ပေါင်းတည်၌ ဘဲမွေးမြူရေး ဖြစ်ထွန်းအောင်မြင်လျက်ရှိ

News Image

ပေါင်းတည်၌ ဘဲမွေးမြူရေး ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၌ ဘဲမွေးမြူရေးလုပ်ငန်း အများအပြားရှိရာ တိုင်းဒေသကြီး အနောက်ခြမ်း၊နတ်တလင်းခရိုင်ရှိ ပေါင်းတည်မြို့နယ်အတွင်း  ဘဲမွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း မွေးမြူကဏ္ဍထုတ်ကုန် တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ဘဲမွေးမြူရေးခြံလုပ်ငန်းရှင်များနှင့်မြို့နယ် စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိ​ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့်ကလေးများအား ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့်တက်ရောက်နိုင်ရေး ပြည်သူများသို့အသိပေး

Posted_Date

Image

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့်ကလေးများအား ကျောင်းပြင်ပပညာရေး၏  တန်းညှိ ပညာရေးအစီအစဉ်ဖြင့်တက်ရောက်နိုင်ရေး ပြည်သူများသို့အသိပေး

Body

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၂၈ (က) ပါ  ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည်  ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်အရနှင့် အမျိုးသားပညာရေးဥပဒေ အခန်း (၅)၊ ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် (က)ကျောင်းပညာရေး၊ (ခ)ကျောင်းပြင်ပပညာရေး၊ (ဂ)ကိုယ်တိုင်သင်ယူပညာရေး ဟူသည့် ပညာရယူနည်းများကိုကျင့်သုံး၍  ယင်းတို့ကိုတစ်ခုနှင့်တစ်ခုဆက်စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိသည်။

ပညာရေးဝန်ကြီးဌာနသည်နိုင်ငံတော်ကပြဋ္ဌာန်းထားသည့်  အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးစနစ်တွင် ပညာရယူနည်းသုံးနည်းဖြင့် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါ  လုပ်ငန်းစဉ်များအရလည်းကောင်း ကျောင်းပြင်ပပညာရေးလုပ်ငန်းကို   အကောင် အထည်ဖော်နိုင်ရန်အတွက်  ပညာရေးဝန်ကြီးဌာနအောက်တွင်  ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ကျောင်းပညာရေး

ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏အသက်အရွယ်၊   သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသောသင်ရိုးညွှန်းတမ်းဖြင့်  သင်ကြားပေးသော   ကျောင်းအခြေပြု  မူကြိုပညာရေး၊မူလတန်းပညာရေး၊  အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့်   အဆင့်မြင့်ပညာရေးစသည်တို့  အကျုံးဝင်သည့်ပညာရေးဖြစ်သည်။

ကျောင်းပညာရေးကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခြေခံပညာဦးစီးဌာနသည်   နှစ်စဉ်  ဇွန်လအတွင်း   ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစဉ်များနှင့်အညီ အခြေခံပညာကျောင်းများဖွင့်လှစ်နေပြီး  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပညာရပ်များကို  သင်ကြားပေးလျက်ရှိသည်။  မူလတန်းအဆင့်သို့ တက်ရောက်မည့်သူများအနေဖြင့်  အသက်အုပ်စု ၅ နှစ်ပြည့်ပြီးသူများသည် KG သို့လည်းကောင်း၊ အသက် ၆ နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်ခွင့်ရရှိကြသည်။

ကျောင်းပြင်ပပညာရေး

ကျောင်းပြင်ပပညာရေးဆိုသည်မှာသင်ရိုးညွှန်းတမ်းများကိုအခြေခံ၍သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန်  ကျောင်းပညာရေးစနစ်၏ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသော ပညာရေးဖြစ်သည်။

ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည်  နှစ်စဉ်  ဇူလိုင်လအတွင်း  ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့်ကိုက်ညီသူများ)ကို သက်ဆိုင်ရာလျာထားမြို့နယ်အသီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိသည်။ အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေးတက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက်ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက်ရောက်နိုင်သည့် ကလေးများကိုလည်းသတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါကလက်ခံသင်ကြားပေးလျက်ရှိနေသည်။

