မျက်စိအမြင်အာရုံကို ကာကွယ်ခြင်း

Posted_Date

Image

မျက်စိအမြင်အာရုံကို ကာကွယ်ခြင်း

Body

၂၁ ရာစုခေတ်မှာ ကလေး၊ လူကြီး မျက်မှန်တပ်သူဦးရေ နှစ်ဆတိုးလာပါတယ်။  ဖုန်းမျက်နှာပြင်(Screen)သေးသေးလေးကိုကြည့်ရာကနေ   ကြာလာတဲ့အခါ   မျက်စိအမြင်အာရုံအားနည်းလာပါတယ်။ဒီအတွက် ကွန်ပျူတာ၊ အင်တာနက်သုံးတဲ့ပုံစံကိုပြင်ပေးတာ၊ အလင်းရောင်ရရှိမှုပြင်ပေးတာတွေလိုအပ်ပါတယ်။

ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်သလို အမြင်အာရုံအတွက်လည်း  ဆိုးရွားနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့မက်ကူလာချို့ယွင်းမှု(Age Related Macular Degenerater-AMD)နဲ့ဆေးလိပ်သောက်တာ ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေကဖော်ပြထားပါတယ်။  ဆေးလိပ်သောက်တာနဲ့     အဆုတ်ကင်ဆာဖြစ်တာဆက်စပ်မှုရှိသလိုမျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေကဆေးလိပ်မသောက်သူတွေထက် AMD  ကြောင့် မျက်စိကွယ်နိုင်ခြေနှစ်ဆပိုပြီးများပါတယ်။ ဆေးလိပ်ဖြတ်အပြီး ၁၀ နှစ်လောက်ကြာတဲ့အထိ အဲဒီသက်ရောက်မှုရှိတယ်လို့သိရပါတယ်။

လေအေးပေးစက်ကထွက်တဲ့ အအေးဓာတ်ကခြေထောက်နေ‌ရာမှာ ရှိသင့်ပါတယ်။မော်တော်ကားထဲကလေအေးပေးစက်ကြောင့်ရရှိတဲ့ လေအေးတွေဝင်တဲ့ လေဝင်၊ လေထွက်ပေါက်ကို ကိုယ့်မျက်စိနေရာမဟုတ်ဘဲ ခြေထောက်နေရာရောက်ရှိအောင်ချိန်ထားသင့်တယ်။မော်တော်ကားလေအေးပေးစက်ကနေထွက်ရှိတဲ့ခြောက်သွေ့တဲ့လေတွေကမျက်စိထဲကအရည်တွေကို    စုပ်ယူလိုက်တာကြောင့်မျက်စိခြောက်သွေ့သွားတဲ့အတွက်   မျက်စိထဲ  ရောဂါပိုးဝင်နိုင်ခြေနဲ့မျက်စိအနာဖြစ်နိုင်ခြေများပါတယ်။ လေယာဉ်၊ ရထား၊ ဘတ်စကားနဲ့ရုံးခန်းတွေမှာလည်း    လေအေးပေးစက်ကလာတဲ့လေအေးတွေကိုခြေထောက်နေရာလောက် ချိန်ထားသင့်ပါတယ်။           

မျက်စိခြောက်သွေ့မှုမဖြစ်အောင် ငါးစားသင့်ပါတယ်။ အဆီများတဲ့ငါးကိုစားသုံးတာက  မျက်စိပျက်စီးခြောက်သွေ့တဲ့လက္ခဏာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိပ္ပံသုတေသီတွေက တွေ့ရှိထားပါတယ်။အဲဒီအခြေအနေက အသက်ကြီးသူတွေမှာ အဖြစ်များပြီး မျက်ရည်ကိုအလုံအလောက်မထုတ်လုပ်နိုင်တာဒါမှမဟုတ်မျက်ရည်တွေကအငွေ့ပြန်လွယ်တာကြောင့်ဖြစ်ပါတယ်။ မျက်စိယားယံပြီး နီရဲနာကျင်နိုင်ပါတယ်။ အမျိုးသမီးထောင်ပေါင်းများစွာရဲ့အစားအစာကိုလေ့လာခဲ့တဲ့  အမေရိကန်နိုင်ငံ ဟားဗတ်မှ သုတေသီတွေက အဆီပါဝင်မှုများတဲ့ငါးတွေကိုစားသုံးမှုနည်းတာကြောင့် Omega-3 Fatty acid   ရရှိမှုအနည်းဆုံးဖြစ်သူတွေက မျက်စိခြောက်သွေ့တဲ့လက္ခဏာဖြစ်နိုင်ခြေအများဆုံးဆိုတာတွေ့ရှိရပါတယ်။ ကိုယ်က ငါးဟင်းမကြိုက်ရင် Omega-3 အားဖြည့်ဆေးမှီဝဲသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကို  ၉၉-၁၀၀ ရာခိုင်နှုန်း  ကာကွယ်နိုင်တဲ့မျက်မှန်အမျိုးအစားရွေးချယ်တပ်ဆင်သင့်တယ်။ နေရောင်ထဲရောက်ရင် အရောင်မည်းသွားတဲ့  မှန်အမျိုးအစားကိုရွေးချယ်သင့်ပြီး  မှန်အရွယ်အစားကြီးမားတာကို ရွေးချယ်သင့်ပါတယ်။ မျက်စိတစ်ခုလုံးကိုဖုံးအုပ်နိုင်တဲ့မျက်မှန်က အကောင်းဆုံးဖြစ်ပါတယ်။

ကွန်ပျူတာနဲ့အလုပ်လုပ်စဉ်မှာ မျက်စိခြောက်သွေ့မှုဖြစ်နိုင်ခြေနည်းအောင် ကွန်ပျူတာစခရင်ကို မျက်စိနေရာအောက် နှိမ့်ထားသင့်တယ်။ ဒီလိုပြုလုပ်တာကြောင့်   မျက်စိက ကွန်ပျူတာကိုကြည့်နေစဉ်မှာ    နည်းနည်းလေးပိတ်ထားတဲ့အနေအထားဖြစ်နေတဲ့အတွက်မျက်ရည်တွေ အငွေ့ပြန်နှုန်းလျော့နည်းသွားနိုင်ပါတယ်။

