ငလျင်ဘေးကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့

Posted_Date

Image

ငလျင်ဘေးကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့

Body

သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင်  သဘာဝအလျောက်   ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့်   ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့်  မြေငလျင်လှုပ်ခတ်ခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည်  ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်တွင် နီးကပ်စွာတည်ရှိနေမည်ဆိုလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ တချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသော မြေအောက်တွင်   ဗဟိုပြုသောကြောင့်   ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်ပွားချေ။

ထို့ကြောင့်   သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည်  ရှောင်တိမ်းရန် အခက်ခဲဆုံးအန္တရာယ်ပင်ဖြစ်သည်။

အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်

နိုင်ငံတော်အစိုးရ၊  တပ်မတော်၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့်  လူမှုရေးအသင်းအဖွဲ့များသည်   ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာနနှင့်   ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍   ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။    ထို့ပြင်  ရုရှား၊ တရုတ်၊ ထိုင်း၊ မလေးရှား အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များမှလည်း  ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်အာဆီယံနိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများနှင့်အခြားသောနိုင်ငံများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်များ

ကမ္ဘာတစ်ဝန်းတွင်   သဘာဝဘေးအန္တရာယ် ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြားလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊  အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည်အကြိမ်ရေပိုမို များပြားလာခဲ့သည်။   ထိုသဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်သေကျေပျက်စီး ဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသော အဆောက်အဦများ   ကြိုတင်ဆောက်လုပ်ထားသော်လည်း   ဆုံးရှုံးမှုများ ရှိနေဆဲပင်ဖြစ်သည်။

သိပ္ပံပညာရှင်များ၊    ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသပညာရှင်များနှင့်  မုန်တိုင်းစောင့်ကြည့် လေ့လာသူများသည် ကြီးမားသောသဘာဝဘေး အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် အခက်တွေ့လျက်ရှိကြသည်။   ခေတ်မီနည်းပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့်   မိုးလေဝသနှင့် ဆက်စပ်သော  အခြားသဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့် အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊  တောမီးလောင်မှုများ၊  မြေပြိုမှုများနှင့်  မီးတောင်ပေါက်ကွဲမှုများသည်   လူသားတို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော   သဘာ၀ဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။

ဆူနာမီလှိုင်းလုံးများကြောင့် ဆားငန်ရေဖုံးလွှမ်းခံရသည့် လယ်ကွင်းများကို   ကာလအတန်ကြာ ပြုပြင်ပြီးမှသာ ပြန်လည်စိုက်ပျိုးနိုင်သည်။ ထိုနည်းတူစွာ ငလျင်ဒဏ်ကြောင့်ပြိုလဲခဲ့သော လူနေအိမ်ရာများနှင့်   အခြေခံအဆောက်အဦများကိုလည်း  အချိန်နှင့်ငွေကြေးများစွာ အကုန်အကျခံပြီးမှသာ  ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။   အထူးသဖြင့် သဘာဝဘေးအန္တရာယ် လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသောကြောင့်  နေ့စဉ်လူနေမှုဘဝသည်  များစွာခက်ခဲကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ်၏ နောက်ဆက်တွဲရောဂါများကိုလည်း   ခံစားကြရသည်။

ကြိုတင်ပြင်ဆင်ခြင်း

 ၂၁ ရာစုဦးပိုင်းမှစတင်ကာ   ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုများ  သိသိသာသာ များပြားလာခဲ့သည်။  ကမ္ဘာ့နိုင်ငံများစွာသည်  ရာသီဥတု ပြောင်းလဲမှုမှ ထွက်ပေါ်လာသော  ဆိုးကျိုးများကို ခါးစည်းခံစားရလျက်ရှိသည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်   သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အကြိမ်ရေ    ပိုမိုများပြားလာသလို ပိုမိုလည်းပြင်းထန်လာသည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများလျော့ပါး သက်သာအောင် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။

သဘာဝဘေးကို မည်သူမှတားဆီး၍မရနိုင်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုမူ လျှော့ချနိုင်သည်။ အဆိုပါလုပ်ငန်းများကို   အခြေခံအုတ်မြစ်ဖြစ်သည့်   ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့်ဖြစ်နေစေခြင်းတို့ဖြစ်သည်။ သဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေးချက်များကို ဘေးကျရောက်မည့် ဒေသရှိ   ပြည်သူလူထုက  အချိန်နှင့်တစ်ပြေးညီ ရရှိပါက ဘေးကင်းစိတ်ချရသည့် နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့်    အချိန်မီကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငလျင်ဘေးကိုစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့ ငလျင်ဘေးအပါအဝင်  သဘာဝဘေးထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ   လုပ်ငန်းကော်မတီများ၊   ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများကို  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့မအားညမအား လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အဦများအား ဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့်  တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်နှင့် နောက်ဆက်တွဲငလျင်များကြောင့်  ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားနိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

