ထရမ့်က တီဟီရန်တွင် နေထိုင်သူအားလုံး ထွက်ခွာရန် သတိပေး

News Image

ထရမ့်က တီဟီရန်တွင် နေထိုင်သူအားလုံး ထွက်ခွာရန် သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ဝေခွဲရခက်သော သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး တီဟီရန်တွင် နေထိုင်သူအားလုံး အခြားနေရာများသို့ အမြန်ဆုံးထွက်ခွာရန် တိုက်တွန်း လိုက်သည်။ အစ္စရေးနှင့် အီရန်ကြား လက်တုံ့ပြန်တိုက်ခိုက်မှုများတွင် ဝါရှင်တန်က ဝင်ရောက်စွက်ဖက်မည့်အခြေအနေနှင့်ပတ်သက်၍ အတည်ပြု ပြောဆိုခြင်းမရှိပေ။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်

News Image

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်

နယူးယောက်   ဇွန် ၁၇

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် သုတေသနပညာရှင်များ၏ အဆိုအရ ဇွန် ၁၆ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်ကုသမှုခံယူနေရသည့် ကိုဗစ်-၁၉ လူနာများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ပါက ကျောက်ကပ်ပျက်စီးနိုင်ခြေ နည်းပါးကြောင်း သိရသည်။

လိုက်ချီးသီးနှင့်ကျန်းမာရေး

Posted_Date

Image

လိုက်ချီးသီးနှင့်ကျန်းမာရေး

Body

လိုက်ချီးပင်ကို အင်္ဂလိပ်အမည် Litchi သို့မဟုတ် Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာ နိုင်ငံ၌လိုက်ချီးသီး၊လိုင်ချီးသီးဟုခေါ်ကြသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊  မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌  အများဆုံး စိုက်ပျိုးကြသည်။ သိန်းနီမြို့နယ်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် လိုက်ချီးပင်များကို လူနေခြံဝင်းများနှင့် ဥယျာဉ်ခြံများ၌ စိုက်ပျိုးကြသည်။

လိုက်ချီးသီးကို လတ်လတ်ဆတ်ဆတ် အဆာပြေ သစ်သီးအဖြစ် စားသုံးကြသကဲ့သို့ ရေခဲမုန့်၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုက်ချီးသီးသံဘူး၊ လိုက်ချီးသီးခြောက် စသည်ဖြင့် စားသုံးကြသည်။  လတ်ဆတ်သောလိုက်ချီးသီးများကို အခန်းအပူချိန်တွင်ထားပါက    ငါးရက်ခန့်ခံသည်။ လိုက်ချီးသီးကိုကြာကြာခံစေရန်ရေခဲသေတ္တာထဲ ထည့်သိမ်းပါက နှစ်ရက်ခန့်အကြာတွင် အညိုရောင် ပြောင်းသွားတတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့၊ အရသာပျက်စီးမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည်။ ပြည်ပနိုင်ငံများ၌ ခေတ်မီတိုးတက် သောနည်းပညာများဖြင့်   လိုက်ချီးသီးမှ    ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ Lotion၊ ပေါင်ဒါ  စသည့် အလှကုန် ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်ကြသည်။

