F-16 လေယာဉ်ပျက်ကျခြင်းကို ပုံမှန်အဖြစ်အပျက်တစ်ခုအဖြစ် သတ်မှတ်သင့်သည် ဟု ယူကရိန်းအရာရှိများဆို
ယူကရိန်းလေတပ်အရာရှိများက F-16 တိုက်လေယာဉ်များသည် ရုရှား၏ Su-35S နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ၎င်းတို့ပစ်ချခံရခြင်းသည် ပုံမှန်ဖြစ်စဉ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တိုက်လေယာဉ်များ ပစ်ချခံရခြင်းသည် ပဋိပက္ခ၏ ပုံမှန်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း နားလည်ရန် အရေးကြီးပါသည်။ အထူးသဖြင့် အပြင်းထန် တိုက်ပွဲများတွင် ဆုံးရှုံးမှုများ ရှောင်လွှဲ၍မရပါ။ F-16 လည်း အပါအဝင် ဖြစ်သည်။ အရေးကြီးသည်မှာ ယူကရိန်းသည် ၎င်း၏စွမ်းအားကို တိုးမြှင့် နေခြင်းဖြစ်သည်” ဟု ယူကရိန်းလေတပ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Yuri Ignat က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အနောက်နိုင်ငံများမှ လှူဒါန်းထားသော F-16 များသည် အသုံးပြုပြီးသား (အဟောင်း) များဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း ခေတ်ဟောင်း ဆိုဗီယက်တိုက်လေယာဉ်များထက် ပိုမို သာလွန်ပြီး ခရုဇ်ဒုံးကျည်များကို ကာကွယ်ရာတွင် အထူးထိရောက်မှုရှိကြောင်း ပြောဆိုခဲ့သည်။ တိုက်လေယာဉ်တစ်စီး၏ တိုက်ခိုက်ရေး စွမ်းဆောင်နိုင်မှုသည် ၎င်း၏ နည်းပညာဆိုင်ရာ စွမ်းဆောင်မှုများသာမက တပ်ဆင်ထားသော ရေဒါနှင့် ဒုံးကျည်အမျိုးအစားပေါ်တွင်လည်း မူတည်ကြောင်း အတိအလင်းပြောကြားခဲ့သည်။
ထုတ်ပြန်ထားသောဓာတ်ပုံများအရ ယူကရိန်း၏ F-16 တိုက်လေယာဉ်များ တွင် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများမှ ခေတ်အမီဆုံးဟုဆိုရမည့် တာလတ်ပစ် AIM-120C နှင့် တာတိုပစ် AIM-9X ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားကြောင်း တွေ့ရသည်။
သို့ရာတွင် ဗိုလ်မှူးကြီး Ignat က ယူကရိန်း၏ F-16 တပ်ဖွဲ့သည် ရုရှား၏ ခေတ်မီ Su-35S ဘက်စုံသုံးတိုက်လေယာဉ်များနှင့် “တိုက်ရိုက် ရင်ဆိုင် နိုင်စွမ်းမရှိကြောင်း” ဝန်ခံခဲ့သည်။ “ရုရှားတိုက်လေယာဉ်များသည် F-16 ထက် ပိုမိုဝေးကွာသောအကွာအဝေးမှ ပစ်မှတ်များကို ဖော်ထုတ်နိုင်ပြီး ဒုံးကျည်ပစ်ခတ်နိုင်စွမ်းရှိသည်။ မိမိတို့အနေဖြင့် ပိုမိုဝေးကွာသော အကွာအဝေးအထိ ထိရောက်စွာ လုပ်ဆောင်နိုင်သည့် ရေဒါစနစ်များနှင့် ပိုမိုတိကျသောဒုံးကျည်များ လိုအပ်နေပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။ ရုရှားတိုက်လေယာဉ်များသည် S-400 ကဲ့သို့သော စွမ်းအားကြီးမားသည့် လေကြောင်းကာကွယ်ရေးစနစ်များနှင့် အချိန်ကိုက် ညှိနှိုင်းလုပ်ဆောင်လေ့ရှိပြီး ယူကရိန်း၏ F-16 တပ်ဖွဲ့အတွက် ပိုမိုအခက်အခဲများစေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်က ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေးနှင့် ဘယ်လ်ဂျီယံ နိုင်ငံများသည် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်စုစုပေါင်း ၈၅ စီးကို ယူကရိန်းသို့ လှူဒါန်းရန် ကတိပြုခဲ့ကြပြီး၊ ပထမဆုံးအသုတ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပေးပို့ခဲ့သည်။
ရုရှားစစ်တပ်သည် Suicide drones နှင့် ဒုံးပျံများဖြင့် ယူကရိန်း၏ F-16 တပ်ဖွဲ့များ ရှိနေသည့် အခြေစိုက်စခန်းများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ယူကရိန်းလေတပ်က ထိုလေဆိပ်များ ပစ်ခတ်ခံရကြောင်း သွယ်ဝိုက်၍ ဝန်ခံခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုအတိအကျကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