အပင်ထွက်အစားအစာရေရှည်စားသုံးသူထက်ဝက်ခန့်တွင် အာဟာရဓာတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိနေနိုင်

News Image

အပင်ထွက်အစားအစာရေရှည်စားသုံးသူထက်ဝက်ခန့်တွင် အာဟာရဓာတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိနေနိုင်

ဝယ်လင်တန်  ဧပြီ ၂၂

အပင်ထွက်အစားအစာအဓိကစားသုံးသူများအနက် ထက်ဝက်ခန့်တွင် ကြွက်သားဆုံးရှုံးမှုပြဿနာကဲ့သို့ အာဟာရဓာတ်ဆိုင်ရာကျန်းမာရေးပြဿနာများရှိနေနိုင်ကြောင်း ဧပြီ ၂၁ ရက်သတင်းများအရ သိရသည်။

နယူးဇီလန် သုတေသနပညာရှင်များသည် အပင်ထွက်အစားအစာများ ရေရှည်စားသုံးသူ ၂၀၀ ခန့်တို့ကို လေ့လာစောင့်ကြည့်ခဲ့ကြသည်။

သတိပြုကာကွယ် ငလျင်ဘေးအန္တရာယ်နှင့် ငလျင်သတိ အစဉ်ရှိဖို့လို

Posted_Date

Image

သတိပြုကာကွယ် ငလျင်ဘေးအန္တရာယ်နှင့် ငလျင်သတိ အစဉ်ရှိဖို့လို

Body

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကို ဗဟိုပြု၍ အင်အားပြင်းထန်သည့်ငလျင်  လှုပ်ခတ်ခဲ့သည်။  ငလျင်သည် စက္ကန့်ပိုင်းလောက်သာ လှုပ်သော်လည်း  ထိုစက္ကန့်ပိုင်းလောက်ဖြင့် လူ့အသက်တွေ၊ လူ့ဘဝတွေပြောင်းလဲသွားခဲ့ရသည့် ဆိုးရွားသော သဘာဝဘေးအန္တရာယ် တစ်မျိုးဖြစ်သည်။

အထူးသဖြင့်   မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက အဆိုးဆုံးဖြစ်သည်။   အင်းဝရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော   မယ်နုအုတ်ကျောင်းကြီးလည်း ပြိုပျက်ခဲ့ရသည်။  မန္တလေးကျုံးမြို့ရိုးလည်း ပြိုကျခဲ့သည်။ စာသင်တိုက်များ၊ မြန်မာနိုင်ငံ၏ အထင်ကရဘုရားပုထိုးများ မြေခခဲ့ရသည်။    ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဝမ်းနည်းစရာကောင်းလှသည်။ အင်းလေးဒေသရှိ ရေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများလည်း ပြိုကျကုန်သည်။  မန္တလေးမဟာမြတ်မုနိဘုရား တန်ဆောင်းကြီးလည်း ပြိုကျသွားသည်ဟု သိရသည်။ အင်းဝမှာဆို မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးကျောင်း၊ မဟာလောကသရဖူဘုရားနှင့် အခြားစေတီပုထိုးများလည်း ပျက်စီးခဲ့ရသည်ဟုသိရသည်။  

သဘာဝဘေးအန္တရာယ်ငါးမျိုး

ယနေ့ခေတ်ကာလ၌   မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံနေရသည်။ ရေကြီးလိုက်၊ မြေပြိုလိုက်၊  မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်နှင့် အမျိုးမျိုးတွေ့ကြုံနေရသည်။ သဘာဝဘေးအန္တရာယ် ငါးမျိုးရှိကြောင်း သိရသည်။ ထိုငါးမျိုးမှာ -

(၁) ရာသီဥတုကြောင့်ဖြစ်ပွားခြင်း၊

(၂) ပထဝီအနေအထားကြောင့်ဖြစ်ပွားခြင်း၊

(၃) မီးဘေးကြောင့်ဖြစ်ပွားခြင်း၊

(၄) ဓာတု၊ စက်မှု၊ အဏုမြူဘေးအန္တရာယ်ကြောင့်ဖြစ်ပွားခြင်း၊

(၅) မတော်တဆဖြစ်ပွားခြင်းစသည်တို့ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ငါးမျိုးအနက် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပွားခြင်းတို့သည် နံပါတ် (၂) အချက် ပထဝီအနေအထားကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည်။