ဆေးဖက်၀င်လိုက်ချီးသီး

လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်မြောက်မြားစွာပါရှိသည်။  ၁၉၀ ဂရမ်  အလေးချိန်ရှိသော လိုက်ချီးသီးတစ်ခွက်စာပမာဏထဲတွင် Methionine သုည ဒသမ ၀၁၇ ဂရမ်၊ လိုင်ဆင်း သုည ဒသမ ၀၇၈ ဂရမ်၊ Tryptophan သုည ဒသမ ၀၁၃ ဂရမ်၊ polyu-nsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၅၁ ဂရမ်၊ monounsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၂၈ ဂရမ်၊ ဗီတာမင် K  သုည ဒသမ ၈ မိုက်ခရိုဂရမ်၊ ဗီတာမင် E  သုည ဒသမ ၁၃ မီလီဂရမ်၊ ချိုလင်း ၁၃ ဒသမ ၅ မီလီဂရမ်၊  ဖောလိတ် ၂၇  မိုက်ခရိုဂရမ်၊ ဗီတာမင် B ၆၀ ဒသမ ၁၉ မီလီဂရမ်၊   နီအာစင်း ၁ ဒသမ ၁၄၆ မီလီဂရမ်၊ ခွန်အား ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅ ဒသမ ၃၄ ဂရမ်၊ ပရိုတင်း  ၁ ဒသမ ၅၈ ဂရမ်၊ Ash သုည ဒသမ ၈၄ ဂရမ်၊ lipid သုည ဒသမ ၈၄ ဂရမ်၊ ကစီဓာတ် ၃၁ ဒသမ ၄၁ ဂရမ်၊  သကြားဓာတ် ၂၈ ဒသမ ၉၄ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ်၂ ဒသမ ၅ ဂရမ်၊ ကယ်လ်စီယမ်  ၁၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်၊  သံဓာတ် သုည ဒသမ ၅၉ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၂၄ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၀၂၁ မီလီဂရမ်၊ ဗီတာမင် C ၁၃၅ ဒသမ ၉ မီလီဂရမ်၊စီလီနီယမ် ၁ ဒသမ ၁ မိုက်ခရိုဂရမ်၊ မဂ္ဂနိစ် သုည ဒသမ ၁၀၅ မီလီဂရမ်၊ Copper သုည ဒသမ ၂၈၁ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၃၂၅ မီလီဂရမ်၊  ဖော့စဖရပ်စ်  ၅၉ မီလီဂရမ်နှင့် မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်  အသီးသီး ပါရှိသည်။ လိုက်ချီးသီး၏ကောင်းကျိုးများမှာ- လိုက်ချီးသီးသည်ခန္ဓာကိုယ်အတွက်ခွန်အား များကို တိုးပွားစေနိုင်ပြီး  ကိုယ်ခံစွမ်းအားတိုး တက် မြင့်မားစေသည်။

- ခန္ဓာကိုယ်အတွက်    မရှိမဖြစ်လိုအပ်နေသောရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်သည်။

- လိုက်ချီးသီးထဲတွင် Citrus အက်စစ်ကဲ့သို့သော ဗီတာမင် C ၄၀ ရာခိုင်နှုန်းခန့်ပါရှိရာ  လိမ္မော်သီးထဲတွင်ပါ၀င်မှုပမာဏထက်ပိုများသည်။ ထို့ကြောင့်ခန္ဓာကိုယ်တွင်ကောင်းကျိုးမပြုသော Free Radical  များကို  တိုက်ထုတ်ပေးနိုင်သည်။ အကျိုးဆက်အနေဖြင့် ကုသရန်ခက်ခဲ သော ကင်ဆာရောဂါများအတွက် လိုက်ချီးသီး က ကောင်းကျိုးပြုသည်။

- အမေရိကန်ပြည်ထောင်စုရှိ National Insti-tutes of Health (NIH) ၏ သုတေသနပြုချက်အရ လိုက်ချီးသီးက  ကင်ဆာဆဲလ်များကြီးထွားလာ မှုကို  ဟန့်တားပေးနိုင်ကြောင်း၊   အထူးသဖြင့်ရင်သားကင်ဆာဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင် ကြောင်း လေ့လာသိရှိရသည်။

