မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ မြို့ရွာများအားလုံး ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning) တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၆ ရက်အထိ ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ငလျင်ကြီး ၁၈ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင်လှုပ်ခဲ့သော ပြင်းအား ၈ ရစ်(ခ်) တာစကေးရှိသည့် မေမြို့ငလျင်သည် အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ယခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဒုတိယအင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ငလျင်ကြီးသည် အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ငလျင်မှထုတ်လွှတ်သော စွမ်းအင်မှာ အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်စုစုပေါင်းနှင့် ညီမျှကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့ရာ ငလျင်ဒဏ်သင့်ရာဒေသများ၏ အပျက်အစီးဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ထို့ပြင် ၁၇၆၂ ခုနှစ် ရခိုင်ငလျင်နှင့် ၁၉၄၆ ခုနှစ် စစ်ကိုင်းငလျင်တို့သည်လည်း အင်အား ရစ်(ခ်)တာစကေး ၈ ရှိပြီး အကြီးမားဆုံးငလျင်များဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၉ ရက်အထိ သေဆုံးသူ ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊ ပျောက်ဆုံးနေသူ ၁၄၅ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်း မရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတကာကူညီ ထောက်ပံ့မှုများ အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၀၆ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ ခေါက် ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၄၇၂ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ အသိ၊ သတိရှိကြရမည်ဖြစ်သည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက် ကြိုတင်မသိနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်၍ မဖြစ်ပွားမီ အဆောက်အအုံများကို ရေရှည်မျှော်မှန်းပြီး အောက်ခံမြေသားနှင့် အဆောက်အအုံများ ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားရမည်ဖြစ်သည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ဖြစ်ပြီးအချိန်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင် နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်း တစ်ရပ်ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး အပိုင်းအစများအားလုံး အမြန်ဆုံးရှင်းလင်း ဖယ်ရှားရေး၊ ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား ဘေးအန္တရာယ်ကင်းစွာ အပြီးတိုင် စနစ်တကျဖြင့် ဖြိုဖျက်ရေး၊ တတိယအဆင့်အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ် သင်ခန်းစာယူရန်၊ လမ်း၊ တံတား၊ ရုံးအဆောက်အအုံ၊ အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်းပြုလုပ်ပြီးမှသာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးဟူ၍ အပိုင်းသုံးပိုင်းကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့် အကြောင်းကြား သတင်းပို့လာပါက နိုင်ငံတော် အစိုးရက ကြိုဆိုလက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် နိုင်ငံများစွာက ကူညီထောက်ပံ့မှုများအပြင် ကယ်ဆယ်ရေးဝန်ထမ်းပေါင်းများစွာ ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဧပြီလ ၁ ရက်တွင် ပြုလုပ်သော အလှူငွေများပေးအပ် လှူဒါန်းပွဲတွင်လည်း စေတနာရှင်၊ အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံကို အားတက်သရော လှူဒါန်းခဲ့ကြသည်။
မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ၊ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ ရာဂိတို့၏ သက်ရောက်မှုကြောင့် မကြုံစဖူးဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများ၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ခံစားခဲ့ကြရသည်။ ခံစားရမှုနှင့်အတူ အဆိုပါ သဘာဝဘေးအန္တရာယ်ကြီးများကို နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အတူတကွဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မိမိတို့တတ်စွမ်းသမျှသော အားတို့ဖြင့် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကို ကျော်ဖြတ်နေရသည့်အချိန်တွင် ကြုံတွေ့လာရသည့် သဘာဝဘေးဒဏ်များကို လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပြည်တွင်း၊ ပြည်ပအကူအညီများနှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း နိုင်ရာဝန်ဖြင့် စွမ်းနိုင်သမျှသော အားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။ ။
Source: https://myawady.net.mm/stories
ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အဖျော်ယမကာများထဲမှ တစ်ခုဖြစ်သည်။ ကော်ဖီသည် ကော်ဖီပင်မှရရှိသော ကော်ဖီစေ့များမှပြုလုပ်ထားသည်။ ကော်ဖီတွင် ကဖင်းဓာတ်ပါဝင်ကာ ၎င်းသည် စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။ ကော်ဖီ၏သမိုင်းကြောင်းသည် ရှည်လျားပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။ ကော်ဖီပင်ကို အီသီယိုးပီးယားတွင် စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကော်ဖီကို အစပိုင်းတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင် လူကြိုက်များသော အဖျော်ယမကာတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) သည် အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ MSME များသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ခြင်းတို့တွင် အဓိကကျသော အင်အားစုဖြစ်သည်။
မြန်မာနိုင်ငံတွင် ကော်ဖီလုပ်ငန်းသည် အများအားဖြင့် မိသားစုပိုင် MSME များဖြင့် လည်ပတ် လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးသူများသည် မိမိတို့၏ လယ်ယာများတွင် ကော်ဖီပင်များကို စိုက်ပျိုးပြီး ရိတ်သိမ်းပြုပြင်ကာ ဒေသတွင်းဈေးကွက်များတွင် ရောင်းချကြသည်။ အချို့ MSME များသည် ကော်ဖီစေ့များကို ဝယ်ယူ၍ အဆင့်မြင့်သော ထုတ်ကုန်များအဖြစ်ပြောင်းလဲကာ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ကြသည်။ ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် စိုက်ပျိုး ရေး၊ ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့် ဈေးကွက်ရှာဖွေရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် အရည်အသွေးမြင့် အာရေးဗီးကားကော်ဖီကို စိုက်ပျိုးနိုင်သော ရာသီဥတုနှင့် မြေဆီလွှာများ ပိုင်ဆိုင်ထားသည်။ အရည်အသွေးမြင့်ကော်ဖီစေ့များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် နေရာတစ်ခုရယူနိုင်ပါသည်။ ကော်ဖီစေ့များကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ကော်ဖီမှုန့်၊ ကော်ဖီအရည်၊ ကော်ဖီအချိုရည်နှင့် အခြားသော ကော်ဖီနှင့် ဆက်စပ်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပါသည်။
