သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

ကမ္ဘာ့သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ငလျင်များ

ငလျင်သည် ယနေ့အထိ ခန့်မှန်း၍ မရသော သဘာဝဘေးအန္တရာယ် ဖြစ်ပါသည်။ ငလျင်ကြောင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးကြရပါသည်။ အမေရိကန်ဘူမိဗေဒဆိုင်ရာတိုင်းတာရေးဌာန၏မှတ်တမ်းများအရ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့အပြင်းထန်ဆုံး ငလျင်မှာ ၁၉၆၀ ပြည့်နှစ်၊ မေ ၂၂ ရက်တွင် ချီလီနိုင်ငံ၌ လှုပ်ခတ်ခဲ့သော Valdivian ငလျင်ဖြစ်ပါသည်။

Valdivian  ငလျင်မှာ ၉.၅ မဂ္ဂနီကျူ ရှိသဖြင့် သမိုင်းမှတ်တမ်းထားမှု နောက်ပိုင်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးငလျင် ဖြစ် ပါသည်။ ချီလီကမ်းရိုးတန်း၏ Valdivian နှင့် Montto ဧရိယာကို ဗဟိုပြု လှုပ်ခတ်ခဲ့ပါသည်။ ငလျင်ကြောင့် ချီလီကမ်းရိုးတန်းတစ်လျှောက် ဆူနာမီ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါသည်။ Valdivian ကြောင့် ချီလီနိုင်ငံ အပြင် ဟာဝိုင်အီ၊ အမေရိကန်ကမ်းရိုးတန်း၊ ဖိလစ်ပိုင် တို့အထိပါ အကြီး အကျယ် ထိခိုက်ဆုံးရှုံးခဲ့ရပါသည်။ Valdivian ငလျင်ကြောင့် ချီလီနိုင်ငံတွင် လူအနည်းဆုံး ၁၆၅၅ ဦး၊ ဟာဝိုင်အီတွင် ၁၃၈ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံ တို့တွင် ၃၂ ဦးသေဆုံးခဲ့ရပါသည်။ 

ဒုတိယအပြင်းထန်ဆုံးငလျင်မှာ အမေရိကန်ပြည်ထောင်စု၌ ၂၈-၃-၁၉၆၄ က လှုပ်ခတ်ခဲ့သော Great Alaska ငလျင်ဖြစ်ပြီး ၉.၂ မဂ္ဂနီကျူရှိပါသည်။ တတိယအပြင်းထန်ဆုံးမှာ ၂၆-၁၂-၂၀၀၄ က Sumatra-Andaman ကျွန်းစု များ၌ လှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်ပြီး ၉.၁ မဂ္ဂနီကျူရှိပါသည်။

စတုတ္တအပြင်းထန်ဆုံးငလျင်မှာ ဂျပန်နိုင်ငံတွင် ၁၁-၃-၂၀၁၁ က လှုပ်ခတ် ခဲ့သော Japan ငလျင်ဖြစ်ပြီး ၉.၁ မဂ္ဂနီကျူရှိပါသည်။ ပဉ္စမ အပြင်းထန်ဆုံး ငလျင်မှာ ရုရှားတွင် ၄-၁၁-၁၉၅၂ က လှုပ်ခတ်ခဲ့သော Kamchatka ငလျင် ဖြစ်ပြီး ၉.၀ မဂ္ဂနီကျူရှိပါသည်။

ကိုးကား- USATODAY

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

မြန်မာနိုင်ငံငလျင်အခြေအနေ ဆန်းစစ်ခန်း (၄ ဧပြီ ၂၀၂၅) ဘေးအန္တရာယ်ဖြစ်ပွားပြီး ၁ ပတ်တာအခြေအနေ အစီရင်ခံစာ

အစီရင်ခံစာအကျဉ်း

ဤအစီရင်ခံစာသည် ၂၈ မတ် ၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော Richter 7.7 ပြင်းအားရှိ ငလျင်၏ တစ်ပတ်တာအခြေအနေနှင့် နောက်ဆက်တွင် သက်ရောက်မှုများကို ဆန်းစစ်ထားပါသည်။ DFS အဖွဲ့မှ ထုတ်ဝေသော အခြားသတင်းအချက်အလက်များနှင့် အတူပူးတွဲအသုံးပြုရန် ရည်ရွယ်ပါသည်။

