ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဆရာကြီးခင်ဗျာ။     ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။  ဆီးကျိတ်ကြောင့်  ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။  ပထမတော့ဆီးက  ညဘက်မှာ  အသွားများရာကနေ အခုနောက်ပိုင်း    ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း  ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း   လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။  ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့   သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်များကို   ညွှန်ပြပေးစေလိုပါတယ်။

ကျောက်ကပ်ရောဂါအတွက်   အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေ၊ အသီးအရွက်တွေနဲ့ ဆေးပင်တွေအများကြီး ရှိပါတယ်။တိုင်းရင်းဆေးဆိုတိုင်း လျက်ဆားနဲ့ ဆားပါတဲ့ဆေးတွေကိုပဲမြင်နေရင်  အမြင်မှားပါ လိမ့်မယ်။ အထူးသဖြင့် Herbal Medicine ဆေးပင်တွေနဲ့ကုသမှုက ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဖော်စပ်ပြီးသား တိုင်းရင်းဆေးဝါးတွေနဲ့ မကုသချင်ဘူးဆိုရင်   ကျောက်ကပ်အတွက် အဆင်ပြေမယ့်နည်း လမ်းတွေကို ပြောပြပေးပါမယ်။

- ကျောက်ကပ်ရောဂါအတွက် ကျောက်ဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့တွေဖယ်၊ အသားကိုခြစ်၊  ဖျော်ရည်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ၊ ကော်ဖီတစ်ခွက်စာမှာ ချင်းကိုကြိတ်ပြီး  အရည်စစ်ယူ၊  ဟင်းစားဇွန်း တစ်ဇွန်းရောထည့် ထိုအထဲမှာ အနည်းငယ် နီအောင်လှော်ထားတဲ့သကြား  တစ်ဇွန်း ထည့်  အဲဒီနည်းအတိုင်း ကျောက်ဖရုံသီး၊ ချင်း၊ သကြားဖျော်ရည်ဆေးကို ဟင်းစား ဇွန်းသုံးဇွန်းမှ  ငါးဇွန်းအထိ နံနက်၊  ည တစ်ရက်နှစ်ကြိမ်သောက်ပေးပါ။ ကျောက်ကပ်ရောဂါ၊ ဆီးကြောင့်ဖြစ်တဲ့အဖောရောဂါ၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောရောင်တဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါတယ်။

- တောဆီးဖြူပင်ကလည်း  ဆီးကောင်းပြီး အဖောအရောင်ကျစေပါတယ်။  တောဆီးဖြူပင်တွေက မိုးဦးကျမှာပေါပါတယ်။ လယ်ကွင်းပြင်တွေမှာ   ပေါက်လေ့ရှိပြီး နွေရာသီမှာတော့ ရှားပါတယ်။  တောဇီးဖြူ ပင်က အသီးသေးသေးလေးတွေ စုပြုံသီးနေတဲ့ အပင်မျိုးပါ။   ဆီးကိုသန့်စင်စေပြီး ကျောက်ကပ်အဖောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းရောဂါတွေအတွက် ကောင်း တဲ့ဆေးပင်မျိုးဖြစ်ပါတယ်။ အပင်တစ်ပင် လုံးနုတ်ပြီး   ပဉ္စငါးပါးကို ရေနွေးနဲ့ကျို၊ တစ်ရက်ကို မတ်ခွက်တစ်လုံးကနေ နှစ်လုံးသောက်နိုင်ပါတယ်။

- နောက်တစ်နည်းကတော့ ဟင်းဂလာပင်ကိုရှာပါ။ မြစ်ချောင်းရှိတဲ့နေရာနဲ့ သဲသောင်ခုံတွေမှာကပ်ပြီး   ပေါက်တဲ့အပင်မျိုးပါ။ ဟင်းဂလာကို အများစုက ချဉ်ဖတ် ထည့်ပြီးစားသုံးတတ်ကြပါတယ်။   ဟင်းဂလာပင် စငါးပါးကို   အရည်ညှစ်ယူပြီး    ရေနွေးကြမ်းပန်းကန်တစ်လုံးစာ  နံနက်၊ ညသောက်ပေးရင် ကျောက်ကပ်ဖောရောဂါ နဲ့ ခန္ဓာကိုယ်ရောင်ရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။

- ကျောက်ကပ်အတွက်     ကောင်းတဲ့နောက်ဆေးပင်တစ်မျိုးကတော့   ကန့်ကလာပင်ပါ။ သဲသောင်ခုံတွေပေါ်မှာ၊ ရေ အစိုဓာတ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ ကပ် ပေါက်တဲ့အပင်မျိုးပါ။ ကန့်ကလာရွက်ကို အရည်ညှစ်ယူပြီး  သောက်လို့ရပါတယ်။ အပင်တစ်ပင်လုံးနုတ်ယူပြီး ရေနဲ့သုံးခွက် တစ်ခွက်တင်   ကျိုပြီးသောက်ရင်လည်း ရပါတယ်။ ကျောက်ကပ်ဖောရောဂါအတွက်  အဖောအရောင်ကျစေတဲ့ အပင်မျိုးဖြစ်ပါတယ်။  

ကျောက်ကပ်မကောင်းသူတိုင်း ရေကိုများများသောက်ပေးပါ။ မြန်မာ့ရိုးရာရေ နွေးကြမ်း  များများသောက်ပေးရင်လည်း ဆီးကောင်းပြီး အဖောအရောင်ကျစေနိုင်ပါတယ်။   ကျောက်ကပ်ဖောရှိသူတွေက ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ ထိုင်ရင် ပိုပြီးတော့ ဖောရောင်စေနိုင်တာကြောင့်  ထိုင်နေတဲ့အခါမှာ  ခြေနှစ်ဖက်ကိုဆန့်ပြီး ခုံတစ်ခုံပေါ်မှာ တင်ထားရပါမယ်။  ခြေထောက်ရောင်ရင်  ရေမချိုးမီ တမာရွက်ပြုတ်ရည် စိမ်ပေးပါ။  ကနဖော့ရွက်၊  ကနဖော့ပင်များကိုပြုတ်ပြီး ရေချိုးပေးရင်လည်း အဖောအရောင်ကျစေတယ် လို့ဆိုပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်မကြာခဏ ခါးနာတတ်ပါတယ်။    အလုပ်မှာလည်း အထိုင်မများဘဲ    အသွားအလာများပါတယ်။  နေ့စဉ် မော်တော် ဆိုင်ကယ်တော့ စီးရပါတယ်။  တစ်ခါတစ်ရံ   ခါးနာရင်ကျောနဲ့ခါးမှာ ပူအောင့်ပြီး ဆီးလည်းနည်း ပါတယ်။ ကျွန်တော်ကဝမ်းလည်းချုပ်လေ့ ရှိပါတယ်။ ခါးနာရောဂါအတွက် သင့်တော် မယ့်ဆေးနည်းပေးစေလိုပါတယ်။

ခါးနာရောဂါလို့ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်လို့ဖြစ်တဲ့ ခါးနာ၊ ခါးရိုးဆစ်အကြောအဆစ်ရောင်လို့ဖြစ်တဲ့ ခါးနာ နဲ့ အထိုင်များသူတွေမှာဖြစ်လေ့ရှိတဲ့ ကျီးပေါင်းခါးနာဆိုပြီး အခြေခံအားဖြင့်တော့  သုံးမျိုးတွေ့ရှိ ရတတ်ပါတယ်။ အထိုင်များတာ၊   ကျောက်ကပ်မှာ  ကျောက်တည်တာတို့ကြောင့်    ရက်ရှည်ခါးနာတတ်ပါတယ်။

- ကျောက်ကပ်ခါးနာဖြစ်ရင်  တောဆီးဖြူပင်၊   ထိကရုံးပင်ပြုတ်သောက်ပါ။

ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။မြင်းခွာရွက်အသုပ်ပြုလုပ်စားပါ။ ဟင်းချိုချက်သောက်ပါ။

- အကြောအဆစ်ရောင်ခါးနာဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုနွေးအောင် မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ အသက်ကြီးသူတွေ   ခါးနာရင်သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ပေးပါ။

- ကျီးပေါင်းတက်   ခါးနာဖြစ်နေရင် မိဿလင်ကို  အမှုန့်ပြုလုပ်ပြီး  ပိတ်စနဲ့ ထုပ်ပြီးကြပ်ထုပ်ပြုလုပ်ပါ။ ကျီးပေါင်းဖြစ်တဲ့ နေရာမှာ မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုး လိမ်း၊ မိဿလင်ကြပ်ထုပ်ကိုရေနွေးငွေ့ခံ အပူပေးပြီး  ခံနိုင်သမျှကြပ်ပူထိုးပေးပါ။ ဆီစိမ့်ဝင်အောင်ကြပ်ပူထိုးပေးပါ။ ကျီးပေါင်း တက်တဲ့နေရာ၊ မောက်နေတဲ့နေရာ၌ လိမ်းဆေးအဖြစ် ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းနေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးနဲ့ဖျော်ပြီး လိမ်းပေးပါ။ မိဿလင်ဥအစိုကို ထုထောင်းပြီး အရက်ဦးရည်ဖြင့်စိမ်ထား ပြီးလိမ်းပါ။ ဝံအူမြစ်နဲ့ တောရှောက်မြစ်တို့ကိုသွေးပြီး ပုံမှန်လိမ်းပေးရင် ကျီးပေါင်းတက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့မိသားစု မှာ ကလေးတွေရော လူကြီးတွေပါ ရာသီ အကူးအပြောင်းဖျားပြီးနောက်   အဖျား သက်သာတော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ ချောင်းခြောက်ကြီးဆိုးပြီး လည်ချောင်းတွေ လည်းနာပါတယ်။   အသံလည်းပျက်ပါတယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ့် ဆေးနည်းများသိလိုပါတယ်။

ဖျားပြီးနောက် အပူငုပ်ကျန်တဲ့အခါချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ ဖျားပြီးနောက် ရေနိုင်နိုင်မချိုးရင်လည်း ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချောင်းခြောက် ဆိုးရာမှာ ရိုးရိုးအပူငုပ်ပြီးဆိုးတဲ့ချောင်းမျိုးရှိသလို အဆုတ်မှာရောဂါပိုးကျရောက်ပြီး အဆုတ်မကောင်းလို့ဖြစ်တဲ့  ချောင်းခြောက်ဆိုးခြင်းမျိုးလည်း ရှိပါတယ်။

ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့တော့လိုပါတယ်။ အပူငုပ်ပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါအတွက် ကုသနည်းတွေကို ဖော်ပြပေးပါမယ်။

- အပူကုန်စေဖို့  နံနက်စောစောအုန်းသီးအနု   အုန်းစိမ်းရည်သောက်ပြီး  ရေချိုးပေးပါ။

- အုန်းစိမ်းရည်ထဲ   ချင်းပါးပါးလှီးထည့်ပြီး မီးဖြင့်ဆူရုံမျှအပူပေးကာ ခပ်နွေးနွေးသောက်ပေးပါက   ရက်ရှည်အပူငုပ် ချောင်းခြောက်ဆိုးခြင်းကို    သက်သာ ပျောက်ကင်းစေပါတယ်။

- လောက်သေရွက်ကို လက်တစ်ဆုပ်လောက်  ရေနွေးမတ်ခွက်နှစ်လုံးစာထည့်ကျိုပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာ သောက်ပေးပါ။

- မီးကွင်းဂမုန်းရွက်ကို အရည်ညှစ်ယူထားတဲ့ သတ္တုရည်ထဲမှာ ဆားလှော်အနည်း ငယ်ထည့်သောက်ပါက    အသံကပ်ပြီး ချောင်းခြောက်ဆိုးတဲ့ရောဂါကို  သက်သာ ပျောက်ကင်းစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး  အသံဝင်နေရင်    ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။

- ချောင်းအဆက်မပြတ်ဆိုးပြီး  အာခေါင်ခြောက်ရင် ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး  သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။

- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်း စားပါ။

- သင်္ဘောအဖိုပင်ရဲ့ အရွက်၊ အဖူးကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါ။

- ဥသျှစ်ရွက်ကိုဟင်းချိုချက်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။

- ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်ပြီးစားပါ။ လေပူထပြီးချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

- တိုင်းရင်းဆေးအမှတ် (၁) မက်လင် ချဉ်ဆေးကို  တိုင်းရင်းဆေးအမှတ်   (၇) နွယ်ချိုကဲဆေးနဲ့       ဆတူရောစပ်ပြီး မကြာခဏလျက်ပေးပါက   သလိပ်ကပ်ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို သက်သာစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး ရင်ကျပ်ရောဂါရှိရင်   ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါနုပ်နုပ်စဉ်းပြီး  ပရဆေးဆိုင်တွေမှာ  ဝယ်ယူရရှိနိုင်တဲ့  ဒိုဘာလာသကြား (ခေါ်)  မှန်ရောင်သကြားခဲ  အနည်းငယ် ရောပြုတ်ပြီး    တစ်ရက်လျှင်   မတ်ခွက် တစ်လုံးစာသောက်ပါ။

- ကလေးငယ်များ  ချောင်းခြောက်ဆိုးချွဲကပ်လျှင်   ကွမ်းရွက်ကိုမီးကင်ပြီးရင်ဘတ်နဲ့နောက်ကျောမှာ  ကပ်ပေးပါ။ကွမ်းရွက်နဲ့ဆားကိုထုပ်ပြီး   သံပြားပေါ် မှာ မီးဖုတ်ပြာချ၊  ထိုပြာကိုသံပရာရည်နဲ့ ဖျော်လျက်ပါ။

- ကလေးငယ်များ  ကြက်ညှာချောင်း ဆိုးခေါ် ရက် (၁၀၀) ချောင်းဆိုးဖြစ်လျှင် တရုတ်စကားပင်၏အခေါက် ဒါမှမဟုတ် အကိုင်းကိုအခြောက်လှန်း ပြာချပြီး သိန္ဓော ဆားနှင့်ရောလျက်ပေးပါက   သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Source: Myawady Web Portal

 

ကြည်လွင်မြင့်(မုဒြာ)

ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို   ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊    ရောင်းလိုအားသည်  ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက်  ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။  ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍  အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊ သစ်တော၊ စွမ်းအင်   အစရှိသော ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်ရေး ဆောင်ရွက်ချက်များသည်  နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

GDP(Gross Domestic Product)အညွှန်းကိန်းသည်  တစ်နှစ်တာကာလအတွင်း  ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏   စုစုပေါင်းငွေကြေးတန်ဖိုး၊ တိုင်းပြည်၏ စီးပွားရေး အတက်အကျကို  ညွှန်ပြနေခြင်းလည်းဖြစ်သည်။

ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲအားပေးခြင်းဖြင့် ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုကို  တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား  ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍    နိုင်ငံ၏စီးပွားရေး အဆင့်အတန်း  မြှင့်တင်သွားရပေမည်။   နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့်   နိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍ အသီးသီးကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။   စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့်   အခြေခံအရင်းအနှီးမှာ  လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေမီးအစုံစုံပြည့်စုံလျှင်  ထိုရေမြေပေါ်တွင် အခြေပြုတည်ဆောက်သွားနိုင်မည့်     စီးပွားရေး အဆောက်အအုံများစွာ ပေါ်ထွက်လာနိုင်ပေသည်။