၎င်းသည် MSME များအတွက် ဝင်ငွေ တိုးပွားစေရုံသာမက နိုင်ငံခြားငွေကိုလည်းရှာဖွေပေးနိုင်ပါသည်။ ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် ဒေသတွင်းစီးပွားရေးကိုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်တီးပေးပြီး ဒေသတွင်းဝင်ငွေကိုတိုးပွားစေပါသည်။ မြန်မာ့ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များကို ထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက်သို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေကို ရှာဖွေနိုင်ပါသည်။
စိန်ခေါ်မှုများ
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာနည်းပညာသည် အခြားနိုင်ငံများထက် များစွာလိုအပ်နေသေးသည်။
မြန်မာနိုင်ငံသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အလားအလာကောင်း များစွာရှိသော်လည်း ကော်ဖီအခြေခံ စားသောက်ကုန်များအတွက်မူ ပြည်ပမှ တင်သွင်းနေရသည့် အခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီမှုန့်နှင့် အခြားကော်ဖီထုတ်ကုန်များ (ဥပမာ ကော်ဖီအချိုရည်၊ ကော်ဖီမစ်)ကို အဓိကအားဖြင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည်။ အဆင့်မြင့်ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် အရည် အသွေးမြင့် ကော်ဖီစေ့များနှင့် ကော်ဖီအခြေခံဖျော်ရည်များကို ပြည်ပမှတင်သွင်း အသုံးပြုကြသည်။ ကော်ဖီထုတ်ကုန်များအတွက် ထုပ်ပိုးမှုနှင့် ဈေးကွက်တင်ခြင်းအပိုင်းတွင်လည်း ပြည်တွင်း၌ အားနည်းမှုများရှိသောကြောင့် ပြည်ပမှတင်သွင်းမှုကို အားကိုးနေရဆဲဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီ ခေါ် အာရေးဗီးကားကော်ဖီနှင့် မြေနိမ့်ကော်ဖီခေါ် ရိုဘတ်စတာကော်ဖီကို စိုက်ပျိုးလျက်ရှိသည်။ သို့သော် ထုတ်လုပ်မှုပမာဏမှာ ပြည်တွင်းလိုအပ် ချက်ကိုဖြည့်ဆည်းရန် လုံလောက်မှု မရှိသေးပါ။ ပြည်တွင်း၌ ကော်ဖီမှုန့်ထုတ်လုပ်သည့် လုပ်ငန်းများ ရှိသော်လည်း အများစုမှာ အသေးစားလုပ်ငန်းများဖြစ်သည်။ အရည်အသွေးနှင့် ထုပ်ပိုးမှုပိုင်းတွင် ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည်။
ကော်ဖီထုတ်ကုန်တိုးမြှင့်
မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအားတောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအတွက် မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန် နိုင်ငံတို့သို့ တင်ပို့လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့နေသည့် နိုင်ငံပေါင်းမှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံရှိရာ မြန်မာ့ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ ထိပ်တန်းအဆင့်မြင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်း ရရှိနေပြီဖြစ်သည်။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက် ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်၍ အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ်က “ကော်ဖီထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့်ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝန်း သောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်သည်။ ထို့ကြောင့် အောင်မြင်အောင်ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည် တိုင်းပြည်အတွက်၊ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သည်။ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်တွင် ကော်ဖီသည် ရောင်းဝယ်မှုပမာဏ ဒုတိယအများဆုံးဖြစ်ရာ ဈေးကွက်ကြီးမား ကျယ်ပြန့်လှသည်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကော်ဖီအင်အားကြီးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။
ယခုအခါ မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက်ဝယ်လိုအား တောင်းဆိုမှုမြင့်တက်လာခြင်းသည် အခွင့်အခါကောင်းဖြစ်သော်လည်း ကော်ဖီသည် နှစ်ချင်းစိုက်၍ သီးသည့် သီးနှံမဟုတ်သည့်အလျောက် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ လက်ရှိစိုက်ဧကများတွင် အထွက်နှုန်းများကောင်းမွန်လာရေး၊ ဈေးကွက်ဝင် အရည်အသွေးစံချိန်စံညွှန်းများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ကော်ဖီကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် ထုပ်ပိုးမှုများ နိုင်ငံတကာအဆင့်မီ ဆွဲဆောင်မှုရှိရေးတို့အတွက် ကော်ဖီလုပ်ငန်းရှင်များက အဓိကကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် MSME ကဏ္ဍနှင့် ကော်ဖီလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ MSME များသည် မြန်မာ့ကော်ဖီလုပ်ငန်း၏ အဓိကမောင်းနှင်အားဖြစ်ပြီး ကော်ဖီလုပ်ငန်းသည် MSME များအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေကို ဖန်တီးပေးသည်။ အထက်တွင် ဖော်ပြထားသော အလားအလာများကိုအသုံးချနိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါက မြန်မာ့ကော်ဖီလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
ယနေ့ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရပေသည်။
လူသားတို့မှီတင်းနေထိုင်သော ကမ္ဘာပေါ်တွင် သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်လေ့ရှိသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန် ခက်ခဲသောသဘောရှိသည်။ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် တစ်မျိုးပြီးတစ်မျိုး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လျက်ရှိပေသည်။ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်သည်။
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များအား ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေလတွင် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်စက်တင်ဘာလတွင် ရာဂိမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးကို ကြုံတွေ့ခဲ့ရပါသည်။
၂၀၂၃ ခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံကျော်၊ လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် ၄၃၃ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၅၃၄ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈ ရာခိုင်နှုန်းခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှုများကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ရုံးအဆောက်အအုံပျက်စီးမှုများ အပါအဝင် အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၄၄ ဘီလီယံကျော်၊ လူနေအိမ်ပျက်စီးမှု၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ပျက်စီးမှု၊ လယ်ယာမြေ စိုက်ပျိုးထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများ ပျက်စီးမှု၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်း၊ ငါးလုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၄၆၆ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ပါသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို တစ်လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