နာရီနှိုးစက်လုပ်ထားသင့်ပါတယ်။  ကွန်ပျူတာအသုံးပြုရာကနေခေတ္တအနားယူချင်ရင် မျက်စိကို မိနစ် ၃၀ ကြာတိုင်း ကွန်ပျူတာအသုံးပြုရာကနေထပြီး လမ်းလျှောက်တာ၊ အဝေးတစ်နေရာကို စက္ကန့်၃၀ ကြာအောင် ကြည့်ရှုတာတွေပြုလုပ်နိုင်အောင် နှိုးစက်ထားသင့်ပါတယ်။  မိနစ် ၂၀ ကြာတိုင်း‌ ပေ ၂၀ အကွာအဝေးကို  စက္ကန့် ၂၀ ကြာကြည့်‌ပေးခြင်း(၂၀:၂၀:၂၀)စည်းမျဉ်းရှိပါတယ်။ မျက်စိညောင်းတာနဲ့ပင်ပန်းတာတွေသက်သာအောင်ပြုလုပ်နိုင်ပါတယ်။

ကလေးတွေ အမြင်အာရုံကောင်းစေဖို့ လုပ်နိုင်တဲ့ သဘာဝနည်းလမ်းတွေ အများကြီးရှိပါတယ်။ အမြင်အာရုံကိုကောင်းမွန်စေပြီး ကျန်းမာစေဖို့အတွက်   အာဟာရပြည့်ဝတဲ့အစားအသောက်တွေ၊  ကျန်းမာရေးနဲ့ညီညွတ်တာတွေကျွေးဖို့ အရေးကြီးပါတယ်။  အာဟာရပြည့်ဝအောင်စားမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ မျက်စိစမ်းသပ်မှုမှန်မှန်လုပ်မယ်ဆိုရင်အမြင်အာရုံထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။

ဗီတာမင်  A  ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာကယ်လ်စီယမ်၊ ဗီတာမင် C၊ ဗီတာမင် B12 စတဲ့ တခြားဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းရွက်၊ မုန်ညင်းစိမ်း၊ ကိုက်လန်တို့ များများကျွေးသင့်ပါတယ်။

မုန်လာဥဖြူနဲ့ ခရမ်းချဉ်သီးကလည်း အမြင်အာရုံကိုထိခိုက်‌စေတဲ့အမြင်စူးစိုက်တဲ့ မက်ကူလာ (Macula) လွှာ ယိုယွင်းခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီနဲ့ ကန်စွန်းဥတို့ကလည်း မျက်စိကို နေရောင်ခြည်ကနေကာကွယ်နိုင်မယ့် ဘီတာကယ်ရိုတင်းတွေ   အများကြီးပါဝင်တယ်။   ငရုတ်ပွကလည်း ကလေးတွေမျက်စိအတွက်ကောင်းပါတယ်။

မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားစေ့တွေက ဗီတာမင် E ကြွယ်ဝတာကြောင့်ကလေးတွေအဝေးမှုန်တာကိုကာကွယ်ပေးပါတယ်။အစေ့အဆန်တွေမှာ  Omega 3,6 Fatty acid  တွေ   ပါဝင်ပါတယ်။ နှမ်းကြတ်စေ့၊  ချီယာစေ့တို့ကလည်း  အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာငါးတွေကနေရရှိတဲ့ငါးကြီးဆီတွေမှာDNA လို့ခေါ်တဲ့ မျက်စိအမြင်လွှာ(Retina)မှာပါတဲ့  အဆီတစ်မျိုးပါဝင်ပါတယ်။ မျက်စိအမြင်လွှာမှာ DNA ဓာတ်ချို့တဲ့တဲ့အခါ မျက်စိခြောက်တာနဲ့ တခြားမျက်စိပြဿနာတွေဖြစ်စေနိုင်ပါတယ်။

ပဲမျိုးစုံမှာ  အများကြီးတွေ့ရတဲ့ Bioflavonoid နဲ့ဇင့်တို့က  မျက်စိအမြင်လွှာ(Retina)ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေကိုပဲကြီး၊  ပဲနီလေး   စတဲ့ပဲအမျိုးမျိုးကျွေးသင့်ပါတယ်။

ဇင့်ဓာတ်က မပြုပြင်ထားတဲ့ ပေါင်မုန့်ညို၊ ဆန်လုံးညိုတို့မှာ အများကြီးပါဝင်တယ်။ ဒါ့ပြင် ဗီတာမင်၊ နိုင်ယာစင်တို့ အလျှံပယ်ပါဝင်တယ်။ဒါကြောင့် ကလေးတွေကို ပေါင်မုန့်ဖြူ၊ ပါစတာ၊ ထမင်းဖြူချည်းမကျွေးဘဲ ပေါင်မုန့်ညို၊ ဆန်လုံးညိုထမင်းကျွေးသင့်ပါတယ်။

ဥတွေမှာ ဗီတာမင် A နဲ့ ပရိုတင်းဓာတ်တွေ အများကြီးပါဝင်တယ်။ဒါ့ပြင် အမြင်အာရုံစူးစိုက်ပေးတဲ့ မက်ကူလာ (Macula) ပျက်စီးတာကိုလည်းကာကွယ်ပေးနိုင်တဲ့လူတိန်းအင်တီအောက်စီးဒင့်(LuteinAntioxidants)လည်းပါဝင်ပါတယ်။  မျက်စိရဲ့ရုပ်ပိုင်းဆိုင်ရာ  ဖွဲ့စည်းတည်ဆောက်မှုကိုထိန်းသိမ်းပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်အောင်လည်း ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ကလေးတွေကို  ဥများများကျွေးပြီး  မျက်စိအမြင်အာရုံကိုကာကွယ်နိုင်ပါတယ်။  အသီးအနှံတွေ၊အမဲသား၊ ထောပတ်သီး၊ ဗီတာမင်ဖြည့်စွက်ဆေးတွေကျွေးနိုင်ပါတယ်။

အချုပ်ဆိုရရင် "မျက်စိအဆုံး၊ နားအရှုံး" ဆိုတာနဲ့အညီကိုယ့်ရဲ့မျက်စိရေရှည်အသုံးပြုနိုင်ရေးအတွက်အထက်ပါနည်းလမ်းတွေကို လိုက်နာလုပ်ဆောင်သင့်ပြီးကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ကြရင်း မျက်စိအမြင်အာရုံကို ကာကွယ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။          ။

Source: https://myawady.net.mm/stories

 

ဝက်သားတိုးမြှင့်ထုတ်လုပ်ဖို့    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Posted_Date

Image

ဝက်သားတိုးမြှင့်ထုတ်လုပ်ဖို့    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Body

