ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါက ကျန်းမာရေးအပါအဝင် လူနေမှုစနစ်များအပေါ် အပြင်းအထန် သက်ရောက်မှုတွေဖြစ်စေခဲ့ပါ တယ်။ ယခင် ကမ္ဘာ့သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့ဖူးတဲ့ ကပ်ရောဂါ တွေနဲ့မတူဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကူးလူးဆက်ဆံမှု များတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ တာကြောင့် ကူးစက်မှုနှုန်းအထူးမြန်ဆန်ခဲ့သလို ရောဂါပိုးရဲ့ အာနိသင် ကလည်းမျိုးဗီဇပြောင်းလဲဖြစ်ပွားမှုကြောင့် ထိန်းချုပ်ကာကွယ်ဖို့ အလွန်ခက်ခဲခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ခေတ်သစ်ဆေး သိပ္ပံဖွံ့ဖြိုးတိုးတက်မှုကိုအားကောင်းမောင်း သန်စိန်ခေါ်ခဲ့တဲ့ ကပ်ရောဂါလည်းဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးလုပ်သားမလုံလောက်မှုတွေ၊ ဆေးနဲ့ဆေး ပစ္စည်းမလုံလောက်မှုတွေနဲ့အတူ သမိုင်းတစ်လျှောက် အပြင်း ထန်ဆုံးသော ကပ်ရောဂါကြီးအဖြစ် တွေ့ကြုံခဲ့ကြရတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ကြံ့ကြံ့ခံခြင်း
ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်မှုတွေက ကိုဗစ်-၁၉ ရောဂါ ရဲ့သက်ရောက်မှုကို အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာစေခဲ့ပြီဖြစ်ပါတယ်။ သို့တိုင်အောင်ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေအပေါ် ကပ်ရောဂါရဲ့ ကာလရှည်သက်ရောက်မှု တွေက လေးလေး နက်နက်ရှိ နေဆဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလ ရဲ့ ဆိုးကျိုးသက်ရောက်မှုကနေ ပြန်လည်ထူထောင်နိုင်စေဖို့ တစ်ဦးချင်း အနေနဲ့လည်းကောင်း၊ အဖွဲ့အစည်းတွေနဲ့နိုင်ငံတွေအနေနဲ့လည်းကောင်း လိုက်လျောညီ ထွေမှုရှိရှိနဲ့ ပြည့်ပြည့်ဝဝ ထိထိရောက်ရောက်ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင်ကျန်းမာရေးစနစ်အားကောင်းမောင်းသန်ဖြစ်ဖို့၊ လူမှုရေးနဲ့စီးပွားရေးစနစ်တွေ တည်ငြိမ်မှုရှိဖို့နဲ့ ပြဿနာတွေကို အလိုက်သင့် အလျားသင့်ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိဖို့လိုမှာဖြစ်ပါတယ်။
အဆိုးထဲမှအကောင်းများ
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ စီးပွားရေးနဲ့အလုပ်အကိုင်တွေမှာလည်း အရွေ့တွေရှိလာခဲ့ပါတယ်။ အလုပ်နေရာတွေပြောင်းလဲလာ ခြင်း၊ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်နိုင်ခြင်း (Work from Home) တို့ကြောင့် လုပ်သားအင်အားတွေကို စွမ်းအားပြည့်အသုံးချလာနိုင်ခြင်း၊ အွန်လိုင်းဈေးရောင်းခြင်း ကဲ့သို့သောအင်တာနက်ကနေတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုတွေ ထွန်းကားလာခြင်း၊ လက်လီ ရောင်းဝယ် ဖောက်ကားမှုစနစ်တွေ ပုံစံပြောင်းလဲလာခြင်း စတာတွေကြောင့် ငွေကြေးလည်ပတ်စီးဆင်းမှုတွေ အရှိန်အဟုန်မြင့်လာပြီး စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။
လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေအနေနဲ့ ပညာသင်ကြားမှုအပိုင်းမှာ အွန်လိုင်းသင်ကြားရေးပုံစံတွေက အခြေခံပညာသာမက အဆင့်မြင့်ပညာသင်ကြားရေးမှာပါ သင်ကြားမှုစံနှုန်းတစ်ခု အနေနဲ့ဖြစ်လာပါတယ်။ ဒါ့ပြင် လူနေထိုင်မှုပုံစံတွေပါ ပြောင်းလဲလာပါတယ်။ အာဟာရပြည့်ဝအောင် စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရောဂါကာကွယ်ရေးကိစ္စတွေမှာ အာရုံစူးစိုက်လာတာစတဲ့ ကျန်းမာရေးဆိုင်ရာ သတိပြုနေထိုင်မှုတွေ တိုးပွားလာစေပါတယ်။
