၂ဝ၂၅ နှစ်ဦးပိုင်းကစပြီး မြန်မာပြည်တစ်လွှား အင်အားအသင့်အတင့်ရှိသော မြေငလျင်တချို့ ခပ်စိပ်စိပ် လှုပ်ခတ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၃ နာရီ ၃၅ မိနစ် ၁၄ စက္ကန့်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့၏ ၁၅ မိုင်ခန့်အကွာ၌ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ ဝ၃ မိနစ် ၃ဝ စက္ကန့်က ဟားခါးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၇၃ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (မတူပီမြို့၏ အရှေ့ဘက် ၂၂ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၅၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၇၈ ဒီဂရီ၊ အနက် ၅၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
မတ်လ ၃ ရက် မြန်မာစံတော်ချိန် ၁ဝ နာရီ ဝ၃ မိနစ် ၁၃ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၂၇ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ဝ၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
မတ်လ ၅ ရက် မြန်မာစံတော်ချိန် ဝ၄ နာရီ ၃၆ မိနစ် ၄၇ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်ကွာဝေးသော မြန်မာပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၆ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂ဝ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ဝ၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ရာ ယင်းပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှကြေညာခဲ့သည်။
မြေငလျင်လှုပ်ခြင်း
ဘူမိဗေဒသဘောတရားအရ မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိသောအခါ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားပြီးနောက်အပေါ်တစ်ခုမှာ တွန်းတိုက်ခံလိုက်ရသည့်အတွက် တွန့်ခေါက်လာပြီး ထိုနေရာတွင် အားတွေတဖြည်းဖြည်း စုစည်းမိလာသည်။ တစ်ချိန်ချိန်မှာ ၎င်းစုစည်းမိသော အားများက ရုတ်တရက်ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားသည်။
ထိုအခါ ၎င်းအားတွေဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါသွားသည့်ဖြစ်စဉ်ကို “မြေငလျင်လှုပ်ခြင်း (Earthquake)” ဟုခေါ်သည်။ တစ်နည်းဆိုသော် ကမ္ဘာမြေကြီးအောက်ရှိ ကျောက်လွှာများ ရုတ်တရက်ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသောမြေသားများ ပြင်းထန်စွာတုန်ခါခြင်းကို မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။
မြေငလျင်လှုပ်သောအခြားအကြောင်းများ
အောက်ဖော်ပြပါအကြောင်းများကြောင့်လည်း မြေငလျင်လှုပ်တတ်သည်။
- မြေအောက်ကျောက်လွှာများ လှုပ်ရှားမှု။ (အဖြစ်အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်၏)
- မီးတောင်ပေါက်ကွဲခြင်းကြောင့် ကမ္ဘာ့မြေထု ချပ်ကြီးများ တစ်ခုနှင့်တစ်ခု တွန်းကန်မှု သို့မဟုတ် ကျွံကျနိမ့်ဆင်းမှု။ (ပျက်စီးအား ပြင်းထန်လေ့မရှိပေ)
- မြေအောက်မိုင်းခွဲခြင်း သို့မဟုတ် ဖောက်ခွဲမှု ကဲ့သို့သော ပေါက်ကွဲအားပြင်းထန်သည့် လူတို့လုပ်ဆောင်မှု။
- အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျရောက်မှု။
သတိပြုစေလို