ကျောင်းပြင်ပပညာရေးသည် သင်ယူလိုသူတစ်ဦးချင်းစီအတွက်ပထမအကြိမ်ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ်အခွင့်အလမ်း (Second Chance) ပေးသည့်  ပညာရေးဖြစ်သဖြင့် သမားရိုးကျဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုလွယ်ပြင်လွယ်အစီအစဉ်များဖြင့်  နောက်ခံအခြေအနေမတူညီကြသော သင်ယူလိုသူများ၏လိုအင်ကိုဖြည့်ဆည်းပေးနေသည့်  ပညာရေးအစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊  ရပ်မိရပ်ဖများ၊အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ အချင်းချင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောဒေသများတွင်   ပိုမိုထိရောက်မှုရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရသည်။

တန်းညှိပညာရေး

တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေးအစီအစဉ်အရ   သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေးအဆင့်အတန်းများနှင့် အရည်အချင်းညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။

အပြန်အလှန်ကူးပြောင်းသင်ကြားခွင့်

နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသောကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့်  ကျောင်းပြင်ပရောက်သက်လွန်ကလေးများကို ကျောင်းပြင်ပပညာရေးဖြင့် ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education - NFPE)နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME)   အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်။

ကျောင်းပြင်ပမူလတန်းပညာရေး  Level-1, Level-2 သင်ယူပြီးမြောက်ပါက   အခြေခံပညာကျောင်းပညာရေးသို့  ဆက်လက်ကူးပြောင်းသင်ယူနိုင်ရန်အတွက်  သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတို့က  လက်မှတ်ရေးထိုးပြီး  သင်ယူပြီးမြောက်ခြင်း  လက်မှတ်ထုတ်ပေးလျက်ရှိသည်။  ကျောင်းပြင်ပမူလတန်းပညာရေး Level-1 ပြီးမြောက်ပါက  အခြေခံပညာမူလတန်းအဆင့် Grade-4 သို့လည်းကောင်း၊ Level-2 ပြီးမြောက်ပါက အခြေခံပညာအလယ်တန်းအဆင့်  Grade-6 သို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် ပညာသင်နှစ်သုံးနှစ်ပြီးမြောက်မှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသည်။  ၎င်းလက်မှတ်ဖြင့်  အခြေခံပညာအထက်တန်းအဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း  ဆက်လက်တက်ရောက် သင်ယူနိုင်ခွင့်ရရှိမည်ဖြစ်သည်။  နိုင်ငံသားတစ်ဦးအနေဖြင့်  ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် အခြားပညာရေးအစီအစဉ်များအကြားတွင် အပြန်အလှန်ကူးပြောင်းသင်ယူနိုင်မည့်  သာတူညီမျှအခွင့်အလမ်းများရရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေသည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။

ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းများအဆင့်မြှင့်ထားရှိမှု

အခြေခံပညာစနစ်သစ်ပညာရေး KG+12 အရ အခြေခံပညာသင်ရိုးသစ်နှင့်ကိုက်ညီစေရေးအတွက် ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဌာနတွင်းဆွေးနွေးပွဲများအား ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ပြီးသော  ကျောင်းပြင်ပမူလတန်းပညာရေး  သင်ရိုး(မူကြမ်း)ကို  ပညာရေးသုတေသန၊  စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာန)တွင်   စိစစ်တည်းဖြတ်ပြင်ဆင်ဖြည့်စွက်စေပြီးနောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူလျက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍   ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်မှုဆောင်ရွက်နိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေး  တက်ရောက်နေသည့်  ကျောင်းသားတစ်ဦးချင်းစီ၏  အရည်အသွေးတိုးတက်စေရန်အတွက်   ကျောင်းပညာရေးတွင်   သင်ကြားနေသော   သင်ရိုးညွှန်းတမ်း၏ နယ်ပယ်များဖြစ်သည့်  အသိပညာ(Knowledge)၊ ကျွမ်းကျင်မှု(Skills)နှင့်  စိတ်ဓာတ်မြင့်မားရေး (Attitude)တို့ရရှိစေရန်အတွက်လည်း   ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် ပညာရေးသုတေသန၊  စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာနခွဲ)၊ စာတတ်မြောက်ရေး  အထောက်အကူပြုပင်မအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနမှ သင်ရိုးကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်များအား အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏  စိစစ်ခွင့်ပြုချက်များနှင့်အညီ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်အသစ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေးတက်ရောက်နိုင်သည့်အသက်ကန့်သတ်ချက်များ

ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများကို  ဒုတိယအကြိမ်  ပညာသင်ယူမှု  အခွင့်အလမ်းထပ်မံဖြည့်ဆည်းပေးရန်နှင့် ဆက်လက်သင်ယူခွင့်ရရှိစေရန် ရည်ရွယ်လျက်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးတွင်  ပညာသင်နှစ်ကာလ နှစ်နှစ်ဖြစ်သော NFPE Level-1 (ပထမအဆင့်) နှင့် NFPE Level-2 (ဒုတိယအဆင့်)တို့ကို တက်ရောက်နိုင်သည်။

ထို့အတူ  ကျောင်းပြင်ပအလယ်တန်းပညာရေးသည်  အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲရှိသောကလေးများ၊  အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်မပြီးမီ  ကျောင်းထွက်ခဲ့ရသော  ၁၃ နှစ်မှ  ၁၈ နှစ်အတွင်းရှိ   ကလေးများကို  အခြေခံပညာ အထက်တန်းအဆင့်သို့  ကူးပြောင်းသင်ယူနိုင်ရန်နှင့်  အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် ဆောင်ရွက်ပေးနေသော အစီအစဉ်တစ်ရပ်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ ဝင်ခွင့်အတွက်စစ်ဆေးခြင်း

မူလတန်းပညာရေးကို ပြီးဆုံးအောင်မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်းပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်းစစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက်  သက်ဆိုင်ရာစခန်းတွင်  သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ထို့အတူ အလယ်တန်းပညာရေးမပြီးဆုံးသေးသော   ကလေးများသည်လည်း   ကျောင်းပြင်ပအလယ်တန်းပညာရေးကို  တက်ရောက်မည်ဆိုပါက NFPE Level -2 ပြီးမြောက်သူနှင့် ပဉ္စမတန်းအောင်သူများသည်  NFME Level – 1 သို့လည်းကောင်း၊ ဆဋ္ဌမတန်းအောင်သူများသည် NFME Level – 2 သို့လည်းကောင်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်းအောင်သူများသည် NFME Level – 3 သို့လည်းကောင်း တက်ရောက်သင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ အောင်မြင်မှုအသီးအပွင့်များ

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အသစ်ဖွင့်လှစ်ပြီးနောက်  ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ  ကျောင်းပြင်ပမူလတန်းကလေးငယ်  ၅၄၂၈၀ ဦးအား လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကလေးငယ် ၁၉၉၉ ဦးအားလည်းကောင်း သင်ကြားသင်ယူခွင့်များရရှိစေခဲ့သည်။ အထက်ဖော်ပြပါ  ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများအနေဖြင့် ၂၀၁၆ မှ ၂၀၂၃ အထိ ကျောင်းပြင်ပမူလတန်းပျိုးထောင်မှုမှတစ်ဆင့်  အခြေခံပညာအထက်တန်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် စာရေးသူတင်ပြလိုသော အချက်တစ်ချက်ရှိသည်။

စာရေးသူ၏ ဆရာသမားတစ်ဦးဖြစ်သော ယခုအငြိမ်းစားဆရာမကြီးတစ်ဦးသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ "Education for All" အရ “ လူတိုင်းအတွက် ပညာရေး” ဟု ဆိုနိုင်သကဲ့သို့ "All for Education" “ပညာရေးအတွက် လူအားလုံးတာဝန်ရှိကြောင်း”ပြောဆိုခဲ့သည်ကို  ကြားသိခဲ့ရသည်။  ယခုအချိန်သည်  အဆိုပါဆရာမကြီးပြောခဲ့သလို ပညာရေးအတွက်  အားလုံးတွင်တာဝန်ရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်နေသည်။

အချုပ်အားဖြင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းပြင်ပသို့  ရောက်ရှိနေကြသည့်ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော  ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များသည်   နိုင်ငံအတွင်းအမှန်တကယ်ပထမအကြိမ်ပညာသင်ယူခွင့်ဆုံးရှုံးနစ်နာခဲ့ရသည့်    ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့်ဖန်တီးပေးထားသည့်   အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။  သို့ရာတွင် ဒုတိယအကြိမ်အခွင့်အလမ်းအား ကျောင်းပြင်ပရောက် ကလေးငယ်တိုင်းရရှိစေရန်မှာ  သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမတို့၏ စေတနာမေတ္တာအရင်းခံဖြင့်   ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ်တွင်  ကြီးစွာမူတည်နေကြောင်း စာရေးသူအနေဖြင့်တင်ပြလိုသည်။

