရောက်မှုများ ရှိနိုင်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များတွင် ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်သည်။ အထူးသဖြင့် ရာသီဥတုပူနွေးလာခြင်းနှင့် ရေအရည်အသွေးပြောင်းလဲခြင်းတို့ကြောင့် ဗက်တီးရီးယားနှင့်ဗိုင်းရပ်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်သည်။ ရောဂါဖြစ်ပွားမှုများသည် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းအတွက် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။  ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကို  ပျက်စီးစေနိုင်သည်။  ဥပမာအားဖြင့်   ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းသည် သန္တာကျောက်တန်းများကို     ပျက်စီးစေပြီး ငါး၊ ပုစွန်များ၏ ကျက်စားရာနေရာများကို ဆုံးရှုံးစေနိုင်သည်။  ထို့ပြင်  ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ အောက်ရှိ ဂေဟစနစ်များပျက်စီးခြင်းသည် ငါးပုစွန်များ၏မျိုးပွားနှုန်းကို လျော့နည်းစေနိုင်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းသည် စီးပွားရေးဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ငါး၊ ပုစွန်ထုတ်လုပ်မှုနှုန်း   လျော့နည်းလာခြင်း၊ ရောဂါဖြစ်ပွားမှုများပြားလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကြီးမားသောစိန်ခေါ်မှုများ  ဖြစ်စေနိုင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ငါးကဏ္ဍနှင့်ပတ်သက်၍ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရာ နှစ်စဉ်သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးနစ်မြုပ်ခြင်းနှင့်    ပူပြင်းခြောက်သွေ့မှု လွန်ကဲခြင်းတို့ကြောင့် ငါးမွေးမြူကန်များနှင့်မွေးမြူထားသောငါးများ ပျက်စီးဆုံးရှုံးမှုမှကြိုတင်ကာကွယ်နိုင်ရန် သတိပေးနှိုးဆော်ချက်များကို     နေ့စဉ်ထုတ်သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းကွန်ရက်များတွင်  ထုတ်ပြန်ကြေညာလျက်ရှိသည်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ်  လာနီညာဖြစ်သောကာလတွင်မြန်မာနိုင်ငံ၌ မိုးအလွန်အကျွံရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပျက်ခဲ့ပြီးသီးနှံများနှင့်မြေယာများပျက်စီးခဲ့သည်။ အများစုမှာ ကမ်းရိုးတန်းဒေသများနှင့်   ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်ကြောင်း၊ မွန်၊ ပဲခူး၊ ရခိုင်နှင့် ဧရာဝတီဒေသများတွင် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ဆန်စပါးများ တန်ချိန် ၁ ဒသမ ၇ သန်း ပျက်စီးခဲ့ကြောင်း World Bank ၏ အစီရင်ခံစာအရ သိရှိရသည်။ သို့ဖြစ်၍ လာနီညာဖြစ်သောနှစ်တွင် မိုးရွာသွန်းမှုများပြီး ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်လေ့ရှိသဖြင့် ငါး/ပုစွန်မွေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် သီးနှံထွက်ကုန်များ    ပျက်စီးလေ့ရှိသဖြင့် ငါးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသော အစာကုန်ကြမ်းများဖြစ်သည့်  ဖွဲနုအား ကြိုတင်စုဆောင်းထားခြင်းများ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများအပေါ်သက်ရောက်နိုင်သည့် ကောင်းကျိုးနှင့် ဆိုးကျိုးများ

ရာသီဥတုများပြောင်းလဲလာပြီးရေအပူချိန်မြင့်မားလာခြင်းကြောင့် ငါးများ၏ ကိုယ်ခန္ဓာ အတွင်း အောက်ဆီဂျင်သယ်ပို့မှုဆိုင်ရာကန့်သတ်ချက်များရှိလာသဖြင့် ငါးများ၏ဇီဝကမ္မဗေဒကို ဆိုးကျိုးထိခိုက်စေသည်။ ထိုကဲ့သို့ ငါးများ၏ ဇီဝကမ္မဗေဒဆိုင်ရာ  ကန့်သတ်ချက်များသည် အထူးသဖြင့် ငါးမွေးမြူရေးလုပ်ငန်းများကို သိသာသော ကန့်သတ်ချက်များဖြစ်စေသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက်ထိခိုက်သက်ရောက်မှုများမှာ ရေချိုရရှိနိုင်မှု ပြောင်းလဲခြင်း၊ အပူချိန်ပြောင်းလဲခြင်း၊   ပင်လယ်ပြင်အမြင့် ပြောင်းလဲခြင်း၊  ရေကြီးနစ်မြုပ်ခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်းကဲ့သို့ ပြင်းထန်သောရာသီဥတု ဘေးအန္တရာယ်များကြိမ်နှုန်းများများ ဖြစ်လာခြင်းတို့ဖြစ်သည်။ သွယ်ဝိုက်သောနည်းဖြင့်ထိခိုက်မှုများမှာ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်သော ငါးစာနှင့်အစာကုန်ကြမ်းများရရှိနိုင်မှုနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်စေသည်။

