အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

News Image

အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

မတ် ၄ ရက်၌ ကျင်းပသည့် အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီး  အစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ထိရောက်စွာ ဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ ရေးနှင့် ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက်ကြိုးပမ်းမှုများအား  ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၅ ရက်တွင် ပြောကြား ခဲ့သည်။

ဖမ်းဆီးခံထားရသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး ဟားမက် လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ အမေရိကန်အစိုးရ လုပ်ဆောင်

News Image

ဖမ်းဆီးခံထားရသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး ဟားမက် လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ အမေရိကန်အစိုးရ လုပ်ဆောင်

ဂါဇာကမ်းမြောင်ဒေသ၌ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း အကြီးတန်းသံတမန်တစ်ဦးက ပြောကြားခဲ့ ပါသည်။

အဆိုပါဆွေးနွေးပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့ပြီး အမေရိကန် သမ္မတ‌ဒေါ်နယ်ထရမ့်၏ဓားစာခံရေးရာ အထူးသံတမန် Adam Boehler က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဂါဇာကမ်းမြောင်ဒေသ၌ စစ်ပွဲအဆုံးသတ်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းအရင်းမြစ်က ဖော်ပြခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်က ဟာဆီနာကို လွှဲပြောင်းပေးရန်တောင်းဆိုမှု အိန္ဒိယ အကြောင်းမပြန်

News Image

ဘင်္ဂလားဒေ့ရှ်က ဟာဆီနာကို လွှဲပြောင်းပေးရန်တောင်းဆိုမှု အိန္ဒိယ အကြောင်းမပြန်

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးခေါင်းဆောင် မိုဟာမက်ယူနွတ် က နိုင်ငံမှထွက်ပြေးသွားခဲ့ပြီး အိန္ဒိယတွင်ခိုလှုံနေသော ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်သို့ အကျဉ်းသားလွှဲပြောင်းမှု အစီအစဉ် နှင့် တရားဝင်အကြောင်းကြားစာ ပေးပို့ထားကြောင်းနှင့် ယခုအချိန်ထိ အိန္ဒိယဘက်မှ အကြောင်းမပြန်ဘဲ ရှိနေကြောင်း ဆိုသွားပါသည်။ ဟာဆီနာသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအား ၁၆ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ယမန်နှစ်က ဘင်္ဂလားဒေ့ရှ် ကျောင်းသားများ၏ ဆန္ဒပြ မှုများကြောင့် အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ရကာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရလျက်ရှိသည်။ 

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၁)

Posted_Date

Image

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၁)

Body

နိဒါန်း

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အကြမ်းဖက်မှုများသည် မီဒီယာများတွင် ခေါင်းကြီးသတင်းအဖြစ် နေရာယူခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှု၊ အကြမ်းဖက်ဝါဒဟူသော စကားလုံးကိုကြားနေရပြီး အကြမ်းဖက်မှုသည် အမှန်တကယ်ပင် ဂလိုဘယ်သဘောဆောင် နေပါသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှစာရင်းအရ ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာတစ်ဝှမ်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူ တစ်သောင်းကျော် ရှိပါသည်။ သို့သော်လည်း ကမ္ဘာ့နေရာတိုင်းတွင် အကြမ်းဖက်မှုအန္တရာယ် ဆိုးရွားနေသည်တော့လည်း မဟုတ်ပါ။ အကြမ်းဖက်မှုကြောင့် သေဆုံးရသူများစာရင်းတွင် ပထမစွဲသည့် အာဖဂန်နစ္စတန် တွင် ၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှုအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၂၆၃၂ ဦးရှိပြီး အာဖဂန် နောက်တွင်ကပ်ပြီး ဒုတိယစွဲသည့် အီရတ်တွင်လည်း  ၂၄၃၆ ဦး သေဆုံးခဲ့ပါသည်။ တတိယ နေရာတွင်ရှိသည့် ပါကစ္စတန်မှာ ၁၈၄၈ ဦး၊ စတုတ္ထ နိုင်ဂျီးရီးယား က ၁၃၈၆ ဦး သေဆုံးပြီး ပဉ္စမအများဆုံးဖြစ်သည့် ရုရှားတွင် ၆၅၉ ဦး သေဆုံးခဲ့ပါသည်။ 