မိရိုးဖလာမှသည် စီးပွားဖြစ်ဆီသို့

မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ  တိရစ္ဆာန်မွေးမြူသည့် အိမ်ထောင်စုဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဝက်မွေးမြူ သူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင်က ဒေသဝက်များကို တစ်နှစ်ကျော်ကြာထိ မိရိုးဖလာအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူကြသော်လည်းယခုအခါ မျိုးစပ်ဝက်များကို အသားတိုးအဖြစ် ထိန်းကျောင်း ကျွေးမွေး၍ ကာလတိုအတွင်း ဈေးကွက်ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိလာကြသည့်အပြင်ဒေသအနှံ့ အပြားတွင် တစ်အုပ်တစ်မစီးပွားဖြစ်မွေးမြူ လာကြပြီဖြစ်သည်။ မျိုးကောင်းမျိုးသန့်မျိုးရင်း အထီးနှင့်အမများဝယ်ယူ၍ ပြည်တွင်း၌   မျိုးစပ်ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်များလည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ်သည်။

မျိုးသန့်ဝက်ထီး၏ မျိုးရည်ကို မေထုန်မဲ့သားစပ်ကျွမ်းကျင်သူတို့က ဝယ်ယူ၍  ဒေသအလိုက်မေထုန်မဲ့ သားစပ်၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

သို့ဖြစ်ပါ၍  ဝက်သားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် ထုတ်လုပ်မှု ကောင်းသောမျိုးများနှင့် မျိုးရွေးချယ်မွေးမြူနည်း၊ ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အကြောင်းကို  သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်း ဖော်ပြပါမည်။

ထုတ်လုပ်မှုကောင်းသောဝက်မျိုးများ

မြန်မာနိုင်ငံတွင်း  ဖြစ်ထွန်းအောင်မြင် နေသော မျိုးမြှင့်ဝက်မျိုးများအနက် မွေးမြူသူအကြိုက်     ဝက်မျိုးငါးမျိုးရှိသည်။ ယင်းတို့အနက် ဂျူးရော့ဂျာစီ (Duroc Jersey)၊ ယော့ရှိုင်းရား (Yorkshire)နှင့် လင်းဒရေ့ (Landrace)  မျိုးသုံးမျိုး၏ ထုတ်လုပ်မှုကောင်းသော အားသာချက် များကိုရယူ၍ မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာနမှ (DYL) စပ်မျိုးဟူ၍ မျိုးစပ် ထုတ်လုပ် ဖြန့်ဖြူးခဲ့သည်။

ယနေ့အချိန်တွင်လည်း ၎င်းမျိုးများအပြင် အခြား မျိုးစစ်များနှင့် မျိုးစပ်၍ ထုတ်လုပ်မှုကောင်းပြီး ဒေသတွင်း ရေ၊ မြေ၊ ရာသီဥတု နှင့်ကိုက်ညီသည့် မျိုးမြှင့်စပ်မျိုးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ မျိုးစစ် ဝက်မျိုးငါးမျိုးမှာ-

ဂျူးရော့ဂျာစီ (Duroc Jersey)

မူရင်းဇာတိမှာ အမေရိကန်နိုင်ငံဖြစ်သည်။ နီညိုရောင်၊ နားရွက်လဲ ဝက်မျိုးဖြစ်သည်။   အခြားဝက်မျိုးများထက် ကြီးထွားနှုန်းပိုမြန်သည်။ သားပေါက်နှုန်း၊ သားထိန်းနှုန်းကောင်းပြီး အခြားမျိုးများနှင့် မျိုးစပ်ရာတွင် မျိုးထီးအနေဖြင့်အသုံးများသည်။

ရော့ရှိုင်းရား (Yorkshire)

အင်္ဂလန်နိုင်ငံ ရော့ရှိုင်းရားနယ်မှ စတင်မွေးမြူသည်။  အဖြူရောင်၊နားရွက်ထောင်၊ ခန္ဓာကိုယ်ရှည်သည့် ဝက်ဖြူကြီးမျိုးဖြစ်သည်။သားထိန်းကောင်းပြီး သားခွဲနှုန်းလည်းမြင့်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင်မျိုးတစ်မျိုးအနေဖြင့်  ထည့်သွင်းသားဖောက်လေ့ရှိကြသည်။ ဒေသမျိုးများကိုမျိုးမြှင့်တင်ရာတွင် အသုံးပြုကြသည်။

လင်းဒရေ့(Landrace)

မူရင်းနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်သည်။ အဖြူရောင်၊ နားရွက်လဲ၊ ခန္ဓာကိုယ်ရှည်သည့်ဝက်ဖြူကြီးမျိုးဖြစ်သည်။ သားမွေးနှုန်း၊ သားခွဲနှုန်း၊ အသားတိုးနှုန်း ကောင်းမွန်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်း   သားဖောက်လေ့ရှိကြသည်။

ပီထရိန်း(Pietrain)

မူရင်းနိုင်ငံမှာ ဘယ်ဂျီယံနိုင်ငံဖြစ်သည်။ အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက်များရှိသည်။ နားရွက်ရှေ့သို့ ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုပ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားပေါက်နှုန်း၊ ကြီးထွားနှုန်းကောင်းမွန်သည်။

ဟမ်းရှိုင်းယား (Hampshire)

မူရင်းနိုင်ငံမှာ အင်္ဂလန်နိုင်ငံဖြစ်သည်။ ကိုယ်လုံးအမည်းရောင်ရှိပြီး  ရှေ့လက်၊ လက်ပြင်နှင့် ကုပ်ပိုးပတ်လည်တို့တွင် အဖြူရောင်ရှိသည်။ နားရွက်သည်အပေါ်သို့ ထောင်နေသည်။  အသားထွက်နှုန်းကောင်းသည်။   ခါးပတ်ကျားဟုလည်းခေါ်ကြသည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။

ခြံတည်ထောင်ခြင်း

ဝက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရပါမည်။ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။

၁။ မြေနေရာရွေးချယ်ခြင်း

၂။ အဆောက်အအုံတည်ဆောက်ခြင်း

၃။ သွင်းအားစုများထည့်သွင်းခြင်း

မြေနေရာရွေးချယ်ခြင်း

(က) ဝက်များကိုကျွေးသည့် အစားအစာများ ပေါများစွာရရှိသည့်နေရာဒေသဖြစ်ရမည်။

(ခ) လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာဖြစ်ရမည်။

(ဂ)လေကောင်းလေသန့်နှင့် နေရောင်ခြည်ရသော နေရာမျိုးဖြစ်ရန်နှင့်သုံးရေလွယ်ကူ ပေါများစွာရရှိသောနေရာဖြစ်ရန်လိုအပ်သည်။