ဆိုးကျိုးထိခိုက်မှုများမှာ အပူချိန်မြင့်တက်လာမှုကြောင့်အောက်ဆီဂျင်လိုအပ်မှုများလာခြင်း၊  ရေချိုရရှိနိုင်မှုမသေချာခြင်း၊ ပြင်းထန်သော  ရာသီဥတုဘေးအန္တရာယ်များဖြစ်ခြင်း၊  ပင်လယ်ပြင်မျက်နှာပြင် မြင့်တက်လာခြင်း၊ ငါးရောဂါနှင့်အဆိပ်အတောက်ဖြစ်မှုများ  မကြာခဏဖြစ်ပွားခြင်း၊ ငါးဖမ်းလုပ်ငန်းမှ ရရှိသောငါးပေါင်းမုန့် (Fishmeal) များ ရရှိနိုင်မှု မသေချာခြင်းတို့ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် ကောင်းကျိုးသက်ရောက်မှုများမှာ နွေးသောရေပြင်တွင်ကြီးထွားနှုန်းနှင့် အစာ၏အကျိုးထိရောက်မှုများ ပိုမိုကောင်းမွန်ခြင်း၊  မွေးမြူနိုင်သည့် ကာလတိုးမြင့်လာခြင်း၊ ရေခဲပြင်များလျော့လာသဖြင့် ဝင်ရိုးစွန်းတန်းဒေသများ၌ရေပြင်များ ကျယ်ပြန့်လာခြင်းတို့ဖြစ်သည်။ အစာကွင်းဆက်၏ ကနဦးသက်ရှိကောင်များဖြစ်သော အပင်နှင့် သတ္တမျှောလှေးများ ထုတ်လုပ်နိုင်မှုတိုးလာသဖြင့် အစာစစ်ယူစားသုံးသော ကျောရိုးမဲ့ရေသတ္တဝါများ အတွက်အစာများပိုမိုရရှိနိုင်သည်။

ထို့ပြင် ဒေသရင်းမဟုတ်သော ရေနေသတ္တဝါများ   ဝင်ရောက်လာမှုကြောင့် ပြဿနာများဖြစ်လာနိုင်ပြီး အောက်ဆီဂျင်ရရှိနိုင်မှုများကျဆင်းလာခြင်းနှင့် ဘေးဖြစ်နိုင်သောရေညှိရေမှော်များ အလွန်အကျွံ ပေါများလာခြင်းတို့ဖြစ်နိုင်သည်။ သမားရိုးကျမွေးမြူနေသောဧရိယာများ၏ဒေသ အခြေအနေများသည် များစွာသောဒေသရင်း ငါးမျိုးစိတ်များကိုမွေးမြူရန် မသင့်လျော်သောအခြေအနေများဖြစ်လာသည်။ အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည်မွေးမြူသောငါးများ၏  အောက်ဆီဂျင်လိုအပ်မှုများနှင့်အစားအစာလိုအပ်မှုများကဲ့သို့ဇီဝကမ္မဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်စေမည်ဖြစ်သည်။ ငါးမွေးမြူရေးလုပ်ငန်းများ၌ ရေအပူချိန်မြင့်တက်လာမှုကြောင့် အစာဖြည့်တင်းမှုများ ပိုမိုတိုးတက်လိုအပ်လာမည်ဖြစ်သည်။ ရေချိုရရှိနိုင်မှုအပြောင်းအလဲများကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းသည်  စိုက်ပျိုးရေးလုပ်ငန်းများ၊    စက်မှုလုပ်ငန်းများ၊ မြစ်ကြောင်းသွားလာမှုလုပ်ငန်းများနှင့် ယှဉ်ပြိုင်မှုများဖြစ်လာနိုင်ပြီး မိုးရွာသွန်းမှုအစီအစဉ်များလည်း ပြောင်းလဲလာမည်ဖြစ်သည်။ မိုးရွာသွန်းမှု များပြားလာမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့ ပြဿနာများ လည်း ဖြစ်လာနိုင်သည်။  ပင်လယ်ပြင်မျက်နှာပြင်  မြင့်တက်လာခြင်းကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအတွက် သားပေါက်များဖြည့်တင်းပေးရာ နေရာများဖြစ်သည့် ကမ်းရိုးတန်းမြေပြင်ဒေသ များ၊ ဒီရေတောနှင့် ပင်လယ်မြက်ခင်းပြင် ဒေသများသည်   ရေကြီးဖုံးလွှမ်းခြင်းဘေးအန္တရာယ်များ   ဖြစ်လာနိုင်ခြေရှိသည်။

ငါး၊ ပုစွန်မွေးမြူသူများမှ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လိုက်ပါပြောင်းလဲသည့် နည်းဗျူဟာများ အသုံးချခြင်း

ငါး၊ ပုစွန်သားဖောက်ရုံများသည် မုန်တိုင်းတိုက်ခတ်မှုကြိမ်နှုန်းနှင့် ပြင်းထန်မှုများတိုးလာခြင်း ဘေးအန္တရာယ်အား ကြိုတင်ကာကွယ်ရန် ပိုမိုခိုင်မာတောင့်တင်းသောအမိုးများ ပြုလုပ်ထားခြင်း/ အမိုးများအပေါ်၌ သဲအိတ်များထားရှိခြင်း၊ မီးစက်များကို အမြင့်နေရာ၌ထားရှိခြင်း၊ အပူချိန်မတည်ငြိမ်မှုနှင့်မြင့်မားလာခြင်းအား ငါး၊ ပုစွန်ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်းနည်းလမ်းဖြင့်ဖြေရှင်းခြင်း၊ မခန့်မှန်းနိုင်သောရာသီဥတုနှင့်မိုးလေဝသပုံစံများကို မိုးလေဝသနှင့်ရေအရည်အသွေးကို စောင့်ကြည့်လေ့လာခြင်း၊ ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ ရောဂါကျရောက်မှုနှင့်သေဆုံးမှုတိုးလာပါက ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊  အစာကြောင့်ညစ်ညမ်းမှုများလျှော့ချနိုင်ရန် အစာကျွေးခြင်းကို ကောင်းစွာစီမံခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးချခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပင်လယ်လှောင်အိမ်ဖြင့် ငါးမွေးမြူသူများသည် မိုးလေဝသအားစောင့်ကြည့်လေ့လာခြင်း၊ မျိုးငါးများကို   ကုန်းပေါ်ရှိမြေကန်များသို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်များကို ပင်လယ်ပြင်သို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်၏အနက်ကို ပိုနက်အောင်ပြုလုပ်ထားရှိခြင်း၊ ပိုမို၍ ခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များ ပြောင်းလဲမွေးမြူခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲလုပ်ကိုင်ခြင်း၊ ရေချိုဖြင့် ပိုက်လှောင်အိမ်အား မကြာခဏဆေးကြောခြင်း၊ ငါးထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ စောစီးစွာ ငါးများပြန်လည်ကုန်ထုတ်ဖမ်းဆီးခြင်း၊ ပိုမိုခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များအားမွေးမြူခြင်း သို့မဟုတ် ကြီးမြန်သော ငါးမျိုးများမွေးမြူခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးပြုခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။