အဆိုပါကလေးငယ်များ၏   ဒုတိယအကြိမ်အခွင့်အလမ်းကို  ထပ်မံဆုံးရှုံးခဲ့ရပါက  ကလေးငယ်အတွက်သာမက ၎င်း၏မိသားစုနှင့်ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေပါသဖြင့်    ပြည်သူတစ်ရပ်လုံး၏ပံ့ပိုးကူညီမှုဖြင့်  ပစ္စုပ္ပန်နှင့် အနာဂတ်နိုင်ငံတော်ကြီးတွင် အစဉ်လေ့လာသင်ယူနေသည့်  လူ့အဖွဲ့အစည်းဖြစ်လာစေရန်အတွက်လည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုး၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်လူငယ်များပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေးသာမက ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့်  "Education for All" မှသည် "All for Education"  အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေး အတွက်  ပညာရေးဝန်ကြီးဌာနအပါအဝင်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ   တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။  ။

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ဓာတ်မြေဩဇာနှင့်တွဲဖက်၍ သစ်စိမ်းစိုက်ပျိုးထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများ

Posted_Date

Image

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ဓာတ်မြေဩဇာနှင့်တွဲဖက်၍  သစ်စိမ်းစိုက်ပျိုးထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများ

Body

ဝါသီးနှံသည်   မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး  ကမ္ဘာပေါ်တွင်  နိုင်ငံပေါင်း   ၇၅  နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့်   အဝတ်အထည်ရရှိရေးအတွက်  အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန်   စိုက်ဧရိယာများတိုးချဲ့စိုက်ပျိုးခြင်းသာမက အရည်အသွေးနှင့်အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် လိုအပ်သော အာဟာရဓာတ်များအား အချိုးကျ၊ အချိန်မီ စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဝါသီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်များလုံလောက်စွာရရှိစေရန်   ဝါသီးနှံအားသစ်စိမ်းသီးနှံများနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့်  မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်လာမည်ဖြစ်သည်။ ဓာတုမြေဩဇာများအားသုံးစွဲ၍    သီးနှံများအား ဆက်တိုက်စိုက်ပျိုးပါက မြေဆီလွှာကျန်းမာရေးနှင့် မြေဆီလွှာဖွဲ့စည်းမှုများ ပျက်စီးယိုယွင်းလာမည်ဖြစ်သည်။ထို့ပြင်စိုက်ပျိုးသီးနှံများအတွက်လိုအပ်သော ဓာတ်မြေဩဇာများဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့်ရင်ဆိုင်နေရသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကျစရိတ်များလျော့နည်းစေပြီး မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ  တိုးတက်ကောင်းမွန်စေရန်၊ သီးနှံအထွက်တိုးတက်စေရန် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်စိမ်းသီးနှံ (ပဲမျိုးရင်းဝင်နှင့် ပိုက်ဆန်လျှော်)များအား    စိုက်ပျိုးသီးနှံများဖြင့်  တွဲဖက်၍စိုက်ပျိုးအသုံးပြုခြင်းကို ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။

မြေဆီလွှာပြန်လည်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထဲရှိသဘာဝမြေဩဇာများတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်စိုက်ပျိုးနည်းစနစ်များတွင် သစ်စိမ်းစိုက်ပျိုးထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။  သစ်စိမ်းကို အမျိုးအစားအားဖြင့်  (၁)သစ်ရွက်စိမ်းမြေဩဇာနှင့် (၂)သစ်စိမ်းမြေဩဇာသီးနှံဟူ၍ ခွဲခြားအသုံးပြုပြီး   များသောအားဖြင့်    သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးထည့်သွင်းခြင်းကိုသာအသုံးပြုကြပြီး  သစ်ရွက်စိမ်းမြေဩဇာအသုံးပြုခြင်းမှာ နည်းပါးလှပေသည်။မြေဆီလွှာအာဟာရဓာတ်တိုးမြင့်စေပြီးမြေ၏ရုပ်ဂုဏ်သတ္တိ၊ဓာတုဂုဏ်သတ္တိနှင့်ဇီဝဂုဏ်သတ္တိများကိုပါအကျိုးသက်ရောက်မှုရှိသည့်ပဲမျိုးရင်းဝင်အပင်များနှင့်ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာသီးနှံများကို   စိုက်ပျိုးထည့်သွင်းခြင်းသည်

