ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီးတော့ တရုတ်နိုင်ငံရဲ့အနောက်မြောက်ဘက် အာရှအလယ်ပိုင်းနှင့် အရှေ့အာရှဆုံရာမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့အကြီးဆုံးပြည်နယ်ခွဲတစ်ခုဖြစ်ပြီး စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်း ကျယ်ဝန်းပါတယ်။ ဒေသခံလူမျိုးစုစုပေါင်း ၂၅ သန်းခန့် နေထိုင်ပါတယ်။ ရှင်းကျန်းဒေသဟာ အလွန်လှပတဲ့နေရာတစ်ခုဖြစ်ပြီး ထူးခြားတဲ့သဘာဝအလှများနဲ့ပြည့်စုံကာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ အကောင်းဆုံးဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့ပြင် ရှင်းကျန်းဒေသဟာ ရှေးဟောင်းပိုးလမ်းမကုန်သွယ်မှုလမ်းကြောင်းအတွက် အချက်အချာကျတဲ့ဒေသတစ်ခုဖြစ်ပြီး အရှေ့နဲ့အနောက် မြို့ပြဖွံ့ဖြိုးရေးဖော်ဆောင်မှုတွေအတွက်လည်း ပေါင်းကူးတံတားသဖွယ် အရေးပါလျက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် (၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို ဆင်ဟွာသတင်းအေဂျင်စီနဲ့ ရှင်းကျန်းဒေသအစိုးရတို့ ပူးပေါင်းကာ အဆိုပါနေရာမှာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရှင်းကျန်းဒေသဟာ ဥရောပတိုက်နဲ့ အာရှတိုက် နှစ်ခုပေါင်းထားတဲ့ ဥရောပအာရှတိုက်ကြီးရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး မွန်ဂိုလီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့နဲ့ လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနဲ့ အာရှတောင်ပိုင်းတို့ကို ချိတ်ဆက်ပြီး ဥရောပအထိ ခရီးလမ်းကြောင်းပွင့်နေ တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရှေးခေတ်အချိန်တွေကတည်းက ရှင်းကျန်းဒေသဟာ ကုန်ပစ္စည်းတွေ စုဆောင်း၊ သိုလှောင်ဖြန့်ဖြူးရာ နေရာတစ်ခုဖြစ်သလိုအရှေ့နဲ့ အနောက်ကြားယဉ်ကျေးမှုပေါင်းစည်းရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရှင်းကျန်းဒေသဟာ ရှေးယခင်ကတည်းက အရာရှိ၊ အရာခံ၊ ကုန်သည် ပွဲစားတွေ ကုန်စည်ကူးသန်းသွားလာခဲ့ကြတဲ့ အတွက် တက်ကြွတဲ့ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အငွေ့အသက်တွေဟာ အခုအချိန်အထိ နက်ရှိုင်းစွာ ကျန်ရှိနေပါတယ်။

ရှင်းကျန်းဒေသဟာ ရှေးခေတ်ပိုးလမ်းမပေါ်မှာ တည်ရှိတဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါ တယ်။ ဒီနေ့ခေတ်မှာတော့ ပိုးလမ်းမသစ်လို့ ခေါ်နိုင် တဲ့ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုပူးပေါင်းဆောင် ရွက်မှုဟာ ရှင်းကျန်းဒေသကို အခွင့်အလမ်းသစ်တွေ၊ ရှင်သန်တက်ကြွမှုတွေ ပြန်လည်ဆောင်ကြဉ်းပေး နေပြီဖြစ်ပါတယ်။ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ရှင်းကျန်းဟာ ကုန်းတွင်း ပိတ်ဒေသမှ တရုတ်နိုင်ငံရဲ့ အနောက် ဘက်အထိ လမ်းဖွင့်ပေးပြီး အာရှနဲ့ ဥရောပကို ဆက်သွယ်ထားတဲ့ ရွှေရောင်လမ်းကြောင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အနောက်ဘက် ပင်လယ် ကုန်သွယ်ရေးစင်္ကြံလမ်းသစ်ရဲ့ ဘက်စုံသုံးရထား ဝန်ဆောင်မှုစနစ်ကို စတင်လိုက်တဲ့အတွက် ရှင်းကျန်းဟာ အာရှအလယ်ပိုင်းနဲ့ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်ရာမှာ အချက်အချာကျတဲ့နေရာတစ်ခု ဖြစ်လာရုံသာမက အာရှအနောက်ဘက်နဲ့ ဥရောပကိုလည်း ချိတ်ဆက်လာနိုင်ခဲ့သလို ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခုကို အပြည့်အဝအသုံးချနိုင်ခဲ့ တဲ့အတွက်လည်း အရည်အသွေးမြင့်ကုန်ပစ္စည်းတွေကို ပင်လယ်နဲ့တောင်တန်းတွေ ဖြတ်ကျော်ပြီး ကမ္ဘာ့ဈေးကွက်အထိ လွယ်ကူစွာ တင်ပို့လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လျင်မြန်စွာဖော်ဆောင်လျက်ရှိ

ရှင်းကျန်းဒေသဟာ ပြည်တွင်း၊ ပြည်ပကုန်စည် စီးဆင်းလည်ပတ်မှုနဲ့အတူ ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ စံနမူနာပြယုဂ်တစ်ခုဖြစ်လာဖို့ တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ အခွင့်အလမ်းတွေဝေမျှပေးရာ နေရာတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာကဏ္ဍနှစ်ခုစလုံးမှာ ပွင့်လင်းမြင်သာစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ အရင်းအမြစ်တွေ ပိုမိုပေါများလာတဲ့ဈေးကွက်ကြီးတစ်ခု၊ လမ်းပန်းဆက်သွယ်ရေးပိုမို အဆင်ပြေမှု၊ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုပိုမိုချောမွေ့လာမှုနဲ့ ပိုမိုဖော်ရွေတဲ့စီးပွားရေးပတ်ဝန်းကျင်တွေကို လျင်မြန်စွာ ဖော်ဆောင်လျက်ရှိပါတယ်။

ရှင်းကျန်းဒေသဟာ စွမ်းအင်နဲ့ ဓာတ်သတ္တု အရင်းအမြစ်တွေ ပေါကြွယ်ဝလှပါတယ်။ စွမ်းအင်နဲ့ ဓာတ်သတ္တု ၁၃ မျိုးဟာ ပထမတန်းစားတွေဖြစ်ပြီး ၅၆ မျိုးကတော့ အဆင့် (၅) မှာ ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်အတွက် အလွန်ကြီးမားကျယ်ပြန့်တဲ့ ကုန်းမြေဒေသရှိတဲ့ အတွက် အကြီးစားရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တာတွေ၊ အကြီးစားကျောက်မီးသွေး ထုတ်လုပ်တာတွေ၊ ကျောက်မီးသွေးသုံးဓာတ်အား ပေးစက်ရုံ တည်ဆောက်တာတွေ၊ ကျောက်မီးသွေး ဓာတုအခြေခံစက်ရုံ တည်ဆောက်တာတွေ၊ အကြီး စားလေအားလျှပ်စစ်စက်ရုံ တည်ဆောက်တာတွေ အကြီးအကျယ်လုပ်ဆောင်နေတာကို တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် စိုက်ပျိုးနိုင်တဲ့သစ်တော မြေတွေ၊ မျက်စိတစ်ဆုံးမြင်နိုင်တဲ့ မြက်ခင်းစိမ်း တွေ၊ လုံလောက်တဲ့နေရောင်ခြည်ရရှိမူတွေ၊ သင့်တော်တဲ့ ရာသီဥတုတွေက ဆန်စပါးနဲ့ တိရစ္ဆာန်ထွက်ကုန် ပစ္စည်းထုတ်လုပ်မှုတွေ၊ အရည်အသွေးမြင့်ဝါဂွမ်း ထုတ်လုပ်မှုတွေနဲ့ ထူးခြားကောင်းမွန်တဲ့ သစ်သီး တွေ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာလည်း အလွန်ကို အထောက်အကူဖြစ်စေပါတယ်။ ရှင်းကျန်းဟာ လေစွမ်းအင်နဲ့ နေစွမ်းအင်သုံးမကုန်နိုင်အောင် အများအပြားရှိပြီး အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အခြေအနေကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒေသအတွင်းနဲ့ ဒေသအပြင်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းက လျှပ်စစ်ပိုးလမ်းမကြီးကို ဖန်တီးတည်ဆောက်ပေးပြီး ရှင်းကျန်းအတွက် မမျှော်မှန်း နိုင်လောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ ကို ယူဆောင်လာခဲ့ပါပြီ။ ရှင်းကျန်းဒေသမှာ မြစ်ချောင်းတွေ၊ ရေကန်တွေ အမြောက်အမြားရှိတဲ့အတွက် ရေအရင်းအမြစ်လည်း ပေါကြွယ်လှပါတယ်။

အလားအလာကောင်းများကို ဖြစ်စေ

သို့သော်လည်း ရှင်းကျန်းဒေသဟာ သဘာဝ အရင်းအမြစ်တွေကိုချွေတာပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ထို့အတူ ခေတ်မီလယ်ယာ စိုက်ပျိုးရေးနည်းစနစ်တွေ၊ ရေချွေတာရေးနည်းစနစ်တွေ၊ စွမ်းအင်ချွေတာရေးနဲ့ ကာဗွန်လျှော့ချရေး နည်းပညာတွေကိုလည်း အသုံးပြုလျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ စိမ်းလန်းတဲ့စက်မှုဖွံ့ဖြိုးရေး အတွေးအခေါ်ကို လက်ကိုင်ပြုထားတဲ့အတွက် အဓိကစက်မှုလုပ်ငန်းတွေဟာ စရိတ်စကများပြားခြင်းကိုအဆုံးသတ်ပြီး ကာဗွန်လျှော့ချ ထုတ်လုပ်ရေး ဆိုင်ရာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ ဂေဟစနစ်ထိန်းသိမ်းမှုနဲ့ သဲကန္တာရ ထိန်းချုပ်မှုမှာလည်းအားကောင်းပါတယ်။ ရှင်းကျန်း ဒေသရှိ တာလီမခန်းလို့ခေါ်တဲ့ သဲကန္တာရဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသဲကန္တာရကြီးတစ်ခု ဖြစ်ပါ တယ်။ အဲဒီသဲကန္တာရကြီးကို အဘက်ဘက်က တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိသလို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်နဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခါးပတ်လမ်း အစီအစဉ်ရဲ့ အရေးပါတဲ့ အဓိကလုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ အဲဒီစီမံကိန်း တွေဟာ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ မိုးနည်းရေရှားဒေသတွေမှာ ရှိတဲ့ သဲကန္တာရထိန်းချုပ်မှုအတွက် စံနမူနာကောင်းတွေဖြစ်စေသလို တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက်လည်း ကျယ်ပြန့်တဲ့အလားအလာကောင်းတွေကို ဖြစ်စေပါတယ်။ 

အရှိန်အဟုန်နဲ့ သစ်လွင်ဆန်းသစ်

ပြည်နယ်နဲ့မြို့တော် ၁၉ ခုကလည်း ရှင်းကျန်းဒေသတိုးတက်အောင် ကူညီလုပ်ဆောင်ပေးသလို ရှင်းကျန်းရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု ဒေသရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အဓိက အကောင်အထည်ဖော်လျက်ရှိတဲ့အတွက် ရှင်းကျန်းဒေသဟာ ပွင့်လန်းမှုအရှိဆုံးနဲ့ ဖွံ့ဖြိုးမှုအရှိဆုံးဖြစ်လာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ ပိုမိုသွက်လက်ပွင့်လင်းပြီး လှပတဲ့ ရှင်းကျန်းဟာ အနာဂတ်အလားအလာကောင်းတွေကို ပြသနေပြီးကမ္ဘာကြီးကို အခွင့်အလမ်းကောင်းတွေယူဆောင်လာနေပြီဖြစ်ပါတယ်။ တူညီတဲ့ဆန္ဒတွေသာရှိမယ်ဆိုရင်တောင်တန်းတွေနဲ့ ပင်လယ်တွေဟာ လူတွေကိုဝေးကွာသွားအောင် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ တရုတ်စကားပုံအရ ရှင်းကျန်းဒေသဟာ သူ့ရဲ့နိုင်ငံတကာတံခါးပေါက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေလည်းအရှိန်အဟုန်နဲ့သစ်လွင်ဆန်းသစ်လျက်ရှိပါကြောင်း။          ။

Source- ကြေးမုံသတင်းစာ

ထွန်းကျော်

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာတို့၏ ၁၂ လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း” ဖြစ်သည်။ ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ်မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း” ၊ “ခဝဲပွင့်ချိန် ခင်းကထိန်” ၊ “ခဝဲ လှိုင်လှိုင် တန်ဆောင်တိုင်” စသည်ဖြင့် မှတ်တမ်းတင်ကြသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို ၁၂ လရာသီတော်ဝင်ပန်းများစာရင်းတွင် တခမ်းတနားထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်က “ခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ) ပိတ်ပေါင်းတို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးခနဲ၊ ဝင်းခနဲ၊ ထိန်ခနဲ၊ လက်ခနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသော ရနံ့ကိုလည်း လွန်စွာအာရုံပြုကြခဲ့ပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေရာသည်” ဟူ၍ မှတ်တမ်းတင်ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ်ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။

သာမညဖလအခါနေ့

တန်ဆောင်မုန်းလပြည့်နေ့ညသည် အဇာတသတ်မင်းကို အကြောင်းပြု၍ “သာမညဖလ အခါနေ့”ဟု သုံးနှုန်းကြသည်။ ဖခင်သတ်ပြီးမှ ဘုရင်ဖြစ်လာသော အဇာတသတ်မင်းသည် အမှားကြီးကြောင့် နောင်တပူပန်ဖြစ်နေရသည်။ ဆေးဆရာကြီး ဇီဝက၏လမ်းညွှန်မှုဖြင့် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘုရားရှင်ထံသို့ ရောက်လာခဲ့သည်။ တည်နေရာမှာ မာဂဓတိုင်း ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်တောဥယျာဉ်(အမ္ဗဝန)ရှိ ကျောင်းတော်၌ဖြစ်သည်။ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြသော သံဃာထုကို အဖန်ဖန်ကြည့်၍ မင်းကြီးသည်ဗုဒ္ဓထံသို့ “ရဟန်းပြုရခြင်း၏အကျိုး” ကို မေးလေသည်။

ဘုရားရှင်၏အဖြေကို အချုပ်တင်ပြရလျှင် ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားများမှာ-

• မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း၊

• အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်း၊

• ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း၊

• ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း၊

• ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှကင်းလွတ်၍ မဇ္စျိမသီလနှင့် ပြည့်စုံရခြင်း၊

• နက္ခတ်ဗေဒင်ယတြာ ဆေးကုပေးခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်း၊

• ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း၊

• သတိနှင့် ပြည့်စုံခြင်း၊

• သမ္ဗဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်း၊

• သန္တောသခေါ် စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်း၊

• နီဝရငါးပါးမှ ကင်းလွတ်ရခြင်း၊

• စျာန်တရားများ ရနိုင်ခြင်း၊

• ဝိဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်း၊ 

အိမ်ရာထူထောင်ခြင်းမပြုသော သူတော်ရဟန်းဘဝ၏ အကျိုးတရားကို ဟောတော်မူသောကြောင့် အဇာတသတ်မင်းသရဏဂုံတည်သည်။ 

အမျိုးသားအောင်ပွဲနေ့

တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအတွက် ထူးခြားမွန်မြတ်သော ရက်တစ်ရက်ရှိနေပါသေးသည်။ ၎င်းမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် “အမျိုးသားနေ့” ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်တွင် ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ပညာရေးကို ဆန့်ကျင်သည့်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် သပိတ်မှောက်ခဲ့သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ဖြစ်သဖြင့် မြန်မာပြည်အတွက် မမေ့သင့်မမေ့ထိုက်သော သမိုင်းဝင်နေ့ ဖြစ်သည်။

တန်ဆောင်မုန်းလနှင့် ပွဲတော်များ

တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။ 

တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည်

“ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှအရာအားလုံးကိုခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင် ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာသာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာသိရှိရသည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်သာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက်တိုင်တိုင်ကာလဖြစ်သည်။ 

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ

ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်တော်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါး သုံးကျိပ်တို့သည် ခြောက်ယူဇနာ ၄၈ မိုင်ခန့် ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများ ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန်အလို့ငှာထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း” ဝတ်ရုံတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ပညတ်ချက်များ

ကထိန်ခင်းရာတွင် ပညတ်များစွာရှိသည်။ ကျောင်းရှိသံဃာများက ဒကာ၊ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုပါ။ မိုးပေါ်ကရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ၊ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်းဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန်” အဖြစ်လည်း လှူဒါန်းနိုင်သည်။ သံဃာတော်များ ဆင်မြန်းသည့် သင်္ကန်းသည် အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း” ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ” ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင်” ခေါ် ခါးဝတ်သင်္ကန်းတို့ဖြစ်သည်။ ၎င်းသုံးထည်ကို စုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာကပ်ရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဥတ္တိဒုတိယ ကမ္မဝါစာ” ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း” ဟု ခေါ်ကြခြင်းဖြစ်သည်။ 

ယနေ့ကာလ ဉတ်သင်္ကန်းကို ဟထိုးအသံနှင့် ညှပ်သင်္ကန်းဟု မှားယွင်းစွာခေါ်ဆိုနေကြသည်။ အသံထွက်အမှန်က    “ညတ်” သင်္ကန်း ဖြစ်သည်။

ကထိန်ခင်းထိုက်သောရဟန်း

ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက်သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာကဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့်ရဟန်း စသည့် ကထိန်ခင်းရန်စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုသည်။

ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်

အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း” သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်သည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့်လည်း “ကထိန်အာနိသင်သင်္ကန်း” ဟု ခေါ်နိုင်သည်။ ကထိန်ခင်းကြသည်ဆိုရာဝယ် ကထိန်သင်္ကန်း များစွာလှူခြင်း၊ ဝတ္ထုငွေ များစွာလှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည့်အခါ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး၊ ဉတ်သင်္ကန်းလှူသူကသာ ကထိန်အလှူရှင် ဖြစ်သည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့် မရသေးသရွေ့ဘယ်သောအခါမျှ ကထိန်အလှူရှင်မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပါရစေဟူ၍ လှူလို့မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။

ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်

အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်မှာပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်သည်။ 

မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့် ကျောင်းတိုက်၏ ကျောင်းအမည်ကို တပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည်ဖြစ်သည်။ 

ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး

ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများ ရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားသည်။ 

မသိုးသင်္ကန်း 

“မသိုးသင်္ကန်း” ရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူဒါနတစ်ခု ဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင့်။ တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည့်အခါ အလှူဒါနမြောက်စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း စာရေးသူမှ ဤဆောင်းပါးဖြင့် ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။ ။

Source- Myawady Webportal

တင်ထက်ထက်ဇော်

အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ် 

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး

      မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ  စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။

“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊  စီးပွားရေးနှင့်  လူမှုရေးပညာရပ် တို့ကို   လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ      ရရှိလာသော အသိပညာနှင့် အတတ်ပညာ များကိုအခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့်  အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံ များ၊   စက်၊   ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းစဉ်များကို     ဒီဇိုင်းတွက်ချက် တည်ဆောက်၊  ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့် ယှဉ်ပြီး  အသုံးချရသော ပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။

အင်ဂျင်နီယာပညာရေးအား  အဓိပ္ပာယ် ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု အင်ဂျင်နီယာများ ၏  ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်နေသည်ကို သိရှိရန် လိုအပ်သည်။

ဆက်နွှယ်နေသည့်  အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများ အပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသောချဉ်းကပ်မှုများ ကြောင့်  ပညာရပ်ဆိုင်ရာ   ချဉ်းကပ်လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေး များပင် ဖြစ်သည်။

လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေး ဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန် ဆက်နွှယ်မှုများရှိနေသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့် တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။

သဘာဝပတ်ဝန်းကျင်၏  ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ်  သက်ရောက်မှု ရှိနေတတ်သည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း    ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။   လူမှုရေး၊   စီးပွားရေး၊ နည်းပညာရပ် ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များ အကြားမှာ ရှိသည့်  အချို့သော   ဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝ    ပြဿနာအခက်အခဲများကို တည်ငြိမ် အေးချမ်းမှု ပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်သည်။

ထို့ကြောင့်  အင်ဂျင်နီယာပညာရေး ဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ -  စီးပွားရေး ပညာတို့၏ အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ် တစ်ခုဖြစ်လာစေသည်။

အင်ဂျင်နီယာပညာရေး၏    အခန်းကဏ္ဍအပေါ်    ပြည်သူလူထုအကြား အချီအချ   အပြန်အလှန် ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ  သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာထိ   ခရီးရောက်နေသည်ကို သိစေရန်    အင်ဂျင်နီယာ ပညာရေး၏ လိုအပ်ချက်များကို   မည်ကဲ့သို့ပြုပြင် ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ ကို    ပြဋ္ဌာန်းဆောင်ရွက်လာကြသည်။

အစဖြစ်တည်မှု၏  သဘာဝကို အဓိပ္ပာယ်ရှိရှိ  လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်သည်။  ၁၉၁၈  ခုနှစ် Mann  အစီရင်ခံစာမှာ  “အင်ဂျင်နီယာ ပညာရေး”  ၏  အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ  “သက္ကရာဇ်  ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက  အဓိပ္ပာယ် သတ်မှတ်ဖွင့်ဆိုကြသည်။

အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲ ဖန်တီးသူများက   ထုတ်ပြန်ခဲ့သည်။   အင်ဂျင်နီယာ ပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍ တစ်ရပ်အနေနှင့် ပါဝင်သောကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာ ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည် ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်သည်။

ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲ ခဲ့ကြသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ    ဖော်ပြရေးသားထားကြသည်။ ဆောင်ရန်၊ ရှောင်ရန်  အချက်များလည်း ပါဝင်သည်။

အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့်    ဤနည်းနှင့်သွားမည်၊ မသွားဘူးစသည်တို့ကို ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော  အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်များကြောင့် တင်းမာမှုများ   ပေါ်ပေါက်စေခဲ့သည်။

ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော  အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊    လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့် သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သောဘာသာရပ်လား စသည်ဖြင့်ဖြစ်ပေါ်လာ သည်။   ဤသို့သော  အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာ လေ့လာခဲ့ရသည်

အထိ ဤကိစ္စသည် အရေးပါလာခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့သည်။

အခြေခံသဘောတရားနှင့်ကန့်သတ်မူဘောင်(တက္ကဗေဒအခြေခံစနစ်)

    အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့်  မေးခွန်းထုတ်ထားသည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်းခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေ သည်ကိုပဲ  ဖြစ်သည်။  အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာ ပညာရေးနှင့်  အချိန်နှင့်အမျှပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများ အကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေ သည်  ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာဆိုင်ရာများနှင့် အခြားသော ဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်သည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ ၏   လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည်   ကျွန်ုပ်တို့ ဘာတွေလေ့လာ သင်ကြားရမည် ဆိုသည်နှင့် ဘယ်လိုလေ့လာ ဆည်းပူးကြရမလဲ ဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေသည်။

ဤတွင် “စနစ်” ဆိုသောစကားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်ကို   သီးသန့်ကွဲထွက်စေ သော  သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ  အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲ ဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာ ပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာပညာရေးသည် လည်း    သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိသည်။

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည်    အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှု   တစ်စုံတစ်ရာ ဖြစ်စေသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာ ပညာရေး ကလည်း   ပိုမို ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်သည်။ ဤသုံးသပ်   ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွား တစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော   ထုတ်ပြန်မှု တစ်ခုဖြစ်လာစေ သည်။  အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမား ကျယ်ပြန့်သော စနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့် အချက်သည်  ရေရှည်အကျိုးစီးပွားတွင်   ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာ ထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်သည်။

အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှု အခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏ အလေ့အကျင့်များကို  အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန်လိုသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏   ဆက်စပ်မှုကို လေ့လာသောအခါ    တည်ငြိမ်သော ရှုထောင့်ကို  ရွေးချယ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ၊ အင်ဂျင်နီယာဘာသာရပ်၏   တန်ဖိုးများသည်  ပိုမိုကြီးမားသော  အခြားစနစ် များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်သည်။  မတိကျမှုများဖြစ်နေနိုင်သည်ကို တွေ့မြင်နေရသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှုနည်းပါး သဖြင့်  တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာသည်။  အဓိပ္ပာယ်ရှိရှိ  တွေးခေါ်ရန်၊   ဘဝဖြစ်တည်မှု   လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း  “Talk around each other” (ဝိုင်းကြီးပတ်လည်စကား လက်ဆုံကျရင်း)  နှင့်  ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေး အတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍     ဖော်ပြနေသည်။ ဤအတွေးအမြင်များကို  “အဓိပ္ပာယ် ပြန်ဆို”   ရန်   တောင်းဆိုနေသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။

ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့  အကြားကဆက်နွှယ်မှုကို   ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆိုပါက ဆောင်းပါးရှင်များအနေဖြင့်   အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို   ရွေးချယ်ကြသည်။   ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်”   ကို ချဉ်းကပ်လေ့လာရသည့် အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သော   စနစ်ကြီးနှင့်   ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့်  အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှုများရှိနေ၍ဖြစ်သည်။  ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။

အင်ဂျင်နီယာလုပ်ငန်းဆိုတာဘာလဲ။

ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက်အကျိုးမဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကို လည်း  အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေနှင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်သည်။

အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က  မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း   စသည်များ  ဖြစ်လာစေသည်။ ကျွန်တော်တို့က  တစ်ပြေးညီသတ်မှတ်ချက်များပြဋ္ဌာန်းပြီး   မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ   စိတ်ကူးအကြံဉာဏ်များလည်း မတိကျမသေချာမှုဖြစ်ပေါ်နိုင်သည်။   ဒါကြောင့်   အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီးလိုအပ်လာသည်။

ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊   မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲ ဆိုသည်ကိုသိရှိအောင်  လုပ်ပေးသည်ဆိုသော အချက်ကို ထောက်ပြထားသည်။

အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော      အရာများဖြစ်သည်။

ဒါကြောင့်   အဓိပ္ပာယ်သတ်မှတ်ချက် များသည်   အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုးမဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး  အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမို တောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့သည်။    အချိန်နှင့်အမျှ   ဘယ်လိုပြောင်းလဲနေသည်   ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့သည်။

အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ  အဓိပ္ပာယ်သတ်မှတ်ချက်များ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို   မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲ သွားသည်ဆိုသည်ကို   ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုသည်။

အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို  ထည့်သွင်းစဉ်းစားသောအခါ  မူဝါဒဆိုင်ရာစာတမ်းများထဲက  အင်ဂျင်နီယာဆိုင်ရာ  အဓိပ္ပာယ် သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊   တစ်စုံတစ်ဦးက   သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ် အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို   ဖော်ပြရန် လိုအပ်လာသည်။  အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်း   ကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး  သေချာဆန်းစစ်လေ့လာကြည့်သောအခါ အတော်လေးရှုပ်ထွေးနက်နဲလာသည်။

အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေသည်။   မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာ အမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည် သဘောပေါက်ရန်အတွက်   မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင် ဆောင်ရွက်ချက်များနှင့်  လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။    ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့သည်-

“ဖွင့်ဆိုချက် ငါးခု” (Highlight five types of definitions)

(၁)     Etymalogical (ရင်းမြစ်ဗေဒ)

(၂)     Essential (အနှစ်သာရ)

(၃)     Precriptive (ပြဋ္ဌာန်းချက်များ)

(၄)     Linguistic (ဘာသာဗေဒ)

(၅)     Pragmatic (လက်တွေ့သဘောတရား)

ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်းငါးခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။

အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစားအခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း   (Extensional)  သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (Denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ပါဝင်သော  အကြောင်းအရာများကို   အစီအစဉ်တကျ   စာရင်းနှင့်သတ်မှတ်ခြင်းမျိုးတို့ ပါဝင်သည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့်  သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်သည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများနှင့်  ရှိနေသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ   ဖြစ်လာတတ်သည်။

ခေတ်အဆက်ဆက် စာတမ်းများနိုင်ငံတကာတွင်  ၁၉ဝဝ  ပြည့်နှစ်မှ ၂ဝ၂ဝ  ပြည့်နှစ်အထိ   ခေတ်အဆက်ဆက် အင်ဂျင်နီယာပညာရေး   စာတမ်းများ ရေးသားပြုစုခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် မန်း၏စာတမ်း၊ ၁၉၂၃ ခုနှစ်တွင် ဝစ်ကင်ဒန်၏ လေ့လာချက်၊ ၁၉၄၀ ပြည့်နှစ်တွင် ဟာမန်း၏ စာတမ်း၊ ၁၉၅၅ ခုနှစ်တွင် ဂရင်တာ၏ စာတမ်း၊ ၁၉၆၆ ခုနှစ်တွင် အမျိုးသားအင်ဂျင်နီယာသိပ္ပံအဖွဲ့ အင်န်အေအီးသည် အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့်ပတ်သက်ပြီး ဘာများလုပ်သင့်ပြီလဲ၊ ၁၉၆၈ ခုနှစ်တွင် “အင်ဂျင်နီယာပညာရေး၏ ပန်းတိုင်များ”၊ ၁၉၈၅ ခုနှစ်တွင် ယူအက်(စ်)(US) ၏  “အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာတို့၏ အလေ့အကျင့်” များ (အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ကျင့်ထုံးများ)၊ ၂ဝဝ၄ ခုနှစ်တွင် “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” ဆိုသောစာတမ်းများ   ပေါ်ထွက်လာခဲ့ ပါသည်။

“အင်ဂျင်နီယာပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်” အား ကျယ်ပြန့်နက်ရှိုင်းစွာ နားလည်စေရန် ၈၆ နှစ် (၁၉၁၈-၂ဝဝ၄)အတွင်း တင်သွင်းခဲ့သော စာတမ်းပေါင်းမြောက်မြားစွာအနက် “အင်ဂျင်နီယာ ပညာရေးမူဝါဒ” စာတမ်းများကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။

အင်ဂျင်နီယာပညာရေး

 အဓိပ္ပာယ်သတ်မှတ်ချက်များ ကာလအားလျော်စွာ ဘယ်လိုပြောင်းလဲ လာသည်ဆိုသည်ကို ပိုင်နိုင်စွာ စူးစမ်းနိုင်ရန် သရုပ်ဖော်ပုံ၏ အချိန်ကာလပြဇယား၌ ပြထားသောစာတမ်းများကို  ရွေးချယ်ခဲ့ပါသည်။ ဤစာတမ်းများကို ရွေးချယ်ရာမှာ  မူဝါဒစာတမ်းများ   အများကြီးကို စိစစ်ပြီး ယင်းတို့အထဲကမှ အတိအလင်းအားဖြင့်လည်းကောင်း၊  သွယ်ဝိုက်သောအားဖြင့် လည်းကောင်း  အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်အဝပါရှိသည်များကို ရွေးထုတ်ခဲ့ခြင်းဖြစ် သည်။

အဓိပ္ပာယ်သတ်မှတ်ချက်များကို စူးစမ်းလေ့လာရင်းနှင့် အမျိုးမျိုးသော အစီရင်ခံစာစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ကောလိပ်များ၊ သက်မွေးပညာသင် ကျောင်းများက ကိုးကားခဲ့ကြသည်ကို    တွေ့ရသည်။

အစီရင်ခံစာစာတမ်းတစ်ခုကို    အခြားအစီရင်ခံစာ    စာတမ်းများကလည်း ကိုးကားလာခဲ့ကြသည်။ အင်ဂျင်နီယာနှင့်ဆိုင်သော ဆရာများ၊ တက္ကသိုလ်အုပ်ချုပ်သူများ၊ (မူဝါဒ) ပေါ်လစီ ရေးဆွဲသူများသည် အစီရင်ခံစာစာတမ်းများကိုဖတ်ကြားခဲ့ကြပြီး ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ အချိန်ကြာရှည်စွာ   ကိုးကားလာကြသော်လည်း   ရလဒ်များကို  တိကျစွာ မတိုင်းတာနိုင်ခဲ့ကြပါ။  ပထမဆုံးသော ယူအက်(စ်)(US)   ဗဟိုပြုစာတမ်းများအနေနှင့်  ဗြိတိန်က  ပူးတွဲသုံးစွဲခဲ့ကြသည်။     ပထမဆုံးတစ်ချက်အနေနှင့် ဤစာတမ်းသည် အမေရိကန်ပြည်ထောင်စုရှိ မှတ်တမ်းမှတ်ရာ အထောက်အထားများကို အဓိကဗဟိုပြုထားပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံကဲ့သို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လေ့ရှိသော  အခြားနိုင်ငံများ၏ မှတ်တမ်းမှတ်ရာ   အထောက်အထား များအား ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။

ဒုတိယအနေနှင့် ဤစာတမ်းများသည် သမိုင်းဆိုင်ရာ နောက်ဆက်တွဲပိုင်းတွင် မပြည့်စုံသည့်အတွက် ပြည့်ဝစွာနားလည်နိုင်ရန် လိုအပ်လာသည်ကို တွေ့ရသည်။ ထိုသို့နားလည်ရန် ကြိုးစားလာကြရင်းနှင့် ဤစာတမ်းကို  ရေးသားဖြစ်ခြင်းဖြစ်ပါသည်။    အဓိပ္ပာယ်သတ်မှတ်ချက်ဆို သည်မှာ သမိုင်းဆိုင်ရာနောက်ကြောင်းအပြင်    ယနေ့ခေတ်စကားရပ်များနှင့် အပြည့်အဝ  နားလည်ခြင်းမျိုးဖြစ်ရပါမည်။ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ဆက်နွှယ်မှုများမှတစ်ဆင့်    အဓိပ္ပာယ် သတ်မှတ်ချက်များကို   နားလည်ရန် အားထုတ်ရာမှာ အလွန်အကျွံဖြစ်သွားပါကလည်း     ဤစာတမ်း၏ဘောင်ကို ကျော်လွန်သွားမည်ဖြစ်သည်။

နောက်ပိုင်းတွင်  ၁၂  တန်း  အပြီး လေးနှစ်သင်ကောလိပ်များ၊ တက္ကသိုလ်များ၊ သက်မွေးပညာကျောင်းများတွင်ပါ သမိုင်းဆိုင်ရာများပြည့်စုံရန် ဖြည့်စွက်လာကြသည်။       ဤအရာများကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရင်း တချို့သောအဖွဲ့များ၊ ကော်မတီများတွင် သုံးစွဲလာကြသည်။   အမျိုးမျိုးဖြစ်နိုင်ခြေရှိသော၊   ဘက်လိုက်သည့် သဘော အဆိုပါအဖွဲ့များတွင် သုံးသပ်တင်ပြလာကြပြန်သည်။

အဆုံးတွင်  စာတမ်းအများစုသည် အထွေထွေအဆန်းဆန်း သိမ်မွေ့နက်နဲသော ဆွေးနွေးချက်များနှင့် အပြီးသတ်တည်းဖြတ်ခဲ့ကြသည်။    ထို့အတွက် စာတမ်းများသည် အချီအချဆွေးနွေးမှုများ အလုံးစုံကို အပြည့်အဝမဆိုနိုင်ပေမယ့်လည်း အများသဘောဆန္ဒအဖြစ် ရှုမြင်နိုင်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ၊ ကော်မတီဝင်များသည် အများသဘောဆန္ဒအမြင်ကို   အကျိုးသက်ရောက် စေသူများဖြစ်သည်။ သူတို့ကြောင့် အမျိုးမျိုးသော  ဖြစ်နိုင်ခြေရှိသည့်  ဘက်လိုက် တတ်သော သဘောများကို မြင်သာစေသည်။      

“အင်ဂျင်နီယားရင်း” (Engineering) ၏ ဝေါဟာရပိုင်းဆိုင်ရာ အခြေခံဝေါဟာရဗေဒအရ ပြောရမည်ဆိုလျှင် အင်ဂျင်နီယားရင်းဆိုသည်မှာ အရစ်(စ်)တိုတယ်(လ်)၏ စစ်မှန်သောအတွေးအခေါ် တစ်ခုဖြစ်သည့်   ရှေးခေတ်ဂရိများ၏ ဒဿနိကကိုအခြေခံလာသော  အခေါ်အဝေါ်ဖြစ်သည့် နည်းနာ (Techne) ဆိုသော ထုတ်လုပ်မှုစွမ်းရည် သို့မဟုတ် ဖြစ်ထွန်းအောင်လုပ်သည့်   အနုပညာဆိုသည့် စကားရပ်ကနေ    ဆင်းသက်လာဟန် ရှိသည်။ နည်းနာဆိုသောစကားထဲတွင် ခေတ်သစ်အင်ဂျင်နီယားရင်း အဓိပ္ပာယ်သတ်မှတ်ချက်များပါဝင်သော  ဖန်တီးတီထွင်ခြင်းနှင့်  ကျွမ်းကျင်ပါးနပ်စွာပြုလုပ်ခြင်းတို့ ပါဝင်နေသည်။

ယခုခေတ်အခါမှာ ဖွင့်ဆိုနေကြသော “အင်ဂျင်နီယားရင်း” ဆိုသည်မှာ ရှေးခေတ်ဂရိတို့တွင်  မရှိခဲ့သေးသလို  ခေတ်သစ်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းမျိုး မဟုတ်ကြောင်း  သိသာထင်ရှားစေသည်။

အနောက်တိုင်း၏   အတွေးအခေါ်များအပေါ် ရှေးခေတ်စာပေအရေးအသားများ လွှမ်းမိုးခဲ့ခြင်းမျိုး ကျန်ရှိနေဟန်တူသည်။ “အင်ဂျင်နီယားရင်း” ဆိုသည်မှာ လက်တင်ဝေါဟာရအရင်းအမြစ်ကလာသော အင်ဂျင်နီအာရယ် (Ingeniare) တီထွင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ဖြစ်မြောက် အောင်ကြံဆောင်ခြင်းဆိုသော အဓိပ္ပာယ်ရှိသည်။  အင်ဂျင်နီယာဆိုသော  အခေါ်အဝေါ်သည် အလယ်ခေတ် ကာလခန့်တွင် အစပြုခဲ့ပြီး  စစ်သုံးလက်နက်ကိရိယာတန်ဆာပလာများနှင့် ဆက်စပ်နေသော စစ်သည်တော်များ၊    မြို့ပြလူနေမှု တည်ဆောက်ရေးများကို တီထွင်ကြံဆလုပ်ကိုင်ကြသော ဗိသုကာပညာရှင်များနှင့်  အရင်ဆုံး    ပတ်သက်ဆက်စပ်ခဲ့သည်။

စာရေးသူအချို့၏ ဖော်ပြချက်များအရတပ်မတော်များသည် အင်ဂျင်နီယာများပါသော တပ်ခွဲများရှိ  ဦးဆောင်အရာရှိများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်သင်ကြားခြင်းမျိုး  ရှိခဲ့သည်။ နပိုလီယန်၏ အရာရှိများကို သင်တန်းပေးသော ပြင်သစ်နိုင်ငံမှ အီကိုးလ်  သိပ္ပံ နည်းပညာကောလိပ် (Ecole Polytechnic) (၁၇၉၄ ခုနှစ်) သည် ပထမဆုံးအသိအမှတ်ပြု အင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာခဲ့သည်။

အလားတူ ယူအက်(စ်) စစ်တက္ကသိုလ် ဝက်စ်ပွိုင့်   (US Military Academy, West Point) သည်လည်း ယူအက်(စ်)၏ ပထမဆုံးအင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာ ခဲ့သည်။   ဤသို့   တပ်မတော်များက အစပြုခဲ့ပုံများကို    အင်ဂျင်နီယာအများစု   သတိမပြုမိကြသော်လည်း တပ်မတော်နှင့်ဆိုင်သော    “စစ်သည်တော်များ” သို့မဟုတ် “စစ်ပွဲ” စသော အခေါ်အဝေါ်များသည် အင်ဂျင်နီယာဆိုသော   စကားလုံးနှင့်  ယခုထက်ထိတိုင်  မသိမသာ  အပြန်အလှန်  ဆက်စပ်နေသည်။

အင်ဂျင်နီယာပညာရေး

အင်ဂျင်နီယာပညာရေး

အင်ဂျင်နီယာနှင့်  အင်ဂျင်နီယားရင်း (Engineering) ဆိုသော အသုံးအနှုန်းများသည် အရပ်ဘက်မှာ ပိုမိုအသုံးများလာသောအခါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံများနှင့် ဓလေ့ထုံးတမ်းများအကြားတွင်  စတင်ကွဲပြားလာပါတော့သည်။ အင်္ဂလိပ်စကားပြောကြသော နိုင်ငံများတွင် အင်ဂျင်နီယားရင်း၏ ပထမဆုံးခေတ်သစ် အရပ်ဘက်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်   “UK မြို့ပြအင်ဂျင် နီယာများအသင်း”   (Institution  of Civil Engineers, UK) ၏ ပဋိညာဉ်ကနေ အကြောင်းပြု ထွက်ပေါ် လာသည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြသည်။

ယုတ္တိဗေဒနှင့် သိပ္ပံဘာသာရပ်သည် ၁၉ ရာစု နှင့် ၂ဝ ရာစုများမှာ လွှမ်းမိုးကြီးစိုးလာခဲ့သောကြောင့်  သိပ္ပံဆိုင်ရာ ရှာဖွေလေ့လာ တွေ့ရှိချက်မှ    အသိအမြင်ဗဟုသုတများကို   စက်မှုလုပ်ငန်း၏ ထုတ်ကုန်များနှင့် လုပ်ငန်းစဉ်များတွင် အလျင်အမြန် ပူးပေါင်းလာပါတော့သည်။

ထို့ပြင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ခြင်းများ၌ ၁၉ ရာစု တစ်လျှောက်တွင် စက်ယန္တရားများကို ပိုမိုပြီး အစားထိုးလာခဲ့ကြသည်။    ဤသို့     စက်ယန္တရားအစားထိုးအသုံးပြုခြင်းများအား အတော်လေး  အရှိန်အဟုန်ကောင်းလာခဲ့သောကြောင့် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်းများနှင့် ပို၍နှီးနွှယ်လာပါတော့သည်။

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရေးအား အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ် ၌   စတင်ခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ လူမှုဘဝနှင့် ကိုက်ညီသည့် “အင်ဂျင်နီယာပညာရေးအဓိပ္ပာယ်”  ကို  အနာဂတ်ကာလတွင် ပြဋ္ဌာန်း ချမှတ်  သတ်မှတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် လွန်ခဲ့သော  နှစ် “၁၀၀”  ကာလအတွင်း တိုးတက်ပြောင်းလဲလာမှုများကို အခြေခံ၍ ပြုစုရေးသားတင်ပြလိုက်ပါသည်။ အထက်ဖော်ပြပါအတိုင်း အင်ဂျင်နီယာပညာရေးဆိုင်ရာ   နိုင်ငံတကာစာတမ်းစတင်ပေါ်ပေါက်ခဲ့ပြီး ခြောက်နှစ် အကြာတွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေးစတင်ခဲ့သည်ကို ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။ ယခုအခါ KG+12 စနစ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အင်ဂျင်နီယာပညာရေးကို KG+12   ပြီးလျှင်   ပညာသင်နှစ် ဘယ်နှနှစ်ဖြင့်   သင်ကြားမလဲဆိုသည့် မေးခွန်းအတွက်လည်း စဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အင်ဂျင်နီယာပညာရပ်သည်   လူမှုသိပ္ပံပညာနှင့် နည်းပညာတို့  ဒွန်တွဲနေသည့်  ဘာသာရပ်အဖြစ်    သိသာထင်ရှားလာသည်ဖြစ်ပါ၍   အဆိုပါလိုအပ်ချက်နှင့်အညီ မိမိတို့၏  မျိုးဆက်သစ်လူငယ်များကို ခေတ်ကာလ     လိုအပ်ချက်နှင့်အညီ  ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းကြပါစို့လို့   ရေးသားတင်ပြအပ်ပါသည်။   ။