ရေငန်ပုစွန်မွေးမြူကန်များသည် မိုးလေဝသစောင့်ကြည့်လေ့လာခြင်း၊ သဲအိတ်၊ အမိုးများပြုလုပ်ထားခြင်း၊ မွေးမြူကန်များအား ကန်များ ရေကျော်ဖုံးလွှမ်းထိခိုက်ပျက်စီးခြင်းဘေးမှ ကာကွယ်နိုင်ရန် ပိုက်များနှင့်သဲအိတ်များဖြင့် ကြိုတင်ကာရံထားခြင်း၊ စောစီးစွာကုန်ထုတ်ပြန်လည်ဖမ်းဆီးကုန်ဖော်ခြင်း၊ ဖုံးအုပ်ထားသောကန်များဖြင့်  ပုစွန်သားပေါက်များမွေးမြူခြင်း၊ အဆောက်အအုံအတွင်းရှိ ကန်များသို့ပြောင်းရွှေ့မွေးမြူခြင်း၊ ရေအရည်အသွေးကို အနီးကပ်စောင့်ကြည့်လေ့လာခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲဆောင်ရွက်ခြင်း၊ ဘိုင်အိုဖလော့စနစ်ကိုအသုံးပြုမွေးမြူခြင်း၊ ရေအလွှာစုံအလိုက်နေထိုင်အသက်ရှင်သောရေနေသတ္တဝါများ ပေါင်းစည်းမွေးမြူသည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်ခြင်း၊ သဘာဝနည်းဖြင့် ရောဂါကုသသောနည်းများနှင့် သဘာဝဆေးဝါးများ အသုံးချဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်းမွန်သောမျိုးများအသုံးပြုခြင်းနှင့် ခွင့်ပြုထားသောပဋိဇီဝဆေးဝါးများအသုံးချခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကိုကာကွယ်ရန်  ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲခြင်းဖြင့် ရေချိုရှားပါးမှုကို လျှော့ချနိုင်သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိသော ငါး၊ ပုစွန်မျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်းဖြင့် လုပ်ငန်းကိုပိုမိုတည်ငြိမ်စေနိုင်သည်။ ရောဂါဖြစ်ပွားမှုကိုလျှော့ချရန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များမြှင့်တင်ခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကျင့်သုံးခြင်းနှင့် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ကိုကာကွယ်နိုင်မည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ကြီးမားသောသက်ရောက်မှုများရှိပြီး ထိခိုက်မှုများကိုလျှော့ချရန်အတွက် ထိရောက်သောစီမံခန့်ခွဲမှုနည်းလမ်းများလိုအပ်သည်။

ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်နိုင်ရန်အတွက် နည်းပညာနှင့်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အရေးကြီးသည်။  ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော မွေးမြူနည်းစနစ်များ၏ လိုအပ်ချက်တစ်ရပ်အနေဖြင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော ရေသတ္တဝါမွေးမြူနည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရန် သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီသော မွေးမြူနည်းစနစ်များ၊ စနစ်တကျ ရေသတ္တဝါမွေးမြူခြင်းဖြစ်သော ရေကန်များ၊ တာတမံများနှင့် မွေးမြူရေးကန်များစနစ်တကျဒီဇိုင်းဆွဲခြင်း၊ ရေအရည်အသွေးကိုစောင့်ကြည့်ခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးကိုစောင့်ကြည့်ခြင်း၊ အာဟာရပြည့်ဝသောအစားအစာများဖြည့်စွက်ခြင်းနှင့် အစားအစာဖြန့်ဖြူးမှုကို ထိရောက်စွာစီမံခန့်ခွဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသောမျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်း၊ ရာသီဥတုအခြေအနေအလိုက် မွေးမြူရေးနည်းလမ်းများပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် နည်းပညာများအသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုကိုမြှင့်တင်ခြင်း၊ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေခြင်း၊ စီးပွားရေးအရပိုမိုထိရောက်မှုရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများအပေါ်  သက်ရောက်မှုများကိုလျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။     ။