သို့သော် အခြားသောနိုင်ငံများတွင်မူ အသေအပျောက်မများလှပါ။ ဥပမာ ဥရောပသမဂ္ဂ တွင် ၂၀၁၂ အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၇ ဦးသာရှိသည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှစာရင်းအရ ၂၀၁၂ ခုနှစ်အတွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် အမေရိကန် နိုင်ငံသား အရေအတွက်မှာ ၁၀ ဦးရှိပြီး ၎င်းတို့အားလုံးမှာလည်း အာဖဂန်နစ္စတန်တွင် သေဆုံး ခဲ့ရခြင်းဖြစ်ကာ အမေရိကန်မြေပေါ်တွင် အကြမ်းဖက်မှုဖြင့် သေဆုံးခဲ့ရသူမရှိပါ။ ကမ္ဘာပေါ် တွင် ဒုတိယလူဦးရေအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံသည် အကြမ်းဖက်မှုအများအပြားရင်ဆိုင် ခဲ့ရပြီး အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိသည်။ ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြင့်သေဆုံးခဲ့ရသူ ၁၅ ဦးသာရှိပါသည်။ လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံတွင်မူ ၂၀၁၂ အတွင်း အကြမ်း ဖက်မှုဖြင့် သေဆုံးခဲ့ရသူ မရှိခဲ့ပါ။

အကြမ်းဖက်မှုကြောင့် အသေအပျောက်အများဆုံးငါးနိုင်ငံဖြစ်သော အာဖဂန်၊ ပါကစ္စတန် နိုင်ငံများနှင့် ဥရောပသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ ဘရာဇီးနိုင်ငံများတွင် အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက် အကြီးအကျယ်ခြားနားနေသည်ကို တွေ့ရပါသည်။ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ရုရှားနှင့် မြောက်အာဖရိကတို့တွင် အကြမ်းဖက်မှု အများအပြား ကြုံတွေ့ နေရသော်လည်း အာရှတိုက်ဒေသအများစု၊ အာဖရိကတောင်ပိုင်း၊ အမေရိကနှင့် ဥရောပ သမဂ္ဂ တို့တွင် ထိုဒေသများလောက် အကြမ်းဖက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းမရှိပါ။

သို့တိုင်အောင် အကြမ်းဖက်မှုကို ရင်ဆိုင်ရလေ့မရှိသောနိုင်ငံများအပါအဝင် နိုင်ငံ အတော်များများတွင် အကြမ်းဖက်တိုက်ဖျက်ရေးသည် အမျိုးသားနိုင်ငံရေးအာဂျင်ဒါတွင် ဦးစားပေးအဆင့်မြင့်သလို နိုင်ငံတကာအာဂျင်ဒါတွင်လည်း အလားတူဖြစ်ပါသည်။ ကုလသမဂ္ဂ၊ နေတိုး စသောနိုင်ငံတကာအဖွဲ့အစည်းများသည်လည်း အကြမ်းဖက်ဝါဒအပေါ် များစွာ အာရုံ စိုက်ကြပါသည်။ အထူးသဖြင့် ၉/၁၁ အကြမ်းဖက်မှုနောက်ပိုင်းတွင်ဖြစ်ပါသည်။ နိုင်ငံအများ အပြားက အကြမ်းဖက်ဝါဒသည်နိုင်ငံများနှင့် အသိုင်းအဝိုင်းများကြားဆက်ဆံရေးကို ခြိမ်း ခြောက်လွှမ်းမိုးနေသော အကြီးဆုံးအန္တရာယ်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ 

