အမေးအဖြေကဏ္ဍ

စည်ပင်သာယာ/လူမှုဖူလုံရေးဌာနတွေသည် ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သည့်ဌာန သို့မဟုတ် ပြည်သူ့ဝန်ထမ်းတွေလို့ သိထားပါတယ်။ ၁ နှစ်ကို အလုပ်သမား ဥပဒေအရ ခံစားခွင့်တွေအတွက် ဌာနမှငွေကြေး ဘယ်လောက် သုံးစွဲပါသလဲ၊ ဘတ်ဂျက်လျာထားမှုတွေကို ရသုံးမှန်းခြေကို တင်ပြပြီး ခွင့်ပြုချက်ရမှသုံးတာလား။

လူမှုဖူလုံရေးအဖွဲ့ရဲ့ လက်ရှိအကောင်အထည်ဖော်နေသော အာမခံစနစ် (၂)မျိုး အရ ကောက်ခံရရှိတဲ့ ထည့်ဝင်ကြေးများကို အလုပ်သမားများ၏ အကျိုးခံစားခွင့်အတွက် ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိပြီး စီမံခန့်ခွဲမှုကုန်ကျ စရိတ်တွေကိုလည်း ဥပဒေ ပုဒ်မ ၈၂၊ ၈၃ တို့နှင့် အညီသုံးစွဲ၍ စာရင်းစစ် စစ်ဆေးခြင်းကို နှစ်စဉ်ခံယူရပါတယ်။ လူမှုဖူလုံရေးဝန်ထမ်းများ၏လစာကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံခွင့်ပြုပါတယ်။ အသုံးစရိတ်အကုန်လုံးအတွက် ရသုံးမှန်းခြေငွေစာရင်းဌာနသို့ ကြိုတင်ဘတ်ဂျက် လျာထား၍ ခွင့်ပြုချက်နှင့်အညီ သုံးစွဲရတာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

 

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ မဖြစ်မနေဆောင် ရွက်ရမည့် အလုပ်ရှင်၏ တာဝန်များကို သိရှိလိုပါသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ဆောင်ရွက်ရမည့် အလုပ်ရှင်၏တာဝန်များမှာ-
(က)     လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးမဝင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော အလုပ်ရှင်သည် လုပ်ငန်း စတင်လုပ်ကိုင်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးတွင် မိမိ၏ အလုပ်ဌာနအား မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ (နည်း ၄၀(ခ)) 
(ခ)     အလုပ်ရှင်သည် အလုပ်သမားအသစ်တစ်ဦးခန့်တိုင်း ခန့်အပ်ပြီး (၁၀)ရက် အတွင်း လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ (နည်း ၄၂(ဂ))
(ဂ)     အလုပ်သမားတစ်ဦး ပြောင်းရွှေ့၊ နှုတ်ထွက်၊ သေဆုံးသည့်အခါ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ (၁၀)ရက် အတွင်း အကြောင်းကြားရမည်။ (နည်း ၄၃)
(ဃ)     အလုပ်သမား ၅၀ ဦးနှင့်အောက်ရှိသော အလုပ်ဌာနများအနေဖြင့် ထည့်ဝင်ကြေးများပေးသွင်းရာတွင် သတ်မှတ်ထားသော ထည့်ဝင်ကြေးစာရင်း (ပုံစံ-၁၃) တွင် အာမခံထားသူအားလုံးအတွက် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်စွက်ခြင်း၊ အလုပ်သမား ၅၀ ဦးအထက် အလုပ်ဌာနများအနေဖြင့် သတ်မှတ်ထားသည့် Contribution Excel File (Soft Copy) တွင် အာမခံထားသူ အားလုံးအတွက် အချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ လစဉ် ပေးပို့ရမည်။ (နည်း ၆၆(က)) 
(င)     လစဉ် မိမိအလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းထားသော ထည့်ဝင်ကြေးစာရင်းအား အလုပ်ဌာနရှိ အလုပ်သမားများမြင်သာသောနေရာတွင် လစဉ် လစဉ်ကပ်ထားပေးရမည်။ (နည်း ၆၆(ခ))
(စ)     အလုပ်တွင် ထိခိုက်ဒဏ်ရာရလျှင် အလုပ်ရှင်သည် (၂၄) နာရီ အတွင်း သက်ဆိုင်ရာရုံးခွဲသို့ အကြောင်းကြားရပါမည်။ (နည်း ၁၇၅)
(ဆ)     သေဆုံးသည့် အာမခံထားသူ၏ အလုပ်ရှင် (သို့မဟုတ်) ကျန်ရစ်သူသည် ထိုအာမခံထားသူ သေဆုံးသည့်နေ့  (သို့မဟုတ်)  ထိုသူသေဆုံးကြောင်း သိရှိသည့်နေ့ရက်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာ မြိုနယ်လူမှုဖူလုံရေးရုံးသို့  အကြောင်းကြားရမည်။ (နည်း ၁၂၇)
(ဇ)     ဥပဒေ၊နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ထားပြီးသူ အလုပ်သမားအတွက် အကျိုးခံစားခွင့်များ ရရှိရန်ကိစ္စ ပေါ်ပေါက်လျှင်  လူမှုဖူလုံရေးအဖွဲ့မှ  တာဝန်ယူမည်ဖြစ်သော်လည်း မှတ်ပုံမတင်ရသေးသည့် အလုပ်သမား အတွက် အဖွဲ့ မှတာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ဘဲ   အလုပ်ရှင်ကသာ  အကျိုးခံစား ခွင့်အားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ပါ၍ အလုပ်သမားတစ်ဦး အသစ်ခန့်တိုင်း လူမှုဖူလုံရေးအဖွဲ့တွင် ချက်ချင်းမှတ်ပုံတင်ရန် အရေးကြီးပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေးအဖွဲ့မှာ ထည့်ဝင် ကြေးထည့်ဝင်ထားသည့်သူများထဲမှ ထောက်ပံ့ကြေးမပေး ရသည့်သူရှိပါသလား၊၊ ရှိခဲ့မည်ဆိုပါက သူတို့ထည့်ဝင်ငွေကို မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးပါသလဲ။