မိမိမိတ်ဆွေများနှင့်  ဘတ်ကနေးတက္ကသိုလ်က    ဒေါက်တာအလန်လ်ရှယ်ဗယ်   ရေးသားသည့်     Defining Engineering   Education   ကို အကြိမ်ကြိမ်    ဘာသာပြန်ရေးသားဆွေးနွေးခဲ့သည်ကို     မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ နှစ် ၁၀၀ ပြည့်  အထိမ်းအမှတ်အဖြစ် ပြင်ဆင်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

Source-www.moi.gov.mm

အမည်မသိ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာ လ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။

အဲဒီဓာတ်ပုံတွေအနက် စန်းကျန့် (Shenzhen) တံငါရွာလေးရဲ့ ၂၀ ရာစုနှစ် ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလက မြင်ကွင်းနဲ့ လက်ရှိ ၂၀၂၄ ခုနှစ် မြင်ကွင်းနှိုင်းယှဉ်ဖော်ပြထားတဲ့ပုံကို သတိပြုမိ ပါတယ်။ ယခင်ကရေပတ်လည်ဝိုင်းနေတဲ့ ကွင်းပြင်သာသာမြေနေရာဟာ အခုတော့ မိုးပျံအဆောက် အအုံတွေအစီအရီနဲ့ မိုးနဲ့မြေကွာခြားသလို ရင်သပ်ရှုမောမဆုံး တွေ့မြင်လိုက်ရပါတယ်။

၁၉၇၄ ခုနှစ် ဧပြီလမှာ တရုတ်ကွန်မြူနစ်ပါတီ စန်းတုန်ပြည်နယ်၊ ပြည်နယ်ပါတီကော်မတီက ဗဟိုကော်မတီကို ဟောင်ကောင်၊ မာကောက် (မကာအို) တို့နဲ့ နယ်နိမိတ်ချင်းစပ်နေတဲ့ စန်းကျန့်၊ ကျူးဟိုင်တို့မှာ ပြည်ပပို့ကုန်အချောကိုင် ဒေသထူထောင်သွားရေးကို တင်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က အဲဒီနေရာတွေရဲ့တန်ဖိုးကို ချက်ချင်း ထက်ထက် မြက်မြက် တွက်ဆမိတဲ့အတွက် “အထူးဒေသလို့ခေါ်တာ ကောင်းပါတယ်။ ဟိုတုန်းကလည်း ရှမ်းဆီး-ကန်စု-နင်ရှပြည်နယ် နယ်စပ်ဒေသကို အထူးဒေသလို့ ခေါ်ခဲ့တာပဲ။ ဗဟိုမှာတော့ ငွေမရှိဘူး။ ရဲဘော်တို့ဘာသာ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ကြပါ။ ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြကြပါ” လို့ ချက်ချင်းအဖြေပေးလိုက်ပါတယ်။

သုံး၊ လေးနှစ်အတွင်း မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့

ဒီနောက်မှာတော့ အထူးဒေသရဲ့ ရှင်သန်မှုစွမ်းအားဟာ အလွန်လျင်မြန်စွာ တိုးတက်ပေါ်ထွက်လာ ပါတယ်။ သုံး၊ လေးနှစ်အတွင်းမှာ ယခင်တံငါရွာလေးဟာ မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့ပြီး ပမာဏအားဖြင့် ခေတ်မီမြို့ပြတစ်ခုရဲ့ အတိုင်းအတာအထိ ရှိလာခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ တိန့်ရှောင်ဖိန်ကိုယ်တိုင် အထူးဒေသကို လာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် “အထူးဒေသဟာ ပြတင်းပေါက်တစ်ခုဖြစ်တယ်။ အတတ်ပညာတွေရဲ့ ပြတင်းပေါက်၊ စီမံအုပ်ချုပ်မှုရဲ့ ပြတင်းပေါက်၊ အသိပညာတွေရဲ့ ပြတင်းပေါက်ဖြစ်သလို ပြည်ပပေါ်လစီရဲ့ ပြတင်းပေါက်လည်း ဖြစ်တယ်” လို့ ဆိုလိုက်တယ်။ အဲဒီနောက် တရုတ်ပြည်မှာ စီးပွားရေးအထူးဒေသမှ ပင်လယ်ကမ်းရိုးတန်း တံခါးဖွင့်မြို့တွေဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ကမ်းတစ်လျှောက်နဲ့ အတွင်းပိုင်း ဒေသတွေမှာ၊ နေရာအားလုံးတွေမှာ၊ အစီအစဉ်မျိုးစုံနဲ့ ကျယ်ပြောလှတဲ့ နယ်ပယ်ကြီးရဲ့ ပြည်ပတံခါးဖွင့် အခင်းအကျင်းများအဖြစ် တစ်စတစ်စ ဖြစ်တည်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လုပ်ဆောင်ချက် ဟာ စီးပွားရေးအထူးဒေသထူထောင်မှုက မြစ်ဖျားခံခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီလိုပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ကို ကွင်းဆက်ကျကျ၊ အချိတ်အဆက်မိမိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်မှုတို့ရဲ့ ဆက်စပ်မှုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဝေါဟာရသုံးလုံးနဲ့ ပတ်သက်ပြီး တိန့်ရှောင်ဖိန်လက်ရွေးစင်ကျမ်း တတိယအတွဲရဲ့ ဆောင်းပါးတိုင်းနီးပါး မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

ဒါ့အပြင် တိန့်ရှောင်ဖိန်ဟာ “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေးဦး လိုအပ်ချက်နဲ့ အာမခံချက်ဖြစ်တယ်”လို့လည်း ဆိုခဲ့ပါတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေး ၁၀ နှစ်တာ ရဲ့ လေးနက်လှတဲ့ သင်ခန်းစာတွေက တည်ငြိမ်စည်းလုံးညီညွတ်တဲ့လူမှုရေး၊ နိုင်ငံရေးအခြေအနေ ဆုံးရှုံး တာနဲ့ တစ်ပြိုင်နက် အကျိုးဆက်ကတော့ ဒီမိုကရေစီအကောင်အထည်မဖော်နိုင်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ဘဲ နိုင်ငံတော်မှာ ဝရုန်းသုန်းကားဖြစ်ပြီး လူထုရဲ့စိတ်ဓာတ်လည်း ဖရိုဖရဲအခြေ အနေ ဖြစ်ပေါ်တတ်တယ်ဆိုတာကိုလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေကို သိမြင် နားလည်ထားစေခဲ့ပါတယ်။

တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်

ဒီသင်ခန်းစာတွေအရပဲ တိန့်ရှောင်ဖိန်က “တရုတ်ပြည်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားကတော့ တည်ငြိမ်ရေးပါပဲ”လို့ အလေးအနက်ညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်တယ်လို့လည်း ရှုမြင်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးဖြစ်ပြီး အခြားတစ်ခုက ပေါ်လစီတည်ငြိမ်ရေး ဖြစ်တယ်လို့ဆိုပါတယ်။

၁၉၈၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ တွေ့ဆုံစဉ်မှာလည်း တိန့်ရှောင်ဖိန်က “ဒီနေ့ ဒီအပိုင်းက လူတွေက လမ်းပေါ်တက်လိုက်၊ နောက်တစ်နေ့ဟိုအပိုင်းက လူတွေက လမ်းပေါ်ထွက်လိုက်၊ တရုတ်နိုင်ငံမှာ လူသန်းပေါင်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် ရှိနေတာ နေ့တိုင်းပြဿနာရှိနေမယ်ဆိုရင် နေထိုင်မှုဘဝတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ်တည်ဆောက်ရေးတွေ လုပ်နိုင်ပါ့မလဲ။ ဒါကြောင့် ခင်‌ဗျားတို့ ရှုထောင့်ကနေ တရုတ်နိုင်ငံပြဿနာတွေကို ကြည့်လို့ မဖြစ်နိုင်ဘူး။ တရုတ်နိုင်ငံရဲ့ အဓိက ရည်မှန်းချက် က ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့ အင်အားတိုးတက် လာစေရေး ဖြစ်တယ်။ ပြည်သူလူထုနေထိုင်စား သောက်မှုဘဝ ပြည့်စုံကုံလုံလာစေ ရေးဖြစ်တယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ရှိရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်မရှိရင် ဘာကိစ္စမှ လုပ်လို့မရနိုင်ဘူး”လို့ ထောက်ပြခဲ့ပါတယ်။

အလားတူ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်သမ္မတဟောင်း နစ်ဆင်နဲ့ တွေ့ဆုံရာမှာလည်း တိန့်ရှောင်ဖိန်က “တည်ငြိမ်စည်းလုံးညီညွတ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် တည်ငြိမ်တဲ့ လူမှုရေးအခြေအနေလည်း ရှိမှာမဟုတ်ဘူး။ ဘာမှလည်း လုပ်လို့ဖြစ်လာမှာ မဟုတ်ဘူး။ တည်ငြိမ် ရေးက အရာရာကို လွှမ်းမိုးထားတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းဟာ အလွန်တရာအရေးကြီး

ထို့အတူ ၁၉၉၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီ တတိယစုံညီအစည်းအဝေး နှစ် (၂၀) မြောက် အထိမ်းအမှတ်အစည်းအဝေး မှာ ထိုစဉ်က ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး သမ္မတကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ရဲ့ဆက်စပ်မှုကို တစ်လျှောက်လုံးမှန်မှန်ကန်ကန် ဆုပ်ကိုင်သွား ရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခိုင်မာတဲ့တရားဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ပြဿနာအားလုံး ပြေလည်ရေး ကွင်းဆက်ဟာ မိမိရဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မှီခိုနေတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တွန်းအား၊ တည်ငြိမ်ရေးဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံကျတဲ့ ရှေးဦးလိုအပ်ချက်ဖြစ်တယ်။ တည်ငြိမ်မှုမရှိရင် ဘာပြဿနာမှ ဆောင်ရွက်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ပါတီဟာ အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်၊ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေပြီး တံခါးဖွင့်ရေးကို တိုးချဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းတင်၊ တည်ငြိမ်ရေးကိုထိန်းသိမ်းတဲ့ အခြေခံလမ်းညွှန်ဟာ လုံးဝမှန်ကန်တယ်လို့ လက်တွေ့က သက်သေပြလိုက်တယ်”လို့ ညွှန်ပြပြောဆိုခဲ့ပါတယ်။ အလားတူ ကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုးတက်မှုတွေကို တည်ငြိမ်မှုနဲ့အတူ မှန်ကန်စွာကိုင်တွယ်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းကို ထိန်းသိမ်းတာဟာ အလွန်တရာအရေးကြီးတဲ့အဓိပ္ပာယ်ရှိတယ်။ တည်ငြိမ်မှုမရှိရင် ဘာကိစ္စမှလုပ်လို့ အောင်မြင်မှာမဟုတ်ဘူး” လို့ ညွှန်ပြခဲ့ပါတယ်။ 

လက်ရှိကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးသမ္မတ ရှီကျင့်ဖျင်ကလည်း “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးရေးအတွက် မရှိမဖြစ် ရှိနေရမယ့် လိုအပ်ချက်တစ်ခုဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုတို့ဟာ တစ်ပြေးညီ ယှဉ်တွဲပြီး ရှေ့ဆက်တိုးတက်လာတာသေချာအောင် လုပ်ကိုင်ကြရမယ်။ လူမှုရေးတည်ငြိမ်မှုဟာ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့အခြေအနေကို ဆောင်ကြဉ်းပေးတယ်။ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေက လူမှုရေးတည်ငြိမ်မှုအတွက် ခိုင်ခံ့တဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးတယ်။ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လျင်မြန်မှုနဲ့ သာမန်ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေကို ရေရှည်ထိန်းသိမ်းပြီး ပြောင်းလဲနိုင်ရေးအပေါ်မှာ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ချမ်းသာသုခ ပိုမိုပြည့်စုံတိုးတက်ရေးဟာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ ညီညီမျှမျှ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု အဖြစ်မှတ်ယူကြရမှာဖြစ်တယ်”လို့ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ဒုတိယမြောက်အုပ်စုလေ့လာရေး အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာထက်က ၇၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုပြယုဂ် မှတ်တမ်းဓာတ်ပုံတွေအရသော်လည်းကောင်း ယနေ့ခေတ်သစ်တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တရုတ်နိုင်ငံခေါင်းဆောင် အစဉ်အဆက် လက်ကိုင်ပြုကိုင်စွဲထားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးဆက်စပ်မှုကွင်းဆက်သဘောတရားရဲ့ အကျိုးရလဒ်တွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အိမ်နီးချင်းဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ဖော်ဆောင်တဲ့အခါမှာ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်၊ တည်ငြိမ်တဲ့ လူမှုရေးပတ်ဝန်းကျင်အပါအဝင် ဘက်စုံတည်ငြိမ်မှုရရှိစေရေးဟာ ဘယ်ခေတ်မဆို အဓိကသော့ချက်တစ်ခုဖြစ်တယ်လို့ သတိချပ်ဆင်ခြင် နှလုံးသွင်းနိုင်ဖို့ ဆက်စပ်တင်ပြလိုက်ရပါတယ်။ ။

ကိုးကား - 

- ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု။

- ရဲဘော်မိုးဦး၏ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာခံ ကောက်ကြည့်ခြင်း)

Source- Myawady Webportal

မောင်ကမ္ဘာ

ပေ ၁၀၀ ကျယ်ဝန်းသည့်လမ်းမကြီးက စက်မှုဇုန်တစ်ခု၏ အသွင်သဏ္ဌာန်ပေါ်လွင်လာစေရန် အစပြုပေးသည့် လမ်းမကြီးဖြစ်နေသည်။ ဒေသစီးပွား တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် မကွေးစက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းများသည် စတင်နေပြီဖြစ်သည်။ စီမံကိန်းတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု အပါအဝင် လမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေဆိုးထုတ်စနစ်၊ လုံခြုံရေးစနစ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး စုဝေးခန်းမ စသည်ဖြင့် စက်မှုဇုန်တစ်ခုအတွက် လိုအပ်သည့် အခြေခံ လိုအပ်ချက် အားလုံးပါဝင်မည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းများစွာ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများစွာသည် တစ်နေရာတည်းတွင် စုစည်းကာ စက်မှုဇုန်တစ်ခုအဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။ 

စက်မှုဇုန်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေ

မကွေးစက်မှုဇုန်သည် စက်မှုဇုန်တစ်ခုအဖြစ် ရှင်သန်ရပ်တည်သွားနိုင်ရန် စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေနေရာရှိခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာဝင်ထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာနယ်စပ် ဆက်သွယ်ရေးလမ်းကြောင်း ရှိခြင်းနှင့် ပြည်တွင်း ဈေးကွက်များကို အလွယ်တကူ သွားလာဆက်သွယ်နိုင်ခြင်းစသည့် စက်မှုဇုန် အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေသည်။

“ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းထွက်တဲ့ နေရာဒေသဆိုတော့ ဒါနဲ့ဆက်စပ်တဲ့ ပဲကြော် လုပ်ငန်း လုပ်ပါတယ်။ ဇာတိက နမ့်ဆန်ကပါ။ နမ့်ဆန်က လက်ဖက်နဲ့ မကွေးကပဲကြော်ကို ပေါင်းစည်းနိုင်ဖို့ ဒီဒေသကိုပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ခဲ့တာပါ။ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ ပဲကြီးက အနံ့ အသက်ရှိတဲ့အတွက် လူနေရပ်ကွက်နဲ့ အဆင်မပြေဘူး။ ဈေးကွက်ကလည်းရှိတဲ့အတွက် လုပ်ငန်း ချဲ့ရင်ချဲ့သလောက် အကျိုးဖြစ်မှာဖြစ်တဲ့အတွက် အခုလို စက်မှုဇုန်ပေါ်လာတာ ဝမ်းသာတယ်။ စက်မှုဇုန်မှာက လမ်း၊ မီး၊ ရေ၊ ရေဆိုးစနစ် အကုန်ပါတယ် ကြားပါတယ်။ ဒီတော့ စက်မှုဇုန်ထဲ ပြောင်းလဲလုပ်ဖို့ အခုကတည်းက အသင့်ပြင်ထားပါတယ်” ဟု မကွေးမြို့မှ ခါတော်ဦး ပဲကြော်၊ လက်ဖက်ရောင်းဝယ်ရေးလုပ်ငန်းမှ ဒေါ်မိုးသူဇာက ဆိုသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မကွေးစက်မှုဇုန်ကို မကွေးမြို့ကွန်ပျူတာတက္ကသိုလ် အနီး မကွေး-တောင်တွင်းကြီး ကားလမ်းဘေးရှိ မြေဧရိယာ ၄၆၁ ဒသမ ၁၄ ဧက ပေါ်တွင် ဖော်ဆောင် နေခြင်းဖြစ်သည်။

“အဓိကတော့ စက်မှုဇုန်တစ်ခုအဖြစ်ရပ်တည်ပြီး ဒေသတွင်း စီးပွားရေးအခွင့်အလမ်းတွေကို ကြိုးစား ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ပါတယ်။ ဒီလိုဖော်ဆောင်နိုင်ဖို့ မကွေး စက်မှုဇုန်ဟာ စက်မှုဇုန်ဥပဒေနဲ့ကိုက်ညီတယ်၊ ပြီးတော့ ဒေသတွင်းမှာ စပါး၊ ပဲ၊ နှမ်း၊ ဝါ စတဲ့ သီးနှံတွေ အများကြီးထွက်တယ်၊ ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေနဲ့ ဆက်စပ်ပြီး ကုန်ထုတ်လုပ်ငန်းတွေ အများကြီး ရှိတယ်၊ တခြားစားသောက်ကုန်လုပ်ငန်းတွေလည်းရှိတယ်၊ ဒီလို လုပ်ငန်းအရပ်ရပ်အတွက် ၂၄ နာရီ မီးရရှိအောင်၊ ရေရရှိအောင်၊ လမ်းကောင်းအောင် အပါအဝင်အခွင့်အလမ်းတွေကို ဒီစက်မှုဇုန်မှာ ဖော်ဆောင်ပေးထားတယ်။ ဒီလိုတစ်နေရာစီလိုက်ပြီး ဖြည့်ဆည်းတာထက် ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေ စက်မှုဇုန်မှာ စုစည်းတဲ့အခါ နိုင်ငံတော်အနေနဲ့ ဒေသစီးပွားလုပ်ငန်းတွေအတွက် ဖြည့်ဆည်း ပေးရမယ့်အပိုင်းရှိရင် တစ်နေရာတည်းမှာ စဉ်းစားဆောင်ရွက်ပေးလို့ရတယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြား သည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ဝါသီးနှံအဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သည့် အတွက် စက်မှုဇုန်အတွင်း ဆီနှင့် ဆီသန့်စင်လုပ်ငန်းများ၊ ဝါအခြေခံ စက်မှုလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ ပဲ၊ နှမ်းအခြေခံစက်မှုလုပ်ငန်းများအား ဦးစားပေးလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ စက်မှုဇုန် ဖော်ဆောင်ရာတွင် လိုအပ်သည့် စက်မှုကုန်ကြမ်းများ၊ အရင်းအမြစ်များနှင့် အခြေခံထုတ်ကုန်များ ပြည့်စုံလုံလောက်စွာ ရရှိနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား ရရှိနိုင်ခြင်းစသည့် အားသာချက်များရှိနေသည်။

မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧကပေါ်တွင် တည်ဆောက်သွားမည်

ထို့ပြင် စက်မှုဇုန်တစ်အခု ရေရှည်ရပ်တည်ဆောင်ရွက်သွားနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ စက်မှုဇုန်လျာထား မြေဧရိယာအတွင်း မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧက ပေါ်တွင် 7MW Solar Power Plant တည်ဆောက်သွားမည်ဖြစ်သည့်အပြင် လျာထား မြေနေရာမှ (၁ ဒသမ ၅) မိုင် အကွာအဝေးရှိ မကြီးကန်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ သီးသန့် ဓာတ်အားလိုင်းဖြင့်ရယူပြီး (၃၃/ ၁၁) ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရယူဆောင်ရွက်သွားမည်ဖြစ်သည်။ 

“တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးကို စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူခဲ့ပါတယ်။ မြေပဲ ခွဲစက်၊ ဆီစက်၊ ဝါကြိတ်စက်၊ အထည်ချုပ်လုပ်ငန်း စတဲ့လုပ်ငန်းတွေ အများဆုံးအဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒေသကထွက်တဲ့ သီးနှံတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အဆိုပြုလွှာတွေ ကိုက်ညီတဲ့အတွက် စက်မှုဇုန်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားတာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနေ မကွေးတိုင်း က ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနဲ့ ဝါသီးနှံ အဓိက စိုက်ပျိုးထွက်ရှိတဲ့ တိုင်းဒေသကြီးဖြစ်တဲ့အတွက် ဆီထွက်သီးနှံ အခြေခံတဲ့ ဆီစက်၊ ဆီသန့်စင်စက်၊ ပဲ၊ နှမ်း သန့်စင်လုပ်ငန်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်း စတဲ့စက်မှုလုပ်ငန်းတွေ၊ ဝါသီးနှံအခြေခံတဲ့ ဝါကြိတ်စက်၊ ချည်မျှင်စက်၊ အထည်ရက်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စတာတွေကို အစုအဖွဲ့အလိုက် စက်မှုဇုန်အတွင်း ဦးစားပေးနေရာချထားနိုင်ရေး စီမံဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်မှုဇုန် အတွင်းမှာ ဒီလုပ်ငန်းတွေကို အစုအဖွဲ့အလိုက် နေရာချထားဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒီဟာတင်မဟုတ်ပါဘူး။ တခြားလုပ်ငန်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းမှန်သမျှ ကြိုဆိုနေပါတယ်” ဟု မကွေးတိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်ကပြောသည်။

စက်မှုဇုန်တွင် လာရောက်လုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို စက်မှုဇုန်နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေး ကော်မတီ (ဒေသဆိုင်ရာကော်မတီ) ၏ ကြီးကြပ်မှုဖြင့် ရင်းနှီးတည်ဆောက်သူ (Developer) မှ မြေကွက်များရောင်းချပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ (Investors) အတွက် မြေငှားဂရန် များလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 

မကွေးစက်မှုဇုန်စီမံကိန်းကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ မြေအသုံးချမှု အင်္ဂါရပ်များနှင့်အညီ ပေ(၂၀၀ x ၂၀၀) မြေကွက်-၂၁၇ ကွက်၊ ပေ(၁၀၀x ၁၅၀) မြေကွက် - ၁၅၇ ကွက်၊ ပေ(၁၀၀ x ၁၀၀) မြေကွက် -၂၃ ကွက် စုစုပေါင်း ၃၉၇ ကွက်ဖော်ထုတ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုစက်မှုဇုန်အကောင်အထည်ဖော်ရမှာ လုပ်ငန်းအဆင့်ဆင့်တိုင်းကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရပါတယ်။ အခုကတော့ မကွေးစက်မှုဇုန် အကောင် အထည်ဖော်ဖို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ နိုင်ငံပိုင်မြေကို အငှားပေးပြီး လုပ်ငန်းရှင်ကို ဆောင်ရွက်စေတာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်အနေနဲ့ လာရောက်လုပ်ကိုင်ရင် အဆင်သင့်ဖြစ်အောင် လမ်း၊ မီး၊ ရေ၊ လုံခြုံရေးစနစ် အပါအဝင် စက်မှုဇုန်တစ်ခုမှာ ပါရှိရမယ့် အခြေခံလိုအပ်ချက်အားလုံးကို ပြည့်စုံအောင်လုပ်ထားပေးပြီး လုပ်ငန်းရှင်ကို လာရောက်လုပ်ကိုင်စေတာမျိုးဖြစ်ပါတယ်။ အခုကတော့ တင်ဒါစနစ်နဲ့ ရင်းနှီးမြှုပ်နှံ သူ (Developer) ကို ရွေးချယ်ခေါ်ယူပြီး အခြေခံလိုအပ်ချက်တွေကို ဖော်ဆောင်တာ စတင်နေပါပြီ” ဟု ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ရှင်းပြသည်။

လက်ရှိတွင် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မကွေး-တောင်တွင်း ကားလမ်းမ ကြီးမှ စက်မှုဇုန်အတွင်းသို့ ပေ ၁၀၀ အကျယ် လမ်းမကြီးဖောက်လုပ်ခြင်း၊ စက်မှုဇုန် အပြင်ပတ်လမ်း (ရထားလမ်းနှင့်အပြိုင်) နှင့် စက်မှုဇုန်အတွင်းလမ်းပိုင်းကို ပေ ၈၀ လမ်းနှင့် အတွင်းလမ်းများကို ပေ ၆၀ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

စက်မှုဇုန်အတွင်းလမ်းပိုင်းများ ဆောင်ရွက်ရာတွင် ထုတ်ကုန်များသယ်ယူရာတွင် Container Box များ၊ တန်ချိန်(၅၀၊ ၆၀)ဝန်ပါ တွဲကားကြီးများ ဝင်ထွက်သွားလာနိုင်သည့် လမ်းများအဖြစ် ဖောက်လုပ်လျက် ရှိကြောင်း သိရသည်။

“လက်ရှိမှာ မြေသားလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ပြီးရင် ကွန်ကရစ်လမ်းလုပ်ငန်းကို စတင်မှာ ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းရပ်တွေမှာ လမ်း၊ ရေမြောင်း ၊ မီးသတ်အဆောက်အအုံ၊ မုခ်ဦး၊ ပန်းခြံ၊ လမ်းအရိပ်ရသစ်ပင်တွေ ပါဝင်ပါတယ်။ မီးရရှိရေးက လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းနဲ့ ဆိုလာစီမံကိန်း နှစ်ခုပါဝင်ပါတယ်။ အဓိကက ၂၄ နာရီ မီးရရှိအောင် ဆောင်ရွက်မယ့်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးတော့ စုဝေးခန်းမ၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ လုံခြုံရေးအဆောက်အအုံ၊ CCTV လုံခြုံရေးကင်မရာ တပ်ဆင်တာ တွေ၊ အမှိုက်ကားနဲ့ အမှိုက်ကန်တွဲစနစ် အားလုံးပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန်မှာ ခုနက အခြေခံလိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ နေ့စဉ်ဆောင်ရွက်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ၊ ကြီးကြပ်စစ်ဆေးမှုနဲ့အညီ လုပ်ငန်းအားလုံးကို ၂၀၂၆ ခုနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် မှ စီမံကိန်းမန်နေဂျာ ဦးပေါရွှင်က ပြောပြသည်။ 

စက်မှုဇုန်စီမံကိန်းတွင် စီမံခန့်ခွဲရေးရုံးနှင့် လူဦးရေ ၂၀၀ ဆံ့သည့် စက်မှုဇုန်ရှင်းလင်းဆောင်ခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းပါဝင်ပြီး စက်မှုဇုန်လုပ်ငန်းများစတင်သည့်အခါ ယင်းခန်းမတွင် ဒေသ ထုတ်ကုန်များကို စုစည်းပြသသွားနိုင်ရန် ရည်ရွယ်ထားသည်။

မကွေးစက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက ပြည်တွင်း ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့် မကွေးမြို့ စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်သည်။ 

မကွေးမြို့ စက်မှုဇုန်တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများရှိလာနိုင် သဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်မှု လျော့နည်းစေရေးအတွက် ရင်းနှီးတည်ဆောက်သူ (Developer) မှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာရေးဆွဲရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စက်မှုဇုန်အတွင်းမှ ထွက်ရှိသောရေဆိုးများကို သန့်စင်ရန်အတွက် ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) ကိုပါ စီမံကိန်းတွင် ထည့်သွင်းထားရှိကြောင်း သိရသည်။

သို့ဖြစ်ရာ မကွေးစက်မှုဇုန်တွင် လုပ်ငန်းရှင်တိုင်းအတွက် လိုအပ်သည့် လမ်း၊ မီး၊ ရေ အပါအဝင် လိုအပ်သည့် အခြေခံအချက်များပြည့်စုံစွာ ဆောင်ရွက်ပြီး ကုန်ကြမ်း၊ အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားတို့နှင့် ပေါင်းစပ်လိုက်ပါက ဒေသတွင်း စီးပွားရေးကို ခိုင်မာအားကောင်းစေမည့် စက်မှုဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုကဲ့သို့ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဒေသတွင်း ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများသည် တိုးတက်လာမည်ဖြစ်သည့်အတွက် ဒေသလူမှု စီးပွားကို များစွာအထောက်အကူပြုနိုင်မည့် စက်မှုဇုန်တစ်ခု မကြာမီပေါ်ထွက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Source- Myawady Webportal

မင်းမင်း

(ယမန်နေ့မှအဆက်)

၂၀၂၄ ရွေးကောက်ပွဲ နိုင်ငံရေး ရွှေ့ကွက်များ

၂၀၁၄ မှ ၂၀၂၄ ခုနှစ်အထိ သမ္မတသက်တမ်း ၁၀ နှစ်ကာလအတွင်း သမ္မတဂျိုကိုဝီမှာ များစွာအတွေ့အကြုံရင့်ကျက်ပြီး လုံးဝပုံစံပြောင်းလဲသွားခဲ့သည်။ ဂျာဗားကျွန်းမှ ဂျာကာတာမြို့တော်သို့ ရောက်ရှိလာသည့် အစိမ်းသက်သက် တောသားနိုင်ငံရေးသမား မဟုတ်တော့ပေ။ ထိုက်သင့်သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ အဆက်အသွယ်ကွန်ရက်နှင့် နိုင်ငံရေးအရင်းအနှီးတို့ စုဆောင်းမိခဲ့ပြီ ဖြစ်သည်။ လူ့အသိုက်အဝန်း ကျဉ်းကျဉ်းကလေး၌ လူကြီးလုပ်ရခြင်းမှာ (A big fish in a small pond) ရေအိုင်သေးသေးကလေးထဲ၌ ငါးရံ့ခေါင်းတိုက ဗိုလ်လုပ်ရသည်နှင့် တူ၏။ လူဦးရေသန်း ၂၈၀ ကျော်ရှိပြီး ကျွန်းပေါင်း ၁၇၀၀၀ ရှိသော နိုင်ငံကြီးကို အုပ်ချုပ်ရခြင်းမှာကား ပင်လယ်အတွင်း၌ ရှင်သန်နိုင်ရန် ကြိုးပမ်းရခြင်းမျိုးဖြစ်လေရာ ငါးရံ့ခေါင်းတို၏ ဗဟုသုတ၊ အမူအကျင့်၊ ခွန်အားမျှနှင့် မလုံလောက် တော့ပေ။ ရောမသို့ရောက်လျှင် ရောမသားတို့ကဲ့သို့ ကျင့်ရမည်ဟု ဆိုရိုးရှိသည်နှင့် အညီ ဂျိုကိုဝီသည်လည်း ဂျာကာတာနိုင်ငံရေးကို ဂျာကာတာသား အင်ဒိုနီးရှားရေပေါ်ဆီ အသိုက် အဝန်းတို့၏ ပုံစံအတိုင်းလိုက်နာကျင့်ကြံရပေ တော့သည်။ ဂျိုကိုဝီကို ပုံသွင်းစင်တင်ပေးခဲ့သည့် ဒီမိုကရေစီနှင့် လစ်ဘရယ်စံနှုန်းတန်ဖိုးစသည့် နိုင်ငံရေးကျမ်းစာလာ သဘောတရားတို့သည်၊ လက်တွေ့ဘဝနိုင်ငံရေး (Real politik) ကျားကွက် များအောက်၌ မှေးမှိန်သွားခဲ့လေပြီ။ 

ဂျိုကိုဝီလည်း အသက်ရခဲ့ပြီ။ ၁၉၆၁ ခုနှစ်ဖွား ဂျိုကိုဝီသည် အသက် ၆၃ နှစ် ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် သမ္မတဆက်လုပ်ရန်လည်း အခွင့်မရှိ တော့ပြီဖြစ်ရာ သူ၏မျိုးဆက်ရင်သွေး နန်းညွန့်များကိုသာ နန်းစဉ်နိုင်ငံရေးအမွေပေးခဲ့ရန် စဉ်းစားရတော့မည်ဖြစ်သည်။ ထိုသို့ နိုင်ငံခေါင်းဆောင် သားသမီးများ ခေါင်းဆောင်ဆက်လုပ်ကြသည်မှာ ဒီမိုကရေစီနိုင်ငံကြီးများအပါအဝင် ကမ္ဘာပေါ်၌ ထူးဆန်းလှသည့် ကိစ္စတော့မဟုတ်ပေ။ အမေရိကန်၌ သမ္မတဘုရှ်သားအဖ၊ အိန္ဒိယ၌ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ နန်းဆက်၊ ပါကစ္စတန်၌ ဘူတိုဖခင်နှင့်သမီး၊ ဘင်္ဂလားဒေ့ရှ်၌ ရှိမူဂျစ်နှင့် ရှိတ်ဟာဆီနာ၊ ဖိလစ်ပိုင်၌ အကွီနို၊ မားကို့စ်၊ အာရိုယို၊ ထိုင်းနိုင်ငံ၌ သက်ဆင်နန်းဆက်၊ ကမ္ဘောဒီးယား၌ ဟွန်ဆန် သားအဖ၊ စသည် စသည်ဖြင့် များပြားလှသည်။

သို့ရာတွင် ဂျိုကိုဝီ၏ ရင်သွေးများအား နိုင်ငံရေးနန်းဆက်အမွေပေးရေးတွင် အဖုအထစ် အခက်အခဲ အချို့ရှိနေခဲ့သည်။ ဂျိုကိုဝီတွင် အရွယ်ရောက်ပြီးဖြစ်သော သားနှစ်ဦးရှိရာ သားအကြီး ဂီဘရန် ရာကာဘူမင်နှင့် သားအငယ် ကေဆန်ပန်ဂါရက်တို့ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်မှာ အသက် ၁၀ နှစ်ခန့်ကွာကြလေရာ သားအကြီးက သမ္မတသက်တမ်း ၁၀ နှစ်ပြည့်ချိန်တွင် သားအငယ်က သမ္မတအသစ်အဖြစ် ထီးမွေနန်းမွေဆက်ခံရန် အသင့်ဖြစ်နေပေလိမ့်မည်။ ယင်းစိတ်ကူးမှာ သမ္မတ ဂျိုကိုဝီကတော် မဒမ်အီရိယန်နာက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း မီဒီယာအချို့က ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ သားများအတွက် ပဒေသရာဇ်စနစ်ကဲ့သို့ အဖေနန်းစွန့်သည်နှင့် သားဖြစ်သူဥပရာဇာက အကြားအလပ်မရှိ ချက်ချင်းထီးနန်း ဆက်ခံသည့် “အဝိဂတပစ္စယော” ပုံစံတော့လုပ်၍ ရမည်မဟုတ်ပေ။ ဒီမိုကရေစီနိုင်ငံဖြစ်သည့် အားလျော်စွာသားများအတွက် “နိုင်ငံရေးအလုပ်သင်” ကာလတစ်ရပ်ကိုမူ ဖြတ်သန်းပေးရပေလိမ့်မည်။ ယင်းမှာလည်း မဖြစ်နိုင်သည်မဟုတ်။ နောက်ရွေးကောက်ပွဲတွင် အလားအလာရှိသည့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းနှင့် “ဆန်ပေး၍ ဆေးရ” သည့် နိုင်ငံရေး အပေးအယူလုပ်ကာ ယင်းသမ္မတလောင်း၏ တွဲဖက်ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းပေး လိုက်ရန်သာဖြစ်၏။ ဤနည်းဖြင့် ပြိုင်ဘက်ပါတီမှ သမ္မတလောင်းလည်း ပါတီနှစ်ခု ပေါင်း ထောက်ခံမှုဖြင့် ရှောရှောရှူရှူ သမ္မတဖြစ်၊ သားတော်မောင်လည်း ဒုတိယသမ္မတဖြစ်၊ ဆိတ်နှင့်ခွေး ဇာတ်လမ်းကဲ့သို့ မိမိတို့လိုရာကို လဲလှယ်ရယူနိုင်ကြမည် ဖြစ်လေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြိုင်ဘက်ပါတီမှ သမ္မတ ဟောင်း ဖာဒီနန်မားကို့စ်၏ သားမားကို့စ်ဂျူနီယာ (ဘွန်ဘွန်း)နှင့်အတူ အာဏာရပါတီမှ သက်တမ်းကုန် သမ္မတ ဒူတာတေး၏သမီးကို ဒုတိယသမ္မတလောင်းအဖြစ်တွဲ၍ ရွေးကောက် ခံစေသောသာဓကမှာလည်း လောလောလတ်လတ် ရှိနေလေသည်။

သို့သော် အဓိကအခက်အခဲမှာ ဂျိုကိုဝီ၏ သားတော်မောင်များက ရည်မှန်းထားသည့် နိုင်ငံရေး ရာထူးများအတွက် အခြေခံဥပဒေက သတ်မှတ်ထားသည့် အသက်များမပြည့်မီသေးခြင်းဖြစ်သည်။ သားအကြီးဂီဘရန်ကသမ္မတ/ ဒုတိယသမ္မတလောင်း ရွေးကောက်ပွဲဝင်ရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် အသက် ၄၀ နှစ် မပြည့်သေး။ အသက် ၃၇ နှစ်သာ ရှိသေးသည်။ သားအငယ် ကေဆန်ကိုလည်း ဂျာကာတာမြို့တော်ဝန် မျှော်မှန်းထားရာ သူကလည်း သတ်မှတ်ထားသော အသက် ၃၀ မပြည့်သေးပေ။

ယင်းအတွက် “လိုလျှင်ကြံဆ၊ နည်းလမ်းရ” ဆိုသကဲ့သို့ ဥပဒေ၏ ဟာကွက် လစ်ကွက်၊ မျှော့ကြိုးကဲ့သို့ ဆွဲဆန့်ရမည့် အကွက်များကို ရှာကြံရတော့သည်။ သားအကြီး ဂီဘရန်အတွက်မူ ဂျိုကိုဝီ၏ ယောက်ဖ၊ ဂီဘရန်၏ ဦးလေးဖြစ်သူ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ် အန်နဝါအူစမန်က၊ သမ္မတ/ဒုတိယသမ္မတလောင်းသည် ယခင်ကရာထူးတစ်ခုအတွက် ရွေးကောက်တင်မြှောက်ခံရဖူးသူ ဖြစ်လျှင် အသက်ကန့်သတ်ချက်ထားရှိရန်မလိုဟူ၍ စီရင်ဆုံးဖြတ်လိုက်သည့်အတွက် အဆင်ပြေသွား ခဲ့သည်။ ဂီဘရန်မှာ ဖခင်ဖြစ်သူ၏ အရိုက်အရာကိုဆက်ခံ၍ ၂၀၂၀ ပြည့်နှစ်တွင် ဆူရာကာတာ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသောကြောင့်ဖြစ်၏။ တရားရုံးစီရင်ချက်မှာ သမ္မတ/ ဒုတိယ သမ္မတလောင်းများ မှတ်ပုံတင်ရန်သုံးရက်အလိုတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဤစီရင်ချက်မှာ ယခင်က တရားရုံးဆုံးဖြတ်ချက်များကို ချိုးဖောက်၍ မျက်နှာ လိုက်သည်ဟုဆိုကာ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တရားရေးကျင့်ဝတ်ကောင်စီကို တိုင်တန်းအရေးဆိုကြသောကြောင့် ဦးလေးဖြစ်သူ အန်နဝါမှာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တရားသူကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ 

သို့ရာတွင် သားငယ်ကေဆန်မှာမူ အစ်ကိုဖြစ်သူကဲ့သို့ ကံမကောင်းခဲ့ပေ။ ပါလီမန်တွင် ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့ ဦးစီးသည့်ပါတီများမှ အမတ်များက မြို့တော်ဝန်အဖြစ် အရွေးခံမည့်သူများသည် ရွေးကောက်ပွဲနေ့၌ အသက် ၃၀ မပြည့်သေးလျှင်ပင် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ အသက် ၃၀ ပြည့်ပြီးလျှင်ရွေးကောက်ပွဲ ဝင်ခွင့်ပြုနိုင်သည်ဟူသော ဥပဒေကြမ်းကို တင်သွင်းခဲ့ရာ တစ်နိုင်ငံလုံးက မကျေမနပ်ဖြစ်၍ ဆူပူဆန္ဒပြကြသောကြောင့်၊ အခြေခံဥပဒေတရားရုံးကလည်း ယင်းကိစ္စကို ပယ်ချသည့် စီရင်ချက်ချမှတ်ခဲ့သည်။ ထို့ကြောင့်ကေဆန်မှာ ဂျာကာတာမြို့တော်ဝန်ရာထူးနှင့်လွဲခဲ့ရသည်။ သားကြီး ဖြစ်သူဂီဘရန် ဒုတိယသမ္မတဖြစ်ရေးအတွက် ဂျိုကိုဝီသည်သူ၏ နိုင်ငံရေးအခြေကုပ်ဖြစ်သော PDI-P ပါတီ၏ ဥက္ကဋ္ဌ မီဂါဝတီနှင့်အတိုက်အခံပြုကာ ညောင်ညိုပင်စခန်းမှ လမ်းခွဲခဲ့ရသည်။ မီဂါဝတီက သူကြိုးဆွဲနိုင်မည့် လူယုံဖြစ်သော ပါတီဒုတိယဥက္ကဋ္ဌ ဂန်ဂျာကို ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလို သော်လည်း ဂျိုကိုဝီက ပြိုင်ဘက်ဟောင်း ပရာဘိုဝို ကို ထောက်ခံ ခဲ့သည့်အတွက် စိတ်ဝမ်းကွဲခဲ့ရခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဂျိုကိုဝီနှင့် ပရာဘိုဝိုတို့၏ စနစ်တကျအကွက်ချထားသော ရွေးကောက်ပွဲ စီမံကိန်းကြီးကား ကောင်းစွာအောင်မြင်ထမြောက်သွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က သမ္မတလောင်း ပရာဘိုဝိုနှင့် ဒုတိယသမ္မတလောင်း ဂီဘရန်တို့သည် ထောက်ခံမဲ ၅၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ခုနစ်လကျော်အချိန်ယူ၍ အောက်တိုဘာလ ၂၀ ရက်နေ့ကျမှ ကျင်းပရန် စီစဉ်ခဲ့သည်။ ထိုကာလအတွင်း သမ္မတဟောင်း ဂျိုကိုဝီကအာဏာကို နောက်ကွယ်မှ ရေရှည်ထိန်းချုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ကျားကွက်ရွှေ့နေသကဲ့သို့ သမ္မတအသစ်ဖြစ်လာမည့် ပရာဘိုဝိုကလည်း နိုင်ငံတကာသို့ လှည့်ပတ်သွားလာ၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ၏ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ ပရာဘိုဝိုတွေ့ဆုံခဲ့သော ခေါင်းဆောင်များတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင်တို့အပါအဝင် ဥရောပနှင့် အာရှမှ နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည်။ ပရာဘိုဝိုအနေဖြင့် သူ့အရင် သမ္မတဂျိုကိုဝီကဲ့သို့နိုင်ငံခြား ဆက်ဆံရေးကိစ္စများကို နိုင်ငံခြားရေးဝန်ကြီးဖြင့်သာ လွှဲအပ်တာဝန်ပေးထားမည့်ပုံမရှိဘဲ သူကိုယ်တိုင် ကိုင်တွယ်မည့်ပုံရှိသည်ဟု လေ့လာသူများက မှန်းဆခဲ့ကြသည်။ 