(ဃ) လူနေအိမ်နှင့် အလှမ်းဝေးသောနေရာဖြစ်ရမည်။ လိုအပ်သောအဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန် လုံလောက်သောအကျယ်အဝန်းရှိသည့်  စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။

(င)လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာ စွမ်းအင်ရရှိရမည်။

ဝက်ခြံဆောက်လုပ်ခြင်း

(က)မိမိဒေသတွင်အလွယ်တကူရရှိနိုင်သောပစ္စည်းများကိုအသုံးပြုပြီး ကုန်ကျစရိတ်သက်သာအောင် ဆောက်လုပ်နိုင်သည်။ ဝက်များအတွက် သက်သောင့်သက်သာရှိပြီး  လေဝင်လေထွက်ကောင်းရမည်။ လုံလောက်သောအရိပ်ရရှိရမည်။

(ခ)နေရောင်ခြည်ကျရောက်မှုနှင့် လေဒဏ်၊ မိုးဒဏ်တို့မှကာကွယ်နိုင်ရန်အတွက် ဝက်ခြံကို အရှေ့- အနောက်အလျားလိုက်တည်ဆောက်သင့်သည်။

(ဂ)ကြမ်းခင်းသည် ကွန်ကရစ်ကြမ်းခင်း(သို့) သစ်သားကြမ်းခင်း (သို့) ဝါးကြမ်းခင်းဖြစ်ပြီးသန့်ရှင်းရေးပြုလုပ်ရာတွင်လွယ်ကူစေရန်အတွက်အိပ်သည့်နေရာမှ အဝေးသို့ လျှောစောက်ပုံစံဖြစ်ရမည်။ ကြမ်းခင်းသည် ချောမနေရပါ။ သစ်သား (သို့) ဝါးကြမ်းခင်းဖြစ်ပါက ကြမ်းခင်းသည် မြေပြင်မှ အနည်းဆုံးနှစ်ပေအမြင့်ရှိရမည်။

(ဃ )အစာခွက်နှင့် ရေခွက်တို့ကို အစာထည့်ကျွေးရန် လွယ်ကူသောနေရာနှင့် ရေလဲလှယ်ရန်အတွက် လွယ်ကူသောနေရာတွင် ထားရှိသင့်သည်။

(င)ဝက်နှုတ်သီးဖြင့် တွန်းထိုးတတ်သော အလေ့အထကြောင့် ကြမ်းခင်းနှင့်နံရံ တို့ကို အကြမ်းခံနိုင်သောပစ္စည်းများအသုံးပြုပြီး ဆောက်လုပ်သင့်သည်။

(စ) ဝက်ခြံကို ခိုင်ခံ့အောင်ဆောက်လုပ်ရမည်။ တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သောနေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီဆောက်လုပ်နိုင်ရမည်။

(ဆ)အစာကြမ်း၊ အစာနုများသိုလှောင်ရန်သီးခြားအဆောက်အအုံတည်ဆောက်ရမည်။  အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ သိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။

သွင်းအားစုများထည့်သွင်းခြင်း

(က)မိမိမွေးမြူမည့်   ရည်ရွယ်ချက်နှင့်ကိုက်ညီသော  ဝက်မျိုးထည့်သွင်းရန်၊ 

(ခ)အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်၊

(ဂ) ဝက်ခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများထားရှိရန် ဥပမာ-အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန်  လက်တွန်းလှည်းငယ်များ၊အညစ်အကြေး သန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊တိရစ္ဆာန်ထိန်းချုပ်ပစ္စည်းများ၊

(ဃ)တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသောဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်၊

(င)မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီး  ဇီဝလုံခြုံမှုနှင့်ကိုက်ညီသော ခြံစည်းရိုးကာရံရန်နှင့် ခြံအဝင်အထွက်ပေါက်တွင် ပိုးသတ်ဆေးကန်ထားရှိရန်။

ဝက်တစ်ကောင်အတွက်လိုအပ်သည့်နေရာအကျယ်အဝန်းကို ယေဘုယျအားဖြင့်ဖော်ပြပါအတိုင်းသတ်မှတ်မွေးမြူနိုင်သည်

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ

စားသောက်ရန်အတွက်ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ  ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။ ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင်ဈေးကွက်ဝင်  ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။

ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေး  

ဟန်ချက်ညီရန်မှာ  မွေးမြူရေးခြံအတွက်   သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရပါမည်။  သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့်အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို  အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန်အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေ၊ မြေ၊ ရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုး  ကွာခြားနိုင်ပါသဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင် ပါဝင်သည့်   အာဟာရတန်ဖိုးများကို ဌာန၏ဓာတ်ခွဲခန်းဖြင့်စိစစ်ဆောင်ရွက်ပေးနေသည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။ ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သောမွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍   GAHP   လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  ဆောင်ရွက်ပြီးဖြစ်ကြသည်။ 

လေ့လာသူများသိရှိနိုင်ရန် ဝက်မွေးမြူထုတ်လုပ်ရေးခြံများတွင် ကျွမ်းကျင်ပညာရှင်ဖြင့်   မဖြစ်မနေထိုးနှံပေးရမည့်တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုသည်။ ယင်းတို့မှာ-

(က)ဝက်ခွာနာလျှာနာရောဂါကာကွယ်ဆေး

(ခ)ဝက်ဝမ်းကျရောဂါကာကွယ်ဆေး

(ဂ )ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး

(ဃ)အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ်GAHP များနှင့်အညီလိုက်နာဆောင်ရွက်သူတိုင်း ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ   စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ဝက်သား၊ အေးခဲဝက်သားနှင့် ကလီစာအတွက်စံချိန်စံညွှန်း

ဤဝက်သားစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဝက်သား၊အေးခဲဝက်သားနှင့် ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။

ထုတ်ပြန်ပြီး ဝက်သားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(၁) ဝက်သား၊  အေးခဲဝက်သားနှင့်စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၂)   သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း

(၃)    သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း

(၄) နမူနာပစ္စည်းပေးပို့ခြင်း၊  တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

(၅) နမူနာပစ္စည်းပေးပို့ခြင်း၊  ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