အကြမ်းဖက်ဝါဒ သမိုင်းကြောင်း

နိုင်ငံမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်မှုကို အသုံးပြုနေကြသည်မှာ အသစ်အဆန်း မဟုတ်ပါ။ ခေတ်သစ်နေ့များ မတိုင်မီကတည်းကပင် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းသည် အာဏာပိုင်များနှင့် အီလစ်များကို ဆန့်ကျင်တိုက်ခိုက်ရန် နိုင်ငံရေး အရ အကြမ်းဖက်သည့်နည်းလမ်းများကို အသုံးပြုခဲ့ကြပါသည်။ ၎င်းတို့အား လုပ်ကြံ သတ်ဖြတ်သူများဟုခေါ်ခဲ့ပါသည်။ ၁၁ ရာစုကုန်ခါနီးက အရှေ့အလယ်ပိုင်းဒေသတွင် ဘုရင်ခံ များ၊ နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသူများအား ယနေ့ခေတ် တွင် အကြမ်းဖက်သမားများဟု ခေါ်ဆိုကြမည်ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ်သစ် အကြမ်းဖက်ဝါဒမှာမူ ၁၈၇၀ နှင့် ၁၈၈၀ ပြည့် လွန်နှစ်များအတွင်း လှုပ်ရှားခဲ့သော မင်းမဲ့ဝါဒ လှုပ်ရှားမှုမှ စတင်ခဲ့သည်ဟု ပညာရှင်များက ဆိုကြသည်။  လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော် ကတည်းကပင် မတူညီသောနည်းဗျူဟာများ၊ ကြွေးကျော်သံများနှင့် လက်ဝဲအစွန်းရောက်များ မှသည် ခွဲထွက်ရေးအမျိုးသားရေးဝါဒီများအထိ နိုင်ငံရေးနောက်ခံအမျိုးမျိုးရှိသော အကြမ်းဖက် အုပ်စုများ ပေါ်ပေါက်ခဲ့ကြသည်။ အချို့အကြမ်းဖက်အုပ်စုများက နိုင်ငံအကြီးအကဲများကို လုပ်ကြံသတ်ဖြတ်ကြသလို အချို့အကြမ်းဖက်အုပ်စုများက သာမန် တိုင်းသူပြည်သားများကို သတ်ဖြတ်ခဲ့ကြသည်။ အချို့အဖွဲ့များသည် ၎င်းတို့မြို့(သို့မဟုတ်) ၎င်းတို့ဒေသတွင်သာ လှုပ်ရှားကြသလို အချို့အဖွဲ့များမှာ နိုင်ငံနယ်နမိတ်များကို ဖြတ်ကျော်ပြီး နိုင်ငံတကာ အကြမ်းဖက်မှုများ လုပ်ကြသည်။ 

