ပင်တဂွန်မှ လော့စ်အိန်ဂျလိစ်တွင် တပ်စွဲထားသော မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကို ရုပ်သိမ်း
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက လော့စ်အိန်ဂျလိစ်မြို့ ပြန်လည် အေးချမ်းတည်ငြိမ်လာသည့်အတွက် မရိန်းတပ်ဖွဲ့ဝင် ၇၀၀ အား ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာခဲ့သည်။
"လော့စ်အိန်ဂျလိစ်မြို့ ပြန်လည်အေးချမ်းသွားပါပြီ၊ ကာကွယ်ရေးဝန်ကြီး Peter Hegseth က ရေတပ်တပ်ဖွဲ့ဝင် ၇၀၀ အား အခြားနေရာသို့ ပြန်လည်စီစဉ်ရန် ညွှန်ကြားခဲ့ပါသည်" ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ Sean Parnell က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် Parnell က ဇွန်လအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်သို့ မရိန်းတပ်ဖွဲ့များ စေလွှတ်ရန်ဆုံးဖြတ်ချက်မှာမှန်ကန်သောလုပ်ဆောင်မှုဖြစ်ပြီး အမြန်ဆုံးနှင့် စည်းကမ်းပြည့်ဝစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့ရှိနေမှုသည် မြို့တွင် တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ရာတွင် အရေးပါသော အခန်း ကဏ္ဍ မှ ပါဝင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်မှ မရိန်းတပ်ဖွဲ့များ ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို လွန်ခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ချမှတ်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။ ယခုအချိန်တွင် တပ်ဖွဲ့များ မြို့မှ မထွက်ခွာ သေးသော်လည်း လာမည့်ရက်အနည်းငယ်အတွင်း လော့စ်အိန်ဂျလိစ်မှ မိုင် ၁၅၀ ခန့်အကွာ Twentynine Palms စခန်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
ဇွန်လအတွင်း အမေရိကန် ပြည်ထဲရေး လုံခြုံရေးဌာန၏ Immigration and Customs Enforcement (ICE) အေဂျင်စီမှ ဦးဆောင်သော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား စစ်ဆင်ရေးများကြောင့် လော့စ်အိန်ဂျလိစ်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ဆန္ဒပြမှု အများစု သည် အေးချမ်းသော်လည်း မြို့လယ်တွင် ဆန္ဒပြသူများနှင့် ဖက်ဒရယ် တပ်ဖွဲ့များအကြား အချို့သော တိုက်ခိုက်မှုများသည် အကြမ်းဖက်မှု အထိ မြင့်တက်သွားခဲ့သည်။
သမ္မတ Donald Trump သည် လော့စ်အိန်ဂျလိစ်မှ ဆန္ဒပြသူများအား အကြမ်းဖက်သမားများနှင့် ပြစ်မှုကျူးလွန်သူများအဖြစ် ရှုတ်ချခဲ့သည်။ ၎င်းသည် ကယ်လီဖိုးနီးယား အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard) မှ တပ်ဖွဲ့ဝင် ၄,၈၀၀ ကို မြို့တော်သို့ စေလွှတ်ခဲ့ပြီး နောက်ပိုင်း တွင် ပင်တဂွန်မှ မရိန်းတပ်သား ၇၀၀ ထပ်မံဖြည့်တင်းခဲ့သည်။ အဆိုပါ တပ်ဖွဲ့များသည် အဓိကအားဖြင့် ဖက်ဒရယ်အဆောက်အအုံများကို ကာကွယ်ရန်နှင့် ICE အား ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးရန် ကူညီဆောင်ရွက်ပေးရန် ဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့သည် လော့စ်အိန်ဂျလိစ်မှ ၎င်း၏ တပ်ဖွဲ့အချို့ကို ရုပ်သိမ်းခဲ့ပြီး ၂,၀၀၀ ခန့်သာ ကျန်ရှိခဲ့သည်။ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Gavin Newsom သည် သမ္မတ Trump အား ကျန်တပ်ဖွဲ့များကို မြို့တော် မှ ရုပ်သိမ်းရန် အဆက်မပြတ်တောင်းဆိုနေဆဲဖြစ်သည်။
ပင်တဂွန်၏ အဆိုအရ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ချက်သည် ရက် ၆၀ အထိ အာဏာသက်ရောက်သော်လည်း ဝန်ကြီး Hegseth တွင် "မြေပြင်အခြေအနေအရ ပြောင်းလဲမှုများကို လိုက်လျောညီထွေတုံ့ပြန်နိုင်ရန် “အဆိုပါကာလကို လျှော့ချခြင်း သို့မဟုတ် တိုးချဲ့ခြင်းပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်” ဟု သိရှိရပါသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