မြေဆီလွှာကိုကောင်းမွန်အောင် ရေရှည်ထိန်းသိမ်းရာရောက်မည်ဖြစ်ကဲ့သို့ ဝါသီးနှံအပင်ကြီးထွားမှု၊ အထွက်နှုန်း၊ ဂွမ်းမွေးအရည်အသွေးများအပေါ်အကျိုးသက်ရောက်ပြီး  ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်တို့နှင့် သဟဇာတဖြစ်သော စိုက်ပျိုးနည်းလမ်းတို့ကို လက်ခံကျင့်သုံးလာနိုင်မည်ဖြစ်သည်။

သစ်စိမ်းမြေဩဇာအဖြစ်ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့်မတ်ပဲစသည်တို့အပြင်  ပိုက်ဆန်လျှော်အစရှိသည်တို့ကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ ၄၅ ရက်သားအချိန်တွင်  ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့်  နောက်စိုက်ပျိုးမည့်  သီးနှံအတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်းဟု ခေါ်ဆိုသည်။

ဝါသီးနှံစိုက်စနစ်သည်အတန်းလိုက်စိုက်ပျိုးပြီး တန်းကြားအကွာအဝေးထားကာစိုက်ပျိုးသောသီးနှံဖြစ်ခြင်းကြောင့်တန်းကြားများတွင်သစ်စိမ်းများတွဲဖက်စိုက်ပျိုးထည့်သွင်းနိုင်သည်။ သစ်စိမ်းသီးနှံများ၏ ကြီးထွားမှုမြန်ဆန်ခြင်းသည်  ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုအပေါ်အဟန့်အတားမဖြစ်စေရန်အတွက်  ဝါသီးနှံစိုက်ပျိုးခြင်းတွင် သစ်စိမ်းများတွဲဖက်စိုက်ပျိုးခြင်းကို  ဝါပင်သားခွဲပြီးချိန်တွင် ဆောင်ရွက်သင့်ပေသည်။

ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်သစ်စိမ်းများအား ဝါစိုက်တန်းကြားများအကြားတွင်  စိုက်ပျိုး၍ပြန်လည်ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်၊ ရုပ်ဂုဏ်သတ္တိနှင့်  ဝါသီးနှံအပင်ဖြစ်ထွန်းမှုနှင့်အထွက်နှုန်းအပေါ်   အကျိုးသက်ရောက်မှုကိုသိရှိစေရန် ၂၀၂၁၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီများတွင်  ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်) ၌  သုံးရာသီဆက်တိုက်စိုက်ပျိုးစမ်းသပ်ဆောင်ရွက်ခဲ့သည်။ ပိုက်ဆန်လျှော်၊ ပဲတီစိမ်း၊ ပဲလွမ်း၊  ပဲယဉ်းသစ်စိမ်း အသီးသီးတို့အား သီးသန့်ထည့်သွင်းသည့် စမ်းသပ်ချက် လေးမျိုး၊ ၎င်းသစ်စိမ်းအသီးသီးတို့အား ဓာတ်မြေဩဇာ(ယူရီးယား ၁ ဒသမ ၅ အိတ် + တီစူပါတစ်အိတ် + ပိုတက်တစ်အိတ်/ဧက)နှင့် တွဲဖက်ထည့်သွင်းသည့်  စမ်းသပ်ချက်လေးမျိုး၊  ဓာတ်မြေဩဇာသီးသန့် စမ်းသပ်ချက်တစ်မျိုးနှင့် ဗလာကွက် စမ်းသပ်ချက်တို့ဖြင့် စုစုပေါင်းစမ်းသပ်ချက် ၁၀ မျိုးအား ထပ်ပြုကြိမ်သုံးကြိမ်ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့သည်။ စမ်းသပ်ချက်များအလိုက် သစ်စိမ်းများတစ်ရာသီလျှင် ပျမ်းမျှ ( ၃ ဒသမ ၄ - ၅ ဒသမ ၅ တန်)ခန့်ထည့်သွင်းနိုင်ခဲ့ပြီး  မြေကြီးတွင် သဘာဝကာဗွန်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုပမာဏတို့သည် မူလမြေထဲပါဝင်သည့် ပမာဏနှင့်  လုံးဝအသုံးမပြုသည့်  စမ်းသပ်ချက်တို့ထက်ပိုလာခြင်း၊  အပင်အမြစ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည့်  မူလမြေ၏  သိပ်သည်းဆပမာဏသည် လျော့ကျလာခြင်းကို တွေ့ရှိရသဖြင့်  မြေဆီလွှာဖွံ့ဖြိုးမှုရှိလာကြောင်း  တွေ့ရှိရသည်။