အကြမ်းဖက်ဝါဒသမိုင်းကြောင်းကိုလေ့လာခဲ့ကြသော ပညာရှင်အချို့က ခေတ်ကာလအလိုက် အကြမ်းဖက်မှုပုံစံများ (သို့မဟုတ်) အကြမ်းဖက်ဝါဒ၏ လားရာကို ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ပညာရှင်တစ်ဦးဖြစ်သည့် ဒေးဗစ်ရာပိုပေါ့ (David Rapoport) က အကြမ်း ဖက်ဝါဒကို လှိုင်းကြီး လေးလှိုင်း အဖြစ် ခွဲခြားခဲ့သည်။ လှိုင်းတစ်ခုနှင့် တစ်ခု အကြမ်းဖက်မှုပုံစံ၊ အကြမ်းဖက်သမားများအပေါ် ကရုဏာသက်သူများနှင့် ထောက်ခံသူများ ပုံစံမတူကြပါ။ အကြမ်းဖက်ဝါဒ လှိုင်းတစ်ခုစီ၏ သက်တမ်းသည် ဆယ်စုနှစ်အနည်းငယ်ကြာ မြင့်တတ်ပြီး နှစ်ပေါင်း သုံး/လေးဆယ်ခန့် ကြာမြင့်ပြီးနောက်တွင် လှိုင်းများ အားနည်းသွားသည်။ ပထမဆုံး လှိုင်းမှာ ၁၈၈၀ ပြည့်လွန်နှစ်များအတွင်းက မင်းမဲ့ဝါဒီလှုပ်ရှားမှုများဖြစ်ပြီး ဒုတိယလှိုင်းမှာ ၁၉၂၀ နှစ်များအတွင်း ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်သည်။ တတိယလှိုင်းမှာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ပေါ်ပေါက်ခဲ့သော လက်ဝဲသစ်လှုပ်ရှားမှု (သို့မဟုတ်) ကွန်မြူနစ် အကြမ်းဖက်ဝါဒ ဖြစ်သည်။ နောက်ဆုံးစတုတ္ထလှိုင်းမှာ ၁၉၇၉ ခုနှစ်က စတင်ခဲ့သော ဘာသာရေး အကြမ်းဖက်လှိုင်း ဖြစ်သည်။

အကြမ်းဖက်ဝါဒ ပထမဆုံးလှိုင်းဖြစ်သည့် မင်းမဲ့ဝါဒီလှုပ်ရှားမှုကို ဒေးဗစ်ရာပိုပေါ့ က ၁၈၈၀ နှစ်များအတွင်း စတင်ခဲ့သည်ဟု ဆိုပြီး ၁၈၇၀ ပြည့်လွန်နှစ်များအတွင်း စတင်ခဲ့သည် ဟု အချို့က ဆိုပါသည်။ ပထမအကြမ်းဖက်ဝါဒလှိုင်းသည် ရုရှားနိုင်ငံမှ စတင်ကာ အနောက် ဥရောပ၊ အမေရိကနှင့် အာရှတိုက်များသို့ ပြန့်နှံ့သွားခဲ့ပါသည်။ ပထမအကြမ်းဖက်လှိုင်း၏ သဘောတရားနှင့် အကြမ်းဖက်မဟာဗျူဟာကို ချမှတ်ထူထောင်သူများမှာ ရုရှားစာရေးဆရာ များ ဖြစ်ပြီး အထင်ရှားဆုံးမှာ ဘာခူနင်(Bakunin) နှင့် ခရိုပေါ့ကင် (Kropotkin) တို့ဖြစ်သည်။ ၎င်းတို့သည် ထိုကာလက နည်းပညာသစ်များဖြစ်သော ကြေးနန်းဆက်သွယ်ရေးနှင့် လူထု ဆက်သွယ်ရေးနည်းလမ်းဖြစ်သည့် သတင်းစာတို့ကို အကြီးအကျယ် သုံးစွဲခဲ့သည်။ ထိုကာလ အတွင်း နာမည်ဆိုးဖြင့်အကျော်ကြားဆုံးအကြမ်းဖက်အဖွဲ့မှာ ပြည်သူ့ဆန္ဒဟု အဓိပ္ပါယ်ရသော နရိုဒါရာဗိုရာ (Narodnaya) ဆိုသည့် ရုရှားအကြမ်းဖက်အဖွဲ့ဖြစ်ပြီး ရုရှားဇာဘုရင် အလက်ဇန်းဒါး ၃ ကို အောင်မြင်စွာလုပ်ကြံနိုင်ခဲ့သည်။ ပထမလှိုင်းကာလ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့ ကိုယ်၎င်းတို့ အကြမ်းဖက်သမားများဟု ခေါ်ဆိုခဲ့ကြပြီး ဒေးဗစ် ရာပိုပေါ့ ၏ အဆိုအရ ၁၈၉၀ ပြည့်လွန်နှစ်များသည် လုပ်ကြံသတ်ဖြတ်ရေးသမားများအတွက် ရွှေခေတ်ဖြစ်သည်ဟုဆိုသည်။ အကြမ်းဖက်ရွှေခေတ်သည် ၁၈၉၀ ပြည့်လွန်နှစ်များမှသည် နှစ်ဆယ်ရာစုအစပိုင်းအထိ ကြာမြင့်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခံရသူများတွင် သြစတြီးယား ဘုရင်မ အယ်လီဇဘက်၊ အီတလီ ဘုရင်နှင့် အမေရိကန်သမ္မတ မက်ကင်လေတို့ ပါဝင်သည်။ 