ဆက်စပ်သတင်းအရင်းအမြစ်များ

  • အကဲဖြတ်ရေးနှင့် ဆန်းစစ်ရေး (A&A) ဆဲလ်မှ နေ့စဉ်အပ်ဒိတ်များ

  • အရေးပေါ်အခြေအနေဟပ်၏ နေ့စဉ်အစီရင်ခံစာများ

  • Situation Hub မှတစ်ဆင့် ထုတ်ပြန်သော အပတ်စဉ်အခြေအနေများ

  • ငလျင်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ထုတ်ဝေခဲ့သော ဒေသဆိုင်ရာအချက်အလက်များ

 

အဓိကရည်ရွယ်ချက်

ဤအစီရင်ခံစာသည် ငလျင်၏နောက်ဆက်တွင် သက်ရောက်မှုများနှင့် ကြီးမားသောအကျိုးဆက်များကို ဆန်းစစ်ကာ၊
✔လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်သူများအား အချိန်နှင့်တစ်ပြေးညီသတင်းအချက်အလက်များ ပေးရန်
✔ စီစဉ်မှု၊ ညှိနှိုင်းမှုနှင့် အစောပိုင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်

 

အချက်အလက်ရယူခြင်းနှင့် အတည်ပြုခြင်း

DFS ဆန်းစစ်ရေးအဖွဲ့သည် GANNET Virtual Assistant (AI အခြေပြုကိရိယာ) ကို အသုံးပြုထားပါသည်။ ၎င်းသည်—

  • ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များမှ အချက်အလက်များကို စုစည်းခြင်း

  • အရေးပေါ်အခြေအနေဆိုင်ရာ အဓိကသတင်းများကို အကျဉ်းချုပ်ခြင်း

  • လက်ရှိသတင်းများကို စောင့်ကြည့်ခြင်း

  • လူသားချင်းစာနာမှုဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်ခြင်း

DFS ဆန်းစစ်ပညာရှင်များက AI မှထုတ်ပေးသော အချက်အလက်များကို ပြန်လည်စိစစ်အတည်ပြုပါသည်။

 

အရေးပေါ်အခြေအနေ အကျဉ်းချုပ်

ငလျင်အခြေခံအချက်များ

  • ပြင်းအား : 7.7 Mw (မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀၀ နှစ်အတွင်း အပြင်းထန်ဆုံး)

  • ဗဟိုချက် : စစ်ကိုင်းမြို့၏ မြောက်ဘက် ၁၆ ကီလိုမီတာအကွာ (မန္တလေးနှင့် နီးကပ်စွာ)

  • ထိခိုက်ဒဏ်ရာရဒေသများ :

    • စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ နေပြည်တော်

    • လူဦးရေ ၂၈ သန်း (ကလေး ၆.၇ သန်း အပါအဝင်) ထိခိုက်မှုရှိ

    • စာသင်ကျောင်း ၅၀၀+၊ ဆေးရုံ ၂၀+ ပြိုကျပျက်စီး

    • လမ်းများ၊ တံတားများ ပြတ်တောက်မှုကြောင့် ဝေးလံဒေသများသို့ အကူအညီရောက်ရှိရန် အဟန့်အတား

    • စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်နေ

    • ရွှေ့ပြောင်းနေထိုင်သူ ၁၅၀,၀၀၀+ (ယာယီစခန်းများတွင်နေထိုင်)

    • ရေကူးကပ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မား

    •  

လူသားဆိုင်ရာအပျက်အစီးများ (၃ ဧပြီ ၂၀၂၅ အထိ)

အချက်

တရားဝင်အစိုးရထုတ်ပြန်ချက်

ဒေသခံမီဒီယာ/အကဲဖြတ်ချက်များ

သေဆုံးသူ

၃,၁၄၅ ဦး

၃,၈၃၈ ဦး (ခန့်မှန်း)

