(ယခင်အပတ်မှအဆက်)
(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany)
ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။
(၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)
(၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)
(၃) ဗိသုကာ၊ မြို့ပြစီမံကိန်းနှင့်ရှုခင်းစီမံကိန်းများမဟာဌာန (Faculty of Architecture, Urban Planning and Landscape Planning)
(၄) စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဟာဌာန (Faculty of Economics and Management)
(၅) သင်္ချာနှင့်သဘာဝသိပ္ပံများမဟာဌာန (Faculty of Mathematics and Natural Sciences)
(၆) မြို့ပြနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာ မဟာဌာန (Faculty of Civil and Environmental Engineering)
(၇) စက်မှုအင်ဂျင်နီယာမဟာဌာန (Faculty of Mechanical Engineering)
(၈) လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံပညာ မဟာဌာန (Faculty of Electrical Engineering and Computer Science) နှင့် ဝိဇ္ဇာ၊ အနုပညာနှင့်ဒီဇိုင်းဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Arts and Designs) တို့ဆိုပြီး ရှိပါသည်။
စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာနက ကတ်ဆယ်မြို့နှင့် ၃၃ ကီလို မီတာ (မိုင် ၂၀ ခန့်) ဝေးကွာသော ဝတ်ဆင်ဟောင်ဆင်မြို့ (Witzen-hausen) ကလေးတွင်ရှိပါသည်။
ဌာနများမှာ...
(က)မြေဆီလွှာနှင့်သီးနှံသိပ္ပံများအုပ်စု (Soil and Crop Sciences Group)
(က-၁) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်နှင့်ပုံစံထုတ်ခြင်းဌာန (Agroecosystems Analysis and Modelling Dept.)
(က-၂) စိုက်ပျိုးရေးနည်းပညာဌာန (Agricultural Technology Dept.)
(က-၃) မြေဆီလွှာဇီဝဗေဒနှင့် အဟာရဗေဒဌာန (Soil Biology and Plant Nutrition Dept.)
(က-၄) မြေဆီလွှာသိပ္ပံဌာန (Soil Science Dept.)
(က-၅) မြက်ခင်းပြင်သိပ္ပံနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဌာန (Grasslands Science and Renewable Resources Dept.)
(က-၆) ဩဂဲနစ်စိုက်နည်းစနစ်နှင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန (Organic Farming and Crop Production Dept.)
(က-၇) အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသ ဩဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဂေဟစနစ် သုတေသနဌာန (Organic
Crop Production and Agroecosystem Research in the Tropics and Sub-Tropics Dept.) (ဤဌာန ပါမောက္ခဆရာတစ်ဦးထဲထံမှ ဒေါက်တာစိုးစိုးသိန်း၊ ကျွန်တော်၊ ဒေါက်တာသင်းနွယ်ထွေး၊ ဒေါက်တာဖြူသော်ထွန်း တို့ ပါရဂူဘွဲ့ရခဲ့ပါသည်။ မြန်မာများအပေါ် အလွန်သံယောဇဉ်ကြီးလွန်းသော ကျွန်တော့်ဆရာ ပါမောက္ခ ဒေါက်တာ အင်ဒရီယာဘူးကပ် (Professor Dr. Andreas Buerkert) ပါ)
(က-၈) ဩဂဲနစ်ဆိုင်ရာသီးနှံကာကွယ်ရေးဌာန (Ecological Crop Protection Dept.) (ဤဌာနမှ ဒေါက်တာတင်အေးအေးနိုင် ပါရဂူဘွဲ့ရခဲ့ပါသည်)
(က-၉) ဩဂဲနစ်ဆိုင်ရာအပင်မျိုးမွေးမြူရေးနှင့်ဇီဝမျိုးစုံထိန်းသိမ်းရေးဌာန (Organic Plant Breeding and Agrobiodiversity Dept.)