- လိုက်ချီးသီးထဲတွင်ပါ၀င်သော ဘီတာကယ်ရိုတင်း ပမာဏသည် မုန်လာဥနီထက်ပိုများသည်။

- လိုက်ချီးသီးသည်   အစာကြေစေပြီး  ဆီးရွှင်စေသည်။

-လိုက်ချီးသီးတစ်ခွက်စာပမာဏထဲတွင် ပါရှိသော ပိုတက်ဆီယမ်သည် လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပိုသည်။ ပိုတက်ဆီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသောသတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကိုဟန်ချက်ညီညီထိန်းချုပ်ပေးနိုင်သည်။  သွေးခဲခြင်း၊ ဆဲလ်များပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ပြင်နှလုံးကိုပုံမှန် ခုန်စေပြီးနှလုံးကြွက်သားများကျုံ့ခြင်း၊ချဲ့ခြင်းနှင့် နှလုံးသွေးကြောများ လည်ပတ်စီးဆင်းမှုတို့ကိုကောင်းစွာအထောက်အပံ့ပေးသည်။နှလုံးရောဂါဝေဒနာအမျိုးမျိုးတို့ကို သက်သာစေရုံသာမက နှလုံးရောဂါဝေဒနာရှင်များကိုလည်း လေဖြတ်ခြင်းမှ ၅၀ ရာခိုင်နှုန်း သက်သာလျော့ နည်းစေနိုင်သည်။

- လိုက်ချီးသီးတွင်  Copper  ဓာတ်များ  အလုံအလောက်ပါရှိခြင်းကြောင့်သွေးနီဥများကို  ထုတ်လုပ်ပေးနိုင်သဖြင့်သွေးအားကောင်းစေသည့်အပြင် ခွန်အားတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများစားသုံးသင့်သည်။

- ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ကြွယ်၀စွာပါရှိသည်။

- လိုက်ချီးသီးတွင် ကယ်လ်စီယမ်၊ ဖော့စဖရပ်စ် နှင့်မဂ္ဂနီစီယမ် စသည့်သတ္တုဓာတ်များပါရှိသောကြောင့်  အရိုးနှင့်သွားများကြီးထွားမှုအတွက် အလွန်အရေးပါသဖြင့်ကလေးငယ်များကို လိုက်ချီးသီး ကျွေးသင့်သည်။

- မိုးရာသီကာလတွင် ဖြစ်လေ့ရှိသော   အအေးမိ နှာစေး၊  ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်းစသည့်ရောဂါများအတွက် လိုက်ချီးသီးက အစွမ်း ထက်သည်။ဖျားနာနေသောသူများလည်း လိုက်ချီးသီးစားပေးခြင်းဖြင့်   ဝေဒနာသက်သာစေနိုင်သည်။

- လိုက်ချီးသီးစားသုံးခြင်းက နာကျင်မှုကိုလျော့ကျစေပြီး  ဂလင်းများရောင်ရမ်းမှုကို  သက်သာစေနိုင်သည်။

- လိုက်ချီးသီးသည် အရသာချိုမြိန်သော်လည်း ယင်းထဲတွင်ပါရှိသော သကြားဓာတ်က သဘာ၀ သကြားဓာတ်ဖြစ်သည်။ ကယ်လိုရီပါ၀င်မှုနည်းပြီး  လူကိုဘေးဖြစ်စေတတ်သော ပြည့်၀ဆီနှင့် ကိုလက်စထရောလုံး၀မပါရှိသည့်အပြင်     ကြေ ညက်လွယ်သော   အမျှင်ဓာတ်များ   ကြွယ်၀စွာပါရှိသည့်အတွက် ခန္ဓာကိုယ်အလေးချိန်  ပုံမှန် ထိန်းသိမ်းလိုသူများအနေဖြင့် စိတ်ကြိုက်စား သုံးနိုင်သည်။ ကိုယ်အလေးချိန်ကျဆင်းမှုကိုလည်း အထောက်အပံ့ဖြစ်စေသည်။

- လိုက်ချီးသီးစားသုံးခြင်းကြောင့် အသားအရေ ကိုလှပစေပြီး မျက်နှာပေါ်ရှိ အစက်အပြောက်များကို သက်သာစေနိုင်သည်။