ရာပိုပေါ့က ဒုတိယလှိုင်းအဖြစ် သတ်မှတ်ခဲ့သည့် အကြမ်းဖက်မှုများမှာ ကိုလိုနီ ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်သည်။ ဒုတိယလှိုင်းသည် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း စတင်ခဲ့ပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုများဖြစ်သည်။ ၎င်းတို့ အသုံးပြု သည့် နည်းဗျူဟာမှာ အကြမ်းဖက်ပထမလှိုင်းကကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးနည်းဗျူဟာ မဟုတ်တော့ပဲ ဗြိတိသျှအင်ပါယာ၊ ပြင်သစ် စသည့် ကိုလိုနီအင်အားကြီးနိုင်ငံများ နှိမ်နင်းရ ခက်စေသည့် ပစ်ပြေးပျောက်ကြား စစ်ဆင်ရေးဖြစ်သည်။ အချို့အဖွဲ့များအနေဖြင့် များစွာ အောင်မြင်ခဲ့ပြီး ကိုလိုနီနယ်ချဲ့များကို အနိုင်ရလုနီးပါးပင်ဖြစ်ခဲ့သည်။ ဒေးဗစ်ရာပိုပေါ့၏ အဆို အရ ပထမလှိုင်းနှင့်အလွန်အရေးကြီးသော ကွာခြားချက်မှာ ထိုသူပုန်များသည် သူတို့ကိုယ် သူတို့ အကြမ်းဖက်သမားများဟု မသုံးနှုန်းတော့ပဲ လွတ်လပ်ရေး တိုက်ပွဲဝင်သူများ (freedom fighter) ဟု စတင်သုံးစွဲကြခြင်း ဖြစ်သည်။ သူပုန်များက ၎င်းတို့သည် အကြမ်းဖက်သမားများ မဟုတ်၊ အကြမ်းဖက်အုပ်ချုပ်နေသည့် ကိုလိုနီအစိုးရများကို တော်လှန်တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ သူပုန်အဖွဲ့များအနက် အထင်ရှားဆုံးအဖွဲ့မှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) အဖွဲ့ဖြစ်သည်။ IRA အဖွဲ့သည် အိုင်ယာလန်လွတ်လပ်ရေးအတွက် ၁၉၂၀ လွန်နှစ်များတွင် ဖွဲ့စည်းတိုက်ပွဲဝင်ခဲ့သောအဖွဲ့ဖြစ်သည်။ နယ်ချဲ့လွတ်မြောက်ရေး တိုက်ပွဲဝင် နောက်တစ်ဖွဲ့မှာ အယ်ဂျီးရီးယားအမျိုးသားလွတ်မြောက်ရေးတပ်ဦး (FLN) ဖြစ်ပြီး  ပြင်သစ် အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ခဲ့သည့်အဖွဲ့ဖြစ်သည်။ နောက်တစ်ဖွဲ့မှာ ယခု အစ္စရေးနှင့်ပါလက်စတိုင်းဟု ခေါ်တွင်နေကြသောဒေသကို အုပ်ချုပ်နေသည့် ဗြိတိသျှတို့ အား တိုက်ခိုက်ခဲ့သည့် အာဂန် (Irgun) ဟု ခေါ်သည့် ဇီယွန်ဝါဒီ စစ်သွေးကြွအဖွဲ့ဖြစ်သည်။  အာဂန်အဖွဲ့၏ အထင်ရှားဆုံး အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါလက်စတိုင်းဒေသ ဗြိတိသျှ အုပ်ချုပ်ရေးအဖွဲ့၏ဌာနချုပ်ဖြစ်သော ဂျေရုဆလင်ရှိ ဒေးဗစ်ဘုရင်ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်သည်။