(က-၁၀) ပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒဌာန (Environmental Chemistry Dept.) တို့ ဖြစ်ပါသည်။
(ခ) မွေးမြူရေးသိပ္ပံ (Livestock Science Group) အုပ်စု မြန်မာ ကျောင်းသား၊ ကျောင်းသူများ မရောက်ရှိ မသင်ကြားရသေးပါ။
(ခ-၁) တိရစ္ဆာန်များ၏အပြုအမူနှင့်တိရစ္ဆာန်မွေးမြူရေးဌာန(Animal Ethology and Animal Husbandry Dept.)
(ခ-၂) ပတ်ဝန်းကျင်ကောင်းမွန်စေသောမွေးမြူရေးဆိုင်ရာအာဟာရဗေဒဌာန (Environmentally Friendly Animal Nutrition Dept.)
(ခ-၃) အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိရစ္ဆာန်များမွေးမြူရေးဌာန (Animal Husbandry in the Tropics and Sub-Tropics Dept.)
(ခ-၄) သမပိုင်းအတွက်မွေးမြူရေးပညာဌာန (Temperate Animal Husbandry Dept.) စသည်တို့ဖြစ်ပါသည်။
(ဂ) စီးပွားရေး၊ လူမှုရေးနှင့်အစားအသောက်သိပ္ပံများအုပ်စု (Economics, Social and Food Sciences Group)
(ဂ-၁)စိုက်ပျိုးမွေးမြူရေးနှင့်အစား အသောက်ဈေးကွက်ပညာဌာန (Agricultural and Food marketing Dept.)
(ဂ-၂) စီမံအုပ်ချုပ်မှုပညာဌာန (Business Administration Dept.)
(ဂ-၃)အပြည်ပြည်ဆိုင်ရာစိုက်ပျိုး ရေးမူဝါဒနှင့်ပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုဌာန (International Agricultural Policy and Environmental Governance Dept.) (ဤဌာနမှ ဒေါက်တာချိုချိုစံ ဘွဲ့ရခဲ့ပါသည်)
(ဂ-၄) အပြည်ပြည်ဆိုင်ရာအစားအသောက်လုပ်ငန်းစီမံခန့်ခွဲမှုဌာန (Management in the International Food Industry Dept.)
(ဂ-၅) ဩဂဲနစ်အစားအသောက်ဆိုင်ရာအရည်အသွေးနှင့်အာဟာရဆိုင်ရာယဉ်ကျေးမှုဌာန (Organic Food Quality and Nutritional Culture Dept.)
(ဂ-၆) လူမှုပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာစိုက်ပျိုးရေးစနစ်ဌာန (Socio-ecological Interactions in Agricultural Systems Dept.)
(ဂ-၇) ကျေးလက်ဒေသလူမှုရေးပညာဌာန (Sociology of Rural Areas Dept.) တို့ဖြစ်ပါသည်။
တက္ကသိုလ်မှာ ၂၁ ဌာန ရှိပြီး ဆရာ ဆရာမ ဝန်ထမ်း ၂၅၀ ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်း သား ၁၂၀၀ ဦးခန့် ရှိပါသည်။
ဘွဲ့ကြိုသင်တန်းများမှာ - (ဂျာမာန်လိုသင်ကြားသည့်စနစ်နှင့် အင်္ဂလိပ်လိုသင်ကြားသည့်စနစ်)
(က) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ (ဩဂဲနစ်စိုက်ပျိုးရေး) – B.Sc. (Organic Farming)
(ခ) စိုက်ပျိုးရေးဘွဲ့ (အထူးပြုဘာသာရပ်နှစ်မျိုးတက်ရန်အခွင့်အရေးရှိ) – B.Sc. (Dual Degree in Agriculture) စသည်တို့ဖြစ်ပါသည်။
ဘွဲ့လွန် မဟာသိပ္ပံ သင်တန်းများမှာ -
(က) မဟာသိပ္ပံ - ဩဂဲနစ်စိုက် ပျိုးရေး (M.Sc. Organic Agriculture) မြန်မာနိုင်ငံ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေါ် မြတ်သူမိုး တက်ရောက်ဘွဲ့ရရှိခဲ့ပါသည်။