လူမှုဖူလုံရေးစီမံကိန်းသည် အာမခံအလုပ်သမားများ ပုံမှန်ဝင်ငွေရှိသည့်အချိန်တွင် ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးများ ပေးသွင်းထားပြီး ၎င်းအလုပ် သမားများထဲမှ မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်တွင်ထိခိုက်မှု၊ သေဆုံးမှု၊ အသက်အရွယ် ကြီးရင့်မှုတို့ဖြစ်တဲ့အခါ ခံစားခွင့်ပေးတာဖြစ်လို့ ဥပဒေနှင့်အညီ ခံစားခွင့်ရတဲ့အချိန်မှာ ခွင့်ပြုသလို တစ်ချို့ အာမခံအလုပ်သမားတွေအနေနဲ့ ကာလတစ်လျှောက်လုံးမှာ မည်သည့် အကျိုးခံစားခွင့်မျှ ရယူထားခြင်းမရှိသော်လည်း ပင်စင်ယူသည့်အချိန်မှာ ထည့်ဝင်ကြေး လပေါင်း ၁၈၀ လ ပေးသွင်းပြီးပါက ဆေးကုသမှု ဆက်လက်ခံယူခွင့်ကိုရပါတယ်။
တကယ်လို့ အဲဒီအလုပ်သမားက မိမိရဲ့ပင်စင်လစာနဲ့ ဆန္ဒအလျောက် ဆက်လက် အာမခံထားပြီး ထည့်ဝင်ကြေး ပေးသွင်းတယ်ဆိုရင် ကျန်းမာရေးနှင့်လူမှုရေးစနစ်အောက်မှာရှိတဲ့ အကျိုးခံစားခွင့်များ ခံစားခွင့် ရှိမည်ဖြစ်ပြီး သေဆုံးသွားပါကလည်း နာရေးစရိတ် ခံစားခွင့်ရှိပါတယ်။
မိမိဆန္ဒအလျောက် မှတ်ပုံတင်ရမည့် လုပ်ခလစာအနေနဲ့ကတော့ ပင်စင်လစာနဲ့ဖြစ်စေ၊ အနည်းဆုံးလုပ်ခ လစာနဲ့ဖြစ်စေ ဆက်လက်မှတ်ပုံတင်ပြီး ဥပဒေပါခံစားခွင့်တွေကို ခံစားခွင့်ရှိပါတယ်။ ထည့်ဝင်ကြေးအနေနဲ့ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံ စနစ်ကို လုပ်ခလစာ ရဲ့ အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေး (၂)ခုလုံးအတွက် ၄ ရာခိုင်နှုန်းကို ပေးသွင်းပြီး ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုစနစ်ပါ အကျိုးခံစားခွင့်များ ကိုခံစားခွင့်ရှိပါတယ်။ အာမခံစနစ်ဖြစ်သည့်အတွက် မကျန်းမာမှု၊ မီးဖွားမှုနှင့် အလုပ်တွင် ထိခိုက်မှု ဖြစ်တဲ့အခါ ခံစားခွင့်ရှိပြီး စုပေါင်းအာမခံစနစ်ဖြစ်သည့်အတွက် ထည့်ဝင်ကြေး များကို ပြန်လည်ထုတ်ယူခွင့်မရှိပါ။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် အကျိုးခံစားခွင့်များခံစားရာတွင် တစ်ပြိုင်တည်း ခံစားခွင့်မရှိသော အကျိုးခံစားခွင့်များ ရှိပါသလား။ ရှိပါက မည်သည့်အကျိုး ခံစားခွင့်များ ဖြစ်ကြောင်း သိရှိလိုပါသည်။