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်နှင့် ရှေ့အလားအလာ

ပရာဘိုဝို၏ အစိုးရအဖွဲ့အသစ်သည် ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ဝန်ကြီး ၄၈ ဦး၊ ဝန်ကြီးအဆင့် အဖွဲ့အစည်းအကြီးအကဲ ငါးဦးပါဝင်သည်။ ဒုတိယဝန်ကြီးများနှင့် အဆင့်တူများပါ ပေါင်းပါက ၁၀၉ ဦးပါဝင်ပြီး ၁၉၆၆ ခုနှစ်က သမ္မတဆူကာနို၏ ဝန်ကြီးအဖွဲ့ ၁၃၂ ဦး ပြီးလျှင်၊ အင်ဒိုနီးရှားတွင် အင်အားအများဆုံး အစိုးရအဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ပရာဘိုဝိုက သူ၏အစိုးရအဖွဲ့သည် အင်အားတောင့်တင်းသော အစိုးရဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်း ထားသည်ဟု ပြောကြားခဲ့ပြီး အင်ဒိုနီးရှား တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် အနီနှင့်အဖြူ (အင်ဒိုနီးရှား အလံ) အစိုးရဖြစ်သည်ဟုဆိုသည်။ ပရာဘိုဝို ပြောကြားသည့်အတိုင်းပင် သူ၏ အစိုးရအဖွဲ့မှာ ဖက်စပ်ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သည်ကို တွေ့ရသည်။ အစိုးရအဖွဲ့အတွင်း၌ အမာခံအင်အားစု သုံးဖွဲ့ရှိရာ ဂျိုကိုဝီ၏ အတွင်းလူများ၊ ပရာဘိုဝို၏ အတွင်းလူများနှင့် ဂျိုကိုဝီလက်ထက်က ခန့်အပ်တာဝန်ပေးခဲ့သော ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များဖြစ်သည်။ ထို့ပြင် မိတ်ဖက်ပါတီများမှ ခေါင်းဆောင်များကိုလည်း ဒုတိယဝန်ကြီးချုပ် အဆင့်သဘောမျိုးဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးများအဖြစ် ခန့်ထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် သမ္မတဟောင်း ယူဒိုယိုဒို (SBY) ၏ ဒီမိုကရက်ပါတီ (PD)မှ ပါတီခေါင်းဆောင် (SBY ၏ သား) အာဂုစ်ဟာရီ မူရ်တီ ယူနိုယိုဒို (AHY)အား အခြေခံအဆောက်အအုံနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဂိုလ်ကာပါတီခေါင်းဆောင် ဟာတာတိုအား စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အစ္စလမ္မစ်ဝါဒီ National Awakering Party ခေါင်းဆောင် မူဟိုင်းမင်းအစ္စကန်ဒါအား လူမှုအသိုက်အဝန်းအားမြှင့်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ ဂျိုကိုဝီ၏ စီးပွားဖက်ဖြစ်သူ လူဟွတ်မှာ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပရာ ဘိုဝို၏ လူယုံဖြစ်သည့် ဆူဂျီယိုနိုမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှာမူ ဂျိုကိုဝီလက်ထက်က လူဟောင်းများ ဆက်လက်ပါဝင်လာ ကြသည်ကို တွေ့ရသည်။ ဤနည်းအားဖြင့် ပရာဘိုဝို၏ အစိုးရအဖွဲ့သစ်မှာ အားလုံးကျေနပ်အောင် အားလုံးပါဝင်နေရာရကြသည့် အင်အားကြီးမားသော အစိုးရအဖွဲ့တစ်ခုဖြစ်လာခဲ့သည်ကိုတွေ့ရ လေသည်။ 

ပရာဘိုဝို ရှေ့ဆက်သွားမည့် မူဝါဒနှင့်ပတ်သက်၍ ပြည်တွင်းနိုင်ငံရေးတွင် အများကြိုက် မူဝါဒများဖြင့် လူထုထောက်ခံမှုကို ဆက်လက်ဆွဲဆောင် ထိန်းသိမ်းသွားရန် ရည်ရွယ်ထားဟန်ရှိသည်။ ဒေါ်လာဘီလီယံ ၃၀ ခန့်ကုန်ကျမည့် “ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် စာသင် ကျောင်းများ၌ အခမဲ့နေ့လယ်စာကျွေးရေး” အစီအစဉ်မှာ ထင်ရှားသောသာဓကဖြစ်၏။ ယင်းပမာဏမှာ အင်ဒိုနီးရှား အစိုးရ၏ ၂၀၂၄ ခုနှစ် ဘတ်ဂျက်တစ်ခုလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။ စာသင်ကျောင်း အခမဲ့ နေ့လယ်စာ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ စားရေရိက္ခာဖူလုံရေး၊ အခြေခံပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး၊ လူမှုဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးဆရာ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာတိုးမြှင့်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အိုးအိမ်အခြေခံ အဆောက်အအုံနှင့် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု၊ အခွန်အကောက်များ တိုးတက်ရရှိရေးစသည့် ကာလတိုအစီအစဉ်ရှစ်ရပ်နှင့် ရေရှည်ဦးစားပေး အစီအစဉ် ၁၇ မျိုးကိုလည်း ပရာဘိုဝိုအစိုးရက ချမှတ်ထားသည်။

စီးပွားရေးအပိုင်းတွင် လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးရာခိုင်နှုန်းခန့်မှ ပရာဘိုဝို၏ ပထမအစိုးရသက်တမ်းအဆုံး လာမည့်ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထား သည်။ နှစ်စဉ် ဒေါ်လာဘီလီယံ ၂၀ ဖိုးခန့်ဒီဇယ်လောင်စာဆီ တင်သွင်းနေရမှုကိုလျှော့ချရန် ပြည်တွင်း ထွက်စားအုန်းဆီမှ ဇီဝလောင်စာဆီ တိုးမြှင့်ထုတ်လုပ်ရန်၊ ဟွန်ဒိုင်း၊ LG စသော ကုမ္ပဏီ များနှင့်ပူးပေါင်း၍ ပြည်တွင်း၌ လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်ရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်တွင်းဈေးကွက်၌ လိုအပ်သော ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်သွားရန် စသည့် အချက်များပါဝင်သည်။

ကာကွယ်ရေးအပိုင်းတွင် အင်ဒိုနီးရှားတပ်မတော်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်မှန်း ထားသော်လည်း နိုင်ငံခြားရေးမူဝါဒတွင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမည်ဟုဆိုသဖြင့် မည်သည့်စစ်ရေးအုပ်စုဖွဲ့ မဟာမိတ်ပြုမှုများတွင်မျှ ပါဝင်ခြင်းမပြုဘဲ မဟာဗျူဟာ ချိန်ခွင်လျှာညီမျှစေရန် လိမ္မာပါးနပ်စွာ ထိန်းညှိသွားမည်ဟု မှန်းဆရပေသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံကြီး ဖြစ်သည့်အားလျော်စွာ အစ္စလမ္မစ်အဖွဲ့ချုပ်အတွင်း ဦးဆောင်နေရာတစ်ခုရရှိရေး ကြိုးပမ်းသွားဖွယ် ရှိပြီး ပါလက်စတိုင်းအရေးတွင် ဘာသာတူ ပါလက်စတိုင်းဘက်မှရပ်တည်ကာ ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပါဝင်ကြိုးပမ်းသွားမည်ဟု ယူဆရသည်။ အာဆီယံအဖွဲ့ အတွင်း၌ အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့်အတိုင်း ဦးဆောင်နေရာကို ဆက်လက်ထိန်းသိမ်းသွားမည့် သဘောရှိသော်လည်း အနောက်လိုလားသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို၏ ဖိအားပေး လှုပ်ရှားမှုပုံစံမျိုး ဆက်လက်ကျင့်သုံးဖွယ်မရှိဟု မှန်းဆရပေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာ

ပရာဘိုဝိုအစိုးရလက်ထက် အင်ဒိုနီးရှား နိုင်ငံ၏ရှေ့အလားအလာကို သုံးသပ်ရမည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော နယ်မြေပမာဏ၊ ကြီးမားသော လူဦးရေ၊ အရှေ့တောင်အာရှ ဒေသတွင်အကြီးမားဆုံးစီးပွားရေးပမာဏနှင့် မဟာဗျူဟာအချက်အချာကျသော တည်နေရာ တို့ကြောင့် ကမ္ဘာက အာရုံစိုက်အလေးထားနေရသည့် နိုင်ငံကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။ ယခင်အစိုးရနှစ်ဆက် (SBY နှင့် ဂျိုကိုဝီ) လက်ထက် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့ ကြောင့် ယေဘုယျအားဖြင့် အလားအလာကောင်းလျက်ရှိပြီး ယင်းတိုးတက်မှု ဒီရေမြင့်သည်နှင့်အတူ အောင်မြင်စွာ လိုက်ပါဆောင်ရွက်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာနိုင်ပေသည်။

သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအနေအထားများအရ အင်ဒိုနီးရှားအတွက် သတိထားရမည့် အန္တရာယ်များလည်း ရှိနေပေသည်။ နိုင်ငံတကာတွင် ကမ္ဘာ့မဟာဗျူဟာ အားပြိုင်ပွဲက ပြင်းထန်တင်းမာလာလျက်ရှိရာ မဟာဗျူဟာအရ အရေးပါသော အင်ဒိုနီးရှားကို နှစ်ဖက်စလုံးက သူ့ဘက်ကိုယ့်ဘက်ပါအောင် လွန်ဆွဲကြမည့် အလားအလာရှိနေသည်။ အထူးသဖြင့် “ငါနှင့်မတူ ငါ့ရန်သူ” ဟု ရှုမြင်တတ်လေ့ ရှိသော မဟာအင်အားကြီးအုပ်စုက မျက်မာန်ရှခြင်း မခံရရေးနှင့် စီးပွားရေးအရ ပစ်ပယ်မရနိုင်သော အနီးကပ်အင်အားကြီးနှင့်လည်း သင့်မြတ်စွာ ဆက်ဆံနိုင်ရေးမှာ “နိုင်ငံခြားရေး သမ္မတ” ဟု ကင်ပွန်းတပ်ခံရဖွယ်ရှိသည့် ပရာဘိုဝိုအတွက် အရေးပါသော အရည်အချင်းစစ် စာမေးပွဲတစ်ရပ် ဖြစ်ပေလိမ့်မည်။

သမ္မတသစ် ပရာဘိုဝိုအနေဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့် သဘောရှိ

ပြည်တွင်းနိုင်ငံရေး၌မူ ဂျိုကိုဝီ၏ အားပေးထောက်ခံမှုဖြင့် သက်သောင့်သက်သာ သမ္မတဖြစ်ခဲ့ရပြီး ဂျိုကိုဝီ၏ ဝန်ကြီးဟောင်းများနှင့် မူဝါဒဟောင်းများကို ဆက်ခံထားကာ ဂျိုကိုဝီ၏သားကို ဒုတိယ သမ္မတအဖြစ် ထွေးပိုက်ထားရသော သမ္မတသစ်ပရာဘိုဝိုအနေဖြင့် မည်ရွေ့မည်မျှ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ချက်ဖြင့် ပြည်တွင်းရေးကို ကိုင်တွယ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ရမည့်သဘောရှိပါ၏။ ဂျိုကိုဝီသာမက အခြားသောပါတီအကြီးအကဲများစွာလည်း အနီနှင့်အဖြူအစိုးရအဖွဲ့အတွင်း ပါဝင် လျက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံရေးထုံးစံဓလေ့အရ (Consultation and Concensus) ညှိနှိုင်း ပေါင်းစပ်၍ အားလုံးသဘောတူမှု ရရှိရေးမှာများစွာခက်ခဲဖွယ်ရှိပါသည်။

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံရေးအသိုက်အဝန်း၌ အမြစ်စွဲဖြစ်တည်နေကြသော နိုင်ငံခေါင်းဆောင် ဟောင်းများ၏ သားမြေးမိသားစုတို့က နန်းစဉ် နန်းဆက်နိုင်ငံရေးအမွေခံရန်နေရာယူထားမှု (ဥပမာ၊ SBY ၏သား ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးAHY၊ မီဂါဝတီ၏သမီး အောက်လွှတ်တော်ဥက္ကဋ္ဌပူအန်မဟာရာနီ)နှင့် နေရာယူရန် ကြိုးစားနေသည့် ဂျိုကိုဝီ၏ သားများအကြား နိုင်ငံရေးနန်းလုပွဲ ဖြစ်လာနိုင်သည့် အလားအလာနှင့် ထိုနိုင်ငံရေးမျိုးဆက်သစ်များအကြား စီးပွားရေးလောကသားများနှင့် ထွေးရောယှက်တင်ကာ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ ကြီးထွားလာသည့်ပြဿနာတို့မှာလည်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနှောင့်ယှက်လာနိုင်ဖွယ်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   ။

Source- www.moi.gov.mm

ကိုကိုလှိုင်

နိဒါန်း

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို - ပစိဖိတ် ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုး ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခု အဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။

ထိုသို့ ကွဲပြားမှုများစွာရှိသည့်အကြားမှပင် စုစည်းညီညွတ်မှုရရှိနိုင်ရန် နိုင်ငံကို ၁၉၄၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များက အဓိကချမှတ်ဖော်ဆောင်ခဲ့သည့် လုပ်ငန်းကြီးသုံးရပ်ကို ယနေ့ထက်တိုင် လေးလေးစားစား ထိန်းသိမ်းထားကြသည်မှာ အံ့ဩဖွယ်ဟုပင် ဆိုနိုင်သည်။ ယင်း လုပ်ငန်းကြီးသုံးရပ်မှာ နိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးလုံးလျားလျား ပယ်ဖျက် ပစ်ခြင်းမရှိဘဲ ပြင်ဆင်ချက်များ ပြုလုပ်၍သာ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိခြင်း၊ အင်ဒိုနီးရှား နိုင်ငံအား လူမျိုး၊ ဘာသာ၊ စကား၊ ပထဝီအနေအထား ကွဲပြားမှုများစွာ ရှိသည့်တိုင်အောင် တစ်ပြည်ထောင်နိုင်ငံ (Unitary State) အဖြစ်သာ ထူထောင်ဖွဲ့စည်းထားခြင်းနှင့် သုံးစွဲသောဘာသာ စကားကိုလည်း “ဘဟာဆာ အင်ဒိုနီးရှား” ဟု ခေါ်သော ရုံးသုံးဘာသာစကား တစ်မျိုးတည်းကိုသာ မသုံးစွဲမနေရ ပြဋ္ဌာန်းထားရှိပြီး လူတိုင်းတတ်မြောက်အောင် သင်ကြားထားစေခဲ့သဖြင့် နိုင်ငံသားချင်း ဆက်သွယ်ရာ၌ အခက်အခဲမရှိအောင် စီမံထားခြင်းတို့ ဖြစ်လေသည်။

ထပ်မံ၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ်တည်လာသည့် ၁၉၄၅ ခုနှစ်မှ ယနေ့ကာလတိုင်အောင် နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည့်တိုင်အောင် နိုင်ငံခေါင်းဆောင် သမ္မတ ရာထူး တာဝန်ထမ်းဆောင်သူများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဗျန်တိုအပါအဝင်မှ ၈ ဦးမျှသာ ရှိနေသေးခြင်းဖြစ်၏။

အထက်ပါအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်၏ နိုင်ငံအုပ်ချုပ်မှု အတတ် ပညာ (Statecraft) နှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဒဿနအမြင်များကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံရေးသိပ္ပံအမြင်ရှုထောင့်မှ လေ့လာဖို့ကောင်းလှသောအချက်များပင် ဖြစ်ပေသည်။

အင်ဒိုနီးရှားနိုင်ငံရေးနောက်ခံ

၁၉၄၅ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ ဂျပန်အကူအညီဖြင့် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာကာ နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် လမ်းစဉ်မူဝါဒ အပြောင်းအလဲအမျိုးမျိုးအကြားမှ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများကို ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်မှာ အင်ဒိုနီးရှားနိုင်ငံရေးတွင် ခေတ်အလိုက် အရေးပါသောနိုင်ငံရေးအင်အားစုများကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံဖြစ်တည်စ ကနဦးကာလတွင် အဓိကအင်အားအကြီးဆုံးအုပ်စုမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် ဒုတိယသမ္မတဖြစ်လာကြမည့် ဆူကာနိုနှင့် ဟာတာတို့ဦးဆောင်သော အမျိုးသားရေး အင်အားစုဖြစ်သည်။ အမျိုးသားရေးအုပ်စုအပြင် အခြားအင်အားကြီးအုပ်စုမှာ ၁၉၄၂ ခုနှစ်မှစ၍ ဝင်ရောက်လာသည့် ဂျပန်တို့အကူအညီဖြင့် အမိမြေကာကွယ်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့သည့် အင်ဒိုနီးရှားတပ်မတော်ဖြစ်သည်။ ယင်းတပ်မတော်သည် ၁၉၄၅ ခုနှစ် ဂျပန်တို့ စစ်ရှုံး ဆုတ်ခွာချိန်တွင် ဝင်ရောက်လွှမ်းမိုးရန် ကြိုးစားခဲ့သည့် ဗြိတိသျှနှင့်ဒတ်ချ်တို့ကို တော်လှန်ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး နောင်တွင် ဆူကာနိုကို ဆက်ခံသည့် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှာ ဂျပန်စစ်ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။ 

ထိုအင်အားစုနှစ်ခုအပြင် အင်ဒိုနီးရှား၌ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြသည့် အစ္စလာမ် ဘာသာရေးအင်အားစုကြီးကလည်း နိုင်ငံရေးတွင် အရေးပါသောအုပ်စုတစ်ခုဖြစ်သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အပြီး၌ အင်အားတောင့်တင်းလာသည့် လက်ဝဲကွန်မြူနစ်အုပ်စုကလည်း ရှိနေပြန်သည်။

အထက်ပါ နိုင်ငံရေးအင်အားစုအားလုံး ကျေနပ်လက်ခံနိုင်သည့် နိုင်ငံရေးစနစ်မျိုးကို ရှာဖွေထုတ်ဖော် ချမှတ်နိုင်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဆူကာနိုက အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်ချိန်တွင် “နိုင်ငံရေးပဉ္စသီလ” (Pantjasila) ဟု ထင်ရှားသော မူငါးချက်ကို ကြေညာခဲ့သည်။ ယင်းပဉ္စသီလငါးချက်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတ၍ ယဉ်ကျေး သောလူ့အဖွဲ့အစည်း၊ အင်ဒိုနီးရှား အမျိုးသားစည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒီမိုကရေစီ တည်ဆောက်ခြင်းနှင့် နိုင်ငံသားအားလုံး လူမှုရေးအရ သာတူညီမျှမှုတို့ ဖြစ်သည်။

နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်မှုစတင်ခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှားနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုကာလမှာ ကမ္ဘာပေါ်၌ အရှေ့အုပ်စုနှင့် အနောက် အုပ်စုအကြား စစ်အေးတိုက်ပွဲ ပြင်းထန်နေခိုက်ဖြစ်၍ အင်ဒိုနီးရှားတွင်လည်း စစ်အေးတိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး တည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများလည်း ပေါ်ပေါက်နေခဲ့ပြီး မြေပေါ်နိုင်ငံရေးပါတီများအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုများနှင့် မညီမညွတ်ဖြစ်နေ ခဲ့ရာ မကြာခဏ အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် သမ္မတ ဆူကာနိုက လမ်းညွှန်ဒီမိုကရေစီ(Guided Democracy)ပုံစံကို ပြန်လည်ကျင့်သုံးခဲ့လေသည်။ လမ်းညွှန် ဒီမိုကရေစီကြောင့် သမ္မတထံတွင် အာဏာပိုမိုရရှိလာသကဲ့သို့ ဆူပူ သောင်းကျန်းမှုများကို နှိမ်နင်းရသဖြင့် စစ်ဘောင်ကျယ်လာကာ အင်ဒိုနီးရှားတပ်မတော်၏ အခန်းကဏ္ဍမှာလည်း ပို၍အရေးပါလာခဲ့သည်။

တန်ခိုးဩဇာကြီးမားလာသော တပ်မတော်၏ အခန်းကဏ္ဍကို ထိန်းညှိနိုင်ရန် သမ္မတဆူကာနိုသည် ထိုစဉ်က မြေပေါ်၌ တရားဝင်တည်ရှိသော အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ဘက်သို့ အားပြုလာခဲ့သည်။ (ဆူကာနို၏ နိုင်ငံရေးအမြင်အရ Nasakom ခေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိရာ- အမျိုးသားရေး၊ ဘာသာတရားနှင့် ကွန်မြူနစ်ဝါဒ- တို့ဖြစ်သည်။) ဆူကာနို၏ လက်ဝဲယိမ်းလာမှုက အနောက်အုပ်စုခေါင်းဆောင် အမေရိကန် ကို စိုးရိမ်မှုဖြစ်လာစေခဲ့သည်။ အင်ဒိုနီးရှားတပ်မတော်နှင့် အနောက်အုပ်စုတို့ ပိုမိုနီးကပ်သွားခဲ့သည်။

