အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ပေး

Posted_Date

Image

အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ပေး

Body

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် သက်မွေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ ရေမြေနှင့်ရာသီဥတုအနေအထားအရလည်း စိုက်ပျိုးမွေးမြူရေးကို နိုင်ငံ့စီးပွားရေးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ လုပ်ငန်းသဘောသဘာဝအရ တိရစ္ဆာန်အစာအဖြစ် လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုရသကဲ့သို့ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဇီဝမြေသြဇာများကိုလည်း စိုက်ပျိုးရေးကဏ္ဍတွင် ပြန်လည်အသုံးပြုရခြင်းဖြင့် အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေသည်။ ထို့ပြင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခြင်းတို့တွင်လည်း စက်ကိရိယာအသုံးမပြုနိုင်သေးသော လယ်ယာမြေများအတွက် ကျွဲ/နွားများကို အသုံးပြုခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့သည်  ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောသဘာဝရှိပေသည်။

နိုင်ငံတွင်းရှိတိုးတက်များပြားလာသော လူဦးရေအချိုးအစားနှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် ဆန်၊ ဆီ၊ အသားငါး၊ နို့နှင့်ဥ စသည့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်အစိုးရမှလည်း မူဝါဒများချမှတ်လျက် ကာလတို၊  ကာလရှည်စီမံကိန်းများဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်  စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းသည့် အသား၊ နို့ ၊ ဥ ထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသွင်းကုန် လျှော့ချနိုင်ရေးကို  ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ အသား၊ နို့၊ ဥ စားသုံးမှုဖူလုံပြီးနောက် ပိုလျှံသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် အစဉ်တစိုက်ဆောင်ရွက်နေသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ပါ  စီးပွားရေးဦးတည်ချက်သုံးရပ်၏ ပထမဦးတည်ချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဆိုသည့်  စီးပွားရေးဦးတည်ချက်နှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုထုတ်ပြန်လျက်  မွေးမြူထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်နေသည်။ ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာတွင် ဌာနအနေဖြင့် အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာထုတ်လုပ်နိုင်ရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဒေသမျိုးရင်းတိရစ္ဆာန်များကို မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်ခြင်း၊ နိုင်ငံခြားမျိုးကောင်းမျိုးသန့်များကို စိစစ် တင်သွင်းခြင်းနှင့် နိုင်ငံခြားမျိုးစစ်မျိုးသန့်များဖြင့် ဒေသမျိုးကောင်းများကို ထုတ်လုပ်မှုကောင်းသော တိရစ္ဆာန်မျိုးများအဖြစ်  ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အဓိကဖြစ်သော မျိုး၊ မြေ၊ ရေနှင့် နည်းပညာဆိုသည့် ဒေါက်တိုင် (၄)ရပ်ကိုအခြေပြုလျက်  နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်စနစ်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မျှော်မှန်းချက်မှာ ဖော်ပြပါအတိုင်းဖြစ်သည်-

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ သားငါးကဏ္ဍနှင့်  ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။

ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဌာန၏လုပ်ငန်းတာဝန်များမှာ ဖော်ပြပါအတိုင်းဖြစ်သည်-

(က)   တစ်နိုင်ငံလုံး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

(ခ) တိရစ္ဆာန် မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများကောက်ယူပြုစုခြင်း၊

(ဂ) တိရစ္ဆာန်ရောဂါ ကာကွယ်ကုသဆေးများထုတ်လုပ်ခြင်းနှင့်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဃ)   စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(င) မျိုးကောင်းမျိုးသန့် တိရစ္ဆာန်တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(စ) မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဆ) ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များဖော်ထုတ်ဆောင်ရွက်ခြင်း၊

(ဇ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊

(ဈ) တိရစ္ဆာန်နှင့်  တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထိန်းသိမ်းစစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊

(ည) တိုင်းဒေသကြီး/  ပြည်နယ်အသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ  မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း၊

(ဋ)     စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း။

 MSME နှင့် မွေးမြူရေးထုတ်ကုန်ကဏ္ဍမွေးမြူရေးနှင့်   ကုသရေးဦးစီးဌာနအနေဖြင့် MSME ဆိုင်ရာ မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သုံးရပ်အနက် ဒုတိယဦးတည်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”  ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံနည်းကျမွေးမြူရေးစနစ်များကို မွေးမြူထုတ်လုပ်သူများ စနစ်တကျလိုက်နာကျင့်သုံးနိုင်ရေးအတွက် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကို  ဖော်ပြပါရည်ရွယ်ချက်များဖြင့် ရေးဆွဲထုတ်ပြန်လျက်ရှိသည်-

(က)   အရည်အသွေးကောင်း   တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိရေး

(ခ)စားသုံးသူ ဘေးကင်းလုံခြုံရေး

(ဂ) တိရစ္ဆာန်များ သက်သာချောင်ချိရေး

(ဃ)မွေးမြူရေးခြံလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး

(င) ရေရှည်တည်တံ့သည့်ပတ်ဝန်းကျင်အကျိုးပြု မွေးမြူထုတ်လုပ်မှုဖြစ်စေရေး

(စ) ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကိုပြည်ပသို့တင်ပို့နိုင်ရေးထုတ်ပြန်ထားရှိသည့် “ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ (GAHPs)” ကိုစနစ်တကျ လိုက်နာကျင့်သုံးသည့်  မွေးမြူထုတ်လုပ်သူများအနေဖြင့် ဖော်ပြပါအကျိုးကျေးဇူးများကို  ရရှိခံစားကြရမည်ဖြစ်သည်-

(က)   အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ခြင်း၊

(ခ)စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊

(ဂ) ဇီဝလုံခြုံမှုကောင်းမွန်လာပြီး  သဘာဝပတ်ဝန်းကျင်အကျိုးပြု မွေးမြူရေးများဖြစ်ထွန်းလာခြင်း၊