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေး   လုပ်ငန်းများစွာကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစုများစွာမှသည်   စီးပွားရေးတွန်းအား တစ်ရပ်ဖြစ်လာပြီး   ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးများ   ဖြစ်လာသည်အထိ တိုးတက်ပြောင်းလဲ  လာနိုင်ပေသည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေးဆိုင်ရာ လိုအပ်သော   နည်းစနစ်နှင့်အသုံးဝင်သော နည်းလမ်းများကို  ကောင်းစွာ အသုံးချရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီတွင်    စိတ်ကူးသစ် များစွာ ပါရှိသည်။  မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စားစီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။  မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့   တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဈေးကွက်ဝင်ရောင်းအား ကောင်းသည့် ပြင်ဦးလွင်က ဝိုင်၊ စတော်ဘယ်ရီ၊  နာနတ်ယိုနှင့်  မလိုင်မုန့်များ၊ ပုဂံညောင်ဦးက ပုန်းရည်ကြီးနှင့်ဆီးယို၊ ကျောက်ပန်းတောင်းအာလူးကြော် အစရှိသည့်   ဒေသထွက်စားစရာများသည်  လူတိုင်းပါးစပ်ဖျားတွင်   ရေပန်းစားလှသည်။

လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ်ရပ်တည်ကြသည်။   အပြန်အလှန်အားဖြင့်   ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏ တောင်းဆိုမှုအလိုက် ဖြည့်စွမ်းနိုင်သည့်အစီအမံများချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြုလုပ်ဆောင်သူများသည်  စားသုံးသူတိုင်းအတွက် လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့် ဈေးနှုန်းသည် ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သော  ပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့်   ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊    အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များဖြစ်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကို တွက်ဆ၍ ဈေးကွက်အပေါ်  သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများ  ပြုလုပ်ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်နှင့်အပြိုင် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊   တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ထိထိမိမိ အသုံးချရန် လိုအပ်ပေသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ပြီး   ကုန်ချောထုတ်လုပ်မှု အပိုင်းတွင်လည်း လူအများကြိုက်နှစ်သက်သည့်   အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများအထိ    ဈေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။

နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသ ထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့်   ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင်   ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း   ပုံစံတူအတုအပ သတိပြုစရာအခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည်  သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင် ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း  ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန် လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို   ပြသရန်ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး   အလေးထား ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုများနှင့် ရင်းနှီးစိုက်ထုတ်ငွေ လိုအပ်မှု  အစရှိသည့် လုပ်ငန်းတစ်ခု၏ အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို  ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ် နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားကို  အကဲခတ်နိုင်ရမည်ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသိရှိရမည့် စနစ်တစ်ခုဖြစ်သည်။  ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့် ယှဉ်ပြိုင်မှုအသွင်အပြင်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့်   အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ရာခိုင်နှုန်းမှာ  နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍   ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင်  လိုအပ်လျက်ရှိသည့် ကွက်လပ်များကို  ဖြည့်ဆည်းနိုင်ရေး စီးပွားရေး လုပ်ငန်းရှင်အားလုံး အသေးစားနှင့်အလတ်စား  စီးပွားရေး လုပ်ငန်းများ လုပ်ငန်းတစ်ခုချင်းမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို   အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။  လုပ်ငန်းတိုင်းသည် မှန်ကန်သော လုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။

တစ်ဦး၏အားသာချက်ကို   တစ်ဦးကနားလည်ပြီး  မိမိ၏အရည်အသွေးကို တိုးတက်စေသည့်   ပြိုင်ဘက်ကောင်း ရွေးချယ်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ထုတ်ကုန်အသစ်၊ အမယ်သစ်များ   ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။   ချေးငွေနှင့် အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံ ရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်း အစီအစဉ်ရှိသည်။ မတူညီသောလုပ်ငန်း အစီအစဉ်၊   မတူညီသောလုပ်ငန်း နယ်ပယ်များတွင်  လုပ်ငန်းတစ်ခု    ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည်  အကျိုးအမြတ်ကို  ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင် ကောင်းပေါ်တွင်  တည်မှီနေခြင်းကြောင့်  ခိုင်မာသော ဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ  ပိုမိုအားကောင်းလာပါက   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်၊   လူသုံးကုန်များနှင့် အဝတ်အထည်များ သုံးစွဲအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချသွားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း   ၂၀၂၅  ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ  နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌  (၇၈) နှစ်မြောက်   ပြည်ထောင်စုနေ့အထိမ်းအမှတ်  MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး   ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို   အခြားဒေသမှ  ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊  အားနည်းချက်များကို   သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည်    “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်”ကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု  အစီအမံများ  အောင်မြင်ရေးအတွက်   အားပေးမြှင့်တင်ရန်၊  MSME  များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့်    တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို  ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်   ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊  MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊   ပြည်ထောင်စုအဆင့် အသိအမှတ်ပြု  MSME  လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့်    ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ 

သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ လူတိုင်းအသုံးချနိုင်သည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ  ထုတ်လုပ်နိုင်မည်ဆိုပါက    ပြည်ပဝင်ငွေများလည်း ရရှိနိုင်ပေသည်။  နိုင်ငံတော်၏အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ပြည်ပဝင်ငွေရရှိခြင်း   အစရှိသည့်အခြေအနေများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေး(MSME) လုပ်ငန်းများကို   အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ပစ္စည်းအားလုံး Made in  Myanmar  စာတန်းထိုး ဖော်ပြပါရှိမှုနှင့်အတူ ထုတ်ကုန်များ ကမ္ဘာပတ်နိုင်ခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း   သုံးသပ်တင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

ထက်ဝေအောင်(စစ်ကိုင်း)

မြန်မာမိန်းကလေးတွေအတွက် မရှိမဖြစ် မြန်မာ့ရိုးရာသနပ်ခါးကတော့ ကျွန်မတို့ငယ်စဉ်ကလေးဘဝ ကတည်းက ကျွန်မတို့ရဲ့အဘွားတွေအမေတွေ အစ်မတွေက အမြတ်တနိုးလိမ်းပေးခဲ့ပါတယ်။ အသားအေးတယ်။ ချစ်စရာကောင်းတယ်။ ကလေးငယ်များကို သနပ်ခါးခွံ့ခြင်းဓလေ့လည်းရှိကြပါတယ်။  ကလေးတွေကြို့ထိုးရင်  သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ ခါးသက်သက်အရသာလေးကလည်း နှစ်သက်စရာလေးပါနော်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေဘိုသနပ်ခါးသီချင်းလေး ထဲက “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ၊ ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့   မန္တလေးမြို့တော်သူ   ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့်       စိမ်းစိမ်းညက်ညက်ဖြူဖြူ ကြံကြံဖန်ဖန်ရန်ကုန်သူ      မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန်သတဲ့ဆူ။” အသားဖြူဖို့   သနပ်ခါးလိမ်းပါတဲ့နော်။  နောက်ရှိပါသေးတယ်။

“ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ။” ဆိုတဲ့ သီချင်းလေးတွေက မြန်မာမိန်းကလေးတွေရဲ့ ချစ်စရာအလှတရားကိုဖော်ဆောင်ပေးပြန်ပါတယ်။

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့မှာတွေ့ရှိရကြောင်း    မှတ်သားရပါတယ်။   မြန်မာ့သနပ်ခါးဟာ       အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စီးပွားဖြစ် စိုက်ပျိုးကြရုံသာမက မိမိတို့ အိမ်ခြံဝင်းထဲတွင်လည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာခရိုင်အတွင်း သနပ်ခါးစိုက်ပျိုးထွက်ရှိရာ ‌ဒေသများအနက် အရာတော်မြို့ကို  “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါတယ်။   ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်လည်း ထင်ရှားပါတယ်။ သနပ်ခါးပင်ဟာ ရေငတ်ဒဏ်နှင့် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုကောင်းစွာခံနိုင်တဲ့   နှစ်ရှည်ပင်ဖြစ်ပါတယ်။ ဂရုတစိုက်ပြုစု ပျိုးထောင်ရတဲ့အပင်မျိုးဖြစ်ပြီး မြေချစိုက်ပျိုးတဲ့နေ့မှ   သုံးနှစ်အထိ အချိန်စောင့်ရပါတယ်။ သနပ်ခါးပင်ဟာ   တစ်ဖန်ပြန်ပြီး    စိုက်ပျိုးစရာမလိုတဲ့  အဖိုးတန် နှစ်ရှည်ပင် ဖြစ်ပါတယ်။ ပထမအကြိမ်ခုတ်ပြီး  သန်မာထွားကျိုင်းတဲ့သားတက်များ ထပ်ခါထပ်ခါ ထွက်လာနိုင်တဲ့အတွက် ဘိုးစဉ်ဘောင်ဆက်ခုတ်ယူရောင်းချနိုင်လို့ “အပူပိုင်းပဒေသာပင်၊   အပူပိုင်းဒေသရဲ့ရတနာ” တစ်ပါးလို့ တင်စားကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုများစွာရှိတဲ့အနက်  မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်တဲ့ ဓလေ့တစ်ခုဖြစ်နေပါတယ်။ မြန်မာသနပ်ခါးလိမ်းတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ဟာ အေဒီ ၅ ရာစုမှအေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့ပြီး ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြကြောင်း   မှတ်သားရပါတယ်။  သမိုင်းမှာ ဗိဿနိုးဘုရင်မကြီးရဲ့ အလှပြင်ပစ္စည်းမှာ ကျောက်ပျဉ်နှင့်သနပ်ခါးပါဝင်ခဲ့သလို ရာဇဓာတုကလျာရဲ့ ရွှေပိန်းချကျောက်ပျဉ်ကိုလည်းတွေ့ရှိမှတ်သားရပါတယ်။ 

အေဒီ  ၁၁ ရာစု၌ ပုဂံပြည်ရှိ မြင်းကပါက ဂူပြောက်ကြီးဘုရား၊   နဂါးရုံဘုရား၊   အပယ်ရတနာဘုရားတို့၏ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနဲ့အသုံးပြုရတဲ့ကျောက်ပျဉ်နဲ့ အလှဆင်နေတဲ့ မိန်းမပျိုပုံများကို တွေ့ရှိရပါတယ်။  ဒါ့ကြောင့်  ရှေးခေတ်ကတည်းက သနပ်ခါးကို မြန်မာမိန်းကလေးများ နှစ်သက်မြတ်နိုးစွာ  အလှဆင်လိမ်းခြယ်ခဲ့ကြောင်းသိရှိနိုင်ပါတယ်။ အခုနှစ်မှာတော့    သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုသို့တင်သွင်းရန်အတွက် အ‌ထောက်အပံ့ဖြစ်ဖို့ လှုပ်ရှားမှုအနေနဲ့ သွေးချင်းတို့စုံလင် သနပ်ခါးသဘင်သရုပ်ဖော်ပြိုင်ပွဲကို   ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်။ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ  အသက်အရွယ်မရွေးလိမ်းခြယ်ကြပါတယ်။     နံနက်ခင်းအချိန်ကျောင်းတက်မယ့်   ကလေးငယ်များဆိုရင်   သနပ်ခါးဖွေးဖွေးနဲ့  အလွန်ပင်ချစ်စရာကောင်းလှပါတယ်။

ရုံးတက်မယ့် ရုံးဝန်ထမ်းမိန်းကလေးကြီးကြီးငယ်ငယ်တို့မှာလည်း   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှပတင့်တယ်နေကြပါတယ်။ အိမ်မှာကျန်ရစ်တဲ့ အဘွားတို့ကိုလည်း   သနပ်ခါးလေးလိမ်းခြယ်ပေးထားရင် အလွန်ကျက်သရေရှိနေပါတော့တယ်။

သနပ်ခါးကို အမြတ်တနိုးနဲ့ ပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိတဲ့ ရခိုင်လူမျိုးတို့ရဲ့ နံ့သာသွေးပွဲလေးကလည်း အလွန်ပင်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကျွန်မအဖေ စစ်တွေမှာ   တာဝန်ကျစဉ်က ပါဝင်ဆင်နွှဲခဲ့ရတဲ့   ရခိုင်လူမျိုးတို့ရဲ့   ရိုးရာသင်္ကြန်ပွဲတော်ဟာ       ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များနဲ့ ကျင်းပလေ့ရှိကြပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် သင်္ကြန်အကြိုရက်မှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ သနပ်ခါး   စတဲ့အမွှေးနံ့သာတို့ကို  တပျော်တပါးသွေးကြပြီး ရိုးရာဓလေ့အစဉ်အလာအတိုင်း ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာရည်များနဲ့ပူဇော်ခြင်း၊ ရောင်ခြည်‌တော်ဖွင့်ခြင်းတို့ပြုလုပ်ပြီး ကုသိုလ်ယူလေ့ရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ နံ့သာသွေးပွဲကို     စန္ဒာသူရိယမင်းလက်ထက်မှ စတင်ပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးသော  သက္ကရာဇ်  ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်မိဖုရားနဲ့တကွ မှူးမတ်ပြည်သူအပေါင်းတို့က နံ့သာသွေးကြကာ အမွှေးနံ့သာရည် များနဲ့ ပူဇော်ကြခြင်းကြောင့်   နံ့သာသွေးပွဲစတင် ကျင်းပခဲ့ကြကြောင်း မှတ်သားရပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံရဲ့      ဒေသတစ်ခုဖြစ်တဲ့ ယောနယ်မှာလည်း   သနပ်ခါးပါးတို့ပွဲဆိုတဲ့ ရိုးရာဓလေ့လေးတစ်ခုရှိပါသေးတယ်။   အင်မတန်ချစ်စရာကောင်းတဲ့   ပွဲတော်လေးဖြစ်ပါတယ်။    ကိုယ်တိုင်မကြုံရပေမယ့်     “သနပ်ခါးပါးတို့ပွဲ” သီချင်းလေးကို သတိရမိပါတယ်။

“ သဘောဖြူ မနောဖြူ ယောသူတို့ရွာ၊ ပုံတောင်ပုံညာကာဆီး ကြီးဧရာ့ရွာ အပျိုချောတွေ သောသောညံမစဲ အပျို အပျို အပျို အပျို၊ လူပျိုချောတွေ သောသောညံမစဲ လူပျို လူပျို လူပျို လူပျို၊ တစ်နှစ်တစ်ခါကြုံဆုံကြသည်ပွဲမှာ ချစ်ဘူတာရုံဆိုရမည်မလွဲပါ၊ ညလုံးပေါက်ဆင်နွှဲကြတာ သနပ်ခါးပါးတို့ပွဲပါ” တဲ့နော်။

ယောနယ်က တစ်ရွာနဲ့တစ်ရွာ စည်းလုံးညီညွတ်မှု၊ ၅၂၈  ချစ်ခြင်းမေတ္တာ၊ လူငယ်ဘဝ မောင်နှင့်မယ်တို့ရဲ့ ၁၅၀၀ မေတ္တာရသတို့ကို မြင်ရသိရတဲ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်မှာ မြတ်စွာဘုရား အားပူဇော်တဲ့ ဆီမီးဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများ၊ မီးကြာခွက်များနဲ့ မီးစကြာလှည့်ပွဲတို့ကို နယ်သူနယ်သားများစုပေါင်းပြီး   ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတာကလည်း   ကုသိုလ်ရေးဆိုလက်မနှေးတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။   လူကြီးလူငယ်အပေါင်း  မှန်တွေ ၊ သနပ်ခါးဘူးတွေယူကာ လှလှပပဝတ်စားပြင်ဆင်ပြီး မီးစကြာလှည့်မယ့်ပွဲတော်သို့သွားကြပါတယ်။ အဲဒီမှာ အပျို လူပျိုတွေတန်းစီပြီး သနပ်ခါးတို့သူကတို့ မှန်ထောင်ပေးသူဆီမှာ သနပ်ခါးညီမညီပြန်ညှိနဲ့ အင်မတန်ပျော်စရာကောင်းလှပါတယ်။   ယောနယ်ရဲ့  ချစ်စရာရိုးရာဓလေ့သနပ်ခါးပါးတို့ပွဲလေးက ကြည်နူးစရာအလွန်ကောင်းလှပါတယ်။ ကျွန်မရဲ့မိခင်ကြီးဇာတိမြို့  မင်းဘူးနဂါးပွက်တောင် မှာဆိုရင် စောင်းတန်းထဲမှာ သနပ်ခါးကျောက်ပျဉ်အကြီးကြီးနဲ့   သနပ်ခါးတုံးတွေ   လှူဒါန်းထားတာတွေ့ရပါတယ်။ ဘုရားဖူးလာရင်း နံ့သာသွေးပြီးလည်းလှူနိုင်သလို  ကိုယ်တိုင်လည်းလိမ်းကြ မှန်ကြီးကြီးကိုကြည့်ပြီး သနပ်ခါးညှိကြနဲ့  ပျော်စရာတစ်ခုပါပဲ။ မြန်မာနိုင်ငံအနှံ့အပြားက ဘုရားစေတီပုထိုးများရဲ့ ဘုရားစောင်းတန်းတွေမှာ  သနပ်ခါးကျောက်ပျဉ်နဲ့သနပ်ခါးတုံးတွေလှူထားတတ်ကြပါတယ်။ 

