“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။ ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။ ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။
မြန်မာနိုင်ငံဟာ သမိုင်းကြောင်းရှည်လျားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် တွေဟာဖော်ပြလို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီး မှာ လူ့ယဉ်ကျေးမှုတွေထွန်းကားလာချိန်ကစလို့ နိုင်ငံနဲ့လူမျိုးအလိုက် သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။
နိုင်ငံတိုင်းဟာ မိမိတို့ရဲ့ အမွေအနှစ်တွေကို အစဉ်တစိုက်ထိန်းသိမ်းခဲ့ကြရာမှာ သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနပညာရပ်ထွန်းကားလာချိန်ဖြစ်လို့ နိုင်ငံအသီးသီးရှိအမွေအနှစ်တွေကို မြေပေါ်မြေအောက် ရှာဖွေဖော်ထုတ်ပြီး ပိုမိုထိန်းသိမ်း လာနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၃ ရက်နေ့မှာ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမြို့ရိုးနဲ့ပတ်သက်လို့ တူးဖော် သုတေသန ပြုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှာ မန္တလေးမြို့ရှိ ရှေးဟောင်း သမိုင်းဝင် သာသနိကယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မန္တလေးနန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါ တယ်။ ဒါ့အပြင် မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဩဂုတ်လ ၃၀ ရက်မှာတော့ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိပြီး ရွှေနန်းတော်အတွင်း ယခင် မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိတဲ့ ကျွန်းတိုင်များပြသထားရှိမှု၊ နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နန်းတော်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင်ဟံသာ၀တီနေပြည်တော် သာယာ၀တီတံခါးအနီးရှိ ဟံသာ၀တီမြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုးနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါတွေကတော့ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာနေရာတွေကို သွားရောက် ကြည့်ရှုစစ် ဆေး၊ ထိန်းသိမ်းရေး ဆောင်ရွက်စေခဲ့တဲ့ ခရီးစဉ်များဖြစ်ပါတယ်။ အဲဒီခရီးစဉ်များမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး " ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင် ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ မရှိစေရေး ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီး ရေရှည်တည်တံ့ နေစေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးခေတ် အသုံးအဆောင် ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက် အလက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုကြောင်း" လမ်းညွှန်မှာကြားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။
ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများမှာ ဒြပ်ရှိနဲ့ဒြပ်မဲ့လို့နှစ်မျိုးရှိရာမှာ ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတွေဟာ အိုးခြမ်းကွဲမှသည် အဆောက်အအုံများအထိ ကိုင်တွယ်ထိတွေ့နိုင်တဲ့ ရုပ်ဝတ္ထုတွေဖြစ်ပါတယ်။ ဒြပ်မဲ့ ယဉ်ကျေးမှု ပစ္စည်းတွေက ဘာသာစကား၊ အနုပညာ၊ ရိုးရာထုံးတမ်းစတဲ့ ကိုင်တွယ်ထိတွေ့ မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျူခေတ်ကာလမှစတင်လို့ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာ မြို့ပြအိမ်ရာများကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီရှေးဟောင်းမြို့ပြများအနက် အချို့မှာ ယနေ့တိုင် ကျန်ရှိနေသလို အချို့မှာလည်း ပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ မြို့ပြတွေကို ထိန်းသိမ်း နေသလို ပျောက်ကွယ်နေတဲ့ မြို့ပြတွေကိုလည်း ပြန်လည်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ရှေးခေတ် အဆက်ဆက်က မြန်မာကြီး များတည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို လက်ရှိမြန်မာတွေက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာသမိုင်းပေး တာဝန်တစ်ခုပါပဲ။ အမျိုးဂုဏ် ဇာတိ ဂုဏ်မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတာ ခေတ်အဆက်ဆက် မျိုးဆက်တွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ ဒါမှသာ မျိုးချစ်စိတ်ဓာတ် အမြဲရှင်သန်ထက်မြက်နေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ရေစီးကြောင်းမှာ နိုင်ငံတော်ကြီး သုံးရပ်ပေါ်ထွန်းခဲ့တာကို မြန်မာတိုင်း ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။
အနော်ရထာမင်းကြီးရဲ့ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ တတိယ မြန်မာနိုင်ငံတော်တို့ဟာ ထင်ရှားတဲ့သမိုင်း မော်ကွန်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းမြတ်သုံးပါးနန်းစိုက်ခဲ့တဲ့ နန်းတော်ရာတွေကို ရှာဖွေဖော် ထုတ်ပြီး ပညာရှင်များရဲ့အကူအညီနဲ့ ပုဂံ၊ ရွှေဘိုနဲ့ဟံသာ၀တီတို့မှာ မူလနန်းတော်ကြီးတွေလို နန်းတော် တွေ ပြန်လည်တည်ဆောက် ပေးထားပါတယ်။ ဒါ့အပြင် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ရတနာ ပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးရဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း ပြန်လည် တည်ဆောက် ပေးထားပါတယ်။ ဒါဟာဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို သားစဉ် မြေးဆက်က ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တစ်စတစ်စနဲ့ ပျက်စီးယိုယွင်းသွားမှာဖြစ်လို့ နောင်လာမယ့်မျိုးဆက်တွေ ကောင်းမွန်တဲ့ အမွေမကျန်ခဲ့ဘူးဆိုရင် လက်ရှိမျိုးဆက်တွေ တာဝန်မကျေရာ ရောက်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မျိုးဆက်တွေက ရှေးဟောင်း အမွေအနှစ်တွေ ဖော်ထုတ်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ဒါတွေဟာနောင်လာမယ့် မျိုးဆက်သစ် တွေကိုရည်ရွယ်ပြီး ဖော်ထုတ်ထိန်းသိမ်း နေခြင်းလည်းဖြစ်လို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားလို့ ဆိုနိုင်ပါတယ်။
မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်နိုင်တာကြောင့် ယူနက်စကိုကနေ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ အခြေအနေအထိ ရောက်နေတာ ဖြစ်ပါတယ်။
ပထမမြန်မာ နိုင်ငံတော်ပုဂံခေတ်မှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အလွန်ပဲ များပြားလှသလို လက်ရာတွေကလည်း ဆန်းပြားတာမို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဟာ မြန်မာတွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံရောက်ရှိပါလျက် ပုဂံကိုမရောက်ခဲ့ရင် မြန်မာနိုင်ငံကို မရောက်သေးဘူးလို့ နိုင်ငံခြားသားတွေ ပြောကြပါတယ်။ ဒါဟာ ပုဂံရဲ့ အံ့ဖွယ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့ တန်ဖိုးကို ဖော်ပြတာပါပဲ။
“ပုဂံကိုသိချင်လျှင် တစ်ခေါက်နှင့်လည်းမပြီးနိုင်၊ နှစ်ခေါက်နှင့်လည်းမပြီးနိုင်။ အခေါက်ခေါက်အခါခါ သွားရင်တောင်မှ လေ့လာစရာ မကုန်နိုင်အောင်ပါပဲ။ ကျွန်တော်တို့၏ ဘိုးဘွားများသည် တစ်ခါတစ် ခေတ်ကသော် နိုင်ငံထူထောင်ရေး၌ အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်လည်း အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ ဒါ့ကြောင့် နောင်လာနောက်သားတို့ အတွက် အလွန်အလုပ်လုပ်ခဲ့ကြပါပေသည်။ ကျောက်အုတ် ၊မြေအုတ်တို့ ဖြင့်ပြီးသော အထုကြီး၊ အထည်ကြီးတို့ကို ကိုင်တတ်ကြပါပေသည်။ ကျွန်တော်သည် ဤသို့ မြည်တမ်းလျက်သာ သာဓု ခေါ်၍ပုဂံမြို့ဟောင်းမှ ခွာခဲ့သည်”ဟုဆရာဇော်ဂျီက “ပုဂံမြို့ဟောင်းနှင့် ကျွန်တော်” ဆောင်းပါးတွင် ရေးသားထားပါတယ်။
ပုဂံမြို့ဟောင်းမှာ ကြည်ညိုစရာ၊ ကြည်နူးစရာများ ပေါလှပါတယ်။ ကြည်ညိုစရာဆိုသည်မှာ သပ္ပါယ် လှသော ရှေးဟောင်းဘုရားစေတီများဖြစ်ပြီး ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ဖြစ်ပါတယ်။ ကြည်ညိုစရာကိုဖူး၍ ကြည်နူးစရာကိုတွေ့ရသည်မှာ ဖူး၍တွေး၍ ကုန်နိုင်တော့ မည်မဟုတ်ပေ။
ယဉ်ကျေးမှုအစစ်မှာ လူ့အနှစ်အမြုတေရတနာပင်ဖြစ်ပါတယ်။ ပထဝီအနေအထား၊ လူနေမှုစနစ်၊ ဓလေ့ထုံးစံ၊ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အတီး၊ အက၊ အပြများ၊ ကိုးကွယ်သည့် ဘာသာ အယူဝါဒ၊ အရေးအသား၊ အတွေးအခေါ် စသည်တို့ကို မှီတွယ်၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၈၇၂ ခု တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့(အေဒီ ၁၅၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်)မှာ တောင်ငူဘုရင်မင်းကြီးညိုက ကေတုမတီ တောင်ငူနေပြည်တော်ကို ယနေ့တောင်ငူ မြို့နေရာတွင်တည်ထားခဲ့ပါတယ်။ မင်းကြီးညိုဟာ ရဟန်းပညာရှိ၊ လူပညာရှိများ အကြံပြုတဲ့အတိုင်း မြို့တော်သစ်ကို ကေတုမတီလို့အမည်ခေါ်တွင်စေပါတယ်။ အခုဆိုရင် ကေတုမတီမြို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၅၁၄ နှစ်ရှိပြီဖြစ်ပါတယ်။ ကေတုမတီမြို့ဟောင်းမှာ ထင်ရှားတဲ့နေရာသုံးခုရှိပါတယ်။
ကေတုမတီမြို့ဟောင်းရဲ့ ထင်ရှားတဲ့နေရာတစ်ခုကတော့ ယိုးဒယားပေါက်ဖြစ်ပါတယ်။ တောင်ငူမြို့ရဲ့ အရှေ့မြောက်ထောင့်ရှိ ကျုံးပေါက်ဖြစ်ကာ ကျုံးရေကို စစ်တောင်းမြစ်သို့ ဖောက်ထုတ်တဲ့ နေရာဖြစ် ပါတယ်။ ယိုးဒယားပေါက်မှာ ၁၀၈ ပေရှည်လျား၍ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းဟောင်းမှာ တည်ရှိပါတယ်။ အေဒီ ၁၈၆၄ ခုနှစ်မှာ ကျောက်ရင်းတံခါးကိုဖြိုဖျက်ပြီး အင်္ဂလိပ်တို့တည်ဆောက်ခဲ့တဲ့ မြို့လေးခံတပ်ဟာလည်း ကေတုမတီမြို့ဟောင်းရဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
မန္တလေးမှာပြန်လည် တည်ဆောက်မယ်ဆိုတဲ့ တံတားဟာ“စည်ရှည် တံခါးကို ဆက်သွယ်ထားတဲ့ ကျုံးကူးတံတား ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် စတုရန်းပုံအုတ်မြို့ရိုးကြီးရဲ့ အလယ်မင်းလမ်း တံခါးနဲ့ ကျုံးကူးတံတားပါ။ အရှေ့ဘက်ဦးထိပ်တံခါးနဲ့ အနောက်ဘက်ကစည်ရှည်တံခါး၊ တောင်ဘက်က ကျော်မိုးတံခါးနဲ့ မြောက်ဘက်က လေးသိန်းတံခါးတွေဟာတစ်ဖြောင့်တည်းရှိနေတဲ့ ဓာတ်တံခါး၊ မင်းလမ်းတံခါးကြီးတွေ ဖြစ်ပါတယ်။ အဲဒီဓာတ်တံခါးလေးပေါက်တို့ရဲ့ တစ်ဖြောင့်တည်း ဖြတ်သွားတဲ့ နေရာကတော့ မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်က ဘုရင်ကြီးရဲ့ အဆောင်တော် မှန်နန်းဆောင် ဖြစ်ပါတယ်။ သူ့ကိုအလယ်ဗဟိုနဲ့ချိန်မှတ်ဆွဲပြီး ရတနာပုံရွှေမြို့တော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတံခါးတွေရဲ့ ပြအိုးပြာသာဒ်တွေမှာဓာတ်နံသင့် စည်တော်ကြီးတွေချိတ်ဆွဲထားပြီး နန်းတော်ကပဟိုရ်စည်သံအတိုင်း နောက်ဆက်တွဲတီးခတ်ရတဲ့ ဓာတ်တံခါးကြီးတွေဖြစ်ပါတယ်။
“ရွှေပဟိုရ်စည်သံများကိုလ မကြားရတာကြာလေပြီ”တေးသီချင်းဟာဒီစည်သံတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါတွေဟာမြန်မာတို့ရဲ့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ တင့်တင့်တယ်တယ် နေထိုင် ခဲ့ရတဲ့ အချုပ်အခြာအာဏာရဲ့သင်္ကေတ၊ အထိမ်းအမှတ်ဖြစ်ပါတယ်။ ရှေးဟောင်းအမွေ အနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ တံတားနဲ့ ဆက်စပ်လျက်ရှိတဲ့ လမ်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ မန္တလေးရှိရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးတဲ့ခရီးစဉ်မှာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)ကြီးကို လည်းရောက်ရှိခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းအပြင်မှာတော့ မြန်မာမှု သစ်သား ပန်းပုအခြေခံ ခြူးပန်းခြူးနွယ် အပြောက်အမွမ်းတွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ ကျေးငှက် တိရစ္ဆာန်ရုပ်တွေ၊ နံရံကပ်ရုပ်ကြွတွေ၊ အတွင်းမာရဘင် အရှေ့ပိုင်း ကွန်းစင်တိုင် အခြေမှာ ထုဆစ်ပူဇော် ထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေန ဇာတ်တော်တွေကို အနုစိတ် ထုဆစ်ပူဇော်ထားပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် လက်ရာတွေပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ရွှေကျောင်းတော်ကြီး မည်မျှကြီးကျယ် ခမ်းနားဂုဏ်မြင့်မား ကြောင်း ကို ဖွဲ့ဆိုထားတဲ့ မဟာဂီတကြိုး သီချင်းတစ်ပုဒ်ရှိ ပါတယ်။
ကျောင်းတော်ကြီးကြိုးလို့ ခေါ်ပါတယ်။ (ဝေဇယန်နှင့် နှုန်းငြား၊ မထူးခြား)၊ (ရွှေကျောင်းတော်ကြီး ဘုံဆောင်၊ ကျူးတည့် ကျူးလွန်အောင်)၊ (ဆောင်တကာလေဆန်း၊ ထွေတလာလေပန်း)၊ (နေအရောင် လိုပင်၊ လအရောင်လိုပင်)၊ (စိမ်းရရိမ်း၊ နီရရီ၊ ပြာရရာ၊ ဝါအဝါ၊ ရွှေအရွှေ၊ ရွှေတည့်ရွှေအရွှေ)၊ (သယ်လေ-ကျောင်းတော်၊ ကျောင်းတော်၊ ကြူးကျော်ယဉ်လေဟန်)၊ (ဖန်မှန်ရှိန်၊ မြနှယ်စိန်၊ နေခြည်ရောင်လင်း သောခါ၊ ဘယ်သူပင် ရှုဝံ့ဘူး) (မြင့်လှ ဖြူးဖြူး၊ တိမ်ဆီ အံ့ဩ ဩမည်၊ အံ့ဩမည်)၊ သံသရာလေဝဋ်နှင့်၊ ကင်းအောင်ရှင်းအောင်၊ သံသရာလေဝဋ်နှင့်၊ (ကင်းကြောင်း ရှင်းကြောင်း)၊ ချမ်းမြမြကြည်စွာ၊ သာယာ ရွှင်ပြုံး၊ တေဇာ တုန်ရိုက်ချုန်းပါလို့၊ မိုးလုံးတိမ်တိုက် ဖြာလေတည့်မှ မိုးလုံးတိမ်တိုက်ဖြာ။ သီချင်းမှာပါတဲ့ “သယ်လေ”ဆိုတဲ့စကားရပ်က (အာမေဍိတ်စကား) အံ့မခန်းဖွယ်လို့ဆိုလိုတာပါ။ ဂီတလိုက်စားသူ တိုင်းနှစ်ခြိုက် သဘောကျတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရွှေကျောင်းတော်ကြီးနဲ့တိုက်ရိုက် သက်ဆိုင်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ခေတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်အောင်မြင်ခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာ မင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) နံနက် ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြည်နူးဖွယ်မြင်ကွင်းလိုပါပဲ။ သူ့ခေတ် သူ့အခါက မင်းနဲ့ပြည်သူတို့ရဲ့ ခမ်းနားသိုက်မြိုက်စွာ ကုသိုလ်ယူဒါနပွဲတော်၊ ရွှေကျောင်းတော်ကြီး အကြောင်းဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်က တည်းက တည်ဆောက်ခဲ့တဲ့ ရွှေကျောင်းတော်ကြီးဟာ အခုဆိုရင် သက်တမ်း ၁၆၇ နှစ်ရှိပြီဖြစ် ပါတယ်။
ကမ္ဘောဇသာဒီနန်းတော်နဲ့ ပတ်သက်လို့ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၈ ခုနှစ်၊ တန်ဆောင် မုန်းလဆန်း ၁၀ ရက်မှစ၍ မြို့သစ်ကိုတည်ခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်က ပြဆိုပါတယ်။ နန်းမြို့သစ်ကို တည်ခဲ့စဉ်က အရှေ့ဘက်မှ တောင်ဘက်ကိုတူး၍ အနောက်ဘက်တွင်ဖို့ခဲ့ရကာ မြို့တည်ထောင်ချိန်မှာ ငါးနှစ်ကြာမြင့်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၉ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်တွင်နန်းတက်ခဲ့ကြောင်း၊ မြို့ကို ကမ္ဘောဇသာဒီဟုမှည့်ကြောင်း တွင်းသင်း မဟာ ရာဇဝင်သစ်တွင် ဖော်ပြထားပါတယ်။ အခုဆိုရင် ကမ္ဘောဇသာဒီ နန်းတော်ဟာ သက်တမ်းအားဖြင့် ၄၅၈ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။
ရှေးဟောင်း အဆောက်အအုံဆိုသည်မှာ “မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ် တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘာ၀ပတ်ဝန်းကျင်နေရာများအပါအဝင် လူသားတို့နေထိုင်ပြုလုပ်သုံးစွဲ တည်ဆောက်ခဲ့သည့် အဆောက်အအုံများ” ကို ဆိုသည်လို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများစာအုပ်တွင် အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တဲ့နေရာမှာ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ်အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီဖြစ်သည့် အပျက်အစီးများ၊ ရှေးမြို့ ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်၀၊ မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေ အဆောက်အအုံများ၊ လူနေရာဌာန၊ ဥယျာဉ်၊ အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်းလူများနေထိုင်ခဲ့သည့် ကုန်းဟောင်းများ၊ ယင်းတို့၏ အကြွင်းအကျန်များ ပါဝင်ပါတယ်။ ဒါ့ပြင်သဘာ၀ အလျောက် တည်ရှိ သည့် သို့မဟုတ် လူတို့ဖန်တီးသည့် ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာ၀လိုဏ်ဂူ၊ ရှေးဟောင်း ကျောက်ဂူ၊ အခြားနေထိုင်ရာနေရာနှင့် ရှေးဟောင်းလူများ သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊ ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့်ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာနေရာများ အပါအဝင် ဘူမိသဘာ၀ ပတ်ဝန်းကျင်နေရာများလည်း ပါဝင်ပါတယ်။
ဒါတွေဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်လို့ မျိုးဆက်သစ် အဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။ မြန်မာ တို့ဟာ ရှေးနှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့လို့ ယနေ့တိုင် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး၊ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး တွေကို ဘိုးဘွားတွေကဆောင်ရွက်ခဲ့သလို မျိုးဆက်သစ်တွေကလည်း ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက် တိုင်အောင် အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေတဲ့ အချက်တွေမှာ မြန်မာတို့ဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နေခြင်းဟာလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုတာကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။
လာမယ့်နောင်အနာဂတ် မျိုးဆက်သစ်ကလေးတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အနှစ်သာရကို သိရှိပြီးတော့မှ သမိုင်းအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ အမျိုးသားရေး ယဉ်ကျေးမှု လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို မပျောက်ပျက်၊ မပျက်စီးစေဖို့ အလေးအနက်ထား သွားရောက်ကာ လိုအပ်တာတွေလမ်းညွှန်ခြင်း၊ ဖြည့်ဆည်းပေးခြင်း တွေကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးမှုပျောက်ရင် လူမျိုး ပျောက်မယ်ဆိုတဲ့ စကားအတိုင်း မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်နဲ့ အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ဖော်ညွှန်းပြသနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေမတိမ်ကော၊ မပပျောက် အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-www.moi.gov.mm
ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့် အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။
AI ၏ သားကောင်ဖြစ်ခဲ့ရသည့် ကျွန်မမိတ်ဆွေ
ကျွန်မ၏ မိတ်ဆွေမိန်းကလေးတစ်ယောက်၏ဖွင့်ဟချက်ကို နားထောင်ခံစားလိုက်ရသည်က သက်သေ ပင်ဖြစ်သည်။ထိုမိတ်ဆွေက သူ့အခက်အခဲတစ်ခုကိုစိုးရိမ်တကြီး ဖွင့်ဟလာခြင်းဖြစ်သည်။ ကံ မကောင်းစွာဖြင့် ၎င်းသည် AI ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ၎င်း၏မျက်နှာကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်သည့် ဓာတ်ပုံများကို ဖန်တီးထားကြောင်း၊ ၎င်းပုံများကို သူ့ထံ Messenger မှ ပေးပို့ပြီး Facebook ပေါ်တင်မည်၊ Facebook ပေါ်မတင်စေလိုပါက ငွေပေး ရမည်ဖြစ်ကြောင်း ခြိမ်းခြောက် လာခြင်းဖြစ်သည်။ ၎င်းပုံများသည် နည်းပညာနှင့် မကျွမ်းဝင်သည့် သာမန်လူတို့အဖို့ ယုံကြည်စဖွယ် လှည့်စားထားမှုများပင် ဖြစ်သည်။
သူက မိဘများထံအကူအညီတောင်းခဲ့သော်လည်း နည်းပညာမကျွမ်းသည့် မိဘများကမယုံ။ မသမာ သူများမှ ပေးပို့သော ဓာတ်ပုံများကိုပင် အမှန်ဟုပင် ယူဆပြီး အထင်အမြင်လွဲခံနေရကြောင်း ရင်ဖွင့် လာခြင်းဖြစ်သည်။ မိမိမလုပ်သည်ကို ငြိမ်မခံနေရန်နှင့် ပေးပို့သူ၏ Facebook Account နှင့်တကွ ပေးပို့ထားသော chat box မှ စာများကိုပါ Facebookပေါ်မှာ ပြန်လည်တင်ပြီး ချက်ချင်းဖြေရှင်းရန် ကျွန်မက အကြံပြုခဲ့သည်။ မိတ်ဆွေ၏မိဘများကိုလည်း ကျွန်မကိုယ်တိုင် AI နှင့် မည်သို့မည်ပုံ ဓာတ်ပုံ ပြုလုပ်၍ရသည်ကို လက်တွေ့ပြသပြီး ပြန်လည်ဖြေရှင်းပေးခဲ့ရပါသည်။ ဤကား ကျွန်မသူငယ်ချင်း၏ အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။
ကျွန်မသည် AI ကို စိတ်ဝင်စားသူပီပီ AI ၏ အသုံးဝင်ပုံများနှင့် အသုံးပြုနည်းများကို အဆက်မပြတ် လေ့လာနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့်အတူ အလားတူဖြစ်ရပ်မျိုးများစွာကို အင်တာနက်စာမျက်နှာများပေါ်တွင် မကြာခဏအကဲခတ်မိပါသည်။ ယနေ့ ခေတ်တွင် နည်းပညာတိုးတက်မှုမြင့်မားလာသည်နှင့်အမျှ လူသားများ၏ လူနေမှုဘဝတွင် လွှမ်းမိုး ထိခိုက်နိုင်သည့် အခြေအနေများ ကြုံတွေ့လာရသည်ကို မှန်းဆနိုင်ပါသည်။
ယနေ့ခေတ် အဆင့်အမြင့်ဆုံးနည်းပညာတစ်ခုဖြစ်နေသည့် AI သည် လူတို့၏ နေ့စဉ်ဘဝကို တိုးတက် ကောင်းမွန်အောင်အမြောက်အမြား ဖန်တီးပေးနေသော်လည်း သတင်းအချက်အလက်ခိုးယူမှု၊ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု၊ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများ ယခင်ကထက် ပိုများပြား လာသည်ကို သတိထားမိသည်။ AI သည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အိပ်မက်ဆိုးများကိုပါ သယ်ဆောင် လာပြီဖြစ်သည်။ မကောင်းသည့်ရည်ရွယ်ချက်များတွင် အသုံးချမှုကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို တင်ပြလိုပါသည်။
ဆိုရှယ်မီဒီယာမှာ ဘယ်လိုအသုံးချသလဲ
AI နည်းပညာသည် လူသားများ၏ နေ့စဉ်ဘဝတွင် များစွာတွင်ကျယ်လာနေသည်။ ယနေ့ခေတ် လူသုံးအများဆုံး Smart Phone နှင့် ကွန်ပျူတာများတွင် AI နည်းပညာက အဓိကကျကျ နေရာယူလာနေပြီဖြစ်သည်။ AI သည် အသုံးပြုသူ၏ စိတ်ဝင်စားမှု၊ အပြုအမူနှင့် ယုံကြည်ချက်များအပေါ် မူတည်၍ လူ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိသည်။ AI က အသုံးပြုသူကျင်လည်ရာ ဆိုရှယ် မီဒီယာအပေါ်တွင် ဘယ်အကြောင်းအရာများကို အများဆုံးကြည့်သလဲ၊ ဘယ်အရာကို အများဆုံး Like ပေးသလဲ၊ ဘယ်လို Commentပေးသလဲစသည်တို့ကို မှတ်သားထားပြီး မိမိတွင်ဘယ်လိုအယူအဆ၊ ဘယ်လိုစရိုက်ရှိသည် ဆိုတာမျိုးအထိ ခွဲခြမ်းစိတ်ဖြာနိုင်သည်အထိ အဆင့်မြင့်လာနေသည်။
ဥပမာ မိမိနှစ်သက်ရာအဝတ်အထည်၊ အစားအသောက်၊ အားကစား၊ နည်းပညာစသည့် တစ်မျိုးမျိုးကို အများဆုံးကြည့်ရှုသူဖြစ်ပါက မိမိ၏ဆိုရှယ်မီဒီယာတွင် ၎င်းအကြောင်းအရာများသာ အများဆုံးတွေ့မြင် ရမည်ဖြစ်သည်။ အကြောင်းကား မိမိနှစ်သက်ရာ သတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်း ထားပြီး ကိုယ်က မသိလိုက်ခင်မှာပင် ဘယ်လိုအယူအဆရှိသည်ဆိုတာကို AI က ခွဲခြမ်းစိတ်ဖြာပေးထား ခြင်းကြောင့်ဖြစ်သည်။
deepfake ဟုခေါ်သည့် AI နည်းပညာတစ်မျိုးသည် ဗီဒီယို၊ ဓာတ်ပုံများသာမက ဗီဒီယို call များမှာပါ အသုံးပြုခံရသူ၏ မျက်နှာနှင့်အသံကိုပါ အစားထိုးအသုံးပြုနိုင်သည့် နည်းပညာတစ်မျိုးဖြစ်သည်။ ၎င်းနည်းပညာကိုအသုံးပြုပြီး သတင်းအမှားများ၊ လိမ်လည်မှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် များခိုးယူ၍ မသမာမှုများပြုလုပ်နိုင်ပြီး လူအများ၏ ထင်မြင်ယူဆချက်များနှင့် လူမှုဘဝအပေါ် ကြီးမားသောဆိုးကျိုးများ သက်ရောက်စေသည်။ အသုံးပြုသူ လိုလားရာ ဆန္ဒမဲပေးခြင်းနှင့် နိုင်ငံရေး ယူဆချက်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိလာသည်။ ဥပမာ နိုင်ငံရေးဝါဒဖြန့်မှုများတွင် ပြိုင်ဘက်နှင့်သက်ဆိုင်သည့် သတင်းအမှားများဖြန့်ဝေရာတွင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်းဖြစ်သည်။
အသုံးပြုသူများသည် ၎င်းတို့ကိုအမှန်ဟု ယူဆလိုက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားပြည်နယ်ရှိ မူလတန်း ကျောင်းသို့ သမ္မတဘိုင်ဒင်အယောင်ဆောင်ကာ ဒီမိုကရက်များကို မဲမပေးရန်AI က ဖန်တီးထားသော ဖုန်းခေါ်ဆိုမှုမျိုးရှိခဲ့သည်။ သမ္မတဟောင်းထရမ့်ကိုယ်တိုင် AI ဖန်တီးထားသော ဆိုဗီယက်ယူနီယံ ကွန်မြူနစ်တံဆိပ်ပါသော အလံနှင့်အတူ လူထုကြားတွင် မိန့်ခွန်းပြောနေသည့် ဒုတိယသမ္မတဟဲရစ်၏ ပုံကို၎င်း၏ X အကောင့်တွင် ဖော်ပြထားသည်။ ထို့ကြောင့်၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို “အမေရိက၏ ပထမဆုံး AI ရွေးကောက်ပွဲ” ဟူ၍ပင် တင်စားပြောစမှတ်ပြုလာကြသည်။
AI နည်းပညာဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အသံကိုပွားယူပြီး ဗီဒီယိုများဖန်တီးနိုင် ခြင်းကြောင့် နိုင်ငံရေးသမားများ သို့မဟုတ် ထင်ရှားကျော်ကြားသူများ၏ အသံများ၊ရုပ်ပုံများသည် ပစ်မှတ်များ အလွယ်တကူဖြစ်လာ ကြသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းဘက်မှ ထောက်ခံမည့်မူကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာသည့် ဗီဒီယိုအတုတစ်ခုထွက်လာခဲ့ဖူးသည်။ ကမ္ဘာကျော်အနုပညာရှင်များ၏ မျက်နှာ နှင့် အသံများကို အသုံးပြုကာ လူမျိုးရေးခွဲခြားသည့် ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထား သည်ကို သိခဲ့ရဖူးသည်။
ထို့ကြောင့် သားကောင်ဖြစ်ရရှာသော အနုပညာရှင်များအနေဖြင့် သူတို့၏ ကိုယ်ပိုင်အကောင့်များမှ ချက်ချင်းပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ AIကို တလွဲအသုံးချမှုများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် အများပြည်သူ၏ ထင်မြင်ယူဆချက်နှင့်ယုံကြည်မှုကို များစွာထိခိုက်စေ ပါသည်။ ထို့ပြင် AI အခြေပြု ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် နိုင်ငံ၏လုံခြုံရေးစနစ်များကို ပင် ထိခိုက်စေနိုင်ပြီး အချို့သောနိုင်ငံများအကြားပဋိပက္ခများကိုပင် ဖြစ်နိုင်သည်အထိ ဆိုးကျိုးများကို လည်း တွေ့လာရသည်။ (ဥပမာ- ရုရှား-ယူကရိန်းစစ်ပွဲတွင် AI ဖြင့်လှည့်စားခြင်း)
ဓာတ်ပုံ၊ ဗီဒီယိုအတုပြုလုပ်၍ စီးပွားရေးတွင် နစ်နာဆုံးရှုံးမှုများ
ဘဏ္ဍာရေးကုမ္ပဏီများတွင် Deepfake နည်းပညာကို အသုံးပြု၍ လိမ်လည်မှုများ ဖြစ်ပွားခဲ့ပုံကို တင်ပြလိုပါသည်။ ငွေကြေးလိမ်လည်သူများသည် ဟောင်ကောင်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် အပါအဝင် အရာရှိများအဖြစ် ဟန်ဆောင်ကာ ကုမ္ပဏီ၏ငွေစာရင်းကိုင်ဝန်ထမ်းထံ အွန်လိုင်း အစည်းအဝေး တက်ရောက်မည့်အီးမေးလ်ကို ကြိုတင်ပေးပို့ခဲ့ပြီး အစည်းအဝေးတွင် Deepfake နည်းပညာ အသုံးပြု၍ ဘဏ္ဍာရေးအရာရှိချုပ်နှင့် အခြားအရာရှိများ၊ ဝန်ထမ်းများ၏ မျက်နှာပုံစံနှင့် အသံတို့ကို အစစ်အတိုင်း ဖန်တီးပြီး စာရင်းကိုင်ဝန်ထမ်းအား ၎င်းတို့၏ ဘဏ်အကောင့်ထဲသို့ ငွေကြေးများကို လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့သည်။
ဝန်ထမ်းက အတုကို အစစ်ထင်ခဲ့ပြီး လိမ်လည်သူများခိုင်းသည့်အတိုင်း USD$ ၂၅.၆ သန်းနီးပါးကို လွှဲပြောင်းပေးလိုက်သည်။ အချို့သောဟက်ကာများသည် ကုမ္ပဏီအရာရှိကြီးများ၏ အီးမေးလ် အကောင့်များကို ရယူပြီး အီးမေးလ်မှတစ်ဆင့် ကုမ္ပဏီ၏ လျှို့ဝှက်စီမံကိန်းများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အရာရှိကြားနှစ်ဦးသာသိရှိရန် လျှို့ဝှက်ပြောကြားစေပြီး ၎င်းထံ ငွေလွှဲစေခြင်းများဖြစ်သည်။ အစီရင်ခံစာ များအရ AIနည်းပညာနှင့် ဆက်စပ်သောလိမ်လည်မှုများကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါး ဆုံးရှုံးနစ်နာမှုများရှိနေကြောင်းသိရှိလိုက်ရသည်။ ၎င်းအချက်က AI နည်းပညာအသုံးပြုမှုအပေါ် ပိုပြီးသတိရှိရန်နှင့် လုံခြုံရေးစနစ်များကို ပိုမိုခိုင်မာစွာကျင့်သုံးရန်လိုအပ်ပုံကို ပြသနေပါသည်။
အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု
Space X နှင့် Tesla ကုမ္ပဏီပိုင်ရှင် အီလွန်မက်နှင့် အခြားသောနည်းပညာရှင် ၁၀၀၀ ကျော်က AI နည်းပညာစမ်းသပ်မှုများကို နှောင့်နှေးအောင် လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်တွင်ပြောကြားခဲ့ဖူးပါသည်။ အကြောင်းကား AIနည်းပညာ၏ တစ်ဟုန်ထိုးကျယ်ပြန့်မှုနှင့် ဘယ်လောက် အထိ အန္တရာယ်ရှိနိုင်သလဲဟူသည့် အတိုင်းအတာပမာဏကို မသိရှိနိုင်ခြင်းကြောင့် နည်းပညာသစ်တစ်ခု ထွက်ပေါ်လာတိုင်း လုပ်သားဈေးကွက်အပေါ်ကြီးစွာသော သက်ရောက်မှုများကို ကြုံနေကြရခြင်းကြောင့် ဖြစ်သည်။
ဥပမာ ထုတ်လုပ်ရေးတွင် AIသုံး စက်ရုပ်များကို အစားထိုးအသုံးပြုခြင်းကြောင့် ထရပ်ကားမောင်းသူ သန်းပေါင်း များစွာ အလုပ်လက်မဲ့ဖြစ်ရသည်။
ယခုလည်း AI ကြောင့် ဂရပ်ဖစ်ဒီဇိုင်နာများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးကြရပါပြီ။ ထို့နည်းတူ ပန်းချီ၊ ကဗျာ၊ ဂီတ၊ စာရေးသားခြင်းစသည့် နယ်ပယ်များမှာ AI ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာရသည်။ ထို့ကြောင့်လည်း မိမိတို့မှာAI ၏ အသုံးချခံမဖြစ်စေဘဲ AI ကို ကျွမ်းကျင်လိမ္မာပါးနပ်စွာ အသုံးချနိုင်သည့် အရည်အသွေးရှိရန် လိုအပ်လာပြီဖြစ်ကြောင်း ယူဆမိပါသည်။
၂၁ ရာစု လူသားများအတွက်မရှိမဖြစ်လိုအပ်သော Skill များအနက် နည်းပညာကျွမ်းကျင်မှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ အနာဂတ်ကာလတွင် AI နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့်အတူ အလုပ်အကိုင်ရှာဖွေသူများအကြား AI နည်းပညာကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်သူများကသာ နေရာသစ်တစ်ခုကို ပိုင်ဆိုင်ကြတော့မည်ဖြစ်ပါသည်။ အနာဂတ်မှာ နည်းပညာကျွမ်းကျင်သူနှင့် နည်းပညာအားနည်းသူများအကြား အလုပ်အကိုင်အခွင့်အလမ်းကွာဟမှုမှာ ကြီးမားလာတော့မည် ဖြစ်ပါသည်။
ကောင်းကျိုးများ
နည်းပညာတစ်ရပ်သည် လူ့အဖွဲ့အစည်းတွင် များစွာအသုံးဝင်သော်လည်း ဆိုးကျိုးများရှိသလို ကောင်းကျိုးလည်း များစွာရှိနေသည်။ AI သည်လည်း ထို့အတူပင်။ ကောင်းကျိုးများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊မောင်းသူမဲ့ကားနှင့် ဒရုန်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ အိမ်အကူ၊အန္တရာယ် များသော ကယ်ဆယ်ရေးနှင့် သုတေသနလုပ်ငန်းများစသည့် ကဏ္ဍများတွင် အောင်မြင်မှု များမှာ AIနည်းပညာကြောင့်လည်း ပါဝင်သည်။ ကျန်းမာရေးကဏ္ဍတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိသူကို AI နည်းပညာကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ကင်ဆာရောဂါအဆင့်ကို ကြိုတင်သိရှိရပြီး ဖြစ်ပွားမှုကို ထိန်းချုပ်ကုသနိုင်သည့်အတွက် ကင်ဆာကြောင့် သေဆုံးမှုပမာဏ နည်းလာသည်ကို တွေ့ရသည်။
လူသားများတွင် လုပ်နိုင်သည့် ပမာဏနှင့် လုပ်နိုင်စွမ်းအကြား ရှိနေသည့်အကန့်အသတ်ကို ကျော်လွှားရန် လိုအပ်သည့်အခါ AI သည် အသုံးဝင်လာသည်။ မီးလောင်၊ မြေပြို၊ ငလျင်ဒဏ်များကြောင့် အဆောက်အအုံအပျက်အစီးများကြားတွင် ကူရာမဲ့လူနှင့် အိမ်မွေးတိရစ္ဆာန်များ ဘယ်နေရာတွင် ကျန်ရှိ နေသလဲဆိုသည်ကို AI သုံးအဆင့်မြင့်စက်ရုပ်များဖြင့် ရှာဖွေကယ်ဆယ်နိုင်လာခြင်းက ဝမ်းသာ စရာဖြစ်သည်။
ယနေ့ခေတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကုန်ကျစရိတ်လျှော့ချရန် နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် အတွက် AI သည် အလွန်ပင်အသုံးတည့်လှသည်။ ကောက်ပဲသီးနှံများကို စောင့်ကြည့်ခြင်း၊ မြေဆီလွှာခွဲခြမ်း စိတ်ဖြာခြင်း၊ သီးနှံအတွက် လိုအပ်သည့် ရေပမာဏကိုအချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးနိုင်ခြင်း၊ ဆည်မြောင်းစနစ်များကို ပိုမိုကောင်းမွန် အောင် စီမံခန့်ခွဲ နိုင်ခြင်းနှင့်ရေချွေတာခြင်းများတွင် AI က အကူအညီပေးနိုင်ပါသည်။ AI စနစ်ပါသော အာရုံခံကိရိယာများ၊ ဒရုန်းများနှင့် စက်ရုပ်များက ပိုးသတ်ဆေးဖျန်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်းနှင့် ပေါင်းနုတ်ခြင်းများတွင် လူ့ကျန်းမာရေး မထိခိုက်စေဘဲ ကာကွယ်ပေးနိုင်ပါသည်။
ကမ္ဘာတစ်ဝန်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် AIနည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့မှ ဦးဆောင်နေသည်ဖြစ်ရာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် AI ကို ၎င်းကဏ္ဍ၌ တွင်တွင်ကျယ်ကျယ်အသုံးချနိုင်ရန် လိုအပ်မည်ဟု ယူဆပါသည်။ မွေးမြူရေးလုပ်ငန်းများ တွင်လည်း AI အကူအညီဖြင့် တိရစ္ဆာန်များ၏ လှုပ်ရှားသွားလာမှု၊ ကျန်းမာရေးနှင့် အခြားသော အပြုအမူများကိုစောင့်ကြည့်နိုင်ပြီဖြစ်သည်။ လုပ်ငန်းရှင်များသည် ယခင်သုံးရက်အတွင်း တိရစ္ဆာန် တစ်ကောင်၏ ရေသောက်သုံးမှုပမာဏ၊ အစာစားသုံးမှုနှုန်းတို့ကို AIဖြင့် ခန့်မှန်းလာနိုင်သည့်အတွက် တိရစ္ဆာန်ကောင်ရေအလိုက် လိုအပ်သည့် အစာသိုလှောင်မှုတွင် နေရာအလုံအလောက်ရရှိရန် ကူညီပေး နိုင်ပါသည်။
AI ၏ လုပ်ဆောင်နိုင်စွမ်းက အံ့မခန်းဖြစ်သလို ဆိုးကျိုးများကား ထိတ်လန့်ဖွယ်ဖြစ်သည်မှာ သံသယ ဖြစ်စရာမလိုပါ။ ယခင်က Photoshop ကို အသုံးပြုပြီး အစစ်နှင့်တူသည့် ဓာတ်ပုံများကို နာရီပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။ ယခု AI မှာတော့ အစစ်နီးပါး ခွဲခြားမရသည့် ပုံအတုပုံများကို စက္ကန့်ပိုင်းအတွင်း ရရှိလာနိုင်ပါပြီ။ Click တစ်ချက်နှိပ်ရုံဖြင့် မိမိလိုသလို ပြင်ဆင်လာနိုင်သည့်အခါ မကောင်းဘက်မှာ အားသန်သူများအဖို့ AI က အခွင့်အရေးဖြစ်သွားသည်။ AI ကို ကောင်းစွာ အသုံးချလိုသူများအတွက်မူ လက်ထောက်ကောင်းတစ်ယောက် ရလိုက်သည့်နှယ်ဖြစ်သည်။
ဥပမာ Chat GPTကို အသုံးပြု၍ အင်္ဂလိပ်စာလေ့လာနိုင်ခြင်း၊ Assignment များ ရေးသား နိုင်ခြင်းဖြစ်သည်။ သို့သော် မိမိ၏ ကြိုးစားအားထုတ်မှုမပါဘဲနှင့်တော့ ဘာသာရပ်များကို အသေအချာ နားလည်တတ်မြောက်မည်မဟုတ်ပါ။ AI သည် လေ့လာလိုသည့်ဘာသာရပ်၏ Concept ကို ရှင်းပြသည့်အခါတွင် ပိုမိုကောင်းမွန်ပြီး အချက်အလက်များကို တစုတစည်းတည်း စုံလင်စွာရရှိနိုင်ခြင်းကအားသာချက်ဖြစ်သည်။ ဤသို့ဖြင် စာပေလေ့လာရာတွင် အကူအညီ ဖြစ်စေသလိုအီးမေးလ်များကို အလိုအလျောက်စာပြန်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ လုပ်ဆောင်နိုင်သဖြင့် အလုပ်ဝန်နှင့် နေ့စဉ်ဘဝကို AI က ထိန်းညှိပေးနိုင်သည်။
နည်းပညာမှန်သမျှ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိသည်။ အသုံးပြုသူ၏ ရည်ရွယ်ချက်နှင့် စေတနာအပေါ်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး ကွဲပြားသွားပါသည်။ AI နည်းပညာသည် ကဏ္ဍ ပေါင်းစုံတွင် အရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ AI ကို အလွဲသုံးစားပြုသူများကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဖျော်ဖြေရေးကဏ္ဍမှသည် နိုင်ငံရေးလောကနှင့် အမျိုးသားလုံခြုံရေး အထိပါမကျန် နယ်ပယ်အားလုံးတွင် ခြောက်လှန့်မှုတစ်ခုဖြစ်လာနေသည်ကို သတိပြုကြရမည် ဖြစ်ပါ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် နည်းပညာကုမ္ပဏီများ၏ အသစ်အသစ်သော ဆန်းသစ်တီထွင်မှုများမှ AI နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုအတိုင်းအတာကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီးယင်းနှင့်သက်ဆိုင် သည့် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများပြဋ္ဌာန်း၍ ထိန်းကျောင်းရန် ကြိုးစားလာကြသည်ကို လေ့လာမိပါသည်။
စင်ကာပူနိုင်ငံတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ထိရောက်အောင်မြင်ရန် AI နှင့် ဒေတာ အသုံးပြုမှုကျင့်ဝတ်ဆိုင်ရာ အကြံပေးကောင်စီကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဓိကတာဝန်မှာ AI နည်းပညာဆိုင်ရာ ကျင့်ဝတ်၊ မူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် အစိုးရအား အကြံပေးရန် ဖြစ်သည်ဟု ဆိုပါသည်။ ယင်းအဖွဲ့၏ အကြံပြုချက်ကြောင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားဉာဏ်ရည်တု မဟာဗျူဟာတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း AI နည်းပညာ၏ ဆိုးကျိုးများကို ကြိုတင်ကာကွယ်ဖြေရှင်းရန်အတွက် ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ထုတ်ပြန်ထားသည့် ဆိုက်ဘာလုံခြုံရေး အချက်အလက်များကိုသိရှိနားလည်ပြီး တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်သာ လိုအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် AI ၏ သားကောင်များ မဖြစ်ကြရလေအောင်တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာနာ၊ညှာတာထောက်ထားမှုဖြင့် ကူညီလက်တွဲဖေးမကြရန် လိုအပ်နေပါသည်။ အထူးသဖြင့် နည်းပညာရှင် များ၊ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ပေါ်လစီချမှတ်သူများနှင့် တရားဥပဒေပြဋ္ဌာန်းသူများအကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်လည်း မိမိဖုန်းတွင် မလိုအပ်ဘဲတည်နေရာဖွင့်ထားခြင်းနှင့် မိုဘိုင်းဒေတာ သို့မဟုတ် ဝိုင်ဖိုင်ဖွင့်ထားခြင်း၊ အများပြည်သူသုံး free ဝိုင်ဖိုင် များကို လွယ်လွယ်အသုံးမပြုခြင်း၊ မလိုအပ်ဘဲ အက်ပလီကေးရှင်းများ ထည့်သွင်းမှုမှ ရှောင်ကြဉ်ခြင်း၊ အခြားသူများ၏ အချက်အလက်နှင့် လုံခြုံရေးကို အလေးထားတန်ဖိုးထားခြင်းများအပြင် နည်းပညာနှင့် ပတ်သက်သည့် အခြားသောစံတန်ဖိုးများကိုလည်း လေးစားလိုက်နာကာ AI ကို တာဝန်သိသိ အကျိုး ရှိရှိနှင့် ဘေးမဖြစ်အောင် အထူးသတိထားအသုံးပြုကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