လမ်းပျက်စီးမှု၏ ၇၃ ဒသမ ၂၃ ရာခိုင်နှုန်း၊ တံတား ပျက်စီးမှု၏ ၄၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ ၆၇ ဒသမ ၃၅ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်ပါသည်။ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုးရန် လျာထားမှု၏ ၇၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြန်လည်စိုက်ပျိုးပြီးဖြစ် ပါသည်။ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလွှမ်းခြုံ နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြီးမြောက် အောင်မြင်စေရေး အရှိန်အဟုန်ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။
ယခုအခါ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၈ ရက် နေ့အထိ သေဆုံးသူ ၃၆၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၄၈ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်း မရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများ အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံ ၂၀ ကလေယာဉ် ၉၈ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ခေါက်ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၃၀၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းများတန်ချိန် ၉၁၀ ကျော် ရောက်ရှိခဲ့ပါသည်။
ငလျင်ဒဏ်ကြောင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လူအများစုမှာ အဆောက်အအုံများ၏ ပြင်ပတွင်နေထိုင်လျက်ရှိပေသည်။ ယခုလိုအချိန်မျိုးတွင် ပြည်သူများအနေဖြင့် ဝမ်းရောဂါများ မဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာများ သုံးစွဲနိုင်ရေး သက်ဆိုင်ရာဌာနများမှ တည်ဆောက်ပေးသွားရန်၊ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရ အနေဖြင့် တိုက်တွန်းမှာကြားထားသည်ကို တွေ့ရှိရသည်။ သန့်ရှင်းသည့်သောက်သုံးရေများ ရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ရေသန့်များ ဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့်စက်များ ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှု အဆင်ပြေစေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။
ငလျင်ကျရောက်သည့် ဒေသများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ မျက်စိနာရောဂါ၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ၊ မြွေအန္တရာယ်နှင့် အပူဒဏ်ကာကွယ်ရေးတို့ အတွက် ကျန်းမာရေးဆိုင်ရာ သတိပြုရန် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ငလျင်နှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများ ဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာများကို စနစ်တကျစိစစ်တည် ဆောက်သွားရန်လိုပေသည်။ ပေါ့ပေါ့လျော့လျော့ဖြင့် အဆောက်အအုံများကို ခိုင်ခံ့မှုနည်းပါးစွာ တည်ဆောက်ခဲ့ပါက ယခုကဲ့သို့ ငလျင်အန္တရာယ်ဖြင့် ကြုံတွေ့လာလျှင် ကြီးစွာသောဒုက္ခဆင်းရဲကို ခံစားကြရမည်ဖြစ်ပေသည်။ ပြည်သူများသည် ယခုအခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ခံစားနေကြရပေသည်။ ပြည်သူများ၏ ပူဆွေးမှုကို ကိုယ်ချင်းစာသောအားဖြင့် နိုင်ငံတော်အစိုးရမှလည်း အဘက်ဘက်က ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပေသည်။
ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသူများကိုလည်း ကုသမှုများဆောင်ရွက်ပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာများ လုံးဝပျောက်ကင်းသည်အထိ ကုသမှုများဆောင်ရွက်ပေး လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရပေသည်။
ငလျင်ဒဏ်ခံရသည့်ဒေသများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန် ရေးဆိုသည့် လူသားအရင်းအမြစ်၊ ၎င်းမှ ကျန်းမာရေး၊ စားဝတ်နေရေး၊ ထိုမှတစ်ဆင့် ပြည်သူများ နေထိုင်ရန်အတွက် အဆောက်အအုံများ၊ လမ်းပန်း ဆက်သွယ်ရေး စသည်ဖြင့်တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ ငလျင်ဒဏ်ခံစားရမှု အခြေအနေကို နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးသည်မှာ နိုင်ငံတော်အစိုးရနှင့် ပြည်ပနိုင်ငံများ၏ ကောင်းမွန်သော ဆက်ဆံရေးကြောင့်ဟုလည်း ဆိုနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား သဘာဝဘေးအန္တရာယ် ကျရောက်မှု ဖြစ်စဉ်တိုင်းတွင် နိုင်ငံတော် ကြီးပြန်လည်ထူထောင် ကောင်းမွန်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်မှာ မိုခါနှင့် ရာဂိမုန်တိုင်းတို့သည် သက်သေပင်ဖြစ်သည်။
ယခု မတ်လ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုနှင့် နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် သာသနိက အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုကို အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာအကူအညီများ ရယူဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဒဏ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မူဝါဒချမှတ်ထားသည့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို မြန်မြန်ဆန်ဆန်သိမ်းဆည်းသွားရန်၊ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည့် အဆောက်အအုံများကို ပြင်ဆင်သွားရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဉ်များအတိုင်း ငလျင်ဘေးဒဏ်ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြံ့ကြံ့ခံ၍ ဆက်လက်ကျော်ဖြတ်သွားရမည်ဖြစ်ပေသည်။ ။
Source: https://myawady.net.mm/stories
အိန္ဒိယ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First) အယူအဆသည် (၂၀ဝ၈) ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော်လည်း မိုဒီ လက်ထက် (၂၀၁၄) ခုနှစ်တွင်သာ အကောင်အထည်ဖော်ဆောင် ရွက်ရန် တွန်းအားပေးမှုများရရှိခဲ့သည်။ယင်းမူဝါဒသည် ရလဒ်ကိုသာဦးတည်ပြီး အပြန်အလှန် အကျိုး မမျှော်ကိုးဘဲ အခြေခံအားဖြင့် အိမ်နီးချင်းများနှင့် ခိုင်မာပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မွေးမြူ ထူထောင်နိုင်ရန် ရည်ရွယ်နေသည်။ ယင်းမူဝါဒသည် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒီဂျစ်တယ်၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အတူ အိမ်နီးချင်းနိုင်ငံများနှင့်အချင်းချင်း ချိတ်ဆက်မှုတိုးမြှင့်ရေးတို့ကို အာရုံစိုက်ထားသည်။ အိမ်နီးချင်း ဦးစားပေး မူဝါဒအရ အိန္ဒိယ၏ မဟာဗျူဟာနှင့်လုံခြုံရေးဆိုင်ရာတွက်ချက်မှုတွင် အရှေ့တောင်အာရှ ကို ပြန်လည် ဦးစားပေးလာခဲ့သည်။အိန္ဒိယသည် လုံခြုံရေး၊ မဟာဗျူဟာနှင့် အခြေအနေအကြောင်း အရင်းများစွာကြောင့် တောင်အာရှတွင် အခိုင်အမာ တည်ရှိနေသည်။ အိန္ဒိယနှင့် ၎င်း၏အိမ်နီးချင်းများ သည် နယ်နိမိတ်ချင်းထိစပ်နေခြင်းနှင့်အတူ လူမျိုးရေး၊ သမိုင်းဝင်၊ ယဉ်ကျေးမှုဆိုင်ရာ နီးစပ်မှုများဖြင့် ချည်နှောင်ထားကြသည်။ရည်ရွယ်ချက်အားဖြင့် မည်သို့ပင်ခိုင်မာစေကာမူ ယင်းမူဝါဒသည် ထောင်စုနှစ် အစပိုင်းကတည်းက အပြောင်းအလဲများကိုကြုံတွေ့ခဲ့ရသည်။ဆယ်စုနှစ်ကုန်ပိုင်းတွင် ဘူတန်၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊နီပေါ၊မော်လ်ဒိုက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးမတည်ငြိမ်မှု များနှင့် သီရိလင်္ကာ ပြည်တွင်းစစ်တို့က အိန္ဒိယအတွက် အကျပ်ရိုက်စေခဲ့ပြီး စိန်ခေါ်မှုအသစ်များ ဖြစ်လာစေခဲ့သည်။ထိုအချိန်က ပြည်တွင်း၌လည်း