မြန်မာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာတစ်မျိုးဖြစ်ပါတယ်။ အပွေးအခေါက်ရှိတဲ့အပင်ဖြစ်ပါတယ်။ အသီး၊ အရွက်၊ အမြစ်၊ ပင်စည်၊ အကိုင်းအားလုံးဆေးဖက်ဝင်ပါတယ်။      မြန်မာ့ဆေးကျမ်းများမှာတော့ “သနပ်ခါးသည်ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာနှစ်မျိုးစလုံးကိုနိုင်စေ၏။    ပူ၍ကိုက်သော ဒူးဆစ်ရောင်ရောဂါကို သနပ်ခါးပင်အမြစ်ကိုသွေးလိမ်းပေးလျှင်   အေးပြီးအရောင်ကျစေ၏”  ဟုဆိုထားကြောင်းသိရပါတယ်။  သနပ်ခါးခေါက်မှာ Tannic acid အဓိကပါဝင်တဲ့အတွက် ဗက်တီးရီးယားများကိုသေစေနိုင်ခြင်း၊   အရေပြားကိုကျုံ့ဝင်စေပြီး တင်းရင်းစေတဲ့    အော်ဂဲနစ်ပစ္စည်းများပါဝင်တဲ့အတွက်   အရွယ်တင်နုပျိုစေခြင်း၊  အသားအရေကြည်လင်စေခြင်း၊ ဝက်ခြံ၊ တင်းတိပ်အဖြူအမည်းစက်များ၊ အဖုအပိမ့်များကို  ပျောက်ကင်းစေခြင်းတို့ဖြစ်ပါတယ်။ အရေပြားယားယံမှုဖြစ်ပါက သနပ်ခါးနဲ့ဆားကိုသွေးလိမ်းရင် ပျောက်ကင်းနိုင်ပါတယ်။ သနပ်ခါး လိမ်းထားတဲ့အခါ   အသားအရေမှာရှိတဲ့ ချွေးပေါက်၊ အဆီပေါက်တွေကိုကျုံ့သွားပြီး အဆီထွက်အားကို လျော့နည်းစေပါတယ်။  မြန်မာကျေးလက် လုံမပျိုတို့ဟာ   ကောက်စိုက်ချိန်၊    နွေရာသီ ကောက်ရိတ်သိမ်းချိန်၊ သီးနှံခူးချိန်တို့မှာ သနပ်ခါးကို ထူထူလိမ်းကာ အပူဒဏ်ကိုကာကွယ်လေ့ရှိပါတယ်။ ရှေးခေတ်နန်းတွင်းသူတို့လည်း နှစ်ခြိုက်စွာ လိမ်းခြယ်ခဲ့ကြကြောင်း  မှတ်သားရပါတယ်။  ယခုအချိန်ထိ မြန်မာအမျိုးသမီးများသာမက  အမျိုးသားများပါ နေ့စဉ်နေ့တိုင်း သနပ်ခါးကို အလှဆင်ပစ္စည်းအဖြစ် အမြတ်တနိုးလိမ်းခြယ်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း သနပ်ခါးကို ကြိုက်နှစ်သက်ပါတယ်။ အောက်ခံ ခရင်တစ်ခုခုလိမ်းပြီး သနပ်ခါးကို ထူထူလိမ်းလေ့ရှိပါတယ်။ သနပ်ခါးမပါရင် နေအပူဒဏ်ကိုခံနိုင်မှုမရှိပါ။   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှရက်ရှာပေတယ်လို့ ဆိုကြတယ်မဟုတ်ပါလား။ သင်းသင်းလေးမွှေးသော သနပ်ခါးရနံ့လေးကိုလည်း အလွန်နှစ်သက်မိပါတယ်။ ကျောက်ပျဉ်ပေါ်မှာ မြန်မာ့သနပ်ခါးတုံးစစ်စစ်ကို   ရေလေးဖျန်းကာသွေးပြီး   လိမ်းရတဲ့ အရသာက အလွန်မွှေးပျံ့အေးမြလှပါတယ်။

သနပ်ခါးဟာ သင်းသင်းလေးမွှေးလို့ အခုချိန်မှာတော့ အလှပြင်ပစ္စည်းတချို့မှာ သနပ်ခါးနံ့လေးထည့်ပြီး ထုတ်လုပ်နေကြပါပြီ။  

ရေမွှေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါစတာတွေမှာလည်း သနပ်ခါးအနံ့ကို ဓာတုဗေဒနည်းနဲ့ဖော်စပ်ကာ ထည့်သွင်းအသုံးပြုကြပါတယ်။ သနပ်ခါးစစ်စစ်နှင့် မတည့်သူရှားမယ်လို့ထင်ပါတယ်။ မြန်မာ့သနပ်ခါးဟာ တော်ဝင်တဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်ကြီးတစ်ဦးက   သနပ်ခါးကို   N သုံးလုံး (Natural, Nontoxic,Non-allergic)လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့  ရယ်ဒီမိတ်သနပ်ခါးဘူးများ ထုတ်လုပ်နေကြပါတယ်။ သနပ်ခါးတုံးအစစ်လောက် မကောင်းပါဘူး။ သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်တင်သွေးပြီး ချက်ချင်းလိမ်းရတဲ့အရသာကိုပဲနှစ်သက်ပါတယ်။   သနပ်ခါးတင်မကဘဲ   ကျွန်မတို့နိုင်ငံမှာ အမွှေးနံ့သာပင်များလည်း  ပေါက်ရောက်ပါတယ်။ ကရမက်၊ နံ့သာဖြူ၊ တောင်တန်ကြီး၊ တောင်တန်ကတိုး  စတဲ့အမွှေးနံ့သာပင်များကလည်း ကျွန်မတို့ မြန်မာမိန်းကလေးများအတွက် သဘာဝကပေးတဲ့ အော်ဂဲနစ်အလှအပဆိုင်ရာပစ္စည်းများဖြစ်ကြပါတယ်။  ရာသီဥတုအပေါ်မူတည်ပြီး  လိမ်းကျံလို့ရပါတယ်။ ဆေးဖက်ဝင်တဲ့ အမွှေးနံ့သာများဖြစ်ပါတယ်။ ကရမက်ဆိုရင်အသားအေးတယ်။ နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးအမူးရောဂါအတွက် ကရမက်ကိုသွေးပြီး ဆန်ဆေးရည် ရောသောက်ပါက သက်သာစေနိုင်ကြောင်း မှတ်သားရပါတယ်။ တောင်တန်ကြီး၊ တောင်တန်ကတိုးဆိုရင် ခြေထောက်နာတာတို့ ကိုက်ခဲတာတို့ဆိုရင် ဆေးအဖြစ်လိမ်းနိုင်ပါတယ်။ နံ့သာဖြူ၊ နံ့သာနီတို့ဆိုရင် ကျွန်မတို့အဘွားတွေလိမ်းထားပါက အနံ့သင်းသင်းချိုချိုလေးနဲ့မွှေးနေတာပါ။    မြန်မာ့ဆေးကျမ်းမှာ “နံ့သာဖြူ၊   နံ့သာနီ(နံ့သာနှစ်ပါး) သွေးတဲ့အရည်နဲ့ ကံ့ကော်ဝတ်ဆံပေါင်းလိမ်းပေးရင်    ပူပြီးကိုက်တဲ့ ဒူးဆစ်ကိုက်ရောဂါသက်သာစေပါတယ်” လို့ မှတ်သားရပါတယ်။

သနပ်ခါးကို မြန်မာလူမျိုးသာမက နိုင်ငံခြားသားများကလည်း နှစ်ခြိုက်ကြကြောင်းတွေ့ရှိရပါတယ်။ သနပ်ခါးလေးနဲ့ မိန်းကလေးတွေဟာ အလွန်လှပကြပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးစံကို    များများဖော်ထုတ်ကြ စေချင်ပါတယ်။       သနပ်ခါးစစ်စစ်ထုတ်ကုန်များထုတ်လုပ်စေချင်ပါတယ်။ မြန်မာ့ရေမြေတောတောင်ကနေ ထွက်ရှိတဲ့ ဆေးဖက်ဝင်သဘာဝ မြန်မာ့သနပ်ခါးဟာ အဖိုးထိုက်တန်လွန်းလှပါတယ်။ မြတ်နိုးတန်ဖိုးထား သင့်ပါတယ်။   ကျွန် ကတော့ အမြဲသနပ်ခါးလိမ်းနေရရင်     ကျေနပ်နေတာပါပဲ။

ဘာမိတ်ကပ်မှလိမ်းဖို့မလိုပါဘူး။   အဖိုးတန်မြန်မာ့သနပ်ခါးကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကျွန်မတို့ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။    မြန်မာနဲ့ သနပ်ခါးဟာ ခွဲခြားမရတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြစ်ပါတယ်။

သနပ်ခါးလေးလူးပြီး   မြန်မာရိုးရာဝတ်စုံလေးဝတ်ကာ ကျက်သရေရှိတဲ့ ယဉ်ကျေးတဲ့ မြန်မာအမျိုးသမီးများ ကျန်းမာလှပနိုင်ကြပါစေ။     ။

Source: Myawady Web Portal

ချယ်ချယ် (YU)

ခန္ဓာကိုယ်မှာ အလုံး ဒါမှမဟုတ်  အဖုအကျိတ်တစ်ခုခုဖြစ်ပေါ်နေတယ်ဆိုရင်  ကင်ဆာများဖြစ်နေပြီလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ  ဖြစ်တတ်ပါတယ်။

အဖုအကျိတ်တိုင်း ကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ    အဖုအကျိတ်တွေထွက်ပေါ်လာတဲ့အခါ ကင်ဆာကျိတ် ဟုတ်၊ မဟုတ်  ခွဲခြားသိရှိနိုင်ဖို့ ကြိုတင်လေ့လာ ထားသင့်ပါတယ်။

ရင်သားပေါ်မှာ   အဖုအကျိတ်ပေါ်ရင်  ရင်သားကင်ဆာလို့ယူဆကြတယ်။    အဖြစ်များတာက ဖိုင်ဘရိုအဒီနိုမာ (Fibroadenoma) အကျိတ် ဒါမှမဟုတ်အန္တရာယ်မရှိတဲ့အရည်အိတ် (Cyst)ဖြစ်နိုင်ပါတယ်။

အဲဒီအကျိတ်က ဂလန်ဂျူလာ(Glandulas) တစ်သျှူးတွေကနေဖြစ်ပေါ်လာတဲ့ အန္တရာယ်ကင်းအကျိတ်ဖြစ်ပါတယ်။ ကိုင်ကြည့်ရင် တင်းတင်းမာမာလေးဖြစ်ပြီး ဘေးဘက်၊ အထက်အောက် ရွှေ့ကြည့်လို့ရပါတယ်။ အသက် ၂၀-၃၀ ဝန်းကျင်မှာ အဖြစ်များပါတယ်။ ကိုင်ကြည့်လို့ ဂျယ်လီလိုပျော့ပြီး နာကျင်ရင်တော့ အရည်အိတ်(Cyst) ဖြစ်နိုင်ပါတယ်။ အသက် ၃၀-၄၀ ကျော်အရွယ်မှာအဖြစ်များပါတယ်။

Fibroadenoma အကျိတ်က ကိုယ့်ကို ဘာဒုက္ခမှမပေးရင်   ဒီအတိုင်းထားလို့ရပါတယ်။   ဒါမှမဟုတ် နာကျင်လာရင် ဆရာဝန်က အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်ပေးနိုင်ပါတယ်။ အသက်  ၃၅ နှစ်အောက်ဆိုရင် အာထရာဆောင်းနဲ့ အရည်အိတ် (Cyst) ဟုတ်၊ မဟုတ် စစ်ကြည့်လို့ရပါတယ်။ အရည်အိတ် (Cyst) ဖြစ်ပြီး နေရထိုင်ရအဆင်မပြေရင် အဲဒီ  အဖုထဲက အရည်တွေစုပ်ထုတ်နိုင်ပါတယ်။ FNAB- Fine Needle Aspiration biopsy ဆိုတာကတော့ အကျိတ်ထဲ   အပ်သေးသေးထိုးထည့်ပြီး  ဆဲလ်တွေဖယ်ရှားပြီးတဲ့အခါ ဓာတ်ခွဲခန်းဆီပို့ပြီး ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။

ရင်သားကင်ဆာဆိုလည်း စိုးရိမ်စရာမလိုပါဘူး။ရင်သားကင်ဆာက အများအားဖြင့် နာကျင်မှုမရှိသလို Fibroadenoma နဲ့အရည်အိတ် (Cyst) ထက်စာရင်ကြီးထွားမှုနှေးကွေးပါတယ်။ အရွယ်အစား၊ ပုံသဏ္ဌာန်အပြောင်းအလဲကို သတိပြုမိရင်၊ ပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးခံစားရရင်   အကျိတ်ပေါ်ပြီး   အရေပြားနီရဲတာ၊ တွန့်ခေါက်တာ၊ ချိုင့်ဝင်တာ ဒါမှမဟုတ်အရည်ထွက်တာတို့ကို သတိပြုမိရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။   ရင်သားတစ်ဖက်တည်းမှာပဲ နာကျင်နေပြီး  ခံရခက်နေတယ်ဆိုရင်တော့ စိုးရိမ်သင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ရင်  ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း  (Chemotherapy)၊ ဓာတ်ရောင်ခြည်ပေးခြင်း (Radiation) တို့ ပြုလုပ်ပြီး ကုသမှုခံယူတဲ့အခါ လုံးဝပျောက်ကင်းတဲ့ အခြေအနေထိရောက်ရှိနိုင်ပါတယ်။

ခြေထောက်မှာ အကျိတ်မာမာဖြစ်နေတဲ့အခါ ကင်ဆာထင်ပြီး    ကြောက်ရွံ့နေတတ်ပါတယ်။ ဖြစ်နိုင်ခြေက အဆီဖု  ဒါမှမဟုတ်  အရေပြားပေါ်က အကျိတ်   (Dermatofibroma)   ဖြစ်ပါတယ်။

အရေပြားအကျိတ်    (Dermatofibroma)  ဆိုတာ ကင်ဆာမဟုတ်တဲ့ အကျိတ်မာဖြစ်ပါတယ်။ အသားရောင်၊ အဖြူရောင်၊ ပန်းရောင် စတဲ့အရောင်တွေရှိပြီး ပိုးကိုက်သလို၊ ဆူးစူးသလို ပြန်လည်တုံ့ပြန်တာဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဲဒီအကျိတ်က ခြေထောက်၊ လက်၊ ဗိုက်၊ ခါး၊ လည်ပင်းမှာဖြစ်ရင်‌ ဒါက အဆီဖု(Lipoma) ဖြစ်ပါတယ်။