(ဃ) မွေးမြူရေးခြံအလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းလာခြင်း၊

(င) တိရစ္ဆာန်  သက်သာချောင်ချိရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊

(စ) GAHP ထုတ်ကုန်ဈေးကွက်ဖြစ်ပေါ်၍ စံချိန်စံညွှန်းနှင့်အညီ  ထုတ်လုပ်နိုင်၍ ပြည်ပ ဈေးကွက်သို့တင်ပို့နိုင်ခြင်း။

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ထုတ်ပြန်ပြီးဖြစ်သည့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)ကိုးမျိုးမှာ ဖော်ပြပါအတိုင်းဖြစ်သည်။

(က) နို့စားနွားမွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ခ)     အသားတိုးနွားမွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဂ)     ဆိတ်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဃ) မိရိုးဖလာ ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(င) ဝက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(စ)တိုင်းရင်းကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဆ) ဥစားကြက်မွေးမြူရေးခြံများအတွက်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဇ) အသားတိုးကြက် မွေးမြူရေးခြံများအတွက် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

(ဈ) ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်

ဆိုသည်နှင့်အညီ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူရေးသို့ တက်လှမ်းရာတွင် မွေးမြူမည့်တိရစ္ဆာန်မျိုး၊ မွေးမြူမည့်မြေ၊  မွေးမြူမည့်  တိရစ္ဆာန်အမျိုးအစားနှင့် ကောင်ရေအလိုက် လိုအပ်မည့်သုံးရေနှင့် အာဟာရပြည့်အစာ၊ မွေးမြူရေးဆိုင်ရာနည်းစနစ်စသည်တို့ကို ဇီဝလုံခြုံမှုစနစ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး(ထိခိုက်မှုမရှိစေရန်ရည်ရွယ်၍)ဖြင့်  မွေးမြူသူနှင့်  စားသုံးသူနှစ်ဦးနှစ်ဖက်ဘေးအန္တရာယ်ကင်းရှင်းစွာ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်လုပ်ငန်းစဉ်များ သတ်မှတ် ထုတ်ပြန်ပေးထားခြင်းပင်ဖြစ်သည်။  ဦးစီးဌာနကလည်း  စီးပွားဖြစ်မွေးမြူသူများထံသို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ရေး စည်းရုံးခြင်း၊ ပညာပေးပြုပြင်ပြင်ဆင်ပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ရခြံမှ ထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပပို့ကုန်အဆင့်အထိ ထုတ်လုပ်တင်ပို့နိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။                               

ယေဘုယျအားဖြင့်ဆိုပါလျှင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို ဖော်ပြပါအတိုင်း အပိုင်း(၇)ပိုင်းဖြင့်  လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထုတ်ပြန်၍ အဆိုပါအပိုင်းအလိုက် အမှန်တကယ်လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို  ဌာနမှသတ်မှတ်ထားသော စိစစ်ရေးအချက်အလက်များဖြင့် စိစစ်ပြီး  လိုက်နာဆောင်ရွက်ပါက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဖြစ်သည်-

(က)   မွေးမြူရေးခြံ

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့် မြေနေရာအကျယ်အဝန်းနှင့် မြေအနေအထား၊   တရားဝင်မြေယာ အသုံးချမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ခ)     မွေးမြူရေးခြံအဆောက်အအုံနှင့်ခြံအထောက်အပံ့ပစ္စည်းများ၊ စားကျက်ဧရိယာ

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် လိုအပ်မည့်   ခြံအကျယ်အဝန်းနှင့်  ခြံအဆောက်အအုံဒီဇိုင်း၊ လိုအပ်သည့် ခြံသုံးပစ္စည်း၊အစာသိုလှောင်ရုံ၊  အာဟာရပြည့် တိရစ္ဆာန်စားကျက်စိုက်ခင်း   မြေအနေအထားတို့ကို  သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ဂ)     မွေးမြူရေးခြံစီမံခန့်ခွဲမှု

(မျိုး၊ မြေ၊ ရေ၊ နည်းပညာ၊ လုပ်သား)မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊  အစာနှင့် ဆေးဝါး၊  နည်းပညာ၊ ခြံအလုပ်သမားများအတွက်ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းခွင်ဖန်တီးထားမှုစသည်တို့ကို သတ်မှတ်ချက်အတိုင်း ဇီဝလုံခြုံမှုစနစ်နှင့်အညီ ဆောင်ရွက်မှု   ရှိ၊  မရှိနှင့် လိုအပ်သည့်စာရင်းမှတ်တမ်းပြုစုခြင်း ရှိ၊ မရှိကို စိစစ်ပါသည်။

(ဃ)   တိရစ္ဆာန်များအား ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သယ်ဆောင်ခြင်း

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားအလိုက် သတ်မှတ်ထားသော တိရစ္ဆာန် သက်သာချောင်ချိရေးလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု  ရှိ၊ မရှိကို စိစစ်ပါသည်။

(င)     ဇီဝလုံခြုံမှု

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ဇီဝလုံခြုံမှုလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(စ)     ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု                       

မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံမြေအနေအထားအလိုက် သတ်မှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားမှု ရှိ၊ မရှိကို စိစစ်ပါသည်။