(၆)   သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန် စံညွှန်းများ

(၇)   မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ

(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၉)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

(၁၀)နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်   ဖော်ပြသည့်တံဆိပ်တပ်ခြင်း

(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း

နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍစံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။     ။

Source: https://myawady.net.mm/stories

 

မိုးမှာကျူးရင့် ပွင့်မည့်ပန်း

Posted_Date

Image

မိုးမှာကျူးရင့် ပွင့်မည့်ပန်း

Body

အရုဏ်ဖူးစ၊  ရွှေရည်မြသား

ပတ္တမြားရည်  စီးထွေလည်ကာ

ရောင်နီခင်းဖြန့်  အလင်းဆန့်ခဲ့။

မှန်ပါသည်။ အရုဏ်ဝင်းမြတ် လင်းလက်ခဲ့ပြီပေါ့။ အလင်းသည် ခွန်အားဖြစ်ပါ၏။ ငှက်ကလေးများမြူးကြ၏၊ ပန်းကလေးများဖူးကြ၏၊ ပွင့်ကြ၏။ တကယ့်အရှိတရားပင်၊  အညွန့်အဖူးအပွင့်တို့၏  အလွန့်၊ အလူး၊ အကူး၊ အထ၊ အဦး၊ အစ ရွှန်းမြခြင်းပင်တည်း။ ရှင်သန်ခြင်း၊ ပျိုမျစ်ခြင်း၊ ကြည်လင်ခြင်း၊ သာယာခြင်းတည်းဟူသည့် အလှဗေဒတို့ဖြင့် ထုံမွှေးနေပါ၏၊ မိုးပြင်မှာ ပြာလဲ့လဲ့ဖျော့ဖျော့၊ လေအနော့ဝယ် အထိအတွေ့မှာ လန်းလန်းမွေ့မွေ့ ချမ်းချမ်းမြေ့မြေ့ရှိလှပါ၏။

ရာသီမှာ  နွေအဦး၊ မြင်ကွင်းအရတော့ ပြန့်ပြန့်ပြူးပြူးပင်၊ ကွန်ကရစ်သားခင်း လေယာဉ်ပြေးလမ်းတစ်ခုဖြစ်၏။ လေယာဉ်ရုံများနှင့် ရပ်နားထားသည့်လေယာဉ်/ရဟတ်ယာဉ်များမှာ သက်ငြိမ်ပန်းချီကားတစ်ချပ်နှယ်၊ ခပ်လှမ်းလှမ်း အတွင်းဘက်ကျကျတွင် ထီးထီးမားမား  အရိပ်ကောင်းလှသည့် ပိတောက်ပင်ကြီးက အထင်းသား၊ ထိုစဉ် ကျွန်တော့်မြင်ကွင်းအတွင်း ဝင်လာနေသည်က အပြာရောင်ကလေးများ၊ လှုပ်ရှားမှုအနေနှင့်တော့  စနစ်တကျရှိလှပါ၏။ဟော  ကြည့်ရင်း ကြည့်ရင်းနှင့်ပင် အစုအဝန်းလေးဖြစ်သွားပြီး မိုးပြင်ဝယ်လွင့်မျောလာသည့် တိမ်ပန်းဖူးပွင့်လေးများပမာပင်တည်း။

စင်စစ်လေကြောင်းလူငယ်မောင်မယ်လေးများပင်ဖြစ်ပါ၏။ အပြာရင့်ခံ ကြည်ပြာစုံပြီး လည်စည်းပဝါ ဦးထုပ်ပြာ၏ တန်ဆာဝတ်ဆင် ထူးသစ်လွင်မို့ မိုးမြင့်နောက်ခံ တက်ကြွမာန်လျှင် ငှက်သွင်ပျံကြွမတတ်သော် ဟုပင်ဆိုချင်သည်။  ဆိုလောက်ပါသည်။ ကျွန်တော်ခံစားမိသော အဖွဲ့အနွဲ့ပါ၊ ကြည့်လေ ဝတ်စားဆင်ယင်မှုမှာ အပြာရောင်တစ်မျိုးတည်းကို တစ်လွှာချင်းခွဲကာ အနုအရင့်ဆင့်ကာ ပိုင်းဆစ်ကွဲပြားဆန်းသစ်မှုကို ဖြစ်စေတန်ရာ၏၊ အပြာရောင် မူလ သဘောမှာ   အေးချမ်းတည်ငြိမ်ခြင်း   ဖြစ်စေရာ အရောင်၏ဆွဲဆောင်မှုကို   ပါးပါးလှပ်လှပ် ဆွဲယူ ပြလိုက်သည့်နှယ် စွဲမက်ဖွယ်ဖြစ်စေ၏။ နှစ်ခြိုက်ဖွယ်ဖြစ်စေ၏၊ တကယ်တော့ အရောင်၏လျှို့ဝှက်သောညှို့ဓာတ်သဘော   သက်ဝင်စွဲထင်နေခြင်းပင် မဟုတ်ပါလား။

သူတို့၏သဏ္ဌာန်မှာ နုပျိုခြင်း၊ လန်းဆန်းခြင်း၊အားမာန်ပြည့်ဝခြင်းတို့အပြင်  စူးစမ်းလိုစိတ်များ အတိအကျရှိနေပါလိမ့်မည်။သူတို့ သူတို့၏ မျက်နှာပြင်ဝယ် ဆန္ဒနှင့်ရည်ရွယ်ချက် ထပ်တူမျှညီနေခြင်းသဘော   အရိပ်အယောင်များ တွေ့မြင်ထင်ဟပ်နေခဲ့ပြီဟု ဆိုလောက်ပါ၏၊ ဆိုနိုင်ပါ၏။ သူတို့သည် လူငယ်များဖြစ်ကြသည်ကိုး၊ ဆယ်ကျော်သက်ရွယ် ဆယ့်လေးနှစ်မှ ဆယ့်ရှစ်နှစ်ခန့်ဝန်းကျင်၊ ပညာအရည်အချင်းမှာ Grade-9 မှသည် Grade-12 အဆင့်ထိ   ဖြစ်ပေလိမ့်မည်။   လူငယ်ဆိုတော့ ရိုးသား၏၊ ပွင့်လင်းပါ၏၊ အနာဂတ်ကျယ်ပြောပါ၏၊အိမ်မက်ဦးနှင့်ပန်းခူးနိုင်ပါ၏၊ ပန်းနှယ်တူမျှနုမြပါ၏၊အနွမ်းကိုတော့ဖြင့်   ငုံ့မခံ၊  အကြမ်းကို  လှန်ကာ ကြောက်ရွံ့မှုကို မမှန်ကန်ဟု သူတို့ယူဆပေလိမ့်မည်။ နောက်မတွန့်တတ်သည့် စိတ်ကလေးရှိခြင်းကဖြင့် လေးစားစရာပင်၊ ဤသည်မှာ လူငယ်တို့၏ဘဝရုပ်ပုံလွှာစစ်စစ်ပင်ဖြစ်ပါ၏။