အစိုးရပိုင်းဆိုင်ရာနဲ့မူဝါဒပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ပူးပေါင်းပြီး အနာဂတ်ကူးစက်ရောဂါတုံ့ပြန်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပ်ရောဂါဆိုင်ရာသဘောတူညီချက်ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာမူဘောင်များကို ချမှတ်လုပ်ဆောင်လာကြပါတယ်။ အကျပ်အတည်း စီမံခန့်ခွဲမှုမူဝါဒတွေနဲ့ပတ်သက်လို့လည်း အစိုးရ အသီးသီးက အနာဂတ်ကာလမှာ တွေ့ကြုံလာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် အရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးချပြီး လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ ဥပဒေရေးဆွဲနေကြပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယုံကြည်မှုတည် ဆောက်ခြင်းကဲ့သို့သော စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးအဖွဲ့အစည်းတွေအပေါ် လူထုရဲ့ယုံကြည်အားကိုးမှုကို အစမ်းသပ်ခံခဲ့ရတဲ့အတွက် ပွင့်လင်းမြင်သာတဲ့ ကျန်းမာရေးဆိုင်ရာစီမံ ခန့်ခွဲအုပ်ချုပ်မှုရှိဖို့ အရေးကြီးပါတယ်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အထင်ရှားဆုံးသဘာဝပတ်ဝန်းကျင် ဆိုင်ရာတိုးတက်မှုအနေနဲ့ လေထုညစ်ညမ်းမှုကို လျော့ကျစေခဲ့ကြောင်း စစ်တမ်းများအရ သိရပါတယ်။ ကပ်ရောဂါကာလအတွင်း ကမ္ဘာအနှံ့ Lockdown နဲ့ Stay at Home အစီအစဉ်တွေ ဆောင်ရွက်ကြခြင်းကြောင့် ခရီးသွားလာမှုတွေ သိသိသာသာလျော့ကျပြီး ယာဉ်တွေကနေတစ်ဆင့် ကာဗွန်ထုတ်လွှတ်မှုကျဆင်းခဲ့ခြင်းနဲ့အတူ ကမ္ဘာ့လေထုအတွင်း ကာဗွန်ဓာတ်ငွေ့ပါဝင်မှု ခေတ္တကျဆင်းသွားခြင်းက သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးအတွက် အလားအလာကို မီးမောင်းထိုးပြနေပါတယ်။
ကျန်းမာရေးဆိုင်ရာအရေးပါသောပြောင်းလဲမှုများ
ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေးတားမြစ်မှုတွေကြောင့် အွန်လိုင်းကနေတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း (Telehealth)ကို လူကြိုက်များပြီး အလုပ်ဖြစ်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာစောင့် ရှောက်မှုပေးခြင်း စတာတွေမှာ ကျန်းမာရေးဆိုင်ရာဖြစ်ထွန်းမှုတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ကျင့်သုံးခဲ့ကြတဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဆက်လက်ခိုင်မာ အားကောင်းလာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်တွေလည်း ပိုမိုတိုးတက် ဖြစ်ထွန်းလာခဲ့ပါတယ်။ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်းနဲ့ ကာကွယ်ဆေးထုတ်လုပ်ခြင်းစတဲ့ကဏ္ဍတွေမှာ သိသာထင်ရှားတဲ့အားကောင်းလာမှုတွေကို မြင်တွေ့ရပါတယ်။
ကပ်ရောဂါရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ နည်းပညာဆန်းသစ်တီထွင်မှုမှာလည်း တိုးတက်ပြောင်းလဲမှုတွေရှိလာခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာ AI နဲ့ ဒေတာအသုံးချခြင်းကနေ ရောဂါကူးစက်မှုတွေကို ခြေရာခံခြင်း၊ မော်ဒယ်ပြုလုပ်ခြင်းနဲ့ လိုအပ်တဲ့အရင်း အမြစ်ခွဲဝေခြင်း စတာတွေမှာ များစွာအသုံးတည့်ခဲ့ပါတယ်။ ရောဂါစောင့် ကြပ်ခြေရာခံကြည့်ရှုစစ်ဆေးခြင်းတွေမှာ ဒစ်ဂျစ်တယ်ကျန်းမာရေးလက်မှတ်တွေကို အသုံးပြုခဲ့ခြင်းနဲ့ ပွဲလမ်းသဘင်တွေအတွက် ကျန်းမာရေးအသိအမှတ်ပြု အက်ပလီကေးရှင်းတွေကိုအသုံးပြုနိုင်ခြင်းက ပြည်သူ့ကျန်းမာရေးကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ ပါတယ်။ ကျန်းမာရေး နည်းပညာဆိုင်ရာ အထူးခြားဆုံးဖွံ့ဖြိုးတိုးတက်မှုကတော့ ဇီဝနည်း ပညာတိုး တက်မှုပဲဖြစ်ပါတယ်။ မျိုးဗီဇနည်းပညာသုံး mRNA ကာကွယ် ဆေးထုတ်လုပ်ခြင်းကို အချိန်တိုအတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက်စေခဲ့ပါတယ်။ အဲဒီနည်းပညာအခြေခံတွေက ကင်ဆာနဲ့ HIV ကဲ့သို့သော တခြားရောဂါတွေမှာ အသုံးချနိုင်ဖို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး တွေရှိစေပါတယ်။