(ဆ)   မှတ်တမ်းများထိန်းသိမ်းခြင်း

မွေးမြူမည့် တိရစ္ဆာန်အမျိုးအစား၊ ကောင်ရေ၊ မွေးမြူမည့်နည်းစနစ်အလိုက် မွေးမြူသည့်ခြံ၊ တိရစ္ဆာန်၊ တိရစ္ဆာန်အတွက် ရေ၊  အစာနှင့် ဆေးဝါး၊ နည်းပညာ၊ခြံအလုပ်သမားများအတွက်  ဘဏ္ဍာငွေအရ အသုံး  စသည်တို့ကို  သတ်မှတ်နည်းစနစ်အတိုင်း သတ်မှတ်ကာလအလိုက် မှတ်တမ်း၊ စာရင်းများနှင့်အညီဆောင်ရွက်မှု ရှိ၊ မရှိကို စိစစ်ပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူထုတ်လုပ်သူများထံသို့ အဆိုပါထုတ်ပြန်ပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs) နှင့်အညီ လိုက်နာကျင့်သုံးစေရေး စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အကြံပြုနည်းပညာပေးခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို  လုပ်ငန်းစဉ်(SOPs)အဆင့်အတိုင်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

အသားကဏ္ဍအတွက် ထုတ်လုပ်သည့် တိရစ္ဆာန်ထုတ်ကုန်အလိုက် MSME ဆိုင်ရာ သိကောင်းစရာများကို   ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ(GAHPs)နှင့်အညီ ဆက်လက်ဖော်ပြသွားပါမည်။  ။

Source: https://myawady.net.mm/stories

 

အမေရိကန်က ဇီလန်စကီးကို NATO ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမည့် အစီအစဉ်ကို ကန့်ကွက်

News Image

အမေရိကန်က ဇီလန်စကီးကို NATO ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမည့် အစီအစဉ်ကို ကန့်ကွက်

အမေရိကန်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီးအား လာမည့်လတွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမည့်အစီအစဉ်ကို ကန့်ကွက်နေကြောင်း အီတလီသတင်းဌာန ANSA က အမည်မဖော်လိုသော သံတမန်အရင်းအမြစ်များကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ (မေ ၁၄) တွင် ဖော်ပြခဲ့သည်။

မက်မန်းသီး၏ကျန်းမာရေးကောင်းကျိုးများ

Posted_Date

Image

မက်မန်းသီး

Body

မက်မန်းသီး၏မူလအစ

မက်မန်းသီးနှင့်ပတ်သက်၍ ယခင်က မက်မန်း ပေါင်းထုပ်များကိုသာ မြင်တတ်ကြသော်လည်း ယခု နောက်ပိုင်း လတ်ဆတ်ချိုအိပြီး အရသာကောင်းသော မက်မန်းအချိုသီးများလည်း ဈေးဆိုင်များတွင် တွေ့ မြင်နေကြရပြီဖြစ်သည်။ မက်မန်းသီးကို အင်္ဂလိပ်လို Damson ဟုခေါ်ပြီး ပန်းပွင့်သောအပင်မျိုးစိတ်တစ် ခုဖြစ်သည်။ မက်မွန်ပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင် များနှင့်အတူ Rosaceae မျိုးရင်းဖြစ်သော Prunus မျိုးစု၌ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ Prunus Domes-tica ဖြစ်သည်။ မက်မန်းပင်သည် စိုစွတ်အေးမြသည့်ခဲသားမြေကိုနှစ်သက်ပြီး    မူလပေါက်ရာဒေသမှာဥရောပတိုက်တောင်ပိုင်းနှင့်  အာရှတိုက်အနောက် ပိုင်းတို့ဖြစ်သော်လည်း ထိုမှတစ်ဆင့် အမေရိကတိုက်၊ အာရှတိုက်နှင့် ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွား ကြသည်။

မက်မန်းပင်သည် မြန်မာနိုင်ငံ၌ ပေ ၃ဝဝဝ နှင့် အထက်မြင့်သော ကုန်းမြင့်များ၌သာ ပေါက်ရောက် သောကြောင့်  ရှမ်းပြည်နယ်အတွင်းရှိ  အောင်ပန်း၊ကလော၊ နောင်ချိုနှင့် တောင်ကြီးမြို့တို့၏အနီးတစ် ဝိုက်၌ စိုက်ပျိုးဖြစ်ထွန်းကြောင်း တွေ့ရသည်။ အထူး သဖြင့်  ပင်လယ်ရေမျက်နှာပြင်အထက်  အနိမ့်ဆုံး နေရာ၌  ၂၀၅  ပေရှိပြီး  အမြင့်ဆုံးနေရာ၌ ၄၂၉၅ ပေ ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပေါင်းစုံ စိုက်ပျိုးဖြစ်ထွန်းသော ပြင်ဦးလွင်ဒေသ၌ မက်မန်း ပင်ကို အများဆုံးစိုက်ပျိုးကြသည်။ မက်မန်းသီးကို မက်မန်းယို၊ တော်ဖီ၊  မက်မန်းချို၊   မက်မန်းချဉ်၊

မက်မန်းဝိုင်ပြုလုပ်ပြီး ပြည်တွင်းစျေးကွက်၌  ရောင်းချသည့်အပြင်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်မလေးရှားနိုင်ငံသို့လည်း တင်ပို့ကြောင်း မက်မန်း လုပ်ငန်းရှင်များထံမှ သိရသည်။  မက်မန်းသီးကို အကြမ်းအားဖြင့် သီးစားမျိုးနှင့် ဆားရည်စိမ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။  မက်မန်းကုန်ကြမ်းကို  ပြင် ဦးလွင်ရှိ အင်းထိပ်၊ ပန်းဥတောင်၊ ဆင်ဖြူအင်း၊ မျှော့ တောကျေးရွာများအပြင် နောင်ချိုနှင့် တခြားမက်မန်း စိုက်တောင်သူများထံမှလည်း ဝယ်ယူရရှိနိုင်သည်။