အမျိုးမျိုးသောပဋိပက္ခများကြောင့် အိန္ဒိယအစိုးရ သည် ထွန်းသစ်စ တရုတ်နိုင်ငံကို ကျော်တက်ဖို့ရာ အခက်အခဲများစွာရှိခဲ့သည်။ ထို့နောက် (၂၀၁၄) ခုနှစ်တွင် BJP အစိုးရသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပြန်လည်အာရုံစိုက်ရန်ကြိုးပမ်း လာခဲ့သည်။မိုဒီ၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိန္ဒိယနိုင်ငံသည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီနှင့် သဘာဝဘေးတုံ့ပြန်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊နိုင်ငံရေးအရ ထိတွေ့ဆက်ဆံ မှုများ၊ရင်းနှီးမြှုပ်နှံမှုများနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ကျယ်ပြန့်လာခဲ့ပြီး အဆိုပါနိုင်ငံများ၏ အကျိုးစီးပွားများကို ပိုမိုမြော်မြင်လာခဲ့သည်။ အိန္ဒိယသည် ပူးပေါင်းဆောင်ရွက်မှု၊ပူးပေါင်းပါဝင်မှုများ ကိုအရှိန်မြှင့်တင်ရန်နှင့် ၎င်း၏ လုံခြုံရေးအကျိုးစီးပွားများ၊ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို မြှင့်တင်ရန်အတွက် မိတ်ဖက်အစိုးရများ၊ ခေါင်းဆောင်များ၊ ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုးမြှင့်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးအင်အားကြောင့် မိတ်ဖက်အစိုးရများသည်ပင် တရုတ်ကို လွန်ဆန်၍မရကြောင်း သိမြင်လာခဲ့သည်။ ထို့နောက် မိုဒီသည် ၎င်း၏ မူဝါဒကို အတင်းအကျပ်ပြုခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကြား မျှတအောင်ထိန်းညှိပေးထားပြီး တင်းကြပ် သော အစီအမံများက ပို၍သိမ်မွေ့လာခဲ့သည်။အစောပိုင်း အတင်းအကျပ်ပြုသည့် အစီအမံများတွင်နီပေါနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် မော်လ်ဒိုက်နိုင်ငံအပေါ် စစ်ရေးအရ အင်အားပြခြင်းတို့ ပါဝင်ခဲ့သော်လည်း ယခုအခါ အိန္ဒိယဈေးကွက်များသို့ ဝင်ရောက်ခွင့်ပေးခြင်းနှင့် အကူအညီများပေးခြင်း တို့အပေါ် အဓိကထားအာရုံစိုက်လာခဲ့သည်။ အတင်းအကျပ်ပြုသည့် အစီအမံများကို အသုံးပြုခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးရာများတွင်ပါဝင်ခြင်းသည် ယင်းနိုင်ငံများကို အိန္ဒိယနိုင်ငံနှင့် ပို၍ဝေးကွာစေပြီး အခြားရွေးချယ်စရာဖြစ်သော တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စေမည်ကို နားလည် သဘောပေါက်လာခဲ့သည်။မူဝါဒ၏ အဓိကလက်နက်ကိရိယာတစ်ခုမှာ ဆက်သွယ်ရေးနှင့်စီးပွားရေး ဆက်စပ်မှုများမှ တစ်ဆင့် အိမ်နီးချင်းများနှင့် အပြန်အလှန်မှီခိုမှုများ၊ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရန်ဖြစ်သည်။အပြန်အလှန်မှီခိုမှုများမှတစ်ဆင့် တရုတ်ဩဇာကို တန်ပြန်နိုင်ပြီး ၎င်း၏လုံခြုံ ရေးကို အားကောင်းစေကာ ၎င်း၏အကျိုးစီးပွားများကိုမြှင့်တင်နိုင်သည်ဟု အိန္ဒိယက ယုံကြည်လာသည်။ထို့ကြောင့် အိန္ဒိယသည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့နှင့်အတူ လမ်း၊ ရထား၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်း ဆိပ်ကမ်းဆက်သွယ်ရေးဆိုင်ရာစီမံကိန်းပေါင်း(၁၀ဝ)ကျော်ကို စတင်ခဲ့သည်။အိမ်နီးချင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ကူညီရန် ထောက်ပံ့ငွေများ နှင့်အတူ အတိုးနှုန်း (၁ ဒသမ ၅) ရာခိုင်နှုန်းမှ (၁ ဒသမ ၇၅) ရာခိုင်နှုန်းဖြင့် ချေးငွေများ ပေးအပ်ခဲ့ သည်။(၂၀၁၅) ခုနှစ်တွင် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၈) ဘီလီယံ၊ နီပေါနိုင်ငံသို့ (၁ ဒသမ ၃) ဘီလီယံ၊ သီရိ လင်္ကာနိုင်ငံသို့ (၁ ဒသမ ၇) ဘီလီယံနှင့် မော်လ်ဒိုက် နိုင်ငံသို့ သန်း(၈၀)တန်ဖိုးရှိချေး ငွေများ ချပေးခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်ချက်များသည် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကိုဖြည့်ဆည်းပေးခဲ့ပြီး စီးပွားရေး အခက် အခဲများနှင့် ရင်ဆိုင်နေရသော တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများကို အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများသည် ပထဝီနိုင်ငံရေးအရ အိန္ဒိယအပေါ် တဖြည်းဖြည်း ယုံကြည် ကိုးစား လာကြသည်။ အိန္ဒိယ၏မူဝါဒသည် ကိုဗစ်ကပ်ရောဂါ၊ ယူကရိန်းပဋိပက္ခနှင့်အတူ ပေါ်ပေါက် လာသော စွမ်းအင်နှင့်စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များဖြစ်ပွားချိန် ကဲ့သို့သော အခက်အခဲကြုံတွေ့ရချိန်များတွင်လည်း ၎င်း၏အိမ်နီးချင်းနိုင်ငံများကို မျက်ကွယ်ပြု မထားခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများတွင် ဘေးအန္တရာယ်တစ်စုံတစ်ရာပေါ် ပေါက်လာ ချိန်တိုင်း အိန္ဒိယသည် ပထမဦးဆုံး တုံ့ပြန်သူဖြစ်သည်သာမက ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက် ဘေးကင်းလုံခြုံရေး ကွန်ရက်တစ်ခုလည်း ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ယင်းမူဝါဒမှ အကျိုးအမြတ်များစွာ ရရှိခံစားနေသည်။ အိန္ဒိယသည် မည်သည့်အစိုးရ၊ မည်သည့်အုပ်ချုပ်မှုပုံစံတွင်ဖြစ်စေ မြန်မာနိုင်ငံအား အလေးထား ပြုမူဆက်ဆံခဲ့သည့်နိုင်ငံဖြစ်ခဲ့သည်။ မကြာသေးမီက မတ်လ (၂၈) ရက် တွင် ကြုံတွေ့ခဲ့ရသော ငလျင် ဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်း အိန္ဒိယအစိုးရသည် မြန်မာနှင့် တစ်သားတည်း ရပ်တည်ပေး ခဲ့သည်။ မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလျင်နှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းနည်းကြောင်း တိုက်ရိုက်ဆက်သွယ် စကားပြောကြား၍ မြန်မာ့အကျပ်အတည်း ကာလ အတွင်း အိန္ဒိယက တစ်သားတည်းရပ်တည်လျက် ရှိနေကြောင်း မိုဒီ၏ လူမှုကွန်ရက် X စာမျက်နှာ ထက်တွင် ရေးသားဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကို အကြီးအကျယ်ပျက်စီးစေခဲ့သော ငလျင်ကြီး အပြီး တွင် အိန္ဒိယနိုင်ငံသည် “ဗြဟ္မာစစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ငလျင် ဖြစ်ပွားပြီး (၂၄) နာရီပင်မပြည့်သော အချိန် ကာလအတွင်းမှာပင် လေယာဉ်ဖြင့် အရေးပေါ်အကူအညီများ ပေးပို့ခဲ့သည်။ အဆိုပါ အရေးပေါ် အကူအညီများတွင် စောင်၊တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊sleeping bags၊ နေရောင်ခြည် သုံးမီးအိမ်များ၊အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်များအရသိရသည်။ ထို့ပြင် ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ၃၁ ရက်) ကလည်း အိန္ဒိယ စစ်ရေယာဉ်နှစ်စင်းဖြင့် တန်ချိန် (၅၀)ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးပို့လာခဲ့ပြန်သည်။ လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက လေယာဉ် (၅) စင်း အပြင် စစ်ရေယာဉ် (၅) စင်းစာ အထောက်အပံ့များ ပေးပို့ကူညီလာကြောင်းတွေ့ရသည်။ ထို့ပြင် အိန္ဒိယ သည် အထူးပြုရှာဖွေကယ်ဆယ်ရေးကိရိယာများဖြစ်သည့် ကွန်ကရစ်ဖြတ်စက်များ၊တူးဖော်စက် များနှင့် ခွေးတပ်သားများအပါအဝင် အဖွဲ့ဝင် (၈၀) ပါဝင်သော အမျိုးသားသဘာဝဘေး တုံ့ပြန်ရေး တပ်ဖွဲ့ (NDRF) ကိုလည်း စေလွှတ်ခဲ့သည်။အဆိုပါအဖွဲ့သည် အပျက်အစီးများအောက်တွင် ပိတ်မိ နေသော အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ဂျေဆဝါလ်က တူရကီနှင့် ဆီးရီးယားနိုင်ငံတို့တွင် ဆောင်ရွက်ခဲ့သော“Operation Dost”ကဲ့သို့ ယခင်အကူအညီပေးရေးမစ်ရှင် များကိုကိုးကား၍ ဒေသတွင်း