သဘာဝဘေးများနှင့် လျှပ်စစ်အန္တရာယ်

Posted_Date

Image

သဘာဝဘေးများနှင့် လျှပ်စစ်အန္တရာယ်

Body

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက နိုင်ငံတော်မှတာဝန်ရှိသူများ၊  သက်ဆိုင်ရာဌာနများကယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မိုးလေဝသသတင်းများကို အခါမလပ် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာများမှ ကြိုတင်အသိပေးကြေညာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စာရေးသူအနေဖြင့် မကြာခင်ကဖြစ်ပွားခဲ့သောရာဂိမုန်တိုင်းကဲ့သို့သော ရေကြီးရေလျှံခြင်းမျိုး မကြာသေးမီကဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးကဲ့သို့သောငလျင်ကြီးမျိုး  စသည့်သဘာဝဘေးအန္တရာယ် မျိုးဖြစ်ပွားလာပါက ဖြစ်နိုင်ဖွယ်ရာရှိသော လျှပ်စစ်အန္တရာယ်များကို ဘေးသင့်ဒေသရှိပြည်သူများ သိရှိရှောင်ရှားကာကွယ်နိုင်ကြစေရန် ရေးသားတင်ပြလိုသည်။

ပထမဦးစွာရေကြီးရေလျှံချိန်တွင်ရေဝင်နစ်မြုပ်နေသည့် နေအိမ်အဆောက်အအုံများ၌ဆက်သွယ်တပ်ဆင်အသုံးပြုနေသည့်  လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ၊ ရေနစ်မြုပ်နေသည့် ထရန်စဖော်မာများ၊ ရေနစ်မြုပ်နေသည့်ဓာတ်တိုင်များ၊  ဓာတ်အားလိုင်းများသည် လျှပ်စစ်ဓာတ်အားရှိနေပါက  ဓာတ်လိုက် မှုအန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။ သို့ဖြစ်၍လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ   တာဝန်ရှိသူများက ငလျင်ကြောင့် တိုင်ပြိုလဲမှုရှိသည့်နေရာများ ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်နေရာဒေသများကို  လျှပ်စစ်ဓာတ်အားခေတ္တဖြတ်တောက်(ဓာတ်အားပိတ်)ထားရသည်။ ပြည်သူတို့ အသက်အန္တရာယ်ဖြစ်မည်စိုး၍ ပိတ်ပေးထားရခြင်းသာဖြစ်သည်။

 ထိုသို့ အချိန်နှင့်တစ်ပြေးညီ လျှပ်စစ်ဓာတ်အားပိတ်ထားနိုင်ရန်အတွက်လည်း ရပ်ကွက်အတွင်းရှိ တာဝန်ရှိပြည်သူများက မိမိတို့ရပ်ကွက်၌ ရေကြီးရေလျှံ၍ လမ်းများ၊ အိမ်များ၊ လျှပ်စစ်ပစ္စည်းများ ရေနစ်မြုပ်ပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားကြရန်လိုအပ်လှသည်။

ထို့အတူ မိုးဒဏ်၊ လေဒဏ်၊ ရေတိုးသည့်ဒဏ်များနှင့်ငလျင်ဘေးဒဏ်များကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများ လျော့ကျအိကျနေခြင်း၊ ပြတ်ကျနေသောဓာတ်ကြိုးများ သစ်ပင်သစ်ကိုင်းပေါ်တင်နေခြင်း၊ ရေထဲသို့ကျနေခြင်း စသည့် အကြောင်းများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်လိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာ နိုင်သည်။

ရေပတ်လည်ဝိုင်းရံနေသော၊ ရေဝင်နစ်မြုပ်နေသော ဘုရား၊ တန်ဆောင်း၊ ကျောင်း စသည့် သာသနိကအဆောက်အအုံများ၊ ရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လူနေအိမ်များရှိ လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို ရေစိုနေလျှင် သို့မဟုတ် ရေနစ်မြုပ်နေလျှင်၊  ရေဝင်နေလျှင် ကျန်နေသောအခြားလျှပ်စစ်ဓာတ်အားသုံးပစ္စည်းများကို  လုံးဝမသုံးပါနှင့်၊  လျှပ်စစ်မီးခလုတ်များကို   မဖွင့်ပါနှင့်၊  မီးခလုတ်ကို  ပိတ်ထားပါ၊ ဓာတ်အားမပိတ်ထားမီအချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများ၊  အသုံးပြုနေသော  လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဓာတ်အားရှိနေသည်ဟု မှတ်ယူကြရမည်။

ရေကြီးရေလျှံနေ၍ဖြစ်စေ၊ ငလျင်ကြောင့်မနေရဲ၍ဖြစ်စေ မိမိတို့နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာသို့  ခေတ္တပြောင်းရွှေ့လျှင်လည်း မိမိတို့နေအိမ်ရှိ  လျှပ်စစ်မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်သွားရန်လိုအပ်သည်။ ရေပြန်ကျ၍ မိမိတို့နေအိမ်သို့ပြန်လာစဉ် အိမ်ထဲတွင်ရေမရှိတော့သော်လည်း လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများဖြစ်သည့်  ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မော်တာများ၊ မီးအားမြှင့် စက်များ၊ အင်ဗာတာများ ရေဝင်နေလျှင်၊ ရေစိုနေလျှင်၊ ရေငွေ့များရိုက်ထားလျှင်၊ ရွှံ့ညွန်များ၊ အမှိုက်များပေနေလျှင်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့လျှင် ကိုယ်တိုင်ကိုင်တွယ်ပြုပြင်ခြင်း၊ မီးခလုတ် နှင့်လျှပ်စစ်ခလုတ်များ ဖွင့်ခြင်းမပြုသေးဘဲ လျှပ်စစ်ကျွမ်းကျင်သူကို ခေါ်ယူပြသ၍ လိုအပ်သလို ဆောင်ရွက်ပြီး လျှပ်စစ်အန္တရာယ် ရှိ/မရှိ စစ်ဆေးကာ အန္တရာယ်ကင်းရှင်းမှသာ လျှပ်စစ်ခလုတ်များ ကိုဖွင့်ကြရန်  သတိပေးလိုသည်။ လျှပ်စစ်ဓာတ်အားသုံးလိုဇောဖြင့် မစစ်ဆေးဘဲမဖွင့်မိကြစေရန် အထူးသတိပြုကြစေလိုသည်။