- ဖက်ခွက်နာ၊ ပြည်တည်နာ စသော  ကိုယ်တွင်း ကိုယ်ပအနာများကို ကာကွယ်ပေးနိုင်သည်။

- အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးသီးက အလွန်ကောင်းကျိုးပြုသည်။

- လိုက်ချီးသီးထဲတွင်တခြားအသီးများနှင့်မတူ Oligonol(ခေါ်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း

တစ်မျိုးပါရှိနေသည့်အတွက်   မိုးရာသီကာလ

တုပ်ကွေးဗိုင်းရပ်စ်ပိုးများကိုတွန်းလှန်ပေးနိုင်သည်။  ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့အစည်းများထဲတွင်သွေးလည်ပတ်စီးဆင်းမှုကိုလည်း တိုးတက်ကောင်းမွန်စေသည်။

- ဂျပန်နိုင်ငံရှိ Kyorin University က အရေပြား ပေါ်တွင် ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုက်ချီးသီးစားခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။

- လိုက်ချီးသီးသည်သီအာမင်၊နီအာစင်းနှင့်ဖောလိတ် စသည့် ဗီတာမင် B ဓာတ်ပေါင်းစုတို့ စုဝေးရာ သဘာ၀အရင်းအမြစ်ဖြစ်သောကြောင့်ခန္ဓာကိုယ်၏ဇီ၀ကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ ဖြစ်စေသည်။

-အရွယ်တင်နုပျိုစေရန်နှင့်အသက်ရှည်စေရန်လိုက်ချီးသီးကိုတရုတ်ရိုးရာတိုင်းရင်းဆေးဝါး ကုထုံးများတွင် အသုံးပြုလေ့ရှိသည်။

လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံး၀မရှိပေ။ သို့သော် အမှည့်လွန် အသီးများတွင် အချဉ်ဓာတ်ပေါက်သည့်အရသာရှိ၍ လတ်ဆတ်သောအသီးများကိုသာ စားသုံးသင့်သည်။ အစာမရှိဘဲ  လိုက်ချီးသီးစားသုံးခြင်းကို  ရှောင်ကြဉ်သင့်သည်။

အချုပ်အားဖြင့်ဆိုသော်နိုင်ငံတကာဆေးသိပ္ပံ ပညာရှင်များက  လိုက်ချီးသီး၏ ဆေးဖက်၀င်ပုံများ ကိုရှုထောင့်အမျိုးမျိုးမှ    လေ့လာစမ်းသပ်ကာ အသေးစိတ်ဖော်ထုတ်နိုင်ခဲ့ကြသည်။    ထို့ကြောင့် ယခုကဲ့သို့   မိုးရာသီတွင်ပေါ်သည့်လိုက်ချီးသီးကို လတ်လတ်ဆတ်ဆတ်ရွေးချယ်၍ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် စားသုံးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

