ကမ္ဘောဒီးယားနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသသို့ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်များနှင့်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားဟုဆို
ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Amarit Boonsuya သည် ကမ္ဘောဒီးယားနှင့် အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသကို လာရောက်ခဲ့ပြီး ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကိုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မေလ ၂၈ ရက်တွင် နယ်စပ်ဒေသ၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တင်းမာမှုများရှိနေပြီး နှစ်နိုင်ငံစလုံးက စစ်တပ်များသည် အငြင်းပွားလျက်ရှိနေသည့် ရှေ့တန်းစစ်မျက်နှာ ပြင်တွင် တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားကြောင်းသိရသည်။
ထိုင်းဒုတိယဗိုလ်ချုပ်ကြီးသည် ချွန်ဘူရီ ဒေသအရှေ့ဘက်ပိုင်းရှိ ထိုင်းစစ် တပ်စခန်းကိုလာရောက်ခဲ့ပြီး ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်များကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အငြင်းပွားနေသည့်နယ်စပ်ဒေသတွင် ထိုင်းတပ်မ ၁၁ မှ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ၊ အမြှောက်တပ်များ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၊ သံချပ်ကာတပ်ဖွဲ့များ၊ လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ စစ်သားများ အမြန်သယ်ယူ ပို့ဆောင်နိုင်မည့် ကားများ ဖြန့်ကြက်ချထားပြီး ထိုင်းစစ်တပ်၏ စစ်အင်အား တောင့်တင်း မှုကို ပြသခဲ့ကြောင်းသိရသည်။
ထိုင်းဒုတိယဗိုလ်ချုပ်ကြီးက ထိုင်းစစ်သားများအနေဖြင့် မိမိတို့၏ တိုက်ခိုက်ရေး စွမ်းရည်ပိုင်းကို ယုံကြည်မှုအပြည့်ရှိစေရန်နှင့် ထိုင်းနိုင်ငံ ကို ကာကွယ်ရန်အဆင့်သင့်ရှိနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ ထိုင်းအစိုးရအဖွဲ့ကလည်း ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသည့်နယ်စပ်ဒေသအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဆွေးနွေးမည်ဆိုလျှင် ငြိမ်းချမ်းစွာဆွေးနွေးမည်ဖြစ်သလို လက်နက်ကိုင်တိုက်ခိုက်မည်ဆိုလျှင် ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောဆိုထားသည်။
ကိုးကား- NP News