တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းအငူပြည်နယ်၌ ရေကြီးမှုဖြစ်ပွား သေဆုံးသူ ၈၆ ဦးအထိမြင့်တက်

News Image

တောင်အာဖရိကနိုင်ငံ အရှေ့ပိုင်းအငူပြည်နယ်၌ ရေကြီးမှုဖြစ်ပွား သေဆုံးသူ ၈၆ ဦးအထိမြင့်တက်

ကိပ်တောင်း၊ သဘာဝဘေး

တောင်အာဖရိကနိုင်ငံရှိ အရှေ့ပိုင်းအငူ ပြည်နယ်၌ ရေကြီးမှုများဖြစ်ပွားရာ သေဆုံးသူ ၈၆ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် လ ၁၄ ရက်တွင်အတည်ပြုထားသည်။ 
အဆိုပါရေကြီးမှုသည်ပြီးခဲ့သည့်သီတင်းပတ်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ထိုကဲ့သို့ရေကြီးမှုကြောင့် နေအိမ်များ၊ အစိုးရ ရုံးအဆောက်အအုံများ၊ လမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများပျက်စီးရပြီး လူထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရကြောင်း ပြည်ထဲရေးဝန်ကြီး ဆန်ဇိုမက်ချူနူကပြောသည်။

အစ္စရေး-အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများနှင့် မျှော်မှန်းထားနိုင်တဲ့ အဆိုးဆုံးသော အခြေအနေများ

Posted_Date

Image

အစ္စရေး-အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများနှင့် မျှော်မှန်းထားနိုင်တဲ့ အဆိုးဆုံးသော အခြေအနေများ

Body

ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းမှစလို့ အစ္စရေး နဲ့အီရန်နိုင်ငံတို့ကြား အပြန်အလှန်တိုက် ခိုက်မှုများဖြစ်ပေါ်နေတာကို အားလုံးသိပြီး ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အစ္စရေးဘက်က တိုက်ခိုက်မှုများကြောင့် အီရန်ဘက်ကအထိနာခဲ့ရ ပေမယ့် ဇွန်လ ၁၃ ရက်ညပိုင်းနဲ့ဇွန်လ ၁၄ ရက်မှာ တော့ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများကို ထိရောက်မှုရှိစွာလုပ်ဆောင်ထားနိုင်တာ တွေ့ရှိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ကမ္ဘာ့နိုင်ငံရေးကို ကြိုးကိုင်နေသူများနဲ့ အကျိုးစီးပွားတူညီသူများအတွက်တော့ ရေရှည်မှာ အမြတ်ထွက်ကောင်း ထွက်နိုင်ပေမယ့် လက်တလောမှာတော့ သေကျေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အနိဋ္ဌာရုံတွေကိုမြင်တွေ့နေရ ပါတယ်။ ဒါကြောင့် အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွား တဲ့စစ်ပွဲကနေ ဘယ်လိုမျိုးအဆိုးဆုံး အခြေအနေများ ကိုမျှော်မှန်းထားနိုင်မလဲဆိုတဲ့ အချက်များကို ယနေ့ ဖော်ပြပေးချင်ပါတယ်။   ဒါတွေကို မဖော်ပြသေးမီ သူတို့နှစ်နိုင်ငံကြား တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရရှိထားတဲ့ သတင်းများကို အကျဉ်းချုပ်ပြီး ဦးစွာတင်ပြသွား ပါမယ်။

အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှု လုပ်ဆောင်အပြီး ဇွန်လ ၁၃ ရက်ညပိုင်းမှာ အီရန်က အစ္စရေးရဲ့ မြို့တော်ဖြစ်တဲ့ အဲအဗစ်မြို့လယ်ကို ဒုံးကျည်အစင်း ပေါင်း ၁၀၀ နီးပါးနဲ့ ပစ်ခတ်လိုက်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ လူ ၄၁ ဦးဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တယ်လို့   အစ္စရေးတပ်မတော်နဲ့ အမျိုးသား အရေးပေါ်ဌာနက  ထုတ်ပြန်ထား ပါတယ်။

အီရန်ဘက်က ဒုံးကျည်တွေ ပစ်ခတ်လိုက်ပြီဆိုတာကို သိတာနဲ့တစ်ပြိုင်နက် အစ္စရေးနိုင်ငံအတွင်း အချက်ပေး ခေါင်းလောင်းသံတွေမြည်လာပြီးနောက် ပြည်သူများက ဗုံးဒဏ်ခံနေရာများသို့ သွားရောက် ပုန်းခိုကြပါတယ်။ အီရန်ရဲ့ဒုံးကျည်တော်တော်များများကိုတော့ အစ္စရေးဘက်ကကြားဖြတ် ပစ်ချလိုက်နိုင်ပေမယ့် ပျက်စီးသွားတဲ့ ဒုံးကျည်များရဲ့အစများ ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားကြတာ ဖြစ်တယ်လို့ အစ္စရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အစ္စရေးရဲ့ကနဦး တိုက်ခိုက်မှုအတွင်းမှာတော့ တီဟီရန်မြို့ရှိ ၁၄ ထပ်အိမ်ရာတစ်ခုကို ဒုံးကျည်ထိ မှန်သွားတဲ့အတွက် ကလေးငယ်အယောက် ၂၀ အပါအဝင် အနည်းဆုံးလူ ၆၀ ခန့်သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနတစ်ခုက  ဇွန်လ  ၁၄ ရက်မှာထုတ်ပြန်ထားပါတယ်။ သေဆုံးကလေးငယ်များထဲမှာ အသက် ၉ လအောက်ရှိ‌ မွေးကင်းစကလေးငယ်များပင် ပါဝင်တယ်လို့ဆိုပါတယ်။

ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းမှာ လုပ်ဆောင်တဲ့ အီရန်ရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုမှာတော့ အစ္စရေးဘက်က ပြည်သူသုံးဦးသေဆုံးပြီး ၁၇၂ ဦးဒဏ်ရာရရှိ ထားတယ်လို့ အစ္စရေးနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် အီရန်ဘက်က အစ္စရေးကို ဒုံးကျည်များနဲ့ ဆက်တိုက်ပစ်ခတ်မှုကို ငါးကြိမ်အထိလုပ်ဆောင်ပြီး တစ်ကြိမ်ပစ်ခတ်ရင် ဒုံးကျည်အစင်း ရေ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အီရန်က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်မှုထဲမှာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်နှစ်စင်းကို ပစ်ချလိုက်နိုင်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပေမယ့် အစ္စရေးက တော့ငြင်းဆိုထားပါတယ်။

ဇွန်လ  ၁၄ ရက်မှာ   အစ္စရေးက အီရန်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်မှုတွေလုပ်တဲ့ အနေနဲ့ အီရန်ရဲ့ဒုံးပစ်လောင်ချာ အများအပြားကို ပစ်ခတ်မှုတွေ လုပ်ထားကြောင်း၊ အဲဒီဒုံးပစ် လောင်ချာတွေထဲမှာ မြေပြင်မှမြေပြင်ပစ်၊ မြေပြင်မှဝေဟင်ပစ် ဒုံးပစ်လောင်ချာတွေ ပါဝင်တယ်လို့ အစ္စရေး တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အီရန်အနေနဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင်အီရန်နိုင်ငံကိုမီးလောင်တိုက်သွင်းပစ်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။ အီရန်ကလည်း အစ္စရေးနိုင်ငံကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့  အီရန်နိုင်ငံရဲ့ ဦးသျှောင် အယာတိုလာအလီခါမေနီက ကတိပြုထားပါတယ်။

အစ္စရေးဘက်က ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ အမေရိကန်နဲ့ဗြိတိန်တို့လို မျိုးနိုင်ငံတွေက ပါဝင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိတဲ့ အပေါ် အီရန်ဘက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီသတိပေးချက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့အနေနဲ့ အစ္စရေးဘက်ကနေ ပါဝင်ကူညီပေးမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ သတိပေးထားတာပါ။ ဒီကိစ္စမှာ အီရန်ဘက်ကပစ် ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးဘက်ကနေ ကူညီပြီးကြားဖြတ်ပစ်ချမှု လုပ်ဆောင်ရာမှာ အမေရိကန်က ကူညီမှုတွေပေးနေတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင်နိုင်ငံတော်တော်များများက သူတို့နှစ်နိုင်ငံကို တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် သည်းခံစိတ်မွေးကြဖို့ဖျောင်းဖျ ပြောဆိုနေတာတွေရှိပါတယ်။

ဒါပေမဲ့လည်း သူတို့ နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကို နားထောင်မယ်လို့ ထင်ပါသလား။ တကယ်လို့များသူတို့အနေနဲ့ နားမထောင်ဘဲ စစ်ဆက်ဖြစ်မယ့် လမ်းကြောင်းကိုသာ ရွေးချယ်မယ်ဆိုရင်၊ ပဋိပက္ခကလည်း သူတို့နှစ်နိုင်ငံအပြင် တခြားနိုင်ငံတွေဆီကိုပါ ကူးစက်လာမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အခြေအနေတွေထဲမှာတော့ ကောင်းတာမပါနိုင်ပါဘူး။ ဆိုးဝါးလှတဲ့အခြေ အနေတွေပဲဖြစ်လာနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မျှော်မှန်းထားနိုင်တဲ့  အဆိုးဆုံးသော အခြေအနေတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အစ္စရေးက အီရန်ကိုတိုက်ခိုက်မှုမှာ အမေရိကန်ဘက်က ပါဝင်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပေမယ့် အမေရိကန်တပ်ဖွဲ့တွေက အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အထူးတလည် ပြောနေစရာမလိုဘဲ ပါဝင်ကူညီပေးနေတယ်လို့ အီရန်ဘက်က ယုံကြည်ထားပါတယ်။ အမေရိကန်ဘက်က ဒီထက်ပိုပြီးကူညီမှုတွေပေးလာ မယ်ဆိုရင်တော့ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် အထူးတပ်ဖွဲ့စခန်းများ၊ ပင်လယ်ကွေ့ဒေသရှိ စစ်စခန်းများနဲ့  ဒေသတွင်းရှိ အမေရိကန်သံရုံးများကဲ့သို့ အမေရိကန်ရဲ့ပစ်မှတ်များကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။

ဒီလိုမျိုးအခြေအနေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘက်က ကြိုတင်တွက်ဆထားပုံပါပဲ။ ဒါကြောင့်လည်းဒေသတွင်းမှာရှိတဲ့ သံရုံးများမှဝန်ထမ်းတော်တော်များများကို အမေရိကန်အစိုးရကပြန်ခေါ်ထားတာပါ။ ဒါ့အပြင် ဒီလိုမျိုးတိုက်ခိုက်လာမယ်ဆိုရင် အီရန်အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်တိုက်ခိုက်မှု နောက်ဆက်တွဲဆိုးကျိုးကို ခံစားရလိမ့်မယ်ဆိုပြီး အမေရိကန်ဘက်က သတိပေးထားပါတယ်။

အစ္စရေးနဲ့အီရန်စစ်ဖြစ်တဲ့ အခြေအနေမှာ အမေရိကန်ဆီမှာသာဗုံးကြဲလေယာဉ်များနဲ့ ဘန်ကာဖျက်ဗုံးများကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အစ္စရေးကအဲဒီစစ်ရေးစွမ်းရည်များကို လိုချင်နေတာပါ။ ဒါမှသာ အီရန်ရဲ့မြေအောက် နျူကလီးယားစက်ရုံတွေကို ပစ်ခတ်ဖျက်ဆီးနိုင်မယ်လို့ အစ္စရေးဘက်က ယူဆထားပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ထာဝရစစ်ပွဲဖြစ်ပွားမှုကို ဘယ်တော့မှစတင်မှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ သို့သော်လည်း အခုအခြေအနေက အမေရိကန်ဘက်က ဒီလိုစစ်ပွဲဖြစ်ပွားတာကို စတင်လာမှာမဟုတ်သော်လည်း စတင်ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကိုတော့ ဝင်ကောင်းဝင်သွားနိုင်ပါတယ်။  ဒါကြောင့် တကယ်လို့သာ   ဒီစစ်ပွဲမှာအမေရိကန်က ပါဝင်လာမယ်ဆိုရင်  သံသရာမဆုံးနိုင်တဲ့ တင်းမာမှုကြီးဖြစ်လာမှာတော့ အသေအချာပါပဲ။

ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် လက်ရှိမှာကိုပဲ ကမ္ဘာ့ရေနံဈေးနှုန်းကမြင့်တက်နေပါပြီ။ အီရန်က ဟော်မုရေလက်ကြား ကိုပိတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ကုန်စည်စီးဆင်းမှုကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားနိုင်ပါတယ်။ ပင်လယ်နီအတွင်းမှာဆိုရင်လည်း ဟူသီနဲ့ယီမင်တို့က အမေရိကန်လိုမျိုး နိုင်ငံတွေရဲ့ ကုန်စည်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနိုင်ပါတယ်။

နောက်တစ်ခုက လက်ရှိအခြေအနေမှာကိုပဲ ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုတာက အကျဘက်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒီအချိန်မှာ ရေနံဈေးနှုန်း မြင့်တက်မှုက ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီးမတည်ငြိမ်မှုများကိုသာ ပိုမိုပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်ပွားနေတဲ့စစ်ပွဲကို နှစ်ဦးနှစ်ဖက်ကြားမှာအပြန် အလှန်ညှိနှိုင်းခြင်းအားဖြင့် ပြီးဆုံးသွားပါစေလို့ ဆန္ဒပြုရုံမှတစ်ပါး အခြားမရှိတော့ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။       ။