MWD Web Portal

မိုးရာသီနှင့် သွေးလွန်တုပ်ကွေးရောဂါ

Posted_Date

Image

 မိုးရာသီနှင့် သွေးလွန်တုပ်ကွေးရောဂါ

Body

“အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ လူအများစုသည် ကျန်းမာခြင်း၏တန်ဖိုးကို  မကျန်းမာသောအချိန်မှသာသိရှိကြသည်။ ကျန်းမာနေချိန်တွင်  ဖြစ်သလို နေထိုင်စားသောက်ကြသည်။ လူတစ်ဦးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ  မျှတအောင် ပြုမူနေထိုင်စားသောက်နေမှသာလျှင်  ကျန်းမာချမ်းသာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လူသားအားလုံး၏ တောင့်တမှုသည် သက်ရှည်ကျန်းမာပြီး ကြွယ်ဝချမ်းသာစွာနေထိုင်နိုင်ရေးပင်ဖြစ်သည်။ လက်ရှိအချိန်တွင်  သွေးလွန်တုပ်ကွေးရောဂါသည် လူကြီးလူငယ် အသက်အရွယ်ပေါင်းစုံကိုခြိမ်းခြောက်လာ လျက်ရှိသဖြင့်တင်ကာကွယ်ရေးနည်းလမ်းများအတိုင်းလိုက်နာကျင့်ကြံနေထိုင်သွားရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါသည်ဗိုင်းရပ်ပိုးကူးစက်ခြင်းကြောင့်ဖြစ်ပွားပြီး  သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည်။ ထိုခြင်များ၏ ခန္ဓာကိုယ်တွင် အဖြူအစက်များပါရှိသည့်အတွက် ခြင်ကျားဟုခေါ်ခြင်းဖြစ်သည်။ ခြင်ကျားများသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားကြပြီး နေ့အခါတွင် လူများကိုကိုက်လေ့ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် Dengue Fever၊ သွေးလွန်တုပ်ကွေး(Dengue Hemorrhagic Fever) နှင့်သွေးလန့်ခြင်း (Dengue Shock Syndrome) ဟူ၍အဆင့်ဆင့်ဖြစ်ပွားတတ်သော ရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိသည်။ ကျား၊ မ မရွေး တောရောမြို့ပါ  နေရာမရွေးဖြစ်ပွားလေ့ရှိသောရောဂါဖြစ်သည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ် အများဆုံးဖြစ်သည်။

ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးလက္ခဏာများသည် ရောဂါပိုးသယ်ဆောင်ထားသည့်  ခြင်ကိုက်ခံရပြီး  ပျမ်းမျှ လေးရက်မှ ခြောက်ရက်အကြာတွင် စတင်ပြသပြီး အောက်ပါအတိုင်း တွေ့ရှိရသည်-

Dengue Fever  ရောဂါတွင် ရုတ်တရက် လတ်တလော အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊    မစားချင်/ မသောက်ချင်ဖြစ်ခြင်းနှင့် တစ်ခါတစ်ရံ တွင် ခန္ဓာကိုယ်၌ အစက်အပြောက်များပေါ်လာခြင်းတို့ဖြစ်တတ်သည်။  ထို့ကြောင့် ပုံမှန်ရာသီအကူး အပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့်  ကွာခြားမှုမရှိသောကြောင့်များသောအားဖြင့် Dengue Fever မှန်းမသိလိုက်ကြပေ။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင်အစက်အပြောက်များပေါ်လာသည်မှလွဲ၍ အခြားစိုးရိမ်ရသည့်လက္ခဏာများ မရှိပါ။ မိဘအုပ်ထိန်းသူများအနေဖြင့် တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ)     ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားသွားရန်လိုအပ်ပေသည်။

သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever)နှင့် သွေးလန့်ခြင်း (Dengue Shock Syndrome)စိုးရိမ်ရသည့်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပြီး ၎င်းလက္ခဏာတစ်ခုခုတွေ့ရှိခဲ့လျှင် နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင်ပြသရန်လိုအပ်သည်-

ခန္ဓာကိုယ်တွင်းသွေးယိုစီးသည့်အတွက်ကြောင့်  ကော်ဖီမှုန့်ရောင်၊ အညိုရောင်အဖတ် အမျှင်လေး များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင် သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း၊ ကိုယ်အပူချိန် ရုတ်တရက် ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ သုံးရက်မြောက်တွင် ဖြစ်တတ်သည်။) ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် အရမ်းမှိန်းလာခြင်း၊  ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း၊  သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍မရသည့်အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် ၂ဝ မီလီမီတာ မာကျူရီ  သို့မဟုတ် ထို့ထက်နည်းခြင်း၊ အစာနှင့်ရေမဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း တို့ဖြစ်ပြီး  ကလေးကိုယ်အပူချိန်ကျဆင်းသွား၍  မှိန်းလျှင်/အိပ်နေလျှင် အန္တရာယ်ရှိသောအခြေအနေ ဖြစ်နိုင်သည်။