သဘာဝဘေးအန္တရာယ်များတွင် အိန္ဒိယသည် “ပထမဦးဆုံးတုံ့ပြန်သူ” ဖြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံအား ထောက်ပံ့ပေးနေသော “ဗြဟ္မာစစ်ဆင်ရေး” နှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ “ကမ္ဘာကြီးသည် မိသားစုတစ်ခု တည်းသာဖြစ်သည်”ဟူသော အယူအဆကိုရည်ညွှန်း၍ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ကူညီ ဖေးမမှုများက ထိုအယူအဆကို အားဖြည့်ပုံဖော်လျက်ရှိကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြား ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံအတွက် ရှေ့အစဉ်အဆက်ကတည်းက အိမ်နီးချင်းနိုင်ငံကောင်း ဖြစ်ပေးခဲ့သည်။ယခုကဲ့သို့ ဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် ၎င်းတို့၏ ဖေးမကူညီမှုများကို ပို၍ပင် ခံစားသိမြင်လာရသည်။ အိန္ဒိယအနေဖြင့် ၎င်း၏အိမ်နီးချင်းဦးစားပေးမူဝါဒအရ အိမ်နီးချင်းနိုင်ငံများ အပေါ် ကောင်းမွန်စွာဆက်ဆံပေးနေသည်ဆိုစေကာမူ မိတ်ဖက်နိုင်ငံများအပေါ် ချည်နှောင်မှုမရှိသော ထိုအကူအညီများကြောင့် အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးက အချိန်ကြာလာ သည်နှင့်အမျှ တိုးတက်လာရန်လမ်းသာရှိပါကြောင်း ရေးသားလိုက်ရပါသည်။
မထက်ထက်ဝင်းသည် တစ်ချိန်က အင်းဝ၏ သမိုင်းကြောင်းကြွယ်ဝမှု ဂုဏ်ယူဖွယ်ပြယုဂ်နှင့် ဒေသခံ များအတွက် အသက်သွေးကြောဖြစ်ခဲ့သည့် မယ်နုအုတ်ကျောင်း၏ ပြိုကျနေသည့် အပျက်အစီး များရှေ့ မတ်တတ်ရပ်နေသည်။
ထိုသို့ဖြစ်စဉ်မှာ မယ်နုအုတ်ကျောင်း တစ်ခုတည်းတော့မဟုတ်ပေ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် အင်းဝမြို့ရှိ ရှေးဟောင်းအဆောက်အအုံအားလုံးနီးပါး ပြိုကျခဲ့ရကာ အင်းဝမြို့မှာလည်း အပျက်အစီး များဖြင့် ကျန်ရစ်ခဲ့ပေသည်။
နာမည်ကျော် အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၄ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော် ဖြစ်ခဲ့ကာ ရှေးဟောင်းအဆောက်အအုံနှင့် ဘုရားစေတီပေါင်း ၉၆၀ ကျော် ရှိကြောင်း သိရသည်။
ရာစုနှစ်များကြာ သက်တမ်းရှိသော ဘုရားများတစ်လျှောက် ပန်းများရောင်းလျက် ခရီးသွား ဧည့်သည်များကို လမ်းညွှန်ခြင်းလုပ်ကိုင်ရသည့် အစား မထက်ထက်ဝင်းသည် ယခုအခါ ပျက်စီးနေ သောအုတ်ပုံများနှင့် ပြုတ်ကျနေသော ထောက်တိုင်များကို ငေးငိုင်ကြည့်ကာ သဘာဝဘေး အန္တရာယ်က အင်းဝမြို့၏ အမွေအနှစ်ကိုသာမက ၎င်း၏အသက်မွေးဝမ်းကျောင်းကိုပါ မည်ကဲ့သို့ သိမ်းကြုံးဖျက်ဆီးခဲ့ပုံကို ရှင်းပြခဲ့သည်။
“ဒီငလျင်က ကျွန်မတို့ရဲ့ ထမင်းအိုးကိုခွဲခဲ့တာ” ဟု အသက် ၂၂ နှစ်အရွယ် မထက်ထက်ဝင်းက ၎င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျောက်ဆုံးခဲ့ပုံကို ပြောပြခဲ့သည်။ “အုတ်ကျောင်းကြီး ပြိုကျတုန်းက ကျွန်မတို့ထမင်းအိုးကွဲသွားတာ” ဟု ၎င်းက ဧပြီ ၃ ရက်၌ ပြောခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုသည် ယင်းနေရာ၌ ရှင်သန်ရပ်တည်နေခဲ့ ခြင်းဖြစ်သည်။ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများသို့ ခရီးသွားဧည့်သည်များ လာရောက်ချိန်တွင် မထက်ထက်ဝင်းကဲ့သို့ ဒေသခံများက ပန်းများရောင်းခြင်း၊ ခရီးသွားဧည့်သည် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ရှေးဟောင်းဘုရားစေတီများအကြောင်းကို ဝေမျှပြောပြပေးခြင်းဖြင့်ပုံမှန်ဝင်ငွေများ ရရှိခဲ့သည်။အလုပ်များသောနေ့ရက်များတွင် ၎င်းရေတွက်နိုင်သည်ထက် ဝင်ငွေပိုမို ရရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။
သို့ရာတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အရာရာမှာပြောင်းလဲသွားခဲ့ပေသည်။မြေငလျင်အားပြင်းစွာ လှုပ်ခတ်ခဲ့ခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားစေတီများ၊ရာစုနှစ်သက်တမ်းရှိသော အဆောက် အဦများ အပါအဝင် အင်းဝမြို့၏ ရှေးဟောင်းအထင်ကရနေရာများမှာ ပြိုကျပျက်စီးခဲ့ရသည်။
စနစ်တကျတည်ဆောက်ထားသော မယ်နုအုတ်ကျောင်းသည်လည်း ပြိုကျပျက်စီးခဲ့ရသည်။နေအိမ်များ အက်ကွဲပွင့်ထွက်ခဲ့ပြီး လမ်းများမှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။
အင်းဝ၏ ဆုံးရှုံးမှုသည် ငွေကြေးပိုင်းဆုံးရှုံးမှုထက် ကျော်လွန်နေပေသည်။ ငလျင်ကြောင့် ရေပိုက် လိုင်းများ တစ်စစီပျက်စီးသွားသဖြင့် ရာနှင့်ချီရှိသော အိမ်ထောင်စုများအား သန့်ရှင်းသောရေရရှိရေး ပြတ်တောက်သွားခြင်းက အသက်ရှင်ကျန်ရစ်သူများအဖို့ နေ့စဉ်ရုန်းကန်ရသောအခက်အခဲပင် ဖြစ်သည်။
“အခု ကျွန်မတို့ ဧရာဝတီမြစ်ထဲကရေသွားသယ်ရတာ။ဒါပေမဲ့ တချို့ မြစ်ကမ်းပါးတွေလည်း ပြိုကျကုန်တာ ဆိုတော့ အဲဒီကိုရောက်ဖို့တောင် တော်တော်လေးခက်ခဲတယ်” ဟု မထက်ထက်ဝင်းက ဆိုသည်။
ညအချိန်ရောက်ရှိပြန်လေတော့လည်း ကြောက်ရွံ့မှုက တစ်ဖန်ပေါ်လာပြန်လေသည်။နေအိမ်များက မလုံခြုံတော့သလို လူအများစုမှာလည်း အပြင်ဘက်တွင် အိပ်စက်ကြရသည်။နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ချိန်တိုင်း ၎င်းတို့မှာအိပ်ရာမှလန့်နိုးလာခဲ့ပြီး ယင်းမှာ ခက်ခဲစွာကျော်ဖြတ်ခဲ့ရသော ရက်စက် လှသည့် သတိပေးခေါင်းလောင်းသံပင်ဖြစ်သည်။
အခက်အခဲများရှိနေဆဲကြားထဲမှ အသက်ရှင်သန်ရသည့် ကံကောင်းထောက်မမှုကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ “တခြားနေရာတွေနဲ့ယှဉ်ရင်တော့ ကျွန်မတို့က အသက်ဘေးက လွတ် ကြတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ဘယ်သူမှမဆုံးပါးကြဘူး” ဟု ၎င်းက ဆိုသည်။
ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအောက်မှ သေဆုံးသူများကို ဆွဲထုတ်ယူနေရသည့် အနီး ဝန်းကျင်ရှိ စစ်ကိုင်း၊ တံတားဦးနှင့် မန္တလေးတို့နှင့် မတူညီဘဲ အင်းဝမြို့မှာမူ လူအများအပြား သေဆုံးမှုများ ကင်းဝေးခဲ့သည်။သို့သော် အသက်ရှင်သန်ရေးအပြင် ဝမ်းရေးကလည်း ရှိနေပြန်သည်။
ခရီးသွားဧည့်သည်များလည်း မရှိ။ ဘုန်းတော်ကြီးကျောင်းများလည်း အပျက်အစီးပုံများဖြစ်သွားခဲ့ သည်။ ခရီးသွားဧည့်သည်များမရှိပါက ဝင်ငွေလည်းရှိမည်မဟုတ်ပေ။ ခုနစ်စတုရန်းမိုင်ဧရိယာလွှမ်းခြုံမှု ရှိသော အင်းဝမြို့သည် အဆောက်အဦနှင့် ဘုရားစေတီပုထိုး ၉၆၁ ဆူဖြင့် ကြွယ်ဝသော သမိုင်း ကြောင်းရှိသည်။ ထို့ပြင် အင်းဝကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။ အဆိုပါ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးက ကိုဗစ်-၁၉ ရောဂါမတိုင်မီက ခရီးသွားဧည့်သည်ဦးရေ ၁,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ငလျင်မလှုပ်ခတ်မီက ခရီးသွားဧည့်သည်အရေအတွက် ရာနှင့်ချီ၍ ရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။
တစ်ချိန်က သမိုင်းဝင်နေရာဖြစ်ခဲ့ပြီး ယခုအခါ အုတ်ကျိုးအုတ်ပဲ့ပုံဖြစ်နေသော ၎င်း၏မြို့လေးကို ငေးကြည့်လျက် မထက်ထက်ဝင်းမှာ အိပ်မက်များ တစ်စစီပြိုကျပျက်စီးခဲ့ရသည်။ ယင်းကျောင်း တော်ကြီးအား ပြန်လည်ထိန်းသိမ်းနိုင်ဦးမည်လားဆိုသည်ကိုမူ ၎င်းအနေဖြင့် မသိရှိနိုင်ဟု ၎င်းက ပြောခဲ့သည်။ ထိုသို့ဆိုသည့်တိုင် ၎င်းအနေဖြင့် အရှုံးပေးရန်ကိုမူ ငြင်းဆိုလျက် “ကျွန်မတို့ကတော့ ဆက်ပြီးတော့ ကြိုးစားရုန်းကန်ရမှာပေါ့” ဟု ဆိုသည်။
ကိုးကား-Xinhua