စမ်းသပ်မှုတတိယမြောက်ရာသီအပြီးတွင် ဝါပင်ဖြစ်ထွန်းမှုအခြေအနေ၊တစ်ပင်ရှိသီးလုံး၊ ဝါတစ်ပေါက်အလေးချိန်နှင့်  ဝါအထွက်နှုန်းတို့မှာ သိသာစွာကွာခြားခဲ့ပြီး  ဝါထွက်အများဆုံးကို  ဝါနှင့်ပဲလွမ်း၊ ဝါနှင့်ပဲယဉ်းသစ်စိမ်းတွဲပြီး  စိုက်ပျိုးခြင်းမှရရှိခဲ့သည်။  

စမ်းသပ်တွေ့ရှိချက်များအရ   ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် မြေဆီလွှာဂုဏ်သတ္တိများတိုးတက်လာမှုဝါပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကောင်းမွန်မှုများကြောင့်ဝါနှင့်အသင့်တော်ဆုံးသော တွဲဖက်သစ်စိမ်းသီးနှံမှာ  ပဲလွမ်းနှင့် ပဲယဉ်းသစ်စိမ်းများဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။ ဝါသီးနှံစိုက်ပျိုးခြင်း၏    စိုက်ပျိုးနည်းစနစ်အားသာချက် (အတန်းအလိုက်နှင့်သီးသန့်စိုက်ပျိုးခြင်း) အခြေအနေတွင်  သစ်စိမ်းအမျိုးမျိုးတွဲဖက်စိုက်ပျိုးနိုင်ပြီး မြေအတွင်းပြန်လည်ထည့်သွင်းခြင်းဖြင့်   စိုက်ပျိုးမြေအတွင်း  နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်တို့ ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့်  မြေဆီလွှာကောင်းမွန်လာပြီး အထွက်နှုန်းများတိုးတက်လာ၍ ရေရှည်တည်တံ့သေစိုက်ပျိုးထုတ်လုပ်မှုကိုအထောက်အကူဖြစ်လာစေနိုင်သည်။

သီးနှံတစ်ခု စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်သောကြောင့် ရေရှိသော်လည်း မြေညံ့ပါကလည်းကောင်း၊ တစ်နည်းအားဖြင့် ပျက်စီးနေသော မြေဖြစ်ပါက မျိုးစေ့ကောင်းဖြစ်သော်ငြားလည်းကောင်း၊ မြေကောင်းသော်လည်းနည်းစနစ်တကျ မစိုက်ပျိုးနိုင်ပါကလည်းကောင်း အောင်မြင်စွာဖြစ်ထွန်းနိုင်မည်မဟုတ်ပါ။  

သစ်စိမ်းများထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီဩဇာတိုးတက်လာခြင်း၊ သဘာဝမြေဩဇာနှင့်  အာဟာရဓာတ်များပေါင်းစည်းပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုနှင့်  လေဝင်လေထွက်ကောင်းမွန်လာစေခြင်း၊ ပိုးမွှားရောဂါကျရောက်မှုအား ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း၊ ပေါင်းမြက်များပေါက်ရောက်မှုသက်သာစေခြင်း၊ မြေဆီလွှာအကျိုးပြု အဏုဇီဝကောင်များနှင့် အခြားသက်ရှိများ၏ ကြီးထွားမှုကိုလှုံ့ဆော်ပေးခြင်းဖြင့်  မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်လာနိုင်ခြင်း  စသည့်အကျိုးကျေးဇူးကောင်းများရရှိစေနိုင်မည်ဖြစ်ပါ၍  စိုက်ပျိုးသီးနှံများကိုပဲမျိုးရင်းဝင်အပင်များနှင့်တွဲဖက်၍ သစ်စိမ်းအဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။      ။