သတိထားရမည့်အချက်မှာ မြန်မာနိုင်ငံသည် မြောက်ဘက် ကချင်ပြည်နယ်ပူတာအိုမှ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ကိုဖြတ်ကာ အက်ဒမန်ပင်လယ်ထဲသို့ ဝင်ရောက်သွားသော အရှည်မိုင် ၆ဝဝ ကျော်သည့် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောကြီးပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် ငလျင်အန္တရာယ် အချိန်မရွေး ကျရောက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကျောက်ကြမ်း၊ ကဘော်၊ ရွှေတြိဂံ၊ ဒေးဒရဲ စသည့် ငလျင်ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ငလျင်ဘေးကို အထူးသတိပြုကြရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ငလျင်လှုပ်ခတ်ပါက အများပြည်သူတို့ ကြိုတင်စုဝေးနိုင်သည့် နေရာများကို ကြိုတင်ပြင်ဆင်ထားခြင်း၊ ငလျင်နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ထားသင့်ပါသည်။
ထို့ပြင်အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများ ဖြန့်ချိမှုများကိုစိစစ်ကာ သတင်းမှန်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့ကိုလည်း အလေးထားလုပ်ဆောင်သင့်ပါသည်။
မြေငလျင်ရှေ့ပြေးလက္ခဏာများ
ဗဟုသုတတစ်ရပ်အနေဖြင့် ငလျင်မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိနိုင်သော ရှေ့ပြေးလက္ခဏာများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။
-တိရစ္ဆာန်များ ပုံမှန်မဟုတ်သော အပြုအမူများ ပြုမူအော်ဟစ်တတ်ခြင်း။ (အထူးသဖြင့် ပျား၊ ငှက်၊ ဝက်ဝံများသည် ၎င်းတို့ခိုအောင်းနေရာက ထွက်လာခြင်း၊ ငလျင်လှုပ်ခါနီးနိမိတ်တွင် ကြက်များဥဥတာ ရပ်သွားခြင်း၊ ငါးခူများက လျှပ်စစ်သံလိုက်လှိုင်းများကို အာရုံခံနိုင်စွမ်းကောင်းသည့်အတွက် ငလျင်လှုပ်ခါနီးမှာ ငါးခူများ ကြမ်းကြမ်းတမ်းတမ်း ကူးခပ်နေကြခြင်း၊ ခွေးနှင့်ကြောင်များ ကြောက်လန့်နေပုံပေါ်ခြင်း)
- ဆိုးဝါးသောအနံ့များရခြင်း။
- ရေတွင်းများပုံမှန်မဟုတ်ဘဲ ရေခန်းသွားခြင်း။
- ရေမျက်နှာပြင်မြင့်တက်လာခြင်း။
- အပူချိန်တိုးလာခြင်း။
- ငလျင်လှုပ်မည့်ဒေသအောက်တွင် တော်လည်းသံများ ကြိုတင်ဖြစ်ပေါ်တတ်ခြင်း စသည်တို့ဖြစ်ကြသည်။
မြေငလျင်မလှုပ်မီ ကြိုတင်ဆောင်ရွက်သင့်သည့် အချက်များ
(၁) မိမိအိမ် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်နေရာများအတွင်းရှိ လုံခြုံသော နေရာများကို လေ့လာထားပါ။
(၂) အန္တရာယ်ရှိတတ်သည့်နေရာများကို သတိထားပါ။
(၃) အိမ်အပြင်ဘက် သို့မဟုတ် ကျောင်း သို့မဟုတ် အလုပ်ခန်းအပြင်ဘက်တွင်လည်း လုံခြုံစိတ်ချရသည့်နေရာများကို ကြိုတင်လေ့လာထားပါ။
(၄) မိမိနေထိုင်ရာနေရာသည် မည်သည့် ငလျင်ဇုန်တွင် ကျရောက်နေသည်၊ မည်ကဲ့သို့ပြင်ဆင်ထားသင့်သည်ကို လေ့လာထားပါ။
(၅) ဘေးကင်းလုံခြုံသော နေရာလမ်းကြောင်းများကို သတ်မှတ်ထားပါ။ ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင်ရမည့် နည်းလမ်းများကို မိသားစုဝင်များအား အသိပေးလေ့ကျင့်ထားပါ။
(၆) ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။
(၇) မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။