မက်မန်းပင်စိုက်ပျိုးမှုပုံစံ

မက်မန်းပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၀၀ တွင် ကောင်းမွန်စွာဖြစ်ထွန်းသောကြောင့် ပြင်ဦးလွင်ဒေသ၌ အများဆုံးစိုက်ပျိုးသည်။ မက်မန်း ပင်ကို ဇူလိုင်လနှင့်သြဂုတ်လတို့တွင် စတင်စိုက်ပျိုး ပြီး မေလနှင့်ဇွန်လတို့တွင်  အသီးခူးဆွတ်နိုင်သည်။ မက်မန်းပင်သည် ချုံငယ်မျိုး သို့မဟုတ် အပင်ငယ် မျိုးဖြစ်ပြီး အကိုင်းအခက်အလက်အမြောက်အမြား ထိုးထွက်သည်။ ပန်းပွင့်များသည် အဖြူနှင့်အစိမ်းနုနု အရောင်များဖြစ်ပြီး နွမ်းသွားသည့်အချိန်တွင် ပန်း ရောင်နှင့်အနီရောင်သို့ ပြောင်းသွားတတ်သည်။ များ သောအားဖြင့် ပန်းပွင့်များသည် အရွက်များမထွက်မီ ထွက်လာကြသည်။ မက်မန်းပင်သည် အပွင့်ပွင့်ခါနီးတစ်လခန့်အလိုတွင် တစ်ပင်လုံးအရွက်တစ်ရွက်မျှ မကျန်အောင်ကြွေလေ့ရှိပြီး ထိုသို့ကြွေပြီးမှ အကိုင်း မှစပြီး  အဖူးအပွင့်များဖူးပွင့်ခြင်းဖြစ်သည်။  အများ အားဖြင့်  မက်မန်းပွင့်များသည်  ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ပင်လုံးကျွတ်ကြွေကျပြီး ထိုအပွင့်များ မကြွေမီတွင်မက်မန်းသီးကင်းများ ကိုင်းတစ်လျှောက်ထွက်လာကာ မက်မန်းသီးများကို ဇူလိုင် လခန့်တွင် ခူးဆွတ်လေ့ရှိသည်။

မက်မန်းသီးပုံစံ

မက်မန်းသီးသည် အစေ့မာတစ်စေ့တည်းရှိသည့် အသီးမျိုးဖြစ်ပြီး ချယ်ရီသီးအရွယ်မှ ကြက်ဥအရွယ် ထိအောင် အရွယ်အမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည်။ ပုံသဏ္ဌာန်အားဖြင့်လည်း တချို့သည် လုံးဝန်း ၍ တချို့မှာ ကြက်ဥပုံသဏ္ဌာန်ရှိပြီး တချို့ကား ထိပ် ချွန်ခြင်း၊  ထိပ်လုံးကြီးခြင်း၊  ရှည်မျောမျောဖြစ်ခြင်း စသည့် ပုံစံမျိုးစုံရှိသော်လည်း အခွံသည်ပါး၍ အရောင် အားဖြင့် နီညိုရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူ ရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အနီရင့်ရောင်၊  ပန်း ရောင်ဟူ၍ အရောင်အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၌ အများစုမှာ မက်မန်းသီးဆိုလျှင် လုံးဝန်းသောအနီရောင်အသီးမျိုးကိုသာ သိကြသည်။ မက်မန်းသီးသည် အသားများ၍ အရည်ရွှမ်းသည်။ အလယ်ကောင်တွင် ပြား၍မာသောအစေ့ကြီးတစ်စေ့ရှိပြီး   ထိုအစေ့ထဲ တွင်  မျိုးစေ့ရှိသည်။ မက်မန်းသီးသည် အလွန်အသုံး ဝင်သော အသီးဖြစ်သည်။ ယင်းနှင့်အမျိုးတူ အသီး သုံးမျိုးတွင် အာဟာရဓာတ်အများဆုံးပါသောအသီးဖြစ်သည်။ တခြားအသီးများထက် သကြား ၂ဝ ဒသမ ၁  ရာခိုင်နှုန်း ပို၍ပါကြောင်း တွေ့ရသည်။  တချို့ကို မသိုးစာ၊ ထောပတ်၊ ယိုများပြုလုပ်ရာ၌ အသုံးပြုကြ ပြီး တချို့ကို အခြောက်ပြုလုပ်၍ စည်သွတ်ကြသည်။

မက်မန်းသီးတွင်ပါဝင်သောအာဟာရဓာတ်များ

မက်မန်းသီးသည်  ကယ်လိုရီနည်းပါးပြီး   အဆီပါဝင်မှုမရှိသည့်အတွက် ကျန်းမာရေးကိုအထောက် အကူဖြစ်စေသည့်အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိသည့်ပစ္စည်းများ (Antioxidants) နှင့် အာဟာရဓာတ် နှင့်သတ္တုဓာတ်များဖြစ်သည့်  ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ Folate၊ Iron၊ Choline၊ Potassium၊ Magnesium၊ Phosphorus၊ Manganese၊ Zinc နှင့် Copper ဓာတ်များပါဝင်သဖြင့် တစ်နေ့တာလိုအပ်သည့်အာဟာရဓာတ်များကို  ရရှိစေသည်။  ထို့ပြင် မက်မန်းသီးတွင်ပါသည့်    ပိုတက်ဆီယမ်ဓာတ်က လည်း သွေးကြောများကိုကျယ်စေနိုင်သည့် အာနိသင် ရှိသောကြောင့် နှလုံးကျန်းမာရေးအတွက်  များစွာ အထောက်အကူဖြစ်စေသည်။ ဗီတာမင် C နှင့် Phy-tonutrients   များ  ကြွယ်ဝစွာပါဝင်သောကြောင့်

ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေကို လျော့နည်းစေသည်။ ဗီတာမင်နှင့် သတ္တု ဓာတ်ကြွယ်ဝသော မက်မန်းသီးမှရနိုင်သည့် ကျန်းမာ ရေးကောင်းကျိုးများကို ဆက်လက်ဖော်ပြပါမည်။