အဖုအကျိတ်တွေကြီးထွားလာပြီး အလှမပျက်မချင်း    ဖယ်ရှားစရာမလိုပါဘူး။      ကင်ဆာမျိုးဖြစ်တဲ့ စကွေးမက်ဆဲလ်ကင်ဆာ  (Squamous cell  carcinoma) ကတော့  ခြေ၊ လက်၊ မျက်နှာနဲ့ နားမှာဖြစ်တတ်ပြီး အရင်ဆုံး အနီရောင်အရေပြားကနေ တဖြည်းဖြည်းကြီးပြီး မာလာတတ်တယ်။ ဒါကြောင့်အပြောင်းအလဲတစ်ခုခု   သတိထားမိလိုက်တာနဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ပေါင်ခြံမှာ အဖုစမ်းမိရင် ကင်ဆာဆိုပြီး စိုးရိမ်မိ တတ်ကြတယ်။ ဖြစ်နိုင်ခြေက အသားပို ဒါမှမဟုတ်အရေပြားထဲမြုပ်နေတဲ့  အမွေးဖြစ်တတ်တယ်။

အသားပိုထွက်တာက    ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်ရှိ ပေါင်ခြံ၊   လည်ပင်း၊  ချိုင်း၊  ဆီးခုံနဲ့ပေါင်တို့မှာဖြစ်တတ်ပါတယ်။ ချိုင်းနဲ့ဆီးခုံမှာ အမွေးအမှင်တွေ ကိုဖယ်ရှားပြီးနောက် အသစ်ထွက်လာတဲ့ အမွေးတွေက   အပြင်မထွက်ဘဲ   အတွင်းမှာမြုပ်နေရင်လည်းအဖုဖြစ်နိုင်ပါတယ်။

အသားပိုတွေကို ဆရာဝန်တွေအနေနဲ့ ဖယ်ရှားပေးဖို့လွယ်ကူပေမယ့် ကိုယ့်ကိုအန္တရာယ်မပေးရင်ဒီအတိုင်းထားလို့ရပါတယ်။ အမွေးက အရေပြားထဲမြုပ်နေရင် တစ်ခါတစ်ရံရောဂါပိုးဝင်ပြီး ရောင်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေး( Antibiotic) လိုပါတယ်။    ဒီလိုမဖြစ်ရအောင်    အမွေးမရိတ်မီ အရေပြားကြေးချွတ်နိုင်ပါတယ်။ အမွေးပေါက်တတ်တဲ့နေရာတွေကို ပိုးသတ်နိုင်တဲ့လက်ဖက်ဆီ  (Tea Tree Lotion) လိမ်းပေးနိုင်ပါတယ်။

အဖုက တဖြည်းဖြည်းကြီးလာပြီး စမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေတာ၊ သွေးထွက်တာတို့ရှိရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။   နောက်ပြီး  ချိုင်း၊ပေါင်ခြံနဲ့   လည်ပင်းမှာ   နာကျင်မှုမရှိတဲ့အဖုကတစ်လကျော်ကြာဖြစ်ပေါ်နေရင်လည်း ဆရာဝန်နဲ့ပြသသင့်ပါတယ်။

လည်ပင်းမှာထွက်တဲ့အကျိတ်က   အဆီအိတ် (Sebaceous  cyst) ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၃၀ ကျော်အရွယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။

ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်ပါတယ်။ အဆီဂလင်းတွေပိတ်ပြီး   အဆီတွေများလာကာ  1-10စင်တီမီတာနဲ့အထက်အရွယ်ရှိ  နာကျင်မှုကင်းတဲ့ အဖုတွေဖြစ်လာနိုင်ပါတယ်။

ဆရာဝန်က ထုံဆေးပေးပြီး ဖယ်ရှားလို့ရပေမယ့် ခွဲစိတ်လို့ကျန်ခဲ့တဲ့အမာရွတ်က     နဂိုအဖုအကျိတ်ထက်တောင် ပိုကြီးနိုင်တာကြောင့် အဖုကြီးမှ ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ခြေရှိမှ ခွဲထုတ်လေ့ရှိပါတယ်။

အဆီအိတ်အဖုကနေ ကင်ဆာဖြစ်မလာနိုင်ပေမယ့် အဲဒီအဖုက အနီရောင် ဒါမှမဟုတ် ပန်းရောင်အဖုလေးဖြစ်ပြီး အက်ကွဲတာ၊ သွေးထွက်တာတို့ဖြစ်လာရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

 အရေပြားအောက် အဆီကျိတ်တွေက အရေပြားအောက်နားကထွက်လာတဲ့    အဆီအိတ်     ဒါမှမဟုတ် အလုံးငယ်လေးဖြစ်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နောက်ကြောတွေမှာ အဖြစ်များပါတယ်။ ဒီအဖုအကျိတ်တွေက    နာကျင်မှုမရှိဘဲ    လှုပ်လို့ရတာ၊ ဖြည်းဖြည်းချင်းကြီးလာတာများတယ်။   ဒါပေမဲ့ တစ်ခါတလေ  ရောင်ပြီးနာလာတတ်တယ်။

မွေးညင်းပေါက်နားမှာဖြစ်တာများပြီး တစ်ခါတလေမှာ  ထိခိုက်ဒဏ်ရာကြောင့် ပိုဆိုးတတ်ပါတယ်။

အဆီကျိတ်တွေက အရေပြားအောက်နားလေးကထွက်လာတဲ့နာကျင်မှုမရှိတဲ့  အဖုငယ်လေးဖြစ်ပြီး နှစ်ကြာလာတဲ့အခါ အလွန်ကြီးလာတတ်တယ်။

အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးလည်းဝင်လာနိုင်တယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အဖုက နီရဲပြီး နာလာတယ်။ ဒီလိုဖြစ်လာရင် အရည်ပျစ်ပျစ်တွေထွက်လာတတ်တယ်။ လိုအပ်ရင် အသားစယူပြီးစစ်ဆေးကြည့်သင့်ပါတယ်။

ကုထုံးတွေအနေနဲ့  အဖုအကျိတ်တွေကအန္တရာယ်မရှိလို့ ဒီအတိုင်းထားလို့ရတယ်။ ဒီအဖုတွေက  နီပြီး ရောင်ရမ်းလာရင်တော့ ရေနွေးဝတ်ကပ်ပေးသင့်ပါတယ်။ ရောင်နေတဲ့အဖုကို အရောင်ကျစေဖို့    စတီးရွိုက် (Steroid)  ဆေးထိုးတာ၊ ပြည်တည်ပါက ခွဲထုတ်တာအပြင် အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေမှာအဖုဖြစ်ရင်၊  အဲဒီအဖုမှာ  ရောဂါပိုးဝင်နေမယ်ဆိုရင်  ခွဲစိတ်ထုတ်ပစ်သင့်ပါတယ်။

အဖုအကျိတ်အားလုံး      ကင်ဆာမဟုတ်တဲ့အတွက်   အမြဲစိတ်ပူနေဖို့မလိုပါဘူး။   ခန္ဓာကိုယ်အပေါ်ယံအရေပြားကနေ စမ်းလို့ရတဲ့အဖုအကျိတ်အများစုက မစိုးရိမ်ရပါဘူး။

အဖုအကျိတ်ကိုကိုင်ကြည့်ရင်ပျော့တယ်၊  လှုပ်တယ်၊     ရွေ့သွားတယ်၊    နာတယ်။ အဆီကျိတ် (Lipoma) နဲ့ ချွေးပေါက်ကနေထွက်တဲ့အကျိတ်  (Sebaceous cyst )တွေက မနာတတ်ပါဘူး။

တစ်ခါတစ်ရံ လှုပ်ရှားမှုလုပ်လိုက်ရင်နာတယ်၊ကြီးလာတယ်၊ အနားပေးလိုက်ရင် သက်သာသွားပြီး သေးသွားတယ်။  ဒါက  အားကစားသမားတွေမှာထိခိုက်မိရင်   ပြင်းပြင်းထန်ထန်လှုပ်ရှားတဲ့အခါအဖုအကျိတ်ပေါ်တာမျိုးပါ။ ဒါမျိုးဆိုရင် ရေခဲအုံပြီး ပတ်တီးစည်းပေးသင့်ပါတယ်။

ကိုင်ကြည့်ရင်မာတယ်၊ မရွေ့ဘဲ တဖြည်းဖြည်းနဲ့ကြီးလာတယ်။ အမျိုးသမီးတွေရဲ့ ရင်ဘတ်အကျိတ်၊အမျိုးသားတွေရဲ့ငယ်ပါအကျိတ်၊ ချိုင်း၊ လည်ပင်း၊ ပေါင်ခြံနေရာကအကျိတ်တွေဆိုရင် သတိထားသင့်ပါတယ်။

 ဘယ်အဖုအကျိတ်ကိုမဆို   ၁ လက်မထက် တဖြည်းဖြည်းကြီးလာရင်    သတိထားသင့်တယ်။ ထိမိခိုက်မိတာမဟုတ်ဘဲ အဖုအကျိတ်၊ အလုံးအသစ်တစ်လုံးပေါ်လာပြီး  တစ်ပတ်၊ နှစ်ပတ်လောက်အတွင်း ပျောက်မသွားရင် မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ အဖုအကျိတ်တိုင်းကင်ဆာ တစ်ခုတည်း စဉ်းစားစရာမဟုတ်ဘဲ တီဘီကိုလည်း ခေါင်းထဲထည့်စဉ်းစားရမှာဖြစ်တယ်။  အဖုအကျိတ်တိုင်း ဆေးတွေလိမ်းလိုက်၊ သောက်လိုက်လုပ်စရာမလိုပါဘူး။ ညှစ်မထုတ်သင့်ပါဘူး။ အဆီကျိတ်အများစုက ကင်ဆာမဟုတ်ပါဘူး။ မမာဘူး၊ လှုပ်လို့ရတယ်၊ အကျိတ်ကိုစမ်းကြည့်လို့ လိမ့်နေတယ်ဆိုရင်   မခွဲဘဲနေနိုင်ပါတယ်။ အရေပြားတင်မက အမြစ်ပါတွယ်နေရင် ခွဲစိတ်ဖယ်ရှား သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။        ။              

 

ဒေါက်တာလွင်သန့်

နှာရည်ယိုရွှဲ တပို့တွဲ

တပို့တွဲလသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး ဆောင်းရာသီ နောက်ပိုင်းချိန်ဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တို့ တွဲညွတ် သောရာသီဖြစ်၍ တပို့တွဲလဟုခေါ်ခြင်းဖြစ်သည်။ တပိုဝ်သည် ထန်းဖူးကိုဆိုလိုပြီး တွဲသည်၊ အသီးခိုင်တွဲလောင်းကျသည်ကို ရည်ညွှန်းသည်။ တပို့တွဲလတွင် ထန်းဖူးများကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည် ခံသည့်လဖြစ်၍    ထိုလ၌  ထန်းတောင်သူများ   ထန်းလျက်ချက်ကာ အလုပ်များသောလဖြစ်သည်။

တပို့တွဲလ၏ အထိမ်းအမှတ်ပန်းများမှာ ပေါက်ပန်း၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမင်းနဲပွဲကျင်းပကြသည်။ ကောက်ညှင်း စပါးသစ်ပေါ်ချိန်တွင်   ထမင်းနဲထိုး၍   ကျွေးမွေး လှူဒါန်းလေ့ရှိကြသည်။

ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့ကာ နွေဦးပေါက်လာသည်။ ဆယ့်နှစ်လရာသီရှိသည့်အနက် ရှေးယခင်က မြန်မာနိုင်ငံ၏  အေးသောလကို  တပို့တွဲလအဖြစ်   သတ်မှတ်ခဲ့ပြီး အချမ်းအေးဆုံးအချိန်ကို တပို့တွဲလပြည့်နေ့မတိုင်မီ လေးရက်အလိုနှင့် တပို့တွဲလပြည့်ပြီးနောက်   လေးရက်အထိ   သတ်မှတ်ခဲ့ကြသည်။  တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲ တပို့တွဲဟုလည်း ဆိုကြသည်။

တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့

သနပ်ခါးစိုက်ပျိုးသော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့်ပေါက်မြို့တို့၌  တပို့တွဲလပြည့် နေ့ညတွင်  မြို့နယ်များအလိုက်  ဘုရားစေတီများ၌ သနပ်ခါးမီးပူဇော် ခြင်းနှင့်အတူ ထမနဲစတုဒိသာပွဲများ ပြုလုပ်လေ့ရှိကြသည်။ ဖော်ပြပါ သနပ်ခါးစိုက်ပျိုးသော ဒေသများအနက် အရာတော်၊ ရေစကြို၊  မြိုင်၊ ရွှေဘိုမြို့တို့တွင် သနပ်ခါးမီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ် တပို့တွဲလပြည့်နေ့က စတင်ကျင်းပနိုင်ခဲ့ပြီး  ၂၀၂၀  ပြည့်နှစ်က ပေါက်မြို့၌ ထမနဲပွဲနှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။  ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်လိုက်သည်။

ပေါက်ပန်းအကြောင်း သိကောင်းစရာ

ဆယ့်နှစ်လရာသီပန်းများတွင်  ပေါက်ပန်းသည် တပို့တွဲလ၏ပန်း အဖြစ် မှတ်တမ်းတင်ထားသည်။  ရာသီမသိ ပန်းနှင့်ညှိဟူသော  ဆိုရိုး စကားနှင့်အညီ နှာရည်ယိုရွှဲ တပို့တွဲကာလ၌ ပေါက်ပင်တစ်ပင်လုံး ပန်းများဝေနေအောင် ပွင့်ကြသည်။   ပေါက်ပန်းများသည်   ကြက်တူရွေး နှုတ်သီးသဏ္ဌာန်ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော်လည်း အပွင့်အလွန်လှသည်။  လိမ္မော်ရောင်နီကြန့်ကြန့်ပန်းများ ပင်လုံး ကျွတ်ဝေဆာနေသဖြင့်  အဝေးမှကြည့်လျှင်  မီးတောက်များသဖွယ် အမြင်ဆန်းကြယ်နေသည်။ ထို့ကြောင့် ရောမလူမျိုးများက ပေါက်ပင်ကို Flame of the Forest  (သစ်တောမီးတောက်ပင်)  ဟု အင်္ဂလိပ်အမည် မှည့်ခေါ်ကြဟန်တူသည်။  မြန်မာနိုင်ငံ၏  အထက်အညာဒေသများ၌  အဖြူရောင် ပေါက်ပန်းမျိုးကိုလည်း တွေ့ရတတ်သည်။

အရသာရှိသောပေါက်ပန်း

 သဘာ၀အလျောက်ပေါက်ရောက်သော်လည်း တချို့ကဟင်းလျာ အဖြစ်စားသုံးရန်  ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အပွင့်၏အရသာမှာ မဆိုသလောက်ခါး၍ ဆိမ့်သက်သဖြင့် ခံတွင်းရှင်းသည်။ အပွင့်ကို ကြော်စား၊ ချက်စား၊ ဟင်းချိုချက်စား၊ ပြုတ်ပြီးသုပ်စား စသည်ဖြင့် ဟင်းလျာမျိုးစုံ ပြုလုပ်စားသုံးနိုင်သည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်စားနိုင်သလို အရွက်ကြော်အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍ တစ်ဖုံစားသုံးနိုင်သည်။

ပေါက်ပင်၏ပုံသဏ္ဌာန်

ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်သည်။ တောင်တန်းဒေသများမှအပ  မြန်မာနိုင်ငံမြေပြန့်ဒေသရှိ ချောင်း၊ မြောင်း၊ အင်း၊  အိုင် နံဘေးများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသည်။  ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ  ၅၀ မှ ပေ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များပါရှိပြီး အကိုင်းအခက်ကောက် ကွေး၍ထွက်သည်။    အညွန့်နှင့်အရွက်တို့တွင်  ကတ္တီပါကဲ့သို့   နူးညံ့သော အမွေးများရှိသည်။ အခေါက်မှ အနီရောင်အစေးများ ထွက်ရှိသည်။ အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍ အရင်း ကျယ်သည်။ အရွက်၏ အပေါ်ယံမျက်နှာပြင်သည် သားရေကဲ့သို့ပြောင် ချောသော်လည်း  အောက်မျက်နှာပြင်တွင်  အမွေးနုလေးများရှိသည်။  ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ တန်ခူးလ၊ ကဆုန်လတို့တွင် အသီးသီးလေ့ရှိသည်။  အသီးတောင့်သည်  ၆ လက်မမှ  ၈ လက်မ အထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်း တွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင် ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။