(၈) မိမိအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်း ခိုင်မာအောင်ပြုလုပ်ထားပါ။ (၉) ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးအားမြှင့်စက်စသည့် အရေးပေါ်ကိစ္စများအား ဖြတ်တောက်နိုင်မည့် နေရာများကို လေ့လာထားပါ။
(၁ဝ) ရှေးဦးသူနာပြုပစ္စည်း၊ စားစရာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲအပို၊ ခရီးဆောင်ရေဒီယိုနှင့် အရန်ဓာတ်ခဲများဆောင်ထားပါ။
(၁၁) မြေသားမခိုင်မာသည့် နေရာများရှိ အဆောက်အအုံများနှင့် သက်တမ်းလွန် အဆောက်အအုံများကို ရှောင်ပါ။
မြေငလျင်လှုပ်ရှားနေစဉ် ဆောင်ရွက်သင့်သည့် အချက်များ
(၁) ကြောက်ရွံ့ထိတ်လန့်မှုမရှိပါနှင့်။ သတိရှိပါ။ တည်ငြိမ်မှုရှိပါ။
(၂) မီးသုံးနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ၊ မီးခလုတ်များကိုပိတ်ပါ။
(၃) ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အအုံများအနီးမှ အမြန်ဆုံးရှောင်ရှားပါ။
(၄) ၅ စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် (ဝပ် ကာ ကိုင်) ပုံစံဖြင့်နေပါ။ (ဝပ် = ဘေးအန္တရာယ်ကင်းသောနေရာတွင် ဝပ်နေပါ။ ကာ = ခိုင်ခံ့သောစားပွဲ၊ ခုတင်အောက်တွင် မိမိကိုယ်ကို အကာအကွယ်ယူပါ။ ကိုင် = ခိုင်ခံ့သောစားပွဲ၊ ခုံ၊ ခုတင်များကို မြဲမြံစွာ ကိုင်ထားပါ။
(၅) အိမ်ထဲတွင်ရှိနေပါက ခုတင်၊ စားပွဲခုံအောက်သို့ ဝင်နေပါ။ ခုတင်၊ စားပွဲမရှိလျှင် အဆောက်အအုံ၏ အတွင်းနံရံတစ်လျှောက် သို့မဟုတ် ထောင့်တစ်ခုခုတွင် အကာအကွယ်ယူပါ။
(၆) တံခါးပေါက် သို့မဟုတ် ပြတင်းပေါက် သို့မဟုတ် ဝရန်တာမှ ဝေးဝေးနေပါ။
(၇) မြင့်မားလေးလံသော ဗီရို သို့မဟုတ် ရေခဲသေတ္တာ စသည့် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများမှ ဝေးဝေးနေပါ။
(၈) အိပ်ရာထဲရောက်နေပါက ဦးခေါင်းကို ခေါင်းအုံးအောက်မှာ ထားပြီးကာကွယ်ပါ။ (၉) မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အအုံအတွင်း မနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာရှောင်ရှားပါ။
(၁ဝ) အဆောက်အအုံကို စွန့်ခွာရမည်ဆိုလျှင် ဓာတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ။
(၁၁) မီးများငြှိမ်းသတ်ထားပါ။
(၁၂) မြေငလျင်လှုပ်နေစဉ် အပြင်သို့လုံးဝထွက်မပြေးပါနှင့်။
(၁၃) အထပ်မြင့်တိုက်များ၏ တံခါးပေါက်များမှ ခုန်ထွက်၊ ခုန်ချခြင်း မပြုပါနှင့်။
(၁၄) ဓာတ်လှေကားထဲသို့ တိုးဝှေ့ခြင်းမပြုရ။
(၁၅) ငလျင်လှုပ်စဉ် လမ်းပေါ်သို့ရောက်နေပါက မြင့်မားသော တိုက်တာ အဆောက်အအုံများ၊ မီးတိုင်၊ သစ်ပင်၊ လျှပ်စစ်ဓာတ်ကြိုးတန်းနှင့်ဝေးရာသို့ အမြန်ရှောင်ရှား၍ မြေပြင်မှာဝပ်နေပါ။
(၁၆) ငလျင်လှုပ်စဉ် ကားထဲတွင်ရှိနေပါက ကားကိုအရှိန်လျှော့၍ ဘေးကင်းမည့်နေရာကိုမောင်းသွားပြီးရပ်ထားပါ။ ကားကိုစက်သတ်ကာ ကားထဲမှာပဲ ဆက်ထိုင်နေပြီး တံတား၊ အဆောက်အအုံများနှင့် ဝေးရာမှာနေပါ။
(၁၇) နိမ့်သောကမ်းပါး သို့မဟုတ် ရေတွင်းရေကန်တို့မှ ဝေးဝေးနေပါ။
(၁၈) ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများဖြစ်ပါက မြေပြင်တောင်ကုန်း ရှိရာနေရာသို့အမြန်ဆုံးသွားပါ၊ ဆူနာမီလှိုင်းကြီးများ ဝင်ရောက်လာနိုင်သဖြင့် ပင်လယ်ကမ်းခြေမှ ဝေးဝေးနေပါ။
မြေငလျင်လှုပ်ပြီးနောက် ဆောင်ရွက်သင့်သည့် အချက်များ