MWD Web Portal

ဓာတုခြင်ဆေးများ၏ အန္တရာယ် သိမှတ်ဆင်ခြင်ဖွယ်

Posted_Date

Image

ဓာတုခြင်ဆေးများ၏ အန္တရာယ် သိမှတ်ဆင်ခြင်ဖွယ်

Body

လူအများနေထိုင်ရာ ပတ်ဝန်းကျင်တွင်   ခြင်မပေါက်ပွားစေရန် ခြင်ပေါက်ပွားနိုင်သည့် ရေမြောင်းများကို   ရေစီးရေလာကောင်းမွန်အောင်   ပြုပြင်ခြင်း၊ ရေမြောင်းများအား စနစ်တကျ ဖုံးအုပ်ထားခြင်း၊ တစ်ပတ်တစ်ခါ ဆေးဖျန်းပေးခြင်း၊   အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်းနှင့်  ဖုံး၊ သွန်၊ လဲ၊ စစ်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့်  ခြင်အန္တရာယ် ကာကွယ်နိုင်ပါသည်။ ထိုသို့ ကာကွယ်သည့်ကြားမှ ခြင်များပေါက်ပွားလေ့ရှိသည့် မိုးရာသီတွင်   ခြင်ကြောင့်ဖြစ်တတ်သော    ရောဂါများကို ကြောက်ရွံ့သဖြင့်  လူတော်တော်များများသည် ခြင်ဆေးခွေအမျိုးမျိုးကို   အသုံးပြုကြပါသည်။   ထိုခြင်ဆေးခွေများတွင် ခြင်ကို နှိမ်နင်းနိုင်မည့် အတိုင်းအဆလောက်သာ ဓာတုပစ္စည်းများကို  ထည့်သွင်းထုတ်လုပ်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သတ်မှတ်ထားသော်လည်း    စီးပွားဖြစ်ထုတ်လုပ် ရောင်းချသူများက ခြင်ကိုသေစေနိုင်ရုံသာမက လူတို့၏ကျန်းမာရေးကိုပါ  ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများကို ပိုမိုထည့်သွင်းကြသဖြင့် ပိုးသတ်ဆေးဥပဒေ(Pesticide Law)အရ တားမြစ်ပိတ်ပင်ထားပါသည်။

ခြင်ဆေးခွေတွင်ပါလေ့ရှိသော Active Ingredient များခြင်ဆေးခွေများတွင် တွေ့ရှိရသည့် Active Ingredients  များမှာ ဂန္ဓမာပင်တစ်မျိုးမှ သဘာဝအမှုန့် (Pyrethrum) ဖြစ်သည်။ ထိုသဘာဝအမှုန့်အတွင်းရှိ   ပိုးသတ်ဆေးများထုတ်ယူသည့် ဓာတုပစ္စည်းများဖြစ်သည်။ ခြင်ဆေးမီးလောင်နေစဉ်အတွင်း Pyrethroid ဓာတ်တိုးခြင်းမှကာကွယ်ရန်    အသုံးပြုနိုင်သော စိတ်ကြိုက်ထည့်နိုင်သည့်    ပေါင်းထည့်ပစ္စည်း၏ ထိရောက်မှုကို မြှင့်တင်ရန် ရွေးချယ်နိုင်သောဖြည့်စွက်ဆေးတို့ကို တွေ့ရှိရပါသည်။

ခြင်ဆေးခွေတွင် အများဆုံးသုံးသောဓာတုပစ္စည်းအကြောင်း

 ခြင်ဆေးခွေတွင် ခြင်ပြေးစေရန်သုံးသော ဓာတုပစ္စည်းတစ်မျိုးမှာ   Pyrethrin   ဖြစ်ပြီး   ယင်းကို    Pyrethrum Flower မှထုတ်လုပ်ပါသည်။ သို့သော် ယခုအခါတွင် Synthetic  ဓာတုဓာတ်ပေါင်းဖြစ်သော အယ်လ်ကာလီ ဓာတ်ပေါင်း (Pyrethrin Base) များဖြစ်သည့်  Allethrin ၊ Tetramethrin ၊ Permethrin၊ Cyphenothrin ၊ Cypermethrin ၊ Cyfluthrin  တို့ကို  WHO ၏ သတ်မှတ်ချက်အတိုင်း ထည့်သွင်းအသုံးပြုကြပါသည်။   ခြင်ပေါများသော  မြန်မာနိုင်ငံ၌ ခြင်ဆေးခွေတံဆိပ်အမျိုးမျိုးကို စျေးကွက်တွင် ကျယ်ပြန့်စွာ တွေ့ရှိရပါသည်။  ထိုခြင်ဆေးခွေများတွင် ခြင်ပြေးစေရန်အသုံးပြုသော ဓာတုပစ္စည်းမှာ Active Ingredients အနေဖြင့်   D-allethrin  ကို ၀.၁ ရာခိုင်နှုန်းမှ ၀.၃  ရာခိုင်နှုန်းအထိ  အသုံးပြုကြပါသည်။

တခြားဓာတုပစ္စည်းအနေဖြင့် မီးလောင်လွယ်စေရန် အများအားဖြင့် Potassium Nitrate ကို အသုံးပြုပြီး တခြားပါဝင်သော ပစ္စည်းများမှာ မီးလောင်စေရန် လောင်စာအဖြစ် လွှစာမှုန့်၊ ကော်အဖြစ် ပီလောပီနံမှုန့် စသည်တို့ကို အသုံးပြုကြပါသည်။