အကျိုးခံစားခွင့်နှစ်မျိုး တစ်ပြိုင်နက်တည်းပေးရမည့် ကိစ္စဖြစ်ပေါ်လာပါက အကျိုး ခံစားခွင့်များသည့်အကျိုး ခံစားခွင့်ကို ခံစားခွင့်ပေးရပါမည်။ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၆၃ အရ အောက်ပါအကျိုးခံစားခွင့်များအား တစ်ပြိုင်နက်တည်း ခံစားခွင့်မရှိပါ-
(က)    မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုး ခံစားခွင့်၊ 
(ခ)    မကျန်းမာမှုနှင့်ဆိုင်သည့်အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(ဂ)    မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်၊
(ဃ)   မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များနှင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်။


Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံမှတ်ပုံတင် အလုပ်ဌာနများအတွက် ရရှိနိုင်သည့် အကျိုး ခံစားခွင့်များကိုလည်း သိရှိလိုပါသည်။

လူမှုဖူလုံရေး ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူ အလုပ်ရှင်သည် မိမိတို့အလုပ်သမား အလုပ်တွင်ထိခိုက်မှုဖြစ်သည့်အခါ အလုပ်သမားလျော်ကြေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်ခွင့်ရှိပါသည်။ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရမိမိဆန္ဒအ‌လျောက် အာမခံထားရှိ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် အလုပ်သမားများသည် ဥပ‌‌ဒေပါခံစားခွင့်များကို ခံစားခွင့်ရှိသကဲ့သို့ မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့်သက်ဆိုင်ခြင်းမရှိသည့် အလုပ်ဌာနများရှိ အလုပ်သမားများ၊ အလုပ်ရှင်အတည်တကျမရှိသော အလုပ်သမားများ၊ ပျံကျဈေးသည်များ၊ တောင်သူလယ်သမား များမှစ၍ ကျောင်းသူ၊ ကျောင်းသားအဆုံး ပြည်သူပြည်သားအားလုံးသည်  မိမိတို့ဆန္ဒအလျောက် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးများပေးသွင်း၍ အာမခံထားရှိပြီး ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး အာမခံထားသူများသည် မည့်သည့်အခြေအနေတွင် ထည့်ဝင်ကြေးငွေပေးသွင်းရန်ပျက်ကွက်သော်လည်း အကျိုးခံစားခွင့် ရရှိနိုင်ပါသနည်း။