၁၉၆၅ ခုနှစ်တွင် တပ်မတော်အတွင်းရှိ လက်ဝဲလိုလားသူ အရာရှိတစ်စုက အင်ဒိုနီးရှားတပ်မတော်မှ ထိပ်တန်းအရာရှိကြီး ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လုပ်ကြံခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ယင်းကြိုးပမ်းမှုကို မဟာဗျူဟာအထူးတပ်ဖွဲ့ တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုက နှိမ်နင်းခဲ့ပြီး ဆူဟာတို၏ဩဇာကြီးမားလာခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်များအတွင်း ယင်းအာဏာသိမ်းရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို အင်ဒိုနီးရှား တပ်မတော်က ဦးဆောင်၍ နှိမ်နင်းချေမှုန်းခဲ့ရာ လူပေါင်းလေးသိန်းမှ တစ်သန်းအကြား သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုမှနောက်ပိုင်းတွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီမှာ နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ သမ္မတ ဆူကာနိုမှာလည်း ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုထံ နိုင်ငံတော်အာဏာကို သမ္မတအမိန့်ဒီကရီဖြင့် လွှဲပြောင်းပေးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် တရားဝင် သမ္မတအဖြစ် ခံယူခဲ့သည်။

ဆူဟာတိုခေတ်နိုင်ငံရေး

ဤတွင် သမ္မတဆူကာနို၏ ခေတ်စနစ်ဟောင်း “Old Order” (ပုံစံဟောင်း) ပြီးဆုံးသွားခဲ့ပြီး သမ္မတ ဆူဟာတို၏ ခေတ်သစ်စနစ်သစ် ပုံစံသစ်“New Order” စတင်ခဲ့လေသည်။ ဆူဟာတို၏ ပုံစံသစ်တွင် အင်ဒိုနီးရှားတပ်မတော်သည် ကာကွယ်ရေးသာမက နိုင်ငံရေးတာဝန်ကိုပါ ဝင်ရောက်ထမ်းဆောင်သည့် (Dwi-Fungsi) လုပ်ငန်းနှစ်ရပ်မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးတွင် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ဂိုလ်ကာ(Golkar)ခေါ် တပ်ပေါင်းစုကို ဖန်တီးခဲ့သည်။ ပါတီစုံစနစ်ဟူသောအသွင်ကို ရယူရန်အတွက် လူနည်းစု ခရစ်ယာန်၊ ဟိန္ဒူနှင့် လူငယ်များ ပါဝင်သည့် PDI ခေါ် နိုင်ငံရေးပါတီတစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ဆူဟာတိုခေတ် လွှတ်တော်တွင် အတိုက်အခံပါတီဟူ၍မရှိ။ တပ်မတော် (ABRI) ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၇၅ နေရာကို ရယူထားသည်။ အစိုးရအဖွဲ့အတွင်း၌လည်း ဗဟိုမှစ၍ ရပ်ကွက်/ ကျေးရွာ အဆင့်အထိ တပ်မတော်သားများ ပါဝင်နေခဲ့သည်။ ဤသို့ဖြင့် သမ္မတဆူဟာတို၏ လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့သည်။

ကာကွယ်ရေးနှင့်လုံခြုံရေးအပိုင်းတွင် အနောက်အုပ်စုအကူအညီဖြင့် သောင်းကျန်းမှုနှိမ်နင်းရေးကို ထိရောက်ပြင်းထန်စွာ အင်အားသုံးလုပ်ဆောင်ခဲ့သည်။ စီးပွားရေးအပိုင်းတွင်လည်း အမေရိကန် ဘာကလေတက္ကသိုလ်ဘွဲ့ရ စီးပွားရေးပညာရှင်များ (ဘာကလေအုပ်စု)ကို တာဝန်ပေး၍ ဈေးကွက် စီးပွားရေးစနစ်ကို အထိန်းအကွပ်ဖြင့် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ ဆူဟာတိုလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ စီးပွားရေးကောင်းမွန်လာခဲ့သည်။ (စီးပွားရေး ကောင်းမွန်လာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုကလည်း ကျယ်ပြန့်လာခဲ့လေသည်။)

သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုစံနှုန်းတန်ဖိုးများ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့လာခြင်း၊ ၁၉၉၇ ခုနှစ် တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အရှေ့တောင်အာရှစီးပွားပျက်ကပ်တို့ကို တစ်ဆက်တည်း ခံစားခဲ့ရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ စီးပွားရေးအကျပ်အတည်းပြင်းထန်စွာ ခံစားခဲ့ရခြင်းတို့ ပေါင်းစပ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ ဆူဟာတို အာဏာ လက်လွှတ်လိုက်ရစေသည်။ Reformasi (ရီဖော်မာစီ) ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တော့သည်။

ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေး

နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားသည့် သမ္မတဆူဟာတို ခေတ်ကုန်ဆုံးသွားပြီးနောက် တည်ငြိမ် နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရေးကို ပုံစံသစ်တစ်ခုအဖြစ် ဒီမိုကရေစီသို့ ဦးတည်ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်မှုများရှိခဲ့သလို မတည်ငြိမ်မှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လေသည်။ ထူးခြားသော အောင်မြင်မှုမှာ အင်ဒိုနီးရှားတပ်မတော် (ယခုအခါ TNI အဖြစ် ပြောင်းလဲဖွဲ့စည်းထား) သည် နိုင်ငံရေး ကဏ္ဍမှ အေးချမ်းစွာစွန့်လွှတ် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အဖြစ် အင်ဒိုနီးရှားနိုင်ငံရေး ခေါင်းဆောင်များကလည်း အင်ဒိုနီးရှားတပ်မတော်ကို အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုး ထောက်ပံ့ပေးခဲ့သည်။

မတည်ငြိမ်မှုများမှာမူ နိုင်ငံရေးအင်အားစုပါတီများအကြား အားပြိုင်မှုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်၏။ အဓိကအားဖြင့် အမျိုးသားရေးအင်အားစု၊ အစ္စလမ္မစ်ဘာသာရေးအုပ်စုနှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအုပ်စုတို့အကြား အားပြိုင်မှုဖြစ်သည်။

ဂိုလ်ကာပါတီဦးဆောင်သော အမျိုးသားရေးအုပ်စုသည် လူထုအုံကြွမှုကြောင့် အာဏာစွန့်လွှတ် လိုက်ရလင့်ကစား နိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံနှင့် နိုင်ငံအနှံ့ ဖြန့်ကြက်တည်ဆောက်ထားသော ပါတီ၏အင်အားတို့ကြောင့် အားကြီးနေဆဲဖြစ်၏။ သမ္မတဆူဟာတိုက ဂိုလ်ကာကိုအားပြု၍ နိုင်ငံရေးအာဏာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် သူ၏ ဒုတိယသမ္မတဖြစ်သူ ဟာဘီဘီကို ကြားဖြတ်သမ္မတအဖြစ် လက်လွှဲပေးခဲ့သော်လည်း နိုင်ငံရေးလှိုင်းတံပိုးက ပြင်းထန် လှသောကြောင့် ဟာဘီဘီသည် တစ်နှစ်အတွင်းမှာပင် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ဘာသာရေးအုပ်စုမှ အဗ္ဗဒူရာမန်ဝါဟစ် (ခေါ်) ဂူစ်ဒူးတက်လာခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီး မျက်စိမမြင်သော ဝါဟစ်သည်လည်း နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် သမ္မတဟောင်း ဆူကာနို၏ သမီး PDI–P ခေါင်းဆောင် မီဂါဝတီ ဆူကာနိုပူထရီကို လွှဲပြောင်းပေးလိုက်ရပြန်သည်။ မီဂါဝတီ၏ PDI-P မှာ လူထုအုံကြွဆူပူမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မီဂါဝတီကိုယ်တိုင်မှာလည်း နိုင်ငံဖခင်ကြီး၏ သမီးဖြစ်၍ အများက အထင်ကြီးမျှော်လင့်ခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ မီဂါဝတီ၏ လက်ထက်တွင် ဆူမတြားမြောက်ဘက် အာချေးဒေသမှ ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းမှုမှာ အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စလမ္မစ်အစွန်းရောက် အကြမ်းဖက် အုပ်စုများက လူ ၂၀၀ ကျော် သေဆုံးသော ဘာလီညကလပ်ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးမှာလည်း ကျဆင်းနေခဲ့သည့်အပြင် မီဂါဝတီအစိုးရမှာလည်း အကျင့်ပျက်ခြစားမှုများနှင့် နာမည်ပျက်နေသည့်အတွက် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူ၏ အစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကို ရှုံးနိမ့် သွားခဲ့ရသည်။

SBY ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် သမ္မတယူဒိုယိုနိုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် ပထမဆုံး လွတ်လပ်စွာယှဉ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဖြစ်သည်။ SBY အနေဖြင့် အာချေးဒေသတွင် ၂၀၀၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေးကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ အာချေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စွာ အဆုံးသတ်ပေး နိုင်ခဲ့သည်။ နိုင်ငံစီးပွားရေးကိုလည်း အောင်မြင်စွာပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးခဲ့သည်။ SBY သည် အင်ဒိုနီးရှားဒီမိုကရေစီခေတ်ဦးတွင် သမ္မတ သက်တမ်း ၅ နှစ် နှစ်ဆက်၊ ၁၀ နှစ်ကြာ အောင် တာဝန်ထမ်းဆောင်ခဲ့ရသော ရွေးကောက်ခံ သမ္မတဖြစ်ခဲ့သည်။

သမ္မတ ဂျိုကိုဝီ

SBY ၏ သမ္မတ ၁၀ နှစ်သက်တမ်းတွင် နိုင်ငံရေးဇာတ်ဆောင်အသစ်များ စတင်ပေါ်ထွက် လာခဲ့သည်။ SBY ၏အောင်မြင်မှုကို အားကျ၍ အဆင့်မြင့်အရာရှိဟောင်းများ ဖြစ်ကြသည့် ပရာဘိုဝို ဆူဗျန်တို၊ ဗိုလ်ချုပ်ကြီး ဟာတိုနိုစသူတို့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီများထောင်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့ကြသည်။ အလားတူပင် အရပ်သားများထဲမှ ထင်ပေါ်လာသူမှာ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) ဖြစ်သည်။ မူလက အောင်မြင်သည့် ပရိဘောဂလုပ်ငန်းပိုင်ရှင်အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဂျိုကိုဝီသည် ၂၀၀၅ ခုနှစ်တွင် မွေးဇာတိဖြစ်သည့် ဂျာဗားကျွန်းရှိ ဆူရာဘာတာမြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဂျိုကိုဝီအနေဖြင့် နာမည်ကြီးအဆင့်မြင့် စစ်ဘက်အရာရှိဟောင်းကြီးများကဲ့သို့ နိုင်ငံရေးအသိုက်အဝန်း ကျောထောက် နောက်ခံ များစွာမရှိသည့်အတွက် မီဂါဝတီ၏ PDI-P ပါတီလက်မှတ်ဖြင့် ဝင်ရောက်အရွေးခံခဲ့ခြင်း ဖြစ်သည်။ ဂျိုကိုဝီ၏ ရိုးဖြောင့်၍ ချိုသာစွာပြောဆိုတတ်မှု၊ အောက်ခြေလူတန်းစားများနှင့် လက်ပွန်းတတီး ရင်းနှီးစွာရောနှောဆက်ဆံပြီး အများပြည်သူတို့၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းတတ်မှုကြောင့် မြို့နေလူထုက ဂျိုကိုဝီကို များစွာသဘောကျထောက်ခံခဲ့ကြပြီး ဒုတိယအကြိမ် မြို့တော်ဝန်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။ ထို့အပြင် မီဒီယာခေတ်ဖြစ်၍ ဂျိုကိုဝီ၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအတွင်း/အပြင်တို့၌ လူသိများလာသည်။ ကမ္ဘာ့အထူးချွန်ဆုံး မြို့တော်ဝန်စာရင်း၌ တတိယနေရာ ရရှိခဲ့သည်။ PDI-P ပါတီကလည်း ဂျိုကိုဝီကို ထင်ပေါ်၍ စင်တော်ကောက်ခဲ့လေရာ ၂၀၁၂ ခုနှစ် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါတီ၏ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ဇာတာစန်းလဂ် တက်လာသည့် ဂျိုကိုဝီသည် ဂျာကာတာမြို့တော် ဝန်ရွေးကောက်ပွဲ၌လည်း အနိုင်ရခဲ့ပြန်ရာ အထွတ် အထိပ်သို့ ရောက်ရှိရန် လမ်းပွင့်သွားခဲ့လေတော့သည်။

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် SBY သည် သမ္မတသက်တမ်းနှစ်ဆက် ပြည့်သွား၍ ဆက်လက် ပါဝင်ယှဉ်ပြိုင်၍ မရတော့ပေ။ သူ၏ ဒီမိုကရေစီပါတီ PD မှာလည်း အကျင့်ပျက်ခြစားမှု အပုပ်နံ့များကြောင့် ပါလီမန်ရွေးကောက်ပွဲ၌ အခြေအနေမကောင်းတော့ဘဲ လူကြိုက်နည်းလာသည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ပါတီအဖြစ် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သော PDI-P ပါတီနှင့် ပရာဘိုဝို၏ ဂျယ်ရင်ဒရာ(Gerindra) (Great Indonesia Movement) ပါတီတို့သာ ပေါ်ထွက်ခဲ့သည်။ ထိုပြိုင်ပွဲ၌ အကျင့်ပျက်ခြစားမှုသတင်းဆိုးမရှိဘဲ လူချစ်လူခင်များပြားသူ ဂျိုကိုဝီအား ယခင်သမ္မတဟောင်း ဆူဟာတို၏ သမက်ဖြစ်ပြီး တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က အရှေ့တီမောတွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ရန် အမိန့်ပေးခဲ့မှု ကြောင့် နာမည်ပျက်ရှိခဲ့သော ပရာဘိုဝိုက မယှဉ်နိုင်ဘဲ အရေးနိမ့်သွားခဲ့သည်။

ရိုးဂုဏ်တစ်ခုဖြင့် တောနယ်ကျေးလက်မှ သမ္မတအဆင့် တက်ဖြစ်လာသူ ဂျိုကိုဝီအနေဖြင့် ကျယ်ပြန့် ရှုပ်ထွေးလှသော သမ္မတတာဝန်များကို ထမ်းဆောင်ရန်မှာ လိုအပ်ချက်များစွာရှိခဲ့သည်။ ထို့အပြင် လွှတ်တော်အတွင်း၌လည်း ပရာဘိုဝို၏ ဂျယ်ရင်ဒရာပါတီ (တပ်မတော်အင်အားစု)၊ အစဉ် အလာရှိခဲ့သော ဂိုလ်ကာ (အုပ်စု) နှင့် PPP (အစ္စလမ္မစ်အုပ်စု)တို့ စုပေါင်း၍ သမ္မတဂျိုကိုဝီ၏ အာဏာရ (PDI-P) ပါတီထက်ပို၍ အင်အားတောင့်တင်းနေခြင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ စင်စစ်၌ PDI-P ပါတီသည် ပင်လျှင် ဂျိုကိုဝီ၏ ကိုယ်ပိုင်ပါတီ မဟုတ်ပေ။ သမ္မတဟောင်း ဆူကာနို၏သမီး မီဂါဝတီ၏ ပါတီဖြစ်သည်။ မီဂါဝတီအနေဖြင့် ဂျိုကိုဝီကို စင်တင်ပေးခဲ့သည့်တိုင်အောင် သူ၏ PDI-P ပါတီကိုမူ ဂျိုကိုဝီလက်ထဲသို့ ထိုးအပ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပါတီခေါင်းဆောင် မီဂါဝတီနှင့် သမ္မတ ဂျိုကိုဝီတို့အကြား ဆက်ဆံရေးမှာ များစွာနွေးထွေးခြင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ သမ္မတဂျိုကိုဝီအနေဖြင့် သူ၏ လူကြိုက်များမှုနှင့် လူထုထောက်ခံမှုကို အားပြု၍ နိုင်ငံရေး ကွန်ရက်၊ အဆက်အသွယ်၊ ခြေကုပ်များကို ထူထောင်ခဲ့ရသည်။ သူ၏ အစိုးရအဖွဲ့အတွင်း အရေးပါသော ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နေရာဌာနများတွင် ကျွမ်းကျင်သူ တက္ကနိုခရက်များကို တာဝန်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်သော ရက်တနိုမာဆူဒီအား ခန့်အပ်ခဲ့သည်။ စစ်ဘက်ကျောထောက် နောက်ခံမရှိခဲ့သော ဂျိုကိုဝီသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ပြေလည်စေရေးအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် စစ်ဘက်အရာရှိကြီးများကိုသာ လွှဲအပ်တာဝန်ပေးခဲ့သည်။ ဂျိုကိုဝီ၏ ပထမအစိုးရသက်တမ်း (၂၀၁၄-၂၀၁၉) ၌ ကာကွယ်ရေးဝန်ကြီးမှာ ယခင်အင်ဒိုနီးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟောင်း ရီယာမီဇတ် ရီယာကူဒူးဖြစ်ပြီး ဒုတိယအစိုးရသက်တမ်း (၂၀၁၉-၂၀၂၄) တွင် ယင်း၏နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဗျန်တိုဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှား တပ်မတော်အတွင်း၌ ဩဇာရှိသူ အရာရှိကြီးများ၏ အဆက်အနွယ်များကိုလည်း နေရာပေး မြှောက်စားခဲ့၏။ ဥပမာအားဖြင့် ဂျိုကိုဝီနှင့် စီးပွားဘက်လည်းဖြစ်ခဲ့သော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျိုင်တန်မှာ ဂျိုကိုဝီ၏ ဒုတိယသက်တမ်းတွင် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး လူဟွတ်၏ သမက်တော်စပ်သူမှာ သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အင်ဒိုနီးရှား အမျိုးသားထောက်လှမ်းရေး အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟန်ဒရို (ငြိမ်း)၏ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကာဆာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

စင်စစ်၌ ဂျိုကိုဝီ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ပရာဘိုဝို (ငြိမ်း)ကို ဒုတိယသက်တမ်းကာလတွင် ကာကွယ်ရေးဝန်ကြီး ရာထူးပေးခဲ့ခြင်းမှာ ဂျိုကိုဝီ၏ နိုင်ငံရေး အရင်းအနှီးစုဆောင်းသည့် ရွှေ့ကွက်တစ်ခုဟု ဆိုနိုင်သည်။ ပရာဘိုဝိုသည် နန်းစဉ်နိုင်ငံရေးအရ သမ္မတ ဟောင်းဆူဟာတို၏ သမက်ဖြစ်ခဲ့ပြီး စစ်ဘက်ကျောထောက်နောက်ခံရှိသူလည်း ဖြစ်သည်။ ထို့အပြင် အစ္စလမ္မစ်အဖွဲ့ချုပ် (OIC) မှ အဓိက အာရပ်နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ လစ်ဘရယ် ဆန်သော ဂျိုကိုဝီနှင့် OIC နိုင်ငံများ၏ဆက်ဆံရေးမှာ ပရာဘိုဝိုလောက် နွေးထွေးမှုမရှိလှပေ။ သို့ဖြစ်၍ ပရာဘိုဝိုကို အိတ်ထဲသို့ ထည့်လိုက်ခြင်းမှာ ဂျိုကိုဝီအတွက် ကြီးမားသောနိုင်ငံရေးအမြတ်ထွက်မှု ဖြစ်လေသည်။

(ဆက်လက်ဖော်ပြပါမည်။)

Source-www.moi.gov.mm

ကိုကိုလှိုင်

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြင်းအား ၄ ဒသမ ၆ ရစ်ချတာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှု တစ်ခုကို အီရန်နိုင်ငံ ဆမ်နန်းဒေသမှာ တိုင်းတာရရှိလိုက်ပါတယ်။ ဒီငလျင်မှာ ဘယ်သူမှထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့သော်လည်း ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ တီဟီရန်မြို့အထိကို တုန်ခါမှုခံစားခဲ့ရတာပါ။

ဒီအခြေအနေမျိုးဟာ သိပ်တော့ထူးခြားတဲ့ အခြေအနေတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စိတ်အာရုံကိုတော့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းစားရတဲ့အဓိက အကြောင်း ရင်းကလည်း ဒါကတကယ့်ကို ငလျင်လှုပ်သွားတာလား ဆိုတဲ့မေးခွန်းကို ဘယ်သူမှ တိတိကျကျ မသိကြတာကြောင့်ပါ။ မြေကြီးတုန်ခါမှုကို ခံစားသိရှိ ကြရပြီးနောက် ဒါက မြေအောက်မှာလုပ်တဲ့ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်နိုင်တယ်လို့ သတင်းဌာန အများအပြားနဲ့ လူမှုမီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။