အဆီကျစေပြီး နှလုံးကျန်းမာရေးကိုထောက်ကူပေးခြင်း

မက်မန်းသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပရိုတင်း ဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C၊  ကယ်လ်စီယမ်ဓာတ်၊  သံဓာတ်၊   ပိုတက်ဆီယမ်ဓာတ်များကြောင့် မက်မန်းသီးပုံမှန်စားခြင်းဖြင့် ခန္ဓာ ကိုယ်တွင်းမှ   အဆီဓာတ်များကို    ထိန်းညှိပေးနိုင်ကာ မကောင်းသည့်ကိုလက်စထရောအဆီဓာတ်ကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေသည်။ မက်မန်းသီးတွင် အဆီ ဆဲလ်များအပါအဝင် အဝလွန်ခြင်းနှင့် ရောင်ရမ်းမှုကို တားဆီးပေးသည့်အာနိသင်ရှိ Bioactive Compound များ၊   Flavonoids  များပါဝင်သောကြောင့်   ကိုလက် စထရောများခြင်း၊ ဆီးချိုသွေးချိုနှင့် နှလုံးသွေးကြော ကျဉ်းရောဂါကဲ့သို့  အဝလွန်ခြင်းနှင့်ဆက်နွှယ်နေသည့် ပြဿနာများမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင် သည်။

ဆီးချိုသွေးချိုထိန်းပေးခြင်း

မက်မန်းသီးသည်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်သည့်အာနိသင်ကြောင့် ဆီးချိုရောဂါ အတွက် အထူးသင့်လျော်ပြီး အထောက်အကူပြုနိုင် သည်။ မက်မန်းသီးတွင်ပါဝင်သည့်  Flavonoids များ ကြောင့် ဆီးချိုဝေဒနာရှင်များတွင် အဖြစ်များသည့် အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို  ကာကွယ် ပေးနိုင်သည်။

အရိုးပွရောဂါကာကွယ်ပေးခြင်း

မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့်အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုနိုင် သည်။ မက်မန်းသီးခြောက်တွင် ပါဝင်သည့် Caffeic Acid နှင့် Rutin တို့ကဲ့သို့  Flavonoids များကြောင့် အရိုးတစ်သျှူးများ၌ ယိုယွင်းပျက်စီးခြင်းကို တားဆီး ပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးသည်။ ထို့ပြင် မက်မန်းသီးခြောက်တွင်ပါဝင်သည့် ပိုတက်ဆီယမ် နှင့် Polyphenols က အရိုးထုထည်ကို အားဖြည့်ပေး သည်။ မဂ္ဂနီစီယမ်ဓာတ်၊ ဖော့စဖရက်ဓာတ်၊ ကော့ပါး ဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့်   အရိုးများကိုသန်မာကြံ့ခိုင်စေပြီးသွေးအားကောင်းစေသည်။

အစာခြေစနစ်ကိုကောင်းစေခြင်း

မက်မန်းသီးသည် အမျှင်ဓာတ်ကြွယ်ဝသည့်အပြင် မက်မန်းသီးတွင်ပါဝင်သည့် Sorbitol နှင့် Isatin ဓာတ်များကြောင့် အစာခြေစနစ်ကို ကောင်းစွာအထောက် အကူပေးပြီးအစာမကြေခြင်းနှင့်ဝမ်းချုပ်ခြင်းကဲ့သို့ အစာခြေစနစ်ပြဿနာများကို ကုစားရာတွင် ထိရောက်မှုရှိသည်။

ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း

မက်မန်းသီးဖျော်ရည်သောက်လျှင် အသက်အရွယ်ကြောင့်ဖြစ်ပွားသည့်   မှတ်ဉာဏ်ယိုယွင်းမှုများကိုကာကွယ်ပေးနိုင်သည်ဟု သုတေသီများက တွေ့ရှိခဲ့ သည်။ အကျိုးပြု  Phytonutrients    များကြောင့် လေ့လာသင်ယူနိုင်စွမ်းနှင့်  မှတ်ဉာဏ်ကိုတိုးတက်စေသည်။   မက်မန်းသီးကို   ပုံမှန်စားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါကဲ့သို့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါများကို ကာကွယ်နိုင်သည်။

မက်မန်းသီး၏တခြားအကျိုးကျေးဇူးများ

တခြားအကျိုးကျေးဇူးများအနေဖြင့် အာရုံကြောစနစ်အတွက်ကောင်းခြင်း၊   နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊   ကိုလက်စထရောကျစေခြင်း၊  သွေးအားကောင်းစေခြင်း၊   စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း၊   နှလုံးကျန်းမာစေခြင်း၊သွေးဖိအားကိုထိန်းပေးနိုင်ခြင်း၊  အဆုတ်နှင့်ခံတွင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေနိုင်ခြင်း၊ တုပ်ကွေးကိုကုသနိုင်ခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊အသားအရေလှပစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်းနှင့်   မျက်စိမှုန်ခြင်းတို့ကို  ကာကွယ်ပေးနိုင်သည်။ ထို့ပြင် မက်မန်းသီးသည်  ဓမ္မတာမမှန်ခြင်းကိုကုသရာတွင်   ထိရောက်သည့်အာနိသင်ရှိသည်ဟုဆိုကြသကဲ့သို့  အူလမ်းကြောင်းထဲမှ   အဆိပ်အတောက်များကိုဖယ်ရှားသန့်စင်နိုင်သည်ဟုလည်းသိရသည်။

မက်မန်းသီးကိုဘယ်လိုစားမလဲ

မက်မန်းသီးကို  သူ့အတိုင်းစားကြသကဲ့သို့   ဆား သို့မဟုတ် လျက်ဆားနှင့်လည်း တို့စားကြသည်။ တချို့က သုပ်စားခြင်း၊ မက်မန်းချိုပေါင်းလုပ်စားခြင်း၊ မက်မန်းတော်ဖီအနေဖြင့်လုပ်စားခြင်း၊ မက်မန်းယိုအနေဖြင့်စားခြင်းများလည်းရှိသည်။ ထို့ပြင် မက်မန်းဝိုင်လုပ်ပြီးသောက်ခြင်းများလည်းရှိသည်။