ဥပဒေ ပုဒ်မ ၆၉ အရ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသော အလုပ်ရှင်ကသော် လည်းကောင်း၊ မှတ်ပုံတင်ရန် တာ၀န်ရှိသောအလုပ်ရှင်ကသော်လည်းကောင်း  မိမိ၏ အလုပ်သမားအတွက် ထည့်ဝင်ကြေးငွေများ ပေးသွင်းခြင်းမပြုစေကာမူ သို့မဟုတ် အလုပ်သမား၏လုပ်ခထဲမှ ထည့်ဝင်ကြေးငွေကို နုတ်ယူပေးသွင်း ခြင်းမပြုစေကာမူ အာမခံထားသူသည်လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်း ပေးသွင်းခြင်းခံရသူ သို့မဟုတ် ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအား မှီခိုသူသည် လည်းကောင်း ဤဥပဒေပါ အကျိုး ခံ၁စားခွင့်များကို ရထိုက်ခွင့်ရှိနိုင်ပါသည်။ ထည့်၀င်ကြေး ငွေပေးသွင်းရန် ပျက်ကွက်သည့် အလုပ်ရှင်သည် ပေးသွင်းရမည့် ထည့်၀င်ကြေးငွေများနှင့်ပျက်ကွက်ကြေးကိုပါ ပေးသွင်း ရမည့်အပြင် အာမခံထားသူအား လူမှုဖူလုံရေးအဖွဲ့က ပေးရမည့်အကျိုးခံစားခွင့်များနှင့် ကုန်ကျစရိတ်အားလုံးကိုလည်း ကျခံရမည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး အာမခံထားသူတစ်ဦးဦး၏ လူမှုဖူလုံရေးအဖွဲ့မှ ခွင့်ပြုပြီးသောမမာမကျန်းမှု အကျိုးခံစားခွင့်များအား မည်သည့် အခြေအနေများတွင် ခွင့်ပြု ခြင်းကိုရပ်ဆိုင်းနိုင်ပါသနည်း။

မိမိကိုယ်မိမိတမင်မမာမကျန်းဖြစ်အောင်ပြုမှုခြင်း၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့် မိမိ၏ပြုမူမှုကြောင့် မမာမကျန်း ဖြစ်ခြင်း၊ ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ မကျန်းမာမှု၊ မီးဖွားမှုနှင့် ယာယီ မသန်စွမ်းမှုအကျိုးခံစားခွင့် တစ်ခုခု ခံစားနေသော အာမခံထားသူတစ်ဦးဦးသည် အလုပ်မလုပ်နိုင် ကြောင်း ဆေးသက်သေခံလက်မှတ်ထုတ်ပေးထားသည့် လုပ်ငန်းဌာနတွင်ဖြစ်စေ၊ အခြားလုပ်ငန်းဌာန တစ်ခုခုတွင်ဖြစ်စေ လုပ်ခဖြင့်ဝင်ရောက်လုပ်ကိုင်နေလျှင် ထိုသူအား အဆိုပါအကျိုးခံစားခွင့်များကို ရပ်ဆိုင်းရပါမည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်ပါက မည်သည့်အချိန်တွင် လူမှုဖူလုံရေးအဖွဲ့သို့ အကြောင်းကြားရမည်နည်း။

အလုပ်တွင်ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်ပွားခဲ့လျှင် လူမှုဖူလုံရေးဥပဒေ ပုဒ်မ-၅၄(က)အရ အလုပ်ရှင် သည် မိမိ၏ အာမခံထားသူအလုပ်သမား ပြင်းထန်သည့် မတော်တဆထိခိုက်ဒဏ်ရာရမှုဖြစ်ပွားပါက နည်းဥပဒေ ၁၇၅ (က) အရ အလုပ်တွင်မတော် တဆထိခိုက်ဒဏ်ရာရမှုနှင့်ဆိုင်သည့် အလုပ်ရှင်များ၏ အစီရင်ခံစာ (ပုံစံ-၃၇) (၃) စုံနှင့် အတူ(၂၄)နာရီအတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ချက်ချင်း အကြောင်းကြားရပါမည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

လူမှုဖူလုံရေးအဖွဲ့မှပေးသော အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် အကျိုးခံစားခွင့် လျှောက်ထားရမည့် ကာလကန့်သတ်ချက်များကိုသိရှိလိုပါသည်

အလုပ်တွင်ထိခိုက်ဒဏ်ရာရမှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့်များအားဖြစ်ပွားသည့် နေ့မှတစ်နှစ်အတွင်း တောင်းခံရမည်ဖြစ်ပြီး ကျန်အကျိုးခံစားခွင့်များဖြစ်သည့် မကျန်းမာမှု၊ မီးဖွားမှုနှင့်ဆိုင်သောအကျိုးခံစားခွင့်များ၊ သေဆုံးမှုအကျိုးခံစားခွင့်၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်များအတွက် (၃) လ အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့သို့ အထောက်အထားများ ပူးတွဲလျက် လျှောက်ထားရမည်ဖြစ်ပါသည်။ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/