ဒဏ်ရာရသူ

၄,၅၈၉ ဦး

၄,၂၄၃ ဦး

ပျောက်ဆုံးသူ

၂၂၁ ဦး

၅၀၀ ဦး (အဝေးရှိဒေသများတွင် ဆက်လက်ရှာဖွေဆဲ)

USGS ၏ ခန့်မှန်းချက် : ဝေးလံခေါင်ဖျားဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေစဥ် သေဆုံးသူအရေအတွက် ၁၀,၀၀၀ ကျော်သွားနိုင်သည်

 

နောက်ဆက်တွဲ သက်ရောက်မှုများ

၁။       အဆောက်အဦးနှင့် အခြေခံအဆောက်အအုံများ 

၂။       လူမှုစီးပွားအပေါ်သက်ရောက်မှု 

၃။       ကျန်းမာရေးစိုးရိမ်မှုများ 

အကြံပြုချက်များ

  • အရေးပေါ်အကူအညီ : ဝေးလံဒေသများသို့ ဆေးဝါး၊ ရေ၊ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်းများ အမြန်ပို့ဆောင်ရန်

  • ဒေတာစုဆောင်းခြင်း : ပျောက်ဆုံးသူများနှင့် ပျက်စီးမှုအခြေအနေများကို စနစ်တကျမှတ်တမ်းတင်ရန်

  • နိုင်ငံတကာအဖွဲ့များ : ငွေကြေး၊ နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ တိုးမြှင့်ပေးရန်

မေတ္တာရပ်ခံချက် : ဘေးဒုက္ခကျရောက်သူများအတွက် စိတ်ရောကိုယ်ပါ ပူးပေါင်းကူညီကြပါစို့။

 

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများထံသို့ ဗိုလ်ချုပ်ကြီးမိုးအောင် သွားရောက် ကြည့်ရှုအားပေး

ပြီးခဲ့သည့် မြန်မာ့ငလျင်နှင့်အတူ ထိုင်းနိုင်ငံ၌ပါ လှုပ်ခတ်ခဲ့သည့် ငလျင် အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်၍ ဆေးဝါး ကုသမှု ခံယူနေရသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများထံသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၄) ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန်က Phyathai Phaholyothin Hospital သို့ သွားရောက် ကြည့်ရှုအားပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ဆေးဝါးကုသမှုခံယူနေကြသည့် မြန်မာနိုင်ငံသား တစ်ဦးချင်းစီကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေ များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

ကိုးကား-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)

မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရသူများအနက် လူ ၃၀၀ ကျော်ကို   ရုရှား ဆရာဝန်များ ဆေးကုသပေး

မကြာသေးမီက လှုပ်ခတ်ခဲ့သော မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရရှိသူများအနက် လူပေါင်း ၃၀၀ ကျော်ကို ရုရှားနိုင်ငံအရေးပေါ်ဆိုင်ရာဝန်ကြီးဌာန၏ ရွေ့လျားဆေးရုံအဖွဲ့က ကုသပေးခဲ့ကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

အကြီးစား ခွဲစိတ်ကုသမှု ၄ ခုအပါအဝင် ခွဲစိတ်မှုပေါင်း ၆၃ ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို ဆေးကုသပေးခဲ့ကြောင်း၊ ပြိုကျပျက်စီးနေသော အဆောက်အအုံ ၈၂ လုံး၏ ၁၂၆,၀၀၀ စတုရန်းမီတာကျော်ကို ရှာဖွေ ကယ်ဆယ်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက ဒရုန်းများ၊ လေ့ကျင့်ထားသော ခွေးများ အသုံးပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံ၌ လှုပ်ခတ်သည့်ငလျင်ကို ထိုင်း မိုးလေဝသ ဌာနက အင်အား ၈.၂ ရစ်ချက်စကေးအဆင့် ရှိကြောင်း ဖော်ပြထားကြ ပါသည်။ ထိုငလျင်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူဦးရေမှာ လူပေါင်း ၃၆၀၀ ကျော်လာ ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရုရှားသမ္မတဗလာဒီမာ ပူတင်က မြန်မာနိုင်ငံ ဝန်ကြီးချုပ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ပြီးနောက် ရုရှားအရေးပေါ်ဆိုင်ရာဝန်ကြီးဌာနမှ ကယ်ဆယ်သမားများ၊ ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