သူတို့ခံယူထားသည်မှာ “လေကြောင်းလူငယ်” တဲ့ ပညတ်နှင့်ဓာတ်သက်ညီမျှခြင်း၊ အရင်းအမြစ်၊ အညွန့်အဖူးရွယ်ရည် လူငယ်မည်၏။ ပညာရပ်နယ်ပယ်နှင့်ယှဉ်ကာ  ဖွင့်လှစ်လိုက်သည့်  တံခါးတစ်ချပ်ပင်၊ တကယ်လည်း လေကြောင်းပညာရပ်အပေါ် ဗဟိုပြုခြင်း၊ လေ့လာဆည်းပူးသင်ကြားခြင်း၊ နာယူမှတ်သားခြင်း စသည်တို့ဖြင့် စိတ်ပါဝင်စားမှု အာသီသကို ဆန့်ထုတ်ကြည့်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤစိတ်ဓာတ်လေးကပင် ချစ်ခင်စရာ၊ နွေရာသီကျောင်းပိတ်ရက်ကို အချည်းနှီးမဖြစ်စေဘဲ ဤပညာရပ်နယ်ပယ်အဝန်းအဝိုင်းအတွင်း တိုးဝင်ကြည့်ချင်သိမြင်လိုလားသည့် သူတို့၏ မနောမယ သဘောသဘာဝကပင် တန်ဖိုးကိုဖြစ်စေတန်ရာ၏။ တန်ဖိုးဟူသမျှ အလုပ်ကဖန်တီးသည်ဟူသော အဆိုအရကြည့်လျှင်တော့ ဤပညာရပ်နှင့် ဤပညာရပ်အပေါ် သက်ဝင်ယုံစားဆည်းပူးလာကြသည့် သူတို့လေးတွေအပေါ်တွင်သာ တည်မှီနေပါလိမ့်မည်။

ပညာရပ်အနေဖြင့် နောက်ခံပုံရိပ်သည် ကြီးမားလွန်းပါ၏၊   ထုထည်ဖြင့်  ဟီးနေပါ၏၊  သမိုင်း ခိုင်မာလှပါ၏၊  ဂုဏ်ရည်ချင်း  ပြည့်ဝင်းနေပါ၏၊သည်တော့ ဤမျှကြီးမားသည့် ဂုဏ်ဒြပ်နှင့်ဆင့်ထပ်၊ပုံရိပ်ကို   ဖွင့်ကြည့်သောအခါ  ယနေ့နိုင်ငံတော်၏ စစ်လက်ရုံးဖြစ်သည့် တပ်မတော်(လေ)၏ ပကတိအသွင်ဖြစ်နေပါ၏။ တပ်မတော်(လေ)ခံယူထားသည့် ဆောင်ပုဒ်မှာ “တက်နိုင်ဖျားရောက်” တဲ့။ ဤခံယူချက်ဖြင့်  လေကြောင်းပညာရပ်ကို  ထဲထဲဝင်ဝင် ခိုင်မြဲ ကိုင်စွဲကာ  နိုင်ငံတော်၏ပိုင်နက် ဝေဟင်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်သည်။

ဤတာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာလည်းနှစ်  ၈၀ နားနီး သံမဏိမော်ကွန်းပင်ထူနိုင်ခဲ့ပြီ၊သမ္ဘာရင့်ခဲ့ပြီ၊ ဤပညာရပ် ပြန့်ပွားရေးဆောင်ရွက်လိုသည်။  အမွေခံအမွေကောင်းမျှဝေချင်သည်၊ ဆန့်ထွက်ဖြန့်ကြက်စေချင်သည်၊   ယင်းတို့မှာ တပ်မတော်(လေ)၏ ဆန္ဒမွန်ပင်ဖြစ်ပါ၏။ ကွန်ရက်အခင်းအဖြန့်အနေဖြင့် ဆောင်ရွက်လာခဲ့သည်မှာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ယုတ်စွအဆုံး ၁၉၅၄ ခုနှစ်ကပင် သင်တန်းအနေဖြင့် အစပြုခဲ့ကြောင်း မှတ်တမ်းခိုင်ခိုင်ရှိနှင့်ခဲ့ပါသည်။

သင်တန်းကို နှစ်စဉ်   ဧပြီလဝန်းကျင်တွင် ဖွင့်လေ့ရှိပါသည်။ တစ်ကြိမ်ကြိမ်တွင်တော့  နှစ်၊ လ၊ ရက် အနေဖြင့်   အပြောင်းအလဲ   ရှိကောင်းရှိပါမည်။ အကြောင်းကြောင်းအရဖြစ်မည်၊ သို့သော်သင်တန်းအစီအစဉ်ကဖြင့်  ရှိမြဲဟုပင်ပြောရပေလိမ့်မည်။ သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ခန့်ဖြစ်ပါ၏၊အခြေခံနှင့်တန်းမြင့် သင်တန်းနှစ်မျိုးပါဝင်သည်။သင်တန်းစခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများတွင် ဖွင့်လှစ်ရန်ဖြစ်၏။

ကျွန်တော်သည် ပုရစ်ဖူးဝေသည့် နှစ်ဦးနွေဧပြီလအတွင်း မိတ္ထီလာမြို့ကလေးသို့ အမှတ်မထင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။  နွေသရုပ်ဝယ် ကံ့ကော်တို့ ရွှေရည်သောက်ကာ ပိတောက်တို့ ရွှေရည်လိမ်းကျံပေရော့မည်။ အညာဒေသအမှတ်သညာ တမာအညွန့်အဖူးဝေဆာမြူးချိန်ပေါ့၊ တစ်ခုသော လေတပ်စခန်းဌာနချုပ်အတွင်း ကျွန်တော်ရောက်ရှိစဉ် မြင်တွေ့ရသည့် မြင်ကွင်းအမြင်မှာ အရောင်အသွေးယှဉ်လျက်လန်းနေသည်။ အဝါထဲက အပြာဖြစ်၏၊ တန်ခူးမာလာပန်းရွှေဝါတို့နှင့်အပြိုင် အားမောင်းဆိုင်နေကြသည့် လေကြောင်းလူငယ်မောင်မယ်များ၏ သင်တန်းစခန်းပင်တည်း။ လေကြောင်းပညာရပ်အခြေခံမှသည် တန်းမြင့်စသည့် အနှစ်သာရပိုင်းကို စတင်တွေ့သိလေ့လာခွင့်ရခဲ့ကြလေပြီ၊   ကောင်းမြတ်သည့်   မနသီစိတ်ဝမ်းဖြင့်ခံစားမှု အတွေးတို့ ဆင့်ထပ်ဆန့်ထွက်လာစေပြန်သည်။