ကုသမှုနည်းလမ်းများ

ကလေးငယ်များသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် အောက်ဖော်ပြပါအတိုင်း စနစ်တကျစောင့်ကြည့် ကုသမှုများလုပ်ဆောင်သွားရန်လိုအပ်ပေသည်-

ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေ စောင့်ကြည့်ခြင်း)၊ ကိုယ်အပူချိန် အတွက် ပါရာစီတမော(Paracetamol) တိုက်ကျွေးနိုင်ခြင်းနှင့်   ရေဖတ်တိုက်ပေးခြင်း၊ အရည်ပြန်လည် ဖြည့်တင်းပေးရန်  လိုအပ်သဖြင့်  ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်း၊  နို့တိုက်ကလေးငယ်များကို မိခင်နို့ဆက်လက်တိုက်ကျွေးခြင်းတို့လုပ်ဆောင်ရန်လိုအပ်သည်။

ဖျားနေသည့်ကလေးကိုအစားအသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။   ကလေးစားချင် သောက်ချင်စိတ်ရှိမည်ဆိုပါက မည်သည့်အစားအစာမဆို ကျွေးနိုင်သည်။ သို့သော် ကလေးကို အညိုရောင်အရည်များ(ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တိုက်ကျွေးခြင်းကို ရှောင်ရမည်။ အကြောင်းမူကား သွေးလွန်တုပ်ကွေးဖြစ်သည့်ကလေးများသည် အစာအိမ်လမ်းကြောင်း တစ်လျှောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တတ်သဖြင့် ကော်ဖီကဲ့သို့ အညိုရောင်ရှိသည့်အရည်များ  တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့်ဖြစ်သည်။

Dengue Fever တွင် သွေးဥမွှားအရေအတွက် ၁ဝဝ အောက်ကျနေသူများ၊ သွေး လန့်သည့်   လက္ခဏာ ရှိသူများ၊ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို  စသည့်သွေးယိုစီးသည့်လက္ခဏာ   ရှိနေသူများ၊အလွန် အမင်းအန်နေခြင်း၊အရည်မသောက်နိုင်ခြင်းတို့ဖြစ်နေသည့်သူများ၊သက်ဆိုင်ရာတာဝန်ခံ ဆရာ ဝန်မှ ဆေးရုံတက်ရန်လိုအပ်သည်ဟုဆုံးဖြတ်ပေးထားသူများ၊ ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင်နေသူများ၊ပို့ဆောင်ရေးခက်ခဲသည့် ဒေသတွင်နေသူများကို ဆေးရုံတင်ရန်လိုအပ်သည်။ ဆေးရုံ၊ ဆေးခန်းသို့အချိန်မီမရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံး သည်အထိဖြစ်နိုင်သည်။ ထို့ပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့်အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း မိဘ သို့မဟုတ် မိသားစု ဝင်များကို သတိပေးပြောကြားထားသင့်သည်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်ခန့် အနားယူရန်လိုအပ်သည်။