ဒါပေမဲ့ Tehran Times သတင်းစာမှာတော့ မြေငလျင်ပညာရှင်များနဲ့ အစိုးရတာဝန်ရှိသူများက ဒီတုန်ခါမှုဟာ နျူကလီးယား စမ်းသပ်မှုကြောင့် မဟုတ်ဘူးလို့ပြောကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်စီအိုင်အေ ညွှန်ကြားရေးမှူးဝီလီယံဘန်းကလည်း အီရန်အနေနဲ့ နျူကလီးယားလက်နက်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သက်သေမရှိဘူးလို့ ပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေအပေါ် ထောက်ရှုပြီးနှစ်ပေါင်းများစွာ ရရှိလာတဲ့   အတွေ့အကြုံတွေကို အခြေခံပြောရမယ်ဆိုရင် အီရန်တွေက စီအိုင်အေရဲ့ပြောဆိုချက်ကို မှန်ကန်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဖူးပါဘူး။ ဒါကြောင့် အီရန်အစိုးရရဲ့တရားဝင်သတင်းဌာနကြီး တစ်ခုက  စီအိုင်အေရဲ့ ပြောဆိုချက်ကို ထည့်သွင်းဖော်ပြတာဟာ ဟာသတစ်ပုဒ်လိုဖြစ်နေတယ်လို့ ခံစားနေရပါတယ်။

အီရန်ခေါင်းဆောင်တွေ အနေနဲ့ ဒီလိုမျိုး ဖော်ထုတ်နိုင်တဲ့ သဲလွန်စတွေများစွာ ကျန်ရစ်စေမယ့် နျူကလီးယား စမ်းသပ်မှုတစ်ခုလုပ်နိုင်ခြေရှိတယ် ဆိုတဲ့အခြေအနေရယ်၊ တစ်ချိန်တည်းမှာပဲ ဒီလိုစမ်းသပ်မှုမျိုးကို သူတို့မလုပ်ပါဘူးလို့ တရားဝင်ငြင်းဆိုထားတဲ့ အခြေအနေတွေရယ်ကို ကြည့်လိုက်ရင် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းက များများစားစား မရှိနိုင်ပါဘူး။ အနှစ်ချုပ်ကိုကြည့်ရင်တော့ တစ်ဖက်မှာနိုင်ငံရေးအရငြင်း ဆိုလိုက်ပေမယ့် အခြားတစ်ဖက်မှာတော့ ရန်သူကို သတိပေးလိုက်တဲ့ အခြေအနေမျိုးသာဖြစ်လာစေပါလိမ့်မယ်။ ဒါဆိုရင် တစ်ဖက်အဖွဲ့အစည်းတွေကြားမှာ သို့လောသို့လောတွေးထင်မှုတွေ ပေါ်ပေါက်လာစေမှာအမှန်ပါပဲ။

ယထာဘူတကျကျပြောရမယ်ဆိုရင်တော့လည်း နျူကလီးယား စမ်းသပ်မှုဆိုတာ မရှိခဲ့ဘူးလို့ ယုံကြည်ရပါလိမ့်မယ်။ ဖြစ်ပွားခဲ့တဲ့မြေငလျင် တုန်ခါမှုနဲ့ပတ်သက်ပြီး ပညာရှင်မဟုတ်တဲ့ သူတွေရဲ့အမြင်မှာလည်း ဒါကနျူကလီးယား စမ်းသပ်မှုဟုတ်၊ မဟုတ်ဆိုတာ မသေချာပါဘူး။ သာမန်လူတွေရဲ့ ပြောဆိုဆွေးနွေးမှု တွေထဲမှာ မြေငလျင်လှိုင်း အမျိုးအစားနဲ့ မြေငလျင်ဖြစ်ပွားရာ ဗဟိုချက်တည်နေရာတို့အပေါ် အဓိကထား ပြီး ဆွေးနွေးကြတာပါ။

အခုအချိန်အထိ မိမိတို့ သိရှိနိုင်တဲ့ တစ်ခုတည်းသော အခြေအနေကတော့ ဒီအခြေအနေဟာ သမားရိုးကျငလျင်လှုပ်မှုလား၊ နျူကလီးယားစမ်းသပ်မှု တစ်ခုလားဆိုတာကို အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာပဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။

ဒီတော့ ဒါကငလျင်လား၊ နျူကလီးယားစမ်းသပ်မှုတစ်ခုလားဆိုတဲ့ အကြောင်းအရာအပေါ် ဆွေးနွေးမှုကိုထားခဲ့ပြီး ဒီဖြစ်စဉ်က ဘာကြောင့် အရေးပါနေတာလဲ၊ အကယ်၍များ ဒီလုပ်ဆောင်ချက်ကသာ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ် သက်ရောက်လာ မလဲ ဆိုတဲ့မေးခွန်းတွေဆီ ဦးတည် သွားလိုက်ပါမယ်။

အီရန်ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ ဒီစစ်ပွဲကလည်း ဒုံးကျည်များနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဆီကနေ ပိုမိုကြီးမားတဲ့ ဒေသတွင်းစစ်ပွဲမှသည် ကမ္ဘာ့နိုင်ငံ အများအပြားပါဝင်လာတဲ့ စစ်ပွဲအထိကို ပိုမိုပြင်းထန်လာနိုင်ပါတယ်။

ဒီလိုအခြေအနေအထိ ရောက်လာရတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အစ္စရေးဟာပြီးခဲ့တဲ့နှစ်ကစလို့ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပွားစေလောက်တဲ့အထိ ချေမှုန်းရေးလုပ်ငန်း လုပ်နေပါတယ်။ ဒုတိယတစ်ခုက အနောက်အုပ်စုဟာ အစ္စရေးဘက်ကနေ ရပ်တည်နေတာပါ။ အကယ်၍ အနောက်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ အခြေခံကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အစ္စရေးရဲ့လုပ်ရပ်တွေ ရပ်တန့်စေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုသာ လုပ်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းအရေးဟာ ဒီကနေ့လိုအခြေအနေအထိ ရောက်လာမှာမဟုတ်ပါဘူး။

ဒီလိုမျိုးအကြောင်းရင်း နှစ်ခုကြောင့်ပဲ အီရန်နိုင်ငံရဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများက အစ္စရေးတို့အပေါ် တုံ့ပြန်နိုင်မယ့် အဓိကကျတဲ့ အင်အားစုကြီးတစ်ရပ် ဖြစ်လာရပါတယ်။ အဲဒီအဖွဲ့ကို အနောက်အုပ်စုများက အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်ထားပေမယ့် လည်း တကယ်တမ်းမှာကျတော့ ကုလသမဂ္ဂရဲ့လူ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်နေပြီး အနောက်အုပ်စု နဲ့အစ္စရေးကသာ တကယ့်အကြမ်းဖက် အဖွဲ့တွေဖြစ် နေပါတယ်။

အီရန်ရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများ အဖွဲ့သာမရှိပါက ပါလက်စတိုင်းတို့အနေနဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို သီးသန့်ကြီးရင် ဆိုင်တုံ့ပြန်နေရမှာပါ။ ဒါကြောင့် အစ္စရေးဘက်ကနေကြည့်ရင် အီရန်ကိုချေမှုန်းနိုင်ခြင်းက ခုခံရေးဝင်ရိုး တန်းနိုင်ငံများအဖွဲ့ကို အင်အားချည့်နဲ့စေတာနဲ့ အတူတူဖြစ်မယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ အလားတူပဲ အီရန်ရဲ့ဦးဆောင်မှု မရှိတော့ဘူးဆိုရင် ဟစ်ဇဘိုလာအဖွဲ့နဲ့ ဟူသီအဖွဲ့တို့ကလည်း အားနည်းသွားပါလိမ့်မယ်။ ဒီအခြေအနေမှာ အီရန်ရဲ့စစ်ရေးစွမ်းရည်များက အခရာကျနေပါတယ်။

အီရန်ရဲ့လေကြောင်းအင်အားက အစ္စရေးနဲ့ယှဉ်ရင် သာလွန်ခြင်းမရှိပေမယ့် သူ့ဒုံးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကတော့ ဖြုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ မကြာသေးမီက အီရန်အနေနဲ့ အစ္စရေးကို ဒုံးကျည်အစင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်မှုဟာ အစ္စရေးအနေနဲ့ အမေရိကန်တို့ရဲ့ ထောက်ပံ့မှုကိုရရှိထားသော်ငြား အီရန်နိုင်ငံအနေနဲ့ အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို မှုစရာမလိုဘူးဆိုတာ ပြသနေပါတယ်။ အကယ်၍ အီရန်ကသာ အစ္စရေးရဲ့ စီးပွားရေးနဲ့နိုင်ငံရေး အခြေခံအဆောက်အဦတွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကရင်ဆိုင်ရမယ့် ဆုံးရှုံးမှုပမာဏဟာ သမိုင်းဝင်သွားပါလိမ့်မယ်။

ဒီအတွက်ကြောင့် အစ္စရေးဟာ အီရန်အပေါ် သတိကြီးစွာထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးကအီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။  အီရန်က နျူကလီးယားကို အရပ်ဘက်အတွက်သာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။

သူ့အနေနဲ့နျူကလီးယားကို လက်နက်အဖြစ် အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ဒီလိုသာ မလုပ်ဆောင်ဘူးလို့ပြောရင် လိမ်ရာကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်နေပါလျက်နဲ့ မိမိကိုယ် မိမိကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ကို မထုတ်လုပ်ဘူးဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အီရန်ခေါင်းဆောင်တွေဟာ အဲဒီလောက်အထိတော့ အတွေးအခေါ် မနည်းပါဘူး။

ဒါကြောင့် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြေကြီးတုန်လှုပ်မှုဟာ အီရန်တို့ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုကြောင့်သာ ဖြစ်လာနိုင်သလို အကယ်၍ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီးပြီဆိုရင်လည်း ဒါကတစ်ဖက် ရန်သူကို သတိပေးလိုက်တဲ့ အနေအထားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်လာတယ်ဆိုရင် ဒီလိုဖြစ်လာအောင် လုပ်တာက အနောက်အုပ်စုနဲ့အစ္စရေး ပါပဲ။ ဒီအတွက် အကြောင်းပြချက် နှစ်ခုရှိပါတယ်။

ပထမတစ်ခုက အနောက်အုပ်စုက လက်စွဲထားတဲ့ စည်းမျဉ်းအခြေခံနိုင်ငံတကာ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အနောက်အုပ်စုဟာ အပြည်ပြည်ဆိုင် ရာဥပဒေများကို ချောင်ထိုးထားပြီး  ကုလသမဂ္ဂကို ဆိုရင်လည်း ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မမှတ်ပါဘူး။ ဒီအစီအစဉ်ကြောင့်ပဲ အနောက်အုပ်စုနဲ့ အစ္စရေးဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ တရားဝင်လိုင်စင် ရသွားသလိုပါပဲ။ ဒီအခြေအနေကို တော့  ဂါဇာအပေါ်  အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ တစ်ဆင့်မြင်တွေ့နိုင်ပါတယ်။

ဒုတိယအကြောင်းရင်းတစ်ခုက နိုင်ငံတကာတရား ရုံးလိုမျိုး အဖွဲ့အစည်းကြီးတွေက အနောက်အုပ်စုနဲ့ အစ္စရေးတို့အပေါ်ကလွဲလို့ တခြားနိုင်ငံတွေအပေါ် အာဏာ သက်ရောက်နေတာမျိုးဖြစ်ပါတယ်။ အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီလိုတရားရုံးမှာ တရားစွဲခံသင့်ပေမယ့် လက်တွေ့ မှာတော့ ဘာမှဆက်မဖြစ်လာပါဘူး။ ဒီလိုမျိုး ဥပဒေမဲ့လိုဖြစ်နေတဲ့ အခြေအနေတွေ ကြောင့်ပဲ အီရန်ဟာသူ့ ကိုယ်သူကာကွယ် နိုင်စေဖို့ အတွက်  နျူကလီးယား လက်နက်များကို ပိုင်ဆိုင်အောင်ကြိုးပမ်းတာဟာ သဘာဝအားဖြင့်ဖြစ်သင့်တဲ့ အခြေအနေဖြစ်နေပါတယ်။

ဒါ့အပြင် ဒီလိုမျိုးအကြောင်းပြချက်တွေ၊ အခြေအနေတွေကြောင့်ပဲ အီရန်သာမက တခြားနိုင်ငံများမှ ခေါင်းဆောင်များကလည်း နျူကလီးယားလက်နက် နောက်ကို  အသည်းအသန် လိုက်လာနိုင်တဲ့အနေအထားရှိပါတယ်။ အီရန်သည်လည်း  နောက်ထပ်နျူကလီးယား လက်နက်တွေကို ထုတ်လုပ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ နောင်တစ်ချိန်မှာ အနောက်အုပ်စုနဲ့ အစ္စရေးတို့အနေနဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ အခြေ အနေတစ်ခုကို မဖြစ်မနေ လက်ခံရတော့မှာပါ။

ဒါကြောင့် ဆမ်နန်းဒေသက မြေငလျင်ဖြစ်စဉ်ဟာ သမားရိုးကျ ငလျင်လှုပ်တာဆိုရင် အကြောင်းမဟုတ်သော်လည်း အီရန်က  နျူကလီးယား စမ်းသပ်မှုလုပ်တာ ဒါမှမဟုတ် ရှိပြီးသား နျူကလီးယားလက်နက်ကို ဖောက်ခွဲမှု လုပ်တာသာဆိုရင်  ဒီဖြစ်စဉ်ကနေ ပြောပြနေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အနောက်အုပ်စုနဲ့ အစ္စရေးအနေနဲ့ အီရန်အပေါ်သတိကြီးစွာထား ကိုင်တွယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုဖြစ်ပေါ်စေ ပါတယ်။

နောက်တစ်ခုက အီရန်ဟာ နျူကလီးယား လက်နက်ကို စမ်းသပ်လိုက်ရုံတင်သာမကဘဲ သူ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အစ္စရေး ကိုကြီးစွာသော သတိပေးလိုက်တဲ့ အနေအထားဖြစ်နေပါတယ်။ တကယ် လို့များ အစ္စရေးကအီရန်ကို လက်တုံ့ပြန်လိုက်ရင်တော့ ဒေသတွင်းစစ်ပွဲကြီးက မလွဲမသွေဖြစ်လာတော့မှာ အမှန်ပဲဖြစ်ပါတယ်။

Source- Myawady Webportal

အမည်မသိ

ဝါသီးနှံသည် ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် စိုက်ပျိုးရောင်းချနေသော ကုန်စည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများတွင် ပါဝင်သော သီးနှံ ဖြစ်ပါသည်။ နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကမ္ဘာ့ဝါသီးနှံနေ့ကို ကျင်းပကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများ (LDCs) ၌ ဝါကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးခြင်း စသည့်အခန်းကဏ္ဍတို့တွင် အခွင့်အလမ်းများစွာရှိကြောင်းကို ဖော်ထုတ်ပြသပေးပါသည်။ ထိုသို့ဆင်နွှဲကြခြင်းအားဖြင့် ရေရှည်တည်တံ့သော ကုန်သွယ်မှုမူဝါဒများကို မြှင့်တင်ရန်နှင့် ဝါတန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အကျိုးပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြပါသည်။

ကမ္ဘာ့ဝါသီးနှံနေ့ကို တရားဝင်အတည်ပြုခြင်း

အာဖရိကနိုင်ငံ လေးနိုင်ငံဖြစ်သည့် ဘီနင်(Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ်(Chad)နှင့် မာလီ (Mali) တို့က ၂၀၀၃ ခုနှစ်တွင် ကော့တွန်-၄ (C-4) ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပဏာမစတင်ခဲ့ပါသည်။ ဤပဏာမခြေလှမ်းသည် တရားမျှတသော ကုန်သွယ်မှုအလေ့အကျင့်များကို မြှင့်တင်ရန်၊ စျေးကွက်ဝင်ရောက်နိုင်မှုကို တိုးတက်စေရန်နှင့် အဆိုပါနိုင်ငံများရှိ ဝါစိုက်တောင်သူများ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန်ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ကော့တွန်-၄ (C-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြုတုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization-WTO) သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ လ ၇ ရက်နေ့တွင် ပထမဆုံးကမ္ဘာ့ဝါ သီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပရန်စီစဉ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် WTO အတွင်းရေးမှူးသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ(ITC)နှင့် အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေးကော်မတီ (ICAC) တို့နှင့် ပူးပေါင်းကာဝါသီးနှံနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် သတ်မှတ်ရန်အဆိုပြုခဲ့ပါသည်။ ယခုအချိန်အထိ ဝါသီးနှံသည် WTO တွင် သီးသန့်ဆွေးနွေးသော ကုန်ပစ္စည်းတစ်ခုသာ ဖြစ်ပါသည်

၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဘီနင်(Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ်(Chad)၊ အိုင်ဗရီကို့စ်(Ivory Coast)နှင့် မာလီ(Mali) နိုင်ငံတို့မှ တင်သွင်းခဲ့သည့် အဆိုကိုလက်ခံခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါသည်။

ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် A/RES/75/318 တွင် ကမ္ဘာ့ဝါသီးနှံနေ့ကို ကြေညာကာ ဝါသီးနှံသည် ကမ္ဘာတစ်လွှား သန်းပေါင်းများစွာသော လူသားတို့၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းအတွက်အရေးပါသည့် ကဏ္ဍဖြစ်ကြောင်းကို အသိအမှတ်ပြုထားပြီး ယင်းကလူမှုစီးပွားရေးနှင့် ကမ္ဘာအနှံ့ သက်ရောက်မှုရှိကြောင်းကိုပါ ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO)က ကုလသမဂ္ဂ၏ အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံခဲ့ပါသည်။ “ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် သန်းပေါင်းများစွာသော လူသားများအတွက် ဝါဂွမ်း၏ အရေးပါမှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စတင်ကာပဏာမခြေလှမ်းစတင် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများကို WTO က အသိအမှတ်ပြုပါသည်။ နိုင်ငံတကာ၊ ဒေသတွင်းနှင့် မိတ်ဖက်အဖွဲ့ အစည်းများအကြားကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကိုပါ အသိအမှတ်ပြုမှုတစ်ခုလည်း ဖြစ်ပါသည်” ဟု WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ပြောကြားခဲ့ပါသည်။

“ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်သည် WTO ၏ ဝါသီးနှံဆိုင်ရာလုပ်ငန်းများတိုးတက်စေရန် လက်ရှိဆောင်ရွက်နေသည့် ကုန်သွယ်ရေးစကားဝိုင်းများနှင့် (၁၂) ကြိမ်မြောက် WTO ဝန်ကြီးများ ညီလာခံအတွက် ကမ္ဘာ့ဝါသီးနှံဆိုင်ရာ လုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရန် အထောက်အကူပြုနိုင်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများရှိ သန်းနှင့်ချီသော ဝါဂွမ်းထုတ်လုပ်သူများအတွက် ခိုင်မာသော အပြုသဘောရလဒ်များ ထုတ်ပေးနိုင်မည်ဟု ကျွန်ုပ်ယုံကြည် ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားများသည် ဝါသီးနှံအတွက် ရေရှည်တည်တံ့သော ကုန်သွယ်မှု မူဝါဒများကို မြှင့်တင်ပေးနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ဝါတန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ခြေလှမ်းတိုင်းမှ ပိုမိုအကျိုးဖြစ်ထွန်းစေကာ အကျိုးခံစားစေနိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်နိုင်မည်ဟု ထင်မြင်မိပါသည်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်တွင် ၂၀၀၃ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ စတင်ခဲ့သည့် ကမ္ဘာ့ဝါသီးနှံဆိုင်ရာ အစီ အစဉ်၏ အရေးပါမှုကို ထပ်မံအသိအမှတ် ပြုထားပါသည်။ ဤအစီအစဉ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့် ဝါသီးနှံနှင့်ဆက်စပ်သော ထုတ်ကုန်များကို စျေးကွက်ဝင် အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် ကမ္ဘာ့ဝါသီးနှံ စျေးကွက်တွင် ကုန်သွယ်ရေးကို ထိခိုက်စေသော မတူညီသည့် အတိုင်းအတာများကို လျော့နည်းစေရန် စသည်တို့ကို အားပေးကာ ဝါသီးနှံစျေးကွက်များအပေါ် သက်ရောက်မှုရှိသည့် မတော်တဆ ဖြစ်ရပ်များကို ဆွေးနွေးပွဲများ ပြုလုပ် လာနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသီးနှံ ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်လာစေရန် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးအစီအစဉ်များနှင့် ကြိုးပမ်းဆောင်ရွက်မှုများ၏ အရေးပါမှုကိုလည်း အထူးအသိအမှတ်ပြုထားပါသည်။

ဤဆုံးဖြတ်ချက်သည် ကူညီပေးသောနိုင်ငံများနှင့် အကူအညီပေးမှုကိုခံစားနေသော နိုင်ငံများကို ဝါသီးနှံဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီပေးသည့်လုပ်ငန်းများကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရန်နှင့် ဝါသီးနှံနှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းအခွင့် အလမ်းသစ်များ ဖန်တီးစေရန် အားပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် နည်းပညာတိုးတက်မှုများကို ဖြစ်ပေါ်စေခြင်း၊ ဝါသီးနှံဆိုင်ရာ နည်းပညာများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများအား စူးစမ်းလေ့လာရန် လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

နှစ်စဉ်ကျင်းပသော ကမ္ဘာ့ဝါသီးနှံနေ့အခမ်းအနားများသည် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် စိုက်ပျိုးရောင်းချသော ကမ္ဘာ့ကုန်စည်တစ်ခု အဖြစ် ဝါသီးနှံ၏ သမိုင်းဝင်အရေးပါမှုကို အသိအမှတ်ပြုရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးရာတွင် ဦးစားပေးအခန်း ကဏ္ဍအဖြစ် ရှုမြင်နိုင်မည်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေးကော်မတီ (International Cotton Advisory Committee- ICAC)၏ ပြောကြားချက်အရနှစ်စဉ်ဝါသီးနှံမှရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်ရောင်းဝယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာ့ဝါသီးနှံနေ့ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (UNCTAD)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ(ITC)နှင့် အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေး ကော်မတီ(ICAC) တို့နှင့် ပူးပေါင်းပြီးစတင်ဆောင်ရွက်ခဲ့ကြပါသည်။    

