အိန္ဒိယက ပဉ္စမမျိုးဆက် တိုက်လေယာဉ်ကို ထုတ်လုပ်နေ

News Image

  • အိန္ဒိယက ပဉ္စမမျိုးဆက် တိုက်လေယာဉ်ကို ထုတ်လုပ်နေ
  • အိန္ဒိယက ပဉ္စမမျိုးဆက် တိုက်လေယာဉ်ကို ထုတ်လုပ်နေ

အိန္ဒိယသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ခေတ်မီတိုက် လေယာဉ်များပိုင်ဆိုင်ရေးအတွက် ပြည်ပနိုင်ငံများကို မှီခိုခဲ့ရသော်လည်း လက်ရှိတွင် တိုက်လေယာဉ်များအား ပြည်တွင်းမှာပင် ထုတ်လုပ်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အိန္ဒိယအစိုးရသည် Advanced Medium Combat Aircraft (AMCA) အမည်ရှိ ပဉ္စမမျိုးဆက် နောက်ဆုံးပေါ် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် တည်ဆောက်ရေး အစီအစဉ်ကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ပါကစ္စတန်နှင့် တရုတ်၏ ဖိအားများဖြင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံအတွက် အမျိုးသားလုံခြုံရေး ကဏ္ဍတွင် ထိုအစီအစဉ်သည် အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

မေလ ၂၇ ရက်က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသည် အိန္ဒိယ လေတပ်၏ တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို မြင့်တက်စေရန် ရည်ရွယ်ခဲ့သည့် AMCA တိုက်လေယာဉ် စီမံကိန်းအတွက် အကောင်အထည်ဖော်သော အဆင့်ကို အတည်ပြုပေးခဲ့သည်။ ထိုကြောင့် လက်ရှိ တည်ဆောက်ပြီးစီးထားသည့် ရှေ့ပြေးပုံစံ AMCA တိုက်လေယာဉ်ကို အဆင့်မြှင့်တင် မွမ်းမံနိုင်ပြီး တိုက်လေယာဉ် အများအပြား ထုတ်လုပ်ရန် လမ်းပွင့်သွား ခဲ့သည်။

“အိန္ဒိယ၏ လေကြောင်းနှင့် အာကာသနယ်ပယ်မှာ AMCA တိုက်လေယာဉ် အတွက် ရှေ့ပြေးပုံစံ ထုတ်လုပ်မှုသည် ကြီးမားသော အခိုက်အတန့် ဖြစ်ခဲ့ပြီး စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်နိုင်ရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါသည်” ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

AMCA ပရောဂျက်သည် လက်ရှိတွင် အလွန်အရေးကြီးသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီး အပြီးသတ် လုပ်ဆောင်ရမည့် အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျုမှ တောင်အာရှနှင့် ဗဟိုအာရှဆိုင်ရာ ကာကွယ်ရေး၊ မဟာဗျူဟာနှင့် သံတမန်ရေးရာ ကျွမ်းကျင်သူ အန်တိုနီ လီဗက်စ် (Antoine Levesques) က ပြောကြား ခဲ့သည်။

ထိုတိုက်လေယာဉ်သည် ပါကစ္စတန်လေတပ်၏ တရုတ်လုပ် တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်ရာတွင် အသာစီးရရှိအောင် ရည်ရွယ် ထုတ်လုပ်နေခြင်း ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းကလည်း အိန္ဒိယနိုင်ငံ ဘန်ဂလူရူ (Bengaluru) မြို့တွင် ပြုလုပ်သည့် Aero India 2025 လေကြောင်းပြပွဲ၌ AMCA ကိုယ်ပျောက် တိုက်လေယာဉ်၏ ရှေ့ပြေးပုံစံ လေယာဉ်တစ်စင်းကို ပြသခဲ့သည်။

ကိုးကား- CNI