ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း၏ ကာကွယ်ရေး စက်မှု လုပ်ငန်းအခြေစိုက်နေရာများကို ဟိုက်ပါဆောနစ်ဒုံးပျံများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု

News Image

  • ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း၏ ကာကွယ်ရေး စက်မှု လုပ်ငန်းအခြေစိုက်နေရာများကို ဟိုက်ပါဆောနစ်ဒုံးပျံများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု

မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းစုများနှင့် လေယာဉ်ကွင်းအခြေခံ အဆောက်အအုံများကို ညအချိန်တွင် ပေါင်းစပ်တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇူလိုင် ၂၁) က ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် Kinzhal ဟိုက်ပါဆောနစ်ဒုံးပျံများနှင့် တိုက်ခိုက်ရေးဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက် ခြင်းများအပါအဝင် ကြည်း၊ ရေ၊ လေ ပေါင်းစပ်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှု၏ ရည်မှန်းချက် အောင်မြင် ပြီး သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပါသည်ဟု ဝန်ကြီး ဌာနက ဖော်ပြခဲ့သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးကလည်း Kiev နှင့် အနီး ဝန်းကျင်ဒေသများ၊ Kharkov နှင့် Ivano-Frankivsk တို့တွင် ပျက်စီးမှု များရှိကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် Sumy ၊ Khmelnitsky ၊ Kirovograd ၊ Nikolayev နှင့် Poltava ဒေသများအပြင် Kherson ဒေသ ၏ Kiev ထိန်းချုပ်နယ်မြေတွင်လည်း ယူကရိန်းလေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းများကို ပစ်ချခဲ့ကြောင်း ဆိုသည်။

ဇီလန်စကီး၏ပြောကြားချက်အရ ညလုံးပေါက်ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် ဒရုန်း ၄၂၀ ကျော်နှင့် ဒုံးကျည် ၂၀ ကျော်ပါဝင်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။

ရုရှားအရာရှိများက အဆိုပါတိုက်ခိုက်မှုများသည် စစ်ရေးဆိုင်ရာနှင့် သက်ဆိုင်သော အဆောက်အဦများကိုသာ ဦးတည်သည်ဟုဆိုကာ ၎င်းတို့ သည် ပြည်သူများကို မည်သည့်အခါမျှ ပစ်မှတ်မထားဟု ပြောဆိုခဲ့သည်။ မော်စကိုကလည်း အဆိုပါတိုက်ခိုက်မှုများသည် ရုရှားနိုင်ငံအတွင်းပိုင်းရှိ နေအိမ်အဆောက်အဦများနှင့် အရေးကြီးအခြေခံအဆောက်အအုံများကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် ကိယက်ဗ်၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