Source-Myawady Webportal
(ယမန်နေ့မှအဆက်)
ထိုသို့ ယမ်းအိုးက အဆင်သင့်ဖြစ်လာချိန်၌ မီးပွားတစ်စကလည်းတိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည်။ ယင်းမှာ အလုပ်အကိုင်ခွဲတမ်းကိစ္စဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၌ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့ကြသူများ၏ မိသားစုများအတွက် အစိုးရဝန်ထမ်းအလုပ်အကိုင်၏ ၃၀ ရာခိုင်နှုန်းအား ခွဲတမ်းသတ်မှတ်ပေးခဲ့သည်။ နောင်အခါ ဤကိစ္စနှင့်ပတ်သက်၍ ဆန့်ကျင်ဆူပူမှုများရှိခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင် ဤစနစ်ကိုဖျက်သိမ်းခဲ့သည်။ သို့သော် သက်ဆိုင်ရာ မိသားစုများက တရားရုံး အဆင့်ဆင့်တွင် အယူခံဝင်ခဲ့ကြရာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗဟိုတရားရုံးက ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးရန် အမိန့်ချ ခဲ့သည်။ ယင်းမှာ အဝါမီလိဂ်ကို ဆန့်ကျင်ထိုးနှက်လိုသူများအတွက် လက်နက်ကောင်းဖြစ်သွားခဲ့သည်။
အကြောင်းမှာ လွတ်လပ်ရေး တိုက်ပွဲဝင်သူအများစုမှာ အဝါမီလိဂ်မှဖြစ်ပြီး ဆွေစဉ်မျိုးဆက် အဝါမီလိဂ်ပါတီဝင်နှင့် ထောက်ခံသူများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်လေသည်။ လူဦးရေများပြီး အလုပ်အကိုင် ရှားပါးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နှစ်စဉ်အစိုးရအရာထမ်း ရာထူးဝင်ပေါက် ၃၀၀၀ ခန့်သာ ရှိရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူ ငါးသိန်းခန့်ရှိသည့်အတွက် ယင်းဝင်ပေါက်နေရာ အနည်းငယ်မှ ၃၀ ရာခိုင်နှုန်းထပ်၍ လျော့သွားမည့်အပေါ်မကျေနပ်မှုက အဝါမီလိဂ်ကို ဆန့်ကျင်မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ထိုမကျေနပ်မှု ဆန့်ကျင်မုန်းတီးမှုမှာ အလုပ်ရှာနေသည့် ပညာတတ်လူငယ်များအကြား၌ အများဆုံး ပေါ်ပေါက်ခဲ့ရာ လူထုအုံကြွမှုကို အစပျိုးသည့်နေရာမှာ လူငယ်ထုဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေ သန်း ၁၇၀တွင် လူငယ် ၃၂ သန်းခန့်မှာ အလုပ်လက်မဲ့ဖြစ်နေကြသည်ဟုဆိုပါသည်။ယင်းပညာတတ် လူငယ်ထုအတွင်းအစိုးရဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားမည့်သူများမှာလည်းအဆင်သင့်ရှိပြီးဖြစ်၏။ ယင်းမှာ (ရှေးယခင်က မြန်မာ့နိုင်ငံရေးမှအလံဖြူကွန်မြူနစ်ပါတီက ထိန်းချုပ်သောတပ်ဦးကျောင်းသား၊ အလံနီကွန်မြူနစ်က ထိန်းချုပ်ထားသော တပ်ဦးသစ်ကျောင်းသား အုပ်စုများကဲ့သို့အတိုက်အခံ နိုင်ငံရေးပါတီများက ထိန်းချုပ်ကြိုးကိုင်ထားသောကျောင်းသားအဖွဲ့များဖြစ်သည်။
အထူးသဖြင့် ပါကစ္စတန် ကျောထောက်နောက်ခံရှိသည့် ဘာသာရေးအယူအစွဲ ပြင်းထန်သော ပါတီ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သော (Islamic Chatra Shibir: ICS) အဖွဲ့က လူထုအုံကြွမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အဓိကရုဏ်းများတွင် ဆန္ဒပြသူများဘက်မှ အင်အားသုံး အကြမ်းဖက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အစိုးရက ပိတ်ပင်ခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။ ICSအဖွဲ့အနေဖြင့် အရေးအခင်းမတိုင်မီ နှစ်နှစ်ခန့်ကပင် ဘင်္ဂလားဒေ့ရှ်တစ်ဝန်းရှိ တက္ကသိုလ်များ၏ ကျောင်းသားသမဂ္ဂများတွင် စိမ့်ဝင်လှုပ်ရှားနေခဲ့သည်ဟု အိန္ဒိယထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ အိန္ဒိယသတင်းစာများက ဖော်ပြခဲ့သည်ကို တွေ့ရသည်။
အရောင်တော်လှန်ရေး ဖော်မြူလာအလုပ်သမားခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခွင့်အမိန့်ကြောင့် ၂၀၂၄ ခုနှစ်ဇွန်လတွင်တက္ကသိုလ်ကျောင်းသားများကဦးဆောင်၍ဒါကာမြို့တော်တွင်ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများဖြင့် စတင်ခဲ့သည်။ အခြေအနေတည်ငြိမ်လာစေရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗဟိုတရားရုံးချုပ်က အလုပ်ခွဲတမ်း စနစ်အား အနိမ့်ဆုံး ၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း အရှိန်မြင့်လာသော လူအုပ်စု အုံကြွမှုအဟုန်ကို မထိန်းသိမ်းနိုင်တော့ပေ။ ရက်အလိုက်ဖြစ်ရပ်များကိုကြည့်ပါက လူထုအုံကြွမှုအရောင်တော်လှန်ရေးနည်းစဉ်များအတိုင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် “ဘင်္ဂလားပိတ်ဆို့မှု” (Balgla Blockade) အမည်ဖြင့် ဘင်္ဂလားဒေ့ရှ် မြို့ကြီးများတွင် ပြည်သူလူထု အပြင်မထွက်ရေး လုပ်ဆောင်ခဲ့သည့်အတွက် ရုံးများ၊ စက်ရုံများ၊အလုပ်ရုံများလုပ်ငန်းရပ်ဆိုင်းသွားသည်။မီးရထားလမ်း၊ ကားလမ်း သယ်ယူပို့ဆောင်ရေးများ ရပ်တန့် ကုန်သည်။ဇူလိုင်လ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖြိုခွဲရာမှ အဓိကရုဏ်းများစတင်ဖြစ်ပွားသည်။ဇူလိုင်လ ၁၅ ရက်နေ့တွင် အာဏာရနှင့်အတိုက်အခံကျောင်းသားအဖွဲ့များအကြား တိုက်ခိုက်မှုများ စတင်ဖြစ်ပွားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် အနောက်နိုင်ငံများမှ ချိတ်ဆက် နှီးနွှယ်သည့်ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်များမှ ကျောင်းသားများပါဆန္ဒပြအုံကြွမှု၌ ပါဝင်လာသည်။ ထူးခြားချက်မှာ နာမည်ကြီး BRAC တက္ကသိုလ်မှ ကျောင်းသားများက ဦးဆောင်၍ လူအသွားအလာများသော စီးပွားရေးရပ်ကွက် လမ်းဆုံကို ပိတ်ဆို့ခြင်း၊ ရဲစခန်းများကို မီးရှို့ခြင်း၊ ဆိုင်ကယ်များကို မီးရှို့ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်လာခြင်းဖြစ်သည်။ ယင်း BRAC တက္ကသိုလ်တည်ထောင်သူမှာ နာမည်ကျော် ဂျူးဘီလီယံနာသူဌေးကြီး ဆိုရော့စ်၏ မိတ်ဆွေရင်း ဖြစ်ပြီး BRAC တက္ကသိုလ်သည် ဆိုရော့စ်က ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ထားသော Open Society University Network တက္ကသိုလ်ကွန်ရက်မှ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ယင်းတက္ကသိုလ်ကျောင်းသားများသည် ဒါကာမြို့တွင်းရှိ အရေးပါသော လမ်းများနှင့်ဒါကာမြို့မှထွက်သော မီးရထားလမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ယင်းမှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံမှ Milk Tea Alliance ကျောင်းသားလှုပ်ရှားမှုပုံစံများနှင့် ထပ်တူဖြစ်သည်။ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့်BRACတက္ကသိုလ်ကျောင်းသားအုပ်စုတို့အဓိကရုဏ်းဖြစ်ပွားသည်။ ဒါကာမြေအောက်ရထားဘူတာရုံ မီးရှို့ခံရသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြားဌာန မီးရှို့ခံရသည်။ နိုင်ငံပိုင်ဒေတာစင်တာ ဖျက်ဆီးခံရသည်။ ကျောင်းသားအချို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အရေးပါသော အင်တာနက်ဝက်ဘ်ဆိုက်များတိုက်ခိုက်ခံရသည်။ အစိုးရက အင်တာနက်လိုင်းအားလုံးကိုပိတ်လိုက်သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတိုက်အခံဘက်မှ လက်နက်ကိုင်များကနာဆင်ဒီ ခရိုင်ရှိ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်း ပြီး ထောင်သားများကိုလွှတ်ပေးကာ လက်နက်ခဲယမ်းများကို လုယူသွားသည်။
ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အစိုးရနှင့် ဆန္ဒပြကျောင်းသားအုပ်စုတို့အကြား စေ့စပ် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆန္ဒပြသူများဘက်မှ တောင်းဆိုချက် ၉ ချက် တင်ပြရာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆန္ဒပြသူများကို တောင်းပန်ရေးနှင့် ပြည်ထဲရေးဝန်ကြီးနှင့် လမ်းပန်း သယ်ယူပို့ဆောင်ရေးဝန်ကြီးတို့ ရာထူးမှ နုတ်ထွက်ပေးရေးတို့ ပါဝင်ပါသည်။ အစိုးရဘက်မှ အလုပ်ခွဲတမ်းကို စုစုပေါင်း၅၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းလျှော့ချပေးခဲ့မှုနောက်ပိုင်းတွင်ဆန္ဒပြမှုများ ခေတ္တရပ်ဆိုင်း သွားခဲ့သော်လည်း ကျောင်းသားခေါင်းဆောင်အချို့ကိုလုံခြုံရေးတပ်ဖွဲ့များကထိန်းသိမ်းခေါ်ဆောင်သွားမှုကြောင့်ဇူလိုင်လ ၁၉ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြမှုများ ပြန်လည်ပေါ်ပေါက်လာပြီး ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် “တရားမျှတမှုအတွက် ချီတက်ကြ” (March for Justice) လှုပ်ရှားမှုကို ပြုလုပ်ပြီး ထိန်းသိမ်းခံထားရသူများနှင့် သေဆုံးသူများအတွက် ရည်ညွှန်း၍ ဒါကာတစ်မြို့လုံး ချီတက် ဆန္ဒပြမှု ပြုလုပ်သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ခဲ့သော်လည်း ဆန္ဒပြပွဲမှာ မရပ်တန့်သွားဘဲ ပို၍ကျယ်ပြန့်လာသည်။ ဩဂုတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စေ့စပ်ညှိနှိုင်းရန် ဖိတ်ခေါ်ခဲ့သော်လည်း ဆန္ဒပြသူများဘက်မှ ပယ်ချကာ တစ်ခုတည်းသော တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ယင်းမှာဝန်ကြီးချုပ်နှင့်အစိုးရတစ်ဖွဲ့လုံးနုတ်ထွက်ပေးရေးဖြစ်သည်။ ဩဂုတ်လ ၃ ရက်နေ့တွင် အစိုးရဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရေး (Non-cooperation Movement) ကို စတင်ခဲ့သည်။ ယင်းမှာ ဂျင်းရှပ်၏ နိုင်ငံရေးအန်တုမှုနည်းလမ်းဖြစ်ပြီး အစိုးရကို အခွန်အခမပေးရေးနှင့် ထိတွေ့ ဆက်သွယ်မှုမပြုရေးဖြစ်သည်။ စစ်တကောင်းဒေသတွင် အစိုးရဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာသည်။
အစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် အပြင် မထွက်ရအမိန့် ထုတ်ပြန်ကာ ဘင်္ဂလားဒေ့ရှ် တပ်မတော် လုံခြုံရေးတပ်ဖွဲ့များမြို့တွင်းသို့ စေလွှတ်ချထားခဲ့သော်လည်းလူအုပ်ကြီးက မပြိုကွဲသွားဘဲမင်းမဲ့စရိုက်ဆန်ဆန် ထိန်းမနိုင် သိမ်းမရဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်က ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် အင်အားသုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့သည့်အတွက် ဒါကာမြို့တော်တွင် တရားဥပဒေစိုးမိုးမှု လုံးဝပျက်ပြားသွားသည့်သဘောရှိခဲ့သည်။ ဘာသာရေးအယူအစွဲပြင်းထန်သူများကလူနည်းစုဟိန္ဒူလူမျိုးများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ ရဲစခန်းအများစုမှာလည်း ဖျက်ဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများလည်း လုယူခံရကာ ရဲတပ်ဖွဲ့ဝင်များလည်း လူအုပ်ကြီး၏ တိုက်ခိုက်မှုမှလွတ်ကင်းရန် ထွက်ပြေးရှောင်ပုန်း နေခဲ့ကြရသည်။
ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင်မူ လူအုပ်ကြီးက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အိမ်တော်ဘက်သို့ ဦးတည်လာခဲ့သည်။ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်က ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက် ၍ နိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ပြီး ထိုသို့ ထွက်ခွာရန်အတွက် ပြင်ဆင် ချိန် ၄၅ မိနစ်သာပေးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ စီစဉ်ပေးသည့် ရဟတ် ယာဉ်ဖြင့် ကသုတ်ကရက် “ထွက်တော်မူ နန်းကခွာ” ခဲ့ရတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ် နှစ်ခုပင် မပြည့်မီ ကာလအတွင်းဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘဝမှဖွံ့ဖြိုးမှုအမြန်ဆုံးထွန်းသစ်လာမည့်နိုင်ငံတစ်ခုအဖြစ် ဆွဲတင်ပေးခဲ့သော အမျိုးသမီးကြီးမှာ ရက်သုံးဆယ်ခန့် လူအုပ်စုအုံကြွမှုကြောင့်ရာထူးမှ နုတ်ထွက်၍ မျက်ရည်စက်လက်ဖြင့် နိုင်ငံမှ ထွက်ခွာသွားရသည်မှာ နိုင်ငံရေးသံဝေဂ ပွားဖွယ်ဖြစ်တော့သည်။ ရှေ့အလားအလာ
လက်ရှိအခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၅ နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အဝါမီလိဂ်ပါတီမှာ ရုတ်ခြည်းဆိုသလိုပင်တောပုန်းပါတီ ဖြစ်သွားရလေပြီ။ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာမှာ နိုင်ငံရေးခိုလှုံရန်မူလရည်မှန်းထားသည့်ဗြိတိန်နိုင်ငံနှင့်အနောက်အုပ်စုနိုင်ငံများအားလုံးလိုလိုကလက်မခံသဖြင့် အိန္ဒိယနိုင်ငံတွင် သောင်တင်လျက်ရှိနေဆဲဖြစ်သည်။ အဝါမီလိဂ်ပါတီမှ ခေါင်းဆောင်များကိုလည်း စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။ ရှိတ်ဟာဆီနာနှင့်နီးစပ်သည်ဟု ယူဆရသော ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိကြီးများမှာလည်းရာထူးမှဖယ်ရှားခံကြရသည်။အလားတူပင် ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ စသော ထိပ်တန်းပုဂ္ဂိုလ်များမှာလည်း လူအုပ်စုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုကြောင့် နုတ်ထွက်သွားခဲ့ကြရသည်။ အစိုးရဌာနအသီးသီးတွင်လည်း မိမိဆန္ဒအလျောက် နုတ်ထွက်သွားသူ၊ ထုတ်ပယ် ခံရသူ၊ ဖိအားပေး၍ နုတ်ထွက်ခိုင်းခံရသူ စသည်တို့ကြောင့်အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ဟုဆိုသည်။ ရှေးယခင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကို ထိန်းသိမ်းပေးနိုင်သည့် ဩဇာကြီးမားသော တပ်မတော်မှာလည်း ယခုအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်များအား မလွန်ဆန်နိုင်တော့ သည်ကိုတွေ့ရသည်။ရှိတ်ဟာဆီနာ ထွက်ခွာသွားပြီးနောက် ကျောင်းသားခေါင်းဆောင်များက ရှိတ်ဟာဆီနာနှင့် လုံးဝအဆင်မပြေခဲ့သည့် စီးပွားရေးပညာရှင်နှင့် ဂရာမင်းဘဏ်လုပ်ငန်းရှင် နိုဘယ်ငြိမ်းချမ်းရေးဆုရ ဒေါက်တာ မိုဟာမက်ယူနွတ်စ်ကို ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် အကြံပေးအရာရှိချုပ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့ရာ တောင်းဆိုသည့်အတိုင်း ခန့်အပ်ပေးခံရသည်။ ကျောင်းသားခေါင်းဆောင်များက တပ်မတော်မှ တင်မြှောက်သည့် အစိုးရကို လုံးဝလက်ခံမည်မဟုတ်ဟုရာဇသံပေးခဲ့သည့်အတိုင်း လိုက်နာခဲ့ရပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် ဝန်ကြီးအဖွဲ့ဝင်အားလုံးကို ကျောင်းသားများ၏ အတည်ပြုချက်ဖြင့်သာ ခန့်အပ်ခဲ့ရသည်။ ကျောင်းသားခေါင်းဆောင်နှစ်ဦးကိုလည်း အစိုးရအဖွဲ့တွင် ထည့်သွင်းခဲ့ရကာတစ်ဦးလျှင် ဝန်ကြီးဌာနနှစ်ခုစီ ကိုင်တွယ်တာဝန်ယူထားသည်ကိုတွေ့ရသည်။ လက်ရှိအနေအထားအရ အနောက်အုပ်စုနှင့် အထူးနီးစပ်သည့် အသက် ၈၄ နှစ်အရွယ် မိုဟာမက်ယူနွတ်စ် ဦးဆောင်ပြီး ဆန္ဒပြကျောင်းသားများကကြိုးကိုင်ထားသောကြားဖြတ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအချိန်ကာလအတိုင်းအတာတစ်ရပ်အထိအုပ်ချုပ်နေဦးမည့်သဘောရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဩဂုတ်လ ၁၈ ရက်နေ့က ရုပ်သံလွှင့်ပြောကြားခဲ့သည့် ယူနွတ်စ်၏ မိန့်ခွန်းတွင် ရွေးကောက်ပွဲကျင်းပမည့်ကာလကို နိုင်ငံရေးအရ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု (ခေတ်ပြောင်းတော်လှန်ရေး)ပြုလုပ်ပြီးစီးကာသတင်းအချက်အလက်စီးဆင်းမှုမှာလည်းအဖြတ်အတောက် အဆီးအတားမရှိချောမွေ့လာသည့်အခါမှသာရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားသွားခဲ့သည်။ ယူနွတ်စ်သည် အမေရိကန် သမ္မတဟောင်းကလင်တန်နှင့် ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမ္မတဟောင်း အိုဘားမားတို့နှင့် အထူးရင်းနှီးပြီး ဂျော့ဆိုရော့စ်၏ လူရင်းလည်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်ကို အနောက် လစ်ဘရယ်အုပ်စုများအကြိုက် ပြုပြင်ပြောင်းလဲသွားရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။ နိုင်ငံရေးအပိုင်းတွင် ထိုင်းနိုင်ငံမှ လူငယ်မျိုးဆက်သစ်တို့၏ Future Forward ပါတီကဲ့သို့ လူငယ်ပါတီသစ် ထူထောင်ရန်လည်း ကျောင်းသားခေါင်းဆောင်များက ပြောကြားလာခဲ့ကြခြင်းကြောင့် ယင်းသို့ ပေါ်ပေါက်လာမည့် လူငယ်ပါတီသစ် အင်အားခိုင်မာသည်အထိ ရွေးကောက်ပွဲမကျင်းပသေးဘဲ စောင့်ဆိုင်းနေဖွယ်ရှိကြောင်း မှန်းဆရပါသည်။
သို့ရာတွင် ထိုသို့ရွေးကောက်ပွဲကာလမသေချာမှုအပေါ် အာဏာလိုချင်လှပြီဖြစ်သောBNPပါတီက စိတ်မရှည်နိုင်ဖြစ်သကဲ့သို့ အဝါမီလိဂ်ပါတီ ထောက်ခံသူများကလည်း အဝါမီလိဂ်ကို နိုင်ငံရေးပါတီအဖြစ်မှ ပိတ်ပင်တားမြစ်ခြင်း မရှိသေးသဖြင့် ပါတီကို ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲဝင်ခွင့်ရရန် လိုလားလျက်ရှိကြသည်။ သို့ဖြစ်ရာ အနာဂတ်တွင် အနောက်လိုလားသော လစ်ဘရယ်လူငယ်အုပ်စု၊ ပါကစ္စတန်လိုလားသော ဘာသာရေး အခြေခံဝါဒီ BNP နှင့် ဂျမ္မတ်အုပ်စု၊ အိမ်နိမ့်စံ အဝါမီလိဂ်အုပ်စုဟူ၍ အုပ်စုကြီးသုံးခု၏ သုံးပွင့်ဆိုင် နိုင်ငံရေးကျားကစားကွက်များကို တွေ့မြင်ရဖွယ်ရှိသည်။ နိုင်ငံတကာဆက်ဆံရေးတွင်မူ အမေရိကန်နှင့် အနောက်အုပ်စု၏ထောက်ခံအားပေးမှုရရှိထားသော ကျောင်းသားအုပ်စုသာ အာဏာရလာပါက အနောက် လိုလားသည့် နိုင်ငံခြားဆက်ဆံရေးပေါ်ထွက်လာပြီး တရုတ်နှင့်ဆက်ဆံရေး ယိုယွင်း ကျဆင်းသွားနိုင်ဖွယ်ရှိသည်။
ပါကစ္စတန် လိုလားသော BNP နှင့် ဂျမ္မတ်အုပ်စုတက်လာပါက အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာမည်မှာ သေချာသလောက်ရှိသည်။အဝါမီလိဂ်ပါတီအနေဖြင့်မူလတ်တလောကာလတွင် လူထုသဘောထား ပြောင်းပြန် ပြောင်းလဲသွားကာပြည်သူ့ချဉ်ဖတ်သဖွယ်ဖြစ်သွားခဲ့သဖြင့်အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးဆောင်းခိုကာလ(Political Hibernation)ကို ဖြတ်သန်းရဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ အဝါမီလိဂ်အစိုးရနှင့် နှစ်ရှည်လများ မဟာမိတ်ဖြစ်ခဲ့သော တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အကျိုးစီးပွားအရ မူဝါဒပြန်လည်ထိန်းညှိမှု ပြုလုပ်ရဖွယ်ရှိပြီး မည်သူပင်အနိုင်ရစေကာမူ အလုပ်ဖြစ်နိုင်သည့် လုပ်ငန်းသဘောဆက်ဆံရေးကို ထူထောင် ရဖွယ်ရှိပါသည်။သို့ရာတွင် ကျွဲလေးကောင်ခတ်သည့်အကြားမှ မြေစာပင်ဖြစ်နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပေါ်ယံမြင်တွေ့ရန်ခက်ခဲသော ကန့်လန့်ကာ နောက်ကွယ်တွင်မူ ဇာတ်ရှုပ်များ ပေါ်ပေါက်နိုင်ဖွယ်ရှိသည်။ ပထဝီနိုင်ငံရေးအရ ဘင်္ဂလားဒေ့ရှ်ကုန်းမြေ နယ်နိမိတ်၏ အများစုကို ဝိုင်းရံထားသော အိန္ဒိယနိုင်ငံကို ကလန်ကဆန်ပြုမိသည်နှင့် အိန္ဒိယနိုင်ငံမှ စီးဆင်းလာသောမြစ်ရေကို မှီခိုနေရသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွက် အကြောင်းဆိုးသွားနိုင်သည်များလည်းရှိသည်။