ရေဘေးသင့်ဒေသများ၌  ရေပြန်ကျသွား၍ ရပ်ကွက်ရှိ ပြည်သူများအနေဖြင့်   ညဘက်သွားလာကြရာ၌ လက်နှိပ်ဓာတ်မီးများကို မဖြစ်မနေယူဆောင်သွားသင့်သည်။ ယူဆောင်သွားသောလက်နှိပ် ဓာတ်မီးများဖြင့်  ပြတ်ကျနေသောဓာတ်ကြိုးများ၊ အိကျနေသောဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့်အတူ ပါလာတတ်သော အဆိပ်ရှိသည့်သတ္တဝါများကို  မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ရေကြီးပါကဖြစ်လာနိုင်သော လျှပ်စစ်အန္တရာယ်များလွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့်  သတိထားကြစေလိုသည်။

သဘာဝဘေး‌အန္တရာယ်များကြောင့် နေအိမ်များထိခိုက်မှုများရှိပြီးနောက် မူလအတိုင်း လျှပ်စစ်ကို ပြန်လည်သုံးစွဲနိုင်ခဲ့လျှင်လည်း အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ကြသည်-

(၁)အိမ်တွင် လျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်/ မီးပလပ်နှင့်ဝိုင်ယာကြိုးများကို ကလေးများ မကစားစေရန် သွန်သင်ပေးသင့်သည်။ ဖြစ်နိုင်ပါက ထိုအရာများကို ကလေးများလက်လှမ်းမမီသည့်နေရာတွင် ထားသင့်သည်။

(၂) နေအိမ်ရှိလျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်တည်း ဝန်ပိုသုံးစွဲခြင်းမပြုသင့်ပါ။ ယနေ့အချိန်အခါတွင် လျှပ်စစ်ကိုအလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေအိမ် အများစုသည် ဓာတ်အား ပြန်မပြတ်တောက်ခင်    မလုပ်လိုက်ရမရှိစေရန် ဓာတ်အားရလျှင်ရချင်း လျှပ်စစ်ပစ္စည်းအားလုံးကို တစ်ပြိုင်တည်းအသုံးပြုကြလေ့ရှိသည်မှာ   အလွန်အန္တရာယ်များလှသည်။       

(၃) လျှပ်စစ်ပစ္စည်းများအား  သုံးနေစဉ်ဓာတ်အားပြတ်တောက်သွားပါက ခလုတ်ပိတ်ထားသင့်သည်။ ဖြစ်နိုင်လျှင် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဖြုတ်ထားသင့်သည်။ ပလပ်ဖြုတ်သည့် အခါတွင်လည်း ပလပ်ခေါင်းမှ ကိုင်၍ ဖြုတ်ပါ၊ ကြိုးမှကိုင်၍ ဆွဲမဖြုတ်သင့်ပါ။

(၄) လျှပ်စစ်ပစ္စည်းများအားဆော့ကတ်ပေါက်မှထမ်းဆောင်နိုင်သော ဝန်အားထက်ပို၍ မသုံးစွဲသင့် ပါ။

(၅) လျှပ်စစ်ပစ္စည်းများ၊ မီးပလပ်၊ ခလုတ်၊ဝိုင်ယာကြိုးများ ပေါက်ပြဲ၊ ပျက်စီး၊ ဆွေးမြည့်နေပါက ဆက်မသုံးတော့ဘဲ လဲလှယ်သင့်သည်။

(၆) မီးလုံး၊ မီးချောင်းများ လဲလှယ်ရာတွင် သက်ဆိုင်ရာ မီးခလုတ်အား ပိတ်ပြီးမှ ဆောင်ရွက်သင့်သည် ။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စစ်ပြုပြင်လိုပါက လုံးဝပင်မခလုတ် (Main  Switch)ကိုပိတ်ပြီးမှ ပြုလုပ်ဆောင်ရွက်သင့်သည်။

(၇)ရေစိုနေသောလက်ဖြင့်ခလုတ်ဖွင့်/ပိတ်လုပ်ခြင်း၊ ပလပ်ဖြုတ်/တပ်ခြင်းတို့မပြုလုပ်သင့်ပါ။ ထို့အတူ ရေစိုနေသောနေရာများတွင် လျှပ်စစ်ပစ္စည်းများထားရှိအသုံးပြုခြင်းမပြုလုပ်သင့်ပါ။

(၈) လိုအပ်သည်ဖြစ်စေ/ မလိုအပ်သည်ဖြစ်စေ   မီးချောင်း၊ ပန်ကာ၊ လေအေးပေးစက်များကို ဆက် တိုက်ဖွင့်ထားခြင်းကိုမပြုလုပ်သင့်ပါ၊ မီတာခ ပိုကုန်ကျသည့်အပြင် အပူလွန်ကဲစေနိုင်သဖြင့် မီးလောင်စေတတ်သည်။

(၉) ဟန်းဖုန်းများ၊ ကွန်ပျူတာများ အားသွင်းရာတွင် လိုအပ်ချိန်ထက် ပိုမိုကြာမြင့်စွာ အားမသွင်းထားသင့်ပါ။