အကြမ်းဖက်ဝါဒတတိယလှိုင်းကို ဒေးဗစ်ရာပိုပေါ့က လက်ဝဲသစ်လှိုင်း (သို့မဟုတ်) လက်ဝဲစွန်းအကြမ်းဖက်ဝါဒဟုခေါ်ပြီး ၁၉၆၀ လွန်နှစ်များတွင် စတင်ခဲ့သည်။ အမေရိကန် နိုင်ငံမှ Weather Underground အဖွဲ့၊ ဂျာမနီမှ တပ်နီ (Red Army Faction-RAF) စသော ဖွံ့ဖြိုးပြီးနိုင်ငံများမှ အကြမ်းဖက်အဖွဲ့အများစုသည် ၎င်းတို့ကိုယ်ကို တတိယကမ္ဘာမှ လူထု အတွက် တပ်ဦးအဖြစ် ရှုမြင်ကြသည်ဟု  ဒေးဗစ်ရာပိုပေါ့က ဆိုပါသည်။ တတိယလှိုင်း အကြမ်းဖက်အဖွဲ့များတွင် အစိုးရများကို မြို့တွင်း ပျောက်ကြားနည်းဖြင့် ဆန့်ကျင်တိုက်ခိုက် နေသည့် လက်တင်အမေရိကမှ တော်လှန်ရေးအဖွဲ့များလည်း ပါဝင်ပါသည်။ စစ်အေးကာလ ဖြစ်၍ ထိုအဖွဲ့အချို့ကို ဆိုဗီယက်ယူနီယံနှင့် ၎င်း၏မဟာမိတ်အချို့တို့က ထောက်ပံ့ပေးခဲ့သည်။ ထိုကာလက နိုင်ငံတကာအကြမ်းဖက်မှုအများစုမှာ ယာဆာအာရာဖတ်၏ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO)နှင့် ပတ်သက်နေပါသည်။ တတိယလှိုင်းတွင် အကြမ်းဖက်အုပ်စု များ အသုံးပြုလေ့ရှိသော နည်းဗျူဟာမှာ ဓားစာခံဖမ်းဆီးခြင်းနှင့် အပိုင်စီးခြင်းဖြစ်သည်။ ဓားစာခံဖမ်းဆီးခြင်းအတွက် အထင်ရှားဆုံးဥပမာမှာ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်တွင် အစ္စရေးအားကစားသမားအဖွဲ့အား ဘလက်စက်တင်ဘာ(black September) ဟု ခေါ်သည့် အကြမ်းဖက်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်သည်။ ယင်းဖြစ်ရပ်ကို ကမ္ဘာ တစ်လွှားမှ သန်းနှင့်ချီသောသူများ ရုပ်မြင်သံကြားမှတစ်ဆင့် မြင်ခဲ့ကြရသည်။ ဓားစာခံများကို ကယ်ထုတ်ရန် ကြိုးစားမှုမအောင်မြင်ပဲ ဓားစာခံအားလုံး သေဆုံးခဲ့ရသည်။ ထိုကာလက အပိုင်စီးမှုများမှာ လေယာဉ်အပိုင်စီးမှုအများဆုံးဖြစ်ပြီး အနောက်နိုင်ငံများပိုင် လေကြောင်းလိုင်းများ အများဆုံးအပိုင်စီးခံရသည်။ ဓားစာခံဖမ်းဆီးခြင်းနှင့် လေယာဉ်အပိုင်စီးခြင်းများ၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏အရေးတော်ပုံကိစ္စကို အရေးစိုက်ခံရစေရန် (သို့မဟုတ်) အဖမ်းခံ ထားရသော ၎င်းတို့၏ ရဲဘော်ရဲဘက် အကြမ်းဖက်သမားများကို လွှတ်ပေးရေးအတွက် ဖိအားပေးရန်တို့ဖြစ်သည်။ ထိုကာလက လေယာဉ်အပိုင်စီးသည့် အကြမ်းဖက်သမားအများစု ၏ရည်ရွယ်ချက်မှာ လေယာဉ်စီးခရီးသည်များကို သတ်ဖြတ်ရန်မဟုတ်ပဲ ၎င်းတို့ကို အာရုံစိုက် ခံရရန် (သို့မဟုတ်) အစိုးရများအား ၎င်းတို့အလိုရှိသည်ကို တောင်းဆိုရာတွင် ဖိအားပေးရန် ပစ္စည်းကရိယာအဖြစ် အသုံးချရန် ရည်ရွယ်သည့်အတွက် ခရီးသည်များကို သတ်လေ့မရှိပါ။