ခြင်ဆေးငွေ့တွင်ပါဝင်သောအဆိပ်ငွေ့များခြင်ဆေးခွေကို မီးရှို့သောအခါတွင် ခြင်ပြေးစေရန် ထည့်ထားသည့်  Active Ingredients  များမှ ထွက်လာသော အငွေ့များသည် လေထဲတွင်ပျံ့လွင့်ပြီး ရှူမိသူများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသာမက ကင်ဆာရောဂါများအထိ ဖြစ်ပွား စေနိုင်သည်။   နိုင်ငံတကာမှ  သုတေသနပညာရှင်များ၏ စမ်းသပ်ချက်များအရ ခြင်ဆေးခွေတစ်ခွေကို မီးရှို့ပါက ခြင်ဆေးအငွေ့ထဲ၌ Volatile Organic ဒြပ်ပေါင်း ၇၀ ကျော်ပါဝင်ပြီး ယင်းတို့ထဲတွင် အလွန် သေးငယ်သည့်    အမှုန်လေးများ၊    သတ္တုလေးများ စသည်တို့ထွက်ပေါ်လာပြီး လေထဲတွင်ပျံ့နှံ့နေပါက လေထုတွင်ရှိရမည့် စံချိန်စံညွှန်းများနှင့် မကိုက်ညီတော့ဘဲ  လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ လေထုထဲတွင် ခြင်ဆေးခွေတစ်ခွေ၏ အငွေ့များသည် ဆေးလိပ် ၅၅ လိပ်မှ ၁၃၇ လိပ်ကို မီးရှို့သည်နှင့်ညီမျှပြီး   ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ကြောင့်ဖြစ်သည့်ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း  သိရှိရပါသည်။  ထိုအချက်များအပြင်  ခြင်ဆေးခွေအသုံးပြုမှုကြောင့်  မတော်တဆ မီးလောင်မှုဖြစ်ပွားသည့်   မီးဘေးအန္တရာယ်များလည်း ရှိနိုင်ပါသေးသည်။ 

ခြင်ဆေးခွေသုံး ဓာတုပစ္စည်းများနှင့် GHS စနစ်ဖြင့်အန္တရာယ်ခွဲခြားခြင်း

ခြင်ဆေးခွေတချို့တွင်  WHO မှသုံးစွဲခွင့်မပြုသည့်အစွမ်းထက် ဓာတုပစ္စည်း S-2(Octachlorodipropyl Ether) ကိုထည့်သွင်းအသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို S-2 ပါဝင်ပါက ခြင်ဆေးအငွေ့တွင်  Bis Chloro Methyl Ether (BCME)  ဆိုသည့် ဓာတ်ပေါင်းတစ်မျိုး ထွက်ပေါ်လာပါသည်။ ထို BCME ကို ဓာတုပစ္စည်းများ၏ အန္တရာယ်ကိုဆန်းစစ်ရာတွင် လက်ရှိတစ်ကမ္ဘာလုံးတွင်   တူညီစွာကျင့်သုံးလျက်ရှိသည့် ဓာတုပစ္စည်းများ၏ အဆင့်အား အမျိုးအစားခွဲခြား၍ အမှတ်တံဆိပ်ကပ်သည့် (Globally Harmo-nized System of Classifications  and Labeling of Chemicals-GHS) စနစ်ဖြင့် အမျိုးအစား ခွဲကြည့်သောအခါ Category  1  ဖြစ်သည့်အတွက် အန္တရာယ်အမြင့်ဆုံး အနေအထားတွင်ရှိနေပြီး အဆုတ်ကင်ဆာဖြစ်ပွားနိုင်ကြောင်း  တွေ့ရှိရပါသည်။  စျေးကွက်တွင် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ခြင်ဆေးခွေများ၌   အန္တရာယ်ရှိဓာတုပစ္စည်း တစ်မျိုးဖြစ်သည့်  Meper Fluthrin ပမာဏမှာ WHO ၏ အမြင့်ဆုံးသတ်မှတ်ချက်ကို ကျော်လွန်၍ ပါဝင်နေကြောင်း လေ့လာမှတ်သားဖူးပါသည်။

ခြင်ဆေးသုံးဓာတုပစ္စည်းနှင့် ယင်း၏အန္တရာယ်ဖော်ပြချက်များ

 အဆိုပါခြင်ဆေးခွေများတွင် ထည့်သွင်းထားသော ဓာတုပစ္စည်းများသည် တိုက်ရိုက်ထိတွေ့လျှင်သော် လည်းကောင်း၊ ခြင်ဆေးကိုမီးရှို့၍ ထွက်လာသောအငွေ့များကို    ကြာရှည်ရှူရှိုက်မိလျှင်သော် လည်းကောင်း သက်ရှိများအတွက် အန္တရာယ်များစွာ ရှိပါသည်။ အထက်ပါ GHS စနစ်အရ ခြင်ဆေးခွေတွင် ထည့်သွင်းထားသောဓာတုပစ္စည်းတော်တော်များများကို  အမျိုးအစားခွဲခြား၍   အန္တရာယ်အမှတ် တံဆိပ်ကပ်ရာတွင် တွေ့ရှိရသော အန္တရာယ်အကြောင်းအရာ ဖော်ပြချက်များကို   ခြင်ဆေးသုံးစွဲသူများ  သတိထားမိစေရန် ဖော်ပြလိုပါသည်။  ခြင်ဆေးကိုမျိုချမိပါက   အဆိပ်ဖြစ်နိုင်ပြီး   ထိမိလျှင်အရေပြားကို ယားယံစေသည်။  ရှူမိလျှင်ဓာတ်မတဲ့မှု သို့မဟုတ် ရင်ကျပ်လက္ခဏာ သို့မဟုတ် အသက်ရှူရခက်ခြင်းများဖြစ်နိုင်သည့်အပြင် ကင်ဆာဖြစ်စေနိုင်သည်။အဆိုပါဓာတုပစ္စည်းသည် လူကိုသာမက သက်ရှိရေနေသတ္တဝါများ အတွင်း အချိန်ကြာမြင့်စွာ ပြင်းထန်သော အဆိပ်ဖြစ်စေပါသည်။