ငလျင်ကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်

သဘာဝဘေး ကျရောက်လျှင် လူသားတို့ဘေးအန္တရာယ် ကျရောက်တတ်သည်။  ငလျင်လှုပ်ပြီးလျှင် နောက်ဆက်တွဲဘေး အန္တရာယ်များလည်း ကျရောက်လေ့ရှိတတ်သည်။   ရေကာတာများကျိုး၍ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စသည်တို့အပြင် တိုက်တာအဆောက်အအုံများ ပြိုကျခြင်းနှင့်အက်ကွဲခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့လည်း ဖြစ်တတ်သည်။

ငလျင်ပြင်းအားနှင့်ဖျက်ဆီးနိုင်မှုစွမ်းအား

မြေငလျင်ဖြစ်ပေါ်ရခြင်းမှာ ကမ္ဘာ့အောက်လွှာမှာ ရှိသည့်ကျောက်လွှာကြီးများ တွန်းထိုးရွေ့လျားမှုကြောင့် ကျောက်လွှာများ ရုတ်ခြည်းကျိုးပြတ် အက်ကွဲရာမှ    ထုတ်လွှတ်လိုက်သော စွမ်းအင်သို့မဟုတ် အားသည် မြေသားအတွင်း အဘက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ   ငလျင်လှိုင်းများအဖြစ် ရောက်ရှိသွားပြီး  ကြီးမားသောမြေကြီး တုန်ခါမှုဖြစ်ခြင်းသဘောကို  မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။ ငလျင်ပြင်းအားကို ရစ်ချ်တာစကေး သို့မဟုတ် ရစ်ချ်တာပြင်းအားဖြင့်တိုင်းတာသည်။ ၂ ဒသမ ၅ ရစ်ချ်တာပြင်းအားဆိုလျှင် ငလျင်တိုင်းစက်ဖြင့် တိုင်းတာနိုင်သည်။  ရစ်ချ်တာပြင်းအား ၃ ဒသမ ၅ ဆိုလျှင်လူအချို့သိနိုင်သည်။ လှုပ်သည်ဆိုရုံသာဖြစ်သည်။ ရစ်ချ်တာပြင်းအား ၄ ဒသမ ၅ ဆိုလျှင် လူတိုင်းသိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ရစ်ချ်တာပြင်းအား ၅ ဒသမ ၅ ဆိုလျှင် စနစ်တကျဆောက်မထားသော အိမ်များပျက်စီးနိုင်သည်။ ၆ ဒသမ ၀ဆိုလျှင် ကျောက်တိုင်များပြိုကျနိုင်ပြီး ၇ ဒသမ ၀ ဆိုလျှင် သံကူကွန်ကရစ် အဆောက်အအုံများ ပျက်စီးနိုင်သည်။ ရစ်ချ်တာပြင်းအား ၈ ဒသမ ၀ ဆိုလျှင် တံတားများ၊      မြေပြင်အက်ကြောင်းများ ဖြစ်ပေါ်နိုင်ပြီး မြေပြင်မှာလှိုင်းထသည်အထိ ဖြစ်နိုင်သည်။ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်က ပဲခူးမြို့၌လှုပ်ခတ်ခဲ့သောငလျင်သည် ရစ်ချ်တာစကေး ၇ ဒသမ ၃ ခန့်ရှိကြောင်း သိရသည်။ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက်က လှုပ်ခတ်ခဲ့သော မေမြို့ငလျင်ဆိုလျှင် ရစ်ချ်တာစကေး ၈ ခန့်ရှိပြီး  အပြင်းဆုံးငလျင်ပင်ဖြစ်သည်။  တိုကျိုမြို့မှာလှုပ်ခတ်ခဲ့သော ငလျင်ဆိုလျှင် လူပေါင်း ၁၄၃၀၀၀ သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ပေါင်း ၇၀၀၀၀ ခန့်ပျက်စီးခဲ့ရကြောင်း မှတ်သားခဲ့ရဖူးသည်။ ခုနှစ်ကိုကား  စာရေးသူမမှတ်မိတော့ပါ။ ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးကိုသိနိုင်စေရန် ဖော်ပြခြင်းသာဖြစ်သည်။  ထို့ကြောင့် ငလျင်ရပ်ဝန်း ဧရိယာနေသူများအနေဖြင့် အထူးသတိရှိဖို့လိုသည်။