MWD Web Portal

အာဒါလွတ်ဥ၏အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်အာနိသင်များ

Posted_Date

Image

အာဒါလွတ်ဥ၏အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်အာနိသင်များ

Body

အာဒါလွတ်ဥသည် အပူပိုင်းဒေသများမှထွက်သော သစ်ဥသစ်ဖုပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည် Maranta Arundinacea ခေါ် ချုံပင်တစ်မျိုး မှထွက်သောဥဖြစ်သည်။ အာဒါလွတ်ပင်သည် Maranta မျိုးနွယ်စုဝင်နှင့် Marantaceae မျိုးရင်းဝင်ဖြစ်သည်။အာဒါလွတ်ဥသည် အစာကြေလွယ်သောကစီဖြစ်သဖြင့် ယင်းကို ကလေးငယ်များနှင့် နာမကျန်း ဖြစ်နေသူများအတွက်  ဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြသည်။

အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ

အာဒါလွတ်ဥတွင်အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် B အုပ်စုကဲ့သို့ အာဟာရဓာတ်များပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ်ကဲ့သို့ သတ္တုဓာတ်များလည်း ကြွယ်ဝသည်။ အာဒါလွတ်ဥတွင်  အာဟာရဓာတ်များနှင့် သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်ခြင်း၊  အရိုးကိုသန်မာစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို  ပေးစွမ်းနိုင်သည်။  အာဒါလွတ်ဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ်  (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ်  (၈ ရာခိုင်နှုန်း)၊ အဆီ သုည ဒသမ ၂ ဂရမ် (သုညရာခိုင်နှုန်း)၊ ကိုလက်စထရော  သုည ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း)၊ ပိုတက်ဆီယမ်  ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။

အာဒါလွတ်ဥ၏ဆေးဖက်ဝင်ပုံ

အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။ အစာခြေ စနစ်ကိုကောင်းမွန်စေသော အာဒါလွတ်ဥခန္ဓာကိုယ်၏အစာခြေစနစ်တွင် အမျှင်ဓာတ်က အရေးပါဆုံး ထဲတွင် ပါဝင်ပြီး  အူလမ်းကြောင်းအတွင်း၌ အစားအစာရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓာတ်များ စုပ်ယူနိုင်အောင် နှိုးဆွပေးသည်။ အာဒါလွတ်ဥတွင် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများကိုလည်း ကာကွယ်ပေးပြီး    သွေးတွင်း သကြားဓာတ်ကိုလည်း   ထိန်းထားပေးနိုင်သည်။ အဆိုပါအမျှင်ဓာတ်ကြောင့် ပိုလျှံ နေသော ကိုလက်စထရော များကိုရှင်းလင်းပေးပြီး   နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေသည်။

အစာအိမ်ရောဂါကို ကာကွယ်ပေးသောအာဒါလွတ်ဥ

အာဒါလွတ်ဥတွင် Gluten ဓာတ်မပါဝင်သောကြောင့် အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း မအီမသာဖြစ်ခြင်းတို့ကို ကာကွယ် ပေးနိုင်သည်။

နှလုံးကျန်းမာရေးကိုကောင်းစေသောအာဒါလွတ်ဥ

အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်ပါဝင်မှုပမာဏများသောကြောင့်နှလုံးနှင့်ပတ်သက်သည့် ရောဂါဝေဒနာ များဖြစ်ပွားမှုမှ   ကာကွယ်ပေးသည်။  ပိုတက်ဆီယမ်က  နှလုံးသွေးလွှတ်ကြောများနှင့် သွေးပြန်ကြော များကိုပြေလျော့စေပြီး  သွေးဖိအားကိုကျစေသဖြင့်   နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့နည်းစေသည်။ အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်နှင့်  ဆိုဒီယမ်ပါဝင်မှုများသောကြောင့်   သွေးအားကိုထိန်းညှိပေးနိုင်သည်။ သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးသင့်သည်။  အာဒါလွတ်ဥထဲတွင်ပါဝင်သည့်   ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့်   Homocysteine  ဓာတ်ကိုလျှော့ချပေးသည်။   မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားပြီး  သတ္တုဓာတ်ကြွယ်ဝသောကြောင့်သွေးလည်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင်  B အုပ်စုကြွယ်ဝစွာပါဝင်ပြီး ကောင်းမွန်သည့် ကိုလက်စထရောများ ပါဝင်သောကြောင့် နှလုံးသွေးကြောနှင့် ပတ်သက်သည့် ရောဂါများကို ကာကွယ်ပေးသည်။ သွေးအားနည်းရောဂါအပြင်မူးမော်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးသည်။