ကြိုတင်သတိထားရမည့်ဖော်ပြချက်များ

ဓာတုခြင်ဆေးခွေများ အသုံးပြုမှုကြောင့် လူတို့၏ ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေသဖြင့် ကာကွယ်ရန်   Precaution  နည်းလမ်းများထဲမှ အရေးကြီးသည့် အချက်များကို ဖော်ပြလိုပါသည်။  ခြင်ဆေးသည် အသားအရေကို ယားယံစေသဖြင့် ယင်းကိုကိုင်တွယ်ရာတွင် လက်အိတ်နှင့် ကိုင်တွယ်ရပါမည်။  ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာ၊ ရေတို့နှင့် စင်ကြယ်စွာ  ဆေးကြောသင့်ပါသည်။   အစားအသောက်များနှင့်    ထိတွေ့ခြင်းမရှိစေရန်နှင့် အသုံးပြုနေစဉ် အစာစားခြင်း၊    ရေသောက်ခြင်း၊   ဆေးလိပ်သောက်ခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။ ခြင်ဆေးခွေကို ကလေးများ လက်လှမ်းမီသောနေရာများတွင် မထားသင့်ပါ။   ခြင်ဆေးခွေကိုအသုံးပြုလိုပါက လူမရှိသောအခန်းတွင် ထွန်းထားပြီး အငွေ့သေသော အချိန်မှသာ ဝင်ရောက်နေထိုင်သင့်ပါသည်။ အလုံပိတ်အခန်းတွင် ထွန်းညှိပြီး   လူများနေထိုင်ခြင်း မပြုလုပ်သင့်ပါ။ ပန်းနာရင်ကျပ်ရှိသူများ၊  နှလုံးရောဂါရှိသူများ  ခြင်ဆေးအငွေ့ကို ရှောင်ရှားသင့်ပါသည်အငွေ့များ ပတ်ဝန်းကျင်သို့ လွတ်ထွက်မသွားအောင် ထားသိုရန်နှင့်    ကြာရှည်စွာ မရှူရှိုက်မိစေရန် ဆက်တိုက် ထွန်းညှိခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များ

ဓာတုပစ္စည်းပါဝင်သည့် ခြင်ဆေးခွေများကြောင့် အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာခဲ့လျှင် တုံ့ပြန်ဆောင်ရွက်ရမည့် အချက်များကိုလည်း  သတိထားဆောင်ရွက်နိုင်ရန် ဆက်လက်ဖော်ပြအပ်ပါသည်။

ခြင်ဆေးကိုမျိုချမိလျှင် ဆရာဝန်ထံ ချက်ချင်းပြသရပါမည်။ ပါးစပ်ကိုရေဖြင့် ပလုတ်ကျင်းခြင်း၊ အော့အန်ခြင်းမပြုလုပ်ရပါ။ ခြင်ဆေးအရေပြားပေါ်ကျလျှင် ဆပ်ပြာနှင့်ရေများများဖြင့် ဆေးကြောရပြီး အရေပြားယားယံလျှင် သို့မဟုတ် အဖုအပိမ့်ထွက်လာလျှင် ဆေးဖက်ဆိုင်ရာ အကြံဉာဏ်နှင့် ကုသမှုကိုခံယူရပါမည်။ ခြင်ဆေးရှူမိ၍ အသက်ရှူရခက်ခဲလျှင် လေကောင်းလေသန့် ရသောနေရာသို့ပြောင်းရွှေ့ပြီး သက်သောင့်သက်သာ အသက်ရှူနိုင်သော အနေအထားဖြင့်  အနားယူရပါမည်။   မသက်သာပါက ဆရာဝန်ကိုချက်ချင်းခေါ်၍ ကုသမှုကို ဆောလျင်စွာ ခံယူဆောင်ရွက်သင့်ပါသည်။