ဆေးဖက်ဝင်မက်မန်းဝိုင်

မက်မန်းဝိုင်သည် သုံးစွဲတတ်လျှင် ဆေးကောင်း တစ်လက်ဖြစ်နိုင်သည်။ မက်မန်းသီးမှ ဗီတာမင် C ဓာတ်ကို  များစွာထောက်ပံ့ပေးသကဲ့သို့  အစာချေ ဖျက်မှုကိုလည်း ကောင်းမွန်စေသည်။

Source: https://myawady.net.mm/stories

 

ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း သိကောင်းစရာ

Posted_Date

Image

ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း သိကောင်းစရာ

Body

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာ့စားသောက်ကုန်တွင် အရေးပါသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး နေ့စဉ်ချက်ပြုတ်ရာတွင် အသုံးများသည်။ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ကြက်သွန်စိုက်ပျိုးခြင်းသည် ရိုးရာဓလေ့တစ်ခုအဖြစ်ရှိနေပြီး ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ထို့ပြင် ကြက်သွန်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ ဤ ဆောင်းပါးတွင် ကြက်သွန်စိုက်ပျိုးရေးနှင့်ပတ်သက်သော အဓိကအကြောင်းအရာများဖြစ်သည့် သီးနှံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ နိုင်ငံတော်မှပံ့ပိုးမှုများ၊ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်း၊ လူထုအကျိုးပြုမှုနှင့် စတင်စိုက်ပျိုးသည်မှ ရောင်းချသည်အထိ အဆင့်ဆင့်များကို စိုက်ပျိုးရေးဆိုင်ရာစကားပုံများ၊ စာဆိုများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း

မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသောမျိုးများမှာ ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံးနှင့် မင်းတုန်းဥမြွှာမျိုးတို့ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်သည်။ “မျိုးစေ့ကောင်းမှ အပင်ကောင်း၊   အပင်ကောင်းမှအသီးကောင်း”ဟူသည့်အဆိုအရ ကြက်သွန်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်အသုံးပြုခြင်းသည် အဓိကအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကိုအသုံးပြုခြင်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်စေသည်။

မျိုးကောင်းမျိုးသန့်မျိုးစေ့များကို မိမိတို့ မြို့၊ ရွာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ယုံကြည်စိတ်ချရသော စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ ဝယ်ယူသင့်သည်။ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့် ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးကောင်းမျိုးသန့်သည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ မျိုးကောင်းမျိုးသန့်သည် အထွက်နှုန်းကောင်းမွန်စေပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။ မျိုးကောင်းမျိုးသန့်သည် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့်ကိုက်ညီသောမျိုးကို  ရွေးချယ်ရမည်။ မျိုးစေ့များကို စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့်ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးစေ့များကို ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ရမည်။  အထွက်နှုန်းကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို စစ်ဆေးပြီး အရည်အသွေးကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို သိုလှောင်ရာတွင်  စိုထိုင်းဆနှင့် အပူချိန်ကို ထိန်းသိမ်းရမည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် သတိထားရမည့်အချက်များမှာ မျိုးစေ့များကို အလွန်အကျွံသုံးစွဲပါက အပင်ထွက်ရှိမှုများကို အန္တရာယ်ဖြစ်စေနိုင်သည်။ မျိုးစေ့များကို     မှန်ကန်စွာသိုလှောင်ရန်မှာလည်း အဓိကကျသောအချက်တစ်ချက်ပင်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်စိုက်ပျိုး ထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။

ပျိုးထောင်ခြင်း

ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် သုည ဒသမ ၀၅ ဧကအရွယ်ရှိရမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်သည်။ စိုက်ပြီးသောမျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့် ပြန်လည်ဖုံးအုပ်ပေးရမည်။ အောက်တိုဘာလမှ နိုဝင်ဘာလလယ်ထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောက်ပေါက်ညီညာစေရန် ကောက်ရိုး၊ မြက်ခြောက်များဖြင့်    ဖုံးအုပ်ပေးရမည်။ ၃x၁၈ ပေပေါင်အတွက်  တစ်ဧကလျှင် မျိုးစေ့နို့ဆီဘူးတစ်ဘူးလိုအပ်သည်။ ပျိုးသက်တစ်လခန့်ရှိလျှင်  ၃x၁၈ ပေအရွယ် ပျိုးပေါင်တစ်ပေါင်လျှင် ယူရီးယားနို့ဆီဘူးနှစ်ဘူးထည့်ပေးရမည်။