(ခ) မဟာသိပ္ပံ - အပြည်ပြည်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲစေသော စိုက် ပျိုးရေး (M.Sc. International Sustainable Agriculture) ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဂူတင်ဂန် တက္ကသိုလ် (The University of Gottingen) ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ် နှစ်ကျောင်းလုံးသို့ သွား ရောက်သင်ကြားရန် အခွင့်အရေးရရှိပါသည်။
တက္ကသိုလ်များမှာ နာရီဝက်လောက်ပဲ ကား၊ ရထားနှင့် သွားလို့ရ၍ ကျောင်းသား၊ ကျောင်းသူများ တနေရာတည်းနေပြီး တက္ကသိုလ်နှစ်ခုစလုံးရှိ ဓာတ်ခွဲခန်းများ (Laboratories)၊ စာကြည့်တိုက်များ (Libraries)၊ သုတေသနစိုက်ကွင်းများ (Experimental Farms)၊ ဆရာ၊ ဆရာမနှင့် သုတေသန ပညာရှင်များ (Teaching and Research Staff, Academia) နှင့် အခြားအရင်းအမြစ်များစွာ (Other Resources from both Universities) တို့ကို အသုံးချနိုင်သော အခွင့်အရေးများစွာ ရရှိသွား ပါတော့သည်။
အလွန်မတန်မှ တီထွင်ဖန်တီးထားသော ကောင်းမွန်သည့် စနစ်များဖြစ်ပါသည်။အတုယူဖွယ် ကောင်းလှပါသည်။ နေပြည်တော် ရေဆင်းရှိ တက္ကသိုလ် ၃ ခု ဤကဲ့သို့ စနစ်ကို ဖန်တီးပေးပါက အလွန်အကျိုးရှိပါလိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။
(ဂ) မဟာသိပ္ပံ - စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများ (M.Sc. Agriculture, Ecology and Societies)
(ဃ) မဟာသိပ္ပံ -အပြည်ပြည်ဆိုင်ရာအစားအစာကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူများအားလေ့လာခြင်းပညာ (M.Sc. International Food Business and Consumer Studies) တို့ဖြစ်ပါသည်။
ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဖူလ်ဒါအသုံးချသိပ္ပံတက္ကသိုလ် (The University of Applied Science - Fulda) တို့ပူးတွဲဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ်နှစ်ကျောင်းလုံးသို့ သွားရောက်သင်ကြားရန် အခွင့် အရေးရရှိပါသည်။
ကျွန်တော်တို့ တက္ကသိုလ်မှာ ရေဆင်းရှိ တက္ကသိုလ်နှင့်သုတေသနဌာနများကဲ့သို့ ‘အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသ ဂျာမန် စိုက်ပျိုးရေးသုတေသနဌာန’ (German Institute for Tropical and Sub-tropical Agriculture) နှင့် ကပ်လျက်တည်ရှိပါသည်။ ထို့အတူ ‘အပူပိုင်းဒေသ သီးနှံသုတေသန မှန်ခြံ (Greenhouse for Tropical Crops -ဂျာမနီတစ်နိုင်ငံလုံးမှာတစ်ခု တည်း ရှိပါသည်) လည်းရှိနေတော့ ကျွန် တော်တို့သုတေသန ပြုလုပ်ရာတွင်လည်း အလွန်အဆင် ပြေလှပါသည်။ ထိုမှန်ခြံတွင် အပူပိုင်းဒေသ အပင်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ စပါး ဆီအုန်း၊ အုန်းပင် အပူပိုင်းဒေသ အပင်များကို စုံလင်အောင်ထားပေးထားရာ ဂျာမနီတနိုင်ငံလုံးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ သူတို့ရဲ့ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းအရ စနေ၊ တနင်္ဂနွေနေ့တိုင်း လေ့လာရေးခရီး လာရောက်ကြရာ အလွန်ကျေးဇူးများလှသော အစီအစဉ်ပင် ဖြစ်ပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်။)