အစားထိုးအသုံးပြုနိုင်သော အဆီအမျိုးမျိုး

ခြင်ဆေးထုတ်လုပ်သူများဘက်မှလည်း    ထည့်သွင်းအသုံးပြုသည့်   Active   Ingredient   များကို WHO မှ သတ်မှတ်ထားသော အချိုးအစားများအတိုင်းသာ ထည့်သွင်းအသုံးပြုရန်၊  ခွင့်မပြုဓာတုပစ္စည်းများကို     ထည့်သွင်းအသုံးမပြုကြရန်နှင့် လေးစားလိုက်နာကြရန်    အထူးလိုအပ်ပါသည်။   ဖြစ်နိုင်ပါက ဓာတုပစ္စည်းများအစား သဘာဝမှရရှိနိုင်သော သစ်ကြံပိုးခေါက်ဆီ၊ တမာဆီ၊ ရှောက်သီးဆီ၊ ယူကလစ်ဆီ အစရှိသည်တို့ကို အစားထိုး အသုံးပြုလျှင် ပိုမိုသင့်လျော်ပါသည်။

ပြည်သူလူထု၏တာဝန်ဝတ္တရားများ

 ခြင်ဆေးတွင်ပါဝင်သော ဓာတုပစ္စည်းများ၏ အန္တရာယ်နှင့်  ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိပ္ပံနည်းကျဖော်ပြပြီးသည်နှင့်အညီ ပြည်သူလူထုမှ မိမိတို့၏အသိစိတ်ဓာတ်နှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကိုလည်း ဆက်လက်တင်ပြအပ်ပါသည်။ တစ်ဖန် ပြည်သူလူထုဘက်မှလည်း မိမိတို့၏အသိ စိတ်ဓာတ်နှင့်   အလွယ်တကူ ဆောင်ရွက်နိုင်သော ကြိုတင်ကာကွယ်ရမည့် အချက်များဖြစ်သည့် ခြင် မပေါက်ပွားစေရန် ခြင်ပေါက်ပွားနိုင်သော ရေမြောင်းများကို ရေစီးရေလာကောင်းမွန်အောင် ပြုပြင်ခြင်း၊ ရေမြောင်းများအား  စနစ်တကျဖုံးအုပ်ထားခြင်း၊ ရေမြောင်းများကို တစ်ပတ်တစ်ခါ ခြင်ဆေးဖျန်းပေးခြင်း၊    အမှိုက်များအားစနစ်တကျစွန့်ပစ်ခြင်းနှင့်ဖုံး၊  သွန်၊လဲ၊စစ်စနစ်ကို   ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းတို့ကို ပြည်သူလူထုတစ်ရပ်လုံးမှ  ဝိုင်းဝန်းဆောင်ရွက်ကြမည်ဆိုလျှင် ခြင်အန္တရာယ်နှင့် ဓာတုပစ္စည်းသုံး ခြင်ဆေးခွေများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း     ရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal

သစ်ပင်စိုက်လျှင်ရှင်သန်ချင် လိုက်နာကြဖို့အသိယှဉ်

Posted_Date

Image

သစ်ပင်စိုက်လျှင်ရှင်သန်ချင် လိုက်နာကြဖို့အသိယှဉ်

Body

သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်း အောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့အစဉ်အဆက် စိုက်ပျိုးခဲ့သောသစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့်မျိုးဆက်များအတွက်  သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့်   သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတု ညီညွတ် မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင် ရှင်သန်နေစဉ် အသီး၊ အပွင့်၊ အရွက် စသည်တို့ခံစားရရှိခြင်း၊ နေစရာအတွက်  သစ်၊ တိုင်၊  မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်း စသည့်လက်ငင်း အကျိုးကျေးဇူးများ ရရှိပါမည်။

မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမအရသော် လည်းကောင်း၊ မိရိုးဖလာ အစဉ်အလာအရသော် လည်းကောင်း ရှေးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ  မြေဆီစိုခိုက် အချိန်တွင် သစ်ပင်စိုက်ခြင်းကို ဆောင်ရွက်ကြသည်၊

သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာစေရန်၊ သဘာဝတောများမှထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများ ရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့်  စနစ်တကျထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိအမြင်များ တိုးပွားပြီး   သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက် ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ  စိုက်ကြသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း  နှစ်စဉ်ပြုလုပ်ကြသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက်   နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက် ပြုခဲ့ကြသည်။

သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ချက်အတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် အသွင်နှင့် အနှစ်သာရအပြည့်အဝဖြစ်စေရန်သစ်ပင်စိုက်လျှင်ရှင်သန်ချင်  လိုက်နာကြဖို့ အသိယှဉ်စေ ချင်ပါသည်။

ဥပမာ ကျွန်း ဆိုပါစို့။ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း   မဖြစ်ထွန်း  မအောင်မြင်နိုင်ပါ။   ထိုအပင်မျိုးက  ကောင်းမွန်သော    ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်း မဟုတ်ပါ။  ကျွန်း၏မျိုးရိုးဗီဇ အရည်အသွေးကိုပင် ယုတ်လျော့ကျ ဆင်းစေနိုင်သည်။ အလားတူ  ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်း ဒေသတို့တွင်စိုက်ပါက  ရှင်သန်မှုမရှိနိုင်ပါ၊   သစ်မျိုးရွေးချယ်ရာတွင်   ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေပြီးဖြစ်သည့် ဒေသသစ်မျိုးများကို ဦးစားပေးရွေးချယ်ရမည်ဖြစ်ပြီး  စိုက်သည့်ရည်ရွယ်ချက်က လောင်စာအတွက်ဆိုက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်၊ တိုင်၊မျောအတွက်ဆိုပါက  စျေးကွက်မှတောင်းဆိုသည့် အဖိုးတန်သစ်မျိုးများ ရွေးချယ်၍သော် လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊

မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်ထွန်းမည်၊ မြေဆီမြေနှစ် မြေဩဇာကင်းမဲ့သောမြေ၊ အပင်အတွက် လိုအပ်သော အစိုဓာတ်မထိန်းသော မြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းသည်။ အပင်ရှင်သန်ရန်ရေလိုသလို လိုသည်ထက်ပိုသော ရေဝပ်နေရာများ၊ ရေစီးရေလာမကောင်းသော နေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုးကိုသာ စိုက်ရမည်ဖြစ်သည်။  စိုက်ပင်တိုင်း ရှင်သန် အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့်  သဟဇာတဖြစ်မည့်   မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာဦးစားပေးလိုက မြေနေရာနှင့်လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကိုရွေးစိုက်ရမည်ဖြစ်သည်။

သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်းအဆင့်မြှင့်တင်မည့် လမ်းဧရိယာနှင့်  လမ်းနယ်နိမိတ်များ၊ အဆောက်အအုံ ဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့်နေရာ၊ ရေဝပ်သည်နေရာတို့ဖြစ်ပါက  ရှောင်ရှားရမည်။ ဓာတ်ကြိုးများအောက်ခြေမှ ပေ ၅၀ ခွာရမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက်သောမြေစာဖို့ရမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်း အပင်စိုက်က အပင်ကြီးသစ်မျိုးအစား  အပင်ငယ်  သို့မဟုတ် ပသာဒဖြစ်မည့် သစ်မျိုးကိုရွေးရမည်။

သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း

( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် သန်စွမ်းသောပျိုးပင်ဖြစ်စေရန်    ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက်မီအချိန်အတွင်း ရေလျှော့လောင်းခြင်း၊   အလင်းဖွင့်(Hardening process)    စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်။     (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီး   ရှင်သန်ကြီးထွားမှု ကောင်းစေရန် ဒဏ်ခံနိုင်သော၊  သန်စွမ်းသော အမြင့်  ၂ ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူ လူထုသို့ အခမဲ့ဖြန့်ဝေလျက်ရှိသည်။)  စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊   မြေပြုပြင်ခြင်းဆောင်ရွက်ရမည်။

မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်းသိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်း အလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန်ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ်  ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်     အရွယ်အစား ကျင်းတူးရပါမည်။

ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။ ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန်လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင်သစ်ပင်စိုက်ခြင်း  ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင်  ဒဏ်ခံနိုင်အောင် ပြုစုထားသည့်   ပျိုးပင်တို့သယ်ယူချိန်တွင်   ပျိုးပင်များမကျိုးမပျက်စေရန်၊   ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရမည်။

သစ်ပင်စိုက်ကြရာတွင် ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်အား လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။

စိုက်ပင်အားတည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့်ကျင်းအတွင်းအသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရမည်၊။  အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့် မြေဆွေးပုံပေးရပါမည်။

စိုက်ပင်များအား ကျွဲ၊ နွား၊ သိုး၊  ဆိတ်စသည့်အိမ်မွေးတိရစ္ဆာန်များ၊  အခြားဖျက်ဆီးမှုများ မရှိစေရန်  အကာအရံ အရံအတားများ စနစ်တကျပြုလုပ်ပေးရမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။

သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန်   နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများ၊ အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း  မိုးကြို/မိုးကာလ သစ်ပင်စိုက်ပွဲတော်များ ကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ဖြန့်ဝေခြင်းတို့ အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁  သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင် ပျိုးထောင်မှုနှင့်ပတ်သက်၍ သစ်တော သစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလတစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများ ပါဝင်ပါက နှစ်စဉ်မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီမှုများသော အရေအတွက် ပမာဏဖြင့် ပျိုးထောင်ကြပါသည်။

ထို့အတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏ တန်ဖိုးကား အနမတဂ္ဂပါ၊ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက၊ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပင်များ ပျက်စီးပါက တန်ဖိုး တွက်ချက်ရသည်ရော မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနောရှိနိုင်ပေသည်။ မြေဆီစိုခိုက်  သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များအား

-ရှင်အောင်စိုက်၊

-ကြီးအောင်ပြုစု

-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှတစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့။

သစ်ပင် သစ်တောများသည်- အတိတ်ကာလ၏ အမွေအနှစ်၊ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်း များပင်ဖြစ်သည်။

နောင်လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊  စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက်  မိုးကာလမြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။    ။

MWD Web Portal