အလားတူပင်ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုမဖြစ်မနေလိုအပ်နေသည့်တရုတ်နိုင်ငံအား နတ်မြစ်ဝထိပ်မှ အနောက်အုပ်စုကထိန်းချုပ်ရန် အခွင့်ပေးလိုက်ပါက နိုင်ငံကာကွယ်ရေးတွင် တရုတ်စစ်လက်နက်ပစ္စည်းများကိုအားပြုနေရပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု၊တရုတ်နည်းပညာနှင့် တရုတ်ချေးငွေကို လိုအပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အိပ်မက်ဆိုးများ ရောက်ရှိလာနိုင်သည်။ လက်ရှိအခြေအနေမှာ အရေးအခင်းကာလတွင်မင်းမဲ့စရိုက်များကြောင့်ဒေါ်လာ၁ဒသမ၂ဘီလီယံဖိုးခန့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး အရေးအခင်းအလွန်ကာလတွင် အိန္ဒိယဘက်မှ မြစ်ရေလျှံကျစီးဆင်းလာမှုကြောင့် လူပေါင်း ၅ သန်းကျော်ရေဘေးကြုံတွေ့နေရကာအစားအစာ၊ဆေးဝါးနှင့်အဝတ်အထည်စသည့်အထောက်အပံ့များ အရေးပေါ် လိုအပ်နေသည်ဟုဆိုသည်။ စီးပွားရေးဘက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်သည့် အထည်ချုပ် လုပ်ငန်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အထိနာခဲ့ပြီး အော်ဒါမှာယူမှုများလည်း ကျဆင်းနေသည်ဟု ဆိုသည်။ဘဏ္ဍာရေးဘက်၌ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ဘီလီယံ ၁၀၀ ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြွေးမြီနှင့် ပို့ကုန်အချိုးမှာ ၁၁၆ ဒသမ ၆ ရာခိုင်နှုန်း သို့ ရောက်ရှိနေသည်။ နိုင်ငံခြားသုံးငွေ အရန်ပမာဏမှာလည်းများစွာကျဆင်းနေပြီး ဒေါ်လာ ၁၈ ဘီလီယံခန့်သာရှိရာ သွင်းကုန် သုံးလစာခန့်အတွက်သာ လုံလောက်ရုံရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ရှိတ်ဟာဆီနာ မနုတ်ထွက်ရမီကာလက တရုတ်နိုင်ငံမှ ဒေါ်လာဘီလီယံ ၂၀ ချေးယူရန် စီစဉ်ခဲ့သည်ဟုဆို၏။ အချုပ်အားဖြင့် သုံးသပ်ရပါမူ နှစ်ရှည်လများအထိုင်ကျနေသည့်တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ရုတ်ခြည်းပြောင်းပြန်လှန်ကာ အရာခပ်သိမ်းဖျက်သိမ်း မြေလှန်၍ အသစ်ပြန်လည်တည်ဆောက်မည်ဟုကြုံးဝါးနေချိန်တွင်နိုင်ငံအခြေအနေမှာ“သည်မိုး၊ သည်လေ၊ သည် လူတွေ”နှင့် ရေရှည် မည်သို့ကူးခတ်ကြမည်ကို စောင့်ကြည့်ရန်သာ ရှိပါတော့သတည်း။ ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း မမှားပါ။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီးနောက်ပိုင်း အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊ ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
ထိုမှနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော ခါလီဒါဇီယာ ဦးဆောင်သည့် BNP ပါတီနှင့် ရှိတ်ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီတို့ကသာ အားပြိုင်နေခဲ့ကြကာ တစ်လှည့်စီ အာဏာရနေခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီဟုဆိုသော်လည်း တစ်ပါတီအာဏာရလျှင်အတိုက်အခံပါတီက လွှတ်တော်မတက်ဘဲ သပိတ်မှောက်သည်။ရွေးကောက်ပွဲလုပ်သည့်အခါ တစ်ဖက်နှင့်တစ်ဖက် လုံးဝ မယုံကြည်သဖြင့် သမ္မတက ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်ပေးရသည်။
ခါလီဒါဇီယာ၏ ပါတီက ၁၉၉၁ မှ ၁၉၉၆ အထိ အာဏာရခဲ့ပြီး ရှိတ်ဟာဆီနာက ၁၉၉၆ မှ ၂၀၀၁ အထိ အာဏာရခဲ့သည်။ တစ်ဖန် ခါလီဒါဇီယာက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ အာဏာရခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်သဖြင့် ၂၀၀၆ မှ ၂၀၀၉ နှစ်စပိုင်းအထိ ကြားဖြတ်အစိုးရများက အုပ်ချုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် ရှိတ်ဟာဆီနာ၏ ပါတီရွေးကောက်ပွဲ အနိုင်ရပြီးသည့် နောက်ပိုင်းမှစ၍ ခါလီဒါဇီယာ၏ ပါတီမှာ ခေါင်းမထောင်နိုင်တော့ပေ။ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးရသည့် အခြေခံ ဥပဒေပြဋ္ဌာန်းချက်ကို ၂၀၁၁ ခုနှစ်တွင် အဝါမီလိဂ် ပါတီက ပယ်ဖျက်လိုက်သည့်နောက်ပိုင်း၊ ၂၀၁၄ ခုနှစ်တွင်BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် BNP က ရွေးကောက်ပွဲဝင်ခဲ့သော်လည်း မရှုမလှအရေးနိမ့်ခဲ့သည်။ BNP ပါတီက ရွေးကောက်ပွဲတွင် မဲမသမာမှု အလွန်များပြားကြောင်း စွပ်စွဲခဲ့သည်။ ၂၀၂၄ရွေးကောက်ပွဲ၌BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ပြန်သည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်၏ နှစ်ပါတီနိုင်ငံရေး ဘတစ်ပြန်၊ ကျားတစ်ပြန် အုပ်စီးမှု (Duopoly) မှာ အာဏာရပါတီက လွှတ်တော်၌ တစ်ဖက်သတ် အုပ်စီးထားချိန်တွင် အတိုက်အခံပါတီက လွှတ်တော်ကို သပိတ်မှောက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်၊ တစ်နိုင်ငံလုံး အိမ်ထဲမှ အပြင်မထွက်ရဟု အတင်းအကျပ် အကြမ်းဖက်ပိတ်ဆို့သည့် ဟာတားလ် (Hatel)ခေါ် အထွေထွေသပိတ်ပြုလုပ် စသည်ဖြင့် ရွေးကောက်ပွဲပြင်ပလူအုပ်စု နိုင်ငံရေး ပြုလုပ်ကာ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသည့် လူ့အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံရေးပါတီအလိုက်အသင်းအပင်းများ ဖွဲ့စည်းကာ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်လက်နက်ခဲယမ်းများ ရောယှက်ပါဝင်လာသောအခါ တက္ကသိုလ်ကျောင်းဝင်းများအတွင်း ကျောင်းသားအဆောင် တစ်ဆောင်နှင့်တစ်ဆောင် လက်နက်ငယ်များနှင့်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လူထုစည်းဝေးပွဲများတွင် ဗုံးဖောက်ခွဲမှု၊ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်မှု စသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ရှိတ်ဟာဆီနာ ကိုယ်တိုင်ပင်လျှင် အတိုက်အခံခေါင်းဆောင်ဘဝက ၂၀၀၄ ခုနှစ်တွင် လူထုစည်းဝေးပွဲတစ်ခု၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးပြီး အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့မှာ ကမ္ဘာကြေသော်လည်း ရန်ငြိုးမပြေသည့် ကမ္ဘာရန်များ ဖြစ်သွားခဲ့ကြရလေသည်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီ ဆက်တိုက်အာဏာကို ကိုင်စွဲထားနိုင်ခဲ့သောအခါ အတိုက်အခံပါတီများနှင့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများကိုအင်အားသုံး၍ ဖိနှိပ်ချေမှုန်းခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို အကြမ်းနည်းဖြင့် တည်ဆောက်ခဲ့သည်။ အခြားတစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့သည်။
အကျိုးဆက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးမှာ ရှိတ်ဟာဆီနာ၏ လက်ထက်တွင် သိသိသာသာ တိုးတက်ခဲ့သည်။ ရှိတ်ဟာဆီနာ စတင်တာဝန်ယူသည့် ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၅ ဘီလီယံသာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်သို့ ရောက်သောအခါ ၄၃၇ ဒသမ ၄၂ ဘီလီယံ ရှိလာ ခဲ့ပြီး လေးဆကျော် ဖြစ်လာခဲ့သည်။ တစ်ဦးချင်း ဝင်ငွေမှာ ၂၀၀၉ ခုနှစ်တွင် ၆၉၈ ဒသမ ၅ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၆၈၈ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ အထင်ကြီးလေးစားလောက်ဖွယ် အောင်မြင်မှုများရရှိလာသည်နှင့်အမျှ ရှိတ်ဟာဆီနာ က “ဘင်္ဂလားဒေ့ရှ်၏ ၂၀၄၁ မျှော်မှန်းချက်” (Bangladesh Vision 2041) ဆိုသည်ကို ထုတ်ဖော်လာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အမြင့်ပိုင်း ဝင်ငွေရှိသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၅၇၀၀)၊ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီး ဝင်ငွေ မြင့်မားသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၂၅၀၀) အဖြစ် ရောက်ရှိလာစေရန် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။
အခြေခံအဆောက်အအုံ အပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခင်က မမြင်ဖူး၊ မကြားဖူးသည့် မြစ်ကူးတံတားကြီးများ၊ အဝေးပြေးလမ်းမကြီးများ၊ဒါကာ-စစ်တကောင်း မြန်နှုန်းမြင့် ရထားလမ်း၊ ဒါကာမြို့ပတ်မြေအောက်ရထားလမ်း စသည်တို့ကို (တရုတ်နိုင်ငံ၏ ချေးငွေနှင့် နည်းပညာအကူအညီဖြင့်) တည်ဆောက်ခဲ့သည်။ စွမ်းအင်အပိုင်းတွင်လည်း ဒါကာအနောက်မြောက်ဘက် ရုပ္ပူးဒေသ၌ စက်ရုံတစ်ရုံလျှင် ၁၂၀၀ မဂ္ဂါဝပ် စွမ်းအားရှိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှစ်ရုံကို(ရုရှားနည်းပညာဖြင့်) တည်ဆောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တတိယသက်တမ်း (၂၀၁၉-၂၀၂၃) ကုန်ဆုံးလုနီးကာလ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနေအထားမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင်လည်း ကမ္ဘာပေါ် ၌ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်နေသကဲ့သို့ နိုင်ငံရေးအပိုင်းတွင်လည်း အတိုက်အခံမှန်သမျှကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားမှုကြောင့် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။ အကြမ်းဖက်အုပ်စုများကိုလည်း RAB (Rapid Action Battalion)အထူးတပ်ဖွဲ့ဖြင့် ပိုက်စိပ်တိုက်နှိမ်နင်းခဲ့သဖြင့် အကြမ်းဖက်ခေါင်းဆောင်အများစုမှာ သေသူသေ၊ ထောင်ကျသူကျ၊ တောထဲတောင်ထဲသို့ထွက်ပြေးသူပြေးဖြင့် အင်အားပြိုကွဲလျက်ရှိသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် လူထု၏ထောက်ခံမှုမှာလည်း လူထုသဘောထားစစ်တမ်းများအရ ၇၀ ရာခိုင်နှုန်း ရှိနေရာ ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် သပိတ်ဝင်အိတ်ဝင် အနိုင်ရမည့်အခြေအနေဟု ဆိုနိုင်လေသည်။
သို့တိုင်အောင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလရွေးကောက်ပွဲ၌ အနိုင်ရပြီး ရှစ်လအကြာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ချက်ပြီး ထမင်းဟင်းများကိုပင် မစားလိုက်ရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် နိုင်ငံမှထွက်ခွာသွားခဲ့ရသည့်အဖြစ်မှာ မယုံနိုင်လောက်အောင်ပင် ဆန်းကြယ်လွန်းလှသည်။ အဘယ် အကြောင်းတရားများကြောင့် ထိုသို့ ဖြစ်ခဲ့ရပါသနည်း။
အတိုက်အခံတို့၏ နည်းဗျူဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို “ဇိကုပ်၍ နတ်ပြည်တင်” လိုသည့် ရှိတ်ဟာဆီနာ၏ စီမံကိန်းမှာ ခြောက်ပြစ် ကင်းသဲလဲစင် အောင်မြင်သည်တော့ မဟုတ်ပေ။ နှစ်ရှည်လများနှိပ်ကွပ်ခံခဲ့ကြရသည့်အတိုက်အခံများက ရှိတ်ဟာဆီနာနှင့်အဝါမီလိဂ်ပါတီကိုဆတ်ဆတ်ခါအောင်နာကြည်းခဲ့ကြသည်။ ၂၀၂၄ ရွေးကောက်ပွဲနီးကပ်လာချိန်၌ အတိုက်အခံတို့၏ နိုင်ငံရေးနည်းဗျူဟာမှာ ပြည်တွင်းလွှတ်တော်နိုင်ငံရေး၌ အဝါမီလိဂ်ပါတီကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်သဖြင့်လွှတ်တော်ပြင်ပလူထုအုံကြွ ဆန့်ကျင်လှုပ်ရှားမှုဖြင့် ရှိတ်ဟာဆီနာ အစိုးရကို ဖြုတ်ချရန်၊ နိုင်ငံတကာနယ်ပယ်တွင် အဝါမီလိဂ် ပါတီ၏ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ ရွေးကောက်ပွဲမသမာမှုနှင့် ဒီမိုကရေစီကိုဆန့်ကျင်၍ အတိုက်အခံများကို အဓမ္မဖိနှိပ်မှုများကို အကြောင်းပြု၍ နိုင်ငံတကာဒီမိုကရေစီဦးဆောင်နိုင်ငံများ (အနောက်နိုင်ငံများ)နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ချဉ်းကပ်ကာ ရှိတ်ဟာဆီနာအစိုးရကို ဖိအားပေးစေရန်ဟူသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ရန်ဖြစ်လေသည်။
ရွေးကောက်ပွဲမတိုင်မီကာလ လူထုအုံကြွဆန့်ကျင်မှုနည်းလမ်းမှာမူ များစွာမအောင်မြင်လှပေ။ အဓိကအကြောင်းရင်းမှာ အတိုက်အခံ BNP ၏ ခေါင်းဆောင်ပိုင်း အားလုံးလိုလိုမှာ လှုပ်မရအောင် ဖိနှိပ်ခံထားရသဖြင့် ဦးဆောင်မှု ကင်းမဲ့နေခြင်းကြောင့်ဖြစ်၏။ BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာမှာအဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျနေပြီး ကျန်းမာရေးလည်း အကြီးအကျယ်ချို့ယွင်းကာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးရောဂါပေါင်းစုံဖြင့် အိပ်ရာထဲ၌ လဲနေသည်။ ခါလီဒါဇီယာ၏ သား တာဂျစ်ရာမန်မှာလည်း အဂတိလိုက်စားမှုဖြင့် မျက်ကွယ်တွင် တရားစီရင်ပြစ်ဒဏ်ချခံထားရကာ ဗြိတိန်နိုင်ငံတွင် တိမ်းရှောင်နေရသည်။ အခြား ထိပ်တန်းပါတီခေါင်းဆောင်များနှင့် အလယ်အလတ်တန်း ခေါင်းဆောင်များမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် လူထုအုံကြွမှုပြုလုပ်သော်လည်း မှန်းသလောက် လူမစုနိုင်သည့်အပြင် ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုကိုခံရသဖြင့် အရေးနိမ့်ခဲ့ရသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဖိအားပေးရေးနည်းလမ်းမှာမူ အတော်အတန် အလုပ်ဖြစ်ခဲ့သည်ဟုဆိုနိုင်သည်။ အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအား အမြင်မကြည်လင်တော့သည့်အလျောက် လူ့အခွင့်အရေးကို အကြောင်းပြကာ သံတမန်ရေးနှင့် နိုင်ငံရေးအရ လှည့်ပတ်၍ ပြဿနာရှာကာ ဖိအားပေးခဲ့သည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ကျော်စောသတင်းရှိသူများနှင့် အကြမ်းဖက်အုပ်စုများအား နှိမ်နင်းရာတွင် အလွန်အကျွံအင်အားသုံးသည်ဟု စွပ်စွဲခံရသည့် RAB အထူးတပ်ဖွဲ့ခေါင်းဆောင်များကို အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်၌ ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ထိပ်သီးညီလာခံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မဖိတ်ကြားဘဲ ဖယ်ကြဉ်ထားခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိများကို စေလွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးမထားလျှင် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များကလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်လွှတ်တော်၌ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံကိုတဲ့တိုးပင်ဖော်ထုတ်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ရှိတ်ဟာဆီနာက အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီကို ဆိတ်သုဉ်းအောင်ပြုလုပ်နေပြီး ဒီမိုကရေစီ မကျင့်သုံးသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီစံနှုန်းများအား အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်လွန်၍ ကျင့်သုံးမှုမရှိ (ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီကို ဘေးချိတ်ထားကာ ဝင်ရောက်စွက်ဖက်သည်)ဟုဆိုခဲ့သည်။ “သူတို့က ဘယ်နိုင်ငံက အစိုးရကိုမဆို ဖြုတ်ချနိုင်တယ်။ အထူးသဖြင့် မွတ်စလင်နိုင်ငံတွေကတော့ ပိုပြီးဆိုးတာပေါ့”ဟု ဟာဆီနာက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ရှိတ်ဟာဆီနာ၏အာဏာရပါတီကို တစ်ဖက်က ဖိအားပေးခဲ့သလို အခြားတစ်ဖက်တွင်လည်း အတိုက်အခံအုပ်စုများနှင့် ပိုမိုထိတွေ့ဆက်သွယ်လာခဲ့ရာ အဝါမီလိဂ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့လေသည်။
၂၀၂၄ ခုနှစ်ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အဓိက အတိုက်အခံ BNP ပါတီက ၄၈ နာရီ ပြည်လုံးကျွတ် သပိတ်မှောက်ကြရန် လှုံ့ဆော်နေသည့်အကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူ ၁၁၉ သန်းအနက်မှ သန်း ၅၀ ကျော်လာရောက် မဲပေးခဲ့ကြပြီးဆန္ဒမဲပေးသူ ရာခိုင်နှုန်းမှာ ၄၁ ရာခိုင်နှုန်း ကျော်ဖြစ်သည်ဟုဆိုသည်။ လွှတ်တော်တစ်ရပ်တည်းသာရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ခံအမတ်နေရာ ၃၀၀ ရှိသည့်အနက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီက ၂၂၄ နေရာ (၇၄ ဒသမ ၆) ရာခိုင်နှုန်း အနိုင်ရရှိသည်။ အာရှတ်ထူထောင်ခဲ့သည့် ဂျာတီယပါတီက ၁၃ နေရာ၊ ပါတီငယ်သုံးခုက သုံးနေရာနှင့်အဝါမီလိဂ်နှင့် နီးစပ်သော တစ်သီးပုဂ္ဂလများက ၆၂ နေရာ ရရှိသည်ဟုဆိုသည်။ အဓိကအတိုက်အခံပါတီများ ဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့သစ်နှင့်အတူ အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှိတ်ဟာဆီနာသည် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အသက်အရွယ်အနေအထားအရ ဤသက်တမ်းသည် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးဘဝတွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် အတိုက်အခံများနှင့် အဝါမီလိဂ်အစိုးရကိုဖြုတ်ချလိုသူ ပယောဂများကမူ ဤနောက်ဆုံးသက်တမ်းပြီးဆုံးသွားသည်အထိပင် စောင့်ဆိုင်းလိုဟန် မရှိပေ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နိုင်ငံရေးလှုပ်ရှားမှုများကို သိုသိပ်စွာ စတင်ခဲ့ကြသည်။
ကျွဲလေးကောင်အကြားမှ မြေစာပင်ဘဝ
အင်အားကြီးအုပ်စုနှစ်ခု၏အားပြိုင်မှုအကြားမှ နိုင်ငံငယ်တစ်ခု၏ဘဝကို ကျွဲနှစ်ကောင်ခတ်သည့်အကြားမှ မြေစာပင်နှင့်နှိုင်းကြသည်ဟုဆိုပါလျှင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ အဖြစ်သနစ်မှာမူ “ကျွဲလေး ကောင်အကြားမှ မြေစာပင်” ဟု ဆိုရဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့မဟာဗျူဟာအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့်အမေရိကန်တို့၏ အားပြိုင်မှုအကြား၌လည်းကောင်း၊ တောင်အာရှ အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်တို့၏ အားပြိုင်မှုအကြား၌လည်းကောင်း ကျရောက်နေခဲ့ရသောကြောင့် ဖြစ်ပါ၏။
ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီအစိုးရမှာ နောက်ပိုင်းတွင် အိန္ဒိယ၊ တရုတ်တို့နှင့် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့မြင်ရသည်။ အတိုက်အခံဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့မှာ ပါကစ္စတန်နှင့် အနောက်အုပ်စုတို့နှင့် ပို၍ အလွမ်းသင့်သည်။