ဆေးဖက်၀င် ပေါက်ပန်း

အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့်  အစိတ်အပိုင်းအားလုံး ဆေးဖက်၀င်သည်။    မြန်မာ့ဆေးကျမ်းများ အဆိုအရ ပေါက်ပင်သည် ဖန်၊ ခါး၊ စပ်အရသာရှိသည်။ ပူသည်၊ ဝမ်းမီးကိုတောက်စေသည်၊ ကျိုးသောအရိုးကိုဆက်စေသည်၊ ဆီးရွှင်စေသည်။ ပေါက်သီး သည် စပ်သည်၊  ဒူလာသရောနာ၊ ဝမ်းမီးတောက်သောအနာ၊  အလုံးအခဲ တည်သောအနာ၊  မြင်းသရိုက်နာများအားနိုင်သည်။ အပွင့်သည် ဖန်၊ ခါး၊ စပ်သည်၊ အေးသည်၊ လေကိုပွားစေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။  အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့်နှင့် နူနာရောဂါတို့ကိုပျောက်ကင်းစေသည်။ ကြက်မျက်သင့်သော အနာ၊ နှာစေးနာတို့ကိုနိုင်သည်။ အဆီ အနှစ်ကိုဖြစ်စေသည်။  ဝမ်းကိုက်ရောဂါကို  ပျောက်ကင်းစေသည်ဟု ဖော်ပြထားသည်။

အိန္ဒိယဆေးကျမ်းများတွင်    ပေါက်စေ့သည်    ဝမ်းသက်စေသည်၊ ကပ်ပါးကောင်များကိုသေစေသည်။   ပေါက်ရွက်နှင့်ပေါက်ပန်းသည် ခွန်အားဖြစ်စေသည်၊ အရေပြားကို သွေးတိတ်စေသည်၊ ဆီးရွှင်စေသည် ဟု ဖော်ပြထားသည်။

အပွင့်နှင့်ကျန်းမာရေး

- အဖြူ နှင့် အနီ နှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍    ဆေးစွမ်းထက်မြက်သည်။

- ပေါက်ပွင့်ကို ရေအေးတွင်   တစ်ညစိမ်၍   နံနက်တွင်   သကြား      အနည်းငယ် ထည့်သောက်ပါက စအိုဝနာခြင်း၊  ဆီးနှင့်ရော၍သွေးပါ ခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။

- ဆီးချုပ်ခြင်း၊   ဆီးအောင့်ခြင်း၊   ဆီးအိမ်ရောင်ခြင်းတို့အတွက်   ပေါက်ပွင့်ကို   ရေနွေးနှင့်ကျိုချက်သောက်ပါ။  ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ် အုံပေးခြင်းဖြင့် ဆီးရွှင်စေသည်။

- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင်  လက်ဖက်ခြောက်ကဲ့သို့ခတ်၍ သောက်ပါက အသည်းရောဂါအမျိုးမျိုးနှင့် ပျက်စီးနေသောအသည်း ကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်း ကိုပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အသက်ကြီးသူများ ဖြစ်တတ်သော   လေအားနည်းဝေဒနာကိုလည်း  သက်သာစေသည်။

- အပွင့်ကို  အရည်ညှစ်ပြီး မျက်စိတွင်ခတ်ပေးပါက   မျက်စိမှုန်၊ မျက်စိဝေခြင်းတို့ကို ပျောက်ကင်းစေသည်။

- ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့် သို့မဟုတ်  အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါ။

- အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့် ရောဂါဖြစ်ပါက အပွင့်ကို ပြုတ်စားပေးနိုင်သည်။

- မီးယပ်အဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါအတွက် အပွင့်ကို သုပ်စားနိုင်သည်။

အစေးနှင့်ကျန်းမာရေး

- အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့်   အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းနိုင်ပါသည်။

- ပေါက်စေးကို  ဝမ်းသွားပျောက်ဆေးအဖြစ်  ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ၀မ်းသွားခြင်းဖြစ်ပါက ပေါက်စေးလက်ဖက် ရည်ဇွန်း သုံးပုံတစ်ပုံခန့်ကို တစ်ရက်လျှင်သုံးကြိမ်   ရေနွေးဖြင့်   သောက်ပါ။

အစေ့နှင့်ကျန်းမာရေး

- ပေါက်စေ့သည် ဝမ်းကိုက်နာ၊  အလွန်ပူသောအနာနှင့်  သွားနာရောဂါများကိုနိုင်သည်။

- ပွေး၊  ယားနာများအတွက် ပေါက်စေ့ကို  သံပရာရည်နှင့်သွေး၍ လိမ်းပါ။

- အစေ့ကို ရေတွင်စိမ်၍ အခွံခွာပြီးလျှင် အတွင်းဆန်ကို  အခြောက်လှန်းကာ ကြိတ်၍   နံနက်၊ ည  တစ်နေ့နှစ်ကြိမ်    ဆက်စားပြီး  လေးရက်မြောက်သောအခါ  ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျစေနိုင်သည်။

- ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့်သန်ကောင်တို့ကိုနိုင်သည်။ ပေါက်စေ့၊ ငရုတ်ကောင်းနှင့် ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးလေးများလုံးပြီး စားလျှင် သန်ကောင်များကိုသေစေသည်။

အရွက်နှင့်ကျန်းမာရေး

- အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။

- အရွက်ကို အနာ၊ အဖုအပိမ့်များပေါ် လိမ်းအုံပေးပါက ပျောက်ကင်းစေသည်။

- အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့်    ဆတူရောပြီး  ရှူပေးပါက  စိတ်ဖောက်ပြန်ပျံ့လွင့်သော ရောဂါကို ပျောက်ကင်းစေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်း အတိုင်း ရှူပေးပါ)

-  အတက်ရောဂါ၊  ဝက်ရူးပြန်ရောဂါဖြစ်ပါက   ပေါက်ရွက်ကို  ငရုတ်ကောင်းနှင့်ရောကြိတ်ပြီး ရှူပေးပါ။

- ပေါက်ရွက်ကို ကျီးအာသီးဆန်နှင့် ရောစားပါက  ပန်းသေရောဂါ  ပျောက်ကင်းနိုင်သည်။

- တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက်   ပေါက်ရွက်ကို   ကြက်သွန်နီများများနှင့် ကြော်စားပါ။

- အပူလောင်နာဖြစ်ပါက ပေါက်ရွက်သတ္တုရည်ထည့်ပေးပါ။

- ထိခိုက်ဒဏ်ရာရပါက   ပေါက်ရွက်သတ္တုရည်ကို   လက်ဖက်ရည်    အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။ အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။

အခေါက်နှင့်ကျန်းမာရေး

-  အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။

- အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော်  အဆိပ်တက်ခြင်းမှပြေစေသည်။

- တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့်အခေါက်ပြုတ်ရည်သောက်ပါ။

ဥနှင့်ကျန်းမာရေး

- ပေါက်ဥမှုန့်ကို  ပျားရည်နှင့်စားပါက  အားအင်ပြည့်ဖြိုးကာ အသက် ရှည်စေသည်။

အမြစ်နှင့် ကျန်းမာရေး

- အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွံခြင်းတို့ကို ပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။

- အဆစ်ရောင်ရောဂါအတွက်  အမြစ်ကိုရေနှင့်သွေးပြီး  မီးနှင့်နွေးအောင်ပြုလုပ်ကာ ရောင်နာနေသော အဆစ်ပေါ်လိမ်းပေးပါ။

သတိပြုရန်

ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော်လည်း  တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကြူး စားသောက်မိပါက ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ စားသုံးရန် မသင့်ကြောင်း ရေးသားလိုက်ရပါသည်။ 

Source: Myawady Web Portal

 

ပေါက်ပေါက်

မြန်မာနိုင်ငံတွင်   ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းဝတ်ရေးဖူလုံစေခြင်းအပြင် ပြည်တွင်းလိုအပ်သောကုန်ကြမ်းများကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ ချည်တင်သွင်းမှုလျှော့ချနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့်   နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရန်မှာ  အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း  ဝါသီးနှံကို မြန်မာနိုင်ငံ၏   သီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ အရေးပါသော မဏ္ဍိုင်သီးနှံ ၁၀ မျိုးတွင် တစ်ခုအဖြစ်ထည့်သွင်းလျက် စိုက်ပျိုးထုတ်လုပ်မှု   တိုးတက်မြင့်မားရေးကိုတွန်းအားပေး   ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်မှာ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။    ထို့ပြင် နိုင်ငံတော်မူဝါဒမှာလည်း လက်ရှိဝါစိုက်ဧကအပေါ်တွင်   တစ်ဧက ပန်းတိုင်အထွက်နှုန်းရှိရန် ကြိုးစားဆောင်ရွက်ရေး  လမ်းညွှန်မှု ပြုထားသဖြင့် ဝါတစ်ဧက  ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေးကိုလည်း  စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကာလအတွင်း  မျိုးစေ့ထုတ်ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း၊   စံပြကွက်၊ စမ်းသပ်ကွက်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက်   ဌာနအစီအစဉ်ဖြင့် ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ထက် ၆၄,၆၀၇ ဧက၊ ၁၆ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက်  ၅၇,၅၄၁ ဧက၊ ၁၂ ဒသမ ၅၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရသည်။ အထွက်နှုန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  ၂၀၂၁-၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တစ်ဧကလျှင် ၂ ဒသမ ၄၈ ပိဿာ ပိုမိုထွက်ရှိခဲ့ပြီး  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက်  တစ်ဧကလျှင် ၃၄ ဒသမ ၆၁ ပိဿာ ပိုမိုတိုးတက်ထွက်ရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ဝါသီးနှံပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ရရှိရေးနှင့် အရည်အသွေးကောင်းဝါများရရှိရေးအတွက် ဖော်ပြပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်-

ဝါသီးနှံဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း

ဝါသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တို့ရှိ ခရိုင် ၂၆ ခရိုင်၊ မြို့နယ် ၇၆ မြို့နယ်တွင် ဇုန်ပေါင်း ၁၄ ဇုန်ဖြင့် ၂၀၂၃-၂၀၂၄ မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ ဝါသီးနှံဇုန်များသတ်မှတ်ကာ  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ချည်မျှင်အလွန်ရှည်သော စပ်မျိုးများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအတွင်း  ၁/၈၀ ချည် အပါအဝင် အရည်အသွေးကောင်းချည်များ ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်အလွန်ရှည်သောဝါမျိုးများ    စိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်သောကြောင့် လက်ရှိချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာ ဧကငါးသိန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သောဧက တစ်သိန်းအား ဂွမ်းမွေးအရှည် ၃၂ မီလီမီတာနှင့် အထက်ရှိသော ဝါမျိုးများစိုက်ပျိုးခြင်းကို ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းမှစ၍ တဖြည်းဖြည်းတိုးချဲ့သွားရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း

ဝါမျိုး၏ မျိုးရိုးဗီဇသည် ဝါအထွက်နှုန်းအပေါ် ၅၀ - ၆၀ ရာခိုင်နှုန်းအကျိုးပြုစေသောကြောင့် မျိုးရိုးဗီဇခိုင်မာကောင်းမွန်သော ဝါမျိုးများရွေးချယ်စိုက်ပျိုးရမည်ဖြစ်ရာ ဝါမျိုးစေ့စနစ် ဖွံ့ဖြိုးစေရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြုခြင်း၊ မျိုးစေ့၏သန်စွမ်းနိုင်စွမ်း (Seed Vigor)ကောင်းမွန်၍ ကျန်းမာသန်စွမ်း

သည့်မျိုးစေ့များကို   အသုံးပြုခြင်း၊ ဂွမ်းမွေးတိုချွတ်ထားသော (Acid Delinted) ဝါမျိုးစေ့များကိုအသုံးပြုခြင်း၊ တစ်ဧက အပင်ဦးရေနှုန်းမြင့်မားမှု (High Population Density)ကို ခံနိုင်ရည်ရှိသောဝါမျိုးများ ရွေးချယ်အသုံးပြုခြင်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်ကာ   စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၊ ဝါသီးနှံမျိုးသန့်ခြံများမှ သုတေသနပြု၍ မျိုးစေ့စီးဆင်းမှုစနစ်(Seed Flow)နှင့်အညီ   ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသောချည်မျှင်ရှည်ဝါမျိုး ငါးမျိုးအား အက်စစ်ဖြင့် ဂွမ်းမွေးတိုချွတ်ခြင်း၊ ဆေးလူးနယ်ခြင်း၊ အခြောက်ခံ၍ စနစ်တကျထုပ်ပိုးခြင်းများ ဆောင်ရွက်ပြီးမှသာ  တောင်သူများထံ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ ထို့ပြင် ဝါမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသည့်ခြံများ၊ ဝါကြိတ်စက်များအနေဖြင့်  ဝါမျိုးစေ့ ဂွမ်းမွေးတိုချွတ်သည့်   လုပ်ငန်းစဉ်ကို  စနစ်တကျ   ဆောင်ရွက်နိုင်စေရန် နည်းပညာပေးခြင်းအပါအဝင် လိုအပ်သည့်အစီအမံများ၊ ပစ္စည်းကိရိယာများကို ဖြည့်တင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝအသုံးချနိုင်ရေး စီမံဆောင်ရွက်ခြင်း 

မျိုးစေ့အနေဖြင့် အမွေးတိုချွတ်ခြင်း (Acid Delinted)လုပ်ထားသော ဝါမျိုးစေ့များအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် မြေဩဇာအချိုးကျအသုံးပြုရန်အတွက် ချည်မျှင်ရှည်ဝါတစ်ဧကတွင် ယူရီးယား-တီစူပါ-ပိုတက်ရှ်(NPK)ဓာတ်မြေဩဇာကို စိုက်ပျိုးမြေအသင့်အတင့်ကောင်းမွန်ပါက (၂၂၄-၁၁၂-၂၂၄) ပေါင်နှုန်း  သို့မဟုတ် ကွန်ပေါင်း-ယူရီးယား-ပိုတက်ရှ်(၂၂၄-၁၁၂-၁၂၂) ပေါင်နှုန်းအသုံးပြုရန်လိုအပ်ခြင်းနှင့် နွားချေး၊ သစ်ဆွေးနှင့်သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း ၅-၁၀ စီးနှုန်း  ထည့်သွင်းပေးရမည်။ အထွက်ကောင်း အရည်အသွေးကောင်းဝါများရရှိရန်နှင့် ရာသီဥတုဆိုးရွားသည့်ဒဏ်များကို ခံနိုင်ရည်ရှိစေရန်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့်   မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ရမည်။ ဝါပင်အတွက် မျှော်မှန်းအထွက်နှုန်းရရှိရေးနှင့်ဂွမ်းအရည်အသွေးတိုးတက်ကောင်းမွန်ရေးမှာ ဖြည့်စွက်ရေသည် အရေးကြီးသောသွင်းအားစုတစ်ခုဖြစ်ရာ ဝါသီးနှံသက်တမ်းအတွင်း ပျမ်းမျှရေအသုံးပြုမှုမှာ ၃၆-၄၃ လက်မဖြစ်သဖြင့် မိုးကောင်းသောက်ဧရိယာများတွင် မြေအောက်ရေထုတ်ယူရရှိနိုင်မည့် ရေအရင်းအမြစ်များ နီးစပ်ပါက နေရောင်ခြည်စွမ်းအင်သုံး Tube Well များ တူးဖော်အသုံးပြုခြင်းနှင့် ရေအလိုအပ်ဆုံးအချိန်ဖြစ်သော     ဝါသီးနှံသီးပွင့်ချိန်များတွင် ဖြည့်စွက်ရေ ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။