နောက်ဆက်တွဲဘေးအန္တရာယ်များ

ငလျင်ပြင်းပြင်းလှုပ်ပြီးနောက် နောက်ထပ်ပြင်းအားပျော့ ငလျင်များ ထပ်လှုပ်နိုင်သေးသည်ကို သတိပြုသင့်သည်။  ၁၉၇၆ ခုနှစ်  မေလ ၆ ရက်က   အဲ့ပ်တောင်တန်းကို ဗဟိုပြု၍လှုပ်ခဲ့သောငလျင်သည် ပြင်းအား ၆ ဒသမ ၅ ရှိပြီး   အီတလီမြောက်ပိုင်း၊ သြစတြေးလျ၊   ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းတို့ ထိခိုက်ခဲ့ရသည်။ ထိုငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်က အကြိမ် ၁၃၀ ခန့် လှုပ်ခဲ့သည်ဟု သိရသည်။

ငလျင်ဘေးကြောင့်  မိလ္လာပိုက်လိုင်းများ၊ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများယိုစိမ့်နိုင်သည်။  အဆိုပါညစ်ညမ်းရေဆိုးများကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

ငလျင်ဒဏ်ကြောင့်   လမ်းတံတားများပြိုကျခြင်း၊ ကျိုးပဲ့ပျက်စီးနေခြင်းတို့ ဖြစ်တတ်သဖြင့် ပျက်စီးနေသောလမ်းများ အပေါ်သွားလာခြင်း၊ ယာဉ်မောင်းနှင် ခြင်းကိုရှောင်ကြဉ်သင့်သည်။  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတော်အနေဖြင့် လုံခြုံမှုရှိကြောင်း အတည်ပြုမှသာ သွားလာသင့်သည်။ ထို့ပြင် ငလျင်ဗဟိုချက်သည် ပင်လယ်အောက်၌ရှိနေပါက ဆူနာမီလှိုင်းဖြစ်နိုင်သည်။ ထို့ကြောင့် ငလျင်လှုပ်ချိန်နှင့် လှုပ်ပြီးနောက် ကမ်းခြေနှင့် ဝေးရာတွင်နေရမည်ဖြစ်သည်။  ငလျင်လှုပ်ပြီး မပိတ်ထားသောမီးခလုတ်များနှင့် ငြှိမ်းသတ်ထားခြင်း မရှိသောမီးဖိုများမှ မီးလောင်မှုဖြစ်ပွားတတ်သည်။ မန္တလေးမြို့စိန်ပန်းရပ်မှာ ငလျင်လှုပ်အပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။  ယခုဖော်ပြချက်သည် ငလျင်လှုပ်အပြီး နောက်ဆက်တွဲဖြစ်တတ်သည့် ဘေးအန္တရာယ်များပင်ဖြစ်သည်။

မြေငလျင်ဘေးဝေးစေဖို့နှင့်ငလျင်သတိအစဉ်ရှိဖို့

 မြန်မာနိုင်ငံ၌ မြေငလျင်ဒဏ်ကို စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊  မေမြို့နှင့်အခြားဒေသများတွင်ရင်ဆိုင်ရသော်လည်း စစ်ကိုင်း၊ မန္တလေးနှင့် ပုဂံက ထိခိုက်မှုအများဆုံးဖြစ်သည်။  ထိုမြေငလျင်ဒဏ် အများဆုံး ခံရနိုင်ဖွယ်ရှိသောဒေသများ သို့မဟုတ် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် မိမိတို့လုံခြုံရေးအတွက် နည်းလမ်းကောင်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။  နေ့စဉ်နေ့တိုင်း ပြင်ဆင်နေရမည်ဟု မဆိုလိုပါ။   သို့သော်လေးလံသော အရာဝတ္ထုများ ဦးခေါင်းပေါ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပေါ်သို့မကျရောက်အောင် နေအိမ်များ၊ စာသင်ခန်းများ၊ ရုံးခန်းများကိုပြင်ဆင်ထားသင့်သည်။   အထူးသဖြင့် လူဦးရေထူထပ်များပြားသော အဆောက်အအုံမျိုးတွင် မြေငလျင်ဒဏ်အတွက်   အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်သည်။ လူဦးရေထူထပ်သော ငလျင်ဧရိယာများ၌    အရေးပေါ်ငလျင်ဘေးကို ရှောင်တိမ်းနိုင်အောင် ကွင်းပြင်ဧရိယာမျိုးကိုလည်း ဖန်တီးထားသင့်သည်။  နေအိမ်များ ဆောက်လုပ်ရာတွင် ခိုင်ခံ့အောင်စနစ်တကျ ဆောက်လုပ်သင့်သည်။