ရှိတ်ဟာဆီနာနှင့်အနောက်အုပ်စုတို့၏ သဘောထားကွဲပြားတင်းမာမှုမှာ ရွေးကောက်ပွဲလွန်ကာလတွင် ပို၍ထင်ရှားသိသာလာသည့်သဘောကို တွေ့မြင်ရပါသည်။ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်ကို အိန္ဒိယ၊ တရုတ်နှင့် ရုရှား နိုင်ငံတို့က လျင်မြန်စွာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း၊ အမေရိကန်နှင့် ဗြိတိန်တို့ကမူ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲမဟုတ်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှိတ်ဟာဆီနာကလည်း အနောက်အုပ်စု၏ လျှို့ဝှက်ကြံစည်မှုကို ၂၀၂၄ ခုနှစ် မေလတွင် ထုတ်ဖော်ဖွင့်ချခဲ့သည်။ မေလ ၂၃ ရက်နေ့တွင် မဟာမိတ် ၁၄ ပါတီ တွေ့ဆုံသည့် အစည်းအဝေး၌ ရှိတ်ဟာဆီနာက “ဘင်္ဂလားဒေ့ရှ် (စစ်တကောင်းဒေသ)နှင့် မြန်မာနိုင်ငံမှ နယ်မြေများပါဝင်သည့် အရှေ့တီမောကဲ့သို့ အလားတူ ခရစ်ယာန်နိုင်ငံသစ်တစ်ခုကို ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ဒေသ၌ လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးရန် လူဖြူတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ ကာလက မိမိထံလာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဤကိစ္စကိုသဘောတူပါက ရွေးကောက်ပွဲတွင် မည်သည့်အနှောင့်အယှက်အဟန့်အတားမျှ မဖြစ်စေဘဲ အောင်မြင်စွာပြီးစီးစေရမည်ဟု အာမခံခဲ့ကြောင်း” ပြောကြားခဲ့သည်။ “ထိုကမ်းလှမ်းမှုကို မိမိက သဘောမတူ ပယ်ချခဲ့ခြင်းသည်ပင်လျှင် ထိုသူတို့အတွက် မိမိ၏ အကြီးဆုံးပြစ်မှုကြီးဖြစ်သွားခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ဒုက္ခပေးလာဖွယ်ရှိကြောင်း၊ သို့သော် မစိုးရိမ်ကြစေလိုကြောင်း” လည်း ဟာဆီနာက ပြောကြားခဲ့သည်။
ရှိတ်ဟာဆီနာက လာရောက်ချဉ်းကပ်သူ လူဖြူသည် မည်သည့်နိုင်ငံမှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်း မရှိသော်လည်း အဝါမီလိဂ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒ်ရူး အာမက်ခန်းကမူ အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်း၌ ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိခွင့်ရရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် NUG နှင့်PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီး-ချင်း သူပုန်များကို ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍ လမ်းကြောင်း ဖောက်လုပ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားလှကြောင်း၊ အိန္ဒိယသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
မဟာမိတ် ၁၄ ပါတီနှင့် တံခါးပိတ်ဆွေးနွေးရာ၌ မိမိတို့အစိုးရကို ဖြုတ်ချရေးအတွက် လျှို့ဝှက် ကြံစည်မှုများရှိနေပြီး၊ မိမိသည်လည်း မိမိ၏ ဖခင် (ရှိတ်မူဂျီဘူရာမန်)ကဲ့သို့ ကံကြမ္မာမျိုးဖြင့် တွေ့ကြုံ ရနိုင်ကြောင်း၊ သို့သော် မိမိကတော့ အောက်ကျို့ အရှုံးပေးမည်မဟုတ်ကြောင်းလည်း ရှိတ်ဟာဆီနာ က ပြောကြားခဲ့သည်ဟု ဆိုသည်။
ယမ်းအိုးနှင့်မီးပွား
ရှိတ်ဟာဆီနာအနေဖြင့် သူ့ကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေမှုအပေါ် ကြိုတင်သိရှိခဲ့သည့်တိုင်အောင် အခြေအနေကို ကောင်းစွာထိန်းသိမ်း ကျော်လွှားနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူသည်။ ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီးပြီ။ လူထုထောက်ခံမှုလည်း ရှိနေသည်။ အတိုက်အခံ အများစုကိုလည်း ထိန်းချုပ်ထားသည်။ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ်ကိုလည်း ဟာဆီနာ၏ လူယုံတစ်ဦးဖြစ်၊ တူမဝမ်းကွဲ၏ ခင်ပွန်းလည်းဖြစ်သော ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်ကို စစ်ဦးစီး အရာရှိချုပ်(ကြည်း)အဖြစ် ရွေးကောက်ပွဲမတိုင်မီကလေးတွင်ပင်ခန့်ထားခဲ့ပြီး ရာထူးသက်ခြောက်လမျှနှင့်ပင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းဖြင့် စိတ်ချရအောင် ပြုလုပ်ထားခဲ့သည်။
သို့ရာတွင် နိုင်ငံရေးစစ်တုရင်ပွဲ၌ တစ်ဖက်မှ ယှဉ်ပြိုင်ကစားနေသူများတွင်လည်း အားသန်သည့် ကစားကွက်များရှိနေသည်။ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့် အစိုးရတစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေးကို တရားဝင်ဆောင်ရွက်ခွင့်ရှိရာ ယင်းကို နိုင်ငံရေးအန်တုမှုဖြင့် လူထုအုံကြွဖြုတ်ချရေးမှာ လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။
ပထမဆုံးလိုအပ်ချက်မှာ အုံကြွမှုတွင်ပါဝင်မည့် လူထု၌ အစိုးရအပေါ် မကျေနပ်သည့်စိတ်များ အခြေခံအားဖြင့်ရှိနေရေးဖြစ်သည်။ ယင်းမှာ ပေါက်ကွဲလွယ်သည့် ယမ်းအိုးကြီးနှင့် တူသည်။ ထို့နောက် လူထု၏ မကျေနပ်စိတ်များကို ပေါက်ကွဲသွားအောင် ဖောက်ခွဲပစ်နိုင်သည့် ပြဿနာ မီးပွားတစ်ခု ပေါ်ပေါက်လာပါက ယင်းမီးပွားကို စနက်တံ၌ ရှို့၍ အစပျိုးပေးလိုက်ကာ အခြေအနေကို ထိန်းမရအောင်ဖောက်ခွဲလိုက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းကိုတက်တက်ကြွကြွ ဦးဆောင် လုပ်ကိုင်ပေးမည့် တက်ကြွလှုပ်ရှားသူများကိုမူ ကြိုတင်မွေးမြူ စုစည်းထားရန်လိုသည်။
ဘင်္ဂလားဒေ့ရှ်အရေးအခင်းတွင် အခြေခံယမ်းအိုးမှာ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး မပြေလည်မှုဖြစ်သည်။ ရှိတ်ဟာဆီနာလက်ထက်တွင် နိုင်ငံ၏စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည် မှန်သော်လည်း၊ စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုကလိုက်ပါလာပြီး အခြေခံလူသုံးကုန်နှင့်စားကုန်ဈေးနှုန်းတို့ ကြီးမြင့်လာသည်။ သို့သော် အောက်ခြေလူတန်းစားတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေက လုံလောက်အောင် တိုးတက်မလာသဖြင့် မကျေနပ်မှုများ ရှိနေကြသည်။ ဤအထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူယှဉ်တွဲပါလာလေ့ရှိသော ဗျူရိုကရေစီယန္တရား၏ အကျင့်ပျက်ခြစားမှုနှင့်အောက်ခြေလူထုအပေါ် ဖိစီးအနိုင်ကျင့်မှုများကအစိုးရကို အမြင်ဆိုးများဖန်တီးပေးခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အတိုက်အခံများအား စုပြုံဖမ်းဆီးမှုများကလည်း အတိုက်အခံဘက်နှင့် နှီးနွှယ်သူများ၏ နာကြည်းမုန်းတီးမှုများကို ကြီးထွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
ဒီရက်ပိုင်းအတွင်း အာရှဒေသမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာသည်ကို မြင်တွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဝန်ကြီးချုပ်က ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီး ပြည်ပနိုင်ငံကို တိမ်းရှောင်သွားရသည်အထိဖြစ်သည်။
ယခုအင်ဒိုနီးရှားနိုင်ငံမှာလည်း နိုင်ငံရေးအရ ပွတ်တိုက်မှုတွေဖြစ်လာသည်ကို တွေ့လာရပြန်သည်။ ဆန္ဒပြသူထောင် ပေါင်းများစွာ အထူးသဖြင့်လူငယ်များက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာ အပါအဝင် တခြားမြို့ကြီးများစွာ၌ ဆန္ဒပြမှုများကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်။
ဆန္ဒပြသူများထဲတွင် ကျောင်းသားများ၊ ပညာရှင်များ၊ အလုပ်သမားများ၊ ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူများအပြင် အနု ပညာရှင်များလည်း ပါဝင်သည်။ ရဲတပ်ဖွဲ့ ဝင်များကလည်း ဆန္ဒပြသူများကို မျက် ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း၊ ရေပိုက်ကြီးများဖြင့် ထိုးခြင်းတို့ကို လုပ်ဆောင်ပြီး ဆန္ဒပြမှုများကို ဖြိုခွဲကြရသည်။
ဒီနေရာမှာ အဓိကဖော်ပြပေးချင်သည့် အကြောင်းအရာက ဆန္ဒပြမှုလုပ်ဆောင် သည့်အခြေအနေကို မဟုတ်။ ဆန္ဒပြမှုဖြစ်ပွားရလောက်အောင် ကြီးမားလာသည့် နိုင်ငံရေးအရ ပွတ်တိုက်မှုအကြောင်းပင် ဖြစ်သည်။
နိုင်ငံရေးအရ ပွတ်တိုက်မှုဆိုသည်မှာ ဦးဆောင်အဖွဲ့အစည်းများကြား တစ်ဖွဲ့နှင့် တစ်ဖွဲ့သဘောထား၊ ခံယူချက်များ မညီညွတ်ကြခြင်းကြောင့်သာ ဖြစ်ရခြင်းဖြစ်သည်။
ယခုအင်ဒိုနီးရှားနိုင်ငံအရေးမှာဆိုရင်လည်း တစ်ဖက်က ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး တခြားတစ်ဖက်က ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့်အဖွဲ့ ဖြစ်နေသည်။
ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖြစ်ပြီး ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့် အဖွဲ့ကတော့ လွှတ်တော်အမတ်များစွာ ပါဝင်ရာ လွှတ်တော်ကြီးပင် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားရသည့်အကြောင်းရင်းကို အစက နေပြောရမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက စရမည်ဖြစ်သည်။ သူက ဩဂုတ်လ ၂၁ ရက်တွင် အမိန့်တစ်ခုချမှတ်လိုက်သည်။
ထိုအမိန့်မှာ ပြည်ထောင်စုလွှတ်တော်များဆီသို့ အမတ်တစ်ဦးစီအဆိုပြုနိုင်ရေး အတွက် ပြည်နယ်လွှတ်တော်များ၌ ပါတီများအနေဖြင့် အနည်းဆုံးကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းပါရှိရမည် ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ကာ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာစေရေးအတွက် လိုအပ် သည့်အနည်းဆုံး အသက်ကန့်သတ်ချက်ကိုမူ ယခင်အတိုင်းထားရှိကြောင်း ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ဩဂုတ်လ ၂၂ ရက်တွင် အင်ဒို နီးရှားလွှတ်တော်က အရေးပေါ်အစည်း အဝေးတစ်ရပ်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ရေးအတွက် ဆွေးနွေးကြ ပြီး မဲခွဲဆုံးဖြတ်ရန်ပြင်ဆင်ကြသည်။
သို့ရာတွင် လွှတ်တော်တက်သည့်အမတ် အရေအတွက်မဲခွဲဆုံးဖြတ်ရန် လုံလောက် ခြင်း မရှိသည့်အတွက် ထိုအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။
ဒီနေရာမှာ အဓိကကျသည့်အကြောင်း အရာပေါ်ပေါက်လာသည်။ ဒါ့အပြင် နိုင်ငံရေးကို စိုးမိုးခြယ်လှယ် လိုသည့် ပုံစံများကို လည်းမြင်တွေ့လာရသည်။
အင်ဒိုနီးရှား ရွေးကောက်ပွဲဥပဒေတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အသက်အပိုင်းအခြားကို အသက် ၃၀ နှစ်နှင့်အထက်သာ သတ်မှတ်ထားသည်။ အသက် ၃၀ အောက်ဆိုလျှင် ရွေးကောက် ပွဲဝင်ပြိုင်ခွင့်မရှိ။
အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်းများစွာ ကြာအုပ်ချုပ်လာခဲ့သည့် သမ္မတဂျိုကိုဝီ ဒိုဒို၌ သားအငယ်ဆုံး တစ်ယောက်ရှိသည်။ သူ၏အသက်က အခုမှ ၂၉ နှစ်သာရှိသေး သည်။ ဒီအရွယ်နဲ့ဆိုလျှင် နိုဝင်ဘာလတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပေ။
ယခု ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးလာချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးက ထုတ်ပြန်လိုက်သည့် ဥပဒေ၌ အသက် ၃၀ အောက်ရှိသူများ ရွေးကောက် ပွဲဝင်မပြိုင်ရဟုပါရှိလာသည်။
ဒီကန့်သတ်ချက်ကို လွှတ်တော်အမတ်များက သဘောမကျကြပေ။ ဘာကြောင့်လဲဆိုရင် လွှတ်တော်အမတ်အများစုသည် သမ္မတဂျိုကိုဝီဒိုဒို၏လူများဖြစ်နေ ခြင်းကြောင့်ဖြစ်သည်။ ဝီဒိုဒိုက သူ့သား ကိုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုသည်။ ဒီအတွက် လွှတ်တော်ကိုအား ကိုးပြီး ခုံရုံး၏အမိန့်ကို လူအင်အားဖြင့် ပယ်ဖျက်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။
နောက်တစ်ချက်က ခုံရုံး၏ဆုံးဖြတ် ချက်ကြောင့် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးဘာဆွယ်ဒန်အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရလာခြင်းဖြစ်သည်။ အန်နီးဘာဆွယ်ဒန်ဆိုသူမှာ လူကြိုက်များသူဖြစ်ပြီး နောက်တက်မည့်သမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ လူနှင့်ထိပ်တိုက်ရင် ဆိုင်ရဖွယ်ရှိသည်။ တစ်နည်းပြောရရင် ပရာဘိုဝိုဆူဘီယန်တို ဆိုသည်မှာလည်း ဂျိုကိုဝီဒိုဒို၏လူပင် ဖြစ်သည်။
ဂျိုကိုဝီဒိုဒိုတွင် သားအကြီးတစ်ဦးရှိသေးသည်။ နာမည်က ဂီဘရန်ရာကာဖြစ်သည်။ လာမည့်အောက်တိုဘာလတွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူသွားမည့် သူဖြစ်သည်။
ဂီဘရန်ရာကာအနေဖြင့် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ်ပါဝင်ယှဉ်ပြိုင် နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ် သည်။ ထိုသို့ဖြစ်လာအောင်လည်း ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လုပ်ပေး လိုက်ခြင်းဖြစ်သည်။ အဲဒီအချိန်တုန်းက ခုံရုံးဥက္ကဋ္ဌက ဂျိုကိုဝီဒိုဒို၏ယောက်ဖဖြစ် သည်။ သူက ပြည်နယ်ရွေးကောက်ပွဲများတွင် ရွေးကောက်ခံဖူးသူများအနေဖြင့် ဒုတိယသမ္မတ ရာထူးနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု အမိန့်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
အခုတစ်ခေါက်မှာတော့ ဂျိုကိုဝီဒိုဒို၏ ယောက်ဖမဟုတ်သောတခြားသူက ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အသက် ၃၀ နှစ် နှင့်အထက်များကိုသာ ရွေးကောက်ပွဲဝင် ပြိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်လိုက်ခြင်းက ဂျိုကိုဝီဒိုဒို၏ သားအငယ်ဆုံးကို နိုင်ငံရေး လောကထဲသို့ ဆွဲသွင်းမည့် အစီအစဉ်ကို ပျက်သွားစေခြင်း ဖြစ်သည်။
ဂျိုကိုဝီဒိုဒိုအနေဖြင့် အောက်တိုဘာလတွင် ၁၀ နှစ်ကြာရယူခဲ့သောရာထူးကို စွန့်လွှတ်ပေးရတော့မည် ဖြစ်သည်။ သို့ပေသော်လည်း သူ့ရဲ့စိတ်အစဉ်မှာတော့ ဒီလိုရာထူးမရှိပေမယ့် ဒီလိုရာထူးရှိသူတွေရဲ့ နောက်ကွယ်ကနေ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးကိုထိန်းကျောင်းလိုသည့်ဆန္ဒရှိနေသည်ကို အင်ဒိုနီးရှား ပြည်သူများက အတိုင်းသားမြင်ခွင့်ရလိုက်ခြင်းကြောင့် ယခုလို ဆန္ဒပြမှုများ လုပ်ဆောင်လာရခြင်းဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ ဂျိုကိုဝီဒိုဒို၏ သားငယ်အတွက် နိုင်ငံရေးတွင်နေရာမရှိတော့ အောင်ဖြစ်လာပြီကို တွေ့ရသည်။ အခုလို ဆန္ဒပြမှုများကြောင့် လွှတ်တော်ကလည်း ခုံရုံး၏အမိန့်ကိုမပြင်တော့ဟုဆိုသည်။ အကယ်၍ ပြင်ဆင်ဖို့ကြိုးစားလျှင်လည်း အချိန်မရှိတော့ပေ။ ဩဂုတ်လ ၂၇ ရက် တွင် ပြည်နယ်ရွေးကောက်ပွဲများအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ မှတ်ပုံတင်ရတော့မည်ဖြစ်သည်။ ဒီကြားထဲမှာတော့ လွှတ်တော်က ဘယ်လိုမှလုပ်နိုင်စွမ်းမရှိတော့ပေ။
သို့သော် နိုင်ငံရေးကိုနောက်ကွယ်က နေထိန်းကျောင်းလိုသူဆိုတာ သူတို့ရဲ့ဆန္ဒကိုတော်ရုံနှင့် မလျှော့တတ်သော သဘောရှိသောကြောင့် အင်ဒိုနီးရှား နိုင်ငံရေးဟာ တင်းမာမှုတွေ မြင့်တက်လာဦးမယ့် အရိပ်အယောင်ရှိနေကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။
Ref: Agencies
Source-www.moi.gov.mm
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲမှာ ယခုအခါ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း စစ်ပွဲရေချိန်မှာလည်း အနိမ့်အမြင့်၊ အတက်အကျ၊ အပြောင်းအလဲများစွာရှိခဲ့လေသည်။ ၂၀၂၄ ခုနှစ်အတွင်း ဝင်ရောက်လာသောအခါ၌မူ ရေရှည်၌ ခံနိုင်ရည်ရှိသူက အကဲသာစမြဲ ဖြစ်သည့်အတိုင်း ရုရှားဘက်မှ အသာစီးရလာခဲ့သည်။ ဒနီပရိုမြစ်၏ အရှေ့ဘက်ကမ်းမှ ရုရှားနွယ်ဖွားဒေသများကို သိမ်းသွင်းထားနိုင်ခဲ့သော ရုရှားနိုင်ငံသည် ပထမကမ္ဘာစစ်ပုံစံ ခံစစ်တူးမြောင်းများဖြင့် ခံစစ်သေဆင်နွှဲနေရာမှ GPS ပဲ့ထိန်းစနစ်တပ် ဧရာမပေါက်ကွဲ အားပြင်း ဗုံးကြီးများ၊ စစ်သည်တစ်ဦးချင်း ထိန်းချုပ်သည့် အသေခံ FPV ဒရုန်းဗုံးများကို တွင်တွင်ကျယ်ကျယ်အသုံးပြုကာ ယူကရိန်းတပ်များကို အထိနာအောင် တိုက်ခိုက်၍ ရှေ့သို့တိုးကာ ထိုးစစ်ဆင်လာနိုင်ခဲ့သည်။ ထိုကာလတွင် အမေရိကန်နိုင်ငံမှ ယူကရိန်းကိုပေးအပ်မည့် အကူအညီများမှာလည်း နိုင်ငံရေးအဟန့်အတားများကြောင့် မရောက်လာ နိုင်သေးသည့် အချိန်ဖြစ်၍ ယူကရိန်းတို့ များစွာအကျပ်အတည်း ဆိုက်ခဲ့ရသည်။ ကမ္ဘာတစ်ဝန်းမှ လေ့လာသူများကလည်း ယူကရိန်း၏ နောက်ဆုံးနေ့များမှာ မဝေးတော့ပြီဟု ခန့်မှန်းခဲ့ကြသည်။ ယူကရိန်းသမ္မတ ဇဲလန်းစကီးကိုယ်တိုင်ပင်လျှင် G7အစည်းအဝေး၊ စင်ကာပူရှန်ဂရီလာ ကာကွယ်ရေးနှီးနှောဖလှယ်ပွဲ စသည့်နိုင်ငံတကာအစည်းအဝေးများသို့ သွားရောက်ကာ နိုင်ငံတကာအကူအညီများ ရှာဖွေခဲ့ရသလို ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို အပြေးအလွှားစီစဉ်ခဲ့သော်လည်း တရုတ်၊ အိန္ဒိယနှင့် နိုင်ငံကြီးအများအပြားက တက်ရောက်ရန် စိတ်ဝင်စားခဲ့ခြင်းမရှိသဖြင့် မအောင်မြင်ခဲ့ပေ။
ဤသို့ ယူကရိန်းတို့ အခြေယိုင်နဲ့နေချိန်တွင် ဩဂုတ်လ ၆ ရက်နေ့က ယူကရိန်းတင့်နှင့် သံချပ်ကာတပ်ဖွဲ့များ ရုရှားနယ်စပ်မျဉ်းကို ဖြတ်ကျော်၍ မမျှော်လင့်ဘဲရုရှားနိုင်ငံကတ်စ်ဒေသအတွင်း ဝင်ရောက်ကာ နယ်မြေအနည်းငယ်ကို သိမ်းပိုက်လိုက်သောအခါ တစ်ကမ္ဘာလုံးအတွက် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရသည်။ ယူကရိန်းတို့က နယ်မြေ သိမ်းပိုက်နိုင်ရုံမျှမက အငိုက်မိကာ ကြက်သေသေသွားကြသော ရုရှားတပ်ဖွဲ့ဝင်အချို့ကိုပင် အရှင်ဖမ်းကာ ဗီဒီယိုရိုက်ကူး၍ ထုတ်လွှင့်ပြသလိုက်သောအခါ အနောက်မီဒီယာအများအပြားက “ကိုးလိယက်လူ့ဘီလူးကြီး” ရုရှားကို “နွားကျောင်းသားဒေဗစ်” ယူကရိန်းက လေးခွဖြင့်ထု၍ အနိုင်ယူလိုက်လေပြီဟု သောင်းသောင်းဖြဖြ ဩဘာပေးခဲ့ကြသည်။
အမှန်တကယ်တွင်မူ ယူကရိန်းတပ်ဖွဲ့များက ရုရှားနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်သော အကွာအဝေးမှာ မိုင် ၂၀ ခန့်သာဖြစ်ပြီး စုစုပေါင်း သိမ်းပိုက်ထားနိုင်သောနယ်မြေမှာလည်း စတုရန်းကီလိုမီတာ ၁၂၅၀ (စတုရန်းမိုင် ၄၈၀ ခန့်)သာဖြစ်၏။ ရုရှားနိုင်ငံတစ်ခုလုံး၏ ဧရိယာ စတုရန်း ကီလိုမီတာ ၁၇ သန်းနှင့်ဆိုပါက ၀ ဒသမ ၀၀၇၃ ရာခိုင်နှုန်းမျှသာရှိ၏။ သို့သော်လည်း ထိုသို့ စာမဖွဲ့လောက်သော သိမ်းပိုက်မှုသည်ပင်လျှင် ကမ္ဘာ့နိုင်ငံရေး၌ အဓိပ္ပာယ်များစွာ ဖော်ဆောင်နေသော ကိစ္စတစ်ရပ်ဖြစ်လာသည်။
ပထမဦးစွာ စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ရပ်မှာ ရုရှားနှင့် နှိုင်းစာလျှင် စစ်အင်အားအဆမတန်ကွာဟနေပါလျက်၊ ဒနီပရိုမြစ်ကြောင်းတစ်လျှောက် ရှည်လျားသော စစ်မျက်နှာတွင်လည်း အရေးမလှဖြစ်နေပါလျက် အဘယ်ကြောင့် ယူကရိန်းကအရဲကိုးကာ အလျော်အစားကြီးမား လှသည့်တန်ပြန်တိုက်စစ်ကို ဆင်နွှဲရပါသနည်းဟူသော မေးခွန်းဖြစ်၏။
ယူကရိန်းသမ္မတ ဇဲလန်းစကီးကကတ်စ်ဒေသမှ နေ၍ ရုရှားအမြောက်များက ယူကရိန်းဘက်သို့ အဆက်မပြတ် ပစ်ခတ်နေသောကြောင့် (မိမိ ကိုယ်ကိုယ် ကာကွယ်သည့်သဘောဖြင့်) ဝင်ရောက်ထိုးဖောက်တိုက်ခိုက်ရပါသည်ဟု ပထမပိုင်းတွင် ပြောကြားခဲ့၏။ နောက်ပိုင်းတွင်မူ ရုရှားပိုင်နယ်တွင် ကြားခံနယ်မြေတစ်ခု တည်ထောင်လိုသောကြောင့် ဝင်ရောက်သိမ်းပိုက်ခဲ့ရသည်ဆိုသည်။