ကမ္ဘာ့ဝါသီးနှံနေ့ဆိုင်ရာအခမ်းအနားများကို ကျင်းပကြခြင်းဖြင့် ဝါသီးနှံထုတ်လုပ်ခြင်းနှင့် ကုန်သွယ် ရောင်းချ ခြင်းတို့နှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို အသိပညာပေး ရန်၊ WTO အဖွဲ့ဝင်များကို WTO နိုင်ငံများစွာပါဝင်သော ကုန်သွယ်ရေးဆွေးနွေး ပွဲများမှတစ်ဆင့် ပိုမိုဖွင့်လှစ်သော၊ ထိရောက်သော၊ ယှဉ်ပြိုင်နိုင်သော၊ တရားမျှတပြီး ယုံကြည်စိတ်ချရသည့် ဝါသီးနှံစျေးကွက်များ တည်ဆောက်ရာတွင် ကူညီပံ့ပိုးရန်၊ အထူးသဖြင့် အာဖရိကတိုက်ရှိ အဖွဲ့ဝင်နိုင်ငံများတွင် နည်းပညာအကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြင့် ခံနိုင်ရည်ရှိသော၊ စီးပွားရေးအရ လုပ်ထုံးလုပ်နည်းကောင်း များဖြင့် ဝါသီးနှံကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးကူညီပံ့ပိုးရန်၊ ဝါသီးနှံနှင့်အထည်ချုပ်လုပ်ငန်းများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖြေရှင်းနိုင်ရန် အစိုးရများနှင့် ပြည်သူ့လူမှုအဖွဲ့အစည်းများ၏ ထောက်ခံမှုရရှိစေရေး အထောက်အပံ့ ပေးရန်၊ ဝါဂွမ်းထွက်ကုန်များနှင့် ဝါ၏အခြားဘေးထွက် ပစ္စည်းများဖြစ်သည့်ဆီနှင့် အစားအစာများ၏ အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးခြင်းနှင့် သဘာဝအမျှင်များ ရေရှည်တည်တံ့ခိုင်မြဲစွာ ထုတ်လုပ်နိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို မြှင့်တင်ရေးအထောက်အကူဖြစ်စေရန် ဟူသည့်အချက်များရရှိစေရန် ရည်ရွယ်ကျင်းပကြပါသည်။

ကမ္ဘာ့ဝါသီးနှံနေ့အခမ်းအနားများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization- WTO) သည် ကော့တွန်-၄ (C-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးကမ္ဘာ့ဝါသီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ ကျင်းပခဲ့ချိန်မှစ၍ နှစ်စဉ်ကမ္ဘာ့ဝါသီးနှံနေ့ အခမ်းအနားကို ကျင်းပလျက်ရှိပါသည်။ ယင်းအခမ်းအနားသည် ပါဝင်တက်ရောက်သူများအတွက် အသိပညာ မျှဝေရန်၊ ဝါဂွမ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကို ပြသရန် အဓိကအခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့ဝါသီးနှံနေ့သည် ဝါ၏အရေးကြီးမှုနှင့် လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပံ့ပိုးကူညီမှုများအား အသိပညာမြှင့်တင်ပေးသောကြောင့် အရေးကြီးပါသည်။ 

ကမ္ဘာ့ဝါသီးနှံနေ့ကို နှစ်စဉ်ကျင်းပကြခြင်းဖြင့် ဝါသီးနှံ၊ ဝါသီးနှံနှင့်ဆက်စပ်သော ထုတ်ကုန်များ၏ အရေးပါမှုကို အသိပညာပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဝါသီးနှံ၏အရေးပါသော အခန်းကဏ္ဍကိုပြသရန်၊ ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများအား ဝါသီးနှံထုတ်လုပ်မှုကဏ္ဍများမှ အကျိုးခံစားနိုင် စေရန်ဟူသော အကျိုးကျေးဇူးများရရှိ ခံစားနိုင်စေရန်ဖြစ်ပါသည်။

ဤအစီအစဉ်သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့်ဝါသီးနှံဆိုင်ရာ ထုတ်ကုန်များ၏ စျေးကွက်ဝင်ရောက်နိုင်မှု အခွင့်အလမ်းများကို တိုးတက်စေခြင်းနှင့် ဝါသီးနှံကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြားရှိ ဆက်စပ်မှုများကို မီးမောင်းထိုးပြသခြင်းများကို ဆောင်ရွက်ပေးရန် ရည်ရွယ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။

ကမ္ဘာ့ဝါသီးနှံနေ့ကို အထိမ်းအမှတ်ပြု သတ်မှတ်ကြသည့် အကြောင်းရင်းများ

ဝါဖြင့် ရက်လုပ်သောအထည်သည်အထည်အလိပ်များနှင့် အဝတ်အထည်များတွင် အသုံးအများဆုံးအထည်များ ထဲမှတစ်ခုဖြစ်ပါသည်။ ၎င်းသည် အတော်သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းကာ တာရှည်ခံပါသည်။ ဝါသည်အမျှင်နှင့် အစားအစာနှစ်မျိုးလုံးကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော စိုက်ပျိုးရေးကုန်စည် ဖြစ်ပါသည်။ စားသုံးဆီ ထုတ်လုပ်နိုင်ပြီး ၎င်း၏အစေ့များကို တိရစ္ဆာန်အစာအဖြစ် ပြင်ဆင်ပြုလုပ်အသုံးပြုနိုင်ကာ ၎င်း၏ပင်စည်နှင့် အရွက်များကို လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ ဝါသီးနှံသည် အသုံးမဝင်သည့် အစိတ်အပိုင်း လုံးဝမရှိပါ။ ဝါဖြင့် ရက်လုပ်သောချည်ထည်များသည် ဓာတုအဝတ်အထည်များနှင့် မတူဘဲ လျင်မြန်စွာ ဇီဝရုပ်ကွဲသွားသောကြောင့် ပတ်ဝန်းကျင်နှင့် သဟဇာတရှိသော အရာဖြစ်သည်။ ဝါဂွမ်းကို အသုံးပြုခြင်းသည် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချစေရေးကို ကူညီပေးနိုင်ပါသည်။

ဝါသီးနှံသည် မိုးနည်းသော ရာသီဥတုတွင် ပေါက်ရောက်နိုင်ပြီးခြောက်သွေ့ပြီး မိုးနည်းသော ဒေသများတွင် ရှင်သန်နိုင် သော သီးနှံဖြစ်ပါသည်။ ဝါဂွမ်းသည် ကမ္ဘာ့ထွန်ယက်စိုက်ပျိုးနိုင်သော မြေ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းသာရှိသော်လည်း ၎င်းသည်အထည်အလိပ်လိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပါ သည်။ ဝါဂွမ်းကဏ္ဍသည် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ကျေးလက်ဒေသများတွင် အမျိုးသမီးများ အပါအဝင် အသေးစားလက်လုပ်လက်စားများနှင့် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ၏ အဓိကအရင်းအမြစ် ဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသီးနှံဖြစ်ပါသည်။ ဝါသည်ကမ္ဘာနှင့်အဝန်းရောင်းဝယ်ဖောက်ကားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။ ဝါဂွမ်းသည် တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ မိသားစုပေါင်း သန်း ၁၀၀ ကျော်ကို အကျိုးပြုသောကြောင့် နိုင်ငံအသီးသီး၏ အမျိုးသားစီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day) သည် အသိပညာပြန့်ပွားရန်နှင့် ဝါဂွမ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကိုပြသရန် အဓိကအခွင့်အရေး ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization)တွင် ဝါသီးနှံအပေါ် ဆွေးနွေးမှုများ

WTO တွင် ဝါသီးနှံသည် ၂၀၀၃ ခုနှစ် ကော့တွန်-၄ (C-4)မှ စတင်ခဲ့သော အစီအစဉ်အရ သီးသန့်ဆွေးနွေးသော ကုန်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ဤအစီ အစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်မှုကို လက်ခံမှုများစွာ ဖြစ်စေခြင်းနှင့် ကုန်သွယ်ရေး၊ ဝါသီးနှံနှင့် ဖွံ့ဖြိုးတိုးတက်မှုကြားရှိ ဆက်စပ်မှုများကို ထင်ဟပ်စေရန် ရည်ရွယ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့် ဝါသီးနှံဆိုင်ရာ ထုတ်ကုန်များအတွက် စျေးကွက်ဝင်ရောက်မှုကို တိုးတက်စေရန်နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စေရန်၊ ကုန်သွယ်ရေးကို ထိခိုက်စေသော စျေးကွက်များကို စနစ်တကျပြုပြင်ရန်လိုအပ်သော အစီအစဉ်များကို သွားရောက်ဆွေးနွေးခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသီးနှံကဏ္ဍအတွက် ဖွံ့ဖြိုးရေးအကူအညီများနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို စောင့်ကြည့်အားပေးခြင်းတို့ကို အဓိကထားဆွေးနွေးဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ၌ ဝါသီးနှံကို တွန်းအားပေးမြှင့်တင်ခြင်း

ယခုအခါ နိုင်ငံတော်အကြီးအကဲသည် ဝါသီးနှံအထွက်တိုးရေးကိုတွန်းအားပေးဆောင်ရွက်လျက်ရှိကာ ပြည်ပချည် အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နေပါသည်။ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း) တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေများကို စီမံကိန်းဒေသအဖြစ် သတ်မှတ်၍ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာ့ဝါသည် သိသာထင်ရှားသော အလားအလာကောင်းများရှိပြီး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် အတူဝါဂွမ်းမှ အဆင့်မီအထည်အလိပ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ဝါကြိတ်စက်များ၊ ချညမျှင်နှင့် အထည်စက်ရုံများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်သွားခြင်းဖြင့် ဝါတန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

နိဂုံး

အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးထုတ်လုပ်ကာ ခေတ်မီအထည်အလိပ်များ ထုတ်လုပ်ခြင်းဖြင့် ဝါတန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံကို နေရာတစ်နေရာသို့ အရောက်ပို့ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အတွက် နိုင်ငံတော်က သွင်းကုန်အားကိုးမှုကို လျှော့ချရန်နှင့် ပြည်တွင်း အထည်အလိပ်လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ် ၍ ဝါအထွက်နှုန်းနှင့် အရည်အသွေး မြှင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး၊ ရေရှည်တည်တံ့သော အလေ့အကျင့်များနှင့် တိုးတက်သောနည်းပညာများကို အသုံးပြုခြင်းဖြင့် ဝါဂွမ်းထုတ်လုပ်မှုတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အားလုံးအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးရန်နှင့် ဝါနှင့် ချည်ထည်ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကိုပံ့ပိုးကူညီရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နိုင်ငံအများအပြားတွင် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာ့ဝါသီးနှံကဏ္ဍတွင် ဝါစိုက်ပျိုးထုတ်လုပ်နေကြသော တောင်သူများမှစ၍ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ထုတ်လုပ်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအထိဝါတန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဂုဏ်ပြုရေးသားတင်ဆက်အပ်ပါသည်။ 

ကိုးကား

1.       https://www.wto.org/english/tratope/agrice/wcd2021e.htm

2.       https://www.wto.org/english/newse/news21e cott16sep 21e.htm

Source-www.moi.gov.mm

ကိုချင်း

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို  မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ    လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။

မြန်မာနိုင်ငံသည်   ကျယ်ဝန်းသည့် ပင်လယ်ပြင်ပိုင်နက်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါ ကမ်းရိုးတန်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာရှိသည်။ ထိုကျွန်းစုပေါင်း များစွာတည်ရှိသည့် ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝကပေးအပ်ထားသော ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များစွာရှိပေသည်။ သို့အတွက် စီးပွားရေးအခွင့်အလမ်းများစွာရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ကို ငြင်းဖွယ်ရာမရှိပေ။ သို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ)အပြင်  ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိရမည်ဖြစ်သည်။  ထိုသို့ ဖွဲ့စည်းထားရှိရန်အတွက် အခြားကမ္ဘာ့နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ဖွဲ့စည်းစာရင်းကောက်ပုံများကို အချိန်ယူလေ့လာရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။  မြန်မာနိုင်ငံတွင် ယခင်ကကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard) မရှိသည့်အတွက်  ပိုင်နက်ပင်လယ်ပြင်နှင့်ရေကြောင်းအကျိုးစီးပွားများ၊   ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ပိုင်နက် ပင်လယ်ဇုန်များ၏ အချုပ်အခြာအာဏာနှင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍများကို  အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊  ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိနေပြီ ဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard)နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့၏ ကမ်းခြေစောင့်တပ် အကြောင်းကို လေ့လာလျှင် နိုင်ငံတစ်ခုချင်းစီ၏ ပထဝီဝင်အရ မရှိမဖြစ်ရှိရမည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် အထူးသတ်မှတ်ချက်အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ပင်လယ်ပြင်လုံခြုံရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြသည်။ နိုင်ငံအလိုက် အမည်၊ တာဝန်နှင့် လုပ်ဆောင်ချက်များ ကွဲပြားခြားနား ကြသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့ အားလုံးသည် မိမိနိုင်ငံ၏ ပင်လယ်နယ်မြေဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် တူညီသည့် ရည်မှန်းချက်ပင် ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ကမ်းခြေစောင့်တပ် (United State Coast Guard-USCG) တို့၏ ရည်မှန်းချက်တာဝန်များမှာ ပြည်တွင်းသင်္ဘောလမ်းကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်ခြင်း၊   လူကုန်ကူးမှု၊   မူးယစ်ဆေးဝါးကုန်ကူးမှု တားဆီးခြင်းနှင့် သဘာဝဘေးအန္တရာယ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ခြင်းဆိုသည့်အချက်များပင်ဖြစ်ပေသည်။  ထိုအဖွဲ့၏ ထူးခြားချက်မှာ အမေရိကန်တပ်မတော် အဖွဲ့အစည်းများအနက်   တစ်ခုအဖြစ်   လည်ပတ်ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။ ဂျပန်ကမ်းခြေစောင့်တပ် (Japan Coast Guard-JCG)သည် ငါးဖမ်းနယ်မြေအတွင်း ဥပဒေအား ကာကွယ်ရေး၊  ရေငုပ်ခြင်းနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်ကူးမှုတားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်တို့ကို ဆောင်ရွက်ရသည်။

ဂျပန်နိုင်ငံသည်    ပင်လယ်နယ်မြေများသည့်       နိုင်ငံဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရခြင်းပင်ဖြစ်သည်။ ထို့အတူ အိန္ဒိယကမ်းခြေစောင့်တပ် (Indian Coast Guard-ICG) သည် အိန္ဒိယ ပင်လယ်နယ်မြေများတွင် ဥပဒေစိုးမိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးခြင်းဆိုသည့်   ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရသည်။ ICG ၏ ထူးခြားချက်မှာ အိန္ဒိယ၏ ကမ်းခြေအနီးရှိ ကျွန်းများနှင့် ပင်လယ်ဘေးကမ်းရိုးတန်း တစ်လျှောက်နယ်မြေများကို ထိန်းသိမ်း ရခြင်းပင်ဖြစ်သည်။

ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard)ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းပြီးဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရေကြောင်းစီရင်ပိုင်ခွင့် အာဏာများ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေး လုပ်ငန်းများနှင့်  ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်၊ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံတကာ    ကမ်းခြေစောင့်တပ်ဖွဲ့များ၊  ရေကြောင်းအဖွဲ့အစည်းများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ မြှင့်တင်ရန်နှင့်  အရေးပေါ်အခြေအနေကာလတွင် တပ်မတော်(ရေ)အား အထောက် အကူပြုရန်ဆိုသည့် ရည်မှန်းချက်တာဝန်(၅)ရပ်ကို ထမ်းဆောင်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို  နိုင်ငံတော်အကြီးအကဲကအမြော်အမြင်ကြီးမားစွာဖြင့်  ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည့်  ပထမဦးဆုံးသော   မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်သည်။  စတင်ဖွဲ့စည်းချိန်တွင် အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း၊   ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်နှစ်စင်း၊   အရာရှိ ၃၃ဦး၊ စစ်သည် ၂၃၀ ဦး တို့ဖြင့်  ဦးစွာဖွဲ့စည်းခဲ့ကြသည်။   စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယခုအခါ (၃) နှစ်ပြည့်မြောက်ပြီ ဖြစ်ပေရာ တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့်   ဖွဲ့စည်းပုံဆိုင်ရာများတွင်  ယခင်ထက်ပြည့်စုံအောင် နိုင်ငံတော်မှ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး   ဆက်လက်၍လည်း     ဖြည့်ဆည်းပေးနေမည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ထိုသို့ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက်  တပ်ဖွဲ့ဝင်တစ်ဦးချင်း စဉ်ဆက်မပြတ် လေ့ကျင့်နေရန်ဖြစ်သည်။

ထိုသို့လေ့ကျင့်ရေးဆောင်ရွက်ခြင်းဖြင့်စိတ်ပိုင်း၊   ရုပ်ပိုင်းဆိုင်ရာများ   ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး  တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ယုံကြည်မှု၊ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို အသုံးချနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လေ့ကျင့်သားပြည့်ဝမှု၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုတို့ဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့၏ ဆောင်ပုဒ် ဖြစ်သည့်  “စောင့်ရှောက်ကာကွယ်ဒို့ပင်လယ်”   ဟူသော ရည်မှန်းချက်ကိုလည်း  အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဖြစ်သည်။၏

၂၀၂၁ခုနှစ်အောက်တိုဘာလ၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးကမ်းခြေစောင့်တပ်ဖွဲ့အား ကွပ်ကဲမှုဌာနချုပ်တစ်ခုနှင့်အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုအားစတင်ဖွဲ့စည်းခဲ့ပါသည်။  ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ  ၂၄  ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် ရုံးသစ်ဖွင့်ပွဲသို့ နိုင်ငံတော်အကြီးအကဲက တက်ရောက်ချီး မြှင့်ပေးခဲ့သည်။  ၂၀၂၁ ခုနှစ်မှ  ၂၀၂၄  ခုနှစ်အထိ  သုံးနှစ်တာကာလအတွင်း “နောင်ရိုး စစ်ဆင်ရေး” အမည်ဖြင့်   ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် လိုင်စင်မဲ့ရေယာဉ် နှစ်စင်း၊ တရားမဝင်ရေယာဉ် သုံးစင်း၊ ခိုးဝင် ဘင်္ဂါလီလှေ တစ်စင်း၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရေယာဉ်တစ်စင်း၊ သစ်မှောင်ခိုလှေ    နှစ်စင်း၊ ကုန်တင် (ကုန်မဲ့) လှေသုံးစင်းနှင့် ဆီအညစ်အကြေး စွန့်ပစ်သည့် ကွန်တိန်နာရေယာဉ်တစ်စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး အနေဖြင့် ရေဝင်တိမ်းစောင်း နစ်မြုပ်လျက်ရှိသည့်  ကျားပိုက်ငါးဖမ်းလှေမှ ရေလုပ်သား ၂၂ ဦး၊ ကြိုးပြတ်၍  ရေမျောနေသည့်  ကျားဖောင်ရေလုပ်သားသုံးဦးနှင့် ရေဝင်နစ်မြုပ်နေသည့် ဒေသခံချွန်းလှေမှ ရေလုပ်သား သုံးဦးတို့အား အသက်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် လေ့ကျင့်ရေးနှစ် များအလိုက် ပြည်ပနိုင်ငံများသို့ အရာရှိ၊ စစ်သည် ၅၅ ဦးတို့အား ပညာတော်သင်စေလွှတ်နိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး အနေဖြင့် ဒေသတွင်း  နိုင်ငံများ၏  ကမ်းခြေစောင့် တပ်ဖွဲ့ဆိုင်ရာ  ကိစ္စရပ်များကို အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အာဆီယံအဖွဲ့အစည်းတို့ဖြင့် တွေ့ဆုံညှိနှိုင်းခြင်း၊ Virtual စနစ်ဖြင့် အစည်းအဝေး တက်ရောက်ခြင်းတို့အား နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်ကမ်းခြေစောင့် တပ်ဖွဲ့၏   သဘောသဘာဝအရ မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံတကာ ရေယာဉ်များအား စစ်ဆေးကြပ်မတ် ထိန်းသိမ်းရခြင်း၊ နိုင်ငံတကာကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရခြင်းတို့ကြောင့် ရေကြောင်းဆိုင်ရာ ဥပဒေပညာရပ်များအား စစ်ဘက်/နယ်ဘက် တက္ကသိုလ်များတွင်လေ့လာသင်ယူစေခြင်းတို့အပြင်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့  ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းတို့ကိုလည်း    ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ ကာလအတွင်း သတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်ထားသည့် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်အခမ်းအနား ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့(Myanmar Coast Guard)တွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်တစ်စင်း၊ အမြန်သွား ကင်းလှည့်ရေယာဉ် ခုနစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ငါးစင်း၊ တွဲဆွဲ ရေယာဉ်တစ်စင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး ကင်းလှည့်ရေယာဉ်လေးစင်း စုစုပေါင်း ၁၈ စင်းတို့ဖြင့် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိပေသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည်ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းများဖြင့် ဝင်ရောက်အမှုထမ်းသူများဖြစ်ကြသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို အခြေခံ၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်”ဟူသော ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ကိုမြှင့်တင်ကြရမည်ဖြစ်သည်။မြန်မာ့ပင်လယ်ပြင်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားကို  ကာကွယ်နိုင်သည့်စွမ်းရည်ထက်မြက်သော စံပြကမ်းခြေစောင့်တပ်ဖွဲ့အဖြစ်ထာဝရရပ်တည်နိုင်ပါစေကြောင်းဆုမွန်တောင်းရင်း (၃)နှစ်ပြည့်  နှစ်ပတ်လည်နေ့တွင်  ဂုဏ်ပြုရေးသားအပ်ပါသည်။    ။

Source-www.moi.gov.mm

အမည်မသိ