အိုဟောင်းနေသောအိမ်များ၊ ကျောင်းများ၊ ရုံးများနှင့် လူထူထပ်သော အဆောက်အအုံများကို အသုံးမပြု သင့်ပေ။ ထို့ပြင် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် ရေဒီယို၊  ဓာတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေနှင့်အရေးပေါ် အထောက်အပံ့ပစ္စည်းများကို သိုမှီးထားသင့်သည်။  ထို့ပြင်အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများသည် မြေငလျင်ပြီးသည့်အခါ ပြန်ဆုံနိုင်ရန်စီမံချက်များ ရှိရပေမည်။  မြေငလျင်ပြီးသောအခါ ခိုင်ခံ့မှုမရှိသော အဆောက်အအုံများ၊ ကွဲအက်နေသော အဆောက်အအုံများနှင့်  ဝေးဝေးနေကြရမည်။ မြေငလျင်သည် မြို့၊ ရွာများကို ဖျက်ဆီးသွားပြီးနောက်    ဘာလုပ်ရမည်ကို သိရှိဖို့များစွာလိုအပ်သည်။ ပထမဆုံးပိတ်မိနေသော လူများ၊ ဒဏ်ရာရလူများကို ကူကယ်ရပါမည်။ ငလျင်လှုပ်ပြီးနောက်    နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်သည်ကို သိရှိဖို့လိုသလို ပျက်စီးနေသော အဆောက်အအုံများနှင့် ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အအုံများမှာ မနေသင့်ပါ။   အချိန်မရွေးပြိုကျနိုင်ကြောင်းကို သတိထားရမည်ဖြစ်သည်။   ယာယီစခန်းများချ၍ အပြင်ဘက်မှာ ချက်ပြုတ်ပြီး အပြင်ဘက်မှာသာ အိပ်စက်ကြရမည်။ သို့မှသာ ငလျင်ဘေး ကင်းဝေးစေမည်ဖြစ်သည်။  ထို့ပြင်  ငလျင်လှုပ်တော့မည်ဆိုလျှင် ရှေ့ပြေးနိမိတ်ဖြစ်သည့် ကန်ရေကျသွားခြင်း၊ ဘဲများရေစပ် သို့မသွားတော့ခြင်း၊ တိရစ္ဆာန်များ ပုံမှန်အနေအထားမျိုးမဟုတ်ဘဲ အစာမစားတော့ခြင်း ထိုအချက်မျိုးကို ငလျင်ဧရိယာအတွင်း နေထိုင်ကြသူများ အစဉ်သတိဖြင့် ကြည့်ရှုကြဖို့လိုသည်။  ထိုအချက်မျိုးတွေ့ပါက ငလျင်ကျရောက်နိုင်မည်ကို  ခန့်မှန်းသိရှိနိုင်သလို ငလျင်ဘေးအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ငလျင်သတိအစဉ်ရှိကြဖို့ တိုက်တွန်းချင်ပါသည်။

မြေငလျင်ဘေးကို ချက်ချင်းတုံ့ပြန်ခဲ့

ကပ်ဘေး သို့မဟုတ် သဘာဝဘေးတစ်ခုခုဖြစ်ပြီးနောက်  ဒေသအဖွဲ့အစည်းများနှင့် အစိုးရဝန်ထမ်း အဖွဲ့အစည်းများက ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါက ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေရေးနှင့် တွေ့ရှိရေးလုပ်ငန်းများ၊ တူးဖော်ရေးလုပ်ငန်းများ၊  ရေနှင့်အစားအစာရရှိရေး လုပ်ငန်းများကို    အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရသည်။   လုပ်ဆောင်ဖို့လည်း လိုအပ်သည်။ သို့မှသာ သဘာဝဘေးကို ချက်ချင်းတုံ့ပြန်နိုင်မည်ဖြစ်ပြီး  အသက်ဆုံးရှုံးမှုနည်းမည်ဖြစ်သည်။  ငလျင်တုံ့ပြန်မှု အဖွဲ့အစည်းများ အနေဖြင့် ငလျင်လှုပ်ပြီးနောက် ကွဲကွာသွားသောမိသားစုများ အားပြန်လည်တွေ့ဆုံနိုင်အောင် ဆောင်ရွက်ခြင်း၊   သတင်းထုတ်ပြန်ချက် ဆိုင်းဘုတ်များထောင်ခြင်း၊  နောက်ဆက်တွဲမြေငလျင်အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အဆက်မပြတ်   ထိတွေ့သတင်းယူနေရမည်ဖြစ်သည်။ သို့မှသာနောက်ဆက်တွဲငလျင်လှိုင်းကို ကာကွယ်ရှောင်တိမ်းနိုင်မည်ဖြစ်သည်။ 