ရုရှားသမ္မတ ပူတင်ကမူယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တန်းတူရည်တူ အပေးအယူပြုလုပ်နိုင်ရန်အတွက် နယ်မြေအလဲအထပ်လုပ်နိုင်မည့် သိမ်းပိုက်နယ်မြေတစ်ခု ဖန်တီးရယူလိုခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ နှစ်ဖက်ခေါင်းဆောင်များ ဖော်ထုတ်လာသည့် အချက်အားလုံးမှာ သူ့ဘက်ကိုယ့်ဘက် အမြင်အရမှန်ကန်နေကြသည်ဟု ဆိုနိုင်သော်လည်း နောက်ကွယ်၌ ပိုမိုနက်ရှိုင်းသော အကြောင်းရင်းများ ရှိနိုင်သည်ဟု မှန်းဆမိပါသည်။
ထင်သာမြင်သာရှိသော ပထမအကြောင်းရင်းမှာ ယူကရိန်းသမ္မတ ဇဲလန်းစကီးအတွက် သူစတင်ခဲ့သော ဇာတ်လမ်းကို ဆုံးခန်းတိုင်ကနိုင်ရန်မှာ ပြည်သူလူထု၏ စစ်ပွဲအပေါ် ထောက်ခံမှု၊ သူ့အပေါ် ထောက်ခံမှု မြှင့်တင်ပေးရန် အရေးတကြီး လိုအပ် လာမှုဖြစ်၏။ ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ် စစ်ပွဲအစတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာချိန်၌ အနောက်အင်အားကြီးနိုင်ငံများက ဇဲလန်းစကီးကို အင်အားမမျှသည့်အတွက် နိုင်ငံမှထွက်ခွာ ရှောင်တိမ်းကာ ဥရောပတွင် အဝေးရောက် အစိုးရဖွဲ့ရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် ဇဲလန်းစကီးက ခေါင်းမာစွာ ဆန့်ကျင်ရပ်တည်ကာ ယူကရိန်းမှလုံးဝထွက်ခွာ အရှုံးပေးမည်မဟုတ်ကြောင်း ရဲရဲတောက်ကြေညာခဲ့သည်။ ယူကရိန်းပြည်သူ ၉၀ ရာခိုင်နှုန်းကလည်း မျိုးချစ်စိတ်ဖြင့် ဇဲလန်းစကီးကို အပြည့်အဝထောက်ခံခဲ့ကြပြီး စစ်သုံးတီရှပ်လက်တိုကို ဝတ်ဆင်၍ စစ်ပွဲကို ကွပ်ကဲနေသော ဇဲလန်းစကီး၏စတိုင်မှာ ကမ္ဘာသိအမှတ်တံဆိပ် တစ်ခုသဖွယ်ဖြစ်ခဲ့ရသည်။
စစ်ပွဲကာလကြာရှည်၍ စစ်အီစစ်ပန်းလာသော အခါ ယူကရိန်းပြည်သူလူထု၏ သဘောထားမှာလည်း ပြောင်း၍လာခဲ့သည်။ ယခုအခါ ဇဲလန်းစကီးကို အပြည့်အဝထောက်ခံသူမှာ ၂၂ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ယူကရိန်းပြည်သူအများစုက အသက်အိုးအိမ်ပိုင်ဆိုင်မှုများ စစ်ကြောင့် ပျက်စီးရမှု၊ မိသားစုများ သေကွဲသို့မဟုတ် ရှင်ကွဲကွဲရမှုတို့ ကြုံရဖန်များလာသောအခါ၊ နိုင်ပွဲထက်ရှုံးနိမ့်ရမှုများက များလာသောအခါ မျှော်လင့်ချက်တို့ မှေးမှိန်လာကာ “ဆုံးရှုံးထားသောနယ်မြေအားလုံး ပြန်မရမချင်းစစ်ဆက်တိုက်မည်”ဟု ကြွေးကြော်ထားသော ဇဲလန်းစကီးအပေါ် ထောက်ခံမှုသိသိသာသာ ကျဆင်းသွားခဲ့သည်။ ယူကရိန်းတပ်မတော်အတွင်း ၌လည်းလူ၊ လက်နက်ပစ္စည်းများ ထည့်မလောက်၊ ဖြည့်မလောက် အဆုံးအရှုံးများနေသောအခါ တိုက်ပွဲ ဝင်စိတ်ဓာတ်များ ပျက်ပြားလာနေသည်။ ဇဲလန်းစကီး၏ သမ္မတသက်တမ်းမှာလည်း ၂၀၂၄ ခုနှစ် မေလတွင်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် စစ်ပွဲကာလတွင် ရွေးကောက်ပွဲအသစ် မကျင်းပဘဲ သမ္မတဆက်လုပ်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ထောက်ခံမှုနှင့် တစ်နိုင်ငံလုံး စိတ်ဓာတ်ပြန်လည် မြှင့်တင်နိုင်မှုတို့အတွက် သေးငယ်သော ကန့်သတ်အောင်မြင်မှုဖြစ်စေ အောင်ပွဲတစ်ခုကိုတော့ မဖြစ်မနေရယူရန် အခြေအနေက တွန်းအားပေးနေခြင်း ဖြစ်လေသည်။
အနောက်အုပ်စုနိုင်ငံများက လက်နက်ခဲယမ်းနှင့် ငွေကြေးမှအစ ကူညီထောက်ပံ့နေရခြင်းဖြစ် ထိုသို့ ပြည်တွင်းနိုင်ငံရေး အကြောင်းတရားအပြင် ယူကရိန်းအတွက် ပြည်ပအကြောင်းတရားကလည်း အရေးပါသည်။ ယူကရိန်းတို့၏ စစ်ဆက်တိုက်နိုင်စေရန် အနောက်အုပ်စုနိုင်ငံများက လက်နက်ခဲယမ်းနှင့် ငွေကြေးမှအစ ကူညီထောက်ပံ့ နေရခြင်းဖြစ်ပြီး အဓိကအားဖြင့် ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်၏ ထောက်ပံ့အားပေးမှုက အရေးအပါဆုံးဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်တို့၏ ထောက်ပံ့အားပေးမှု ရပ်ဆိုင်းမသွားစေရန်မှာ ယူကရိန်းအတွက် အသက်တမျှအရေးကြီးသော အကျိုးစီးပွားဖြစ်လာသည်။
ပြဿနာမှာ လာမည့် နိုဝင်ဘာလ၌ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလစ် ကန်ပါတီမှ ဒေါ်နယ်ထရမ့်သာနိုင်ပါက ယူကရိန်းကို ထောက်ပံ့မှုများ ရပ်ဆိုင်းပစ်မည်ဟု ကြွေးကြော် ထားခြင်းဖြစ်၏။ ထို့ကြောင့် ယူကရိန်းစစ်ပွဲကို ဆက်လက်ထောက်ခံအားပေးမည့် ဒီမိုကရက်ပါတီ အနိုင်ရရှိရေးမှာလည်း ယူကရိန်းအတွက် မဖြစ်မနေလိုအပ်လာပြန်သည်။ ဤတွင် နောက်ထပ်ပြဿနာ တစ်ခုမှာဒီမိုကရက်ဘက်မှ လက်ရှိသမ္မတ ဘိုင်ဒင်သည် ဇူလိုင်လ စကားစစ်ထိုးပွဲ၌ အခြေမလှဖြစ်သွားခဲ့မှုနှင့် မရှေးမနှောင်း၌ ရီပတ်ဘလစ်ကန်ဘက်မှ သမ္မတလောင်းထရမ့် လုပ်ကြံခံရမှုမှ သီသီကလေး လွတ်မြောက်ခဲ့ပြီး လူထုထောက်ခံမှု တစ်ဟုန်ထိုးတက်သွားမှုတို့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာခြင်းဖြစ်လေသည်။ ဤတွင် ဒီမိုကရက်တစ် ကြိုးကိုင်များက ဘိုင်ဒင်ကို ဇူလိုင်လနှောင်းပိုင်း၌ ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ အတင်းအကျပ် ဖိအားပေးထွက်ခွာစေခဲ့ပြီး ယင်းအစားဒုတိယသမ္မတ ကာမလာဟဲရစ်ကို ရွေးချယ်လျာထားခဲ့သည်။ နောက်တစ်ဖန် စိန်ခေါ်မှုတစ်ခုမှာ ဒုတိယသမ္မတ ကာမလာဟဲရစ်အနေဖြင့် ဥပဒေပညာရှင်ဖြစ်၍ တရားဥပဒေဆိုင်ရာ ကျွမ်းကျင်သော်လည်း နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ ကျွမ်းကျင်မှု လိုအပ်နေသေးသည်ဟု လူအများက ရှုမြင်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ကာမလာဟဲရစ်ကို ရွေးကောက်ပွဲစင်မြင့်ထက်တွင် ဆွဲတင်ပေးနိုင်ရန် ဒီမိုကရက်တို့ဘက်မှ အခြေအနေကောင်းများကို ဖန်တီးပေးရန် လိုအပ်လာပြန်သည်။ ဤတွင် ဒီမိုကရက်တစ်တို့၏ အရေးပါသောနိုင်ငံရေးမူဝါဒ သဘောထားဖြစ်သည့် ယူကရိန်းတို့ ခြေကုပ်ရစပြုချိန်၌ အမေရိကန်တွင် ဒီမိုကရက် ပြည်လုံးကျွတ်
ညီလာခံ၌ ကာမလာဟဲရစ်ကို သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့က ချီးမွမ်းထောမနာပြုကာ ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် စင်တင်ပေး နေခြင်းမှာ ရှေ့ထွက်မင်းသမီးကို ခေါင်းဆောင် မင်းသမီးအဖြစ် ပွဲထုတ်နိုင်ရန် သမ္ဘာရင့် မင်းသမီး၊ လူရွှင်တော်ကြီးများက ပရိသတ်အား မိတ်ဆက်ပေးနေခြင်းနှင့် တူလှသည်။ မည်သို့ပင်ဖြစ်စေ ရုရှား-ယူကရိန်းစစ်ပွဲအခြေအနေကောင်းလျှင် ဒီမိုကရက်ပါတီလည်း ရွေးကောက်ပွဲ၌ အခြေအနေကောင်းမည်။ ဒီမိုကရက်ပါတီ အမေရိကန်ရွေးကောက်ပွဲနိုင်မှလည်း ဇဲလန်းစကီးက ယူကရိန်းစစ်ပွဲကို ရှေ့ဆက်တိုက်နိုင်မည်။ ဤသို့လျှင် အပြန်အလှန်မှီခိုလျက်ရှိကြသည်။
ဤသို့ဖြင့် အမေရိကန်က ယူကရိန်းကို ဒေါ်လာဘီလီယံ ၆၀ ထောက်ပံ့ကူညီရန် ဧပြီလတွင် လွှတ်တော်က သဘောတူခဲ့ပြီးနောက် ပထမဆုံးအသုတ်အဖြစ် အက်ဖ် ၁၆ တိုက်လေယာဉ်များနှင့် အခြားလက်နက်ခဲယမ်းများ ယူကရိန်းသို့ ရောက်ရှိလာချိန်တွင် တန်ပြန်တိုက်စစ်စတင်ခဲ့ခြင်းဖြစ်သည်။ ဤလက်နက်ခဲယမ်းပစ္စည်းများသည် စစ်ပွဲအတွက် အလှည့်အပြောင်းဖြစ်နိုင်မည်လောဟု စဉ်းစားဖွယ်ဖြစ်လာပြန်သည်။ ယေဘုယျအားဖြင့် သုံးသပ်ကြည့်ပါမူ ရုရှားနိုင်ငံက ယူကရိန်းစစ်မျက်နှာ၌ပင် ကြည်းတပ်အင်အား၌ ယူကရိန်းထက် နှစ်ဆသာသည်။ လေတပ်အင်အား၌ ဆယ်ဆသာသည်။ တင့်နှင့်သံချပ်ကာ အင်အား၌ ငါးဆသာသည်။ အဏုမြူမဟာဗျူဟာလက်နက်အင်အား၌ လုံးလုံးလျားလျား သာသည်။ ထို့ကြောင့် မည်သို့ပင် တွက်စေကာမူ ယူကရိန်းဘက်က အခြေမလှနိုင်ဟူသော အဖြေကထွက်နေမည်ဖြစ်၏။
သို့ရာတွင် ဤသေးငယ်သော နေရာကလေးသည်ပင် ဂရိဒဏ္ဍာရီမှ လူစွမ်းကောင်း အာခိလီစ်၏ ခြေဖနောင့်ကဲ့သို့ အထိမခံနိုင်သော မြှုပ်ကွက်များရှိနေလေသလောဟု ဆန်းစစ်ကြည့်ပါက စိတ်ဝင်စားဖွယ်အချက်အချို့ကို တွေ့ရနိုင်ပေသည်။
ပထမအချက်မှာ စစ်ရေးနှင့် ပတ်သက်သည်။ ကတ်စ်ဒေသသည် ရုရှားနိုင်ငံ၏ မြို့တော်မော်စကိုမှ မိုင် ၃၀၀ ကျော်မျှသာ ကွာဝေးသည်။ အမေရိကန် နှင့် မဟာမိတ်တို့က လောလောလတ်လတ် ပေးပို့ ခဲ့သော အက်ဖ် ၁၆ တိုက်လေယာဉ်တွင် တပ်ဆင်နိုင်ဖွယ်ရှိသည့် JASSM ပဲ့ထိန်းတပ်ဝေဟင်မှ မြေပြင်ပစ်ဒုံးပျံသည် ပေါင် ၁၀၀၀ ထိပ်ဖူးကို သယ်ဆောင်ပြီး မိုင် ၃၃၀ အထိ ပစ်ခတ်နိုင်စွမ်းရှိရာ ကတ်စ်ဒေသ ဝေဟင်ပေါ်မှနေ၍ မော်စကိုအထိ ရောက်ရှိအောင် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။
ဒုတိယအချက်မှာ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်သည်။ ယူကရိန်းတို့ သိမ်းပိုက်ခဲ့သည့် နယ်မြေတွင် ရုရှားမှ ယူကရိန်းနိုင်ငံကို ဖြတ်၍ ဩစတြီးယားနှင့် အရှေ့ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့တင်ပို့သည့်ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်မှု ပမာဏတိုင်းတာသည့် စခန်းရှိသည်။ ထိုစခန်းမှာ ရေနံနှင့် ဓာတ်ငွေ့တင်ပို့မှုမှ ရသည့်ဝင်ငွေကို အားပြုနေရသည့် ရုရှားစီးပွားရေးအတွက် အရေးပါ ပြီး ယခုသော် ယူကရိန်းတို့က တိုက်ခိုက်ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။
တတိယအချက်မှာ အဏုမြူဓာတ်အားပေး စက်ရုံများတွင်ဖြစ်သည်။ ယူကရိန်းသိမ်းပိုက်နယ်မြေနှင့် မလှမ်းမကမ်းတွင် ရုရှားနိုင်ငံ၌ အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ရှိနေရာ ထိုစက်ရုံကို ယူကရိန်းတို့က အချိန်မရွေး ဒုက္ခပေးနိုင်သည်။ ထိုစက်ရုံ၌ နျူကလီးယားယိုစိမ့်မှု ဖြစ်ခဲ့လျှင် အနီးပတ်ဝန်းကျင်တစ်ဝိုက်ရေဒီယိုသတ္တိကြွမှုအဆိပ်သင့်၍ လူသတ္တဝါနှင့် သဘာဝပတ်ဝန်းကျင်ပါ ဒုက္ခများကာ ချာနိုဘိုင်းကပ်ဘေးသဖွယ်ဖြစ်သွားနိုင်သည်။ များမကြာမီကပင် ဒနီပရိုမြစ်ကမ်းရှိ ရုရှားသိမ်းပိုက်နယ်မြေမှ ဇာပိုရစ်ဇီးယားမြို့ရှိ နျူကလီးယားစက်ရုံ၏ အအေးခံတာဝါတစ်ခုကို ယူကရိန်းတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပြဿနာဖြစ်စပြုနေသည်။ သို့ဖြစ်ရာ ဤကိစ္စမှာ ရုရှားအတွက် အထူးသတိထားရမည့် နျူကလီးယားအကျပ်ကိုင်မှု၊ Nuclear Blackmail ဖြစ်လာ နိုင်ခြေရှိနေသည်။
နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ တိုးမြင့်သည်ထက် တိုးမြင့်လာ
သို့ဖြစ်ရာ ပူတင်အနေဖြင့် ကတ်စ်ဒေသတန်ပြန်ထိုးစစ်ကို အတန်ပင်စဉ်းစားချိန်ဆ နေရဟန်ရှိသည်။ သို့ရာတွင် အခြားတစ်ဖက်မှ ဖိအားပေးသည့်အနေဖြင့် ဒွန်နက်စ်ဒေသမှ ရုရှားတပ်ဖွဲ့များကို ရှေ့တိုးချီတက်၍ ယူကရိန်းစခန်းများအား တိုက်ခိုက်သိမ်းပိုက်စေခဲ့သလို ကိဗ်မြို့တော်ကိုလည်း ဒုံးပျံများဖြင့် အပြင်းအထန်ပစ်ခတ်စေခဲ့သည်။ ယူကရိန်းဘက်ကလည်း ဒရုန်းများကို အုပ်လိုက်အသုံးပြုကာ မော်စကိုတစ်ဝိုက်အထိ သွားရောက်တိုက်ခိုက်စေခြင်းများ တွေ့ရသကဲ့သို့ ရုရှားတောင်ပိုင်း ကရိုင်းမီးယားကျွန်းဆွယ်အနီးရှိ ကရာစနိုဒါဆိပ်ကမ်းတွင် လောင်စာဆီတင်ကူးတို့ သင်္ဘောတစ်စင်းကို ဒုံးပျံဖြင့် ပစ်ခတ်ဖျက်ဆီးမှု စသည်ဖြင့် ရုရှားနယ်မြေအတွင်းပိုင်းသို့ ဦးတည် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ကို တွေ့မြင်လာရသည်။ ဤသို့ဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ တိုးမြင့်သည်ထက်တိုးမြင့်လာသည်ကို တွေ့မြင်ရသည်။
ထိုသို့ တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ နိုင်ငံငယ်ကလေးဖြစ်သော ယူကရိန်းအတွက် မဟာဗျူဟာ ကျောထောက်နောက်ခံပိုမိုလိုအပ်လာသည်။ အနီးကပ်ဆုံး ကျောထောက်နောက်ခံမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများပါဝင်သော နေတိုးစစ်စာချုပ်အဖွဲ့ဖြစ်သည်။ ဇူလိုင်လဆန်းပိုင်းက ကျင်းပခဲ့သော နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်ခံမည့် ကတိကဝတ်ကို ပေးခဲ့သည်။ သို့သော် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲပြီးသည့်အချိန်ကျမှ ဝင်ရောက်ခွင့်ပြုမည်ဟုဆိုသည်။ ဆိုလိုသည်မှာ ယခုအချိန်ယူကရိန်းကို နေတိုးအဖွဲ့တွင်းသို့ ဝင်ခွင့်ပြုလိုက်လျှင် နေတိုးစာချုပ် ပုဒ်မ ၅ အရ ၃၂ နိုင်ငံပါဝင်သော နေတိုးအဖွဲ့နှင့် ရုရှားတို့ တရားဝင်စစ်ပွဲဆင်နွှဲကြကာ ကမ္ဘာစစ်အမှန်တကယ်ဖြစ်ပွားရလိမ့်မည်ဖြစ်သည်။ မည်သည့်နေတိုးနိုင်ငံကမျှ နျူကလီးယားလက်နက်ပိုင်ရှင် ရုရှားနှင့် စစ်မဖြစ်ပွားလိုကြပေ။
ထို့ကြောင့် ယူကရိန်းစစ်ပွဲတွင် တိုက်ရိုက်ပါဝင်မှုအစား အခြားနည်းလမ်းများဖြင့် ပါဝင်ကူညီကြသည်။ လက်နက်ခဲယမ်းများ ထောက်ပံ့သည်။ စစ်သင်တန်းများပေးသည်။ ထောက်လှမ်းရေးသတင်းများပေးသည်။ ယူကရိန်းတွင် နေတိုးကိုယ်စားလှယ်ရုံး ထူထောင်၍ စစ်ရေးစီမံမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးသည်။ ထရမ့်သမ္မတဖြစ်လာစေဦးတော့ ယူကရိန်းတို့ ငွေကြေးမပြတ်လပ်စေရန် ရုရှားဘဏ်အပ်ငွေ သိမ်းဆည်းထားသည့် ယူရိုဘီလီယံ ၃၀၀ ကို အပေါင်ထား၍ ယူကရိန်းကို ရေရှည်ချေးငွေ ယူရိုဘီလီယံ ၁၀၀ ထုတ်ပေးနိုင်ရေးလည်း လုံးပန်းနေ ကြသည်။
သို့ရာတွင် အမှန်တကယ်လက်တွေ့၌ နေတိုးနိုင်ငံများ အားလုံးလိုလိုက ယူကရိန်းစစ်တွင် နက်နက်ရှိုင်းရှိုင်း ပါဝင်လိုမှုမရှိသကဲ့သို့ မိမိအိတ်က စိုက်၍ ထိထိရောက်ရောက် ကူညီပေးဖွယ်လည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေသည့် ပြဿနာများကို ရင်ဆိုင်နေကြရသောကြောင့်ဖြစ်၏။ အမေရိကန်တွင် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးသမ္မတနေရာ ယှဉ်ပြိုင်ရမှု ဖြစ်ပွားနေသည်။ ဗြိတိန်၌ ပြည်တွင်းစစ်ဖြစ်နေပြီဟုပင် ဝေဖန်ခံရလောက်အောင် လူအုပ်စုပဋိပက္ခ အဓိကရုဏ်းများ ဖြစ်နေသည်။ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများ၌ ယူကရိန်းစစ်ကိုထောက်ခံသည့် လစ်ဘရယ်ပါတီများနေရာတွင် မိမိနိုင်ငံရေးကိုသာ ပိုမိုဦးစားပေးမည့် အမျိုးသားရေးဝါဒီများက ပိုမိုအားကောင်းလာမှုနှင့် ကြုံတွေ့နေရသည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ ယူကရိန်းကို မပြီးနိုင်မစီးနိုင် ဝိုင်းဝန်းထောက်ပံ့ပေးရမှုကြောင့် ဥရောပနိုင်ငံများသည် ခြေကုန်လက်ပန်းကျလာခြင်းဖြစ်၏။ ဂျာမနီ နိုင်ငံဆိုလျှင် ဘတ်ဂျက်အခက်အခဲကြောင့်လည်းကောင်း၊ ဂျာမနီသို့ ပေးပို့သည့် ရုရှားပိုင် နော့စထရင်းမ် ဓာတ်ငွေ့ပိုက်လိုင်းကို ယူကရိန်းတို့ဖောက်ခွဲခဲ့မှု ပေါ်ပေါက်လာသောကြောင့် လည်းကောင်းလာမည့် ၂၀၂၅ ခုနှစ်တွင် ယူကရိန်း အား ထောက်ပံ့မှုများကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။
ဤသို့ဖြင့် ဇဲလန်းစကီးကိုယ်တိုင်လည်း ဤအကျပ်အတည်းမှ အေးချမ်းစွာ ညှိနှိုင်းဖြေရှင်း နိုင်မည့်နည်းကို ရှာဖွေလာရတော့သည့် လက္ခဏာများ တွေ့လာရသည်။ မကြာမီကမှ ရုရှားသို့သွား၍ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခဲ့သော အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် ယခုအခါ ယူကရိန်းသို့ရောက်ရှိကာ သမ္မတဇဲလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးနေခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် ၁၂ ချက်ကို ဖော်ထုတ်တင်ပြခဲ့သည့် တရုတ်နိုင်ငံမှ ဝန်ကြီးချုပ်လီကျင်းကလည်း ရုရှားသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံနေသည်မှာ ထူးခြားနေပြန်သည်။ ဤအနေအထား အရ ရုရှား-ယူကရိန်း အရေးအခင်းတွင် တတိယအုပ်စုအဖြစ် ထွန်းသစ်စအင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့က ကြားဝင်စေ့စပ်သူများအဖြစ် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရပေသည်။
မည်သို့ပင်ဖြစ်စေ ခြုံ၍သုံးသပ်ကြည့်ပါက ရုရှားနိုင်ငံသည်လည်း ယူကရိန်းတစ်နိုင်ငံလုံးကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိပုံမရ။ ထိုသို့ သိမ်းပိုက်ရန်သမားရိုးကျ စစ်အင်အား၊ ဓနအင်အားတို့ကိုလည်း အစွမ်းကုန် ထုတ်သုံးရမည့်အရေးကိုလည်း တတ်နိုင်ဖွယ်မရှိ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အနိုင်နှင့်ပိုင်း၍ ဤစစ်ကို ဖြတ်လိုသည့်ပုံပေါ်သည်။ အမေရိကန်နှင့် အနောက်အုပ်စု၏ ရုရှားကို စစ်နွံတွင် နစ်စေပြီး စီးပွားပါပျက်ကာ နာလန်မထူအောင်လုပ်မည့် စီမံကိန်းမှာလည်း ဖြစ်နိုင်ဖွယ်မရှိကြောင်း ထင်ရှားပေါ်လွင်လာပြီဖြစ်သည်။ ဥရောပအနေဖြင့် လည်း ယူကရိန်းပြီးလျှင် သူတို့အလှည့် လာလိမ့်မည်ဟူသော စိုးရိမ်မှုဖြင့် ကြိုကာရန် ယူကရိန်းကို ဝိုင်းစုထောက်ပံ့နေလိုသည့် နိုင်ငံရေးအုပ်စုနှင့် စစ်ပန်းနေသည့် လူထုတို့အကြား ကွာဟမှုကြီးမားလာနေသည့် အသွင်များကို တွေ့နေရသည်။ ဤအခြေအနေတွင် သမ္မတဇဲလန်းစကီး၏ စွန့်စားမှုကြီးမားသောကစားပွဲသည် မည်သည့်အကျိုးဆက်များ ဆောင်ကြဉ်းလာမည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရန်သာရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ။
နိုင်ငံတော်ကာကွယ်ရေးလို့ ပြောလိုက်ရင် လူတော်တော်များများက ငါနဲ့မဆိုင်ဘူးလို့ ယူဆကြသူတွေ များပါတယ်။
ငါ့အလုပ်မဟုတ်ဘူး၊ နိုင်ငံတော်ကာကွယ်ရေးဆိုတာ စစ်သားတွေတပ်မတော်သားတွေအလုပ်လို့ပဲ မြင်ကြပါတယ်။ အဲဒီစစ်သားတွေတပ်မတော်သားတွေဆိုတာ ဘယ်ကနေ ပေါ်ပေါက်လာတဲ့သူတွေလဲ။ သူလိုငါလို အများပြည်သူတွေထဲက ပေါ်ပေါက်လာတာပါ။ တပ်မတော်သားဆိုပြီး မိုးပေါ်က ကျလာ တာမဟုတ်ပါဘူး။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ သူတွေများလာတဲ့အခါ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ လူတွေနည်းပါးလာတာပါပဲ။ အမှန်တကယ်တော့ နိုင်ငံတော် ကာကွယ်ရေးဆိုတာ နိုင်ငံအတွင်းမှီတင်း နေထိုင်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါပဲ။ အရွယ်ရောက်သူ တွေက လက်နက်ကိုင်စစ်မှုထမ်းဆောင်ကြသလို စစ်မှုမထမ်းဆောင်နိုင်ကြသူတွေက မိမိတို့တတ်နိုင်တဲ့ ဘက်ကပါဝင်ကူညီကြရမှာပါ။ အသက်အရွယ်ရလာတဲ့ သူတွေအနေနဲ့ လက်နက်စွဲကိုင်စရာမလိုပေမယ့် မိမိတို့တတ်နိုင်တဲ့ဘက်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပံ့ပိုးပေးကြရမှာပါ။
ဒါမှသာ ကျွန်တော်တို့အား လုံးစုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ ကမ္ဘာတည်သရွေ့ တည်တံ့နေမှာပါ။ တည်တံ့နေဖို့ရာကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ နှလုံးသားထဲမှာ အမြဲရှိနေရမှာပါ။ လူငယ်လို့ဆိုလိုက်တာက လူတိုင်းဟာ လူငယ်ဘဝကို ဖြတ်သန်းပြီးမှသာ လူကြီးဖြစ်လာကြသူတွေဖြစ်လို့ပါ။ လူငယ်တိုင်းက ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိရှိနေဖို့လိုပါတယ်။ လူငယ်ဘဝမှာ ဒီလိုအသိစိတ်ဓာတ် မရှိရင် လူကြီးဖြစ်လာရင် ပိုမိုဆိုးရွားသွားတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ဒီကနေ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တပ်မတော်ကိုဝိုင်းပြီး အပြစ်ထိုင်ပြောနေမယ့်အစား မိမိတို့ စွမ်းဆောင်နိုင်တဲ့နေရာကနေ တပ်မတော်ကို ကူညီပံ့ပိုးပေးသင့်ပါတယ်။ အပြစ်ထိုင်ပြောနေလို့ ဘာမှဖြစ်လာမှာ မဟုတ်တဲ့အပြင် အကြမ်းဖက်သောင်းကျန်းသူတွေဖျက်ဆီးလို့ မြို့ပျက်ရွာပျက်တွေဖြစ်ပြီး စစ်ဘေးရှောင်အဖြစ် ချို့တဲ့စွာ၊ စိတ်ဆင်းရဲစွာနေကြရမှာဖြစ်ပါတယ်။ လေးလေးနက်နက် စဉ်းစားကြည့်လိုက်ပါ။ အကယ်၍သာ ငါ့မြို့ငါ့ရွာမပျက်စီးဖို့အတွက် အကြမ်းဖက်အဖျက်သမား သူပုန်သောင်းကျန်းသူတွေရဲ့ သတင်းရခဲ့ရင်၊ မိမိရဲ့ပတ်ဝန်းကျင်မှာ ဘယ်သူဟာ အကြမ်းဖက် အဖျက်သမား အဖွဲ့ဝင်ဆိုတာသိနေကြရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေဆီ ကြိုတင် သတင်းပေးကြရမှာဖြစ်ပါတယ်။ လူတစ်ယောက်၊ လူတစ်စုကိုငဲ့ညှာပြီးမသိချင်ယောင် ဆောင်လိုက် တဲ့အခါ မိမိတို့မိသားစုတွေပြေးရလွှားရ ပုန်းရှောင်ရတဲ့အခြေအနေ ကြုံလာတာဖြစ်ပါတယ်။
အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူ သူပုန်ဆိုတာ ဘာတရားဥပဒေမှမရှိတဲ့အတွက် သတ်ချင်တဲ့ သူသတ်မယ်။ ဖျက်ချင်တဲ့အိမ်ဖျက်မယ်။ မီးရှို့ချင်တဲ့ရွာတွေကို မီးရှို့မယ်။ ဘယ်သူကမှဘာမျှ မပြောရဲ ကြဘူး။ အခုဆိုရင် သူပုန်တွေကြီးစိုးတဲ့နေရာတွေက လမ်းလျှောက်တတ်တဲ့အရွယ်ကစပြီး အသက် ၅၀ အတွင်းရှိတဲ့ ယောကျ်ားလေး၊ မိန်းကလေးတွေကို အကုန်ဖမ်းပြီး သူတို့အဖွဲ့ထဲ မဝင်မနေရ လုပ်ဆောင် နေတယ်။ တချို့မိဘတွေက ငိုယိုပြီးရှိခိုးတောင်းပန်နေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ အားလုံး မြင်တွေ့ရပြီးဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ လက်နက်နဲ့လူနဲ့မမျှကိုင်ဆောင်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း မမြင်ချင်အဆုံးပါပဲ။ ဒီကြားထဲမှာ ဗမာမလာရဆိုတဲ့ နယ်မြေကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး ဗမာတွေကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်နေတာတွေဟာ အလွန်အကျည်းတန် အရုပ်ဆိုးလွန်းတဲ့ ယုတ်မာရက်စက်တဲ့ လုပ်ရပ်တွေပါပဲ။ ဒါတွေဟာ ကာကွယ်ရေးတာဝန်မှာ ငါတို့နဲ့မဆိုင်ဘူးလို့ တွေးမြင်လာတဲ့ အကျိုးရလဒ်တွေလို့ပြောရင် မမှားနိုင်ပါဘူး။
ဒီကနေ့တပ်မတော်ရဲ့ အခြေအနေကို လေ့လာမိသလောက်ပြောရရင် တပ်မတော်မှာ လူလက်နက်ခဲယမ်းအပြည့်အစုံရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးရရှိထားတဲ့ ရလဒ်တွေပိုမိုကောင်းမွန်ဖို့အတွက် NCA သဘောတူညီချက်အတိုင်းအလေးထား လုပ်ဆောင်ပေးပါ တယ်။
ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပါတယ်။ စစ်တိုက်ဖြေရှင်းကြမယ့် အစားကွဲလွဲ နေတဲ့ သဘောထားတွေစားပွဲဝိုင်းမှာ အဖြေရှာကြမယ်ဆိုတဲ့မူကို တပ်မတော်က လက်ကိုင် ထားပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာ ပြည်သူအားလုံး လိုလားနေတဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တပ်မတော်က စိတ်ရှည်သည်းခံ လမ်းကြောင်း မှန်ကို ရွေးနေပါတယ်။ တပ်မတော်ဘက်က ၂၀၁၈ ခုနှစ်ကတည်းက တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုတွေမလုပ်ဘဲ နေခဲ့တာ ဒီကနေ့အထိပါပဲ။ ဒါဟာ တစ်နည်းပြောရရင် စာပေဟောပြောပွဲမှာ စာရေးဆရာချစ်ဦးညိုရဲ့ စကားအတိုင်းပဲ နေလိုက်တာလို့တောင် ယူဆလို့ရပါတယ်။ ချစ်ဦးညိုက တပ်မတော်ကသွားမတိုက်ရင် ဘယ်တိုင်းရင်းသားကမှ မတိုက်ပါဘူးတဲ့။
အဲဒီတော့ တပ်က နှစ်ပေါင်း ၅ နှစ်ကျော် ၆ နှစ်နီးပါးမတိုက်ခိုက်ပါဘူး။ ဒီကနေ့အထိလည်း မတိုက်ခိုက်ပါဘူး။ တပ်ကမတိုက်ခိုက်တော့ ဒီကနေ့ဘာဖြစ်လာသလဲ။ စာဖတ်သူတို့အားလုံး မြင်တဲ့ အတိုင်း ပါပဲ။ တကယ့် သာသာယာယာနဲ့နေချင်စဖွယ် သဘာဝအလှပသာဒနဲ့ ပြည့်စုံလှတဲ့ လွိုင်ကော်မြို့ကို အကြမ်းဖက် အဖျက်သမား လက်နက်ကိုင်တွေ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးပစ်လိုက်တာ ညက်ညက် ကြေမွသွားပါတယ်။
အလားတူ လားရှိုးမြို့အပါအဝင် အခြားသော မြို့ပြတွေမှာ အကြောင်းမဲ့ သက်သက်ပစ်ခတ် ဖျက်ဆီးလိုက်လို့ ပျက်စီးနေတာတွေ အများကြီးပါပဲ။ ဖြစ်လာတော့မှ တပ်မတော်ကို အပြစ်လာပုံ မချစေချင် ပါဘူး။ တပ်မတော်အနေနဲ့ NCA ဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထားနေချိန်မှာ သူပုန်တွေအမြတ်ထုတ် လိုက်တာပါပဲ။ တပ်မတော်ကပြန်လည် တိုက်စစ်ဆင်ချေမှုန်းရင် မဟုတ်မမှန်သတင်းအတု၊ သတင်း အမှားတွေနဲ့ ဘယ်နေရာမှာတော့ တပ်မတော်က လက်နက်ကြီးတွေနဲ့ပစ်လို့ပြည်သူတွေ ဘယ်လို သေသွားခဲ့တယ်ဆိုတာမျိုး၊ ယာယီနေရပ်စွန့်ခွာလာသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးညှဉ်း ပန်းနှိပ်စက်နေတာမျိုး၊ အကြမ်းဖက်အားပေးတရားမဝင် ပြည်ဖျက်မီဒီယာတွေက အကြမ်းဖက် သူပုန်တွေရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့နဲ့ တပ်အပေါ် အထင်အမြင်လွဲမှားအောင် ဖြန့်ဝေနေတာတွေဟာ အချိန်နဲ့အမျှပါပဲ။ နေ့စဉ်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာ ဒီလိုမျိုးသတင်းတု၊ သတင်းမှားတွေကို ဖြေရှင်းနေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပါတယ်။
ဒီလိုမျိုးပြည်ဖျက်မီဒီယာတွေသာမက အမေရိကန်လို အင်အားကြီးနိုင်ငံတွေ၊ ကုလသမဂ္ဂလို နေရာမျိုးတွေမှာလည်း တပ်မတော်က ဘယ်လိုပဲကောင်းတာတွေ လုပ်နေလုပ်နေ ကောင်းတာ မှန်သမျှရဲ့ ဆန့်ကျင်ဘက်တွေပဲ ပြောပါတယ်။
အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူတွေကို သွေးထိုးမြှောက်ပင့်ပေးပြီး မြန်မာနိုင်ငံ ပျက်စီး ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ ဒါကိုတိုင်းပြည်နဲ့ လူမျိုးချစ်တဲ့ သူတိုင်းသိမြင် ကြပါတယ်။ သိမြင်ကြလို့လည်း တပ်မတော်ရဲ့ဆောင်ရွက်မှုတွေအပေါ်၊ သဘောထား ပျော့ပျောင်းနေမှု တွေအပေါ် အားမလိုအားမရ ဖြစ်နေမိကြပါတယ်။ ကျွန်တော်ထင်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်အရပ်ရပ်ကို ယူထားရတဲ့အတွက် အနောက်အုပ်စုနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်စုံ ပိတ်ဆို့ခံထားရမှုတွေကြောင့်လည်း ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်း နေတာလို့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ တပ်ရဲ့အခက်အခဲတွေကို သတိပြုမိပြီး တပ်မတော်ကို ငါတို့ ဘယ်လိုပံ့ပိုးပေးနိုင်သလဲ။ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ ငါတို့မှာလည်း တာဝန်ရှိ တယ်ဆိုတဲ့စိတ်မျိုးရှိနေရပါမယ်။ အထူးသဖြင့်လူငယ်တွေပေါ့။ ရှေ့တန်းရောက် တပ်မတော် သားနဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် စားသောက်ဖွယ်ရာပေးပို့လှူဒါန်းမှုတွေ၊ အားပေးတဲ့စာလွှာတွေ၊ ပစ္စည်းတွေကို တပျော်တပါး ထုပ်ပိုးနေမှုတွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ဌာနတွေ၊ ပြည်သူတွေရဲ့အားပေးမှုတွေဟာ တပ်မတော်သားတွေအတွက်၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် တကယ့်ကို အားတက်စေပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့အတိုင်း ပြည်သူ တွေရဲ့ အင်အားဟာ နိုင်ငံ့အင်အားပါပဲ။ အဲဒီလိုမျိုးတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီနေကြသလို ကျွန်တော်တို့ လူငယ်လူရွယ်တွေကရော ကိုယ်တိုင်ကိုယ်ကျ နိုင်ငံတော်ကာကွယ်ရေးမှာ တက်တက် ကြွကြွ ပါဝင်ကြမယ်ဆိုရင် တပ်မတော်အင်အားရှိလာမယ်။ တိုင်းပြည်အင်အားရှိလာမယ်။ အဖျက်သမား သူပုန်တွေ နေရာကျဉ်းမြောင်းလာပါလိမ့်မယ်။
ဒီကနေ့ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်တော့ ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးကတည်းက ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတစ်ခုလို့ မြင်မိပါတယ်။ နိုင်ငံအတွက်ရှိသင့်တဲ့ ဥပဒေ တစ်ခုပါပဲ။ နိုင်ငံတချို့မှာတော့ ကျင့်သုံးနေတာကြာပြီဖြစ်ပါတယ်။ သူတို့နိုင်ငံတွေမှာတော့ အရွယ် ရောက်ပြီး သတ်မှတ်ချက်တွေနဲ့ ညီညွတ်ရဲ့သားနဲ့ စစ်မှုထမ်းဖို့ရှောင်ပြေးနေရင် တကယ့်ကို ရှက်စရာ ကောင်းတဲ့အဖြစ်မို့ ဘယ်သူကမှ အားမပေးပါဘူး။ နောက်ဆုံးပိတ်ရုပ်ရှင်မင်းသားရွေးချယ်တာတောင်မှ စစ်မှုထမ်းဖို့ပျက်ကွက်ခဲ့ရင် မရွေးချယ်ပါဘူး။ သူတို့နိုင်ငံတွေမှာ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ စစ်မှုထမ်းရတာကို ပျော်ပွဲစားထွက်ရသလိုမျိုး ပျော်ရွှင်နေကြတာတွေ့ရတော့ ဪ--ငါတို့ မြန်မာ နိုင်ငံသားတွေ၊ လူငယ်တွေမှာ ဒီလိုစိတ်မျိုးရှိစေချင်လိုက်တာလို့ တွေးမိပါတယ်။
တချို့မေးကြမှာပေါ့။ သူတို့တပ်မတော်ကို သူတို့ချစ်ကြတာကိုးလို့။ အဲဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာ့ တပ်မတော်ကိုရော ပြည်သူတွေမချစ်ကြဘူးလား။ ချစ်တဲ့သူတွေမှအများကြီး။ သို့ပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ အတိတ်သမိုင်းတွေ ပြန်ပြောင်း တွေးကြည့်မယ်ဆိုရင် တပ်မတော်ပြိုကွဲအောင်၊ ပြည်သူတွေက တပ်မတော်ကို မုန်းတီးနေအောင် ဖန်တီးသွားသူတွေ ရှိပါတယ်။ NLD အစိုးရ လက်ထက် Debate တစ်ခုမှာ တပ်မတော်အပေါ် အကောင်းမြင်စိတ်မရှိသူတစ်ဦးက “တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်က မုဒိမ်းကျင့်တယ်။ လူသတ်တယ်။ ပေါ်တာဆွဲတယ်” ဆိုတဲ့ စကားမျိုးပြောလာပါတယ်။ အဲဒီအခါမှာ အခြားတစ်ယောက်က ‘‘ဒီမှာဒီကိစ္စတွေ တပ်ကလုပ်တယ်ဆိုတာ ခင်ဗျားမြင်လား၊ ခင်ဗျား မှာ သက်သေအခိုင်အလုံရှိပါသလား။ ရှိရင် ကျွန်တော်ကိုယ်တိုင်တပ်ကိုတရားစွဲ ပေးမယ်။ အထက်ကို လည်းသိအောင် တိုင်ကြားပေးမယ်၊ ပြောပါ” ဆိုတော့၊ ပထမလူက ဘာမှပြန်မပြောနိုင်ပါဘူး။
ကျွန်တော်တို့ ငယ်ငယ်ကစကားနဲ့ပြောရရင် ‘‘ဗြောသံကြားတရားနာ” ဆိုသလို တပ်အပေါ် အကောင်း မြင်စိတ်မရှိသူဟာ ငါအပိုင်တွယ်လိုက်မယ်ဆိုတဲ့ သဘောမျိုးပြောတာဖြစ်ပေမယ့် သူ့မှာ လက်ဆုပ် လက်ကိုင် ခိုင်မာတဲ့သက်သေ အထောက်အထားတစ်ခုမှ မရှိပါဘူး။ ဒီလိုမျိုးမဟုတ်တဲ့ အကြောင်း အချက်တွေတော်တော်များများနဲ့ တပ်မတော်ကို တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။
ဘာကြောင့်သည်လိုလူတွေရဲ့စိတ်ထဲမှာ တပ်မတော်မုန်းတီးရေး ဖြစ်နေရတာလဲ။ ကျွန်တော် တွေ့မြင်သမျှတော့ တပ်မတော်က နယ်လှည့်ဆေးကုပေးတယ်။ ဆင်းရဲချို့တဲ့သူတွေကို ဆန်နဲ့အခြား ရိက္ခာတွေ ထောက်ပံ့ပေးတယ်။
ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေချိန်မှာ တပ်မတော်က ငွေကုန်ကြေးကျ အများကြီးကျခံပြီး နေရာတွေပေးတယ်။ ထမင်းကျွေးတယ်။ ရောဂါပျောက်တဲ့အထိ ကုသပေးတယ်။ တပ်မတော်က ကယ်တင်ခဲ့လို့ အသက်ရှင်တဲ့သူတွေ ကိုဗစ်-၁၉ ရောဂါကာလမှာအများကြီးရှိပါတယ်။ သဘာဝဘေး ကျရောက်ရင်လည်း ဒီတပ်မတော်သားတွေပဲကယ်တင်နေရတာပါ။ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းမှာလည်း ဒီတပ်မတော်သားတွေပါပဲ။ တပ်မတော်က လေယာဉ်တွေ၊ ရေယာဉ်တွေပဲ အသုံးပြုခဲ့ကြတာပါပဲ။
ဒါဖြင့် ဘာကြောင့်တပ်မတော်ကို မုန်းတီးရေးတွေဖြစ်လာရတာလဲ။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော် နှစ်ရပ်မှာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်) အဲဒီတုန်းက လွှတ်တော် ကိုယ်စား လှယ်တွေဟာ တပ်မတော်နဲ့ အတိုက်အခံပြုနေရတာကိုပဲသူတို့အတွက် ဂုဏ်တစ်ခုလို့မြင်နေကြတယ်။ ကိုယ်စားလှယ်တိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်ကများလို့ ကိုယ်စား လှယ်တွေသုံးလိုက်တာပါ။ သူတို့မှာသာ နိုင်ငံချစ်စိတ်အမှန်တကယ်ရှိရင် တပ်မတော်ဆိုတာ နိုင်ငံမှာ မရှိမဖြစ်တဲ့ အဖွဲ့အစည်းပါလား။ ဒီအဖွဲ့အစည်းရှိနေလို့ အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံဆိုတာ ရှိနေပါလားဆိုတဲ့ စိတ်ရှိသင့်ပါလျက် မရှိခဲ့ဘူး။ ဘာကြောင့်မရှိရသလဲ။
ပြည်ပစွက်ဖက်နှောင့်ယှက်မှုတွေ၊ သွေးထိုးမှုတွေ၊ အမိန့်ပေးစေခိုင်းနေတာတွေ ကြောင့်ပါပဲ။ ဒါ့အပြင် ပြည်ပအကြံပေး ၁၀၀ ကျော်က ဝန်ကြီးဌာနတွေကို ချုပ်ကိုင်ထားတယ်။ အစိုးရကလည်း ဒီမိုကရေစီ စစ်စစ်အစိုးရလို့ ပြောနေပေမယ့် လူမှုကွန်ရက်ကို ငွေကျပ်သန်းပေါင်း ခြောက်ထောင်ကျော် အကုန်အကျခံငှားရမ်းထားတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ လူမှုကွန်ရက်တွေ ပိတ်ဆို့တားဆီးတယ်။ ဖျက်ဆီးတယ်။ အဆိုးရွားဆုံးကတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ အခြားဘာသာဝင် လူသားတွေကို တန်းညှိတယ်။ ဒါက ပြည်သူတိုင်းမြင်တွေ့နေတဲ့မြင်ကွင်းတွေပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့မဲမသမာမှု ၁၁ သန်းကျော်ရှိခဲ့တာဟာ ဖြစ်ရပ်မှန်ပဲ။ သူတို့ကို ထောက်ခံနေတဲ့ မီဒီယာအချို့ကပင် မဲလိမ်မဲခိုး၊ မဲမသမာမှုရှိကြောင်း ပြောဆိုတာမျိုး လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့ကိစ္စကို အားလုံးက ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်ဖြေရှင်းလိုက်ရင်ရတဲ့ ကိစ္စဖြစ်ပေမယ့် တပ်မတော်မုန်းတီးရေး စိတ်အခံနဲ့နိုင်ငံဖြစ်ချင်ရာဖြစ် ပြန်လည်မဖြေရှင်းဘဲနေပြီး လွှတ်တော်ကို အတင်းခေါ်ယူဖို့ ကြိုးစားတယ်။ ဒါ့ကြောင့် ဒီကနေ့အရေးပေါ် ကာလအခြေအနေ ဆိုက်ရောက်ခဲ့ရတာပါပဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောထားရိုးဖြောင့်စွာနဲ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်။ ဆူဆူပူပူနဲ့ ဆန္ဒပြတဲ့သူတွေ၊ စက်ရုံမီးရှို့သူတွေကို အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ညင်သာစွာ ဖြေရှင်း ခဲ့တယ်။
လမ်းမှားကို လျှောက်လှမ်းသွားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသားတွေအားလုံးကို ပြန်လည်ခေါ်ယူတယ်။ ပြည်သူတွေကိုလည်း ပြန်လည်ခေါ်ယူတယ်။ ဒီမိုကရေစီကို လျှောက်လှမ်းမှာဖြစ်လို့ ပါတီတွေဖွဲ့ပြီး ရွေးကောက်ပွဲဝင်ကြမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း NCA လမ်းကြောင်းပေါ် ဆက်လျှောက်မယ်။
လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီထောင်ရွေးကောက်ပွဲဝင်ဖို့ အခွင့်အလမ်းတွေပေးထားပါတယ်။ အရေးပေါ်ကာလဟာ ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ်အတွင်းပြီးမြောက်ပြီး ရွေးကောက်ပွဲ ကျင်းပရမယ့် အနေအထားပါပဲ။ ဒါပေမဲ့ လွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ပထွက်ပြေးတယ်။ စင်ပြိုင် အစိုးရဆိုပြီးဖွဲ့တယ်။ ပြည်သူ့ကာကွယ်ရေး အမည်ခံပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ အဖွဲ့တွေ ဖွဲ့တယ်။
တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုတဲ့အတိုင်း သစ္စာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း NUG၊ CRPH နဲ့ PDF တွေကိုအကြမ်းဖက်သင်တန်းတွေပေးပြီး နိုင်ငံပျက်စီးရေးကို ဦးတည် လုပ်ဆောင်စေခဲ့တယ်။ အမေရိကန်လို ပြည်ပနိုင်ငံအချို့ကလည်းငွေကြေးတွေ၊ အကြမ်းဖက် နည်းပညာတွေ ထောက်ပံ့ကူညီပေးတယ်။ အကြမ်းဖက်အားလုံးအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့တွေတည် ဆောက်ထားတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ တာဝါတိုင်၊ မီးရထားလမ်းတစ်ခုမှမရှိပေမယ့် သူတို့ ဖျက်ဆီးလိုက်တဲ့ ပြည်သူပိုင်အဆောက်အအုံတွေကအများကြီးပါပဲ။ PDF တွေအကြောင်းအမျိုးမျိုးပြပြီး သတ်ဖြတ်ခံရတဲ့ ရဟန်း၊ သံဃာတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အခြားပါတီဝင်၊ ပြည်သူတွေအရေအတွက်ဟာ အလွန်ပဲများပြားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူပါတယ်။ အပြစ်မဲ့ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးသေဆုံးခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့အဆောက်အအုံ ၁၀၉၃၀ ရှိပါတယ်။
ဖျက်လို့ရတာ အကုန်ဖျက်မယ်ဆိုတဲ့စိတ်ယုတ်မာနဲ့ ပြည်သူတွေသက်သောင့်သက်သာသွားလာနေတဲ့ မီးရထားလမ်းတွေကိုလည်း မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ သတင်းစာမှာ ဖတ်လိုက်ရတာ အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ယခုအချိန်အထိ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း ၇၉ ကြိမ်၊ ရထား တံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း ၁၇၁ ကြိမ်၊ ဘူတာအဆောက်အအုံနဲ့ ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အဖျက်သမားတွေ ချုပ်ငြိမ်းဖို့ဆိုတာ နိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်တို့ စုစည်းညီညွတ်စွာ ဖြေရှင်းသွားရမှာဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု တစ်ရပ်လုံးက ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတွေကို ငါတို့ကာကွယ်ရမယ်ဆိုတဲ့အသိနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အကြမ်းဖက် အဖျက်သမားတွေ ပျောက်ကွယ်သွားမှာ အမှန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-Myawady Webportal
ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။
ထိုပန်းချီဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာသောပန်းချီအနုပညာ တစ်မျိုးလည်းရှိသည်။ ယင်းကား ပုလင်းပန်းချီဖြစ်ပြီး ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင် ဖြစ်သည်။ ပုလင်းပန်းချီကိုအဓိပ္ပာယ်ဖွင့်လျှင် ပုလင်းထဲမှာရေးဆွဲသောကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။ ပန်းချီပညာဟူသည် သက်ရှိသက်မဲ့များကို ဆေးရောင်စုံဖြင့် စနစ်တကျ အသက်ဝင်အောင် ရေးဆွဲသော ပညာရပ်ဖြစ်သည်။
အခြားသော ပန်းချီဆွဲကားချပ်များပေါ်တွင် လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင်လည်းကောင်း ရေးဆွဲခြင်းသည် လွယ်ကူသော်လည်း ပုလင်းအတွင်းမှာ ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ကသိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က စာရေးသူတို့နိုင်ငံမှာ မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက် လာသည်မှာမကြာသေးပါ။
ပုလင်းပန်းချီစတင်ပေါ်ပေါက်ချိန်က စာရေးသူတို့နိုင်ငံမှာ ရေးဆွဲသူတစ်ဦးတည်းရှိသည်ဟုသိရသည်။ ထိုပုဂ္ဂိုလ်မှာ"ပန်းချီဦးညိုလေး"ဖြစ်သည်။ ဇာတိက ကျောက်ဆည်ခရိုင် မင်းစုရွာဖြစ်သည်။ ပုလင်းပန်းချီသည် တရုတ်ပြည်က စသည်ဟုဆိုရပေမည်။ အကြောင်းမှာ ဆရာမစောမုံညင်း၏ဆောင်းပါးမှာ ယခုလိုဖော်ပြ ထားသည်ကို တွေ့ရသည်။ ၁၉၅၈ ခုနှစ်က တရုတ်ပြည်က အပြန်ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်သည်။