နိုင်ငံတော်အနေဖြင့် ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်၊ မွေးမြူရေးကိုအခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန်၊ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ခိုင်မာသောဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးသည် ဒေသတွင်းတွင် စက်မှုဇုန်များ၊ စိုက်ပျိုးမွေးမြူရေးဇုန်များ အများအပြားတည်ရှိနေ၍ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်ရာဒေသတစ်ခုဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး အချက်အချာဒေသလည်း ဖြစ်နေသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော် နေထိုင်နေသည်ဟု မှတ်တမ်းများ အရသိရသည်။ ရန်ကုန်တိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးထက် အကျယ်အဝန်းပမာဏ အသေးငယ်ဆုံးဖြစ်သည်။
သို့သော် လက်ရှိရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော်နေထိုင်၍ လူဦးရေအများဆုံးနှင့် လူနေအထူထပ်ဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် သား၊ငါးထုတ်လုပ်မှု လုံလောက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ပြီးတိုင်းဒေသကြီး အတွင်းမှာ စိုက်ပျိုးမွေးမြူရေး ဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစိုက်ပျိုးမွေးမြူရေးဇုန်များတွင် တွံတေးမြို့နယ် အဝန်းအဝိုင်းတွင် တည်ရှိသည့် တွံတေးမွေးမြူရေးဇုန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တွံတေးမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်တွင်စတင်ခဲ့ပြီး မြေဧရိယာ ၅၈၁ ဒသမ ၅၄ ဧကအကျယ်အဝန်းဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်သည်။
မွေးမြူရေးဇုန်အား အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်နေသည်။ ယခုအချိန်တွင် ဇုန်များအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံးနှင့် ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်သည်။ မွေးမြူရေး အထူးဇုန်ရှိ မွေးမြူရေးလုပ်ငန်းများကို ဒေသန္တရ မွေးမြူခြင်းမျိုးမဟုတ်ဘဲ စီးပွားဖြစ် စနစ်တကျ မွေးမြူဆောင်ရွက်နေခြင်းဖြစ်သည်။ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဖော်ဆောင်ပြီး မွေးမြူမည်၊ ထုတ်ကုန်များကို ကုန်ချောအဆင့်သို့ရောက်အောင် ထုတ်လုပ်မည်၊ ရေရှည်အကျိုးစီးပွားနှင့် စဉ်ဆက် မပြတ်သည့် ထုတ်လုပ်မှုဖြစ်စေရေး ဆောင်ရွက်မည်၊
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Base Industry) ကို ဖော်ဆောင်သွားမည်၊ တန်ဖိုးမြင့်စက်မှုထုတ်ကုန်များ ထုတ်လုပ်မည်ဆိုသည့် ရည်မှန်းချက်များထားရှိပြီး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်ရှိ မွေးမြူရေးဇုန် (၁)တွင် ငါးမွေးမြူရေးကန်၊ ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများ အကောင်အထည်ဖော်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည်။ မွေးမြူရေးဇုန် (၂)နှင့် မွေးမြူရေးဇုန်(၃)တွင် မြန်မာကြက်မွေးမြူခြင်းအပါအဝင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံးနှင့် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
ထိုမွေးမြူရေးလုပ်ငန်းမျိုးစုံကို လုပ်ဆောင်ကြရာ၌ ကြက်မွေးမြူခြင်းတွင် အသားတိုးကြက်၊ ဥစားကြက်၊ တိုင်းရင်းကြက်တို့ကိုသာ အဓိကထားပြီး အများဆုံးမွေးမြူခြင်းပြုကြသည်။ သို့သော် ထူးခြား မှုရှိနေသည်မှာ ကြက်မည်းမွေးမြူခြင်း လုပ်ငန်းလည်း ပါဝင်နေခြင်းဖြစ်သည်။ အကြောင်းမှာ ယခင်ကမွေးမြူရေးဇုန် တည်ထောင်သည့် ဒေသအဝန်းအဝိုင်းတွင် ကြက်မည်းမွေးမြူမှု မရှိသလောက်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။
ယခင်ကကြက်မည်းအကြောင်းကို သိသူနည်းပါးသည်။ အသားကိုစားသောက်ရမည်ကိုပင် ကြောက်ကြသည်။ ကြက်မည်းအသားနှင့်ဥကို ဆေးဝါးအဖြစ်သာ စားသုံးကြသည်။ ၂၀၁၅ ခုနှစ်ခန့်အထိ ရှမ်းပြည်နယ် ကြူကုတ် ပန်ဆိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ မှာယူစားသုံးမှုမျိုးသာရှိခဲ့သည်။၂၀၁၉ ကိုဗစ်-၁၉ရောဂါ ပြည်တွင်း၌ ဖြစ်ပွားလာသည့်အခါ ဆေးဝါးအာဟာရအဖြစ် ကြက်မည်းစွပ်ပြုတ်နှင့် ကြက်မည်းဥကို ရှာဖွေစားသုံးမှု များလာခဲ့သည်။ ကြက်မည်း စားသုံးခြင်းများလာပြီး အသားနှင့်ဥဈေးကွက်နေရာ ရလာသည်။ တစ်ဆက်တည်း ကြက်မည်းမွေးမြူရေး လုပ်ငန်းများလည်း လူသိများတွင်ကျယ်လာခဲ့သည်။
ယခုအခါ နိုင်ငံအတွင်း နေရာဒေသအနှံ့၌ စီးပွားဖြစ်မွေးမြူခြင်း လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် မွေးမြူခြင်းများကိုပါ လုပ်ဆောင်နေကြပြီဖြစ်သည်။ပြည်တွင်းတွင် အင်ဒိုဂျာဗားစပ် ကြက်မည်းမျိုးနှင့် ယူနန်ဆမ်းမားမျိုးကို မွေးမြူရောင်းချလျက်ရှိသည်။
အင်ဒိုဂျာဗားစပ် ကြက်မည်းအမျိုးအစားမှာ အမွေးမှ အစ အသား၊ အတွင်းကလီစာများအထိ အမည်းရောင်သန်းနေပြီး ဥမှာခိုပြာရောင်သန်းသည်။ ယူနန် ဆမ်းမားကြက်မည်းမျိုးများမှာ အမွေးအတောင် မမည်းဘဲ အသားမှာ အမည်းရောင်သန်းကာ ဥမှာ မြန်မာကြက်ဥနှင့် ဆင်တူသည်။
ကြက်မည်းကိုစားခြင်းဖြင့် အမျိုးသားများအာရုံကြောအားနည်းခြင်း၊ အကြောအားနည်းခြင်းများကို သက်သာစေနိုင်သည့်အပြင် အမျိုးသမီးရောဂါများကိုလည်း သက်သာအောင် အထောက်အပံ့ပေးနိုင်သည်။
ကြက်မည်းသည် တရုတ်နိုင်ငံ၌ စားသုံးမှု အများဆုံးဖြစ်သည့် အာဟာရဓာတ်စာ တစ်မျိုးလည်းဖြစ်သည်။
ကြက်မည်းတွင် ပရိုတင်းဓာတ်၊ ဗီတာမင်နှင့် သတ္တု ဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ သံဓာတ်၊ ဇင့်၊ ဆီလီနီယမ်နှင့် ဗီတာမင် B12 တို့ ပါဝင်ပြီး ခန္ဓာကိုယ်အတွက်အရေးပါသော အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။
ကြက်မည်းတွင်ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ်များသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိသည်။ ကြက်မည်းသည် ကိုလက်စထရောနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်များ ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ ထို့ပြင် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။
ကြက်မည်းကို ယခင်ကဆေးဝါးအဖြစ်သာ စားသုံးရာမှ ယခုတွင် ပြည်တွင်းကြက်မည်း အသားနှင့်ဥ စားသုံးမှု သိသိသာသာမြင့်တက်လာသဖြင့် အသားထုတ်လုပ်မှုနှင့် ဥစျေးကွက်ပါ တွင်ကျယ်လာသည်ဟု ကြက်မည်းမွေးမြူရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။
‘‘တွံတေးမွေးမြူရေးဇုန်မှာလာပြီး လုပ်တဲ့အခါမှာ တော်တော်များများက ကြက်မည်း အသားအကြောင်း၊ ကြက်မည်းဥအကြောင်း သိလာကြတယ်။ ကျွန်တော်တို့ဆီ လာမှာတဲ့သူတွေ အတော်များလာပြီ။ ကျွန်တော်တို့က ကြက်အကောင်ပေါက်ပဲ ရောင်းတယ်။ အသားသက်သက်တော့ မရောင်းပေးဘူး။ အကောင်ပေါက် မီးလွတ်တွေ၊ နှစ်လသား၊ လေးလသားအရွယ်တွေကို ကျွန်တော်တို့ကရောင်းပေးနေတယ်။ ကြက်အကောင် ပေါက်တွေအတွက် အမှာတွေလည်း ရနေပါပြီ။ ဥကိုလည်း အစိုးရခွင့်ပြုထောက်ခံချက်နဲ့ စနစ်တကျ ထုပ်ပိုးပြီး ရောင်းပေးနေတယ်။ ကုန်ကျစရိတ်က တခြားကြက်မွေးတာထက်ပိုများလို့ ကြက်မည်းဥ ရောင်းဈေးများနေရတယ်။ အခု Super Market၊ ဝne Stop Market တွေမှာရောင်းနိုင်ဖို့ လုပ်နေတယ်။
ရောင်းရဖို့လည်းရှိလာတယ်။ ဈေးကွက်ကျယ်ပြန့်လာတယ်၊ တိုးတက်လာတယ်။ နောက်ထပ်လည်း ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ ကြက်မည်းမျိုးတွေ မှာယူနိုင်ပါတယ်။ ဈေးကွက်ရဲ့လိုအပ်ချက်ပြည့်မီဖို့ လက်ရှိဈေးကွက်မှာ ဥရောအကောင်ပေါက်အတွက်ပါ ရောင်းအားတက်လာဖို့ ကြိုးစားနေပါတယ်’ ဟု တွံတေးမွေးမြူရေးဇုန်ရှိ ကြက်မည်းမွေးမြူရေး ခြံမန်နေဂျာကပြောသည်။