ကာကွယ်နှိမ်နင်းရန်လို

ခြင်ကျားကိုက်ခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က မိုးရာသီတွင် လူငယ်များ၌သာအဖြစ်များသော်လည်း လက်ရှိအချိန်တွင် အသက်အရွယ်ပေါင်းစုံ၌ ရာသီမရွေး ဖြစ်ပေါ်လျက်ရှိသည်။ အထူးဂရုစိုက်ကာကွယ်သွားရန်လိုအပ်ပေသည်။  အထူးသဖြင့်   ကျန်းမာရေး အသိပညာပေး ခြင်းနှင့် မှန်ကန်သောအလေ့အကျင့်များပေါ်ထွန်းလာစေရေးအတွက် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများကို ကျန်းမာရေးအသိပညာပေးခြင်း၊  ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များသင်ကြားပေးခြင်း (ဥပမာ- ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် လုပ်ငန်းစဉ်များ)၊ ရောဂါဖြစ်ပွားမှုများလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ရန် အသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးလူနာရှိသောနေအိမ်နှင့် ပတ်လည်တွင် သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်များသေစေရန်အတွက် ခြင်ဆေးမှုတ်လုပ်ငန်းများကိုလုပ်ဆောင်သွားရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက်  တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ ခြင်ကျား၊ ပိုးလောက်လမ်း အဓိကပေါက်ပွားတတ်သော အိမ်တွင်း၊ အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် အိုးခွက်များ (ဥပမာ- စဉ့်အိုး၊ အုတ်ရေကန်၊ ဘုရားပန်းအိုး၊ နတ်စင်အိုး စသဖြင့်)ကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ မလိုအပ်သည့် အိုး၊ ခွက်၊ ဘက်ထရီအိုး၊ တာယာဟောင်း စသည်တို့ကို စနစ်တကျမြေမြှုပ်ပစ်ခြင်း၊ ရေအောင်းပြီး ခြင်ပေါက်ပွားနိုင်သော ဝါးငုတ်၊ သစ်ခေါင်းများကို ရှင်းလင်း၊ မြေဖို့ခြင်း၊  မသွန်နိုင်၊  မလှယ်နိုင်သော  ရေစည်၊  ရေကန်များတွင် ပိုးလောက်လမ်းသတ်ဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ ကျောင်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခြင်ကျား ကင်း စင်သည့် ကျောင်းများထူထောင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးပညာပေးခြင်း၊  သောကြာနေ့တွင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ပိုးလောက်လမ်း စစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ကျောင်းတွင်  တစ်ပတ်လျှင်တစ်ကြိမ် နာရီဝက်ခန့် အချိန်ပေး၍ ပိုးလောက်လမ်းရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ တစ်ပတ်အတွင်း နောက်ဆုံး ကျောင်းတက်ရသည့်နေ့ (သောကြာ)တွင် သောက်ရေအိုးများနှင့် တခြားအိုးများကို ပွတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက်များတွင် မှောက်ထားခဲ့ခြင်းတို့ကိုဆောင်ရွက်သွားသင့်သည်။

ထို့ပြင် တစ်ဦးချင်းအနေဖြင့်လည်း ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားခြင်း၊   အိပ်သည့်အခါတိုင်း   နေ့/ည မရွေး ခြင်ထောင်ဖြင့်အိပ်ခြင်း(ဖြစ်နိုင်ပါက)   ဆေးစိမ်ခြင်ထောင် ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်း၊ အိမ်များတွင် ခြင်လုံဆန်ခါတပ်ဆင်ခြင်းတို့ ပြုလုပ်သင့်သည်။

မိုးရာသီနှင့်သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

ဆိုရလျှင် သွေးလွန်တုပ်ကွေးသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ခြင်ကျား မပေါက်ပွားနိုင်အောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။ မိုးတွင်းကာလသာမက မည်သည့်အချိန်တွင်မဆို ကလေးများဖျား နာလျှင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို  သတိပြုသွားရန်လိုအပ်သည်။ 

အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သော်လည်းအလွယ်တကူကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးသံသယရှိပါကဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်းသွားရောက် ပြသသင့်သည်။

အထူးဂရုပြုသင့်သောအချက်မှာ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသည့်သူများတွင် နောက်တစ်ကြိမ်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်သည်။ရာသီတစ်ခုတည်း မှာပင်နှစ်ကြိမ်ပြန်ဖြစ်နိုင်သည့်အတွက်ပထမတစ်ကြိမ်ဖြစ်ပြီးဟု သဘောထားပြီး ပေါ့ဆ၍မရ သည့် ရောဂါဖြစ်သည်။   ထို့ကြောင့် မိုးရာသီတွင် အဖြစ်များတတ်သည့်  သွေးလွန်တုပ်ကွေးရောဂါ   ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စေတနာဖြင့်တိုက်တွန်း အကြံပြုရေးသား အပ်ပါသည်။   ။

MWD Web Portal