(၁) မိသားစုဝင်များကို စစ်ဆေးပါ။ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။
(၂) မိမိကိုယ်ကို အနာတရဖြစ်၊ မဖြစ်စစ်ဆေးပါ။
(၃) ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကိုကူညီပြီး ရှေးဦးပြုစုပါ။
(၄) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မကျန်းမာသူများ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးကယ်တင်ပါ။
(၅) အင်အားကြီးသည့် ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင်ဆက်မလှုပ်မီ အဆောက်အအုံ အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်ပါ။
(၆) မိမိအိမ်နှင့်ပတ်ဝန်းကျင်ရှိ လျှပ်စစ်ပစ္စည်းများ၊ ပျက်စီးမှုများ အားလုံးကို ပြန်လည်စစ်ဆေးပါ။
(၇) ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့်နေရာများတွင် ခေတ္တယာယီနေပါ။
(၈) အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကိုမသုံးပါနှင့် မီးလောင်နိုင်သည်။
(၉) မီးခလုတ်များကိုပိတ်ထားပြီး ဓာတ်မီးနှင့် ဘက်ထရီမီးများကိုသာ သုံးပါ။
(၁ဝ) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စသောလောင်စာနံ့များရပါက အမြန်ဆုံး ထွက်ခွာပါ။
(၁၁) ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ်ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာနှင့် ဆည်များပြိုကျခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် ရေကြီးရေလျှံခြင်းများဖြစ်တတ်၍ မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။
(၁၂) သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာထားသော သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုမျှဝေပါ။ ကောလာဟလသတင်းများကို မယုံပါနှင့်။
အချုပ်ဆိုသော် မြန်မာနိုင်ငံတွင်းတည်ရှိသော ပြတ်ရွေ့ကြောများအနက် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒပညာရှင်များ လွန်စွာစိတ်ဝင်စားကြသော မိုင် ၆ဝဝ ကျော်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ အလယ်မှဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။ ဥတုရာသီ၊ ချိန်ခါမရွေး ငလျင်လှုပ်နိုင်သည်။ ကြိုတင်ခန့်မှန်းမရသော သဘာဝဘေးတစ်ခုဖြစ်၍ ပျက်စီးဆုံးရှုံးမှုများတတ်သည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများလည်း ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ပြည်သူလူထုများ ငလျင်ဘေးဆိုင်ရာ အသိပညာများ ရရှိလာစေရန် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနက မြန်မာပြည်တစ်ဝန်း လူနေရပ်ကွက်များ၊ စာသင်ကျောင်းများတွင် ငလျင်ဘေးကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။
သို့ပါ၍ မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးမှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလတို့အတွက် သတိပေးနှိုးဆော်မှု၊ ပညာပေးလေ့ကျင့်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ဖြင့် ရင်ဆိုင်ကြရခြင်းဖြစ်ရာ နိုင်ငံသူ၊ နိုင်ငံသားတို့၏ အရည်အချင်းပြည့်ဝမှု၊ လူသားချင်းစာနာမှုတို့ဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို ကျော်လွှားကြရမည်သာ ဖြစ်ပါကြောင်း ထပ်ဆင့် အကြံပြုအပ်ပါသည်။ ။