ကမ္ဘာ့နိုင်ငံများရှိ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းအင်အားစုတွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ကာဗွန်သုံးစွဲမှုလျှော့ချခြင်းအပါအဝင် စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင် ပြန်လည်တည်ထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့တွန်းအားဖြစ်စေခဲ့တယ်။ ကပ်ရောဂါကာလမှာ မြို့ပြရဲ့ခံနိုင်ရည်ရှိမှုက မဖြစ်မနေစဉ်းစားရမယ့်အချက်ဖြစ်လာပါတယ်။ မြို့တွေမှာ နောင်လာမယ့်ကျန်းမာရေး အကျပ်အတည်းတွေကို ကာကွယ်နိုင်စေဖို့အတွက် လေဝင်လေထွက်ကောင်းစေဖို့နဲ့ လူစုလူဝေး နည်းပါးစေဖို့ အများပြည်သူဆိုင်ရာနေရာတွေကို ဒီဇိုင်းပြန်လည်ရေးဆွဲ နေကြပြီဖြစ်ပါတယ်။
သင်ခန်းစာဖော်ထုတ်မှုများ
ကပ်ရောဂါဖြစ်ပွားမှုကကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိသာထင်ရှားစေခဲ့တယ်။ တန်းတူ ညီမျှမှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကို ဦးတည် ဆောင်ရွက်ရမယ့် အချက်ပေးခေါင်းလောင်းထိုးခဲ့တယ်။ အဘယ်ကြောင့် ဆိုသော် ကပ်ရောဂါတွေ အနေနဲ့ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် တစ်ကမ္ဘာ လုံးကိုရိုက်ခတ်မှုရှိကြောင်းကို လက်တွေ့ပြသခဲ့လို့ပဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောဂါကာကွယ်တားဆီးမှုရဲ့အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ အရင်ကကျန်းမာရေးစနစ်မှာ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုက ကပ်ရောဂါကာလအတွင်း လူ့အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတွေဖြစ် စေခဲ့တာကြောင့် အခုဆိုရင် အခြေခံကျန်းမာရေးကဏ္ဍအတွက် ပိုမိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ဝင်ငွေနည်း လူတန်းစားတွေအတွက်ကာကွယ်ဆေးလုံလောက်မှုမရှိခြင်း၊ လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းစတာတွေကို ဖြေရှင်းဆောင်ရွက်နိုင်စေဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာကမ္ဘာလုံးဆိုင်ရာ အဓိကကျတဲ့ ပြောင်းလဲမှုတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာတိုးတက်မှုတွေ၊ စီးပွားရေး ဆိုင်ရာအရွေ့တွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် နည်းပညာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာနယ်ပယ်တွေမှာ တိုးတက်ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ သို့တိုင် စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ ကိုဗစ်နောက်ဆက်တွဲ သက်ရောက်မှုအနေနဲ့ နာတာရှည် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲရောဂါလက္ခဏာခံစားရမှုတွေ၊ ကပ်ရောဂါကာလ အတွင်းစီးပွားရေးနဲ့ လူမှုရေးဆိုင်ရာမညီမျှမှုတွေ ပိုမိုဆိုးရွားလာမှု စတဲ့ရေရှည် ဖြေရှင်းရမယ့်ဆိုးကျိုးတွေလည်းရှိနေပါတယ်။ ကပ်ရောဂါ ဆိုင်ရာ သင်ခန်းစာတွေ ကနေတစ်ဆင့် ခံနိုင်ရည်ရှိမှု၊ သာတူညီမျှမှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ကျန်းမာရေးစနစ်တွေ တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေ ထွက်ပေါ်လာစေခဲ့ပါကြောင်း ရေးသား လိုက်ရပါတယ်။
MWD Web Portal
Photo - Bureau of Lobor Statistics