(၁၀) လျှပ်စစ်ပစ္စည်းများနှင့် ဝိုင်ယာကြိုးများတွင် လျှပ်စစ်ဓာတ်အား ရှိ၊ မရှိ မသေချာပါက ဓာတ်အားရှိနေသည်ဟု မှတ်ယူပြီး ဂရုစိုက်သင့်သည်။

(၁၁) အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ စနစ်တကျ တပ်ဆင်သုံးစွဲသင့်သည်။

(၁၂) နေအိမ်မှ မိသားစုလိုက် ပြင်ပထွက်သည့်အခါ ပင်မမီးခလုတ်အား ပိတ်သွားသင့်သည်။

(၁၃) မီးကြိုးများကို ပူသည့်အရာများအနီးတွင်မထားသင့်ပါ၊ ယာယီမီးကြိုးသွယ်တန်းလျှင် ကြမ်းပြင်ပေါ်မချထားဘဲ အမြင့်မှနေ၍သာ သွယ်တန်းသင့်သည်။

(၁၄) မတော်တဆ လျှပ်စစ်ပစ္စည်းများ၊ မီးကြိုး  များမီးလောင်ပါက ရေလောင်းခြင်းမပြုလုပ်ရပါ။  ပင်မမီးခလုတ်ကိုသာအမြန်ပိတ်သင့်သည်။

(၁၅) တစ်ဦးဦးဓာတ်လိုက်ခံရပါက  ၎င်းကို ချက်ချင်းသွားမထိသင့်ပါ၊ ပင်မမီးခလုတ်ကိုသာအမြန် ပိတ်သင့်သည်။

ထို့ပြင် သဘာဝဘေးကျရောက်ပြီးနောက်ပိုင်း နေအိမ်တွင်းလျှပ်စစ်လိုင်းများကို ပြုပြင်ဆောင်ရွက်သည့်အခါတွင်လည်း နားလည်တတ်ကျွမ်းသူများဖြင့်သာ ဆောင်ရွက်သင့်သည်။ လျှပ်စစ်တပ်ဆင်ရေး ဆောင်ရွက်သူများအနေဖြင့် သင်တန်းများသေချာစွာတက်ပြီးမှ ဆောင်ရွက်သင့်သလို လိုက်နာရမည့် လျှပ်စစ်သဘောတရားများကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရန်လိုသည်။  သဘာဝဘေး ကျရောက်ပြီးသည့်နောက်  အသစ်ပြန်လည်တည်ဆောက်ရေးများ ဆောင်ရွက်သည့်အခါတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှအစ နေအိမ်များအဆုံး လျှပ်စစ်ပစ္စည်းများအသုံးပြုသည့်အခါ Load အတိုင်းအတာအလျောက် Cable နှင့် Breaker များကို သင့်လျော်သည့်အရွယ်အစားဖြင့်သာ စနစ်တကျတပ်ဆင် အသုံးပြုသင့်ကြပါကြောင်းနှင့် သဘာဝဘေးကျရောက်ပြီးချိန်များတွင် လျှပ်စစ် အန္တရာယ်ကိုအထူးသတိပြုဆောင်ရွက်သင့်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။    ။

Photo - Vector Stock

မိုးရာသီနှင့်ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ

Posted_Date

Image

မိုးရာသီနှင့်ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ

Body

ရာသီတုပ်ကွေးရောဂါက အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် လူထူထပ် တဲ့နေရာတွေကိုသွားလာနေရသူတွေအနေနဲ့ ကိုယ်ခံအားနည်းနေချိန်နဲ့ ကြုံကြိုက်ပါက တုပ်ကွေး ဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကူးစက်ပြီး  ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်ပါက ခံစားရတဲ့ရောဂါလက္ခဏာတွေကိုသက်သာစေဖို့ဖြတ်ကျော်နိုင်တဲ့နည်းလမ်းကောင်းတွေကို မျှဝေပေး လိုပါတယ်။

တုပ်ကွေးက အလွန်သေးငယ်တဲ့ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီးအသက်ရှူလမ်းကြောင်းကနေတစ်ဆင့်လူတစ်ဦးနဲ့တစ်ဦးကူးစက်စေပါတယ်။နှစ်စဉ်ပြောင်းလဲသွားတဲ့မျိုးကွဲကြောင့်နှစ်စဉ်ကာကွယ် ဆေးထိုးဖို့လိုအပ်ပါတယ်။

တုပ်ကွေးရောဂါက ရောဂါပိုးရှိတဲ့လူနာ ချောင်း ဆိုးခြင်း၊ နှာချေခြင်းကြောင့် လေထဲမှာ ရောဂါပိုးတွေ ပျံ့နှံ့ပြီးအသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ၁-၂ ရက်အကြာမှာ လူအများစု က နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နွမ်းနယ်ခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊   ကိုက်ခဲခြင်း၊ ခေါင်းကိုက်ပြီးလည်ချောင်းနာခြင်းစတဲ့ရောဂါလက္ခဏာတွေခံစားရတတ်ပြီး  ၂-၇  ရက်အတွင်း ပျောက်ကင်းသွားတတ်ပါတယ်။ရောဂါလက္ခဏာ ပြင်းထန်ပါက  အဆုတ်ရောင်ခြင်း၊  အဆုတ်ပျက်စီး ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတို့ ဖြစ်တတ်ပါတယ်။