ဝါအထူးအထွက်တိုးရေး နည်းလမ်း ၁၀ ချက်ကို တောင်သူများ လိုက်နာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ဝါအထူးအထွက်တိုးရေး နည်းလမ်း၁၀ ချက်ဖြစ်သည့်    မျိုးကောင်း၊ မျိုးသန့်အသုံးပြုခြင်း၊  စနစ်တကျ စိုက်ပျိုးမြေပြုပြင်ခြင်း၊  စိုက်ချိန်မှန်ကန်စေခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ အချိန်မီအပင်သားခွဲခြင်း၊ ပေါင်းမြက်များ  အချိန်မီရှင်းလင်းခြင်း၊   သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးညီ အချိန်ကိုက်ထည့်သွင်းခြင်း၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သလို  ရေသွင်း/ရေထုတ်ပြုလုပ်ခြင်း၊ စနစ်တကျဝါကောက်သိမ်းခြင်းနှင့်  ရိတ်သိမ်းချိန်လွန်နည်းပညာများလိုက်နာခြင်းတို့ကို ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် တိတိကျကျ  လိုက်နာဆောင်ရွက်ရေးအတွက်      ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝါသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များထုတ်လုပ်ဖြန့်ဖြူးရန်နှင့်  အထွက်တိုးစိုက်ပျိုးနည်းစနစ်များကို  ဖော်ထုတ် သတ်မှတ်ရန်အတွက် သုတေသနလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရရှိလာသောသု တေသနရလဒ်ကောင်းများကို    တောင်သူများအား နည်းပညာဖြန့်ဝေပေးလျက်ရှိသည်။

၎င်းအပြင်   တောင်သူများကိုယ်တိုင်  ပါဝင်သော ဝါမျိုးရွေးချယ်သည့် သုတေသနများကိုလည်း    တောင်သူစိုက်ခင်းများတွင်    ဆောင်ရွက်သွားမည်ဖြစ်သည်။

နည်းပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း

 ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍  လိုအပ်သည့်သွင်းအားစုများ  ထည့်သွင်းမှုနည်းပညာများ၊  ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုဆိုင်ရာနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲရှိ ဝါသီးနှံဆိုင်ရာပညာရှင်များမှ မြေ၊ မျိုး၊ ပိုးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်(Subject Matter Specialist- SMS) များနှင့်ပေါင်းစပ်၍  ဇုန်အသီးသီးမှဝါသီးနှံပညာပေးဝန်ထမ်း များအတွက် Trainings of Trainers (ToT) သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်၊ စာအုပ်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး   အဆိုပါနည်းပညာများအပါအဝင် အထွက်တိုးစိုက်ပျိုးနည်းပညာများကို တောင်သူများ

မျက်မြင်သိရှိ လိုက်နာကျင့်သုံးလာစေရေးအတွက် သင်တန်းများ၊   ကွင်းသရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့်  နည်းပညာစာအုပ်၊  စာစောင်များ ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ခြင်းတို့မှာ အရေးကြီးသောလုပ်ငန်းများဖြစ်ပါသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် စိုက်ပျိုးပညာပေးရေးလုပ်ငန်း ဆောင်ရွက်နေသူများအားလုံး  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

Source: Myawady Web Portal

 

Myawady Web Portal

အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယသက်တမ်းကာလအတွင်း မူဝါဒ ပြောင်းလဲမှုများသည် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများ စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် လွတ်လပ်မှုများကို ထိန်းညှိဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ဆောင်းပါးကို China Daily သတင်းဌာနတွင် ရေးသားဖော်ပြထားရှိပါသည်။"

တွေ့ရှိချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖိလစ်ပိုင်တက္ကသိုလ် အာဆီယံစင်တာ (Asian Center-AC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲ (Webinar) တွင် ပညာရှင်များသည် အာရှဒေသနှင့် Trump ဒုတိယသက်တမ်းအကြား အခြေအနေများ (Asia and Trump 2.0) ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် သမ္မတ Trump လက်ထက်အတွင်း ပထဝီနိုင်ငံရေးအခြေအနေများပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်းများအပေါ် ပြည်ပမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ASEAN အဖွဲ့သည် သမ္မတ Trump ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကဦးစားပေးအဖြစ် ပါဝင်နေခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြားအင်အားကြီးနိုင်ငံများကြား မိတ်ဖက်ဆက်ဆံရေးနှင့် သဘောတူညီချက်များသည် အမေရိကန်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ Trump ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မြှင့်တင်ခြင်းမူဝါဒသည် တရုတ်နိုင်ငံထောက်ပံ့ရေးကွင်းဆက်များတွင် တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေသည့် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်မှုများရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့နောက် ပညာရှင်များက သမ္မတ Trump ၏ ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Paris သဘောတူညီမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ နုတ်ထွက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း၌ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီးနိုင်ငံများ မဟုတ်သော်လည်း နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်ဟု University of Copenhagen မှ ပညာရှင် Melissa Hubahib Loja က ပြောကြားထားကြောင်း၊ အင်အားကြီးနိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းများ ဆက်လက်ခိုင်မာအားကောင်းစေရန် နိုင်ငံရေးကဏ္ဍများတွင် စဉ်းစားချင့်ချိန်၍ နည်းလမ်းများချမှတ်ရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း၊ စင်ကာပူနိုင်ငံ Nanyang Technological University မှ ပညာရှင် Collin Koh Swee Lean က စင်ကာပူနိုင်ငံသည် သေးငယ်ပြီး အဓိကစီးပွားရေးအနေဖြင့် ကုန်သွယ်ရေးကို အလေးထားလုပ်ကိုင်နေရသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သည့် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ASEAN အဖွဲ့ဝင်ကဲ့သို့သော ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ ကမ္ဘာ့လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန် မိတ်ဖက်ရွေးချယ်ဆက်ဆံခြင်းထက် နိုင်ငံအများနှင့်လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ခြိမ်းခြောက်စေသည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံအချင်းချင်း သဘောတူညီချက်များ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး ASEAN အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့နိုင်လိမ့်မည်ဟု ပညာရှင် Koh က ထပ်လောင်းပြောကြားခဲ့ကြောင်း၊ University of Tokyo မှ ပညာရှင် Maria Thaemar Tana က ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အုပ်စုတစ်စုတည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အခြားသောအုပ်စုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်သည်ဟု ယူဆ လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဤသို့ဆက်လက်ယူဆနေမည်ဆိုပါက အာဆီယံအဖွဲ့၏ ဒေသအတွင်းဩဇာလွှမ်းမိုးနိုင်မှုသည် အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှု၊ ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းနှင့်ပြည်ပဖိအားများကြီးထွားလာခြင်းကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

Asian Center မှ တွဲဖက်မောက္ခ Aaron Jed Rabena က Asian အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ Trump ၏ ခန့်မှန်း၍မရသော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံအပေါ်မှီခိုနေမှုများ လျှော့ချလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာများသည် ၎င်းတို့၏သဘောထားအမြင်၊ လက်တလောကြုံတွေ့ရသည့် ခြိမ်းခြောက်မှုနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှု မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာမူ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံနှင့်ပင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း၊ ၎င်းအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံအတွက် မဟာဗျူဟာမြောက် စိန်ခေါ် မှုများဖြစ်ပြီး ၎င်းတို့အကြားသင့်တော်သည့် နိုင်ငံခြားရေးမူဝါဒများကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

Asian Center မှ ပညာရှင် Noel Christian Moratilla က ကြားနေဝါဒဆိုသည်မှာ အချိန်တစ်ခု၌ အရေးကြီးသောအရာနှင့် ဆက်စပ်နိုင်မှုများကို ရှာဖွေသိရှိခြင်းပင်ဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်၊ စစ်အေးကာလအတွင်း Non-Aligned Movement (NAM) ကို တည်ထောင်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် အငြင်းပွားခြင်းထက် အခြား ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နည်းလမ်းများကိုလေ့လာ၍ နှစ်နိုင်ငံအကြား ချိန်ညှိလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားထားကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံမှ သုတေသနပညာရှင် Irine Hiraswari Gayatri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ရန် အခြားစီးပွားရေးမိတ်ဖက်များ ရှာဖွေလျက်ရှိကြောင်း၊ ဥပမာအားဖြင့် BRICS အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံပါဝင်လာမှုသည် မဟာမိတ်အသစ်များ ဖန်တီးလိုသည့်ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် မဟာဗျူဟာဆိုင်ရာလွတ်လပ်မှု (strategic autonomy) ကို ထိန်းသိမ်းထားသော်လည်း တရုတ်၊ အမေရိကန်နိုင်ငံတို့နှင့်ပါ မဟာမိတ်ဆက်ဆံရေးကို ထိန်းညှိစီမံလျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်ချက်

ဆောင်းပါးတွင် ASEAN အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏မူဝါဒများမှ သက်ရောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် လိုအပ်သည်ဟု Webinar ဆွေးနွေးပွဲတစ်ခုအတွင်း ပညာရှင်များက သုံးသပ်ချက်များ၊ ခန့်မှန်းချက်များကို ရေးသားဖော်ပြထားရှိပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းတို့အပေါ် စိုးရိမ်လျက်ရှိပြီး ဒေသအတွင်း သက်ရောက်မှုများဖြစ်ပေါ်မလာစေရေး ကြိုတင်ပြင်ဆင် နေခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအရ ပညာရှင်များသည် ASEAN နိုင်ငံများအား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် အကြံပြုနေခြင်းဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပေးပြောကြားနေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။

အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားနေမှုများမှ အာဆီယံအပေါ်သက်ရောက်မှုများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးတည်ဆောက်ထားရှိမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် မြန်မာနိုင်ငံအတွက် အဟန့်အတားအချို့ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား အလွန်အကျွံမှီခိုအားထားနေမှုကို သတိထားခြင်းဖြင့် စီးပွားရေးအရ ASEAN အဖွဲ့အပြင် အခြားနိုင်ငံများနှင့် ဈေးကွက်စီးပွားရေးချဲ့ထွင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပြည်တွင်းကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံခြားရေးမှုဝါဒများ ချိန်ညှိချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်ဟု ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် နိုင်ငံ၏သဘောထားအမြင်နှင့် မူဝါဒများအပေါ် များစွာမူတည်လျက်ရှိသောကြောင့် ပြောင်းလဲလာနိုင်သည့် ကမ္ဘာ့နိုင်ငံရေးရေချိန်ကို စောင့်ကြည့်လေ့လာ၍ သင့်တော်မှန်ကန်သည့်နိုင်ငံရေးမူဝါဒများချမှတ်နိုင်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

နိုင်ငံတကာသတင်းထုတ်ပြန်ချက်များလေ့လာရေးအဖွဲ့ (International News Monitoring Team)

မြန်မာ့ရိုးရာထမနဲပွဲတော်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထင်ဟပ်စေသည့် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အလှူဒါန ပွဲတော်တစ်ခုဖြစ်ပါသည်။ မြန်မာ့ ရိုးရာထမနဲပွဲကို တပို့တွဲလတွင် ကျင်းပကြပြီး၊ ကောက်ညှင်းစပါးသစ်ပေါ်ချိန်နှင့် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော တပို့တွဲလပြည့်နေ့တွင် အထူးခမ်းနားစွာ ကျင်းပကြပါသည်။ ဤပွဲတော်သည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် လူမှုရေးဆိုင်ရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကဒသမ လဖြစ်ပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများအတွင်း ကျရောက်ပါသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင်တွဲလောင်းကျသည်' ကိုရည်ညွှန်းသောကြောင့် တပို့တွဲလသည် ထန်းဖူးများအား အောက်သို့ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် တပို့တွဲလ၏ အဓိပ္ပာယ်သည် ထန်းဖူး၊ ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊ တွဲကျခြင်းဖြစ်အောင် ပြုသောလ၊ ထန်းရည်နင်းသောလ ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်း (Butea Monosperma) ဖြစ်ပါသည်။ တပို့တွဲလတွင် ထင်ရှားသော ရိုးရာပွဲတော်မှာ ထမနဲပွဲ ဖြစ်ပါသည်။ 

မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ချမ်းအေးသည့် ဆောင်းတွင်းအခါသမယတွင် ဝိနည်းတော်အရ ရဟန်းတို့ကို မီးလှုံခြင်းမှ တားမြစ်ပိတ်ပင်ထားပါသည်။ တားမြစ်ရသည့် အကြောင်းမှာ မီးနှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူသည့် ရဟန်းတို့ မပြုမူအပ်သည့်  အပြုအမူများကို ရှောင်ကျဉ်နိုင်ရန် ဝိနည်းတော် ပညှပ်ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြား ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား မီးလှုံရန် ခွင့်ပြုတော်မူရုံမျှမက မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူ လေ့ရှိခဲ့ပါသည်။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပကြ ပါသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားအရမှာမူ မီးဖုန်း သဘင်ဟု ရေးသားဖွင့်ဆိုကြပါသည်။ အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့သည် မီးဖုန်းပွဲကို ကျင်းပရန် အလို့ငှာ တောသို့ တက်၍ နံ့သာထင်းများကို လူစုလူဝေးနှင့် ခုတ်ကြသည်။ ထို့နောက် ထင်းများကို စုပုံမီးရှို့၍ ဘုရား ကျောင်းကန်၊ တန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူး ခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက်ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကို စီမံပြီးလျှင် ဘုရား၊ ကျောင်း၊ တန်ဆောင်း များ၌ မီးအပူဓာတ် ကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကို မန်းသင့်နောင်က “ကရင်ပြည်နယ်အလှ” စာအုပ်တွင် မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်။ ထိုမီးပုံပွဲ၌ မီးပူဇော် လိုသူတို့သည် တပို့တွဲလပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး စင်းလုံးချော သက်ရင်းပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ သုံးဆင့်စည်းနှောင်ထားကြ၏။ ခြောက်သွေ့သော အခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့မတိုင်မီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန် မြေကွက်လပ်တွင် အတောင် ၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထင်းစည်း၊ မီးပုံစည်းများကို မှီ၍ စိုက်ထူ၏။ နံနက်လေးနာရီတွင် ဆရာတော်က ဝတ်ပြုဆုတောင်းရာ ရဟန်းရှင်လူတို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။ ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကို ကရင်ပြည်နယ်၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။ 

ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလော သို့မဟုတ် ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပွဲဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာ၏။ ယာဂုပူဇော်ပွဲအစဉ်အလာစတင်ပုံကို  ဝိနည်း ပိဋကတ် ဝိနည်းမဟာဝါ ပါဠိတော်၌ ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေး စသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် အလားတူဆွမ်းကပ်လှူလိုပါသော်လည်း မိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည်ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့် အတိုင်းကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂုအလှူပွဲအစဉ်အလာ ပေါ်ပေါက်လာသည်ဟုဆိုနိုင်ပြီး ဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန် ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်း ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ပါသည်။ ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင် ဖြစ်ပါသည်။ သို့သော် လုံးတောဆရာတော်၏ အာဘော်အရ မြတ်စွာဘုရားသခင်သည် လေအောင့်၊ လေနာဝေဒနာ ခံစားတော်မူရလေသော် “အရှင်အာနန္ဒာ……ယာဂုဆွမ်းခံချေ” ဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂု သည် ငရုတ်၊ ကြက်သွန် စသည်တို့ပါသော ဆန်ပြုတ်တစ်မျိုး (ဝါ) ထမနဲ ဟု ယူဆနိုင်ပါသည်။

မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌  ရေးသားဖော်ပြထားပြီး ယင်းအလှူပွဲအကြောင်း၌ ရွှေမြို့တော် လေးပြင်လေးရပ် တရုတ်၊ ကုလား မျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာကုကျိုကြရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ ၊ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ ကျိုသည်ဟုဆိုထားပါသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဖွင့်ဆိုကြောင်း မှတ်သားရပါသည်။ ထမနဲ့ (ဝါ) ထမင်းနှဲဟူသော အမည်နာမသည် (ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရှေးအရေးအသားအချို့တွင် ထမင်းနှဲ ဟူ၍ပင် ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်းထမင်းနဲ့ထိုးခြင်းနှင့် စပ်လျဉ်း၍  မန်လည်ဆရာတော်ဘုရားကြီးက လိုသော ပစ္စည်းအချိန်အဆကို ထမနဲထိုးလင်္ကာစားချိုးဖြင့် အောက်ပါအတိုင်း စပ်ဆိုထားလေသည်-

         “ထမနဲထိုးဖို့ရန်….. စာချိုးလို့မှာခဲ့မယ် 

         တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်

         တစ်ပိဿာဆီ အမှန်သွင်းပါလို့

         ချင်း(ဂျင်း) ကသုံးဆယ်။

         မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်

         အုန်းသီးဆန် အတူဖက်ပါလို့

         နှမ်းမပြတ် ဤနည်းနှယ်။

         ရေစင်ကြည် ပထည့်ရိုး

         လက်နှစ်သက်သာပ၊

         တွက်စစ်ကာ ချိန်ဆယ်သားရယ်နှင့်

         ရောနှောက လူအများတို့ရယ်

         အားသစ်လို့ထိုး……”

အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈ဝ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၁၅ သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ လူအများ တက်ညီလက်ညီ ဟန်ချက်ညီစွာဖြင့် ယာဂု(ဝါ) ထမနဲကို ထိုးကြရန် ဖြစ်ပါသည်။

“တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်” ဟူသည့် စာဆိုနှင့်အညီ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ၊ ခိုက်ခိုက်တုန်အောင်အေးတတ်၏။ မြတ်စွာ ဘုရားရှင်ပင်လျှင် ခြေဖျား၊ လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ မှန်ပေမည်။ အလွန် အေးမြလှပေသည်။ တပို့တွဲလ နှင်းဝေဝေတွင် ကျင်းပသည့် ထမနဲပွဲသည်လည်း ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့် ဆင်နွှဲသော ရိုးရာထမနဲပွဲသည် နိုင်ငံသားတို့၏ စုပေါင်းညီညာသောသဘောကို ဆောင်၏။ ထမနဲကို ထိုးပြီးသကာလ ဘုရားအား ဦးစွာကပ်လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင်ပို့၏။ တစ်အိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ သဒ္ဓါတို့ ထက်သန် မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့ လူမျိုးတို့၏ သဘောသဘာဝဖြစ်ပြီး စည်းလုံးညီညွတ်မှု အသွင်သဏ္ဍာန်ကို ထမနဲထိုးပွဲ၏ ပြယုဒ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေ၏။ ထမနဲကို အဘိုး၊ အဘွား၊ လူရွယ်၊ လူငယ် အရွယ်သုံးပါး မရွေး စားသုံးနိုင်ပြီး နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို တမြုံ့မြုံ့ စားရင်းနှင့်ပင် ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော၊ စကားမပြောသော်လည်း  ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြသ နေဘိ သကဲ့သို့ ရှိ၏။ 

ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက “ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်” ဟူ၍ လှေအလှူခံမေတ္တာ စာတွင် ဖွဲ့ဆိုခဲ့ပါသည်။ တပို့တွဲလ ယာဂုထမနဲအလှုပွဲများသည် အလှူရေစက် လက်နှင့်မကွာ မြန်မာလူမျိုးတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားရှင် လက်ထက်တော်တိုင်မှ စတင်ပေါ်ထွန်းခဲ့သည့် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာများ၊ စည်းလုံးညီညွတ်မှုများ မပျောက်ပျက်စေရန်နှင့် ကောင်းမှုကုသိုလ်များ ရရှိစေရန်အတွက် တပို့တွဲလတွင် နှစ်စဉ်ကျင်းပ လှူဒါန်းခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား

(၁)     မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်

(၂)      မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)

(၃)     တပို့တွဲလ၊ မောင်လူမွှေး(မြန်မာမှု)

(၄)     မြန်မာလအမည်များကျမ်း၊ ဦးဖိုးလတ်

ညီညီမြတ်(အခယ)

စမတ်မီတာစနစ်ဆိုသည်မှာ  အလိုအလျောက် မီတာစနစ်ကိုခေါ်သည်။ မြန်မာနိုင်ငံတွင် AMI စနစ်(Advanced Metering Infrastructure)ကို လက်ရှိ စမတ်မီတာစနစ်အဖြစ် အသုံးပြုလျက်ရှိသည်။ AMI စနစ်ဖြင့် မီတာအားလုံး လဲလှယ်တပ်ဆင်ထားပြီးသော မြို့တစ်မြို့အနေဖြင့်  မီတာဖတ်လုပ်ငန်းအားလုံးကို ကွန်ပျူတာစနစ်ဖြင့်သာ လုပ်ဆောင်နိုင်ပြီး သမားရိုးကျ မီတာစနစ်နှင့် ကွဲပြားခြားနားသွားမည်ဖြစ်သည်။       

စမတ်မီတာအမျိုးအစား များစွာရှိသည့်အနက်    ငွေကြိုပေးမီတာနှင့်  သုံးသလောက်ပေး မီတာဟူ၍  အဓိကအုပ်စုကြီးနှစ်ခုရှိသည်။

ငွေကြိုပေးမီတာသည် မီတာအတွင်းမှ ထိန်းချုပ်သောစနစ်ဖြစ်ပြီး ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ခြင်း မရှိချေ။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင်   လူကြိုက်များ၍ သုံးစွဲကြသည်။

မြန်မာနိုင်ငံကဲ့သို့    လျှပ်စစ်မီးကို  တရားမဝင် သွယ်တန်းသုံးစွဲမှုများ ရှိနေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ငွေကြိုပေးမီတာမှာ အခြားသောအားသာချက်များ ရှိနေသော်လည်း  လက်ရှိအချိန်တွင် သုံးစွဲရန်မသင့်လျော်သေးဘဲ သုံးသလောက်ပေး မီတာ (AMI စနစ်) ကိုသာ သုံးသင့်သေးကြောင်း စာရေးသူအနေဖြင့် သုံးသပ်တွေ့ရှိရသည်။

မည်သည့်အတွက် AMI မီတာများ သုံးသင့်ပါသလဲဟုဆိုပါက AMI မီတာများသည် ပြင်ပမှထိန်းချုပ်၍ ရသောမီတာများဖြစ်ပြီး မသမာမှုများကိုလည်း ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်း သိရှိနိုင်သောကြောင့်ဖြစ်သည်။  AMI စနစ်တွင် ဗဟိုထိန်းချုပ်သည့် နေရာမှ မီးသုံးသူ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိနေပြီး မသမာမှုများပြုလုပ်ရန် ခက်ခဲသည့်အားသာချက်ရှိသည်။

ဓာတ်အားခပေးသွင်းမှု မရှိခြင်းကဲ့သို့သော ကိစ္စရပ်များအတွက်လည်း ဗဟိုထိန်းချုပ်သည့်နေရာမှပင် အလွယ်တကူသိရှိ၍ မီးဖြတ်တောက်နိုင်သည်။ ထိုသို့သောအားသာချက်များကြောင့်သာ  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ငွေကြိုပေးအမျိုးအစား စမတ်မီတာများကို ရွေးချယ်ခြင်းမပြုဘဲ သုံးသလောက်ပေး အမျိုးအစား စမတ်မီတာ (AMI မီတာ) များကိုသာ ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြို့နယ်တစ်မြို့နယ်ချင်းအလိုက် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။         

ပထမဆုံးသော AMI စမတ်မီတာစနစ်ကို ရန်ကုန်တိုင်းဒေသကြီး  ဒေါပုံမြို့နယ်၌ (၁.၈.၂၀၁၇) ရက်တွင်    စတင်ဆောင်ရွက်ခဲ့သော်လည်း  အကြောင်းအမျိုးမျိုးကြောင့်    မြို့နယ်လုံးကျွတ် မဆောင်ရွက်နိုင်ခဲ့ဘဲ (၁.၁၂.၂၀၁၈) ရက်တွင်မှ  ပန်းဘဲတန်းမြို့နယ်၌  ပြီးပြည့်စုံသော AMI စနစ်တစ်ရပ်ကို မြို့နယ်လုံးကျွတ် ပထမဦးဆုံး ဆောင်ရွက်ပြီးစီးခဲ့သည်။   ယခုအခါ ရန်ကုန်လျှပ်စစ်   ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် မြို့နယ်ပေါင်း  ၅၈ မြို့နယ်ရှိသည့်အနက်   AMI စနစ်အပြည့်အဝဆောင်ရွက်ပြီးသည့် မြို့နယ်ပေါင်း ၂၀ ရှိပြီဖြစ်သည်။  AMI စနစ် အပြည့်အဝ မဆောင်ရွက်နိုင်သေးသော်လည်း  အလိုအလျောက် ငွေတောင်းခံစနစ် ဆောင်ရွက်ပြီး မြို့နယ် ၃၆  မြို့နယ်အထိရှိလာပြီဖြစ်သည်။   ယခုအခါ  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တွင် AMI  စနစ်ကိုရာနှုန်းပြည့်ပြောင်းလဲ တပ်ဆင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း ထိုစနစ်ကိုပြောင်းလဲတပ်ဆင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် ဓာတ်အားပျောက်ဆုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချ သွားနိုင်ရေးလုပ်ဆောင်လျက်ရှိသည်။

AMI စနစ်ဖြင့် ဆောင်ရွက်ပြီးမြို့နယ်များတွင် မိုဘိုင်းဖုန်းဖြင့် အသုံးပြုရသော Mebill  အပလီကေးရှင်းဖြင့် ဘားကုတ်မှတစ်ဆင့် မိမိတို့အသုံးပြုနေသော မည်သည့် ဘဏ်နှင့်မဆိုအွန်လိုင်းမှ ငွေပေးဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက ဌာနအနေဖြင့် မီတာစာရွက်ဝေရန်ပင် မလိုအပ်တော့ဘဲ ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းမှပင်    မိမိတို့ကျသင့်သော ဓာတ်အားခကို သိရှိနိုင်ပြီး  အွန်လိုင်းမှ တိုက်ရိုက်ပေးချေသွားနိုင်မည်ဖြစ်ရာ ဝန်ထမ်းအင်အားကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။         

AMI  မီတာစနစ်ဆိုသည်မှာ စမတ်မီတာစနစ်ဖြစ်၍    နည်းပညာကိုသာ အခြေပြုဆောင်ရွက်ပြီး မီတာဖတ်ရာတွင်  လျှပ်စစ်ပုံစံများပြုစုခြင်းနှင့် ဓာတ်အားခ ငွေကောက်ခံခြင်း လုပ်ငန်းစဉ်များ အားလုံးသည် အလိုအလျောက်စနစ်ဖြစ်သောကြောင့်  မှားယွင်းမှုမရှိသလောက် နည်းပါးသည်။ အချိန်နှင့်တစ်ပြေးညီ  အလွယ်တကူဆောင်ရွက်နိုင်ပြီး   ပြည်သူသို့ဝန်ဆောင်မှု ပေးရာတွင် ထိရောက်ကောင်းမွန်သော စနစ်တစ်ခုဖြစ်ကြောင်းတွေ့ရှိရသည်။  

AMI  မီတာစနစ်တွင်  ဆင်းကတ်ထည့်သွင်း အသုံးပြုရသော    Data Concentrator  Unit  ခေါ်  DCU ပုံးများပါရှိပြီး  အင်တာနက်လိုင်းကို အသုံးပြု၍ မီတာ ၁၀၀ ခန့် အကွာအဝေးအတွင်းရှိ မီတာအားလုံး၏ အချက်အလက်များကို အလိုအလျောက် ချိတ်ဆက်ဆောင်ရွက်နိုင်သည်။  လှိုင်းနှုန်းဖြတ်စက်များနှင့် နီးကပ်ခြင်းနှင့် အခြားအင်တာနက်လိုင်း အနှောင့်အယှက်များရှိလျှင်သာ အလိုအလျောက်ဖတ်ရှုရန်    အခက်အခဲအနည်းငယ် ရှိသော်လည်း အဆိုပါမီတာအနီးမှ ဖတ်စက်ဖြင့် သွားရောက်ဖတ်ရှုနိုင်ပြီး လူမနေအိမ်ပိတ်ထားသော အိမ်မျိုးများတွင်   မီတာကို အလွယ်တကူ ဖတ်ရှုနိုင်သည့်  အားသာချက်ရှိသည်။ မီးသုံးသူများက တရားမဝင်ဆောင်ရွက်မှု တစ်ခုခုပြုလုပ်လျှင်လည်း  ဗဟိုထိန်းချုပ်သည့်နေရာက ချက်ချင်းအလွယ်တကူ သိရှိနိုင်၍ ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်သည်။

AMI မီတာစနစ်သည် e-Government ဖော်ဆောင်မှုကို  များစွာအထောက်အကူပြုစေပြီး ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို ချိတ်ဆက်၍ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ဓာတ်အားခပေးဆောင်နိုင်မည် ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို များစွာအကျိုးဖြစ်ထွန်းလာစေမည်။ အဲဗားဒစ်ဂျစ်တယ်မီတာများကို စတင်ထုတ်လုပ်သည့် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အထိ နည်းပညာမြင့်မားစွာ အသုံးပြုနိုင်ရေး တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်  ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော အဲဗားမီတာကုမ္ပဏီသည် AMI  မီတာများကို ကိုယ်ပိုင်ရေးဆွဲထားသော ဆော့ဝဲများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လျှပ်စစ်မီးသုံးသူများ၏ အချက်အလက်များသည် ပြည်ပနိုင်ငံများသို့ သတင်းပေါက်ကြားခြင်း မျိုးမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ပြည်တွင်းကုမ္ပဏီဖြစ်၍ ထုတ်လုပ်မှုစရိတ်လည်း များစွာလျော့နည်းလာစေမည်ဖြစ်သည်။ ထို့ပြင် ဝန်အားကို စောင့်ကြည့်မှုပြုလုပ်နိုင်၍ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို အချိန်မီပြုပြင်ရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းများကိုကြိုတင်ပြင်ဆင်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။