မြေပြုပြင်ခြင်း

ကြက်သွန်စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ အစိုဓာတ်ရှိသောမြေအမျိုးအစားများတွင် ကြက်သွန်ကိုစိုက်ပျိုးနိုင်သည်။ ကြက်သွန်သည် ရေသွင်းရေထုတ်ကောင်းသော မြေကိုနှစ်သက်သည်။ ကြက်သွန်စိုက်ပျိုးမည့်မြေကို   ကောင်းစွာပြုပြင်ရန်လိုအပ်ပြီး မြေဆီလွှာကို သင့်လျော်သောမြေချဉ်ငန်ဓာတ်ပမာဏ ၆ မှ ၇ ဒသမ ၅ ရှိစေရန်ထိန်းသိမ်းရမည်။ စိုက်ပျိုးမြေကိုထွန်ယက်ပြီး သဘာဝမြေဩဇာများထည့်သွင်းပေးရမည်။ မြေပြုပြင်ခြင်းသည် စိုက်ပျိုးရေးတွင် အဓိကကျသောအဆင့်တစ်ခုဖြစ်သည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး အပင်များ၏ကြီးထွားမှုကို အားပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ရေထိန်းစွမ်းအားကိုမြှင့်တင်ပေးပြီး အာဟာရဓာတ်များကို ဖြည့်တင်းပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကိုကောင်းမွန်စေပြီး   အပင်များ၏ အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်။ မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို မြှင့်တင်ပေးပြီး အပင်များကို ရေရရှိစေသည်။ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးပြီး အပင်များ၏ ကြီးထွားမှုကို အားပေးသည်။ မြေကို ထွန်ယက်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကိုထိန်းသိမ်းခြင်းနှင့် ရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း စသည့်အချက်များသည် အဓိကအရေးပါသောအချက်များဖြစ်သည်။ ထို့အတူ  မြေပြုပြင်ခြင်းလုပ်ငန်းစဉ်များတွင်   သတိထားရမည့်အချက်များစွာလည်းရှိသည်။  မြေကို အလွန်အကျွံထွန်ယက်ပါက မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပျက်စီးစေနိုင်သည်။ မြေဩဇာများကို အလွန်အကျွံထည့်သွင်းပါက မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မြင့်တက်စေနိုင်သည်။ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မထိန်းသိမ်းပါက   အပင်များ၏ကြီးထွားမှုကို ဟန့်တားစေနိုင်သည်။

ကြက်သွန်စိုက်ပျိုးရာတွင် အကောင်းဆုံးမြေဩဇာနှုန်းထား

ကြက်သွန်စိုက်ပျိုးရာတွင် မြေဩဇာသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ မြေဩဇာကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် ကြက်သွန်ပင်များ၏ ကြီးထွားမှုကိုအားပေးပြီး အထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် အော်ဂဲနစ်မြေဩဇာများဖြစ်သည့် နွားချေး၊ ကြက်ချေး၊  သဘာဝမြေဩဇာ(Compost)နှင့်  ဓာတုမြေဩဇာများဖြစ်သည့် ယူရီးယား၊   တီစူပါ၊ ပိုတက်တို့ကိုအသုံးပြုနိုင်သည်။ မြေဩဇာနှုန်းထားအနေဖြင့် တီစူပါကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ ပိုတက်ကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ နွားချေး (သို့) ကြက်ချေးကို တစ်ဧကလျှင် ၂-၃ တန်၊ ယူရီးယားကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်နှုန်းထားဖြင့်စိုက်ပြီး ၂၀ ရက်သားတွင် ပထမအကြိမ်ထည့်သွင်း၍ ၄၀ ရက်သားတွင်  ဒုတိယအကြိမ် ထည့်သွင်းပေးရမည်။ မြေဩဇာထည့်သွင်းရာတွင် မြေဩဇာများ အလွန်အကျွံထည့်သွင်းခြင်းကို ရှောင်ကြဉ်ရမည်။ မြေဩဇာများကို စနစ်တကျထည့်သွင်းပြီးနောက် ရေကိုလုံလောက်စွာပေးသွင်းရမည်။စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုရာသီဥတုသည် စိုက်ပျိုးရေးတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရာသီဥတုသည် အပင်များ၏ကြီးထွားမှုကို သက်ရောက်မှုရှိပြီး အထွက်နှုန်းကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးရာတွင် ရာသီဥတုကို သတိပြုရမည်။ ရာသီဥတုသည် အပင်များ၏ ရောဂါဒဏ်ခံနိုင်ရည်ကိုမြှင့်တင်ပေးပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ ရာသီဥတုသည် အထွက်နှုန်းကို မြှင့်တင်ပေးပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။

ရာသီဥတုအနေဖြင့် ကြက်သွန်သည် အပူအအေးသင့်တင့်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ အပင်ကြီးထွားချိန်တွင် ၂၀-၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင် ၂၀-၂၇ ဒီဂရီစင်တီဂရိတ်နှင့် နေ့တာရှည်ရန်လိုအပ်သည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့်မြင့်ပြီး နေ့တာရှည်ပါက ကြက်သွန်ဥဖြစ်မှုကိုအားပေးသည်။ အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။ ၁၀-၁၆  ဒီဂရီစင်တီဂရိတ်တွင် နေ့တာ  ၉ နာရီမှ ၁၂ နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။

ပိုးမွှားနှင့်ရောဂါများ

ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အထွက်နှုန်းကိုလျော့ကျစေနိုင်သည်။ ထို့ကြောင့် ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အပင်များကို သေဆုံးစေနိုင်သည်။ ပိုးမွှားနှင့်ရောဂါများသည် အထွက်နှုန်းကိုလျော့ကျစေနိုင်ပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားများ၏အန္တရာယ်ကိုလည်း သတိပြုရမည်။ ပိုးမွှားများသည် ကြက်သွန်ပင်များကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ပိုးမွှားများကို ကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော တမာဆီ၊ မြေပဲဖတ် စသည့်သဘာဝပိုးသတ်ဆေးများကို   အသုံးပြုနိုင်သည်။ ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်။

ကြက်သွန်စိုက်ခင်းတွင် ကျရောက်တတ်သောရောဂါနှင့် ကာကွယ်နည်းများကိုလည်း ဗဟုသုတဖြစ်ဖွယ်ရေးသားလိုက်ရသည်။ ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်စိုက်ပျိုးရာတွင် အဓိကကျရောက်လေ့ရှိသည်။ ကြက်သွန်ဒေါင်းနီးမှိုရောဂါ (Purple Blotch Disease) သည် မှိုကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် ကြက်သွန်ရွက်များပေါ်တွင် ခရမ်းရောင်အစက်အပြောက်များပေါ်လာစေပြီး အရွက်များညှိုးနွမ်းခြောက်သွေ့ကာ အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် ဤရောဂါကို စောစီးစွာကာကွယ်ကုသရန် အရေးကြီးသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများမှာ စိုထိုင်းဆများခြင်း၊  မြေဆီလွှာ၏ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပိုးမွှားများမှကူးစက်မှုများကြောင့်ဖြစ်သည်။    ကာကွယ်နှိမ်နင်းနိုင်သောနည်းလမ်းများအနေဖြင့် ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်ခြင်း၊ ရောဂါဖြစ်နေသောအပင်များကိုဖယ်ရှားပြီး မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ခင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးများဖြစ်သော မန်ကိုဇက်ဘ်(Mancozeb)နှင့် ကော့ပါးပါဝင်သောမှိုသတ်ဆေးများကို ဆေးညွှန်းပါညွှန်ကြားချက်များအတိုင်းလိုက်နာ၍အသုံးပြုရမည်။