တုပ်ကွေးမဖြစ်အောင် Omega-3 မှီဝဲသင့်ပါတယ်။နေ့စဉ်ငါးစားသုံးမှုမရှိရင်Omega-3ကိုနေ့စဉ် ဖြည့်စွက်စားသုံးပေးပါကခန္ဓာကိုယ်ခုခံစွမ်းအားကို မြင့်မားစေလို့ ရာသီတုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Omega-3 က ရာသီတုပ်ကွေးဖြစ်စေတဲ့ ပိုးမွှားတွေကိုစားပေးတဲ့  ကလာပ်စည်း တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားကိုမြှင့်တင်ပေးတယ်လို့ဗြိတိန်အာဟာရနှင့်ဆေးပညာ သိပ္ပံတက္ကသိုလ်က လေ့လာ တွေ့ရှိထားပါတယ်။ တခြားလေ့လာမှုတွေအရOmega-3 က အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ဝင်ရောက်လာမယ့် ရာသီတုပ်ကွေးဖြစ်စေတဲ့ပိုးမွှားတွေအဆုတ်ထဲမရောက်အောင်ကာကွယ်ပေးပါတယ်။

ဇင့်ဓာတ်ကို ဖျားနာနေချိန်မှာ သောက်သုံးသင့်ပါတယ်။ Yale တက္ကသိုလ်  ရောဂါကာကွယ်ရေး စင်တာကပြုလုပ်တဲ့ လေ့လာမှုအရ ရာသီတုပ်ကွေး ရောဂါကြောင့်ဖျားနာတာခံစားနေရတယ်ဆိုရင်ဇင့် ၃၀ ကီလိုဂရမ်သောက်သုံးတာက အဖျားတာရှည် မဖြစ်အောင်တားမြစ်နိုင်ပါတယ်။နှာခေါင်းနဲ့  လည်ချောင်း ထဲမှာ  ဗိုင်းရပ်စ်ပိုးတွေ ပွားများမှုမဖြစ်အောင် တားဆီးပေးလို့ရာသီတုပ်ကွေးရောဂါသက်သာ ပျောက်ကင်းမှုမြန်ဆန်စေပါတယ်။  ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ချို့တဲ့ပါက ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥထုတ်လုပ်မှုလျော့နည်းစေလို့ရောဂါပိုးကူးစက်နိုင်ခြေများပါတယ်။ လိုအပ်တာထက်ပိုပြီး သောက်သုံးမိပါက ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ် စုပ်ယူမှုကို တားမြစ်ပါတယ်။

ဗီတာမင်-C နေ့စဉ်သောက်သင့်ပါတယ်။ ဗီတာ မင်-C  ကြွယ်ဝတဲ့အစားအစာတွေ  စားသုံးပေးပါက ခန္ဓာကိုယ်ခုခံစွမ်းအားမြင့်မားပြီး ပိုးမွှားတွေဝင်ရောက်ကူးစက်မှုမရှိအောင်  တားမြစ်ပေးပါတယ်။

ငရုတ်ပွ၊ အချဉ်ဓာတ်ရှိတဲ့သစ်သီး စတာတွေကနေ ဗီတာမင်-C ကိုရရှိနိုင်ပါတယ်။ လေ့လာမှုပေါင်း ၃၀ ကျော်အရ ဗီတာမင်-C က အအေးမိတုပ်ကွေးမဖြစ် အောင်  ကာကွယ်နိုင်တယ်ဆိုတဲ့   ထူးခြားချက်မျိုးတော့ မတွေ့ရှိရပါဘူး။  ဗီတာမင်-C  သောက်သုံးမှု များပြားပါက ကျောက်ကပ်ကျောက်တည်တာ၊ ဝမ်းဗိုက်မအီမသာဖြစ်တာ၊ ကလေးငယ်တွေမှာ ခန္ဓာကိုယ်တွင်းသွေးယိုစိမ့်တာတွေ  ဖြစ်စေနိုင်ပါတယ်။

ဗီတာမင်-C ကြွယ်ဝတာက သံပရာသီး၊ လိမ္မော်သီး၊ ဆီးသီး၊ ကျွဲကောသီး၊ ဆီးဖြူသီး၊ ငှက်ပျောသီး စတာတွေဖြစ်ပါတယ်။

ဗီတာမင်-D သောက်သုံးသင့်ပါတယ်။ ဟားဗက်တက္ကသိုလ်ရဲ့လေ့လာမှုအရ ဗီတာမင်-D က ခုခံစွမ်း အားကိုမြင့်မားစေပြီး ရာသီတုပ်ကွေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။  ခန္ဓာကိုယ် မှာ  ဗီတာမင်-D  ချို့တဲ့ပါက ဗီတာမင်-D ပြည့်ဝနေသူတွေထက်   အဆုတ်နဲ့အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်နိုင်ခြေပိုများပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်-D ပမာဏလုံလောက်နေပါက ဗိုင်းရပ်စ်ပိုး တွေကို သေစေတဲ့  ပရိုတင်းတွေထုတ်လုပ်မှုကိုများပြားစေပါ တယ်။

ပန်းနာ၊  ရင်ကျပ်ရှိသူတွေမှာ  ဗီတာမင်-D  ချို့တဲ့ပါကလုံလောက်သူတွေထက်ခြောက်ကြိမ်ခန့် ဖျားနာနိုင်ခြေပိုများပါတယ်။ နံနက်ခင်းနေရောင်ခြည်နဲ့ထိတွေ့တာ၊ ဗီတာမင်-D ဖြည့်စွက်ထားတဲ့အစား အစာတွေ စားသုံးတာ၊  ငါးစားသုံးတာတွေကနေ  ဗီတာမင်-Dကို ရယူနိုင်ပါတယ်။ ဖြည့်စွက်သောက် သုံးမယ်ဆိုရင် တစ်ရက်ကို ဗီတာမင်-D  ၁၀၀၀ အိုင်ယူ သောက်သုံးသင့်ပါတယ်။