ဘဏ္ဍာရေးဆိုင်ရာ  ပုံစံနှင့်အချက်အလက်များကို ဆာဗာတွင်သိမ်းဆည်းထားနိုင်၍   အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြည့်ရှုနိုင်ခြင်းနှင့် စာရွက်စာတမ်း စစ်ဆေးရန်လိုအပ်ပါက  လျင်မြန်စွာ ပရင့်ထုတ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။ ယခုအခါ (MEB) (Myanmar Electric Bill) ဆော့ဝဲကိုအခြေခံ၍  မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်သော Mebill အပလီကေးရှင်းကို တီထွင်ဆောင်ရွက်လျက်ရှိရာ အပြည့်အဝဆောင်ရွက် ပြီးစီးလာမည်ဆိုပါက ကျသင့်ငွေကိုအွန်လိုင်းမှ တိုက်ရိုက်ပေးဆောင် လာနိုင်တော့မည်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါလျှင်  Mebill အပလီကေးရှင်းသာ    အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါက   AMI စနစ်အသုံးပြုနိုင်သော မြို့နယ်များတွင် ပြည်သူများသည်   မိမိတို့သုံးစွဲသော ဓာတ်အားယူနစ်ပမာဏကို  လက်ကိုင်ဖုန်းမှတစ်ဆင့်  အချိန်မရွေးကြည့်ရှု စစ်ဆေးသွားနိုင်တော့မည်ဖြစ်၍ သုံးစွဲယူနစ်များအတွက် စိတ်ကျေနပ်မှုကို ရရှိစေမည်ဖြစ်သည့်အပြင် မိမိ၏ဝင်ငွေကို ချင့်ချိန်၍ ဓာတ်အားကိုလည်း ချွေတာသုံးစွဲနိုင်လာမည်ဖြစ်သည်။ ဌာနနှင့် လျှပ်စစ်မီးသုံးသူပြည်သူများအတွက် နှစ်ဦးနှစ်ဖက်ပွင့်လင်း မြင်သာမှုကိုရရှိစေမည်။   ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို   အွန်လိုင်းဖြင့်ချိတ်ဆက်၍   မိုဘိုင်းဖုန်းမှတစ်ဆင့် လွယ်ကူစွာဓာတ်အားခများ ပေးဆောင်လာနိုင်တော့မည်ဖြစ်၍ လုံခြုံဘေးကင်းပြီး   စိတ်ချရမှုလည်း ရရှိလာစေသည်။ လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ  မီးဖြတ်ခြင်း၊ မီးဆက်ခြင်း ပြုလုပ်နိုင်ပြီး ပြည်သူများအတွက် စိတ်ချမ်းမြေ့ ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများကို အပြည့်အဝရရှိခံစား လာစေနိုင်တော့မည်ဖြစ်ကြောင်း AMI  ဟုခေါ်သော စမတ်မီတာများနှင့် ပတ်သက်၍ စာ‌ရေးသူ၏ အမြင်ကို ဗဟုသုတဖြစ်‌စေရန်အလို့ငှာ တစေ့တစောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

(၆-၂-၂၀၂၅)ရက်နေ့ထုတ် မြဝတီသတင်းစာမှ ကူးယူဖော်ပြပါသည်။

မြဝတီသတင်းစာ

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။

ယနေ့ခေတ်အမြင်ဖြင့် ကြည့်မည်ဆိုပါက သူတစ်ပါးနိုင်ငံကို ကျူးကျော်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်စေကာမူ ထိုခေတ်ထိုအခါတွင် အင်အားသာသူတို့က ဘုန်းလက်ရုံး ဆန့်တန်းကြမြဲဖြစ်သည့်အလျောက် ကိုယ်မကျူးလျှင် သူကျူးမည်။ ကိုယ်မတိုက်လျှင် သူတိုက်မည်သာဖြစ်ရာ မိမိနိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အင်အားကိုပြသကြရမြဲဖြစ်သည်။ မိမိတို့ အင်အားချည့်နဲ့ချိန်၊ နိုင်ငံကိုစိုးမိုးအုပ်ချုပ်မင်းလုပ်သူ ညံ့ဖျင်းချိန်တွင် နိုင်ငံအတွင်း တိုင်းတစ်ပါးသားတို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုကို မလွှဲသာမရှောင်သာ ခံခဲ့ရသည်မှာလည်း သမိုင်းတွင် အထင်အရှားပင် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်ပြီးချိန်တွင်မူ တစ်ချိန်က မြန်မာဘုရင်လက်ထက် အုပ်ချုပ်မှုသက်ရောက်ခဲ့ရာ နယ်မြေများအားလုံးကိုသိမ်းယူ၍ တစ်ဖက်နိုင်ငံများနှင့်ပါ နယ်နိမိတ်စာချုပ်များချုပ်ဆိုပြီး ယနေ့မိမိတို့ တွေ့မြင်နေရသည့် မြန်မာနိုင်ငံမြေပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တိကျသည့် နယ်နိမိတ်ရေးဆွဲ သတ်မှတ်ရာတွင် အပေးအယူအချို့လုပ်ခဲ့ပြီး အချို့နယ်မြေဒေသများမှာ မြန်မာနိုင်ငံပိုင်နက် ဖြစ်သင့်ပါလျက် မဖြစ်တော့ဘဲ တစ်ဖက်နိုင်ငံကို ပေးအပ်လိုက်ရသည်များလည်းရှိခဲ့သည်ကို သမိုင်းတွင် တွေ့ရှိနိုင်သည်။

၂၀ ရာစုအတွင်း ကမ္ဘာ့စနစ်မှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နိုင်ငံများ၏ ပိုင်နက်နယ်နိမိတ်များ သည် တိကျသည့်အတိုင်းအတာများ၊ သတ်မှတ်ချက်များ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်း များနှင့် ခိုင်ခိုင်မာမာ အတည်တကျ ဖြစ်လာခဲ့ပြီဖြစ် သည်။ အင်အားရှိတိုင်းလည်း နယ်မြေချဲ့ထွင်နိုင် သည့် ခေတ်အခါမဟုတ်တော့။ မိမိတို့ဘိုးဘေး ဘီဘင်များ အသက်သွေး၊ ချွေးများစွာဖြင့် တည်ထောင်ခဲ့သည့် ဤနိုင်ငံ၊ ဤနယ်နိမိတ်ကို တစ်လက်မမျှပင်မလျော့ပါး၊ မဆုံးရှုံးစေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။

ကမ္ဘာ့မြေပုံကိုကြည့်လျှင် ကမ္ဘာတွင် တတိယမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် သတ္တမမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတို့၏အကြားတွင် နှစ်နိုင်ငံလုံးနှင့် ထိစပ်လျက် မြန်မာနိုင်ငံကို သေးသေးငယ်ငယ်ကလေး တွေ့ရှိနိုင်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးတို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများ ဖြစ်ကြသည့်အပြင် စီးပွားရေးတွင်လည်း အင်အားကြီးနိုင်ငံများအဖြစ် လျင်မြန်စွာ တက်လှမ်းနေကြ သည်။ ၂၁ ရာစုသည် အာရှ၏ ရာစုနှစ်ဟု ဆိုရလောက်အောင် ကမ္ဘာ့အချက်အချာသည် အာရှဆီသို့ ပြောင်းရွှေ့လျက်ရှိနေရာ ကမ္ဘာ့အင်အားပြိုင်ဆိုင်မှုများကလည်း ပထဝီအနေအထားအရ အချက်အချာကျသည့် မိမိတို့နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ကောင်းကင်ပြင်ပိုင်နက်နယ်နိမိတ်များနှင့် ဆက်စပ်လာနေသည်။ နိုင်ငံတိုင်း ၎င်းတို့နိုင်ငံ အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်လျက်ရှိရာ မိမိတို့သည်လည်း နောက်ကျမကျန်ရစ်ဖို့လိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ၏ တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၏ သမ္မတရုံးခန်းတွင်းသို့ရောက်မလာမီအချိန်အတွင်း ပြောခဲ့သည့်စကားအချို့က ကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့နံပါတ် (၁) အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ဂရင်းလန်ကျွန်း၊ ပနားမားတူးမြောင်း၊ မက္ကဆီကို၊ ကနေဒါတို့ကဲ့သို့သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရယူရန် လေသံပေးမျက်စောင်းထိုးပြခဲ့ခြင်းမှာ သက်ဆိုင်ရာနိုင်ငံတို့အတွက် နာသာခံခက်ဖြစ်စေသည်။ ထရမ့်၏ စကားနှုတ်ကျွံ အပြောလွန်တတ်သည့် ဝသီစရိုက်ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်စေကာမူ အမြဲပြောခံရသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပြည်သူများအဖို့ မခံချိမခံသာ အမျက်ဒေါသထွက်ဖွယ်ရာများပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ၁၉ ရာစုကာလက အထွတ်အထိပ်ရောက်ခဲ့သည့် နယ်ချဲ့ဝါဒသည် ဒုတိယကမ္ဘာစစ်ကြီးနှင့်အတူ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည့်တိုင် အင်အားကြီးနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်လာပါက နယ်ချဲ့လိုစိတ်တို့ ရှိနေဆဲပင်ဖြစ်သည်ကို ဒေါ်နယ်ထရမ့်က ပြောင်ပြောင်တင်းတင်း သက်သေပြခဲ့ခြင်းဟု ယူဆရမည်လည်းဖြစ်သည်။ ထို့အပြင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်ကာ ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် လိုသလိုဖန်တီးခြေရှုပ်နေကြသည်ကိုလည်း သတိပြုကြရန်လိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ပြီး ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်ကာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ ယင်းပြဿနာ၏ နောက်ကွယ်တွင် အနောက်နိုင်ငံအချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားအချို့ကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က သတင်းများအရ အနောက်အုပ်စု၏ ခေါင်းကိုင်ဖခင်နိုင်ငံကြီးက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ပိုင်နက်နယ်မြေများကို စုပေါင်းကာ ခရစ်ယာန်နိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ ဟိန္ဒူဘာသာဝင်အများစု နေထိုင်သည့် အိန္ဒိယ၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံတို့နှင့် ဆက်စပ်ရာဒေသတွင် ခရစ်ယာန်ဟူသော ခေါင်းစဉ်တပ်၍ နိုင်ငံတစ်ခုထူထောင်မည့်အကြံမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်လာစေရန် ဖန်တီးခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် အနောက်အုပ်စု၏ အခိုင်အမာခြေကုပ်ယူစရာနေရာကို ဖော်ဆောင်ခြင်းလားဟု စဉ်းစားဖွယ်ရာဖြစ်သကဲ့သို့ မြန်မာ့ပိုင်နက်နယ်နိမိတ်ကို တစ်လက်မမျှပင် ပဲ့ပါမသွားစေရန် ကာကွယ်စောင့်ရှောက်ဖို့လည်း သတိဖြင့်ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

ရေပြင်နယ်နိမိတ်တွင်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ စစ်အခြေစိုက်စခန်း တည်ဆောက်မှုများ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း၊ နိုင်ငံအုပ်စုဖွဲ့၍လည်းကောင်း ပိုမိုအာရုံစိုက်ပြုလုပ်လာကြသည်ကိုလည်း သတင်းများတွင် တွေ့ရှိနိုင်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် ဝါဒရေးရာ ဆန့်ကျင်ခြားနားမှုများကို အကြောင်းပြု၍ နိုင်ငံအုပ်စုနှစ်စုကြားတွင် စစ်ရေးအပြိုင်အဆိုင် တည်ဆောက်မှုများပြုလုပ်ပြီး ရန်စောင်တင်းမာခဲ့ကြသည့် စစ်အေးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြောင်းလွယ်၊ ပြင်လွယ်နိုင်စွမ်းမရှိသည့် အရှေ့အုပ်စုဝင် ပြည်ထောင်စုနိုင်ငံကြီးများ ပြိုကွဲသွားခြင်းအားဖြင့် စစ်အေးတိုက်ပွဲများ ပြီးဆုံးသွားခဲ့ချိန် အာရှတွင် “ကြောင် ဖြူဖြူ၊ မည်းမည်း၊ ကြွက်ဖမ်းနိုင်ဖို့သည်အဓိက” ဟူသော ကြွေးကြော်သံဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကွန်မြူနစ်ဝါဒနှင့်ပေါင်းစပ်၍ အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့စင်မြင့်ဆီသို့ တစ်လှမ်းချင်းတက်လှမ်းလာခဲ့သည်။ အာရှရာစုနှစ် အစပျိုးလာခြင်းသည် အနောက်အုပ်စု၏ ကမ္ဘာကြီးကို လွှမ်းမိုးမှုနိဂုံးချုပ်တော့မည့် နိဒါန်းပင်ဖြစ်ရာ အနောက်အုပ်စုနိုင်ငံတို့က ဘက်ပေါင်းစုံမှ အပြင်းအထန် ဆန့်ကျင်မှုများ ပြုလုပ်နေကြသည်ကို ကမ္ဘာ့မြင်ကွင်းတွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရသည်။

ယနေ့ မိမိတို့ဖြတ်သန်းနေကြရသည့် ကမ္ဘာကြီးတွင် နိုင်ငံတိုင်း ကိုယ်ခံအားကောင်းကြဖို့ လိုသည်။ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ပြည်တွင်းအင်အားဖြင့် တည်ဆောက်ထားကြရမည့် ခေတ်ကာလဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပူးပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ် ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ဒေသများတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

“အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏စိတ်ခံစားချက်ကိုအသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း” ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၃၁-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် ထည့်သွင်းရှင်းလင်းတင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် လူမျိုးရေးစိတ်ဓာတ်ကို အစွန်းရောက်သည်အထိ လှုံ့ဆော်မြှင့်တင်ခြင်း၊ လူမျိုးရေး မုန်းတီးမှု (အထူးသဖြင့် ဗမာမုန်းတီးရေး) ဖြစ်ပေါ်အောင်သွေးခွဲခြင်း စသည့် ပြည်ထောင်စုကြီးတွင် အတူနေထိုင်ကြသူများအကြား အန္တရာယ်ကြီးမားသည့် လုပ်ရပ်များကို ပြုလုပ်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုစည်းနေထိုင်ကြသည့် နိုင်ငံ၊ ပြည်ထောင်စုကြီး၏ တစ်ခုတည်းသော နယ်နိမိတ်အတွင်း တောတောင်ရေမြေတို့ တစ်ဆက်တစ်စပ်တည်းတည်ရှိကာ လူမှုစီးပွား ဘဝများလည်း ခွဲခြား၍မရသည့် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုနှင့် အမုန်းတရားများ ဖန်တီးခြင်းမှာ မိုက်မဲလွန်းခြင်းပင်ဖြစ်သည်။

လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား “ရန်” ဟူ၍ သတ်မှတ်လိုက်သည်နှင့် ယုံကြည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သံယောဇဉ်တရားနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့ပျောက်ကွယ်၍ ပျက်စီးခြင်းနှင့်သာ နိဂုံးချုပ်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးများစသည်ဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏများစွာ ကြီးမားသကဲ့သို့ပင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူတို့၏ အခွင့်အရေးများစွာတို့လည်း ဆုံးရှုံးနေရသည်။

ပစ္စက္ခကာလ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်တို့က မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အန္တရာယ်အချိန်မရွေးကျရောက်လာနိုင်သည်ကို တွေ့ရှိနိုင်သည်။ လွန်ခဲ့သည့် ၇၇ နှစ်က ရရှိထားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွဲမြဲခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ် ဖြင့် စုပေါင်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်သာ ယခုတိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့်ဘေးရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမည့်ဘေးရန်၊ အချုပ်အခြာအာဏာ ဆုံးရှုံးမည့်ဘေးရန်တို့မှာ အတွင်းရန်၊ အပြင်ရန်များအဖြစ် ခေတ်အဆက်ဆက်တွင်လည်းရှိခဲ့သလို ပစ္စုပ္ပန်တွင် ရှိဆဲ၊ အနာဂတ်တွင်လည်း ရှိနေနိုင်သည်သာဖြစ်ရာ မိမိတို့ဘိုးဘွားများက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ခဲ့ကြသည့်နည်းတူ မိမိတို့သည်လည်း တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။

ခန္ဓာကိုယ်တွင် ကိုယ်ခံအားစနစ် အားနည်းလျော့ကျပါက ပြင်ပရောဂါမျိုးစုံတို့ ဝင်ရောက်လာသည့် သဘောကိုနှလုံးမူ၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအင်အား လျော့နည်းကျဆင်းလာပါက ပြည်ပပယောဂပေါင်းစုံတို့ ဝင်ရောက်လာနိုင်သည်ကို ဆင်ခြင်မြော်တွေးကာ ပြည်တွင်းအင်အားကို စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ထားကြရမည်လည်း ဖြစ်သည်။

ပယောဂမကင်းသည့် စိတ်ဝမ်းကွဲပြားမှုများနှင့် ပဋိပက္ခများကို ဆန့်ကျင်ပယ်ရှားကာ ဘိုးဘွားတို့၏ အမွေ ပြည်ထောင်စုစိတ်ဓာတ်ကို မိမိတို့၏ နှလုံးသားတွင် ထာဝစဉ်စွဲမြဲစွာခံယူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဟူ၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Source: www.moi.gov.mm

ခွန်အားသစ်