သဘာဝနည်းလမ်းများအနေဖြင့်တမာဆီကိုရေဖြင့်ရောစပ်ပြီး  အပင်များပေါ်တွင်ဖျန်းခြင်းသည်အထိရောက်ဆုံးဖြစ်သည်။ ကြက်သွန်စိုက်ခင်းတွင် ရောဂါတွေ့ရှိပါက  ရောဂါဖြစ်နေသောအပင်များကို ချက်ချင်းဖယ်ရှားပေးရမည်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဟူသောအဆိုအရ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မျိုးကောင်းမျိုးသန့်များရွေးချယ်ခြင်း၊ စိုက်ခင်းသန့်ရှင်းရေးနှင့် ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်းတို့ကို  ပုံမှန်လုပ်ဆောင်ပေးရမည်။

တစ်ဧကအထွက်နှုန်းတိုးတက်ရေးကြက်သွန်တစ်ဧကအထွက်နှုန်းတိုးတက်ရန် အထွက်နှုန်းကောင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးခြင်း၊ သင့်လျော်သော မြေသြဇာများကို ထည့်သွင်းပေးခြင်း၊ ပုံမှန်ရေပေးသွင်းပေးခြင်း၊ ပိုးမွှားများ ကို စနစ်တကျကာကွယ်နှိမ်နင်းခြင်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးကဏ္ဍများတွင် အဘက်ဘက်မှ များစွာပံ့ပိုးလျက်ရှိသည်။ ကြက်သွန်စိုက်ပျိုးသူများ အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ချေးငွေများကို ပံ့ပိုးပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက် ဒေသများတွင် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို လေ့ကျင့်သင်ကြားပေးခြင်းများကို ပြုလုပ် ပေးလျက်ရှိသည်။

ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု အခြေအနေများဒေသတွင်းရောင်းဝယ်ဖောက်ကားမှုသည် စိုက်ပျိုးရေးတွင် အရေးပါသော အချက်တစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်ပြီး ဒေသတွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ ဈေးကွက်တွင် ကြက်သွန်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသည်။ ကြက်သွန်စိုက်ပျိုးသူတောင်သူများအတွက် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို သိရှိထားရန်အရေးကြီးသည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုအခြေအနေများသည် စိုက်ပျိုးသူတောင်သူများ၏ အကျိုး အမြတ်ကို သက်ရောက်မှုရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုအောင်မြင်စေနိုင်သည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု၏ အားသာချက်များမှာ ဝယ်လိုအားမြင့်မားခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်းနှင့် ကျေးလက်ဒေသများတွင် နေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့်အကျိုးအမြတ်များစွာရရှိစေသည်။ ဒေသတွင်းဈေးကွက်တွင် ကြက်သွန်၏ ဝယ်လိုအားနှင့် ဈေးနှုန်းများကို စုဆောင်းရမည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိရန်လည်း လိုအပ်သည်။ ဈေးကွက်သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက် များကိုမသိရှိခြင်းနှင့်  ဈေးကွက်တွင် မရောင်းချနိုင်ခြင်းများသည် စိုက်ပျိုးသူတောင်သူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။

ကြက်သွန်ကို ဒေသတွင်းဈေးများတွင် ရောင်းချနိုင်သလို နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနိုင်သည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိနိုင်ရန် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်သတင်း အချက်အလက်များကို စနစ်တကျစုဆောင်းထားရန်လည်း လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း     လေ့လာခြင်းနှင့်    စိုက်ပျိုးရေးနှင့်ပတ်သက်သော    သိလိုသည့်နည်းပညာများနှင့် အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Call Center သို့လည်း တိုက်ရိုက်မေးမြန်းနိုင်သည်။

ပန်းတိုင်အထွက်နှုန်း

“ပန်းတိုင်မရှိလျှင် လမ်းပျောက်” ဟူသည့်အဆိုအရ   ကြက်သွန်စိုက်ပျိုးရာတွင် ပန်းတိုင် အထွက်နှုန်းကိုလည်း သတ်မှတ်ထားရန်လည်း လိုအပ်သည်။  ပန်းတိုင်အထွက်နှုန်းသည် စိုက်ပျိုးသူ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာအသုံးပြုမှုနှင့် မြေအမျိုးအစားပေါ်တွင် မူတည်သည်။

ပန်းတိုင်အထွက်နှုန်းကိုရရှိရန်   စနစ်တကျစီမံခန့်ခွဲမှုများပြုလုပ်ရမည်။ ကြက်သွန်စိုက်ပျိုးရောင်းချခြင်း လုပ်ငန်းစဉ်များကို အဆင့်ဆင့် စနစ်တကျလုပ်ဆောင်ရမည်။ ကြက်သွန်စိုက်ပျိုးခြင်းသည် ကျေးလက်ဒေသများတွင် နေထိုင်သောလူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီး ပေးနိုင်သည်။

 ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် နိုင်ငံတော်မှပံ့ပိုးမှုများကို စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသော ကြက်သွန်စိုက်ပျိုးရေးသည် နောင်တွင်လည်း ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories