နိဒါန်း
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို - ပစိဖိတ် ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုး ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခု အဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။
ထိုသို့ ကွဲပြားမှုများစွာရှိသည့်အကြားမှပင် စုစည်းညီညွတ်မှုရရှိနိုင်ရန် နိုင်ငံကို ၁၉၄၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များက အဓိကချမှတ်ဖော်ဆောင်ခဲ့သည့် လုပ်ငန်းကြီးသုံးရပ်ကို ယနေ့ထက်တိုင် လေးလေးစားစား ထိန်းသိမ်းထားကြသည်မှာ အံ့ဩဖွယ်ဟုပင် ဆိုနိုင်သည်။ ယင်း လုပ်ငန်းကြီးသုံးရပ်မှာ နိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးလုံးလျားလျား ပယ်ဖျက် ပစ်ခြင်းမရှိဘဲ ပြင်ဆင်ချက်များ ပြုလုပ်၍သာ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိခြင်း၊ အင်ဒိုနီးရှား နိုင်ငံအား လူမျိုး၊ ဘာသာ၊ စကား၊ ပထဝီအနေအထား ကွဲပြားမှုများစွာ ရှိသည့်တိုင်အောင် တစ်ပြည်ထောင်နိုင်ငံ (Unitary State) အဖြစ်သာ ထူထောင်ဖွဲ့စည်းထားခြင်းနှင့် သုံးစွဲသောဘာသာ စကားကိုလည်း “ဘဟာဆာ အင်ဒိုနီးရှား” ဟု ခေါ်သော ရုံးသုံးဘာသာစကား တစ်မျိုးတည်းကိုသာ မသုံးစွဲမနေရ ပြဋ္ဌာန်းထားရှိပြီး လူတိုင်းတတ်မြောက်အောင် သင်ကြားထားစေခဲ့သဖြင့် နိုင်ငံသားချင်း ဆက်သွယ်ရာ၌ အခက်အခဲမရှိအောင် စီမံထားခြင်းတို့ ဖြစ်လေသည်။
ထပ်မံ၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ်တည်လာသည့် ၁၉၄၅ ခုနှစ်မှ ယနေ့ကာလတိုင်အောင် နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည့်တိုင်အောင် နိုင်ငံခေါင်းဆောင် သမ္မတ ရာထူး တာဝန်ထမ်းဆောင်သူများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဗျန်တိုအပါအဝင်မှ ၈ ဦးမျှသာ ရှိနေသေးခြင်းဖြစ်၏။
အထက်ပါအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်၏ နိုင်ငံအုပ်ချုပ်မှု အတတ် ပညာ (Statecraft) နှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဒဿနအမြင်များကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံရေးသိပ္ပံအမြင်ရှုထောင့်မှ လေ့လာဖို့ကောင်းလှသောအချက်များပင် ဖြစ်ပေသည်။
အင်ဒိုနီးရှားနိုင်ငံရေးနောက်ခံ
၁၉၄၅ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ ဂျပန်အကူအညီဖြင့် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာကာ နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် လမ်းစဉ်မူဝါဒ အပြောင်းအလဲအမျိုးမျိုးအကြားမှ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများကို ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်မှာ အင်ဒိုနီးရှားနိုင်ငံရေးတွင် ခေတ်အလိုက် အရေးပါသောနိုင်ငံရေးအင်အားစုများကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။
နိုင်ငံဖြစ်တည်စ ကနဦးကာလတွင် အဓိကအင်အားအကြီးဆုံးအုပ်စုမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် ဒုတိယသမ္မတဖြစ်လာကြမည့် ဆူကာနိုနှင့် ဟာတာတို့ဦးဆောင်သော အမျိုးသားရေး အင်အားစုဖြစ်သည်။ အမျိုးသားရေးအုပ်စုအပြင် အခြားအင်အားကြီးအုပ်စုမှာ ၁၉၄၂ ခုနှစ်မှစ၍ ဝင်ရောက်လာသည့် ဂျပန်တို့အကူအညီဖြင့် အမိမြေကာကွယ်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့သည့် အင်ဒိုနီးရှားတပ်မတော်ဖြစ်သည်။ ယင်းတပ်မတော်သည် ၁၉၄၅ ခုနှစ် ဂျပန်တို့ စစ်ရှုံး ဆုတ်ခွာချိန်တွင် ဝင်ရောက်လွှမ်းမိုးရန် ကြိုးစားခဲ့သည့် ဗြိတိသျှနှင့်ဒတ်ချ်တို့ကို တော်လှန်ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး နောင်တွင် ဆူကာနိုကို ဆက်ခံသည့် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှာ ဂျပန်စစ်ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။
ထိုအင်အားစုနှစ်ခုအပြင် အင်ဒိုနီးရှား၌ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြသည့် အစ္စလာမ် ဘာသာရေးအင်အားစုကြီးကလည်း နိုင်ငံရေးတွင် အရေးပါသောအုပ်စုတစ်ခုဖြစ်သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အပြီး၌ အင်အားတောင့်တင်းလာသည့် လက်ဝဲကွန်မြူနစ်အုပ်စုကလည်း ရှိနေပြန်သည်။
အထက်ပါ နိုင်ငံရေးအင်အားစုအားလုံး ကျေနပ်လက်ခံနိုင်သည့် နိုင်ငံရေးစနစ်မျိုးကို ရှာဖွေထုတ်ဖော် ချမှတ်နိုင်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဆူကာနိုက အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်ချိန်တွင် “နိုင်ငံရေးပဉ္စသီလ” (Pantjasila) ဟု ထင်ရှားသော မူငါးချက်ကို ကြေညာခဲ့သည်။ ယင်းပဉ္စသီလငါးချက်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတ၍ ယဉ်ကျေး သောလူ့အဖွဲ့အစည်း၊ အင်ဒိုနီးရှား အမျိုးသားစည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒီမိုကရေစီ တည်ဆောက်ခြင်းနှင့် နိုင်ငံသားအားလုံး လူမှုရေးအရ သာတူညီမျှမှုတို့ ဖြစ်သည်။
နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်မှုစတင်ခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှားနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုကာလမှာ ကမ္ဘာပေါ်၌ အရှေ့အုပ်စုနှင့် အနောက် အုပ်စုအကြား စစ်အေးတိုက်ပွဲ ပြင်းထန်နေခိုက်ဖြစ်၍ အင်ဒိုနီးရှားတွင်လည်း စစ်အေးတိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး တည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများလည်း ပေါ်ပေါက်နေခဲ့ပြီး မြေပေါ်နိုင်ငံရေးပါတီများအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုများနှင့် မညီမညွတ်ဖြစ်နေ ခဲ့ရာ မကြာခဏ အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် သမ္မတ ဆူကာနိုက လမ်းညွှန်ဒီမိုကရေစီ(Guided Democracy)ပုံစံကို ပြန်လည်ကျင့်သုံးခဲ့လေသည်။ လမ်းညွှန် ဒီမိုကရေစီကြောင့် သမ္မတထံတွင် အာဏာပိုမိုရရှိလာသကဲ့သို့ ဆူပူ သောင်းကျန်းမှုများကို နှိမ်နင်းရသဖြင့် စစ်ဘောင်ကျယ်လာကာ အင်ဒိုနီးရှားတပ်မတော်၏ အခန်းကဏ္ဍမှာလည်း ပို၍အရေးပါလာခဲ့သည်။
တန်ခိုးဩဇာကြီးမားလာသော တပ်မတော်၏ အခန်းကဏ္ဍကို ထိန်းညှိနိုင်ရန် သမ္မတဆူကာနိုသည် ထိုစဉ်က မြေပေါ်၌ တရားဝင်တည်ရှိသော အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ဘက်သို့ အားပြုလာခဲ့သည်။ (ဆူကာနို၏ နိုင်ငံရေးအမြင်အရ Nasakom ခေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိရာ- အမျိုးသားရေး၊ ဘာသာတရားနှင့် ကွန်မြူနစ်ဝါဒ- တို့ဖြစ်သည်။) ဆူကာနို၏ လက်ဝဲယိမ်းလာမှုက အနောက်အုပ်စုခေါင်းဆောင် အမေရိကန် ကို စိုးရိမ်မှုဖြစ်လာစေခဲ့သည်။ အင်ဒိုနီးရှားတပ်မတော်နှင့် အနောက်အုပ်စုတို့ ပိုမိုနီးကပ်သွားခဲ့သည်။
၁၉၆၅ ခုနှစ်တွင် တပ်မတော်အတွင်းရှိ လက်ဝဲလိုလားသူ အရာရှိတစ်စုက အင်ဒိုနီးရှားတပ်မတော်မှ ထိပ်တန်းအရာရှိကြီး ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လုပ်ကြံခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ယင်းကြိုးပမ်းမှုကို မဟာဗျူဟာအထူးတပ်ဖွဲ့ တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုက နှိမ်နင်းခဲ့ပြီး ဆူဟာတို၏ဩဇာကြီးမားလာခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်များအတွင်း ယင်းအာဏာသိမ်းရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို အင်ဒိုနီးရှား တပ်မတော်က ဦးဆောင်၍ နှိမ်နင်းချေမှုန်းခဲ့ရာ လူပေါင်းလေးသိန်းမှ တစ်သန်းအကြား သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုမှနောက်ပိုင်းတွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီမှာ နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ သမ္မတ ဆူကာနိုမှာလည်း ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုထံ နိုင်ငံတော်အာဏာကို သမ္မတအမိန့်ဒီကရီဖြင့် လွှဲပြောင်းပေးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် တရားဝင် သမ္မတအဖြစ် ခံယူခဲ့သည်။
ဆူဟာတိုခေတ်နိုင်ငံရေး
ဤတွင် သမ္မတဆူကာနို၏ ခေတ်စနစ်ဟောင်း “Old Order” (ပုံစံဟောင်း) ပြီးဆုံးသွားခဲ့ပြီး သမ္မတ ဆူဟာတို၏ ခေတ်သစ်စနစ်သစ် ပုံစံသစ်“New Order” စတင်ခဲ့လေသည်။ ဆူဟာတို၏ ပုံစံသစ်တွင် အင်ဒိုနီးရှားတပ်မတော်သည် ကာကွယ်ရေးသာမက နိုင်ငံရေးတာဝန်ကိုပါ ဝင်ရောက်ထမ်းဆောင်သည့် (Dwi-Fungsi) လုပ်ငန်းနှစ်ရပ်မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးတွင် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ဂိုလ်ကာ(Golkar)ခေါ် တပ်ပေါင်းစုကို ဖန်တီးခဲ့သည်။ ပါတီစုံစနစ်ဟူသောအသွင်ကို ရယူရန်အတွက် လူနည်းစု ခရစ်ယာန်၊ ဟိန္ဒူနှင့် လူငယ်များ ပါဝင်သည့် PDI ခေါ် နိုင်ငံရေးပါတီတစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ဆူဟာတိုခေတ် လွှတ်တော်တွင် အတိုက်အခံပါတီဟူ၍မရှိ။ တပ်မတော် (ABRI) ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၇၅ နေရာကို ရယူထားသည်။ အစိုးရအဖွဲ့အတွင်း၌လည်း ဗဟိုမှစ၍ ရပ်ကွက်/ ကျေးရွာ အဆင့်အထိ တပ်မတော်သားများ ပါဝင်နေခဲ့သည်။ ဤသို့ဖြင့် သမ္မတဆူဟာတို၏ လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့သည်။
ကာကွယ်ရေးနှင့်လုံခြုံရေးအပိုင်းတွင် အနောက်အုပ်စုအကူအညီဖြင့် သောင်းကျန်းမှုနှိမ်နင်းရေးကို ထိရောက်ပြင်းထန်စွာ အင်အားသုံးလုပ်ဆောင်ခဲ့သည်။ စီးပွားရေးအပိုင်းတွင်လည်း အမေရိကန် ဘာကလေတက္ကသိုလ်ဘွဲ့ရ စီးပွားရေးပညာရှင်များ (ဘာကလေအုပ်စု)ကို တာဝန်ပေး၍ ဈေးကွက် စီးပွားရေးစနစ်ကို အထိန်းအကွပ်ဖြင့် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ ဆူဟာတိုလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ စီးပွားရေးကောင်းမွန်လာခဲ့သည်။ (စီးပွားရေး ကောင်းမွန်လာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုကလည်း ကျယ်ပြန့်လာခဲ့လေသည်။)
သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုစံနှုန်းတန်ဖိုးများ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့လာခြင်း၊ ၁၉၉၇ ခုနှစ် တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အရှေ့တောင်အာရှစီးပွားပျက်ကပ်တို့ကို တစ်ဆက်တည်း ခံစားခဲ့ရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ စီးပွားရေးအကျပ်အတည်းပြင်းထန်စွာ ခံစားခဲ့ရခြင်းတို့ ပေါင်းစပ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ ဆူဟာတို အာဏာ လက်လွှတ်လိုက်ရစေသည်။ Reformasi (ရီဖော်မာစီ) ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တော့သည်။
ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေး
နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားသည့် သမ္မတဆူဟာတို ခေတ်ကုန်ဆုံးသွားပြီးနောက် တည်ငြိမ် နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရေးကို ပုံစံသစ်တစ်ခုအဖြစ် ဒီမိုကရေစီသို့ ဦးတည်ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်မှုများရှိခဲ့သလို မတည်ငြိမ်မှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လေသည်။ ထူးခြားသော အောင်မြင်မှုမှာ အင်ဒိုနီးရှားတပ်မတော် (ယခုအခါ TNI အဖြစ် ပြောင်းလဲဖွဲ့စည်းထား) သည် နိုင်ငံရေး ကဏ္ဍမှ အေးချမ်းစွာစွန့်လွှတ် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အဖြစ် အင်ဒိုနီးရှားနိုင်ငံရေး ခေါင်းဆောင်များကလည်း အင်ဒိုနီးရှားတပ်မတော်ကို အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုး ထောက်ပံ့ပေးခဲ့သည်။
မတည်ငြိမ်မှုများမှာမူ နိုင်ငံရေးအင်အားစုပါတီများအကြား အားပြိုင်မှုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်၏။ အဓိကအားဖြင့် အမျိုးသားရေးအင်အားစု၊ အစ္စလမ္မစ်ဘာသာရေးအုပ်စုနှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအုပ်စုတို့အကြား အားပြိုင်မှုဖြစ်သည်။
ဂိုလ်ကာပါတီဦးဆောင်သော အမျိုးသားရေးအုပ်စုသည် လူထုအုံကြွမှုကြောင့် အာဏာစွန့်လွှတ် လိုက်ရလင့်ကစား နိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံနှင့် နိုင်ငံအနှံ့ ဖြန့်ကြက်တည်ဆောက်ထားသော ပါတီ၏အင်အားတို့ကြောင့် အားကြီးနေဆဲဖြစ်၏။ သမ္မတဆူဟာတိုက ဂိုလ်ကာကိုအားပြု၍ နိုင်ငံရေးအာဏာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် သူ၏ ဒုတိယသမ္မတဖြစ်သူ ဟာဘီဘီကို ကြားဖြတ်သမ္မတအဖြစ် လက်လွှဲပေးခဲ့သော်လည်း နိုင်ငံရေးလှိုင်းတံပိုးက ပြင်းထန် လှသောကြောင့် ဟာဘီဘီသည် တစ်နှစ်အတွင်းမှာပင် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ဘာသာရေးအုပ်စုမှ အဗ္ဗဒူရာမန်ဝါဟစ် (ခေါ်) ဂူစ်ဒူးတက်လာခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီး မျက်စိမမြင်သော ဝါဟစ်သည်လည်း နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် သမ္မတဟောင်း ဆူကာနို၏ သမီး PDI–P ခေါင်းဆောင် မီဂါဝတီ ဆူကာနိုပူထရီကို လွှဲပြောင်းပေးလိုက်ရပြန်သည်။ မီဂါဝတီ၏ PDI-P မှာ လူထုအုံကြွဆူပူမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မီဂါဝတီကိုယ်တိုင်မှာလည်း နိုင်ငံဖခင်ကြီး၏ သမီးဖြစ်၍ အများက အထင်ကြီးမျှော်လင့်ခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ မီဂါဝတီ၏ လက်ထက်တွင် ဆူမတြားမြောက်ဘက် အာချေးဒေသမှ ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းမှုမှာ အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စလမ္မစ်အစွန်းရောက် အကြမ်းဖက် အုပ်စုများက လူ ၂၀၀ ကျော် သေဆုံးသော ဘာလီညကလပ်ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးမှာလည်း ကျဆင်းနေခဲ့သည့်အပြင် မီဂါဝတီအစိုးရမှာလည်း အကျင့်ပျက်ခြစားမှုများနှင့် နာမည်ပျက်နေသည့်အတွက် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူ၏ အစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကို ရှုံးနိမ့် သွားခဲ့ရသည်။
SBY ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် သမ္မတယူဒိုယိုနိုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် ပထမဆုံး လွတ်လပ်စွာယှဉ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဖြစ်သည်။ SBY အနေဖြင့် အာချေးဒေသတွင် ၂၀၀၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေးကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ အာချေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စွာ အဆုံးသတ်ပေး နိုင်ခဲ့သည်။ နိုင်ငံစီးပွားရေးကိုလည်း အောင်မြင်စွာပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးခဲ့သည်။ SBY သည် အင်ဒိုနီးရှားဒီမိုကရေစီခေတ်ဦးတွင် သမ္မတ သက်တမ်း ၅ နှစ် နှစ်ဆက်၊ ၁၀ နှစ်ကြာ အောင် တာဝန်ထမ်းဆောင်ခဲ့ရသော ရွေးကောက်ခံ သမ္မတဖြစ်ခဲ့သည်။
သမ္မတ ဂျိုကိုဝီ
SBY ၏ သမ္မတ ၁၀ နှစ်သက်တမ်းတွင် နိုင်ငံရေးဇာတ်ဆောင်အသစ်များ စတင်ပေါ်ထွက် လာခဲ့သည်။ SBY ၏အောင်မြင်မှုကို အားကျ၍ အဆင့်မြင့်အရာရှိဟောင်းများ ဖြစ်ကြသည့် ပရာဘိုဝို ဆူဗျန်တို၊ ဗိုလ်ချုပ်ကြီး ဟာတိုနိုစသူတို့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီများထောင်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့ကြသည်။ အလားတူပင် အရပ်သားများထဲမှ ထင်ပေါ်လာသူမှာ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) ဖြစ်သည်။ မူလက အောင်မြင်သည့် ပရိဘောဂလုပ်ငန်းပိုင်ရှင်အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဂျိုကိုဝီသည် ၂၀၀၅ ခုနှစ်တွင် မွေးဇာတိဖြစ်သည့် ဂျာဗားကျွန်းရှိ ဆူရာဘာတာမြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဂျိုကိုဝီအနေဖြင့် နာမည်ကြီးအဆင့်မြင့် စစ်ဘက်အရာရှိဟောင်းကြီးများကဲ့သို့ နိုင်ငံရေးအသိုက်အဝန်း ကျောထောက် နောက်ခံ များစွာမရှိသည့်အတွက် မီဂါဝတီ၏ PDI-P ပါတီလက်မှတ်ဖြင့် ဝင်ရောက်အရွေးခံခဲ့ခြင်း ဖြစ်သည်။ ဂျိုကိုဝီ၏ ရိုးဖြောင့်၍ ချိုသာစွာပြောဆိုတတ်မှု၊ အောက်ခြေလူတန်းစားများနှင့် လက်ပွန်းတတီး ရင်းနှီးစွာရောနှောဆက်ဆံပြီး အများပြည်သူတို့၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းတတ်မှုကြောင့် မြို့နေလူထုက ဂျိုကိုဝီကို များစွာသဘောကျထောက်ခံခဲ့ကြပြီး ဒုတိယအကြိမ် မြို့တော်ဝန်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။ ထို့အပြင် မီဒီယာခေတ်ဖြစ်၍ ဂျိုကိုဝီ၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအတွင်း/အပြင်တို့၌ လူသိများလာသည်။ ကမ္ဘာ့အထူးချွန်ဆုံး မြို့တော်ဝန်စာရင်း၌ တတိယနေရာ ရရှိခဲ့သည်။ PDI-P ပါတီကလည်း ဂျိုကိုဝီကို ထင်ပေါ်၍ စင်တော်ကောက်ခဲ့လေရာ ၂၀၁၂ ခုနှစ် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါတီ၏ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ဇာတာစန်းလဂ် တက်လာသည့် ဂျိုကိုဝီသည် ဂျာကာတာမြို့တော် ဝန်ရွေးကောက်ပွဲ၌လည်း အနိုင်ရခဲ့ပြန်ရာ အထွတ် အထိပ်သို့ ရောက်ရှိရန် လမ်းပွင့်သွားခဲ့လေတော့သည်။
၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် SBY သည် သမ္မတသက်တမ်းနှစ်ဆက် ပြည့်သွား၍ ဆက်လက် ပါဝင်ယှဉ်ပြိုင်၍ မရတော့ပေ။ သူ၏ ဒီမိုကရေစီပါတီ PD မှာလည်း အကျင့်ပျက်ခြစားမှု အပုပ်နံ့များကြောင့် ပါလီမန်ရွေးကောက်ပွဲ၌ အခြေအနေမကောင်းတော့ဘဲ လူကြိုက်နည်းလာသည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ပါတီအဖြစ် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သော PDI-P ပါတီနှင့် ပရာဘိုဝို၏ ဂျယ်ရင်ဒရာ(Gerindra) (Great Indonesia Movement) ပါတီတို့သာ ပေါ်ထွက်ခဲ့သည်။ ထိုပြိုင်ပွဲ၌ အကျင့်ပျက်ခြစားမှုသတင်းဆိုးမရှိဘဲ လူချစ်လူခင်များပြားသူ ဂျိုကိုဝီအား ယခင်သမ္မတဟောင်း ဆူဟာတို၏ သမက်ဖြစ်ပြီး တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က အရှေ့တီမောတွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ရန် အမိန့်ပေးခဲ့မှု ကြောင့် နာမည်ပျက်ရှိခဲ့သော ပရာဘိုဝိုက မယှဉ်နိုင်ဘဲ အရေးနိမ့်သွားခဲ့သည်။
ရိုးဂုဏ်တစ်ခုဖြင့် တောနယ်ကျေးလက်မှ သမ္မတအဆင့် တက်ဖြစ်လာသူ ဂျိုကိုဝီအနေဖြင့် ကျယ်ပြန့် ရှုပ်ထွေးလှသော သမ္မတတာဝန်များကို ထမ်းဆောင်ရန်မှာ လိုအပ်ချက်များစွာရှိခဲ့သည်။ ထို့အပြင် လွှတ်တော်အတွင်း၌လည်း ပရာဘိုဝို၏ ဂျယ်ရင်ဒရာပါတီ (တပ်မတော်အင်အားစု)၊ အစဉ် အလာရှိခဲ့သော ဂိုလ်ကာ (အုပ်စု) နှင့် PPP (အစ္စလမ္မစ်အုပ်စု)တို့ စုပေါင်း၍ သမ္မတဂျိုကိုဝီ၏ အာဏာရ (PDI-P) ပါတီထက်ပို၍ အင်အားတောင့်တင်းနေခြင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ စင်စစ်၌ PDI-P ပါတီသည် ပင်လျှင် ဂျိုကိုဝီ၏ ကိုယ်ပိုင်ပါတီ မဟုတ်ပေ။ သမ္မတဟောင်း ဆူကာနို၏သမီး မီဂါဝတီ၏ ပါတီဖြစ်သည်။ မီဂါဝတီအနေဖြင့် ဂျိုကိုဝီကို စင်တင်ပေးခဲ့သည့်တိုင်အောင် သူ၏ PDI-P ပါတီကိုမူ ဂျိုကိုဝီလက်ထဲသို့ ထိုးအပ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပါတီခေါင်းဆောင် မီဂါဝတီနှင့် သမ္မတ ဂျိုကိုဝီတို့အကြား ဆက်ဆံရေးမှာ များစွာနွေးထွေးခြင်း မရှိခဲ့ပေ။
သို့ဖြစ်ရာ သမ္မတဂျိုကိုဝီအနေဖြင့် သူ၏ လူကြိုက်များမှုနှင့် လူထုထောက်ခံမှုကို အားပြု၍ နိုင်ငံရေး ကွန်ရက်၊ အဆက်အသွယ်၊ ခြေကုပ်များကို ထူထောင်ခဲ့ရသည်။ သူ၏ အစိုးရအဖွဲ့အတွင်း အရေးပါသော ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နေရာဌာနများတွင် ကျွမ်းကျင်သူ တက္ကနိုခရက်များကို တာဝန်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်သော ရက်တနိုမာဆူဒီအား ခန့်အပ်ခဲ့သည်။ စစ်ဘက်ကျောထောက် နောက်ခံမရှိခဲ့သော ဂျိုကိုဝီသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ပြေလည်စေရေးအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် စစ်ဘက်အရာရှိကြီးများကိုသာ လွှဲအပ်တာဝန်ပေးခဲ့သည်။ ဂျိုကိုဝီ၏ ပထမအစိုးရသက်တမ်း (၂၀၁၄-၂၀၁၉) ၌ ကာကွယ်ရေးဝန်ကြီးမှာ ယခင်အင်ဒိုနီးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟောင်း ရီယာမီဇတ် ရီယာကူဒူးဖြစ်ပြီး ဒုတိယအစိုးရသက်တမ်း (၂၀၁၉-၂၀၂၄) တွင် ယင်း၏နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဗျန်တိုဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှား တပ်မတော်အတွင်း၌ ဩဇာရှိသူ အရာရှိကြီးများ၏ အဆက်အနွယ်များကိုလည်း နေရာပေး မြှောက်စားခဲ့၏။ ဥပမာအားဖြင့် ဂျိုကိုဝီနှင့် စီးပွားဘက်လည်းဖြစ်ခဲ့သော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျိုင်တန်မှာ ဂျိုကိုဝီ၏ ဒုတိယသက်တမ်းတွင် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး လူဟွတ်၏ သမက်တော်စပ်သူမှာ သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အင်ဒိုနီးရှား အမျိုးသားထောက်လှမ်းရေး အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟန်ဒရို (ငြိမ်း)၏ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကာဆာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။
စင်စစ်၌ ဂျိုကိုဝီ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ပရာဘိုဝို (ငြိမ်း)ကို ဒုတိယသက်တမ်းကာလတွင် ကာကွယ်ရေးဝန်ကြီး ရာထူးပေးခဲ့ခြင်းမှာ ဂျိုကိုဝီ၏ နိုင်ငံရေး အရင်းအနှီးစုဆောင်းသည့် ရွှေ့ကွက်တစ်ခုဟု ဆိုနိုင်သည်။ ပရာဘိုဝိုသည် နန်းစဉ်နိုင်ငံရေးအရ သမ္မတ ဟောင်းဆူဟာတို၏ သမက်ဖြစ်ခဲ့ပြီး စစ်ဘက်ကျောထောက်နောက်ခံရှိသူလည်း ဖြစ်သည်။ ထို့အပြင် အစ္စလမ္မစ်အဖွဲ့ချုပ် (OIC) မှ အဓိက အာရပ်နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ လစ်ဘရယ် ဆန်သော ဂျိုကိုဝီနှင့် OIC နိုင်ငံများ၏ဆက်ဆံရေးမှာ ပရာဘိုဝိုလောက် နွေးထွေးမှုမရှိလှပေ။ သို့ဖြစ်၍ ပရာဘိုဝိုကို အိတ်ထဲသို့ ထည့်လိုက်ခြင်းမှာ ဂျိုကိုဝီအတွက် ကြီးမားသောနိုင်ငံရေးအမြတ်ထွက်မှု ဖြစ်လေသည်။
(ဆက်လက်ဖော်ပြပါမည်။)
Source-www.moi.gov.mm
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြင်းအား ၄ ဒသမ ၆ ရစ်ချတာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှု တစ်ခုကို အီရန်နိုင်ငံ ဆမ်နန်းဒေသမှာ တိုင်းတာရရှိလိုက်ပါတယ်။ ဒီငလျင်မှာ ဘယ်သူမှထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့သော်လည်း ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ တီဟီရန်မြို့အထိကို တုန်ခါမှုခံစားခဲ့ရတာပါ။
ဒီအခြေအနေမျိုးဟာ သိပ်တော့ထူးခြားတဲ့ အခြေအနေတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စိတ်အာရုံကိုတော့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းစားရတဲ့အဓိက အကြောင်း ရင်းကလည်း ဒါကတကယ့်ကို ငလျင်လှုပ်သွားတာလား ဆိုတဲ့မေးခွန်းကို ဘယ်သူမှ တိတိကျကျ မသိကြတာကြောင့်ပါ။ မြေကြီးတုန်ခါမှုကို ခံစားသိရှိ ကြရပြီးနောက် ဒါက မြေအောက်မှာလုပ်တဲ့ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်နိုင်တယ်လို့ သတင်းဌာန အများအပြားနဲ့ လူမှုမီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။
ဒါပေမဲ့ Tehran Times သတင်းစာမှာတော့ မြေငလျင်ပညာရှင်များနဲ့ အစိုးရတာဝန်ရှိသူများက ဒီတုန်ခါမှုဟာ နျူကလီးယား စမ်းသပ်မှုကြောင့် မဟုတ်ဘူးလို့ပြောကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်စီအိုင်အေ ညွှန်ကြားရေးမှူးဝီလီယံဘန်းကလည်း အီရန်အနေနဲ့ နျူကလီးယားလက်နက်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သက်သေမရှိဘူးလို့ ပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေအပေါ် ထောက်ရှုပြီးနှစ်ပေါင်းများစွာ ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြောရမယ်ဆိုရင် အီရန်တွေက စီအိုင်အေရဲ့ပြောဆိုချက်ကို မှန်ကန်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဖူးပါဘူး။ ဒါကြောင့် အီရန်အစိုးရရဲ့တရားဝင်သတင်းဌာနကြီး တစ်ခုက စီအိုင်အေရဲ့ ပြောဆိုချက်ကို ထည့်သွင်းဖော်ပြတာဟာ ဟာသတစ်ပုဒ်လိုဖြစ်နေတယ်လို့ ခံစားနေရပါတယ်။
အီရန်ခေါင်းဆောင်တွေ အနေနဲ့ ဒီလိုမျိုး ဖော်ထုတ်နိုင်တဲ့ သဲလွန်စတွေများစွာ ကျန်ရစ်စေမယ့် နျူကလီးယား စမ်းသပ်မှုတစ်ခုလုပ်နိုင်ခြေရှိတယ် ဆိုတဲ့အခြေအနေရယ်၊ တစ်ချိန်တည်းမှာပဲ ဒီလိုစမ်းသပ်မှုမျိုးကို သူတို့မလုပ်ပါဘူးလို့ တရားဝင်ငြင်းဆိုထားတဲ့ အခြေအနေတွေရယ်ကို ကြည့်လိုက်ရင် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းက များများစားစား မရှိနိုင်ပါဘူး။ အနှစ်ချုပ်ကိုကြည့်ရင်တော့ တစ်ဖက်မှာနိုင်ငံရေးအရငြင်း ဆိုလိုက်ပေမယ့် အခြားတစ်ဖက်မှာတော့ ရန်သူကို သတိပေးလိုက်တဲ့ အခြေအနေမျိုးသာဖြစ်လာစေပါလိမ့်မယ်။ ဒါဆိုရင် တစ်ဖက်အဖွဲ့အစည်းတွေကြားမှာ သို့လောသို့လောတွေးထင်မှုတွေ ပေါ်ပေါက်လာစေမှာအမှန်ပါပဲ။
ယထာဘူတကျကျပြောရမယ်ဆိုရင်တော့လည်း နျူကလီးယား စမ်းသပ်မှုဆိုတာ မရှိခဲ့ဘူးလို့ ယုံကြည်ရပါလိမ့်မယ်။ ဖြစ်ပွားခဲ့တဲ့မြေငလျင် တုန်ခါမှုနဲ့ပတ်သက်ပြီး ပညာရှင်မဟုတ်တဲ့ သူတွေရဲ့အမြင်မှာလည်း ဒါကနျူကလီးယား စမ်းသပ်မှုဟုတ်၊ မဟုတ်ဆိုတာ မသေချာပါဘူး။ သာမန်လူတွေရဲ့ ပြောဆိုဆွေးနွေးမှု တွေထဲမှာ မြေငလျင်လှိုင်း အမျိုးအစားနဲ့ မြေငလျင်ဖြစ်ပွားရာ ဗဟိုချက်တည်နေရာတို့အပေါ် အဓိကထား ပြီး ဆွေးနွေးကြတာပါ။
အခုအချိန်အထိ မိမိတို့ သိရှိနိုင်တဲ့ တစ်ခုတည်းသော အခြေအနေကတော့ ဒီအခြေအနေဟာ သမားရိုးကျငလျင်လှုပ်မှုလား၊ နျူကလီးယားစမ်းသပ်မှု တစ်ခုလားဆိုတာကို အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာပဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။
ဒီတော့ ဒါကငလျင်လား၊ နျူကလီးယားစမ်းသပ်မှုတစ်ခုလားဆိုတဲ့ အကြောင်းအရာအပေါ် ဆွေးနွေးမှုကိုထားခဲ့ပြီး ဒီဖြစ်စဉ်က ဘာကြောင့် အရေးပါနေတာလဲ၊ အကယ်၍များ ဒီလုပ်ဆောင်ချက်ကသာ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ် သက်ရောက်လာ မလဲ ဆိုတဲ့မေးခွန်းတွေဆီ ဦးတည် သွားလိုက်ပါမယ်။
အီရန်ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ ဒီစစ်ပွဲကလည်း ဒုံးကျည်များနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဆီကနေ ပိုမိုကြီးမားတဲ့ ဒေသတွင်းစစ်ပွဲမှသည် ကမ္ဘာ့နိုင်ငံ အများအပြားပါဝင်လာတဲ့ စစ်ပွဲအထိကို ပိုမိုပြင်းထန်လာနိုင်ပါတယ်။
ဒီလိုအခြေအနေအထိ ရောက်လာရတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အစ္စရေးဟာပြီးခဲ့တဲ့နှစ်ကစလို့ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပွားစေလောက်တဲ့အထိ ချေမှုန်းရေးလုပ်ငန်း လုပ်နေပါတယ်။ ဒုတိယတစ်ခုက အနောက်အုပ်စုဟာ အစ္စရေးဘက်ကနေ ရပ်တည်နေတာပါ။ အကယ်၍ အနောက်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ အခြေခံကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အစ္စရေးရဲ့လုပ်ရပ်တွေ ရပ်တန့်စေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုသာ လုပ်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းအရေးဟာ ဒီကနေ့လိုအခြေအနေအထိ ရောက်လာမှာမဟုတ်ပါဘူး။
ဒီလိုမျိုးအကြောင်းရင်း နှစ်ခုကြောင့်ပဲ အီရန်နိုင်ငံရဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများက အစ္စရေးတို့အပေါ် တုံ့ပြန်နိုင်မယ့် အဓိကကျတဲ့ အင်အားစုကြီးတစ်ရပ် ဖြစ်လာရပါတယ်။ အဲဒီအဖွဲ့ကို အနောက်အုပ်စုများက အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်ထားပေမယ့် လည်း တကယ်တမ်းမှာကျတော့ ကုလသမဂ္ဂရဲ့လူ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်နေပြီး အနောက်အုပ်စု နဲ့အစ္စရေးကသာ တကယ့်အကြမ်းဖက် အဖွဲ့တွေဖြစ် နေပါတယ်။
အီရန်ရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများ အဖွဲ့သာမရှိပါက ပါလက်စတိုင်းတို့အနေနဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို သီးသန့်ကြီးရင် ဆိုင်တုံ့ပြန်နေရမှာပါ။ ဒါကြောင့် အစ္စရေးဘက်ကနေကြည့်ရင် အီရန်ကိုချေမှုန်းနိုင်ခြင်းက ခုခံရေးဝင်ရိုး တန်းနိုင်ငံများအဖွဲ့ကို အင်အားချည့်နဲ့စေတာနဲ့ အတူတူဖြစ်မယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ အလားတူပဲ အီရန်ရဲ့ဦးဆောင်မှု မရှိတော့ဘူးဆိုရင် ဟစ်ဇဘိုလာအဖွဲ့နဲ့ ဟူသီအဖွဲ့တို့ကလည်း အားနည်းသွားပါလိမ့်မယ်။ ဒီအခြေအနေမှာ အီရန်ရဲ့စစ်ရေးစွမ်းရည်များက အခရာကျနေပါတယ်။
အီရန်ရဲ့လေကြောင်းအင်အားက အစ္စရေးနဲ့ယှဉ်ရင် သာလွန်ခြင်းမရှိပေမယ့် သူ့ဒုံးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကတော့ ဖြုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ မကြာသေးမီက အီရန်အနေနဲ့ အစ္စရေးကို ဒုံးကျည်အစင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်မှုဟာ အစ္စရေးအနေနဲ့ အမေရိကန်တို့ရဲ့ ထောက်ပံ့မှုကိုရရှိထားသော်ငြား အီရန်နိုင်ငံအနေနဲ့ အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို မှုစရာမလိုဘူးဆိုတာ ပြသနေပါတယ်။ အကယ်၍ အီရန်ကသာ အစ္စရေးရဲ့ စီးပွားရေးနဲ့နိုင်ငံရေး အခြေခံအဆောက်အဦတွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကရင်ဆိုင်ရမယ့် ဆုံးရှုံးမှုပမာဏဟာ သမိုင်းဝင်သွားပါလိမ့်မယ်။
ဒီအတွက်ကြောင့် အစ္စရေးဟာ အီရန်အပေါ် သတိကြီးစွာထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးကအီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်က နျူကလီးယားကို အရပ်ဘက်အတွက်သာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။
သူ့အနေနဲ့နျူကလီးယားကို လက်နက်အဖြစ် အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ဒီလိုသာ မလုပ်ဆောင်ဘူးလို့ပြောရင် လိမ်ရာကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်နေပါလျက်နဲ့ မိမိကိုယ် မိမိကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ကို မထုတ်လုပ်ဘူးဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အီရန်ခေါင်းဆောင်တွေဟာ အဲဒီလောက်အထိတော့ အတွေးအခေါ် မနည်းပါဘူး။
ဒါကြောင့် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြေကြီးတုန်လှုပ်မှုဟာ အီရန်တို့ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုကြောင့်သာ ဖြစ်လာနိုင်သလို အကယ်၍ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီးပြီဆိုရင်လည်း ဒါကတစ်ဖက် ရန်သူကို သတိပေးလိုက်တဲ့ အနေအထားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်လာတယ်ဆိုရင် ဒီလိုဖြစ်လာအောင် လုပ်တာက အနောက်အုပ်စုနဲ့အစ္စရေး ပါပဲ။ ဒီအတွက် အကြောင်းပြချက် နှစ်ခုရှိပါတယ်။
ပထမတစ်ခုက အနောက်အုပ်စုက လက်စွဲထားတဲ့ စည်းမျဉ်းအခြေခံနိုင်ငံတကာ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အနောက်အုပ်စုဟာ အပြည်ပြည်ဆိုင် ရာဥပဒေများကို ချောင်ထိုးထားပြီး ကုလသမဂ္ဂကို ဆိုရင်လည်း ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မမှတ်ပါဘူး။ ဒီအစီအစဉ်ကြောင့်ပဲ အနောက်အုပ်စုနဲ့ အစ္စရေးဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ တရားဝင်လိုင်စင် ရသွားသလိုပါပဲ။ ဒီအခြေအနေကို တော့ ဂါဇာအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ တစ်ဆင့်မြင်တွေ့နိုင်ပါတယ်။
ဒုတိယအကြောင်းရင်းတစ်ခုက နိုင်ငံတကာတရား ရုံးလိုမျိုး အဖွဲ့အစည်းကြီးတွေက အနောက်အုပ်စုနဲ့ အစ္စရေးတို့အပေါ်ကလွဲလို့ တခြားနိုင်ငံတွေအပေါ် အာဏာ သက်ရောက်နေတာမျိုးဖြစ်ပါတယ်။ အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီလိုတရားရုံးမှာ တရားစွဲခံသင့်ပေမယ့် လက်တွေ့ မှာတော့ ဘာမှဆက်မဖြစ်လာပါဘူး။ ဒီလိုမျိုး ဥပဒေမဲ့လိုဖြစ်နေတဲ့ အခြေအနေတွေ ကြောင့်ပဲ အီရန်ဟာသူ့ ကိုယ်သူကာကွယ် နိုင်စေဖို့ အတွက် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်အောင်ကြိုးပမ်းတာဟာ သဘာဝအားဖြင့်ဖြစ်သင့်တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါ့အပြင် ဒီလိုမျိုးအကြောင်းပြချက်တွေ၊ အခြေအနေတွေကြောင့်ပဲ အီရန်သာမက တခြားနိုင်ငံများမှ ခေါင်းဆောင်များကလည်း နျူကလီးယားလက်နက် နောက်ကို အသည်းအသန် လိုက်လာနိုင်တဲ့အနေအထားရှိပါတယ်။ အီရန်သည်လည်း နောက်ထပ်နျူကလီးယား လက်နက်တွေကို ထုတ်လုပ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ နောင်တစ်ချိန်မှာ အနောက်အုပ်စုနဲ့ အစ္စရေးတို့အနေနဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ အခြေ အနေတစ်ခုကို မဖြစ်မနေ လက်ခံရတော့မှာပါ။
ဒါကြောင့် ဆမ်နန်းဒေသက မြေငလျင်ဖြစ်စဉ်ဟာ သမားရိုးကျ ငလျင်လှုပ်တာဆိုရင် အကြောင်းမဟုတ်သော်လည်း အီရန်က နျူကလီးယား စမ်းသပ်မှုလုပ်တာ ဒါမှမဟုတ် ရှိပြီးသား နျူကလီးယားလက်နက်ကို ဖောက်ခွဲမှု လုပ်တာသာဆိုရင် ဒီဖြစ်စဉ်ကနေ ပြောပြနေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အနောက်အုပ်စုနဲ့ အစ္စရေးအနေနဲ့ အီရန်အပေါ်သတိကြီးစွာထား ကိုင်တွယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုဖြစ်ပေါ်စေ ပါတယ်။
နောက်တစ်ခုက အီရန်ဟာ နျူကလီးယား လက်နက်ကို စမ်းသပ်လိုက်ရုံတင်သာမကဘဲ သူ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အစ္စရေး ကိုကြီးစွာသော သတိပေးလိုက်တဲ့ အနေအထားဖြစ်နေပါတယ်။ တကယ် လို့များ အစ္စရေးကအီရန်ကို လက်တုံ့ပြန်လိုက်ရင်တော့ ဒေသတွင်းစစ်ပွဲကြီးက မလွဲမသွေဖြစ်လာတော့မှာ အမှန်ပဲဖြစ်ပါတယ်။
Source- Myawady Webportal
ဝါသီးနှံသည် ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် စိုက်ပျိုးရောင်းချနေသော ကုန်စည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများတွင် ပါဝင်သော သီးနှံ ဖြစ်ပါသည်။ နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကမ္ဘာ့ဝါသီးနှံနေ့ကို ကျင်းပကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများ (LDCs) ၌ ဝါကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးခြင်း စသည့်အခန်းကဏ္ဍတို့တွင် အခွင့်အလမ်းများစွာရှိကြောင်းကို ဖော်ထုတ်ပြသပေးပါသည်။ ထိုသို့ဆင်နွှဲကြခြင်းအားဖြင့် ရေရှည်တည်တံ့သော ကုန်သွယ်မှုမူဝါဒများကို မြှင့်တင်ရန်နှင့် ဝါတန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အကျိုးပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ကို တရားဝင်အတည်ပြုခြင်း
အာဖရိကနိုင်ငံ လေးနိုင်ငံဖြစ်သည့် ဘီနင်(Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ်(Chad)နှင့် မာလီ (Mali) တို့က ၂၀၀၃ ခုနှစ်တွင် ကော့တွန်-၄ (C-4) ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပဏာမစတင်ခဲ့ပါသည်။ ဤပဏာမခြေလှမ်းသည် တရားမျှတသော ကုန်သွယ်မှုအလေ့အကျင့်များကို မြှင့်တင်ရန်၊ စျေးကွက်ဝင်ရောက်နိုင်မှုကို တိုးတက်စေရန်နှင့် အဆိုပါနိုင်ငံများရှိ ဝါစိုက်တောင်သူများ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန်ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ကော့တွန်-၄ (C-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြုတုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization-WTO) သည် ၂၀၁၉ ခုနှစ် အောက်တိုဘာ လ ၇ ရက်နေ့တွင် ပထမဆုံးကမ္ဘာ့ဝါ သီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပရန်စီစဉ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် WTO အတွင်းရေးမှူးသည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ(ITC)နှင့် အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေးကော်မတီ (ICAC) တို့နှင့် ပူးပေါင်းကာဝါသီးနှံနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် သတ်မှတ်ရန်အဆိုပြုခဲ့ပါသည်။ ယခုအချိန်အထိ ဝါသီးနှံသည် WTO တွင် သီးသန့်ဆွေးနွေးသော ကုန်ပစ္စည်းတစ်ခုသာ ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဘီနင်(Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ်(Chad)၊ အိုင်ဗရီကို့စ်(Ivory Coast)နှင့် မာလီ(Mali) နိုင်ငံတို့မှ တင်သွင်းခဲ့သည့် အဆိုကိုလက်ခံခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါသည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် A/RES/75/318 တွင် ကမ္ဘာ့ဝါသီးနှံနေ့ကို ကြေညာကာ ဝါသီးနှံသည် ကမ္ဘာတစ်လွှား သန်းပေါင်းများစွာသော လူသားတို့၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းအတွက်အရေးပါသည့် ကဏ္ဍဖြစ်ကြောင်းကို အသိအမှတ်ပြုထားပြီး ယင်းကလူမှုစီးပွားရေးနှင့် ကမ္ဘာအနှံ့ သက်ရောက်မှုရှိကြောင်းကိုပါ ဖော်ပြထားပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း(WTO)က ကုလသမဂ္ဂ၏ အောက်တိုဘာလ ၇ ရက်နေ့ကို ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံခဲ့ပါသည်။ “ကမ္ဘာ့ဝါသီးနှံနေ့အဖြစ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် သန်းပေါင်းများစွာသော လူသားများအတွက် ဝါဂွမ်း၏ အရေးပါမှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စတင်ကာပဏာမခြေလှမ်းစတင် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများကို WTO က အသိအမှတ်ပြုပါသည်။ နိုင်ငံတကာ၊ ဒေသတွင်းနှင့် မိတ်ဖက်အဖွဲ့ အစည်းများအကြားကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကိုပါ အသိအမှတ်ပြုမှုတစ်ခုလည်း ဖြစ်ပါသည်” ဟု WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ပြောကြားခဲ့ပါသည်။
“ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်သည် WTO ၏ ဝါသီးနှံဆိုင်ရာလုပ်ငန်းများတိုးတက်စေရန် လက်ရှိဆောင်ရွက်နေသည့် ကုန်သွယ်ရေးစကားဝိုင်းများနှင့် (၁၂) ကြိမ်မြောက် WTO ဝန်ကြီးများ ညီလာခံအတွက် ကမ္ဘာ့ဝါသီးနှံဆိုင်ရာ လုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရန် အထောက်အကူပြုနိုင်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများရှိ သန်းနှင့်ချီသော ဝါဂွမ်းထုတ်လုပ်သူများအတွက် ခိုင်မာသော အပြုသဘောရလဒ်များ ထုတ်ပေးနိုင်မည်ဟု ကျွန်ုပ်ယုံကြည် ပါသည်။ အောက်တိုဘာလ ၇ ရက်နေ့ အထိမ်းအမှတ် အခမ်းအနားများသည် ဝါသီးနှံအတွက် ရေရှည်တည်တံ့သော ကုန်သွယ်မှု မူဝါဒများကို မြှင့်တင်ပေးနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ဝါတန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ခြေလှမ်းတိုင်းမှ ပိုမိုအကျိုးဖြစ်ထွန်းစေကာ အကျိုးခံစားစေနိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်နိုင်မည်ဟု ထင်မြင်မိပါသည်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်တွင် ၂၀၀၃ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ စတင်ခဲ့သည့် ကမ္ဘာ့ဝါသီးနှံဆိုင်ရာ အစီ အစဉ်၏ အရေးပါမှုကို ထပ်မံအသိအမှတ် ပြုထားပါသည်။ ဤအစီအစဉ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့် ဝါသီးနှံနှင့်ဆက်စပ်သော ထုတ်ကုန်များကို စျေးကွက်ဝင် အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် ကမ္ဘာ့ဝါသီးနှံ စျေးကွက်တွင် ကုန်သွယ်ရေးကို ထိခိုက်စေသော မတူညီသည့် အတိုင်းအတာများကို လျော့နည်းစေရန် စသည်တို့ကို အားပေးကာ ဝါသီးနှံစျေးကွက်များအပေါ် သက်ရောက်မှုရှိသည့် မတော်တဆ ဖြစ်ရပ်များကို ဆွေးနွေးပွဲများ ပြုလုပ် လာနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသီးနှံ ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်လာစေရန် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးအစီအစဉ်များနှင့် ကြိုးပမ်းဆောင်ရွက်မှုများ၏ အရေးပါမှုကိုလည်း အထူးအသိအမှတ်ပြုထားပါသည်။
ဤဆုံးဖြတ်ချက်သည် ကူညီပေးသောနိုင်ငံများနှင့် အကူအညီပေးမှုကိုခံစားနေသော နိုင်ငံများကို ဝါသီးနှံဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီပေးသည့်လုပ်ငန်းများကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရန်နှင့် ဝါသီးနှံနှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းအခွင့် အလမ်းသစ်များ ဖန်တီးစေရန် အားပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် နည်းပညာတိုးတက်မှုများကို ဖြစ်ပေါ်စေခြင်း၊ ဝါသီးနှံဆိုင်ရာ နည်းပညာများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများအား စူးစမ်းလေ့လာရန် လုပ်ငန်းစဉ်များကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
နှစ်စဉ်ကျင်းပသော ကမ္ဘာ့ဝါသီးနှံနေ့အခမ်းအနားများသည် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် စိုက်ပျိုးရောင်းချသော ကမ္ဘာ့ကုန်စည်တစ်ခု အဖြစ် ဝါသီးနှံ၏ သမိုင်းဝင်အရေးပါမှုကို အသိအမှတ်ပြုရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးရာတွင် ဦးစားပေးအခန်း ကဏ္ဍအဖြစ် ရှုမြင်နိုင်မည်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေးကော်မတီ (International Cotton Advisory Committee- ICAC)၏ ပြောကြားချက်အရနှစ်စဉ်ဝါသီးနှံမှရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်ရောင်းဝယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (UNCTAD)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ(ITC)နှင့် အပြည်ပြည်ဆိုင်ရာ ဝါသီးနှံအကြံပေး ကော်မတီ(ICAC) တို့နှင့် ပူးပေါင်းပြီးစတင်ဆောင်ရွက်ခဲ့ကြပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ဆိုင်ရာအခမ်းအနားများကို ကျင်းပကြခြင်းဖြင့် ဝါသီးနှံထုတ်လုပ်ခြင်းနှင့် ကုန်သွယ် ရောင်းချ ခြင်းတို့နှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို အသိပညာပေး ရန်၊ WTO အဖွဲ့ဝင်များကို WTO နိုင်ငံများစွာပါဝင်သော ကုန်သွယ်ရေးဆွေးနွေး ပွဲများမှတစ်ဆင့် ပိုမိုဖွင့်လှစ်သော၊ ထိရောက်သော၊ ယှဉ်ပြိုင်နိုင်သော၊ တရားမျှတပြီး ယုံကြည်စိတ်ချရသည့် ဝါသီးနှံစျေးကွက်များ တည်ဆောက်ရာတွင် ကူညီပံ့ပိုးရန်၊ အထူးသဖြင့် အာဖရိကတိုက်ရှိ အဖွဲ့ဝင်နိုင်ငံများတွင် နည်းပညာအကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြင့် ခံနိုင်ရည်ရှိသော၊ စီးပွားရေးအရ လုပ်ထုံးလုပ်နည်းကောင်း များဖြင့် ဝါသီးနှံကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးကူညီပံ့ပိုးရန်၊ ဝါသီးနှံနှင့်အထည်ချုပ်လုပ်ငန်းများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖြေရှင်းနိုင်ရန် အစိုးရများနှင့် ပြည်သူ့လူမှုအဖွဲ့အစည်းများ၏ ထောက်ခံမှုရရှိစေရေး အထောက်အပံ့ ပေးရန်၊ ဝါဂွမ်းထွက်ကုန်များနှင့် ဝါ၏အခြားဘေးထွက် ပစ္စည်းများဖြစ်သည့်ဆီနှင့် အစားအစာများ၏ အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးခြင်းနှင့် သဘာဝအမျှင်များ ရေရှည်တည်တံ့ခိုင်မြဲစွာ ထုတ်လုပ်နိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို မြှင့်တင်ရေးအထောက်အကူဖြစ်စေရန် ဟူသည့်အချက်များရရှိစေရန် ရည်ရွယ်ကျင်းပကြပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့အခမ်းအနားများ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization- WTO) သည် ကော့တွန်-၄ (C-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးကမ္ဘာ့ဝါသီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ ကျင်းပခဲ့ချိန်မှစ၍ နှစ်စဉ်ကမ္ဘာ့ဝါသီးနှံနေ့ အခမ်းအနားကို ကျင်းပလျက်ရှိပါသည်။ ယင်းအခမ်းအနားသည် ပါဝင်တက်ရောက်သူများအတွက် အသိပညာ မျှဝေရန်၊ ဝါဂွမ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကို ပြသရန် အဓိကအခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့ဝါသီးနှံနေ့သည် ဝါ၏အရေးကြီးမှုနှင့် လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏ ပံ့ပိုးကူညီမှုများအား အသိပညာမြှင့်တင်ပေးသောကြောင့် အရေးကြီးပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ကို နှစ်စဉ်ကျင်းပကြခြင်းဖြင့် ဝါသီးနှံ၊ ဝါသီးနှံနှင့်ဆက်စပ်သော ထုတ်ကုန်များ၏ အရေးပါမှုကို အသိပညာပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဝါသီးနှံ၏အရေးပါသော အခန်းကဏ္ဍကိုပြသရန်၊ ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများအား ဝါသီးနှံထုတ်လုပ်မှုကဏ္ဍများမှ အကျိုးခံစားနိုင် စေရန်ဟူသော အကျိုးကျေးဇူးများရရှိ ခံစားနိုင်စေရန်ဖြစ်ပါသည်။
ဤအစီအစဉ်သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့်ဝါသီးနှံဆိုင်ရာ ထုတ်ကုန်များ၏ စျေးကွက်ဝင်ရောက်နိုင်မှု အခွင့်အလမ်းများကို တိုးတက်စေခြင်းနှင့် ဝါသီးနှံကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြားရှိ ဆက်စပ်မှုများကို မီးမောင်းထိုးပြသခြင်းများကို ဆောင်ရွက်ပေးရန် ရည်ရွယ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ကို အထိမ်းအမှတ်ပြု သတ်မှတ်ကြသည့် အကြောင်းရင်းများ
ဝါဖြင့် ရက်လုပ်သောအထည်သည်အထည်အလိပ်များနှင့် အဝတ်အထည်များတွင် အသုံးအများဆုံးအထည်များ ထဲမှတစ်ခုဖြစ်ပါသည်။ ၎င်းသည် အတော်သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းကာ တာရှည်ခံပါသည်။ ဝါသည်အမျှင်နှင့် အစားအစာနှစ်မျိုးလုံးကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော စိုက်ပျိုးရေးကုန်စည် ဖြစ်ပါသည်။ စားသုံးဆီ ထုတ်လုပ်နိုင်ပြီး ၎င်း၏အစေ့များကို တိရစ္ဆာန်အစာအဖြစ် ပြင်ဆင်ပြုလုပ်အသုံးပြုနိုင်ကာ ၎င်း၏ပင်စည်နှင့် အရွက်များကို လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ ဝါသီးနှံသည် အသုံးမဝင်သည့် အစိတ်အပိုင်း လုံးဝမရှိပါ။ ဝါဖြင့် ရက်လုပ်သောချည်ထည်များသည် ဓာတုအဝတ်အထည်များနှင့် မတူဘဲ လျင်မြန်စွာ ဇီဝရုပ်ကွဲသွားသောကြောင့် ပတ်ဝန်းကျင်နှင့် သဟဇာတရှိသော အရာဖြစ်သည်။ ဝါဂွမ်းကို အသုံးပြုခြင်းသည် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချစေရေးကို ကူညီပေးနိုင်ပါသည်။
ဝါသီးနှံသည် မိုးနည်းသော ရာသီဥတုတွင် ပေါက်ရောက်နိုင်ပြီးခြောက်သွေ့ပြီး မိုးနည်းသော ဒေသများတွင် ရှင်သန်နိုင် သော သီးနှံဖြစ်ပါသည်။ ဝါဂွမ်းသည် ကမ္ဘာ့ထွန်ယက်စိုက်ပျိုးနိုင်သော မြေ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းသာရှိသော်လည်း ၎င်းသည်အထည်အလိပ်လိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပါ သည်။ ဝါဂွမ်းကဏ္ဍသည် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ကျေးလက်ဒေသများတွင် အမျိုးသမီးများ အပါအဝင် အသေးစားလက်လုပ်လက်စားများနှင့် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ၏ အဓိကအရင်းအမြစ် ဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသီးနှံဖြစ်ပါသည်။ ဝါသည်ကမ္ဘာနှင့်အဝန်းရောင်းဝယ်ဖောက်ကားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။ ဝါဂွမ်းသည် တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ မိသားစုပေါင်း သန်း ၁၀၀ ကျော်ကို အကျိုးပြုသောကြောင့် နိုင်ငံအသီးသီး၏ အမျိုးသားစီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day) သည် အသိပညာပြန့်ပွားရန်နှင့် ဝါဂွမ်းနှင့်ပတ်သက်သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကိုပြသရန် အဓိကအခွင့်အရေး ဖြစ်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization)တွင် ဝါသီးနှံအပေါ် ဆွေးနွေးမှုများ
WTO တွင် ဝါသီးနှံသည် ၂၀၀၃ ခုနှစ် ကော့တွန်-၄ (C-4)မှ စတင်ခဲ့သော အစီအစဉ်အရ သီးသန့်ဆွေးနွေးသော ကုန်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ဤအစီ အစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ဝါသီးနှံကုန်သွယ်မှုကို လက်ခံမှုများစွာ ဖြစ်စေခြင်းနှင့် ကုန်သွယ်ရေး၊ ဝါသီးနှံနှင့် ဖွံ့ဖြိုးတိုးတက်မှုကြားရှိ ဆက်စပ်မှုများကို ထင်ဟပ်စေရန် ရည်ရွယ်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများမှ ဝါသီးနှံနှင့် ဝါသီးနှံဆိုင်ရာ ထုတ်ကုန်များအတွက် စျေးကွက်ဝင်ရောက်မှုကို တိုးတက်စေရန်နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စေရန်၊ ကုန်သွယ်ရေးကို ထိခိုက်စေသော စျေးကွက်များကို စနစ်တကျပြုပြင်ရန်လိုအပ်သော အစီအစဉ်များကို သွားရောက်ဆွေးနွေးခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသီးနှံကဏ္ဍအတွက် ဖွံ့ဖြိုးရေးအကူအညီများနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို စောင့်ကြည့်အားပေးခြင်းတို့ကို အဓိကထားဆွေးနွေးဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၌ ဝါသီးနှံကို တွန်းအားပေးမြှင့်တင်ခြင်း
ယခုအခါ နိုင်ငံတော်အကြီးအကဲသည် ဝါသီးနှံအထွက်တိုးရေးကိုတွန်းအားပေးဆောင်ရွက်လျက်ရှိကာ ပြည်ပချည် အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နေပါသည်။ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း) တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေများကို စီမံကိန်းဒေသအဖြစ် သတ်မှတ်၍ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာ့ဝါသည် သိသာထင်ရှားသော အလားအလာကောင်းများရှိပြီး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် အတူဝါဂွမ်းမှ အဆင့်မီအထည်အလိပ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ဝါကြိတ်စက်များ၊ ချညမျှင်နှင့် အထည်စက်ရုံများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်သွားခြင်းဖြင့် ဝါတန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
နိဂုံး
အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးထုတ်လုပ်ကာ ခေတ်မီအထည်အလိပ်များ ထုတ်လုပ်ခြင်းဖြင့် ဝါတန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံကို နေရာတစ်နေရာသို့ အရောက်ပို့ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အတွက် နိုင်ငံတော်က သွင်းကုန်အားကိုးမှုကို လျှော့ချရန်နှင့် ပြည်တွင်း အထည်အလိပ်လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ် ၍ ဝါအထွက်နှုန်းနှင့် အရည်အသွေး မြှင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး၊ ရေရှည်တည်တံ့သော အလေ့အကျင့်များနှင့် တိုးတက်သောနည်းပညာများကို အသုံးပြုခြင်းဖြင့် ဝါဂွမ်းထုတ်လုပ်မှုတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အားလုံးအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးရန်နှင့် ဝါနှင့် ချည်ထည်ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော တိုးတက်မှုကိုပံ့ပိုးကူညီရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နိုင်ငံအများအပြားတွင် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာ့ဝါသီးနှံကဏ္ဍတွင် ဝါစိုက်ပျိုးထုတ်လုပ်နေကြသော တောင်သူများမှစ၍ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ထုတ်လုပ်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအထိဝါတန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဂုဏ်ပြုရေးသားတင်ဆက်အပ်ပါသည်။
ကိုးကား
1. https://www.wto.org/english/tratope/agrice/wcd2021e.htm
2. https://www.wto.org/english/newse/news21e cott16sep 21e.htm
Source-www.moi.gov.mm
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့များကို မိမိနိုင်ငံ၏ရေကြောင်း ပထဝီဝင်အနေအထားအပေါ် မူတည်၍ ဖွဲ့စည်းထားကြသည်။ ကမ်းခြေစောင့်တပ် (Coast Guard)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပင်လယ်ပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပင်လယ်ပြင်ဆိုင်ရာ လုံခြုံရေးများကို အဓိက ကာကွယ်ရန်ဖြစ်သည်ဟု အကြမ်းဖျင်းမှတ်ယူရပါမည်။
မြန်မာနိုင်ငံသည် ကျယ်ဝန်းသည့် ပင်လယ်ပြင်ပိုင်နက်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါ ကမ်းရိုးတန်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာရှိသည်။ ထိုကျွန်းစုပေါင်း များစွာတည်ရှိသည့် ပင်လယ်ပြင်ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝကပေးအပ်ထားသော ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များစွာရှိပေသည်။ သို့အတွက် စီးပွားရေးအခွင့်အလမ်းများစွာရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်ကို ငြင်းဖွယ်ရာမရှိပေ။ သို့ကြောင့် နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ)အပြင် ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးတာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိရမည်ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းထားရှိရန်အတွက် အခြားကမ္ဘာ့နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ ဖွဲ့စည်းစာရင်းကောက်ပုံများကို အချိန်ယူလေ့လာရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ယခင်ကကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard) မရှိသည့်အတွက် ပိုင်နက်ပင်လယ်ပြင်နှင့်ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်တာဝန်များကို တပ်မတော်(ရေ)က ဆောင်ရွက်ခဲ့ရသည်။ ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် မြန်မာ့ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ပိုင်နက် ပင်လယ်ဇုန်များ၏ အချုပ်အခြာအာဏာနှင့်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍများကို အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိနေပြီ ဖြစ်သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ (Coast Guard)နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့၏ ကမ်းခြေစောင့်တပ် အကြောင်းကို လေ့လာလျှင် နိုင်ငံတစ်ခုချင်းစီ၏ ပထဝီဝင်အရ မရှိမဖြစ်ရှိရမည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ နိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် အထူးသတ်မှတ်ချက်အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ပင်လယ်ပြင်လုံခြုံရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြသည်။ နိုင်ငံအလိုက် အမည်၊ တာဝန်နှင့် လုပ်ဆောင်ချက်များ ကွဲပြားခြားနား ကြသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့ အားလုံးသည် မိမိနိုင်ငံ၏ ပင်လယ်နယ်မြေဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် တူညီသည့် ရည်မှန်းချက်ပင် ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ကမ်းခြေစောင့်တပ် (United State Coast Guard-USCG) တို့၏ ရည်မှန်းချက်တာဝန်များမှာ ပြည်တွင်းသင်္ဘောလမ်းကြောင်းအတွင်း လုံခြုံရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှု တားဆီးခြင်းနှင့် သဘာဝဘေးအန္တရာယ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ခြင်းဆိုသည့်အချက်များပင်ဖြစ်ပေသည်။ ထိုအဖွဲ့၏ ထူးခြားချက်မှာ အမေရိကန်တပ်မတော် အဖွဲ့အစည်းများအနက် တစ်ခုအဖြစ် လည်ပတ်ပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။ ဂျပန်ကမ်းခြေစောင့်တပ် (Japan Coast Guard-JCG)သည် ငါးဖမ်းနယ်မြေအတွင်း ဥပဒေအား ကာကွယ်ရေး၊ ရေငုပ်ခြင်းနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်ကူးမှုတားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်တို့ကို ဆောင်ရွက်ရသည်။
ဂျပန်နိုင်ငံသည် ပင်လယ်နယ်မြေများသည့် နိုင်ငံဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ရခြင်းပင်ဖြစ်သည်။ ထို့အတူ အိန္ဒိယကမ်းခြေစောင့်တပ် (Indian Coast Guard-ICG) သည် အိန္ဒိယ ပင်လယ်နယ်မြေများတွင် ဥပဒေစိုးမိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးခြင်းဆိုသည့် ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရသည်။ ICG ၏ ထူးခြားချက်မှာ အိန္ဒိယ၏ ကမ်းခြေအနီးရှိ ကျွန်းများနှင့် ပင်လယ်ဘေးကမ်းရိုးတန်း တစ်လျှောက်နယ်မြေများကို ထိန်းသိမ်း ရခြင်းပင်ဖြစ်သည်။
ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard)ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းပြီးဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ရေကြောင်းစီရင်ပိုင်ခွင့် အာဏာများ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေး လုပ်ငန်းများနှင့် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်၊ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ နိုင်ငံတကာ ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ရေကြောင်းအဖွဲ့အစည်းများနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ မြှင့်တင်ရန်နှင့် အရေးပေါ်အခြေအနေကာလတွင် တပ်မတော်(ရေ)အား အထောက် အကူပြုရန်ဆိုသည့် ရည်မှန်းချက်တာဝန်(၅)ရပ်ကို ထမ်းဆောင်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတော်အကြီးအကဲကအမြော်အမြင်ကြီးမားစွာဖြင့် ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော မြန်မာနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်သည်။ စတင်ဖွဲ့စည်းချိန်တွင် အမြန်သွား ကင်းလှည့်ရေယာဉ် နှစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်နှစ်စင်း၊ အရာရှိ ၃၃ဦး၊ စစ်သည် ၂၃၀ ဦး တို့ဖြင့် ဦးစွာဖွဲ့စည်းခဲ့ကြသည်။ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယခုအခါ (၃) နှစ်ပြည့်မြောက်ပြီ ဖြစ်ပေရာ တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံဆိုင်ရာများတွင် ယခင်ထက်ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးနေမည်ဖြစ်သည်။
မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် အခြားအိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများရှိ ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ထိုသို့ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်တစ်ဦးချင်း စဉ်ဆက်မပြတ် လေ့ကျင့်နေရန်ဖြစ်သည်။
ထိုသို့လေ့ကျင့်ရေးဆောင်ရွက်ခြင်းဖြင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ ယုံကြည်မှု၊ ကျွမ်းကျင်မှုများနှင့် ရေယာဉ်များ၏ စွမ်းပကားများကို အသုံးချနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လေ့ကျင့်သားပြည့်ဝမှု၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုတို့ဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့၏ ဆောင်ပုဒ် ဖြစ်သည့် “စောင့်ရှောက်ကာကွယ်ဒို့ပင်လယ်” ဟူသော ရည်မှန်းချက်ကိုလည်း အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဖြစ်သည်။၏
၂၀၂၁ခုနှစ်အောက်တိုဘာလ၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးကမ်းခြေစောင့်တပ်ဖွဲ့အား ကွပ်ကဲမှုဌာနချုပ်တစ်ခုနှင့်အမှတ်(၁)ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်စုအားစတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် ရုံးသစ်ဖွင့်ပွဲသို့ နိုင်ငံတော်အကြီးအကဲက တက်ရောက်ချီး မြှင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း “နောင်ရိုး စစ်ဆင်ရေး” အမည်ဖြင့် ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးတွင် လိုင်စင်မဲ့ရေယာဉ် နှစ်စင်း၊ တရားမဝင်ရေယာဉ် သုံးစင်း၊ ခိုးဝင် ဘင်္ဂါလီလှေ တစ်စင်း၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရေယာဉ်တစ်စင်း၊ သစ်မှောင်ခိုလှေ နှစ်စင်း၊ ကုန်တင် (ကုန်မဲ့) လှေသုံးစင်းနှင့် ဆီအညစ်အကြေး စွန့်ပစ်သည့် ကွန်တိန်နာရေယာဉ်တစ်စင်းတို့အား ဖမ်းဆီးရမိခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး အနေဖြင့် ရေဝင်တိမ်းစောင်း နစ်မြုပ်လျက်ရှိသည့် ကျားပိုက်ငါးဖမ်းလှေမှ ရေလုပ်သား ၂၂ ဦး၊ ကြိုးပြတ်၍ ရေမျောနေသည့် ကျားဖောင်ရေလုပ်သားသုံးဦးနှင့် ရေဝင်နစ်မြုပ်နေသည့် ဒေသခံချွန်းလှေမှ ရေလုပ်သား သုံးဦးတို့အား အသက်ဘေးမှ ကယ်ဆယ်နိုင်ခဲ့သည်။ ထို့ပြင် လေ့ကျင့်ရေးနှစ် များအလိုက် ပြည်ပနိုင်ငံများသို့ အရာရှိ၊ စစ်သည် ၅၅ ဦးတို့အား ပညာတော်သင်စေလွှတ်နိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေး အနေဖြင့် ဒေသတွင်း နိုင်ငံများ၏ ကမ်းခြေစောင့် တပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် အာဆီယံအဖွဲ့အစည်းတို့ဖြင့် တွေ့ဆုံညှိနှိုင်းခြင်း၊ Virtual စနစ်ဖြင့် အစည်းအဝေး တက်ရောက်ခြင်းတို့အား နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်ကမ်းခြေစောင့် တပ်ဖွဲ့၏ သဘောသဘာဝအရ မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံတကာ ရေယာဉ်များအား စစ်ဆေးကြပ်မတ် ထိန်းသိမ်းရခြင်း၊ နိုင်ငံတကာကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရခြင်းတို့ကြောင့် ရေကြောင်းဆိုင်ရာ ဥပဒေပညာရပ်များအား စစ်ဘက်/နယ်ဘက် တက္ကသိုလ်များတွင်လေ့လာသင်ယူစေခြင်းတို့အပြင်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သည် နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာ ကာလအတွင်း သတ်မှတ်လုပ်ငန်း တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်ထားသည့် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်အခမ်းအနား ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့(Myanmar Coast Guard)တွင် ကမ်းလွန်ကင်းလှည့် ရေယာဉ်တစ်စင်း၊ အမြန်သွား ကင်းလှည့်ရေယာဉ် ခုနစ်စင်း၊ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ် ငါးစင်း၊ တွဲဆွဲ ရေယာဉ်တစ်စင်းနှင့် ရှာဖွေ ကယ်ဆယ်ရေး ကင်းလှည့်ရေယာဉ်လေးစင်း စုစုပေါင်း ၁၈ စင်းတို့ဖြင့် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိပေသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည်ဟူသည့် နဂိုအရင်းခံစိတ်ဓာတ်ကောင်းများဖြင့် ဝင်ရောက်အမှုထမ်းသူများဖြစ်ကြသည်။ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ရှိရင်းစွဲစိတ်ဓာတ်ကောင်းများကို အခြေခံ၍ မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်”ဟူသော ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ကိုမြှင့်တင်ကြရမည်ဖြစ်သည်။မြန်မာ့ပင်လယ်ပြင်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်သည့်စွမ်းရည်ထက်မြက်သော စံပြကမ်းခြေစောင့်တပ်ဖွဲ့အဖြစ်ထာဝရရပ်တည်နိုင်ပါစေကြောင်းဆုမွန်တောင်းရင်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုရေးသားအပ်ပါသည်။ ။
Source-www.moi.gov.mm
အောက်တိုဘာလ ၁ ရက် ညခင်းပိုင်းမှာ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်လိုက်တာ အားလုံးအသိပါပဲ။ ဒီလိုတိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာမှာကို ကြိုတင်တွက်ဆထားခြင်း မရှိတဲ့အတွက် မမျှော် လင့်သောဖြစ်ရပ်ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါတောင်မှ အီရန်က ဒုံးကျည်တွေနဲ့ မပစ်ခတ်မီ ဒီလိုလုပ်ဖို့အစီ အစဉ်ရှိနေတယ်လို့ အမေရိကန်က အစ္စရေးကိုသတိ ပေးခဲ့ပါသေးတယ်။ အစ္စရေးစစ်ဘက်က လက်ဘနွန် နိုင်ငံတောင်ပိုင်းကိုဝင်ရောက်ပြီး အကန့်အသတ်ဖြင့် မြေပြင်စစ်ဆင်ရေးကိုစတင်တယ်လို့ကြေညာပြီး ၂၄ နာရီမပြည့်မီမှာပဲ အမေရိကန်ကသတိပေးလိုက်တာ
ပါ။ နောက်ဆုံးမှာတော့ အမေရိကန်ရဲ့သတိပေးချက်က အမှန်တကယ်ဖြစ်လာပြီး အီရန်ကအစ္စရေးကို ဒုံးကျည်အစင်းပေါင်း ၄၀၀ လောက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီထဲမှာ အသံနှုန်းလွန်ဒုံးကျည်တွေ လည်းပါဝင်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပါတယ်။
အီရန်ဘက်က အခုလိုတိုက်ခိုက်ခြင်းဟာ အစ္စရေး လက်ချက်ကြောင့်သေဆုံးသွားရတဲ့ အီရန်တာဝန်ရှိ သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ ထိပ်တန်းခေါင်း ဆောင်တွေအတွက် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အခုလို ပစ်ခတ်ပြီးနောက် လက်တုံ့ပြန်မှု ပြီးသွားပြီလို့ ပြောပါတယ်။ အကယ်၍များ အစ္စရေးဘက်က အခုလိုတိုက် ခိုက်မှုအပေါ် ပြန်ပြီး လက်တုံ့ပြန်မယ်ဆိုရင် အခုထက် ပိုဆိုးတဲ့ အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး အီရန်ရဲ့ လက်သံပြောင်လှတဲ့ အစ္စလာမ်မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့ကထုတ်ပြန်လာပါတယ်။ ဒီထုတ် ပြန်ချက်ကိုကြည့်ရင် တစ်ဖက်သားကိုတော်တော် လေးမခံချိမခံသာဖြစ်စေမှာပါ။ ဒါကြောင့်ပဲ အစ္စရေးက သူတို့သတ်မှတ်ထားတဲ့ အချိန်ကျရင် အီရန်အပေါ် တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
အမေရိကန်တာဝန်ရှိသူတွေက Washington Post သတင်းဌာနကို ပြောထားတာတချို့လည်းရှိပါသေး တယ်။ ဘာလဲဆိုတော့ အီရန်က အောက်တိုဘာလ ၁ ရက်မှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် လည်း အစ္စရေးနဲ့တော့ စစ်ပွဲကြီးဖြစ်ပွားမှာကိုမလို လားဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကလည်း အစ္စရေးကိုကြီးကြီးမားမားလက်တုံ့ပြန်တိုက် ခိုက်မှုမလုပ်ဖို့ တိုက်တွန်းသွားဖွယ်ရှိနေတယ်ဆိုပြီး သတင်းဌာနကဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမဲ့ Bloomberg သတင်းဌာနကတော့ အခုအီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ ဧပြီလအတွင်းက သူတို့လုပ်ခဲ့တဲ့ တိုက်ခိုက်မှုထက် များစွာပိုကြီးတာကြောင့် အီရန် ဟာ အမှားအကြီးကြီးကို ကျူးလွန်လိုက်ပြီလို့ဆိုပါ တယ်။ ဒါ့အပြင် အီရန်ရဲ့အခုတိုက်ခိုက်မှုဟာ သူတို့ရဲ့ အားနည်းချက်ကိုဖော်ပြနေကြောင်းနဲ့ သိသာထင်ရှားတဲ့ လက်တုံ့ပြန်မှုကိုပြသနိုင်တဲ့ စွမ်းရည်နဲ့ရည်မှန်း ချက်နည်းပါးနေတာကြောင့် စက္ကူကျားတစ်ကောင် မျှသာဖြစ်တယ်လို့ကို ပြောထားပါသေးတယ်။
အစ္စရေးဟာ ဒေသတွင်းမှာ တော်တော်လေး လက်သံပြောင်တဲ့ အနေအထားမှာ ရှိပါတယ်။ သူ့ကို တစ်ချက်ထိရင် ၁၀ ချက်ပြန်လုပ်လိုက်ရမှ ကျေနပ်တဲ့သူမျိုးပါ။ ဒီလိုအခြေအနေ တွေကြောင့်လည်း သူ့ရဲ့ပတ်ဝန်းကျင်မှာ ရန်သူတွေပိုပြီးဝိုင်းလာတာဖြစ်ပါတယ်။ ရန်သူတွေပိုဝိုင်းလေ သူကပိုပြီး လက်သံပြောင်ပြလေနဲ့ မပြီးဆုံးနိုင်တဲ့ သံသရာကြီးထဲမှာ ရှင်သန်နေသလိုပါပဲ။ အခုလည်း အီရန်ကသူတို့ရဲ့ ဧပြီလ တိုက်ခိုက်မှု အပြီးမှာ အစ္စရေးအနေနဲ့ အခြေအနေတွေကို တင်းမာမှု ပိုကြီးလာအောင်မလုပ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် နောက်တစ်ကြိမ်လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုက အခု ထက်ပိုမိုပြင်းထန် လာလိမ့်မယ်လို့ သတိပေးထားပြီးသားပါ။ ဒါကြောင့် အခုအောက်တိုဘာလ ၁ ရက်မှာ လုပ်တဲ့ အီရန်တို့ရဲ့တိုက်ခိုက်မှုက အံ့ဩစရာ မရှိသလို အထူးအဆန်းလည်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ မိမိတို့အနေနဲ့ ပိုမိုသတိထားပြီး စောင့်ကြည့်ရမယ့်အရာ တစ်ခုက အီရန်နဲ့အစ္စရေးတို့ကြားမှာ မီးကုန်ယမ်းကုန် စစ်ပွဲကြီးဖြစ်ပွားလာလေ မလားဆိုတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေ မဖြစ်လာစေချင်တဲ့ အီရန်ဟာ စီးပွားရေးဘက်လှည့်ကာ အနောက်အုပ်စုနဲ့ဆွေး နွေးမှုတွေ ပိုလုပ်သွားဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ သူမျှော်လင့်တာက အနောက်အုပ်စုနဲ့ဆက်ဆံရေးပြန် အဆင်ပြေပြီး ဒေသတွင်းမှာ တင်းမာမှုတွေလျော့ကျ သွားစေဖို့ပါ။ ဒါပေမဲ့လည်း အခြေအနေကမပေးလာ ပါဘူး။ လက်ရှိဖြစ်လာတဲ့ အနေအထားကိုကြည့်ရင် အီရန်အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ကောင်းတစ်ခုကို တည်ဆောက်မှုထက် သူ့ရဲ့ဂုဏ်သတင်းချ နင်းမခံရစေရေးကို အဓိကဦးစားပေးလိုက်ရ ဖွယ်ရှိပါတယ်။ အကြောင်းရင်းက အစ္စရေးဟာ အီရန်နိုင်ငံထဲ အထိဝင်ပြီး အီရန်ရဲ့မဟာမိတ်ခေါင်းဆောင် တစ်ဦးကို ချေမှုန်းပြလိုက်လို့ပါပဲ။
ဒီလိုမျိုးတွေဖြစ်လာတဲ့အပေါ်မှာ အနောက်အုပ်စု ကကြားဝင်ဖျန်ဖြေပေးတာမျိုး၊ တင်းမာမှုတွေလျော့ ကျအောင်ဆောင်ရွက်ပေးတာမျိုး မရှိရုံမျှသာမကဘဲ အစ္စရေးကိုစစ်လက်နက်ပစ္စည်းတွေ ထပ်ရောင်းပေး လိုက်ပြန်ပါတယ်။ ဒါကြောင့် ဒေသတွင်းမှာစစ်ပွဲကြီး တစ်ခုဖြစ်လာခဲ့ရင် ဒီအခြေအနေဟာ အနောက်အုပ်စုရဲ့ ပယောဂမကင်းဘူးလို့ ဆိုရပါလိမ့်မယ်။ ဒီတော့စစ်ပွဲကြီးဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် အစ္စရေးကအီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှု သေချာပေါက်လုပ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အီရန်ဟာကန့်သတ်မျဉ်းကို ကျော်လွန်သွားပြီလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုပြောထားလို့ပါ။ ဒီလိုပြောခြင်းဟာ သွယ်ဝိုက်သောနည်းနဲ့ အီရန်အပေါ် စစ်ကြေညာလိုက်တာဆိုပြီး ယူဆနိုင်ပါတယ်။ ဒါဆိုရင် အစ္စရေးအနေနဲ့ စစ်မျက်နှာနှစ်ဖက် ဖွင့်တဲ့စစ်ပွဲကြီးတစ်ပွဲကို ကောင်းစွာ ကိုင်တွယ်နိုင်မှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဟားမက်တို့က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အစ္စရေးဓားစာခံတွေကို ခေါ်သွားတာဟာ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။ လက်ရှိအချိန်အထိလည်း ဓားစာခံအများအပြားဟာ ဟားမက်လက်ထဲ မှာရှိနေတုန်းပါပဲ။ အစ္စရေးအနေနဲ့ ဟားမက်အဖွဲ့နဲ့ ဟစ်ဇဘိုလာအဖွဲ့တို့ရဲ့ခေါင်းဆောင်များကို ချေမှုန်း နိုင်သည်အထိ စစ်ဆင်နွှဲထား နိုင်သော်လည်း ဒီအဖွဲ့တွေအပေါ်မှာ အောင်ပွဲမရသေးဘူးလို့ပြောရပါလိမ့် မယ်။ ဟားမက်နဲ့ ဟစ်ဇဘိုလာဆိုတာ နိုင်ငံရေးအရ သာပူးပေါင်းတာမဟုတ်ဘဲ သဘောတရားရေးရာက လည်း အတူတူပဲ ဖြစ်နေပါတယ်။ သဘောတရားရေးရာတစ်ခုကို အနိုင်ယူဖို့ ဆိုတာက တော်တော်လေးကို ခက်ခဲပါတယ်။ အထူးသဖြင့် သူတို့နောက်ကွယ်မှာ ထောက်ပံ့မှု ကြီးကြီးမားမား ရှိနေတယ်ဆိုရင်ပေါ့။
ဘယ်လိုအခြေအနေမျိုးမှာမဆို အီရန်နဲ့အစ္စရေးတို့ကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ကမ္ဘာပျက်သွားစေမှာ အမှန်ပါပဲ။ အစ္စရေးက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားတယ်။ စစ်အင်အား တောင့်တင်းတယ်။ ဒီအချက်တွေ ကအီရန်အတွက်တော့ ကြီးစွာသောရန်သူဖြစ်စေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း သူတို့နှစ်ဦးကြားမှာ စစ်ဖြစ်ရင် မမျှော်မှန်းနိုင်တဲ့နောက်ဆက်တွဲအကျိုး ဆက်တွေအထိ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အီရန်အနေနဲ့ ပြည်ပစစ်ဆင်နွှဲရမယ်ဆိုရင် နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ ပိုမိုများပြားလာပါလိမ့်မယ်။ ဒီလိုမျိုး အခြေအနေကလည်း စစ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတဲ့ အပေါ်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြေအနေတစ်ခုပါ။ ပြိုင်ဘက်နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့ ဒီလို အခြေအနေအပေါ် အခွင့်ကောင်းယူပြီး အီရန်အစိုးရအပေါ် အပြစ်တင်ဝေဖန်မှုတ ွေလုပ်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် အီရန်စစ်သည်တွေဟာ အရှုံးနဲ့ရင်ဆိုင်လာရနိုင်ပါတယ်။
စစ်ပွဲတစ်ပွဲကို ဆင်နွှဲတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အချက်က ဘဏ္ဍာရေးအခြေအနေပါ။ ရေတိုစစ်ပွဲမှာ အင်အားသာလွန်သူက အနိုင်ရနိုင်ပေမယ့် ရေရှည်စစ်ပွဲဖြစ်ပွားရင် စီးပွားရေးတောင့်တင်း သူကသာ အနိုင်ရပါလိမ့်မယ်။ လက်ရှိမှာ အီရန်နိုင်ငံအနေနဲ့ စီးပွားရေးအင်အားတောင့်တင်းမှုသိပ်မရှိလှ ပါဘူး။ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ရေနံကနေရရှိတဲ့အမြတ်နည်းလာတာတွေကြောင့် စီးပွားရေး အခြေအနေက မလူးသာမလွန့်သာ အခြေအနေပါ။ ဒါကြောင့် စစ်ဖြစ်ရင် အီရန်ရင်ဆိုင်နေရတဲ့ စီးပွားရေးဒုက္ခက ပိုကြီးလာပါလိမ့်မယ်။
နောက်ဆုံးထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုက အိမ်နီးချင်းနိုင်ငံများမှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှ သောအခြေအနေတွေပါ။ လက်ရှိမှာဆိုရင် ဒေသတွင်း ပဋိပက္ခက စစ်မျက်နှာအစုံမှာ ဖြစ်ပွားနေတာပါ။
ပါလက်စတိုင်းနဲ့ ယီမင်တို့ဆီကနေလည်း အချက်ပေးသံ တွေမြည်လာနေတဲ့အတွက် စစ်ပွဲကြီးတစ်ပွဲကတော့ မလွှဲမရှောင်သာဖြစ်လာရမယ့်အခြေအနေရှိပါတယ်။ အဲဒီစစ်ပွဲမှာ ဆီးရီးယား၊ အီရတ်နဲ့ ပါရှန်းပင်လယ်ကွေ့ နိုင်ငံတချို့သာမက တူကီယဲနဲ့ပါကစ္စတန်လိုနိုင်ငံ တွေကလည်းပါဝင်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာ ခဲ့ရင် စွမ်းအင်ဈေးကွက်အပေါ် အကြီးအကျယ်ထိခိုက်ပြီး စီးပွားရေး မတည်ငြိမ်မှုတွေက ပိုမိုကြီးထွားလာနိုင်ပါတယ်။
အရှေ့အလယ်ပိုင်း အရေးကိစ္စပြောဆိုရာမှာ မပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အမေရိကန်သမ္မတရွေးကောက် ပွဲပါ။ လက်ရှိအမေရိကန်အစိုးရက အခုဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် သိပ်အာရုံမစိုက်နိုင်ပါဘူး။ အကယ်၍များ ရွေးကောက်ပွဲမှာဒေါ်နယ်ထရမ့်အနိုင်ရပြီး အစ္စရေးဘက်ကနေ ထောက်ပံ့မှုတွေပိုပြီးပေး လိုက်တယ်ဆိုရင် အီရန်ကိုစစ်ပွဲထဲထည့်ချင်နေတဲ့ အစ္စရေးအတွက် အခွင့်ကောင်းကြီး တစ်ခုဖြစ်သွားနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုမျိုးပဲ အီရန်ကတော့ စစ်ပွဲကိုတတ်နိုင်သမျှရှောင်မှာပါ။ ဒါပေမဲ့မတတ်နိုင်တဲ့အဆုံးမှာ အီရန်သည်လည်း အစ္စရေးနဲ့စစ်ပွဲဆင်နွှဲ မှုကိုမဖြစ်နေ လုပ်လာရပါလိမ့်မယ်။ အဲဒီစစ်ပွဲသည်လည်း မီးကုန်ယမ်းကုန်စစ်ပွဲကြီး ဖြစ်လာပါလိမ့်မယ်။
သေချာတာ တစ်ခုကတော့ ဒီစစ်ပွဲမှာ ပါဝင်သူအားလုံး အရှုံးနဲ့သာ ရင်ဆိုင်ရမှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
Ref: RT
Source-Myawady Webportal
(ယမန်နေ့မှအဆက်)
(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ
ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသော ဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသော သာဓကများပါ။ ပညာရည်မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံ အတွေးအခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန် မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက် တွေးတတ်၊ မြော်မြင်တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့် နိုင်သည့်သူများက ကျောင်းဆရာများပါပဲ။
ထိုသို့ ကမ္ဘာ၌ ပညာမဲ့မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိသည့်သူများမှာ “ကျောင်း ဆရာ” များဆိုတာ အသိအမှတ်ပြုပြီး ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့လေးဖွဲ့က အောက်တိုဘာလ ၅ ရက် ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာများက ကျောင်းဆရာများ ဖြစ်သည်ဟု ခံယူထားကြလို့ပါ။
လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေးနှင့် တရားမျှတမှုများ လွှမ်းမိုးရေးမှာ ကျောင်းဆရာများက လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ်များ၏ လူမှုပြဿနာအဝဝကို ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားပေါ် မှီတည်နေပါသည်။ ကျောင်းဆရာများက ခေတ်အဆက်ဆက်တွင် ပြည်သူများကို “အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင် ပေးရင်း လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု (ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူတွေပါ။” ကျောင်းဆရာသည် တပည့်များကို လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားတွေ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နေကြသူများပါ။
(စ) ဒီမိုကရေစီအရည်အသွေးပြည့် နိုင်ငံသားတွေ မွေးထုတ်ပေးနေသူများ
မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီရှင်သန်ဖို့ အလေးပေးနေသည့် အချိန်တွင် ကျောင်းဆရာက ဒီမိုကရေစီ၏ “စိတ်ထား” ၊ “စံ”၊ “အကျင့်” များကို မျိုးဆက်သစ်များတွင် ကြွယ်ဝနေအောင် မလွဲမသွေ လေ့ကျင့်ပေးရပါလိမ့်မည်။ ထိုသို့ လေ့ကျင့်ရာတွင် တပည့်များကို သည်းခံစိတ်ရှိအောင်၊ ကိုယ်နှင့် အမြင်မတူသောသူများအပေါ် နားလည်စာနာမှု ထားတတ်အောင် လေ့ကျင့်ပေးနိုင်ရပါမည်။ သို့မှသာ ငါသာအမှန်ဟူသော အယူမှား ဒိဋ္ဌိမာနတို့ကို လျှော့ချနိုင်ပြီး တစ်ဖက်သားကို နားလည် ပေးနိုင်သူ၊ စာနာစိတ်ရှိသူများ အနာဂတ်လူ့ဘောင်တွင် ပေါကြွယ်ဝနေပါမည်။ ထိုသူများကသာ လူ့ဘောင်ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်လို့ပါ။
တပည့်များကို ဘဝနောက်ခံမတူ၊ ကွဲပြားသူများနှင့် ဘုံရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်း အလုပ်လုပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းကောင်စီဖွဲ့စည်းပြီး အတန်းအကျိုး၊ ကျောင်းအကျိုးသယ်ပိုးနိုင်စွမ်းရှိသူ ကျောင်းသား ကိုယ်စားလှယ်ကောင်းကို ရွေးချယ်တတ်သော အလေ့အကျင့်ကောင်းများရအောင် ဖန်တီးပေးရပါမည်။ အသင်းစွဲ၊ အတန်းစွဲ၊ ကျောင်းစွဲမှသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေခြင်းမှ ကင်းနိုင်သမျှကင်းအောင် ရှောင်ရှားနိုင်ပြီး မျိုးဆက်သစ်များကို ယထာဘူတကျကျ တွေးခေါ်တတ်အောင် သင်ကြားလေ့ကျင့် ပေးရန် ကျောင်းဆရာတွေမှာ အဓိကတာဝန်ရှိပါသည်။
ပါတီ၊ အဖွဲ့အစည်း၏ အထက်တွင် နိုင်ငံရှိသည်ဆိုတာနှင့် နိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာတည်မြဲမှုက ပါတီတိုင်းတွင် တာဝန်ရှိပြီး ယင်းကို ထိန်းသိမ်းရန် အရေးကြီးကြောင်း မဖြစ်မနေသင်ကြားပေးရပါမည်။ အငြင်းပွားစရာ ကိစ္စများ ပေါ်ပေါက်လာလျှင် ကျောင်းဆရာက အဂတိတရားကင်းကင်းဖြင့် သမာသမတ်ရှိရှိ အဖြေရှာပေးခဲ့ရပါမည်။ ကျောင်းဆရာ၏ တွေးခေါ် စဉ်းစားချဉ်းကပ်ပုံမှာ သိပ္ပံနည်းကျရမည်၊ ဓမ္မဓိဋ္ဌာန် ဖြစ်ရပါမည်။ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ကင်းရှင်းစွာ သင်ပေး၊ အဖြေရှာပေးပြီး အဆိုပါ တရားလေးပါးကင်းစွာ ပြုမူနေထိုင်တတ်သူဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံသားကောင်း၏ အကျင့်နှင့် လက္ခဏာပါ။
မြန်မာတို့၏ ပန်းတနော် အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန့်က “ကျောင်းတွင်း ဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ကြီးသာလျှင်ဖြစ်၏”ဟူ၍ ခေတ်ကိုကြိုမြင်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ကျောင်းတွင်း ဒီမိုကရေစီမှသည် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆီသို့ ကြွားဝင့်စွာ ချီတက်နိုင်အောင် ဦးဆောင်လမ်းပြနေသူများကား ကျောင်းဆရာများပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာလမ်းတွင် ခလုတ်တံသင်း ကင်းဝေး အောင် ကြိုးပမ်းမည့်သူများက ကျောင်းဆရာများပင် ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုသည်ကို ကျောင်းဆရာများ က လေးနက်စွာခံယူပြီး မိမိကိုယ်တိုင်ကလည်း လက်တွေ့ကျင့်သုံးနေမှသာ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းလည်း ဖြောင့်ဖြူးသာယာပါလိမ့်မည်။
(ဆ) ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်နေသူများ
ခေတ်အဆက်ဆက် တည်တံ့ခဲ့သည့် ပညာရေး၏ ရည်ရွယ်ချက်နှစ်ချက်မှာ-
(က) လူမျိုးတိုင်းက မိမိ၏ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ် စောင့်ရှောက်တတ်မှုရှိအောင် လေ့ကျင့်ပေးရန်၊
(ခ) နောက်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော အမွေအနှစ်များ လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုသည့် ခံယူချက်ရှိသူများ မွေးထုတ်ပေးရန်...တို့ ဖြစ်ပါသည်။
“ဘိုးဘွားအမွေစစ်” အဓိပ္ပာယ်အစစ်အမှန်ကို ကျောင်းဆရာများက တပည့်မျိုးဆက်သစ်များကို ရှင်းပြ၊ သင်ပြပေးရပါမည်။ ပြီးတော့ ဘာကြောင့် ထိုအမွေကို ချစ်ထိုက်၊ မြတ်နိုးထိုက်ပြီး မပျောက် ပျက်အောင် ထိန်းသိမ်းရမည့် တာဝန်ရှိကြောင်းကိုပါ သင်ပေးရပါမည်။ ထိန်းသိမ်းရုံနှင့်တင် မပြီးသေးပါ။ မိမိလက်ခံရရှိသော ဘိုးဘွားအမွေအနှစ်များကိုလည်း သားစဉ်မြေးဆက်၊ ချစ်ထိုက်၊ မြတ်နိုးထိုက်၊ ကာကွယ်ထိုက်သည့်အဖြစ်မျိုး ရောက်အောင် မြှင့်တင်ပေးရမည်ဆိုသည့် ခံယူချက်ရှိလာသည်အထိ လေ့ကျင့်ပေးရမှာပါ။ ထို့နောက်မှာတော့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိကြောင်းကိုပါ သင်ကြားပေးရန် လိုပါသည်။
ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ သယံဇာတများသာ မကပါ။ မိမိလူမျိုး၏ စံထားအပ်သော မြင့်မားသည့်စိတ်ထားများ (သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်၊ သူများထက် နိမ့်ကျတာမခံချင်စိတ်၊ မိမိအမျိုးကိုမြှင့်တင်လိုစိတ်၊ မိမိလူမျိုးကို ဂုဏ်ယူတန်ဖိုးထားစိတ်၊ ရိုးသားမှုကို ဂုဏ်ယူစိတ်၊ မတရားမှုကိုရွံမုန်းစိတ်) ပြီးတော့ နိုင်ငံလွတ်လပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် မိမိလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ၊ ရိုးရာဓလေ့များ အားလုံးသည်လည်း မိမိတို့ ဘိုးဘွား များဆီကရခဲ့သည့် မည်သို့မျှ ၊ မည်သူမှ တန်ဖိုးဖြတ် နိုင်စွမ်းမရှိသည့် အမွေအစစ်များ ဖြစ်ပါသည်။
အဆိုပါအမွေအစစ်၏ တန်ဖိုးများကို ကျောင်းဆရာကိုယ်တိုင်က နားလည်၊ သိရှိ၊ တန်ဖိုးထားပြီး မိမိ၏ တပည့်များဆီကို လက်ဆင့်ကမ်းပေးရမှာပါ။ ပြီးတော့ ယခု ခံစား၊ စံစားနေသည့် ဘိုးဘွားများ၏ အမွေအားလုံးသည် သူတို့၏ အသက်၊ သွေး၊ ချွေး၊ အမြော်အမြင် ကြီးမားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခဲ့ကြလို့ရခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် အသက်သွေးနှင့်ပေးပြီးမှ ဖြစ်ထွန်းလာသည့် အမွေအစစ်မှာ တိကျသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်း ခြင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခြင်းဆိုသည့် အသီးအပွင့်များကိုရရှိပြီး ယခုမျိုးဆက်များက အဆိုပါအမွေကို သခင်နိုင်ငံသားများအဖြစ် မြိန်ရေရှက်ရေ စားသုံးနေရပါသည်။ ဘယ်သူ့အတွက် ဘိုးဘွားများက ဆောင်ရွက်ခဲ့တာလဲဆိုရင် နောင်မျိုးဆက်များအတွက်ပါ ဆိုတာကိုလည်း ထင်ရှားအောင် သင်ပေးရပါမည်။
အဆိုပါ ဘိုးဘွားအမွေအစစ်များ ပျောက်ကွယ်သွားခဲ့လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံး၊ အချုပ် အခြာအာဏာလည်း ကွယ်ပျောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ကာ ပြည်ထောင်စုနိုင်ငံ ဆိုတာပါ ပျက်သုဉ်းပြီး ကျွန်ဘဝသို့ ပြန်လည်ရောက်သွားနိုင်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုးဟု အသိအမှတ်ပြုနိုင်သော ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာများလည်း ကွယ်သွားလျှင် မျိုးဆက်သစ်များကို ဘာလူမျိုးရယ်လို့သတ်မှတ်၍ မဖြစ်တော့သည့်အတွက် လူမျိုးပါ ပျောက်ကွယ်သွား နိုင်ပါသည်။ ထိုဘဝမျိုးမရောက်အောင် ဘိုးဘွား အမွေစစ်ကို မဖြစ်မနေ ထိန်းသိမ်းသင့်ကြောင်း သင်ပြရမှာပါ။
ဘိုးဘွားများ ထိန်းသိမ်းကာကွယ်ကာ ချန်ထား ခဲ့သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များသည် ယခုမျိုးဆက်တစ်ဆက်တည်းအတွက်သာ သုံးစွဲရန်မဟုတ်ကြောင်းနှင့် နောင်မျိုးဆက်များ၏ဘဝ ပြည့်စုံကောင်းမွန်ရေးအတွက်ပါ ရည်ရွယ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုသလောက်သာ သုံးစွဲသင့်ကြောင်း၊ အလွန်အကျွံသုံးစွဲမှုမျိုးကို ရှောင်ရှားသင့်ကြောင်း၊ နောင်မျိုးဆက်သစ်များ သုံးစွဲရန် မဖြစ်မနေချန်ထားသင့်ကြောင်း၊ ဘိုးဘွား များ ထားခဲ့သော ရေ၊ မြေ၊ တော၊ တောင်သဘာဝများကို ပျက်စီးစေမှုမှ ရှောင်ရှားသင့်ကြောင်း၊ မရှောင်ရှားခဲ့ပါက ရာသီဥတုဖောက်ပြန်မှုနှင့် ရေ၊ မြေ၊ လေထုညစ်ညမ်းမှုကြောင့် သဘာဝဘေးဒဏ် အမျိုးမျိုးကို ခံရနိုင်ကြောင်း စသည့်ဆိုးကျိုးများကို သိရှိပြီး အလေးထားတတ်အောင် သင်ပေးရပါမည်။
သို့မှသာ ဘိုးဘွားအမွေအစစ်ကို မြတ်နိုးထိန်းသိမ်းနိုင်ပါမည်။ နောင်မျိုးဆက်များအားလည်း ချစ်တတ်၊ မြတ်နိုးတတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ပြီး နောက်မျိုးဆက်သစ်များ အတွက် “အမွေကောင်း၊ အမွေမြတ်” အား လက်ဆင့်ကမ်းပေးရမည်ဆိုသည့် စိတ်ထားနှင့် လက်ဆင့်ကမ်းပေးနိုင်သော ခွန်အားများ ပြည့်စုံအောင်သင်ပေး၊ လေ့ကျင့်ပေးရပါမည်။
ငါတို့ဟာ “မြန်မာ”နှင့် ငါတို့ဟာ “မြန်မာနိုင်ငံသား”ပါ
နိုင်ငံသားတိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါကြီးမားသည့် နိုင်ငံဖျက်၊ အမျိုးဖျက် အန္တရာယ် ၇ သွယ်ကို ကြံ့ကြံ့ခံတွန်းလှန်ကာကွယ်နိုင်မည့် အရင်းခံအကြောင်းတရားမှာ ကျောင်းဆရာများတွင်ရော သူတို့က လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ် နိုင်ငံသားတိုင်းမှာပါ “အမျိုးသားရေး ကိုယ်ခံစွမ်းအား” ကြွယ်ဝနေဖို့ပါပဲ။ တကယ်တော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘိုးဘွားများ လက်ဆင့်ကမ်းပေးခဲ့သည့် (နိုင်ငံတည်မင်းသုံးပါး- အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားနှင့် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းပေးခဲ့သည့် ခေါင်းဆောင်ကြီးများ) မိမိလူမျိုး၊ မိမိမြေ၊ မိမိတိုင်းပြည်၏ ကြွယ်ဝမှုတို့ကိုချစ်ပြီး ကာကွယ်နေရန် အဆင့်လောက်နှင့် မလုံလောက်သေးပါ။
မျိုးဆက်တိုင်းသည် “မိမိမြေ၊ မိမိနိုင်ငံနှင့် မိမိပြည်သူများက သားစဉ်မြေးဆက် ချစ်ထိုက်၊ မြတ်နိုးထိုက်သည့်မြေ၊ နိုင်ငံနှင့် လူမျိုးဖြစ်အောင်လည်း စွမ်းဆောင်နိုင်စွမ်းရှိရပါမည်”။ ဆိုလိုသည်မှာ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်မြင့်မားအောင် စွမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေမှသာလျှင် အမျိုးကိုအမှန်တကယ် ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပါ။
ငါတို့ဟာ “မြန်မာ” “မြန်မာနိုင်ငံသား” “မြန်မာ့ မြေမှာ မွေးဖွားခွင့်၊ ရှင်သန်ခွင့်ရတာ ဆုလာဘ် တစ်မျိုး” ပါဟု အမြဲဂုဏ်ယူဝင့်ကြွားနိုင်သူများ ပေါ်ထွန်းလာစေရေးပါ။ ထိုသို့အမျိုးချစ်၊ အမျိုးမြင့်၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားမျိုးပိုင်ဆိုင်သည့် လူငယ်များကို ထုနှင့်ထည်နှင့်၊ အုံနှင့် ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ယနေ့နှင့် အနာဂတ် မြန်မာ့ကျောင်းဆရာများ၏ ကြီးမားသော စိန်ခေါ်မှုနှင့် တာဝန်ပါပဲ။ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ထမ်းဆောင်ရပါလိမ့်မည်။
ကျောင်းဆရာများသည် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံနှင့်လူ့အဖွဲ့အစည်း ပျက်သုဉ်းစေမည့် အဖျက်ရန်များကို ခေတ်အဆက်ဆက်တွင် ပညာလက်နက်ဖြင့် အသံတိတ်တွန်းလှန်တိုက်ပွဲဝင်ရင်းဘဝကို ပျော်ရွှင်ချမ်းမြေ့ကျေနပ်စွာ ဖြတ်သန်းနေကြသူများပါ။ နိုင်ငံတကာတွင် ကျောင်းဆရာများသည် ပညာအားမာန်အပြည့်နှင့် နိုင်ငံ၏အဖျက်ရန်များကို အင်ပြည့်အားပြည့် ကာကွယ်နိုင်ရန် ၎င်းတို့မှာ “အခြေခိုင်ပြီး ဘဝလုံခြုံသည့် လူနေမှုဘဝ” ကို ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးထားကြပါသည်။
တကယ်တော့ “လူနေမှုဘဝချို့တဲ့သည့် ကျောင်းဆရာဘဝ” ဖြင့် နိုင်ငံ၏အလွန်ကြီးမားသော အဖျက်ရန်များကို ကာကွယ်သည့််အခါ “ခါးကမသန်” ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု၏ ရှေ့တန်းမှာရှိသော “ပညာရေးခံကတုတ်” ကျိုးပေါက်မှာစိုးလို့ပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအပေါင်းကိုပျက်သုဉ်းအောင် ဆောင်ကြဉ်းနေသည့် အဖျက်ရန်မှန်သမျှကို ဖိဖိစီးစီး တွန်းလှန်ကာကွယ်နေသော “အမျိုးသား မဏ္ဍိုင်ခံကတုတ်” ကျိုးပေါက်ခဲ့လျှင် တိုင်းတစ်ပါး၏ “အဝေးထိန်းစနစ်ဖြင့် ကျွန်ဇာတ်သွင်းခံဘဝ” ဆိုသည့် “ခေတ်သစ်ကျွန်” ဘဝမျိုး မိမိတို့၏ နိုင်ငံနှင့်မျိုးဆက်သစ်များဖြစ်သွားပြီး နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဖြစ်မျိုး ရောက်သွားနိုင်တာမို့ပါ။ ထိုအဖြစ်မျိုးမရောက်ရန် ပညာရေးခံကတုတ်က စွမ်းစွမ်းတမံ ကာကွယ်ပေးနေကြသည့် ယနေ့ကျောင်းဆရာတို့၏ “လူနေမှု ဘဝလုံခြုံရေး” ကိုလည်း မပြတ်ဖြည့်ဆည်းပေးနေသင့်ပါကြောင်း ကျောင်းဆရာ(ငြိမ်း)ဖြစ်သည့် မိမိ၏အမြင်ကို တင်ပြရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။
(လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော ဤကမ္ဘာကြီးကို အန္တရာယ်ကင်းကင်းဖြင့် သာယာဖွံ့ဖြိုးအောင်နှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ကိုယ်စိတ်နှလုံး သုံးပါးလုံးနှစ်မြှုပ်၍ စွမ်းဆောင်ခဲ့ကြသော စွမ်းဆောင်နေဆဲဖြစ်ကြသည့် အနန္တဂိုဏ်းဝင် ကျောင်းဆရာများအားလုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်ဦးခိုက်လျက်)
Source-Myawady Webportal
မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၌ ၄၆ ဒီဂရီဆဲလ်စီးယက်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌ ၄၄ ဒီဂရီဆဲလ်စီးယက်၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ ဂန့်ဂေါမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးယက် အသီးသီးရှိကြောင်း သိရသည်။
နေ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်း ကျရောက်နိုင်သည်။ ခရမ်းလွန် ရောင်ခြည်ကို Ultraviolet (UV) ဟုခေါ်ပြီး ယင်းတွင် UVA နှင့့် UVB နှစ်မျိုးရှိသည်။
UVA က အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေအဖတ်လန်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ အိုမင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။
UVB က နေလောင်ခြင်းကိုဖြစ်စေသောကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။
သို့ဖြစ်ရာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှု ကာလကြာလာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်။
ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ
ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။
ခရမ်းလွန်ရောင်ခြည် အလွယ်တကူမထိုးဖောက်နိုင်သော ချည်သားထူထူပွပွအဝတ်အထည်များ ဝတ်ဆင်သင့်သည်။
ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။
မဖြစ်မနေအပြင်ထွက်ရသည့်အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေရန် ထီး၊ ဦးထုပ်တို့ ဆောင်းသင့်သည်။
အဝတ်ကင်းလွတ်သော လက်၊ လည်ပင်း၊ ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ သို့မဟုတ် SPF 15 + ပါဝင်သော နေရောင်ကာခရင်မ်ကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုပြီးလိမ်း သင့်သည်။
ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။
အသက်တစ်နှစ်အောက် ကလေးငယ်များကို အပြင်သို့မထွက်စေဘဲ အရိပ်ထဲတွင်သာထားသင့်သည်။
အထက်တွင် ဆိုထားသည့်အတိုင်း ခရမ်းလွန်ရောင်ခြည်သည် အရေပြား၏ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်များကို တိုက်ခိုက်စေနိုင်သည်။ ထို့ကြောင့် မိမိတို့အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ဆေးဖက်ဝင် မြန်မာ့သနပ်ခါးကို လိမ်းခြယ်သင့်သည်။ သနပ်ခါးပင်သည် ရှောက်မျိုးရင်းဖြစ်၍ အသားအရေအတွက် လွန်စွာဆေးဖက်ဝင်သည်။ သနပ်ခါးသည် မြန်မာမိန်းကလေးများစွဲမြဲစွာသုံးစွဲကြသည့် အလှကုန်ပစ္စည်းဖြစ်သည်။
မာကျူရီကင်းသော မြန်မာ့သနပ်ခါး
အလှကုန်ပစ္စည်းဈေးကွက်တွင် တားမြစ်ဓာတု ဆေးဝါးများဖြင့်ပြုပြင်ဖော်စပ်ထားသည့် သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များကို လိမ်းမည့်အစား မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။
၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် ခေါ် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေနိုင်သော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ သနပ်ခါးသည် နေပူဒဏ်အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။
အလှကုန်ပစ္စည်းဈေးကွက်တွင် သဘာဝသနပ်ခါးစစ်စစ်များ ရှိသကဲ့သို့ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊
အနှစ်ဘူးများ၊ ပုလင်းများဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ထုတ်လုပ်ထားသည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင် တာရှည်ခံစေရန်နှင့် တခြားအမွှေးရနံ့များ ပါဝင်နေ၍ တချို့အသားအရေများနှင့် ဓာတ်မတည့်မှုဖြစ်စေနိုင်သည်။ သို့သော် ခေတ်မီနည်းပညာများ တိုးတက် လာသည်နှင့်အမျှ ဈေးကွက်ထဲ၌ အသင့်အသုံးပြုနိုင်သည့် စံနှုန်းပြည့်အသိအမှတ်ပြု သနပ်ခါးဘူး၊ ပုလင်းများရှိကြရာ မိမိအသားအရေနှင့်ဓာတ်တည့်သော သနပ်ခါးဘူးများ ရွေးချယ်အသုံးပြုရန် လိုအပ်သည်။
သနပ်ခါးတုံးရွေးချယ်နည်း
သနပ်ခါးပင်တစ်ပင်၏ တန်ဖိုးသည် ယင်းအပင်၏ အခေါက်၊ အပွေးတို့ဖြစ်သည်။ ထို့ကြောင့် အပွေးမြင်အပင်သိဟူသော ဆိုရိုးစကားရှိသည်။ အပင်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးသကဲ့သို့ တာရှည်လည်း အသွေးမခံပေ။ ထို့ကြောင့် အရွေးမမှားစေရန် အရည်အသွေးကောင်းမွန်သော သနပ်ခါးတုံး ရွေးချယ်နည်းများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။
ပြည်တွင်း၌ သနပ်ခါးကို စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊ မုံရွာ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များ၌ အများဆုံး စိုက်ပျိုးကြသည်။ ယင်းတို့အနက် ရေစကြိုမြို့နယ်မှ ရှင်မတောင်သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝထူးခြားချက်များကြောင့် တခြားနယ်များမှ ထွက်ရှိသည့်သနပ်ခါးများထက် ပိုကောင်းသည်။
အပင်တုတ်ခြင်း၊ မတုတ်ခြင်းထက် အပွေးအရောင်အသွေးနှင့် အထူကိုကြည့်ရသည်။ သနပ်ခါးအပွေးမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံပွေးဟူ၍ သုံးမျိုး ရှိသည်။ ယင်းတို့အနက် ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများကဲ့သို့ အခေါက်များ အမြှောင်းလိုက်ကြွနေကာ အပွေးမာကျောပြီး ပထမတန်းစား အပွေးဖြစ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆီရောင်ရှိသော အပွေးကိုလည်းတွေ့ရသည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာ ပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍ ဂုံပွေးမှာ အဖြူရောင်အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွရောင်းသောအညံ့စားသနပ်ခါးဖြစ်သည်။
သနပ်ခါးတုံးတစ်တုံး၏အပွေးကို လက်သည်းဖြင့် အသာဖိဆိတ်ကြည့်ပါ နစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်သင့်ပေ။
လက်ဖြင့်ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ယင်းသနပ်ခါးအတုံးသည် အသားကျစ်လျစ်မှု နည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ်ခန်းသွားပြီဖြစ်၍ အလေးချိန်ပေါ့နေခြင်း ဖြစ်သည်။ သက်တမ်းရင့်အပင်သည် အသားကျစ်လျစ်မှုကြောင့် ရေငွေ့ပြန်နှုန်းနှေးကာ တခြားအပင်များထက် ပိုမိုလေးသည်။
ဖြတ်ထားခါစ သနပ်ခါးတုံး၏ အတွင်းသားမှာ အနံ့သင်းသည်။ ချဉ်စူးစူးအနံ့ရနေလျှင် မှိုစွဲနေသည့် သနပ်ခါးတုံးဖြစ်သည်။
သနပ်ခါးတုံး၏ထိပ်ဝရှိ အခေါက်နှင့်အတုံးသားကြားတွင် ပြာမှိုင်းမှိုင်းအရောင်တွေ့ရပါက မှိုတက်နေသည့်လက္ခဏာဖြစ်သည်။
တချို့သော စီးပွားဖြစ်သနပ်ခါးရောင်းသူများသည် အပွေးမလှသော သနပ်ခါးတုံးအစစ်ကို ရှားစေး၊ မြေနီ၊ ထမင်းရည်စသည်တို့ဖြင့်ရောစပ်ပြီး သွားပွတ်တံနှင့် သနပ်ခါးအခေါက်ကြား သုတ်လိမ်း၍ အရောင်တင်ကာ ရောင်းတတ်ကြ၍ ဂရုပြုဝယ်ယူသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သနပ်ခါးနှင့်ဓာတ်မတည့်သူ မရှိသလောက်ရှားသည်။ ထို့ကြောင့် မြန်မာ့သနပ်ခါးသည် ထိုင်းအလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် အရှိန်ယူနေပြီဖြစ်ရာ မကြာမီကာလအတွင်း ကမ္ဘာမှာကျော်ကြား မြန်မာ့သနပ်ခါး ဖြစ်လာတော့မည် ဖြစ်သည်။
မြန်မာ့သနပ်ခါးသည် အသားအရေလှပခြင်းအတွက်သာမက ကိုယ်တွင်းကိုယ်ပရောဂါဘယများ အတွက်ကိုလည်း ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ဆေးဖက်ဝင်လှပေသည်။ သို့ပါ၍ ယခုကဲ့သို့ အပူချိန်မြင့်တက် နေသည့်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ညအိပ်ရာဝင်ခါနီးတိုင်း သနပ်ခါးသွေးလိမ်း သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
Source-Myawady Webportal
“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”
ဘာထရန်ရပ်ဆဲလ်
မြန်မာ့လူ့အဖွဲ့အစည်းက “ဆရာ” ကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး အပူဇော်ခံအဆင့်တွင် ထားခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။ မည်သည့်အတွက်ဟုဆိုလျှင် ဆရာသည် လူတစ်ဦး ချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ တန်ဖိုးများတက်လာအောင် ဆောင်ကြဉ်းပေးကာ လူသားကို အဆင့်မြင့်သည့် ဘဝပန်းတိုင်ဆီသို့ အရောက်ပို့ဆောင်ပေးနိုင်သူမို့ပါ။ ထို့အတူ သူတို့တွင် ကျရောက်မည့်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိသူများဖြစ်ကြလို့ပါ။
ပြီးလျှင် မည်သည့်အခါမျှ တပည့်များကို အကျိုးနည်း၊ ဒုက္ခရောက်အောင် ပြုမူပြောဆိုလုပ်ကိုင်လေ့မရှိကြသူများဖြစ်လို့ပါပဲ။ ယူနက်စကိုက သတ်မှတ်ထားသည့် မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း (Noble Professions) သုံးမျိုးရှိပါသည်။ လူသားမျိုးဆက်တိုင်းကို ပညာအလင်းရောင်ထွန်းညှိပေးသော ကျောင်းဆရာများ၊ ပြည်သူများကို ဘေးရန်အန္တရာယ်အသီးသီးမှ ကာကွယ်ပေးသော လက်နက်ကိုင်အဖွဲ့အစည်းများ (တပ်မတော်၊ ပြည်သူ့ရဲနှင့် ပြည်သူ့စစ်)နှင့် ပြည်သူများကို ရောဂါဘယကင်းဝေးအောင် ဆောင်ကြဉ်းပေးသော ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုစသည်) ဖြစ်ပါသည်။
ပညာရေးသည် လူမှုအဖွဲ့အစည်းရှင်သန်မှု၏ ဝိညာဉ်ပါပဲ။ သူကသာ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဆိုသည်တို့ကို ဆက်လက်ရှင်သန်ရန် စွမ်းဆောင်နိုင်လို့ပါ။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအားလုံး၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်ပါ။ လူသားတို့၏ မွေးရာပါအရည်အသွေးကောင်းတွေကို ပိုမိုဖွံ့ဖြိုးအောင်၊ ထက်မြက်လာအောင် လေ့ကျင့်ပေးသည့်လုပ်ငန်းပါ။ ထိုလုပ်ငန်း၏ စွမ်းဆောင်ရည်မြင့်မားလေလေ လူသားတစ်ဦးချင်းစီမှာ လူ့ဘောင်ကောင်းကျိုးသယ်ပိုးမည့် ဗီဇကောင်းများ ပိုမိုထက်မြက်လာကြပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးမည့်၊ ငြိမ်းချမ်းမှုကို ပျက်စီးစေမည့် ဗီဇဆိုး၊ ဗီဇညံ့များပျောက်ကွယ်လေလေပါပဲ။
ပညာရေးအဆင့်အတန်းမြင့်မားသည့် လူ့အဖွဲ့အစည်းတိုင်းသည် ကမ္ဘာ့ထိပ်တန်း၌ရှိကြပြီး ပညာရေးအဆင့်အတန်းနိမ့်ကျသော နိုင်ငံနှင့်လူမျိုးသည် ဖွံ့ဖြိုးမှုအားနည်းသော ဘဝမှာသာရှိနေကြပါသည်။ တိုးတက်ဖွံ့ဖြိုးမှုကို လိုလားကြသော လူသားတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းက ပညာရေးကို အားပေးမြှင့်တင်နေကြပါသည်။ ထိုသို့လူ့ဘောင်ကောင်းကျိုးအဖြာဖြာကို သယ်ပိုးသော ပညာရေးကို ရှေ့တန်းကအားကြိုးမာန်တက် အကောင်အထည်ဖော်နေသည်မှာ အရည်အသွေးထက်မြက်သည့် ကျောင်းဆရာများပါပဲ။
သို့ဖြစ်၍ “ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာရခြင်းမှာ သူ့နိုင်ငံသားများ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက်၊ တော်ကြသောနိုင်ငံသားများ ကြွယ်ဝဖို့ကတော့ အဲဒီနိုင်ငံ၏ ပညာရေးမှာ အရည်အသွေးပြည့်ဝသည့် ဆရာကောင်း၊ ဆရာမြတ်များ ရှိနေမှဖြစ်မှာပါ”ဟူသည့် စင်ကာပူဝန်ကြီးချုပ် (ငြိမ်း)လီရှန်လွန်း၏ စကားအရဆိုလျှင် “နိုင်ငံဖွံ့ဖြိုးမှုမှာ ဆရာများ အရည်အသွေးမြင့်မားမှုက အခရာ”ဟု ဆိုပါရစေ။
ပညာရေးနှင့်ကျောင်းဆရာသည် ရုပ်နှင့်နာမ် (Body and soul) လိုပါပဲ။ ခွဲထုတ်၍မရပါ။ ကွဲကွာခဲ့လျှင် ရှင်သန်နိုင်စွမ်းမရှိတော့ပါ။ ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော်နေသူများဖြစ်သည့် ကျောင်းဆရာများသာမရှိလျှင် ပညာရေးဆိုတာလည်း မရှိနိုင်တော့ပါ။ ဤကမ္ဘာလောကမှာ လူမှုအသိုင်းအဝိုင်းကလေးစားပြီး ကလေးများ စံထားလောက်သော ကျောင်းဆရာစစ်စစ် (Role model teacher) များမရှိခဲ့လျှင် ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းဆိုတာ ရေထဲမှာ ရေးသောအရုပ်ဘဝမှာပဲ ရှိနေမှာပါ။
ပညာရေးညံ့ရင် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံကာကွယ်ရေးလည်း ချွတ်ခြုံကျမှုနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ပညာရေးမနိမ့်ကျစေရန်မှာ ယင်းကို အကောင်အထည်ဖော်နေသည့် ကျောင်း ဆရာများ၏ စွမ်းရည်သည်လည်း အမြဲတမ်း မြင့်မားထက်မြက်နေရပါမည်။ ဘယ်လိုမှညံ့လို့မဖြစ်ပါ။ ဆရာသည် လူ့သမိုင်းစဉ်ဆက် မိမိအသိုင်းအဝိုင်းကို ဦးဆောင်ပြီး ပညာအလင်းရောင်ထွန်းညှိရင်း လူ့သမိုင်းကို မြှင့်တင်နေကြသူများ ဖြစ်လို့ပါ။
မြန်မာတို့သည် “ဘေးရန်ဆီးကာ”ဆိုသည့် ဆရာ၏ မြင့်မြတ်သော တာဝန်ကို ဆောင်းပါးအစ တွင် “ဘာထရန်ရပ်ဆဲလ်” က ပြောခဲ့တာထက် နှစ်ပေါင်းထောင်ချီပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းဆရာသည် တပည့်တစ်ဦးချင်းစီကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော “ဉာဏ်ရည်” ၊ “စိတ်ထား” ၊ “ပညာ”နှင့် “အလေ့အကျင့်” ကို ဘဝတစ်လျှောက်လုံး ဘေးရန်ကင်းစွာ နေထိုင်သွားတတ်သည်အထိ လေ့ကျင့်ပေးကာ နိုင်ငံသားအားလုံးကို ဘေးအန္တရာယ်အပေါင်းကင်းဝေးအောင် စွမ်းဆောင်နိုင်စွမ်း ရှိကြသူများပါ။
နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းက
နိုင်ငံကာကွယ်ရေးကို ပြောလိုက်လျှင် ပြည်တွင်း၊ ပြည်ပရန်များကို လက်နက်ကိုင်ပြီး ခုခံကာကွယ်နေ ကြသည်ကိုပဲမြင်ကြပါသည်။ ဘရွတ် (Bruke) ဆိုသော ပညာရေးပညာရှင်က “တကယ်တော့ ပညာရေးဟာ နိုင်ငံကာကွယ်ရေးလုပ်ငန်းပါ”တဲ့။ လက်နက်ကိုင်ဖျက်ဆီးနေသူများသာလျှင် လူ့အဖွဲ့အစည်း၏ အဖျက်သမားစစ်စစ်မဟုတ်ကြပါ။ သူတို့ကို လက်နက်ကိုင်ဆောင်သည့်အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း မူလ အဖျက်သမားစစ်စစ်များပါပဲ။ ယင်းတို့မှာ -
(က)အသိဉာဏ်ပညာ ဆင်းရဲမွဲတေခြင်း၊
(ခ)နိုင်ငံကြီးသား စိတ်ထားကင်းမဲ့ခြင်း၊
(ဂ)အကျင့်စာရိတ္တ ချွတ်ခြုံကျခြင်း၊
(ဃအမျိုးသားရေး “စံ”များ ပျက်သုဉ်းခြင်း၊
(င)အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရား မျှတမှုအားနည်းခြင်း၊
(စ)ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် များခေါင်းပါးခြင်း၊
(ဆ)ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းရမည်ဟူသော ခံယူချက်ကင်းမဲ့ခြင်းတို့ပါပဲ။
နိုင်ငံသားအများစုထံ ထိုအဖျက်တရားများ ဝင်ရောက်နေပြီး စုမိနေပြီဆိုလျှင်ဖြင့် နိုင်ငံရေး ကျိန်စာသင့်ကာ သူတစ်ပါး၏ အဝေးထိန်းစနစ်ဖြင့် မှိုင်းမိပြီးပြောသမျှယုံကာ ထာဝရလွှမ်းမိုးမှုခံရသည့်ကျွန်ဖြစ်ပြီး ငြိမ်းချမ်းမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးပါ ကမ္ဘာ့မြေပေါ်မှ ကွယ်ပျောက်သွားပါလိမ့်မည်။ ထိုဘဝမျိုး၊ အဖြစ်မျိုးကို မိမိတို့ဘယ်လိုမှအရောက်မခံ၊ အဖြစ်မခံနိုင်ပါ။ ယနေ့ခေတ် ကျောင်းဆရာများသည် စာသင်ခန်းထဲတွင် လူမမယ်မျိုးဆက်များကို ထိုအဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မယ့်ဘေးမှ ပညာစွမ်းအားဖြင့် ရွပ်ရွပ်ချွံချွံကာကွယ်နိုင်ပြီး နိုင်ငံ့ကောင်းကျိုးကို အစွမ်းကုန်သယ်ပိုးမည့် “တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများ”ကို မလွဲမသွေဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။ “စာသင်ခန်းသည် ကာကွယ်ရေးမျိုးစေ့ကောင်းဖြစ်သည့် ဉာဏ်ပညာစတင်စိုက်ပျိုးရာနေရာ” ဟုဆိုပါရစေ။ သို့မှသာ မြန်မာ့လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းမှုကင်းဝေးပြီး သာယာဖွံ့ဖြိုးမှာပါ။
(က)အသိဉာဏ်ပညာဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေကြသူများ
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် လူငယ်ပညာတတ်များက အမျိုးသားကျောင်းဆရာ (သခင်နု၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဖိုးကျား...စသူများ) အလုပ်ဝင်လုပ်ကြပြီး ကျွန်ပြုခံထားရသဖြင့် “ဘဝအလင်းရောင်မဲ့” နေသော မြန်မာတိုင်းရင်းသားလူငယ်များကို “အမျိုးသားပညာရေးဖြင့် ပညာအလင်းရောင်” ထွန်းညှိပေးခဲ့ပါသည်။ တစ်တိုင်းပြည်လုံး အမျိုးသားရေးစိတ်ဓာတ်ကြွယ်ဝလာကြပြီး တွန်းလှန်ခဲ့ကြသဖြင့် နောက်ဆုံးလွတ်လပ်ရေးရကြကာ မြန်မာတို့ “သခင်ဘဝ” ပြန်ရောက်ခဲ့ကြပါသည်။
ပညာဉာဏ်ရောင်သည် ကျွန်ဘဝလူသားကို သခင်ဘဝဆီသို့ ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းသက်သေပါ။ လူငယ်များက ထိုအစဉ်အလာကောင်းကို မြင်တတ်ရန်နှင့် ယနေ့မြန်မာ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးစေရန် ကျောင်းဆရာများက လူငယ်များ၏ပညာတံခါးကို ဖွင့်ပေးရပါလိမ့်မည်။ ပါမောက္ခဘဝမှ အိန္ဒိယသမ္မတကြီးဖြစ်လာသူ အဗ္ဗဒူကာလန်ကတော့ လူငယ်တို့၏ ဦးနှောက်ကို “ပညာမီးညှိ”ပေးပါတဲ့။ ကိုယ့်ခေတ်မှာ ကိုယ့်ကောင်းမွန်သည့် သမိုင်းပေးတာဝန်ဖြစ်သော ဖွံ့ဖြိုးငြိမ်းချမ်းသာယာပြီး “ဂုဏ်ရှိန်မြင့်တဲ့ မြန်မာ့လူ့ဘောင် ပေါ်ထွန်းရေး”ကို ကျောင်းဆရာများ ဆက်လက်ကျေပွန်အောင် ထမ်းဆောင်ရပါလိမ့်မည်။
(ခ)နိုင်ငံကြီးသားတွေ မွေးထုတ်ပေးနိုင်ကြသူများ
နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုရှိရန်ဆိုလျှင် ထိုလူ့အဖွဲ့အစည်းဝင်တိုင်းက‘နိုင်ငံကြီးသားစိတ်ထား’ဆိုသည့် တာဝန်သိမှု၊ တာဝန်ယူမှု၊ စည်းကမ်းကို ရိုသေလေးစားတန်ဖိုးထားမှုနှင့် ကိုယ်ချင်းစာတရားများနှင့် ပြည့်စုံရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားသယ်ပိုးမှုက သူများအကျိုးမထိခိုက်စေရန်နှင့် မိမိလုပ်သမျှသည် အနည်းဆုံး မိမိဝန်းကျင်ကောင်းကျိုးသယ်ပိုးနိုင်မှု ပြည့်စုံရမည်ဆိုသည့် “ပရဟိတ” စိတ်ထားပိုင်ဆိုင်ရပါမည်။ ထို့အပြင် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီမှု၊ နားလည်မှု၊ လေးစားတန်ဖိုးထားမှုများ ပြည့်လွှမ်းနေမှု၊ နိုင်ငံနှင့် မိမိအသိုင်းအဝိုင်းကို နိမ့်ကျတာ မခံချင်စိတ်၊ မြှင့်တင်လိုစိတ်၊ မိမိလူမျိုးနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပြီး မြှင့်တင်လိုစိတ်များလည်း ပြည့်နေရပါမည်။
အထက်ပါ မြင့်မြတ်စိတ်ထား ပိုင်ဆိုင်လာစေရန် ကျောင်းဆရာသည် ကလေးဘဝအချိန်ကတည်းက လေ့ကျင့်ပေးခြင်းဖြင့် မျိုးဆက်သစ်များတွင် ကြီးနိုင်ငယ်ညှဉ်းပြုတတ်သူ၊ အတ္တကြီးသူ၊ ရန်လိုစိတ်ကြီးသူ၊ စာနာစိတ်မရှိသူ၊ တာဝန်ယူမှုကင်းသူ၊ စည်းကမ်းမဲ့၊ တာဝန်မဲ့သူစသည့်လူ့လောက၏ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမည့် ဗီဇဆိုး၊ ဗီဇညံ့များအားလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုဗီဇဆိုးများပျောက်ပြီး လောကပါလတရားများ လွှမ်းမိုးနေသည့် နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူများနိုင်သမျှ များများကို ကျောင်းဆရာများက မွေးထုတ်နိုင်ပြီဆိုလျှင် လူ့အဖွဲ့အစည်းလည်း အဖျက်အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝလာပါလိမ့်မည်။
(ဂ)မျိုးဆက်တိုင်းကို အကျင့်စာရိတ္တမြင့်မားအောင် မြှင့်တင်နေကြသူများ
လူ့တန်ဖိုးမြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် “စံပေတံ” များအနက် “စာရိတ္တ ပေတံ” သည် ရှေးအကျဆုံးနှင့် ခေတ်အမီဆုံးဖြစ်၍ ယနေ့တိုင်ထိပ်ဆုံးမှထားပြီး တိုင်းတာနေဆဲပါ။ “ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်း သာယာမှု၏ အခြေခံအုတ်မြစ်ပါပဲ၊ ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဆုံးစွန်ဆုံးပန်းတိုင်သည် အကျင့်စာရိတ္တပျိုးထောင်ရေး” ဟု ဂရိအတွေးအခေါ် ပညာရှင်ကြီး “ပလေတို” ပြောခဲ့ပါသည်။ မြန်မာ့ပညာရေးတွင် နှစ်ပေါင်းထောင်ချီပြီး ကျင့်သုံးခဲ့ သည်မှာ “ဗလငါးတန်” ခိုင်မာရေးပါ။ ထိုအထဲမှာ “စာရိတ္တဗလ”ကြံ့ခိုင်ရေးကို ရှေ့ဆုံးမှာထား လေ့ကျင့်ပေးနေပါသည်။
“ကလေးများကို စာရိတ္တဖွံ့ဖြိုးအောင်၊ ခိုင်မာအောင် လေ့ကျင့်မပေးဘဲ ဝိဇ္ဇာ၊ သိပ္ပံပညာရပ် သက်သက်လောက်ကိုသာ သင်ပေးလိုက်လျှင် လူ့တန်ဖိုးအစစ်ကို ချန်ထားခဲ့သည်မို့ ပညာရေး၏ အဓိကတာဝန်ကို ကျောင်းဆရာများက မျက်ကွယ်ပြုလိုက်တာပါပဲ”တဲ့။ ဒါကလည်း ဆောင်းပါးအစတွင်ပြောခဲ့သူ ဘာထရန်ရပ်ဆဲလ်၏ အဆိုပါပဲ။ ကျောင်းဆရာတို့၏ အဓိကတာဝန်ကို ချန်ထားလို့ မဖြစ်ပါ။ မဖြစ်မနေထမ်းဆောင်ရပါမည်။ အဲဒီ တာဝန်လစ်ဟင်းခဲ့၍ အနာဂတ်လူ့ဘောင်တွင် “တန်ဖိုးနိမ့်လူသား” များသာ ပြည့်လျှမ်းနေခဲ့လျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် ဖွံ့ဖြိုးမှုပန်းတိုင်နှင့် အလှမ်းကွာဝေးသွားမှာပါ။
ပညာရေးပညာရှင် “လစ်ဗင်စတုန်း” ကလည်း “သမိုင်းမှာရော ယနေ့မှာပါ ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာဆိုတာတွေက လူ့စာရိတ္တအားနည်းမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများပါပဲ”တဲ့။ စာရိတ္တသည် လူ့သမိုင်းနှင့်ချီပြီး ခိုင်မာလာခဲ့သည့် လူသား၏တန်ဖိုးအစစ်အမှန်ပါ။ လူ့အဖွဲ့အစည်းငြိမ်းချမ်းဖို့၊ သာယာဖို့တည်ရှိလာခဲ့တာပါ။ ချည့်နဲ့ယိမ်းယိုင်ခဲ့လျှင် လူ့သမိုင်းဒုက္ခနှင့် ရင်ဆိုင်ရတော့တာပါပဲ။ လူ့သမိုင်းဘယ်လိုတိုးတက်တိုးတက်၊ ထိုတိုးတက်တာနှင့်အတူယှဉ်တွဲပြီး အတူပါလာသည်မှာ “ကြံ့ခိုင်တဲ့ စာရိတ္တမဏ္ဍိုင်” ပါပဲ။ သူကသာ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ထိန်းသိမ်းနိုင်စွမ်းရှိလို့၊ လမ်းညွှန်ပြနိုင်လို့ပါ။
စစ်မှန်တဲ့ လူ့တန်ဖိုးဆိုတာ ရိုးသားမှု၊ တရား မျှတမှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ မနာလို ဝန်တိုမှုစိတ်ကင်းမှု၊ လူ့ကျင့်ဝတ်နှင့်စည်းကမ်းကို ရိုသေလေးစားမှုနှင့် စာရိတ္တမြင့်မားမှုစတာတွေပါ။ ယနေ့ မိမိတို့၏ ကျောင်းဆရာများတွင် ထိုတန်ဖိုးကိုဦးထိပ်ထားပြီး ကိုယ်တိုင်လည်းကျင့်ကြံကာ လူငယ်များကိုလည်း လေ့ကျင့်ပေးနိုင်ပါမှသာ စာရိတ္တခိုင်မာသော ဖွံ့ဖြိုးငြိမ်းချမ်းမှုပြည့်လျှမ်းသည့် နိုင်ငံ့၏အုတ်မြစ်ကို ချနိုင်စွမ်းရှိကြပြီးနိုင်ငံကို ကာကွယ်ပေးနေသော “ကျောင်းဆရာ” ဘဝရောက်ကြမှာပါ။
(ဃ) အမျိုးသား “စံ” များပျက်သုဉ်းမှုကို ထိန်းသိမ်း ကာကွယ်နေကြသူများ
ပညာရှင်များက “ကမ္ဘာ့လူမျိုးစုငယ်လေးများ အလျင်အမြန်ပျောက်ကွယ်နေပါပြီ။ ထိန်းသိမ်းပေး ကြပါတဲ့။” လူမျိုးကွဲများနှင့် သွေးနှောပြီး လူမျိုခံရ၍မဟုတ်ပါ။ လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်သည့် “အမျိုးသားစံ”များဖြစ်သည့် “ဘာသာစကား”၊ “စာပေ”၊ “အနုပညာ”၊ “ဂီတ”၊ “ရိုးရာဓလေ့”နှင့် “ဝတ်စားဆင်ယင်မှု” များ ပျောက်ဆုံးကုန်လို့ပါ။ အရှေ့တိုင်းဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုက နည်းမျိုးစုံဖြင့် ထိုးဖောက်ပြီး ဖျက်ဆီးခြင်းကို ခံနေရပါသည်။ ထို့အတူ ဘာသာစကားကြီးငါးမျိုး၊ (တရုတ်၊ အာရေဗျ၊ ဟင်ဒီ၊ အင်္ဂလိပ်နှင့် စပိန်) တို့က ဝါးမြိုသဖြင့် ကမ္ဘာ့ဘာသာစကားငယ်ပေါင်း နှစ်စဉ် ၁၀၀ ခန့် ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ ပါသတဲ့။
ယနေ့ ၂၁ ရာစုနှင့် ခေတ်မီပညာရေးဆိုသည်မှာ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုး၏ ယဉ်ကျေး မှုအား ဝင်ရောက်ကျူးကျော်လွှမ်းမိုးသည်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ပြီး မိမိလူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်စွမ်းရှိနေအောင် လေ့ကျင့်ပေးရမည့်ပညာရေးပါ။ ဤသို့ နိုင်ငံနှင့်လူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းရင်း မိမိလူမျိုး၊ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးခြင်းဆီသို့ ချီတက်သွားနေသည့် ပညာရေးသည် “မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး” အမျိုးအစားပါ။
အမျိုးသားရေး ကိုယ်ခံစွမ်းအားနည်းသည့် ဒေသများတွင် လူမျိုးစုငယ်များ၏ “စံ” များ အလျင် အမြန်ပျောက်ဆုံးနေသည်ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပါသည်။ ကျောင်းဆရာသည် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ပေးရန် တခြားလူတန်းစားထက် ပိုမိုတာဝန်ရှိသည်ဖြစ်၍ အထူး သဖြင့် တိုင်းရင်းသားပေါင်းစုံသည့် မိမိတို့နိုင်ငံတွင် မိမိနှင့်နီးစပ်ရာ ယဉ်ကျေးမှုကို ကိုယ်တိုင်နားလည် ကာယင်းကိုချစ်တတ်၊ မြတ်နိုးတတ်ပြီး မြှင့်တင်နိုင်သည့် ခွန်အားနှင့်လည်း ပြည့်စုံရပေမည်။ နိုင်ငံသူနိုင်ငံသားများ၏ “အမျိုးသားစံ”များ ပျောက်ပြီး လူမျိုးကွယ်ပျောက်မည့် အန္တရာယ်ကို တားဆီး ကာကွယ်ရန်အတွက် မိမိနိုင်ငံနှင့် လူမျိုး၏ “ဝိသေသစံ” များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် ကျောင်းဆရာများက မြန်မာတိုင်းရင်းသား မျိုးဆက်သစ်များကို မလွဲမသွေ လေ့ကျင့်သင်ကြားပေးရမည့်အချိန်ပါ။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမျိုးသားကျောင်းဆရာများက မိမိတို့၏ တပည့်များကို အမျိုးသားရေးသန္ဓေမျိုးစေ့တွေ ချပေးခဲ့ပါသည်။
ကိုယ့်ယဉ်ကျေးမှု၊ စာပေ၊ စကားအပေါ် အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုကျူးကျော်မှုကို တွန်းလှန်ကာကွယ်ခဲ့သဖြင့် မြန်မာစာပေနှင့် မြန်မာ စကားသည် ယနေ့တိုင်ထည်ထည်ဝါဝါဖြင့် တည်ရှိနေဆဲပါ။ ယနေ့မှာ မိမိတို့နိုင်ငံသည် ကမ္ဘာကို လွှမ်းမိုးသော ဘာသာစကားကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် ဟင်ဒီဘာသာစကားတွေကြားမှာ ရောက်နေသည်မို့ အလွန်စိုးရိမ်နေရသော အချိန်နှင့် အခြေအနေပါ။ ပြီးတော့ကမ္ဘာသုံးစကားဖြစ်သည့် အင်္ဂလိပ်စာကိုလည်း သင်ယူနေသေးတာကြောင့် ယနေ့မြန်မာကျောင်းဆရာများသည် သတိအမြဲကပ်ပြီး မိမိတို့၏ စာပေနှင့်ဘာသာစကားကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေရပါလိမ့်မည်။ တစ်ချိန်ကမြင့်မားသည့် သမိုင်းအစဉ်အလာကောင်းကို မလွဲမသွေ ဆက်လက်ထိန်းသိမ်းနိုင်ပါမှ မြန်မာစာ၊ မြန်မာစကားနှင့် ရိုးရာယဉ်ကျေးမှုများသည် ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ရှင်သန်ဖွံ့ဖြိုးနိုင်မှာပါ။
(ဆက်လက်ဖော်ပြပါမည်)
Source-Myawady Webportal
နိဒါန်း
ယနေ့ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။
အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ Choke Point ဆုံရာဒေသ အိန္ဒိယ-မြန်မာဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် တရားဝင်စတင်ခဲ့သော်လည်း တရုတ်နိုင်ငံ အနေဖြင့်မူ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင်မှသာ တရားဝင်စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ပထဝီအနေအထားဆက်စပ်မှုအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ကီလိုမီတာ ၂၂၀၀ အထိ ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ၏အရှေ့မြောက်ဒေသဖြစ်သော ပြည်နယ် ၄ ခုနှင့်လည်း နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၁၆၄၃ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံကုန်းနယ်နိမိတ်နှင့် ၇၂၅ ကီလိုမီတာရှည်လျားသော ရေကြောင်းနယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ကုန်းနယ်နိမိတ်နှင့် ရေနယ်နိမိတ်တို့နှစ်ခုစလုံးထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်နေသည်ကို တွေ့ရှိရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် အတိတ် ကာလများ၌ သာမန်အားဖြင့် တိုးတက်မှုမရှိဟု ယူဆနိုင်သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ဖြစ်သူ နာရန်ဒရာမိုဒီ ချမှတ်ခဲ့သည့် အရှေ့လမ်း မူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမှု မူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေး မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
ထို့ပြင် ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲတွင်လည်း တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျကျတည်ရှိမှုသည် အရေးပါလျက်ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံးစုဆုံရာ ပထဝီအနေအထားတွင် ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်ထားခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတ <ကယ်ဝခြင်းတို့နှင့် အိန္ဒိယ၏ အရှေ့ဘက်ပြည်နယ်များ၏ အဓိကဝင်ပေါက်၊ တရုတ်နိုင်ငံ၏ အနီးစပ်ဆုံး မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက် ဖြစ်နေခြင်းတို့သည် အိမ်နီးချင်းနိုင်ငံကြီးများကြား အကျိုးစီးပွား ပြိုင်ဆိုင်မှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီနယ်မြေအနေအထားတည်ရှိမှုသည် ဗြိတိသျှပထဝီပညာရှင် ဆာဟန်ဖို့ ဂျွန်မက်ကင်းဒါဖော်ထုတ်ခဲ့သည့် နှလုံးသားနယ်မြေ (Heartland Theory) နှင့် ယေးတက္ကသိုလ် နိုင်ငံတကာဆက်သွယ်ရေး ပညာပါမောက္ခ စပိုက်မင် ဖော်ထုတ်ခဲ့သည့် အစွန်အဖျားနယ်မြေ(Rimland Theory) တို့နှင့်လည်း ဆက်စပ်နေလျက်ရှိသည်။ အထူးသဖြင့် စစ်ရေးနှင့်စီးပွားရေးတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အားပြိုင်မှုတွင် မြန်မာနိုင်ငံသည် Rimland Theory အရ Heartland Theory ၏ အနားသတ်မျဉ်းတွင် မဟာဗျူဟာကျကျ တည်ရှိလျက်ရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်သည့် တရုတ်နိုင်ငံ၏ ပုလဲသွယ်စီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်း၊ အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းတို့သည် ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ သံတမန်ရေးနှင့် စီးပွားရေးတို့အတွက်သော်လည်းကောင်း အရေးကြီးဒေသ Choke Point အဖြစ် မဟာဗျူဟာကျကျ တည်ရှိနေလျက်ရှိသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အကျိုးစီးပွားတည်ရှိမှု
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းသည် မလက္ကာရေလက်ကြားအား ဖြတ်ကျော်တင်ပို့နေရခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေကြောင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်အပေါ် ပိတ်ဆို့နိုင်ရေး၊ မလက္ကာရေလက်ကြားအား ထိန်းချုပ်နိုင်ရေးနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် ဘင်္ဂလားပင်လယ်အော် ကျောက်ဖြူ(စစ်တွေ) ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ယူနန်ပြည်နယ် ကူမင်းမြို့သို့ တိုက်ရိုက်သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် အချိန်တိုသည့် လမ်းကြောင်းဖြစ်သည်။ ထို့ပြင် အဆိုပါကျောက်ဖြူပိုက်လိုင်းသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းသစ်အတွက် အရေးကြီးသည့် မဟာဗျူဟာစီမံကိန်းတစ်ခုအဖြစ်ရှုမြင်နိုင်သည့်အပြင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် စွမ်းအင်လုံခြုံရေးအတွက် ပထဝီနိုင်ငံရေးအရအရေးပါကြောင်း တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ယူနန်ပြည်နယ်မှတစ်ဆင့် မူဆယ်၊ မန္တလေး၊ ကျောက်ဖြူလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျသောလမ်းကြောင်းအဖြစ် တည်ရှိနေကြောင်း တွေ့ရှိနိုင်သည်။
အိန္ဒိယနိုင်ငံသည် ၎င်းင်းတို့၏ အရှေ့မျှော်မူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေါ်လာ သန်း ၄၈၀ ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နိုင်ငံ၏ မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်များသို့ ပြည်မမှ ကုန်ပစ္စည်းများကို ကိုးလ်ကတ္တားမှတစ်ဆင့် ပို့ဆောင်နိုင်ရေးဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းများသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း၍ စစ်တွေမြို့မှတစ်ဆင့် ကုလားတန်မြစ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော အရှေ့ဘက်ပြည်နယ်များသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းကို ဆောင်ရွက်ထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည် ထိန်းညှိနိုင်ရေးအတွက် ကုလားတန်စီမံကိန်းသည် အရေးပါနေလျက်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ ထို့ပြင် ကီလိုမီတာ ၁၄၀၀ ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံတို့၏ အဝေးပြေးလမ်းစီမံကိန်းကို အရှေ့မျှော်မူဝါဒအရ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူး၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ကာ အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသများသို့ ပထမဆုံးဆက်သွယ်ပေးမည့် အရေးပါသော စီမံကိန်းတစ်ခုအဖြစ် တွေ့ရှိနိုင်သည်။