ဒေးဗစ်ရာပိုပေါ့က စတုတ္ထနှင့်နောက်ဆုံး အကြမ်းဖက်လှိုင်းအဖြစ် ၎င်းသတ်မှတ်ထား သည့်လှိုင်းကို ဘာသာရေးအကြမ်းဖက်လှိုင်းဟု ခေါ်ဆိုပြီး ထိုလှိုင်းသည် အီရန်နိုင်ငံတွင် အစ္စလာမ်မစ်တော်လှန်ရေးဖြစ်ပွားခဲ့သော ၁၉၇၉ ခုနှစ်တွင် အစပြုခဲ့သည်။ ထိုနှစ်တွင်ပင် ဆိုဗီယက်ယူနီယံက အာဖဂန်နစ္စတန်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး မက္ကာရှိ မဟာဗလီကြီး စီးနင်းသိမ်းပိုက်ခံရသည့်နှစ်လည်းဖြစ်သည်။ ၁၉၇၉ ခုနှစ်ကတည်းကစတင်ခဲ့သော ဘာသာ ရေး အကြမ်းဖက်အုပ်စုများတွင် ဘာသာမျိုးစုံမှအဖွဲ့များ ပါဝင်သည်ဟု ရာပိုပေါ့က ဆိုပါသည်။ ဘာသာရေးအကြမ်းဖက်အုပ်စုများတွင် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့များစွာအပြင် ပန်ဂျပ် ပြည်နယ်မှ ၎င်းတို့၏ အမ်ရစ်ဆာ ရွှေဘုရားကျောင်းတွင် အိန္ဒိယအာဏာပိုင်များကို တိုက်ခိုက် ခဲ့သည့် ဆစ်ခ်အကြမ်းဖက်သမားများ၊ အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ရာဘင်ကို လုပ်ကြံ သတ်ဖြတ်ခဲ့သည့် ဂျူးအကြမ်းဖက်သမား ၊ ကိုယ်ဝန်ဖျက်ချခြင်းကိုဆန့်ကျင်သည့် ခရစ်ယာန် စစ်သွေးကြွအဖွဲ့များအပြင် အခြားဘာသာရေးဂိုဏ်းကွဲများလည်း ပါဝင်သည်။ ဘာသာရေး ဂိုဏ်းတစ်ခု၏ လူသိအများဆုံး တိုက်ခိုက်မှုမှာ ဂျပန်နိုင်ငံမှအုမ်ဂိုဏ်း၏ တိုဂျိုမြေအောက် ရထားတိုက်ခိုက်မှုဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် သမားရိုးကျလက်နက် မဟုတ်သော ဆာရင် အဆိပ်ငွေ့ကိုသုံးခဲ့ပြီး လူ ၁၂ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကာ ၎င်းသည် ပထမဆုံး နှင့် လူသိအများဆုံးသော ဖျက်ဆီးစွမ်းအားမြင့်လက်နက် (WMD) အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ ဘာသာရေးအကြမ်းဖက်လှိုင်းသည် ရှေ့မှ အကြမ်းဖက်လှိုင်း သုံးလှိုင်း ကဲ့သို့ နိုင်ငံခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားစာခံဖမ်းဆီး ခြင်း၊ အပိုင်စီးခြင်းများ လုပ်သည့်အပြင် အသစ်တိုးလာသည်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော် ဘာသာရေးအခြေခံအကြမ်းဖက်အဖွဲ့များသာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဆောင်ရွက်သည်မဟုတ်ပဲ ဘာသာရေးနှင့် မပတ်သက်သည့် အကြမ်းဖက်အဖွဲ့များသည်လည်း အသေခံဗုံးခွဲတိုက်ခိုက်သည့် လုပ်နည်းလုပ်ဟန်ကို သုံးလာကြပါသည်။ မော်ဝါဒီ ခွဲထွက်ရေး အုပ်စုဖြစ်သည့် တူရကီနိုင်ငံမှ ကာဒစ်အလုပ်သမားပါတီ (Kurdish worker party) နှင့် သီရိလင်္ကာမှ ခွဲထွက်ရန်ကြိုးစားခဲ့သည့် တမီးလ်လွတ်မြောက်ရေးအဖွဲ့(LTTE) တို့သည်လည်း အသေခံဗုံးခွဲသည့် နည်းဗျူဟာကို သုံးကြပါသည်။ စတုတ္ထအကြမ်းဖက်လှိုင်းတွင် အယ်ဂိုဒ်ဒါ (Al Qaeda) အဖွဲ့လည်းပါဝင်ပါသည်။ အယ်ဂိုဒ်ဒါအဖွဲ့သည် ဒါအိဆလမ်နှင့် နိုင်ရူဘီမြို့တော် များတွင် အမေရိကန်သံရုံးများကို ဗုံးခွဲတိုက်ခိုက်ရာမှ ထင်ရှားလာခဲ့သည်။ ISIS အဖွဲ့သည် လည်း ဘာသာရေးအခြေခံ အကြမ်းဖက်အဖွဲ့ဖြစ်သည်။