ရာသီတုပ်ကွေးဖြစ်နေချိန်မှာ    ဂျင်ဆင်းသောက်တာကြောင့် ရာသီတုပ်ကွေးဖြစ်ပြီး ပျောက်ကင်းချိန် မှာကျန်ခဲ့တဲ့ချောင်းဆိုးတာကိုသက်သာစေတယ် လို့ အမေရိကန်ကင်ဆာနှင့် ပိုးမွှားကူးစက်မှု စင်တာရဲ့လေ့လာမှုအရ  သိရပါတယ်။ ဂျင်ဆင်းသောက်သုံးတာက  ရာသီတုပ်ကွေးရဲ့ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ပိုးမွှားတွေကိုတိုက်ထုတ်ပေးမယ့် သွေးဖြူဥ တွေနဲ့ ခုခံအားကောင်းမွန်စေတဲ့ ပရိုတင်းတစ်မျိုးရဲ့ထုတ်လုပ်မှုကို အားပေးတာကြောင့် ဖြစ်ပါတယ်။

တုပ်ကွေးဖြစ်တဲ့အခါ   ပါရာစီတမောသောက်သုံး နိုင်ပါတယ်။ ရာသီတုပ်ကွေးဖြစ်တဲ့အခါ တချို့တွေမှာ ကိုယ်အပူချိန် ၁၀၂.F နဲ့အထက် တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာ၊ ကိုယ်လက်‌ညောင်းကိုက်တာတွေ   ခံစားရနိုင်ပါတယ်။   ရေဓာတ်ခန်းခြောက်မှုမရှိအောင်ထိန်းသိမ်းပြီး  ရောဂါဆိုးရွားတဲ့ အခြေအနေမရောက်အောင်   ကာကွယ်နိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့  ပါရာစီတမော သောက်သုံးနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အက်စပရင် (Aspirin)၊ ပါရာစီတမော (Paracetamol)၊  အိုင်ဗျူပရိုဖင်  (Ibuprofen) စတာတွေက တုပ်ကွေးကြောင့် နာကျင်ကိုက်ခဲနေတာတွေကို သက်သာစေပါတယ်။ အက် စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့က ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး  အက်စပရင်နဲ့ ပါရာစီတမောက  ဖျားနာတာကို သက်သာစေပါတယ်။ ဒါပေမဲ့ ရေရှည် စွဲပြီးသောက်သုံးဖို့မသင့်ပါဘူး။

အအေးမိပြီး တုပ်ကွေးဖြစ်နေရင် ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပေးသင့်ပါတယ်။ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ သံပရာနံ့ထည့်ထားတဲ့ရေ စတာတွေ သောက်သုံးသင့်တယ်။ ကဖင်းဓာတ်ပါတဲ့ အရည်တွေက  ဆီးရွှင်စေတာကြောင့်  ရေဓာတ်ခန်းခြောက်မှုဖြစ်စေလို့ မသောက်သုံးသင့်ပါဘူး။

စွပ်ပြုတ်သောက်နိုင်ပါတယ်။ ရာသီတုပ်ကွေးဖြစ်ပါကစွပ်ပြုတ်သောက်သုံးတာက အသင့်တော်ဆုံး ပါပဲ။ ကြက်သားစွပ်ပြုတ်သောက်သုံးတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးမွှားကူးစက်မှုကြောင့်ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတယ်လို့ ဆေးပညာဂျာနယ် တစ်စောင် မှာ ရေးသားဖော်ပြထားပါတယ်။

ငုံဆေးပြားငုံသင့်ပါတယ်။ လိုအပ်ရင် Amoxicillin 500  Mg  နဲ့ စထရပ်ဆဲလ် (Strepsil)ကိုတစ်နေ့ နှစ်ကြိမ် ၅-၇ ရက်သောက်သင့်ပါတယ်။  ဇင့်ဓာတ် ပါတဲ့ငုံဆေးပြားတွေကရာသီတုပ်ကွေးဖြစ်ရင် ခံစားရတဲ့   လတ်တလောရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

အိပ်စက်အနားယူသင့်ပါတယ်။  ရာသီတုပ်ကွေး ဖြစ်နေပါက အလုပ်သွားတာ၊ ကျောင်းသွားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အိမ်မှာပဲ အိပ်စက်အနားယူ တာကရောဂါလက္ခဏာတွေကိုသက်သာစေပြီး အမြန်ဆုံးနေပြန်ကောင်းစေပါတယ်။

လေထုစွတ်စိုမှုရှိသင့်ပါတယ်။ အခန်းတွင်း လေထုစွတ်စိုမှုရှိတာက နှာခေါင်းပိတ်တာ၊ လည်ချောင်းနာတာတွေကို  သက်သာစေပါတယ်။   အခန်းတွင်းမှာ ပစ္စည်းတွေ၊ ပိုးမွှားတွေကင်းရှင်းပြီး သန့်ရှင်းသပ်ရပ် မှုရှိအောင်ပြုလုပ်သင့်ပါတယ်။ရေငွေ့ရှူခြင်းကချောင်းဆိုးခြင်း၊ နှာစေး၊ နှာခြောက်ခြင်းကို သက်သာ စေပါတယ်။ စီထရင်းနဲ့ ချောင်းဆိုးပျောက်ဆေးရည် သောက်နိုင်ပါတယ်။           ။

MWD Web Portal

Photo - iStock