စင်စစ် သူတို့သင်ကြားခွင့်ရရှိခြင်းမှာမဟာအခွင့်အရေးပင်ဖြစ်ပါ၏။သင်တန်းဆိုင်ရာ ဘာသာရပ်များမှာ အလွန်တန်ဖိုးကြီးလှပါသည်။ ပြင်ပတွင် သင်ကြားခွင့်မရနိုင်သည့် ပညာပိုင်းဆိုင်ရာများမို့သူတို့အလွန်ကံကောင်းကြပေသည်ဟုပင် ပြောရပေလိမ့်မည်။ ယနေ့ခေတ်တွင် လေကြောင်းပညာရပ်၏ အရှိန်အဝါသည် အားကောင်းမောင်းသန် ရေချိန်မြင့်မားနေပါ၏။ လေးညှို့မှလွှတ်လိုက်သည့် မြားတစ်စင်းနှယ် မြင့်သထက်မြင့် ချွန်သထက်ချွန်လာနေလေပြီ။ အိုင်တီ၊ အီးတီခေတ်မှသည် အေအိုင်နည်းပညာတိုင်ခဲ့ပြီ။ ဆိုလိုသည်မှာ ပညာနယ်အကျယ် အပြန့်ဖလှယ်အဖြန့်တွင် မောင်းသူမဲ့လေယာဉ်ပင် ဖြစ်လာပါ၏။ ခေတ်ရေစီးမြန်နှုန်းတွင် ဆန်တက်မှုမှာလည်း အရှိန်အဟုန်မြင့်ဖြစ်လာနေလေပြီ။ ထိုအခါပညာဉာဏ်စွမ်းယှဉ်ကာ  ပြန်တွန်းနိုင်မှ လိုက်မီရုံဖြစ်လာနိုင်သည်။ ယနေ့နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ပင် စိတ်ဝင်တစားစောင့်ကြည့်လာသည့်နေရာတစ်ခု အနေအထားရပ်တည်ရောက်ရှိနေပြီမို့ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်များအနေဖြင့် အခွင့်အလမ်းတွင်  အမြင့်အခန်းမသေးလှတော့ပေ။

ပညာရပ်ဆိုင်ရာ အတွန်းအဖွင့်ဟု ဆိုလိုသည်နှင့် သမိုင်းပုံရိပ်၊ ခေတ်ပုံရိပ်တို့ ထင်သာမြင်သာဖြစ်စေလိုပါ၏၊ မနေ့ကသည်အတိတ်သမိုင်းပုံရိပ်ဖြစ်ခဲ့ပြီး ယနေ့နှင့် မနက်ဖြန်သည် ပစ္စုပ္ပန်နှင့် အနာဂတ်တွဲနေသည်မို့ ဖြစ်တည်မှုနှင့် ပြောင်းလဲခြင်းသဘောခေတ်ပုံရိပ်ဟု ကျွန်တော်မြင်၏။ ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာတီထွင်ဖန်တီးမှုများသည်  အဆင့်ဆင့်မြင့်တက်မှုဖြစ်စဉ်အရအသစ်အသစ်တို့ဖြစ်ထွန်းလာမြဲ၊ ဤသည်မှာ သမိုင်းပုံရိပ်နှင့်ခေတ်ပုံရိပ်တို့၏ ပွတ်တိုက်မှု အသီးအပွင့်များဟုပင်ဆိုနိုင်ပါ၏၊ ဆိုနိုင်လောက်ပါ၏။ ကောင်းသော၊ ပိုကောင်း၊  အလွန်ကောင်း  စသည့် အတန်းအဆင့်များစွမ်းအားပေါ့၊  ပြောင်းလဲခြင်းစက်ဝန်းအတွင်းမှ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်နှင့် တည်ဖြစ်ရုပ်ဝတ္ထုပစ္စည်းများ၏   သက်ရောက်မှုပင်တည်း။ မည်သို့ပင်ရှိစေ မျိုးဆက်ချင်းတန်းညှိကာ လှမ်းကြည့်မြင်နိုင်စွမ်းရှိရပါမည်။မျိုးဆက်အမွေဆင့်ကမ်း လမ်းဖွင့်ပေးခဲ့ရမည်။  လေ့ကျင့်ပြုစုပျိုးထောင်မှုပြုပေးခဲ့ရပါမည်။ ယင်းသည် သမိုင်းပေးတာဝန်ဆိုခြင်းထက်   လူ့အသိုက်အဝန်းဆိုင်ရာ ကိုယ်ကျင့်တရား အဖျားအချွန် ယုံကြည်မှုတံခွန်ပင်ဖြစ်ပါ၏။

တပ်မတော်(လေ)၏ လေကြောင်းပညာရပ်အမွေဖြန့်ဝေခြင်းအဆင့်အတန်းမှာ ယနေ့ဆိုလျှင် အတော်အတန်ခရီးပေါက်ခဲ့ပြီဟုဆိုချင်ပါ၏၊  ဆိုလောက်ပါ၏။ လက်ရှိ လေကြောင်းပညာနယ်ပယ်တစ်ခွင်ဝယ်   ဝန်ထမ်းတာဝန်ပညာရှင်များအဖြစ် တွေ့လာနေရပြီဖြစ်၏။   အနာဂတ်ကို ပိုင်ဆိုင်ထားသည့်လူငယ်တို့အနေဖြင့် ကျိုးကြောင်းဆင်ခြင် မြော်မြင်ကြည့်စေလိုပါသည်။ ထိုအခါ သူတို့၏ဘဝရည်မှန်းချက်များ ခိုင်မာလာမည်၊စိတ်ဓာတ်ခွန်အားပြည့်လာမည်။  ပညာရပ်ဆိုင်ရာအသိစွဲငြိခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာပေလိမ့်မည်။

မြန်မာကဗျာဆရာကြီးတစ်ဦးကမူ “ကောင်းကင်ကြီးဟာကျောက်သင်ပုန်းကြီးပေါ့  ကြယ်ဝလုံးတွေရေးရမယ်” ဟုပညာအခွင့်ထူးစေဖို့ ကဗျာညွန့်ဖူး ဖွဲ့ဆိုခဲ့ဖူးပါသည်။ စင်စစ်ပညာရဲရင့် အတွန်းအပင့် အညွှန်းအဖွင့်မို့ လက်ခံရမည့် အလင်္ကာစာသားလေးပင်ဖြစ်ပါ၏။ မှတ်သားနာယူသင့်ပါ၏၊ ပညာ၏အတန်းအဆင့်ကို အခန်းအခွင့်ယှဉ်ကာ အလှမ်းအမြင့် တံတားခင်းပြလိုက်ခြင်းပင်တည်း။  တကယ်လည်း  မိုးကောင်းကင်တိုင်လှမ်းနိုင်လောက်သည့်   ပညာအညွန့်အဖူး   ခူးဆွတ်ရန် စေတနာလမ်းညွှန်ဟု ဆိုလောက်ပါ၏။

လေကြောင်းပညာရပ်တွင် အသိပညာ၊ အတတ်ပညာစသည်ဖြင့် နှစ်ပိုင်းနှစ်ရပ်ပါဝင်နေသည်ဖြစ်ရာ လေ့လာလိုက်စားဆည်းပူးခြင်းရှိလာသောအခါ နယ်ပယ်အလိုက် ဆန့်ထုတ်ဖြန့်ကြက်မှု၊အဝန်းအဝိုင်းကျယ်ပြောမှု ဝိသေသကိုတွေ့လာရမည်။  အရည်အချင်းနှင့်အရည်အသွေးဟူသည့်  ပညာနိဿယများနှင့် နီးကပ်မှုရှိလာမည်။   ထိတွေ့ကျွမ်းဝင်လာမည်။   ဖြည့်ဆည်းနိုင်ပါမှ လူချွန်လူမွန်ဖြစ်လာမည်၊ စာရေးဆရာ   ဆရာကြီးတက်တိုး၏အဆိုမှာ အရည်အချင်းသည် “အပေါ်ဂုဏ်” ၊  အရည်အသွေးမှာ “အတွင်းဂုဏ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်းတွေ့ရသည်။အရည်အချင်းရှိသူတို့သည်အတတ်ပညာရှင်များဖြစ်၍အရည်အသွေးရှိသူတို့မှာ အသိပညာရှင်များဖြစ်ကြသည်။ဤနှစ်မျိုးသည် ဆက်စပ်မှုလည်းရှိသည်ဟုဆို၏၊   အမြဲမပြတ်လေ့လာ၊   ဆည်းပူး၊  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမြဲဖြစ်ရာ   မိမိတို့ကိုယ်စားပြုရာ ပညာရပ်အလိုက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါ၏။

ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသည်မှာ သဘာဝ၊ မျိုးဆက်ဟောင်းများနေရာတွင် မျိုးဆက်သစ်များဝင်လာမည်မှာ ပဓာန။ အခြေခံသဘောညီမျှခြင်း၊ အကြောင်းကိုသိခြင်း သီဝရီ၊ ယခုကာလကိုပင်ကြည့်  အချိန်ကောင်း၊  အခါကောင်းအဖြစ် တွေ့ရပြန်သည်။  ပုရစ်ဖူးတို့   သစ်ထူးဝေစည်သည့်အခါရာသီ၊ရွက်စိမ်းနုနုပင်တိုင်းစုသည့် နှစ်သစ်ကူးအခါရာသီဤရာသီကာလတွင်အညွန့်အဦးနှင့်တူသည့်လူငယ်တို့၏လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲနှင့် ကြုံကြိုက်နေသည်ဆိုပြန်တော့ အလွန်လှပသည့် အခင်းအကျင်းလေးဖြစ်နေပြန်သည်။ သဘာဝတရား၏တွန်းအားအလှအပများဖြင့် ခြယ်မှုန်းဝန်းရံထုံသင်းနေပါ၏။ လူ့ရင်းမြစ်အညွန့်အဖူးတို့၏ ရင့်ကျူးတေးသံညံခဲ့ပြီပေါ့။ တစ်နည်းအားဖြင့်ဆိုလျှင် “လေကြောင်းစံပညာမြှင့်လို့  ရွှေမောင်းသံမင်္ဂလာအဖွင့်” ဟုပင် ပြောရပေလိမ့်မည်။

ကျွန်တော်ထင်ပါသည်။ လူငယ်သည် အညွန့်အဖူးအသစ်အဦးအရုဏ်ဦးနှင့်အတူ ပွင့်လန်းလာသည့်ပန်း မိုးမှာကျူးရင့် ပွင့်မည့်ပန်းကလေးများပေါ့၊  သူတို့၏ ရှင်းသန့်သည့် နှလုံးသားနှင့်အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပိုင်ခွင့်ရယူနိုင်ရန် အခွင့်သာခဲ့လေပြီ။ ယင်းသို့ ထုဆစ်ရန်လည်း သူတို့တွင် ခွန်အားစွမ်းရည်၊  အမွေခံပညာရပ် ဆင့်ထပ်ပြည့်စုံ ခိုင်လုံစေသည့်မျှော်လင့်မှုကရှိနေပြီဆိုတော့  ကျွန်တော်ယုံကြည်နေပါသည်။သူတို့သမိုင်းကို သူတို့ ကောင်းကောင်းရေးထိုးနိုင်လိမ့်မည်ဟု။ဟော ကြည့်ရင်း ကြည့်ရင်းမှာပင် သူတို့ရှေ့တွင် သူတို့မိတ်ဆွေပန်းကလေးတွေပေါ့၊ အဖူးအပွင့်စုံလင်စွာဖြင့်အခင်းအဖြန့်၊တစ်ပုံတစ်ပင် ကြိုနေကြပြီ၊ ယင်းသည်  နိုင်ငံ၏အနာဂတ်ပန်းခင်းဆိုလျှင် ကျွန်တော်ကျေနပ်ပါသည်။   ။

Source: https://myawady.net.mm/stories

 

တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

News Image

တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ
တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၂ရက်နေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ ကျင်းပကြောင်းသိရသည် ။