ဒေးဗစ် ရာပိုပေါ့၏ အဆိုအရဆိုလျှင် အကြမ်းဖက်ဝါဒလှိုင်း လေးကြိမ်ရှိသွားပြီ ဖြစ်သည်။ လှိုင်းတစ်ခုစီသည် ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ပြီးနောက်တွင် ထိုအကြမ်းဖက် အုပ်စုများသည် ဆက်လက် ရှိကောင်းရှိသေးသည့်တိုင် ၎င်းတို့ကို ထောက်ခံသူများ၊ ကရုဏာ သက်သူများ လျော့ကျသွားကာ တဖြည်းဖြည်းချင်း အားနည်းပျောက်ကွယ်သွားကြသည်။ ထိုအတိုင်းအမှန်သာဆိုလျှင် ယခုဘာသာရေးအကြမ်းဖက်လှိုင်းပြီးနောက် နောက်ထပ် ပေါ်လာမည့် အကြမ်းဖက်လှိုင်းမှာ မည်သည်ကိုအခြေခံသည့် အကြမ်းဖက်ဝါဒ ဖြစ်မည်နည်း ဟု စဉ်းစားစရာ ရှိပါသည်။ သို့သော်လည်း ယနေ့အချိန်ထိ ဘာသာရေးအခြေခံ အကြမ်းဖက်လှိုင်းမှာ အားပျော့ခြင်းမရှိသည့်အပြင် ပိုမိုအားကောင်းလာသည့် သဘောပင်ရှိနေပါသည်။ 

Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org

Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University, coursera.org

အပိုင်း(၂) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/3757