အထက်တွင်ဖော်ပြခဲ့သောအချက်အလက်များကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ ရခိုင်ပြည်နယ်သည် မဟာဗျူဟာကျသည့်နေရာတစ်ခုအဖြစ် ကောင်းစွာတည်ရှိနေသော်လည်း ၎င်းဒေသသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ အားပြိုင်မှုများအပြင် ရခိုင်ပြည်နယ်တွင်း အခြေချတပ်စွဲထားသည့် AA လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် မျှော်မှန်းသလောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုမရှိခဲ့သည်ကိုလည်း တွေ့ရှိနေရသည်။
AA လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တည်မှုနှင့် ရခိုင်ပြည်နယ်ပျက်စီးခြင်းအစ
AA လက်နက်ကိုင်အဖွဲ့သည် ုှုဗ အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌ ၂၀၀၉ ခုနှစ်တွင် စတင်အခြေချ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်လာခဲ့ကာ လူမျိုးရေးစိတ်ဓာတ်များ တွန်းအားပေးခြင်းဖြင့် တစ်စတစ်စကြီးထွားလာခဲ့ပြီးနောက် တိုက်ပွဲများ စတင်ဖော်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် AA လက်နက်ကိုင်တပ်ဖွဲ့ အင်အားကြီးမားလာသည့် အဓိကအခြေခံ အကြောင်းတရားသည် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟုဆိုကာ လူမျိုးရေးအရ ဝါဒမှိုင်းသွတ်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်များကြောင့်ပင် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုကြီးအတွင်း၌ လူမျိုးစွဲ၊ ဒေသစွဲရှိသည့် စိတ်ဓာတ်များ ရှင်သန်ကြီးထွားလာပြီးနောက် ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးစုများကြားတွင် လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုမှတစ်ဆင့် ယာယီအပစ်အခတ်ရပ်စဲထားနိုင်ခဲ့သည့် ရခိုင်ပြည်နယ်သည်AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်အားနည်းသည့် ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။ AA လက်နက်ကိုင်တို့သည် အင်အားနည်းသည့် ရဲစခန်းများကို တိုက်ခိုက်ခြင်းများအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင်လည်း ရပ်^ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လမ်းပြင်လုပ်သားယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ AA လက်နက် ကိုင်တပ်ဖွဲ့များ၏ အဆိုပါလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေပြီး ပြည်ပရင်းနှီးမြုှပ်နှံမှုလုပ်ငန်းများကိုလည်း ရပ်တန့်စေခဲ့သည်။
ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြားတွင် တည်ရှိသော ကမ်းမြောင်ဒေသတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော ဒေသတစ်ခုလည်းဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုသည် ရခိုင်ပြည်နယ်၏ အဓိကအားသာချက်ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကိုလည်း မကြာခဏ ကြုံတွေ့ခံစားရသော ဒေသတစ်ခုလည်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ထိုသို့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည့်အပြင် လူလုပ်ဘေးအန္တရာယ်ဖြစ်သော အကြမ်းဖက်စစ်မီးကိုလည်း ဗဗ လက်နက်ကိုင်တပ်ဖွဲ့များမှ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်မီးတောက်လောင်မှုသည် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးအား အချိန်တိုအတွင်း လျင်မြန်စွာကူးစက် တောက်လောင်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီးမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များ တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိနိုင်ပေသည်။ ထို့ပြင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်သောတိုက်ပွဲများသည် ဒေသတွင်းပြည်သူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိစေသည်သာမက ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များလည်း ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်လည်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များသည် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အပြင် သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဟုဆိုသည့်အတိုင်း များလှစွာသော ရှေးဟောင်းစေတီပုထိုးများသည် ရှေးဘိုးဘွားများထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက များစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်လည်းဖြစ်သည်။
မိုခါမုန်တိုင်းတွင် လက်ရှောင်နေခဲ့သည့် AA လက်နက်ကိုင်တပ်ဖွဲ့များ
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအား မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ မုန်တိုင်းထွက်ခွာသွားချိန်အထိ နာရီပေါင်း ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အား ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည်။ မေလ ၁၅ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအားလုံးတို့၏ စားဝတ်နေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဝန်ကြီးဌာနတို့အနေဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုခဲ့သည်ကိုတွေ့ရှိရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်းမြန်ဆန် ပြီးစီးနိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ဦးစီးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်ရေး ပစ္စည်းများ၊ စားသုံးဆီနှင့် စက်သုံးဆီများပါဝင်သော ကူညီကယ်ဆယ်ရေး ရေယာဉ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်း ၅၉၆ လုံး၊ အလယ်တန်းကျောင်း ၆၄၇ လုံး၊ အထက်တန်းကျောင်း ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း ၉ လုံးအထိ ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင် ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦပေါင်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးအတွက် တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံ လရေယာဉ်(သံလွင်)ကို သံတွဲ၊ မာန်အောင်နှင့်ကျောက်ဖြူမြို့တို့သို့ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် စစ်တွေမြို့ပေါ်ရှိ မီတာ ၆၀ အမြင့်ရှိသော ရုပ်သံထပ်ဆင့်လွှင့်စက် တာဝါတိုင်ပြိုကျခဲ့ရပြီး ဆက်သွယ်မှုများပြတ်တောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခုဆက်သွယ်မှုပြတ်တောက်ခဲ့သည့်အပြင် မဟာဓာတ်အားလိုင်း ပို့လွှတ်ဆောင်ရွက်သည့် တာဝါတိုင်နှင့် ကွန်ကရစ်တိုင် ၂၆၃၆ တိုင် ရှိသည့်အနက် တာဝါတိုင် ၅၂ တိုင်နှင့် ကွန်ကရစ်တိုင် ၄၂၈ တိုင်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်အား အစိုးရ၊ ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သင်တန်းကျောင်းမှ သင်တန်းသားတို့၏ စုပေါင်းဆောင်ရွက်မှုကြောင့် မြို့တွင်းလျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းများသည် ဇွန်လ ၁၃ ရက်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့သည်ကိုတွေ့ရှိရသည်။
မိုခါကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိကအဆောက်အအုံ အများအပြားပျက်စီးမှုရှိခဲ့ပြီး ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်း အဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးတို့ ချို့ယွင်းပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တို့၏ထောက်ပံ့မှုများ၊ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို အသုံးပြု၍ တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)၊ စစ်ရေယာဉ်(မုတ္တမ)၊ စစ်ရေယာဉ်(ပြည်တော်အေး-၂)၊ ကမ်းထိုးရေယာဉ် (၁၇၁၁)၊ (၁၇၂၂)၊ တင့်ကားတင် ကမ်းထိုးယာဉ် (၁၆၁၃)၊ (၁၆၁၄)နှင့်တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု၍ အစိုးရ၊ ပြည်သူနှင့်တပ်မတော် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် မိမိလူမျိုးနေထိုင်ရာဒေသ၏ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လက်ရှောင်နေခဲ့သည်ကို တွေ့ရှိနိုင်သည်။ မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီခြင်းမရှိရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီး၍ စီးပွားရေးပြန်လည်နာလန်ထူတော့မည့်အချိန်တွင် စစ်မီးတစ်ဖန် မွှေးခဲ့ကြခြင်းလည်း ဖြစ်သည်။
မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ တရားမဝင်လူသစ်စုခြင်းနှင့် AA လက်နက်ကိုင်တို့၏ ခွဲထွက်ရေးအိပ်မက် ရခိုင်ပြည်နယ်အတွင်း အခြေချတပ်စွဲလျက်ရှိသည့် AA လက်နက်ကိုင်တပ်ဖွဲ့တို့၏ အဓိကဝင်ငွေရလမ်းတစ်ခုမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အခကြေးငွေများရယူ၍ ဘင်္ဂါလီလူမျိုးများအား အခြားနိုင်ငံများသို့ ပို့ဆောင်ပေးနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် AA အကြမ်းဖက် တပ်ဖွဲ့ဝင်များအနေဖြင့် မျိုးဆက်သစ် လူငယ်များ အပါအဝင် လူသားမျိုးနွယ်စု တစ်စုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေသည့်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်းတို့အကြမ်းဖက်အဖွဲ့မှ လူ၊ လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားများအတွက် တရားမဝင် ဘင်္ဂါလီခိုးဝင်မှုများကိုလည်း ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၂၄)တွင် AA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ပြည်မကိုဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိနေပြီး ရှစ်ကြိမ်ခန့်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားလူမျိုးများသာမက ချင်းပြည်နယ် ပလက်ဝဒေသရှိ ချင်းတိုင်းရင်းသားများကိုပါ တရားမဝင်အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ဆောင်ရွက်နေခဲ့သည်ကို တွေ့ရှိရသည်။ AA လက်နက်ကိုင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို အတင်းအကျပ်စစ်သင်တန်းတက်ရောက်စေခြင်း၊ မတက်ရောက်လိုပါက ငွေကြေး တောင်းခံခြင်းနှင့် ၎င်းင်းတို့၏ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထားသည့် ဆန်စပါးများ ပေးဆောင်စေခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမပြုသည့် ဒေသခံများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအပြင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို AA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၄ ဦး သေဆုံးခဲ့သည့်အပြင် ဧပြီလ ၂၂ ရက်တွင်လည်း သရက်အုပ် ကျေးရွာအုပ်စု အဘူဂျာကျေးရွာရှိ ဘင်္ဂါလီ ၅ ဦးသည်လည်း AA လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တွေ့ရှိရသည်။
ထိုသို့ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ခိုးဝင်ဘင်္ဂါလီများအား အခကြေးငွေရယူ၍ အခြားဒေသများသို့ ပို့ဆောင်ခြင်း၊ ဒေသတွင်း တိုင်းရင်းသားများအပေါ် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းနှင့် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စစ်ပွဲများဖော်ဆောင်ခြင်းတို့သည် ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် "Arakan Dream 2020" ဖြစ်ပြီး ရခိုင်ပြည်နယ်အား လွတ်မြောက်နယ်မြေဒေသအဖြစ် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။
နိဂုံး
၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် AA လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်ကိုအကြောင်းပြု၍ ရခိုင်ပြည်နယ်အား လွတ်မြောက်ဒေသတစ်ခုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်နိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲများဖော်ဆောင်နေခြင်း ဖြစ်သည်ဟု သုံးသပ်ရသည်။ မျိုးချစ်စိတ်အားအခြေခံ၍ လူမျိုးရေးမုန်းတီးစိတ်များ ထွန်းကားလာစေရေး တွန်းအားပေးခြင်းကို အခြေခံဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင် အင်အားစု လက်အတွင်းသို့ အလုံးစုံကျရောက်စေရေးအတွက် စစ်ပွဲများဖော်ဆောင်၍ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌လည်း လူသားမျိုးနွယ်တစ်စုလုံး ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့်လုပ်ငန်းများအပြင် ဘာသာရေးအရ ခြားနားမှုရှိပြီး အပြန်အလှန်သတ်ဖြတ်မှုနှင့် ပြင်းထန်သော လူမျိုးရေးပဋိပက္ခများဖြစ်ခဲ့ဖူးသည့် ဘင်္ဂါလီလူမျိုးများ အပေါ်တွင်လည်း အတင်းအကျပ် စစ်မှုထမ်းစေခြင်းနှင့် သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်ပင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယနေ့ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ စစ်မီးတောက်လောင်မှုသည် မိုခါမုန်တိုင်းဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများစတင်ရန် ကြိုးပမ်းနေသည့် ပြည်သူလူထု၏ ဘဝလုံခြုံရေးကဏ္ဍများကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်ကောင်းစားရေးဖြစ်သော ရခိုင်နိုင်ငံထူထောင်လိုမှု၊ ပြည်ထောင်စုမှခွဲထွက်လိုသော ဆန္ဒတို့ကို ရှေ့တန်းတင်သည့် ထွန်းမြတ်နိုင်ခေါင်းဆောင်သော AA အဖွဲ့၏ ဆောင်ရွက်ချက်သည်သာ အဓိကအကြောင်းတရား ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြလိုက်ရပါသည်။ ။
Source-Myawady Webportal
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင် ကျေးရွာမှာ အဲန်လူမျိုးအများစု နေထိုင်ကြပါတယ်။ အဲန်လူမျိုးတွေဟာ အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီး ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြကာ သွားမည်းမှလှတယ်လို့ ယူဆကြတဲ့အတွက်သူတို့ရဲ့သွားတွေကို မည်းနေအောင် ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးတွေနဲ့ ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးတွေရဲ့ ရှေးကျတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။
သူတို့ရဲ့သွားတွေကို မည်းအောင်မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီးသွားတွေကို သူတို့ရဲ့အသက် (၁၂)၊ (၁၃) နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစ်စေဝါးလေ့ရှိပါတယ်။ အမျိုးသား အမျိုးသမီးအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့ရိုးရာပွဲနေ့တွေမှာ ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်တွေ အမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိတဲ့ သူတို့ရဲ့ လူနေမှုပုံစံတွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
အဲန်လူမျိုးတွေဟာ တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနဲ့ အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင် ရပ်တည်နေထိုင်ကာ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နဲ့ သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲကို ဆောင်းအကုန် နွေအကူးကာလမှာ အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့ ပူဇော်ပွဲပြုလုပ်ကြပါတယ်။ ရွာထဲမှာ လူမျိုးတွေရဲ့ ရိုးရာနတ်စင်တစ်စင်ကို တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့ နတ်ဆရာအိမ်မှာ သူတို့ပူဇော်နေတဲ့ နတ်ကိုခေါ်ဖို့ ဗုံကြီးတစ်လုံးရှိပါတယ်။ အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲကို မကောင်းဆိုးရွားတွေ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနဲ့ ဆန်ရေစပါးပေါကြွယ်ဝကြောင်း ယုံကြည်ကြပါတယ်။
အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဲန်ရွာစုစုပေါင်း ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။
အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင်အုပ်စု တစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုမှာ အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့ ကျေးရွာ ခုနစ်ရွာရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ မိုင်းဖြတ်မြို့နယ်မှ လေးရွာတွေ့ရှိရပါတယ်။
ယခုအခါမှာ အဲန်လူမျိုးအများစု နေထိုင်ရာရွာလေးကိုတော့ အစိုးရက ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောင်ရွက်ပေးထားပြီဖြစ်ပေမယ့် ရှေးရိုးရာလူနေထိုင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။
ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထကတော့ လေ့လာဖို့ကောင်းတဲ့အတွက် ကျိုင်းတုံဒေသကို အရောက်သွားဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။
Source-Myawady Webportal