ကိုယ်ဝန်ဆောင်စဉ် မျက်နှာအသွင်ပြောင်းလဲသွားပြီး မှတ်မိရန်ပင် ခက်ခဲသည်အထိ ဖြစ်သွားကြောင်း Li Wei ၏ မျှဝေမှုက လူများစွာကို အံ့အားသင့်စေခဲ့

News Image

  • ကိုယ်ဝန်ဆောင်စဉ် မျက်နှာအသွင်ပြောင်းလဲသွားပြီး မှတ်မိရန်ပင် ခက်ခဲသည်အထိ ဖြစ်သွားကြောင်း Li Wei ၏ မျှဝေမှုက လူများစွာကို အံ့အားသင့်စေခဲ့

ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ တရုတ်အမျိုးသမီး Li Wei သည် ကိုယ်ဝန်ဆောင် ပထမလများအတွင်း ခန္ဓာကိုယ်တွင် စွမ်းအင်ပြည့်ဝနေပြီး အသားအရေ လည်း ပိုမိုချောမွေ့လာသည်ဟု ဆိုသည်။ ဆရာဝန်များက အဆိုပါ ဖြစ်စဉ်ကို အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများ တိုးလာခြင်း ကြောင့် “ကိုယ်ဝန်ဆောင်ချိန်တွင် နုပျိုချောမောမှု” (Pregnancy Glow) အဖြစ် ရှင်းပြခဲ့သည်။

သို့သော် ကိုယ်ဝန် ပဉ္စမလ အရောက်တွင် Li ၏မျက်နှာသည် တဖြည်းဖြည်း ထူးဆန်းစွာ ပြောင်းလဲလာခဲ့သည်။ သူမ၏နှာခေါင်းသည် ပိုကြီးလာပြီး အရေးအကြောင်းများလည်း ပိုမိုထင်ရှားလာကာ တစ်ခါတစ်ရံ မှန်ထဲတွင် မိမိကိုယ်ကိုပင် မှတ်မိရန် ခက်ခဲသည်အထိ ဖြစ်လာခဲ့သည်။

ကိုယ်ဝန်၏ အလယ်နှင့် နောက်ဆုံးကာလများတွင် Li ၏ ခန္ဓာကိုယ်သည် ဆက်လက်ပြောင်းလဲမှုများ ကြုံတွေ့ခဲ့သည်။ သူမ၏ ပါးပြင်များတွင် အမည်းစက်များ ပေါ်လာပြီး လက်နှင့်ခြေထောက်များ ဖောရောင်လာခဲ့သည်။ ဆရာဝန်က ထိုအရာများသည် သဘာဝပြောင်းလဲမှုများသာဖြစ်ကြောင်း အာမခံပြောဆိုသော်လည်း Li သည် သူမ၏ အစားအသောက်ကို ချိန်ညှိလိုက်ပြီး သကြားနှင့် အဆီများကို လျှော့စားကာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခဲ့သည်။

ကလေးမွေးပြီးနောက် Li သည် ဆံပင်ကျွတ်ခြင်းကို ကြုံတွေ့ခဲ့ပြီး အသားအရေသည် အဆီပြန်သည့်အသားအရေမှ ခြောက်သွေ့ လာခဲ့သည်။ သူမ၏ မိတ်ဆွေများနှင့် မိသားစုက ယင်းပြောင်းလဲမှုများကို ပုံမှန် ဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။ ထို့နောက် သူမသည် အာဟာရညီမျှသော အစားအစာများ စားသုံးခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကို စတင် အာရုံစိုက်ခဲ့သည်။ လအနည်းငယ်အကြာတွင် သူမ၏ အပြင်အဆင်သည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

“ကိုယ်ဝန်ဆောင်ရတာ ခက်ခဲပေမယ့် သားသားမီးမီးလေးတွေ ကြီးပြင်းလာတာကိုကြည့်ရတာနဲ့ပဲ အားလုံးတန်ပါတယ်” ဟု Li က Weibo တွင် သူမ၏အသွင်ပြောင်းလဲမှုများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများနှင့်အတူရေးသားခဲ့သည်။ သူမ၏ပို့စ်သည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး လူများစွာ ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူမ၏ကလေးနှင့်အတူ ရိုက်ကူး ထားသည့် ဓာတ်ပုံများတွင် မျက်နှာပေါ်က အပြောင်းအလဲများမှာ လုံးဝ နီးပါး ပျောက်ကွယ်သွားခဲ့သည်။

မီးယပ်အထူးကုဆရာဝန်များက ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကြုံတွေ့ရပါက စိုးရိမ်ပူပန်မှုမရှိဘဲ အကောင်းမြင်စိတ်ထားရှိကာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံကို ထိန်းသိမ်းရန် အကြံပြုထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