အလွန်အဆင့်မြင့်သောငလျင် သတိပေးစနစ်များကို တပ်ဆင်သင့်သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းနေရာများ၌  အဆိုပါစနစ်မျိုးရှိကြောင်း သိရသည်။ အထူးသဖြင့် သဘာဝဘေးဖြစ်ပြီးနောက် ချက်ချင်းကူကယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။  ထိုသို့ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် သေဆုံးမှုနှုန်းကို လျော့နည်းစေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့်  ပျက်စီးဆုံးရှုံးများရှိခဲ့သည်။  ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများနှင့် ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရန် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်  ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်စေရန် နေပြည်တော်သို့ထွက်ခွာသွားကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏  မတ်လ ၂၈ ရက် ထုတ်ပြန်ချက်အရသိရသည်ဟု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။   ဤကား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း ငလျင်ဒဏ်သင့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ပြည်သူများကိုလည်း သွားရောက်အားပေး ကြည့်ရှုပြီးနေပြည်တော်ခုတင်-၁၀၀၀ ဆေးရုံမှာ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများအား   ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှုများကိုလည်း ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ပျက်စီးခဲ့ရသည့် လမ်းများကိုကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း  အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေးအရေးပေါ် ကြေညာချက်ထုတ်ပြီး ဆောင်ရွက်လျက်ရှိသည်။  နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ငလျင်ဒဏ်သင့်နေရာများအား ငလျင်လှုပ်ခတ်ပြီးနောက် နာရီပိုင်းအတွင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ဟုလည်းသိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဦးစွာပင်လောင်း လမ်းဆုံနေရာမှ   နေပြည်တော်တိုင်းစစ်ဌာနချုပ် မီးပွိုင့်နေရာအထိ ငလျင်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး အများပြည်သူသွားလာရေး အဆင်ပြေစေရန် ဦးစားပေး ဆောင်ရွက်သွားရန်၊ ယာဉ်ယန္တရားအင်အားကို အသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကိုမှာကြားခဲ့သည်။  ဤကားငလျင်ဘေးကြောင့် ပျက်စီးခဲ့သည်များကိုပြင်ဆင်ရန် ချက်ချင်းတုံ့ပြန် ညွှန်ကြားခဲ့ခြင်းပင်ဖြစ်သည်။ ထို့ပြင် အများပြည်သူများအနေဖြင့်လည်း  နိုင်ငံတော်နှင့်အတူ လက်တွဲ၍ ပူးပေါင်းပါဝင်ကာ ငလျင်ဘေးကိုဝိုင်းဝန်း ကာကွယ်ကြဖို့လိုသလို ကူကယ်ရေးလုပ်ငန်းများကိုလည်း အတူပူးပေါင်း ဆောင်ရွက်ကြဖို့လိုသည်။ ထို့ပြင်ငလျင်ဘေး အန္တရာယ်ကင်းစေဖို့အတွက် အထက်မှာဖော်ပြခဲ့သည့် သတိပြုကာကွယ်သင့်သည်များကိုလည်း  သတိပြုလိုက်နာကြဖို့ လိုကြောင်းနှင့် ငလျင်သတိအစဉ်ရှိဖို့ လိုကြောင်းလည်း တိုက်တွန်းလိုပါသည်။      ။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အခွန် တိုးမြှင့်ကောက်ခံမည်

News Image

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် တိုးမြှင့်ကောက်ခံမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို ပြည်ပခရီးစဥ်အတွက် (၂၅) ဒေါ်လာနှင့် ပြည်တွင်းခရီးစဥ်အတွက် ကျပ် (၁၅,၀၀၀) တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုးမြှင့်ကောက်ခံခြင်းသည် မေလ (၁၂) ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး Check-in တွင် လေဆိပ်အခွန်အဖြစ် အသက်ဝင်မည် ဖြစ်သည်။