တစ်လုံးကိုမည်သူ့ကို ပေးလိုက်ကြောင်း မမှတ်မိဟုဆိုသည်။ အဆိုပါ ပုလင်းပန်းချီ အကြောင်းကို ၁၉၆၄ ခုနှစ်က ယဉ်ကျေးမှုစာစောင်မှာ "ပုလင်းပန်းချီ" ခေါင်းစဉ်နှင့် ဆောင်းပါးရေးခဲ့သည်ဟု ဆိုသည်။
ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးက ဆရာမစောမုံညင်း၏ ပုလင်းပန်းချီဆောင်းပါးကို လေ့လာပြီး လေ့ကျင့်လိုက်တာ နောက်အနှစ် ၂၀လောက်ကြာတော့ ပုလင်းပန်းချီအောင်မြင်ကြောင်း စာပို့အကြောင်းကြားပြီး ပုလင်းပန်းချီ သုံးလုံးကိုလည်း လူကြုံနှင့်ပို့ပေးလိုက်သည်ဟု ဆောင်းပါးမှာ ဖော်ပြထားသည်။
ပုလင်းပန်းချီရေးခြင်းသည် အခြားသော ပန်းချီကားချပ်များနှင့်မတူပေ။ ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်များမှာ-
(၁)ကျစ်လျစ်မှုရှိခြင်း၊
(၂)သယ်ယူသိမ်းဆည်းရာတွင်လွယ်ကူခြင်း၊
(၃)ဆေးရောင်မမှိန်ခြင်း၊
(၄)ဆီဆေးတစ်မျိုးတည်းသာအသုံးပြုရေးဆွဲရခြင်း၊
(၅)စွန့်ပစ်ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် စျေးမများခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့ အားသာချက်များရှိသလို အားနည်းချက်တစ်ခုလည်းရှိသည်။ ဤကားအလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်သည်။ ပုလင်းပန်းချီများသည် အခြားသော ပန်းချီကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြားပန်းချီကား များဆိုလျှင် ပြင်ပလေနှင့်ထိတွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်းပန်းချီသည် ပုလင်းအတွင်းမှာ ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။
ပုလင်းပန်းချီရေးဆွဲရာတွင် ပုလင်း၏အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ရေးဆွဲရာတွင် ကားချပ်ပေါ်မှာ ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုး မဟုတ်ပေ။ ထို့ပြင်စုတ်တံကို မူလအတိုင်းဆေးတို့၍ ရေးဆွဲခြင်းလည်း မဟုတ်ပါ။ ပုလင်းအတွင်းရေးဆွဲရာတွင် ပုလင်းအပြင်က ကြည့်လျှင် အတည့်မြင်စေရန် ပုလင်းအတွင်းမှာ ပြောင်းပြန်ရေးဆွဲရပြီး စုတ်တံကို အဖျားကောက်ရေးဆွဲရသည်ဟု စာရေးသူကြားဖူးသည်။ ပုလင်းပန်းချီအတွက် ဆီဆေးတစ်မျိုးသာအသုံးပြုရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန်လာလျှင် ပုလင်းအတွင်းရှိလေသည် ပြင်ပလေထက်ပိုပူလာပြီး သင်္ဘောဆေးများ ကြွလာသည်ဟုဆိုသည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကိုသာ အသုံးပြုကြသည်။ အဆိုပါစုတ်တံများကို တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင် ဖန်တီးယူကြရသည်။ စုတ်တံအထူးအပါးအတွက်ကော်ဖတ်စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထားရရှိစေရန် မီးဖြင့်လိုအပ်သလိုတို့ ညှိပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ်ပေးရသည်။
ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့်ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်၍ ပြန်လည်အသုံးပြုလေ့ရှိသည်။ ပုလင်းပန်းချီအတွက် ပုလင်းအကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများကိုသာ အသုံးပြုကြသည်။
စာရေးသူတို့နိုင်ငံတွင် ပုလင်းပန်းချီဆရာ ဦးညိုလေးနောက်တွင် ပုလင်းပန်းချီရေးဆွဲသူမှာ ပုလင်းပန်းချီ ဆရာယောနသံဟု သိရသည်။
ဆရာယောနသံ၏ လက်ဦးဆရာသည် ပန်းချီဦးညိုလေးဖြစ်သည်။ ဆရာယောနသံသည် ပုလင်းပန်းချီရေး ဆွဲနည်းကို ဆရာဦးညိုလေးထံမှ သင်ယူခဲ့သည်။ ဆရာယောနသံသည် ပုလင်းပန်းချီကို ၁၉၉၆ ခုနှစ်ခန့်က စတင်ရေးဆွဲခဲ့ပြီး ယင်းလက်ရာများမှာ ညောင်ဦးမြို့တွင်ရှိသည်။
ထို့ကြောင့်ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးပင် ဖြစ်သည်။
ပုလင်းပန်းချီသည် အဝကျဉ်းပုလင်းထဲသို့ စုတ်တံထည့်၍ အကွေး၊ အညွန့်၊ အနွဲ့၊ မျဉ်းကွေး၊မျဉ်းကောက်၊ မျဉ်းဖြောင့်၊ မျဉ်းယိုင်၊ မတ်မျဉ်းစသည်တို့ဖြင့် ရေးဆွဲရသဖြင့် ခက်ခဲလွန်းလှသည်။ ပုလင်းပန်းချီရေးဆွဲရန် အောက်လိုင်းရေးဆွဲခြင်းပင်တစ်ပတ်ခန့်ကြာသည်။
ဆေးကိုလည်း တစ်ရောင်ပြီးမှ တစ်ရောင်ခြယ်ရသည်။ အရောင်တစ်မျိုးစီကို သုံးထပ်ရောင်ပြန်ခြယ်ရသည်။ ပုလင်းအပြည့် နောက်ခံဆေးခြယ်မည်ဆိုလျှင် နောက်ခံရောင်ကို ဆေးတစ်ထပ်သာလိုက်သည်။ သို့သော်နောက်ခံ ဆေးအပြည့်ကို လူကြိုက်နည်းသောကြောင့်ဖြစ်သည်။
ထိုသို့လူကြိုက်နည်းရခြင်းမှာ ပုလင်းအတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့် ဖြစ်သည်။ နောက်ခံဆေးမတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲသဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။ ယခုအခါဆီဆေးအပြင် ရွှေမင်တွေကိုပါ သုံးလာကြသည်။
ပုလင်းပန်းချီပုံများကို အများအားဖြင့်မြန်မာ့ရိုးရာပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲသလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေသော ကိုရင်ပုံများနှင့် ပျိုမေများရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် ဆင်ပုံ၊ မြင်းပုံ၊ ဘုန်းတော်ကြီးကျောင်းပုံ မင်းသားပုံများ၊ ပန်းပွင့်ပုံများ၊ ဝါးပင်နှင့် ပန်းနွယ်ပန်းခက်ပုံများကိုလည်း ရေးဆွဲလေ့ရှိကြသည်။ ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးက ကြီးလှသည်ဟု ဆိုသည်။ နိုင်ငံခြားသားများက စျေးကြီးပေးဝယ်ကြသည်ဟု သိရသည်။ ဇာတ်တော်တွေကိုလည်း မှီငြမ်းရေးဆွဲလေ့ရှိသည်။ ပဉ္စဝဂ္ဂီငါးဦးတရားနာယူနေပုံ၊ ရာမလေးတော်တင်ခန်းပုံစသည့် ပုံများကိုလည်း ရေးဆွဲလေ့ရှိကြကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Source-www.moi.gov.mm
မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးခြင်းသည် ထင်ရှားသောအောင်မြင်မှုတစ်ခု ဖြစ်သည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် မြန်မာတို့၏ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ထင်ရှားကျော်ကြားသော စေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြောင့် လူသိများသော သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်ပါသည်။ ယခုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆုဖြင့် အသိအမှတ်ပြု သတ်မှတ်ပေးခြင်းသည် မြို့တော်၏ ပြည်သူလူထုကျန်းမာရေးအတွက် သာမက ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်ပါ အထောက်အကူပြုရာ ရောက်ပါသည်။
အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်ဖန်တီးရာတွင် ထူးချွန်သော ကြိုးပမ်းအားထုတ်မှုများကို ပြသသည့် အရှေ့တောင်အာရှရှိ မြို့များနှင့်ဒေသများအတွက် ပေးအပ်သည့် ဂုဏ်သိက္ခာရှိသော ဆုဖြစ်သည်။ ဤအစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပန်းတိုင်များနှင့်ကိုက်ညီပြီး လူနေမှုဘဝအရည်အသွေး မြှင့်တင်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်သောနေရာများ၏ အရေးပါမှုမြင့်မားလာခြင်းကို အသိအမှတ်ပြုထင်ဟပ်စေသည်။ မြန်မာ၏ပုဂံအတွက် ဤဆုကို လက်ခံရရှိခြင်းမှာ ထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ပြီး အထူးသဖြင့် များပြားလာနေသော ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များကို ဟန်ချက်ညီညီထိန်းညှိပေးသော မြို့တော်၏ ထူးခြားသော အထိမ်းအမှတ်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော ပုဂံရှေးဟောင်းမြို့သည် ၂၀၁၉ ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သည်။ ၎င်း၏ ရင်သပ်ရှုမောဖွယ် ဘုရားကျောင်းများ၊ ဘုရားများ၊ စေတီပုထိုးများကြောင့် လူသိများသောပုဂံသည် မြန်မာဘုရားကျောင်း ဒီဇိုင်းအပေါ် များစွာလွှမ်းမိုးမှုရှိသော ခမ်းနားသော ဗိသုကာလက်ရာများကို ပြသထားသည်။ မူရင်းမြစေတီကျောက်စာ၊ အနော်ရထာမင်း နန်းတော်အပါအဝင် ရှားပါးပုဂံခေတ် ရှေးဟောင်းအမွေအနှစ်များစွာကို စုစည်းပြသထားသည့် ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် အထင်ကရနေရာတစ်ခုဖြစ်သည်။ မြန်မာ၏ ပုဂံသည် ကျက်သရေရှိလှသော အတိတ်ကို တစေ့တစောင်းဖော်ဆောင်လျက် ဧည့်သည်များကို ၎င်း၏သဘာဝ အလှတရားနှင့် သမိုင်းဆိုင်ရာအရေးပါမှုများဖြင့်ဆွဲဆောင်နိုင်သော ဆေးလိပ်ကင်းစင်သော နေရာတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။
မြန်မာ၏ပုဂံကို အာဆီယံဆေးလိပ်ငွေ့ကင်းစင်ရေးဆုဖြင့် အသိအမှတ်ပြုခြင်းသည် ပြည်သူ့ကျန်းမာရေး စီမံချက်များတွင် လူထုပါဝင်မှု၏အရေးပါမှုကို မီးမောင်းထိုးပြနေပြီး ပုဂံ၏ဆေးလိပ်ငွေ့ကင်းစင်ရေး မူဝါဒအောင်မြင်မှုသည် ပြည်တွင်းနေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ၏ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ပါသည်။
ဤစုပေါင်းကြိုးပမ်းမှုသည် အထူးသဖြင့် ယဉ်ကျေးမှုအရ ထိခိုက်လွယ်သောဒေသများ၌ ဆေးရွက်ကြီးသုံးစွဲမှုကို တိုက်ဖျက်ရာတွင် လူထုအသိပညာပေးမှုနှင့် ပညာရေး၏အရေးပါမှုကို အလေးပေးဖော်ပြခြင်းလည်း ဖြစ်ပါသည်။
အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် အာဆီယံဒေသတစ်ဝန်းရှိ မြို့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပြည်နယ်များကို ဂုဏ်ပြုသောအသိအမှတ်ပြုမှုတစ်ခုဖြစ်ပြီး ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ကို အကောင်အထည်ဖော်ရန်နှင့် ထိန်းသိမ်းရန်၊ စံနမူနာပြ ကတိကဝတ်များကိုပြသရန်အတွက် ဤဆုသည် ထိရောက်သော ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒများ၏ အရေးပါမှုနှင့် ပြည်သူ့ကျန်းမာရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ ပုဂံအမွေအနှစ်ဇုန်တွင် ဆေးလိပ်ငွေ့ ကင်းစင်သောနေရာများ တည်ထောင်ရေးမူဝါဒ လမ်းညွှန်ချက်များအရ ဆေးလိပ်ကင်းစင်သော နေရာများမှာ ရှေးဟောင်းအထိမ်းအမှတ်နေရာများ၊ အစိုးရရုံးများ၊ ဟိုတယ်များ၊ ညောင်ဦးလေဆိပ်၊ ဘုရားသုံးဆူ၊ ကစားကွင်း/ ပန်းခြံများ၊ စားသောက်ဆိုင်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများနှင့် လုပ်ငန်းခွင်များပါဝင်ကြောင်းလည်း သိရှိရပါသည်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ကျင်းပသည့် မီးခိုးကင်းစင်သော ပုဂံအမွေအနှစ်နေရာများ လှုပ်ရှားမှုဆိုင်ရာရှင်းလင်းပွဲတွင် ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆောင်ရွက်နေသော အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ပုဂံဒေသအတွက် ဆေးလိပ်ငွေ့ကင်းစင်သည့် အမွေအနှစ်နေရာများ တည်ထောင်ရန် ခရိုင်အုပ်ချုပ်ရေးကော်မတီက အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင် ပြီးမြောက်အောင်မြင်မှုများကိုဆက်လက်ဖော်ပြရလျှင်၂၀၂၁ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထိ ဆေးလိပ်ငွေ့ကင်းစင်သောနေရာ ၉၂ ခုမှ ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ၁၀၂ နေရာသို့ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။ “မီးခိုးကင်းစင်သော အမွေအနှစ်များ အကောင်အထည်ဖော်ရေး ကြီးကြပ်ရေးကော်မတီ အစည်းအဝေး”“Places, Bagan” ပရောဂျက်ကို ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ရွာကိုယ်စားလှယ်များ ပူးပေါင်း၍ “မီးခိုးငွေ့ ကင်းစင်သော ပုဂံရှေးဟောင်းအမွေအနှစ်များ” စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းနှင့် စည်းရုံးရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ပြည်နယ်/တိုင်းဒေသကြီးအားလုံး၏ ဆေးလိပ်ငွေ့ကင်းစင်သော နေရာများဆိုင်ရာ အမျိုးသား ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ပြင်ပကြော်ငြာအပိုင်းတွင်လည်း ဆေးလိပ်ငွေ့ကင်းစင်သော ကမ္ဘာ့အမွေအနှစ် ပုဂံတွင် ဆေးလိပ်ကြော်ငြာများ မရှိသကဲ့သို့ ဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာဘုတ်များနှင့်ဂရပ်ဖစ် ကျန်းမာရေး သတိပေးပိုစတာများ နေရာအနှံ့တွင်ရှိနေကြောင်း တွေ့ရှိရပါသည်။
၎င်းအပြင် ပုဂံတွင် မီးခိုးကင်းစင်/ဆေးလိပ်ထိန်းချုပ်ရေး စာတိုများကို မြို့တော်၏အဓိကနေရာများတွင် ပိုစတာများနှင့် ကြော်ငြာဘုတ်များအဖြစ် တွေ့ရှိရသကဲ့သို့ပုဂံမြို့သည် ဆေးလိပ်ငွေ့ကင်းစင်သော မြို့ဖြစ်ကြောင်း ကြေညာထားသည့် ကြီးမားသော “ဆေးလိပ်ငွေ့ကင်းစင်သော ပုဂံ၊ ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ဂုဏ်” ကြော်ငြာဆိုင်းဘုတ်အား မြို့အဝင်တွင်အထင်ကရ တွေ့ရှိရပါသည်။
အစိုးရ၏ ပံ့ပိုးကူညီမှုအနေဖြင့် ပုဂံရှိ အစိုးရရုံးဌာနများ အားလုံးသည် ဆေးလိပ်ငွေ့ကင်းစင်သော နေရာများအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့သော သမိုင်းဝင်နှင့်ယဉ်ကျေးမှုအရ အရေးပါသောနေရာတစ်ခုတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် ပုဂံသည်ခရီးသွားများအတွက် အတွေ့အကြုံကို မြှင့်တင်ပေးရုံသာမက အာဆီယံရှိ အခြားသောဒေသများအတွက် အပြုသဘောဆောင်သော စံနမူနာတစ်ခုလည်းဖြစ်သည်။ အဆိုပါဆုသည် မြို့သူမြို့သားများ၏ အမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်များအတွက် ထိန်းသိမ်း ပေးကာ ဒေသတွင်း နေထိုင်သူများရော ခရီးသွားများပါ အကျိုးရှိစေမည့် ပိုမိုသန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်ကိုဖန်တီးရန် ကြိုးပမ်းမှုများကို မီးမောင်းထိုးပြထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု(ပုဂံ)ကို လက်ခံရရှိခဲ့ပါသည်။
ပုဂံ၏ ဆေးလိပ်ငွေ့ကင်းစင်ရေး ပဏာမခြေလှမ်းသည် ခရီးသွားလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေးအတွက် ရှေ့သို့ တွေးခေါ်နိုင်သော ချဉ်းကပ်မှုကို ကိုယ်စားပြုသောကြောင့် အထူးချီးကျူးထိုက်ပါသည်။ စေတီပုထိုးပေါင်း ထောင်ချီရှိသော ရှေးဟောင်းမြို့သည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ဤခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုသည် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု နေရာများ ပျက်စီးယိုယွင်းလာနိုင်သည့် အလားအလာများအပါအဝင် စိန်ခေါ်မှုများကို ဆောင်ကြဉ်း လာစေနိုင်သောကြောင့် ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒများကို အကောင်အထည်ဖော်ခြင်းဖြင့် ပုဂံသည် ၎င်း၏ရုပ်ပိုင်းဆိုင်ရာအမွေအနှစ်များကို ဆေးရွက်ကြီးမီးခိုးငွေ့၏ အန္တရာယ်ဆိုးကျိုးများမှ ကာကွယ်ပေးရုံ သာမက လေထုအရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါသည်။
ထို့ပြင် ပုဂံ၏အောင်မြင်မှုသည် မြန်မာနိုင်ငံအတွင်းနှင့် အာဆီယံအသိုက်အဝန်းတစ်လျှောက်ရှိ အခြား မြို့များနှင့် ဒေသများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်သကဲ့သို့ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနှင့် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသည့် နည်းလမ်းဖြင့် အမွေအနှစ်နေရာများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေပါသည်။
နိဂုံးချုပ်အနေဖြင့် ပုဂံကိုပေးအပ်သော အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် ကျန်းမာသန့်ရှင်းပြီး ပိုမိုရေရှည် တည်တံ့သော ပတ်ဝန်းကျင်ကိုဖန်တီးရန် မြို့တော်၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ် ပြုခြင်းပင် ဖြစ်ပါသည်။ ပုဂံပြည်သူလူထုကို အကျိုးပြုရုံသာမက ဒေသတွင်းရှိ အခြားသော အမွေအနှစ်နေရာများအတွက် စံပြအဖြစ် ဆောင်ရွက်သည့် အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ ပုဂံသည် ခေတ်မီပြည်သူ့ကျန်းမာရေး အလေ့အကျင့်ကောင်းများကို လက်ခံကျင့်သုံးနေချိန်တွင် ရှေးဟောင်းအံ့ဖွယ်များကို ဆက်လက် ထိန်းသိမ်းထားသောကြောင့် ၎င်းသည် ရိုးရာဓလေ့နှင့် ဆန်းသစ်တီထွင်မှုများကို လက်တွဲ လုပ်ဆောင်သည့်အခါ ပြီးမြောက်အောင်မြင်နိုင်သည့် တောက်ပသော ဥပမာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး အဆိုပါ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် မြန်မာ၏ပုဂံနှင့် အာဆီယံ အသိုက်အဝန်း တစ်ရပ်လုံး အတွက် ဂုဏ်ယူစရာကောင်းသည့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်၏ အရေးပါမှုကို ပြသနေပါကြောင်း ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။ ။
Source-www.moi.gov.mm
ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။
လူသားအားလုံးအတွက် အဝတ်အထည်သည် အရေးကြီးသည်။ သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ် အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။ မြန်မာတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။
ထို့နောက် သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။
မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင် တွင်ကျယ်ခဲ့သည်။
ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။
ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည် စာမတတ်လျှင် အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင် ပေါ်ထွန်းခဲ့သည်။ ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။
“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်
“ ရွှေချည်ငွေချည် တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ
လက်ခတ်ကယ် ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေး” ဟူ၍
ဆရာဦးသော်ဇင်စီစဉ်ပြုစုသော ကျေးလက်တောရွာတေးကဗျာ စာအုပ်တွင် လေ့လာဖတ်ရှုရသည်။
အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်
“ဘုရားငုတ်တိုရောင်တော်လွှတ်မှ
ပုံတော်စင်ဝတ် ကြပါစို့ မောင်ကြီးရေတော့
အောက်ပြည်ဆို လှေတော်ထိုး
ပိုးမှာလိုက်တယ် လေလေ့
အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ်
အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ
လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”
ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ လူထုကြားတွင် တွင်ကျယ်စေခဲ့သည်။
မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။
ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို မျိုးဆက်သစ်များ လေ့လာကာ ဝံသာနုစိတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင် တာဝန်ရှိသည်။
ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
Source-www.moi.gov.mm