ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ဒုတိယအဆင့်အတွက် ဆွေးနွေးမှုများ စတင်ရန် လိုအပ်ကြောင်း ဟားမက်အဖွဲ့ ထပ်လောင်းပြောကြား

News Image

  • ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ဒုတိယအဆင့်အတွက် ဆွေးနွေးမှု များ စတင်ရန် လိုအပ်ကြောင်း ဟားမက်အဖွဲ့ ထပ်လောင်းပြောကြား

‌ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ဒုတိယအဆင့် စတင်ရန်နှင့် ဂါဇာဒေသသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခွင့်ပြုရန် လိုအပ်ကြောင်း ဟားမက်အဖွဲ့က မတ် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့သည်။

ဟားမက်ခေါင်းဆောင်ပိုင်းမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကိုင်ရိုမြို့တွင် အီဂျစ်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် အကျဉ်းသားလဲလှယ်မှုတို့ကို အဆင့်အသီးသီးဖြင့် အကောင်အထည်ဖော်ရေး ကိစ္စရပ်များအား အပြုသဘောဆောင်၍ တာဝန်သိစွာဖြင့် ဆွေးနွေးခဲ့ကြောင်း ဟားမက် အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သဘောတူညီချက်ပါ စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း ၎င်းကိုယ်စားလှယ်အဖွဲ့က အလေးအနက် ပြောကြားခဲ့ပြီး ဒုတိယအဆင့် ဆွေးနွေးညှိနှိုင်းမှုများ အမြန်ဆုံးစတင်ရေး၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ဂါဇာဒေသသို့ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင်ရေးအတွက်လည်း တိုက်တွန်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ်၊ ကာတာနှင့် အမေရိကန်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့သည့် အစ္စရေးနှင့် ဟားမက်ကြား အဆင့်သုံးဆင့် ပါဝင်သော ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဇန်နဝါရီ ၁၉ ရက်က စတင်အသက်ဝင်လာခဲ့သော်လည်း မတ် ၁ ရက်၌ ၄၂ ရက်ကြာ ကနဦးအဆင့် သဘောတူညီမှု သက်တမ်းကုန်ဆုံးသွားပြီးနောက် ဒုတိယအဆင့်အတွက် ဆွေးနွေးမှုများမှာ ရပ်တန့်နေဆဲဖြစ်သည်။

ကိုးကား- ဆင်ဟွာ