မှတ်ဉာဏ်ကောင်းစေသောအာဒါလွတ်ဥ

အာဒါလွတ်ဥထဲတွင်ပါဝင်သည့် သံဓာတ်သည် သွေးလည်ပတ်မှုအား ကောင်းစေသဖြင့် ဦးနှောက်ထဲသို့ အောက်ဆီဂျင်လုံလောက်စွာရောက်ရှိ စေသည့်အတွက်  မှတ်ဉာဏ်ကောင်းစေသည်။   သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။

အရိုးသန်မာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသော အာဒါလွတ်ဥ

အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေသည်။ အာဒါလွတ်ဥတွင် ကြေးနီဓာတ် နှင့် သံဓာတ်ပါဝင်သောကြောင့် သွေးနီဆဲလ်များကို   တိုးပွားစေပြီး ပင်ပန်းနွမ်းနယ်ခြင်း၊  အားနည်းခြင်းမှကာကွယ်ပေးသည်။  အဆိုပါဓာတ်များကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသည်။

သန္ဓေသားအတွက်ကောင်းသောအာဒါလွတ်ဥ

အာဒါလွတ်ဥတွင် ဖောလိတ်ဓာတ်ပါဝင်မှုများသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများစားပါက မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့်ဆဲလ်ကျန်းမာရေးများတွင်  အရေးကြီးသောဓာတ်ဖြစ်ပြီး  ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးသော အာဒါလွတ်ဥ

အသားမှရသောပရိုတင်းများထက်  အသီးအနှံနှင့်သစ်ဥသစ်ဖုမှရသော ပရိုတင်းကို ခန္ဓာကိုယ်က စုပ်ယူရပိုမိုလွယ်ကူသောကြောင့်  ပရိုတင်းအသင့်အတင့်ပါဝင်သော  အာဒါလွတ်ဥကိုစားပေးခြင်းဖြင့်  ကျန်းမာသည့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။

ကိုယ်အလေးချိန်ကျစေသော အာဒါလွတ်ဥ

အာဒါလွတ်ဥသည် Diet လုပ်သည့်နေရာတွင်ပိုသင့်တော်သည်။ အာဟာရဓာတ်များနှင့် အမျှင်ဓာတ်ပါသည့် အာဒါလွတ်ဥကိုတွဲစားလျှင် ဝိတ်ချ၊   အစားလျှော့သည့်အစီအစဉ်တွင်   ပို၍အကျိုး ထူးနိုင်သည်။ အဆာပြေအနေဖြင့်လည်းစားနိုင်သည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးသောအာဒါလွတ်ဥ

အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသက်သာစေနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်တတ်သည့်  အမျိုးသမီးများအနေဖြင့်  အာဒါလွတ်ဥစားပေးသင့်သည်။

ကိုယ်ခံအားမြင့်စေသောအာဒါလွတ်ဥ

အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊ နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည် ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင် အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များ အတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး န်အားလည်းမြင့်တက်စေသည်။

ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းစေသော အာဒါလွတ်ဥ

အာဒါလွတ်ဥတွင် ဗီတာမင် B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့် ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှသည်။ ဗီတာမင်  B အုပ်စုသည် ဟော်မုန်းများမှအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက် ဖြစ်စဉ်များကို ထိန်းညှိရာတွင် အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲမှ အယ်ကာလိုင်းအက်စစ်ထိန်းညှိမှု အတွက် အရေးပါသည်။

ကျောက်ကပ်အားကောင်းစေသောအာဒါလွတ်ဥ

အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲမှ  အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။

သတိပြုရန်အချက်များ

အာဒါလွတ်ဥနှင့် ချောကလက်၊ နို့အေးချောင်းတို့နှင့် တွဲမစားသင့်ပေ။ ဂေါက်ရောဂါရှိသူများစားပါက ခြေဆစ်လက်ဆစ်များ နာတတ်သည်။

အချုပ်အားဖြင့်ဆိုသော်

အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊ သံဓာတ် နှင့်ဖောလစ်အက်စစ်၊  မဂ္ဂနီစီယမ်၊   ဖော့စဖရပ်တို့ပါဝင်သည့်အပြင်တခြားဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေ ခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊ သွေးအားနည်းခြင်း ကိုကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ ဆီးချိုရောဂါအတွက်  အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေး အကျိုးအာနိသင်များကိုပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်သော ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ငန်းလုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။    

Photo - My Food Myanmar