မြန်မာ့ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာပြီး   မိုးရွာသွန်းမည့် ခန့်မှန်းချက်မှာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေ

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ပြင်းထန် ငလျင်ကြောင့် ဧပြီလ ၂ ရက်အထိ သေဆုံးသူဦးရေမှာ ၃၀၀၀ ကျော် ရှိလာပြီးဖြစ်ပြီး လူအမြောက်အမြား ပျောက်ဆုံးလျက်ရှိပါသည်။ လက်ရှိ အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကူညီရေး အဖွဲ့အစည်းများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းမည် ခန့်မှန်းချက် မှာလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။

ပြီးခဲ့သည့် မတ်လ ၂၈ (သောကြာနေ့) တွင် လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျူ ၇.၇ အဆင့်ရှိ မြေငလျင်ကြီးမှာ အရှေ့တောင်အာရှနိုင်ငံများတွင်  နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး မြေငလျင်တစ်ခုဖြစ်ခဲ့ပါသည်။ ထိုငလျင် ကြောင့် လူဦးရေ ၂၈ သန်းခန့် နေထိုင်သည့် ဒေသအနှံ့အပြားတွင် တိုက်တာနေအိမ် အဆောက်အဦများ ပြိုကျခြင်း၊  အခြေခံ အဆောက်အအုံ များ ပျက်စီးဆုံးရှုံးခြင်း၊ လူအများအပြား သေဆုံးခြင်းတို့ ရှိခဲ့ပြီး၊ လက်ရှိ အချိန်တွင် ဘေးသင့်လူအများအပြားမှာ အစားအစာ၊ ရေသန့်နှင့် ယာယီ အဆောက်အအုံများ လိုအပ်နေခြင်း စသည့်ပြဿနာများ  ရင်ဆိုင်နေရသည်။

အင်အားကြီး ငလျင်ကြောင့် ဧပြီ ၂ ရက်အထိ သေဆုံးသူမှာ ၃၀၀၃ ဦး အထိ တိုးမြှင့်လာပြီး ဒဏ်ရာရရှိသူ ၄၅၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၃၅၁ ဦး ရှိနေကြောင်း ဂျပန်နိုင်ငံရှိ  မြန်မာသံရုံးဖေ့ဘုတ်စာမျက်နှာတွင်  ဖော်ပြထားပါသည်။  လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရ အဖွဲ့အစည်းများ၊နိုင်ငံတကာကယ်ဆယ်ကူညီရေးအဖွဲ့များ၊ ပြည်တွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ မိုးရွာ သွန်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်မှာ ငလျင်ဒဏ်အထိခိုက်ဆုံး ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသူများအတွက် အခက်အခဲများစွာ ကြုံတွေ့ နိုင်ပါသည်။ 

“မိုးရွာတော့မယ်၊ ဒါပေမယ့် သေလုမျောပါး မြေထဲပိနေသူအများအပြား ကျန်ရှိနေသေးတယ်၊ အထူးသဖြင့် မန္တလေးမှာသာ မိုးစရွာရင် ခုထိ အသက်ရှင်နေသေးသူတွေပါ အသက်ဆုံးရှုံးသွားနိုင်တယ်” ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားထား ပါသည်။ 

ဂျပန်နိုင်ငံရှိ မြန်မာသံရုံး၏ သတင်းဖော်ပြချက်အရ နိုင်ငံတကာမှ ကူညီ ထောက်ပံ့ရေး လေယာဉ် ၅၃ ကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊ ငလျင်ဘေးကူညီ ကယ်ဆယ်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိ ရပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ထိုင်းတွင် ငလျင်ကြောင့် အထပ် ၃၀ ရှိ အဆောက်အဦပြိုကျမှုအတွက် ဆောက်လုပ်ရေးပစ္စည်းများကွာလတီမှီ၊ မမှီကို ဝန်ကြီးချုပ် ပေထုံတန် က အဖွဲ့ဖွဲ့ပြီး စစ်ဆေး

ထိုင်းတွင် ငလျင်ကြောင့် အထပ် ၃၀ ရှိ အဆောက်အဦပြိုကျမှု့အတွက် ဆောက်လုပ်ရေးပစ္စည်းများကွာလတီမှီ၊ မမှီကို ဝန်ကြီးချုပ် ပေထုံတန်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေသည်။ ထိုအဆောက်အဦကို တရုပ် CREC ကုမ္ပဏီ က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကနဦး စစ်ဆေးတွေ့ရှိချက်၌ အဆင့်မမှီသော သံချောင်းများသုံးထားသည်ဟုဆိုသည်။ ထိုကုမ္ပဏီသည် မနှစ်က ဆားဗီးယားနိုင်ငံ ဘူတာရုံပြိုကျမှု၌ လူ ၁၄ ဦးသေဆုံးခဲ့ရမှုတွင်လည်း တာဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိထားသည် ဟု ဆိုသည်။

၎င်းအဆောက်အဦ၌ သေဆုံးသူ အလောင်းရ ၁၅ ဦး ၊ ပျောက်ဆုံး ၉၆ ဦးရှိနေပြီး သေသူ ၁၅ ဦး၌ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင် သည်။ ၎င်းတို့အား ထိုင်းဘတ် ၁၇ သိန်းစီ ပေးလျော်ရန် အမိန့်ချမှတ် ထားသည်။

ထိုင်းငလျင်၌ သေဆုံးစုစုပေါင်း ၈၃ ဦးနက် မြန်မာ ၂၇ ဦးပါဝင်ခဲ့သည်။ ဂျပန်အစိုးရက မြန်မာသို့ ယန်းသန်း ၉၀၀ ထောက်ပံ့မည်ဟု ကြေညာ သည်။

ကိုးကား- Bullet Voice

ဂျပန်နိုင်ငံအနောက်ပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးလောင် ကျွမ်းမှုများ အရှိန်မြင့်

ဂျပန်နိုင်ငံအနောက်ပိုင်းစီရင်စုနှစ်ခု၌ မတ်လ ၂၆ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်လာခဲ့ကာ စုစုပေါင်း ဟက်တာ ၉၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး အဆောက်အဦ ၁၅ လုံးထိ ပျက်စီးခဲ့ကြောင်း သိရပါသည်။

အာမီစီရင်စုရှိ အိုင်မာဘာရီနှင့် ဆိုင်ဂျို၌ ဟက်တာ ၄၁၀ ကျော် မီးလောင် ကျွမ်းခဲ့ပြီး အိမ် ၇ လုံးနှင့် ဂိုဒေါင် ၂ လုံး မီးလောင်ပျက်စီးခဲ့သည်။ တစ်ချိန် တည်း၌ အိုကာယာမစီရင်စုတွင် ခန့်မှန်းခြေအားဖြင့် ဟက်တာ ၅၄၀ ခန့် နှင့်အဆောက်အဦ ၆ လုံး မီးလောင်ခဲ့သည်။ စီရင်စုနှစ်ရပ်စလုံး၌မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ရန် မီးသတ်သမားများနှင့် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြပြီး ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ထုတ်ပြန်ထားပါသည်။ ဝန်ကြီးချုပ် ရှီဂီရုအစ်ဟီဘာသည် သက်ဆိုင်ရာအေဂျင်စီများက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်မည်ဟုမျှော်လင့်လျက်ရှိပြီး ဓာတ်အားပြတ်တောက်မှု ဖြစ်နိုင်ခြေရှိနိုင်ခြင်းကြောင့် ဓာတ်အားထောက်ပံ့ရေးယာဉ်များ ဖြန့်ကြက် ချထားရေးကိုလည်း ဝန်ကြီးချုပ်ကအမိန့်ပေးထားပါသည်။

ရဟတ်ယာဉ်များအသုံးပြု၍ မီးငြှိမ်းသတ်မှုများ ဆောင်ရွက်လျက်ရှိပြီး တောမီးလောင်မှုသည် လူအသေအပျောက်မရှိသေးသော်လည်း အန္တရာယ် ရှိနေဆဲဖြစ်ကြောင်း ကြေညာထားပါသည်။ မီးသတ်နှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အေဂျင်စီကလည်း အရေးပေါ် မီးသတ် တပ်ဖွဲ့ဝင်များ စေလွှတ်ရန် စီရင်စု ရှစ်ခုကို ဆက်လက် တောင်းဆိုထား ပါသည်။ လက်ရှိ အိုင်မာဘာရီနှင့် ဆိုင်ဂျိုရှိ အိမ်ခြေ ၃,၈၀၀ ကျော်မှ လူ ၇,၅၀၀ နီးပါးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားသည်။

မတ်လ ၂၅ ရက်မှ စလောင်ကျွမ်းခဲ့သည့် မီယာဇာကီမြို့၏ သီးခြား မီးလောင်ကျွမ်းမှုကိုလည်း မတ် ၂၆ ရက်နေ့၊ ညနေပိုင်းက ထိန်းချုပ်နိုင် ခဲ့ပြီး အဆိုပါဒေသရှိ အိမ်ထောင်စု ၇၀ ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သိရပါသည်။

ကိုးကား-NP News

ရုရှား၏အရေးပေါ်အခြေအနေဝန်ကြီးဌာနသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ညွှန်ကြားချက်အရ ငလျင်ကြောင့်ဖြစ်ပေါ်သော အကျိုးဆက် များကို ကိုင်တွယ်ဖြေရှင်းရန် ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆရာဝန် များပါဝင်သော ကယ်ဆယ်ရေး လေယာဉ် ၂ စီးကို မြန်မာနိုင်ငံသို့ စေလွှတ်

ရုရှား၏ အရေးပေါ်အခြေအနေဝန်ကြီးဌာနသည် ပြင်းထန်သော ငလျင် ဒဏ်ကြောင့်ဖြစ်ပေါ်သည့် အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရန် ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သည့် လေယာဉ် (၂) စီးကို မြန်မာနိုင်ငံသို့ စေလွှတ်လိုက်ပြီဖြစ်ပါသည်။

ရုရှားဖက်ဒရေးရှင်းသမ္မတ၏ ညွှန်ကြားချက်နှင့် အရေးပေါ် အခြေအနေ ဝန်ကြီးဌာန အကြီးအကဲ၏ တာဝန်ပေးချက်အရ ရုရှားကယ်ဆယ်ရေး အဖွဲ့သည် အထူးလေယာဉ် (၂) စီး ဖြင့် မော်စကိုမြို့အနီး Zhukovsky လေဆိပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်" ဟု ဝန်ကြီးဌာန ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါသည်။ 

ရုရှားအရေးပေါ်အခြေအနေဝန်ကြီးဌာန၏ မြန်မာနိုင်ငံသို့ စေလွှတ်သည့် ပေါင်းစပ်တပ်ဖွဲ့တွင် "Centrospas" လေကြောင်းကယ်ဆယ်ရေးတပ်ဖွဲ့ နှင့် အထူးအန္တရာယ်များကို ကိုင်တွယ်သည့် "Leader" စင်တာမှ ကယ်ဆယ်ရေးဝန်ထမ်း (၁၂၀) ပါဝင်ပါသည်။ ၎င်းတို့နှင့်အတူ အပျက်အစီး အောက်တွင် ပိတ်မိနေသူများကို ရှာဖွေရန် အထူးလေ့ကျင့်ထားသော ခွေး အဖွဲ့များ၊ အရေးပေါ်အခြေအနေဝန်ကြီးဌာန မှ မေ့ဆေးဆရာဝန်များနှင့် စိတ်ပညာရှင်များလည်း ပါဝင်ပါသည်။ 

မြန်မာနိုင်ငံသို့ သွားရောက်သည့် ရုရှားကယ်ဆယ်ရေးအဖွဲ့သည် သဘာဝ ဘေးအန္တရာယ်များ (အထူးသဖြင့် ပြင်းထန်သောငလျင်များ) ၏ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမားသော အတွေ့အကြုံ ရှိသည်။ ၎င်းတို့သည် အခက်ခဲဆုံးသော အခြေအနေများတွင်ပင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေပြီး၊ အပျက်အစီးအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်တင်ရန် လိုအပ်သော ကိရိယာများဖြင့် အပြည့်အစုံပြင်ဆင်ထားပါသည်။

ကိုးကား - Tass