ယခုဆိုလျှင် တွံတေးမွေးမြူရေးဇုန်တွင် ပါဝင်အကောင်အထည်ဖော်၍ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် မွေးမြူရေး လုပ်ငန်းရှင်များ၏ အားထည့်ကြိုးပမ်း လုပ်ဆောင်မှုများသည် မွေးမြူရေးဇုန်၏ အောင်မြင်မှုရလဒ်ကောင်းများ ရရှိစေရေးကို အထောက်အပံ့ပေးနေပြီဖြစ်သည်။ ကြက်မည်းမွေးမြူရေး အပါအဝင် အခြားမွေးမြူရေး လုပ်ငန်းများ၏ထွက်ကုန်များ ဈေးကွက်ထိုးဖောက်နိုင်မှု အနေအထားကလည်း အောင်မြင်ခြင်းဆီသို့ ခြေတစ်လှမ်းစတင်လှမ်းနိုင်ရန် အခြေအနေကောင်းများ ရရှိနေပါပြီ။
သို့ဖြစ်၍ တိုင်းဒေသကြီးအတွင်းနေ ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် သားငါး ထုတ်လုပ်မှု လုံလောက်မှုရှိစေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် တွံတေးမွေးမြူရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင်မွေးမြူရေးဇုန် သက်တမ်းနှစ်နှစ် မပြည့်ခင်ကာလမှာပင် အောင်မြင်မှုလမ်းကြောင်း ပေါ်သို့ရောက်ရှိရန် အနေအထားကောင်းများကို တွေ့မြင်နေရပြီဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် “တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသော ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး လုပ်ငန်းများအနက် သဘာဝရော်ဘာ (Natural Rubber)စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးတွင် အဓိကအခန်းကဏ္ဍ၌ပါဝင်နေပြီး စီးပွားရေးအရအရေးကြီးခြင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော သဘာဝရော်ဘာ၏ အသုံးဝင်မှုများပြားပြီး သုံးစွဲမှုများပြားလာခြင်းတို့ကြောင့် ၁၉၇၉ ခုနှစ်မှစ၍ ရော်ဘာကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အဓိကအရေးကြီးသော သီးနှံအဖြစ် ဦးစားပေး သတ်မှတ်ဆောင်ရွက်လာသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေနှင့် ရာသီဥတုအခြေအနေအရ မကွေးတိုင်းဒေသကြီးကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှအပ မြန်မာနိုင်ငံဒေသ အားလုံးနီးပါးတွင် ရော်ဘာစိုက်ပျိုး ဖြစ်ထွန်းခြင်းကြောင့် ရော်ဘာစိုက်ဧရိယာများ တိုးတက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်စျေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့၍ ရော်ဘာအပါအဝင် စိုက်ပျိုးထုတ်ကုန် အများအပြားကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ခွင့်ရရှိမှုကြောင့် ရော်ဘာစိုက်ဧကများ သိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရော်ဘာသီးနှံစိုက် ဧရိယာ ၁၆၃၉၇၄၈ ဧကအထိရှိလာပြီး အစေးခြစ်ဧရိယာ ၁၀၃၀၄၆၆ ဧကမှ ရော်ဘာတန်ချိန် ၃၃၈၇၅၈ တန် ထုတ်လုပ်လာနိုင်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးသည် ဒုတိယနှင့် ကရင်ပြည်နယ်သည်တတိယ အများဆုံးဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ရှမ်း၊ ဧရာဝတီ၊ ကချင်၊ ရခိုင်တို့တွင်လည်း တိုးတက်စိုက်ပျိုးလာကြောင်း သိရသည်။
ရော်ဘာပြည်ပတင်ပို့မှုအခြေအနေ
ရော်ဘာပင်၏အခေါက်မှ အစေးကိုခြစ်ယူ၍ အစေးခဲခြင်း၊ အစေးကြိတ်ခြင်း၊ မှိုင်းတင်ခြင်းဖြင့် မှိုင်းခံရော်ဘာ (Ribbed Smoked Sheet-RSS) များ ထုတ်လုပ်ခြင်းအပြင် ဆွဲဖတ်၊ ခွက်ကပ်များ၊ အထူပြား ဖြတ်စ၊ ညှပ်စများကိုပြုပြင်၍ Technically Specified Rubber (TSR) သို့မဟုတ် ခရမ့်ရော်ဘာ(Crumb Rubber)ကိုလည်း ထုတ်လုပ်လျက်ရှိကြသည်။ မှိုင်းခံရော်ဘာနှင့် ခရမ့်ရော်ဘာများ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းစက်မှုလုပ်ငန်းများတွင်သုံးစွဲပြီးကျန် ၉၀ ရာခိုင် နှုန်းကျော်အား ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရော်ဘာ တန်ချိန် ၂၁၁၂၇၃ တန်တင်ပို့နိုင်ခဲ့ပြီး ပြည်ပဝင်ငွေအမေရိကန် ဒေါ်လာသန်း ၂၇၅ ဒသမ ၅၆၉ ရရှိခဲ့သည်။
ရော်ဘာအခြေခံထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရမှုအခြေအနေ
မြန်မာနိုင်ငံရှိ ရော်ဘာထုတ်လုပ်သည့် ပုဂ္ဂလိကအခန်းကဏ္ဍကို လေ့လာလျှင် မှိုင်းခံရော်ဘာနှင့် ခရမ့်ရော်ဘာများ ပြည်ပသို့တင်ပို့ရောင်းချနိုင်၍ ဝင်ငွေရရှိနေသော်လည်း တစ်ဖက်တွင် ကုန်ချောပစ္စည်း ထုတ်လုပ်သည့်အဆင့်မှာ လွန်စွာအားနည်းကြောင်း တွေ့ရှိရသည်။ အချို့ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ တည်ထောင်ပြီး ထုတ်လုပ်နေမှုများရှိသော်လည်း ပြည်တွင်းတွင်လုံလောက်စွာ ထုတ်လုပ်နိုင်မှုမရှိ၍ ကား တာယာအပါအဝင် တာယာမျိုးစုံ၊ ကျွတ်များနှင့် သားရေကွင်း၊ ပူဖောင်း၊ လက်အိတ်၊ မွေ့ရာ၊ ရော်ဘာဖိနပ်ဆိုးပြားစသည့် MSME ထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကားတာယာ၊ စက်ဘီးတာယာ၊ ဆိုင်ကယ်တာယာနှင့် ကျွတ်အမျိုးမျိုးအရေအတွက် ၇၀၆၈၂၇၂ ခန့်အား ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၄၆ ဒသမ ၇၈၂ အကုန်အကျခံ တင်သွင်းခဲ့ရကြောင်း သိရသည်။
သဘာဝရော်ဘာ၏ ပြိုင်စံကင်းသောဂုဏ်သတ္တိ
သဘာဝရော်ဘာသည် မာပြီးဆွဲနိုင်ဆန့်နိုင်ခြင်း၊ အပူချိန်မြင့်တက်လာချိန်တွင် ပျော့ပျောင်းပြီး စေးကပ်လာခြင်း၊ ဆွဲနိုင်ဆန့်နိုင်သော ဂုဏ်သတ္တိရှိခြင်းတို့ကြောင့် ဆွဲဆန့်ရာတွင်ကျယ်ပြန့်လာပြီး စပရိန်ကဲ့သို့ ဖွဲ့စည်းမှုကြောင့် လွှတ်လိုက်သည့်အချိန်တွင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိနိုင်သည်။ ထိုသို့ဖြစ်ပေါ်မှုသည် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၆၀ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပေါ်နိုင်ပြီး ပွတ်စားမှုဒဏ်(Abrasion)၊ ကွဲအက်မှုဒဏ် (Flex Cracking) တို့ကိုလည်း ခံနိုင်ရည်ရှိသည်။ အဆိုပါထူးခြားသည့် ဂုဏ်သတ္တိထူးများ၊ အရည်အချင်းများကြောင့်ပင် တာယာများထုတ်လုပ်ရာတွင် သဘာဝရော်ဘာကို မဖြစ်မနေ အသုံးပြုနေရပြီး သဘာဝရော်ဘာသုံးစွဲမှု အရေးပါနေဆဲဖြစ်ကြောင်းသိရသည်။
ပြည်တွင်းရော်ဘာအခြေခံထုတ်ကုန်များ ထုတ်လုပ်နေမှု
ပြည်တွင်း၌ ရော်ဘာအခြေခံ ထုတ်ကုန်များ ထုတ်လုပ်နေသည့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း TRI STAR မော်တော်ကားတာယာစက်ရုံမှ ကားတာယာမျိုးစုံ၊ ရန်ကုန်တာယာစက်ရုံမှ ကားတာယာနှင့် ဆိုင်ကယ်တာယာများ၊ မန္တလေးမြို့စပါးနှံတာယာစက်ရုံမှ ဆိုင်ကယ်တာယာနှင့် စက်ဘီးတာယာများ ထုတ်လုပ်လျက်ရှိကြောင်း၊ ရော်ဘာအခြေခံထုတ်ကုန်များထုတ်လုပ်သည့် OK Myanmar Industrial Rubber Roller & Conveying Mechinery Co.,Ltd.သည် ယခုလက်ရှိတွင် နိုင်ငံခြားသွင်းကုန် အစားထိုးအဖြစ် မှိုင်းခံရော်ဘာကိုအခြေခံ၍ စက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သော ရော်ဘာရိုလာများနှင့် ရော်ဘာအခြေပြု စက်မှုထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်လျက်ရှိကြောင်း၊ စက္ကူစက်ရုံများအတွက် Press Roller များ၊ Carry Roller များ၊ သွပ်ပြားစက်ရုံများအတွက် Printing Roller များ၊ Carry Roller များ၊ ပလတ်စတစ်စက်ရုံများအတွက် အပူခံ Roller များ၊ Printing Roller များ၊ Line Roller များ၊ စာပုံနှိပ်စက်ရုံသုံး Roller မျိုးစုံ၊ လမ်းတံတားများအတွက် ရော်ဘာဘလောက်တုံးများ၊ လေဆိပ်သုံးရော်ဘာကျမ်းတုံးနှင့် ထော်လီ Wheel များ၊ ရော်ဘာပစ္စည်းအမျိုးမျိုးနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများအတွက် Conveyor မျိုးစုံတို့အား ထုတ်လုပ်လျက်ရှိကြောင်းနှင့် အခြားရော်ဘာ အခြေခံစက်ရုံများလည်း ရှိကြောင်းသိရသည်။
ရော်ဘာအခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး
ထုတ်လုပ်သော ရော်ဘာကုန်ကြမ်းများအား ပြည်တွင်းစက်ရုံများ၌သုံးစွဲမှုနည်းပြီး ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းကြောင့် ပြည်ပဈေးကွက်တွင် ဈေးနှိမ်ဝယ်ယူမှုများရှိလာပြီး ရသင့်သည့်စျေးနှုန်း မရရှိဘဲ ဝင်ငွေလျော့နည်းမှုများ ကြုံတွေ့ နေရသည်။ ပြည်တွင်းရှိ ရော်ဘာအခြေခံ MSME ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ပြည်တွင်း၌ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ချောများ ထုတ်လုပ်လာနိုင်ပြီး ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ပြည်ပမှတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
ရော်ဘာအခြေခံ MSME ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနအောက်တွင်ရှိသော ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန(ရန်ကုန်)တွင် ရော်ဘာအစေးရည်ကို အခြေခံသော ရော်ဘာကုန်ချောပစ္စည်းများနှင့် မှိုင်းခံရော်ဘာကို အခြေခံသော ကုန်ချောပစ္စည်းများ ထုတ်လုပ်မှုသင်တန်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း စသည်တို့ကို နှစ်စဉ်အနည်းဆုံး နှစ်ကြိမ်ဖွင့်လှစ်၍ ဌာနတွင်းဝန်ထမ်းများနှင့် ပုဂ္ဂလိကရော်ဘာ လုပ်ငန်းရှင်များသို့ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ရော်ဘာအခြေခံကုန်ချောပစ္စည်းများ ထုတ်လုပ်နေသည့် စက်ရုံ/ အလုပ်ရုံများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရော်ဘာအခြေခံထုတ်ကုန်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနတွင် ကျွမ်းကျင်ဝန်ထမ်းများမွေးမြူခြင်း၊ သုတေသနအခြေခံ အဆောက်အအုံများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မည့်ရော်ဘာများ၏ အရည်အသွေးအား မြန်မာ့စံချိန်စံညွှန်းအဖြစ်သတ်မှတ်ပြီးဖြစ်သည့် မြန်မာရော်ဘာစံအရည်အသွေး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်ချက်များဖြစ်သည့် Dirt Content % max, Ash Content % max, Volatile Content % max, Nitrogen Content % max, Initial Wallace Plasticity(PO) min, Lovibond Colour Index max, Mooney Viscosity ML တို့အား စမ်းသပ်စစ်ဆေးပေးခြင်း၊ ပုဂ္ဂလိက ခရမ့်ရော်ဘာထုတ်လုပ်သည့် စက်ရုံများရှိ ဓာတ်ခွဲခန်းများ၏ ရော်ဘာအရည်အသွေး စစ်ဆေးခြင်း မှန်ကန်မှု ရှိ၊ မရှိ ဌာန ဓာတ်ခွဲခန်းနှင့် ချိတ်ဆက်စစ်ဆေး အကြံပြုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံသူများမှ ရော်ဘာအခြေခံ ကုန်ချောပစ္စည်း ထုတ်လုပ်သောစက်ရုံများ၊ အထူးသဖြင့် ရော်ဘာအခြေခံ MSME ထုတ်ကုန်များထုတ်လုပ်သည့် စက်ရုံများ ရင်းနှီးမြှုပ်နှံ ထူထောင်လာပါက ပြည်တွင်းသုံးစွဲမှုပိုမိုများလာပြီး ရော်ဘာတင်ပို့ခြင်းအား ပြည်ပစျေးကွက်ကိုသာ အားကိုးနေရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာအခြေခံ MSME ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာခြင်းဖြင့် ပြည်ပမှတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများသာမက ပြည်တွင်း MSME လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများပါ အကျိုးအမြတ်ရရှိကာ ရော်ဘာအခြေခံ MSME ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
မီးဘေးအန္တရာယ်ဆိုသည်မှာ လူ့အသက်နှင့် ပစ္စည်းဥစ္စာများကို ကြီးမားစွာ ထိခိုက်နိုင်သည့် အန္တရာယ်တစ်မျိုးဖြစ်ပါသည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနှင့်ကြုံနေကြရပါသည်။ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ပြီဖြစ်၍ ပူပြင်းသော ကာလတွင် အထူးသတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ်ဖြစ်ပါသည်။
အမှိုက်ကစ ပြာသာဒ်မီးလောင်
မီးကိုမလောင်ခင်က ကြိုတင်ကာကွယ်သင့်ပါသည်။ လူတို့ သတိပြုလေ့မရှိသော အသေးအဖွဲကလေးမှစ၍ အကြီးအကျယ် ပျက်စီးတတ်သည်ကို “အမှိုက်ကစ ပြာသာဒ်မီးလောင်” သည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုစကားမှာ မီးဘေးကာကွယ်ရေး တွင် အလွန်အဖိုးတန်သော စကားတစ်ရပ်ဖြစ်၏။ အဆိုပါ ပျက်စီးဆုံးပါးခြင်း၏ အကြောင်းရင်းကိုရှာမူ များသောအားဖြင့် လူတို့၏ပေါ့လျော့မှုကို တွေ့ရတတ်သည်။ ထိုအခါ မိမိတို့၏ ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တဖြစ်တတ်ကြသည်။ ထို့ကြောင့် ပျက်စီးပြီးမှ နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်ပါသည်။
နေ့စဉ်သုံးပစ္စည်းများမှ အလွယ်တကူ မီးစွဲလောင်နိုင်ပတ်ဝန်းကျင်၌ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော ပစ္စည်းများစွာ ရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်တမဲ့ပစ်လိုက်သော မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက်ကြီးအထိပွားကာ ဆုံးရှုံးပျက်စီး လောက်အောင် ဖြစ်စေနိုင်သည်။
မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့် ကိုင်တွယ်ရမည်မဟုတ်၊ အိမ်တွင်းအိမ်ပ၌ မီးစွဲလောင်စေတတ်သော အရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန် သို့မဟုတ် မီးမစွဲနိုင်စေရန် စီမံထားဖို့လိုပေသည်။ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့မှတစ်ပါး မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့် အဝတ်စများဖြစ်၏။ မီးခံပစ္စည်းများဟု ဆိုရမည်ဖြစ်သော သံ၊ သွပ်၊ ကျောက်၊ အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံကြီးမှာပင် မီးလောင်ပါက ပျက်စီးမည်ဖြစ်သည်။ သို့ရာတွင် ထိုပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ကဲ့သို့ မီးစွဲလွယ်သောပစ္စည်းများ မဟုတ်သဖြင့် အိမ်တွင်း၌ မတော်တဆလောင်သော မီးတောက်များတစ်အိမ်လုံး သို့မကူးမီ ငြှိမ်းသတ်ချိန် ရနိုင်ပေသည်။ နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင် ရုတ်တရက် မီးမစွဲနိုင်သော ပစ္စည်းများဖြင့် ဆောက်သင့်ပါသည်။
လောင်ကျွမ်းကူးစက်ရာတွင် လျင်မြန်သော မီးတောက်မီးလောင်ရာတွင် မီးတောက်သည် လောင်ကျွမ်းကူးစက်ရာတွင် အလျင်မြန်ဆုံးဖြစ်သည်။ သိပ္ပံပညာထွန်းကားသော ယခုခေတ်တွင် မီးစွဲတတ်သော ပစ္စည်းအများအပြားကို မီးမစွဲနိုင်စေရန် ဆေးရည်ဖြင့် စီမံထားကြသည်။ ဆာဝီလျံပါကင်သည် သစ်သားများကိုလည်းကောင်း၊ အဝတ်အထည်များကိုလည်းကောင်း မီးခံနိုင်စေရန် စိမ်သည့်ဆေးရည်များကို အောင်မြင်စွာ စမ်းသပ်ဖော်စပ်ခဲ့၏။ ထို့ပြင် မီးသတ်ဆေးဘူးများကိုလည်း တီထွင်ခဲ့ကြသည်။ မီးသတ်ဘူးတွင် ဆိုဒီယမ်ဗိုင် ကာဗွန်နိတ်နှင့် ဆာလဖျူရစ်အက်စစ်များကို တခြားစီထည့်ထားသည်။ အရေးကြုံ၍ သုံးလိုသောအခါ ထိုမီးသတ်ဘူးကို ဇောက်ထိုးလုပ်လိုက်ခြင်းဖြင့် ဓာတ်ရည်နှစ်ခု ရောနှောမိကာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထွက်ပေါ်လာပြီးလျှင် မီးတောက်ဖြစ်စေသည့် အောက်ဆီဂျင်ဓာတ်ကို ငြှိမ်းသတ်နိုင်သည်။ ဤကိရိယာမှာ ငွေကုန်ကြေးကျ မများလှဘဲ ဝယ်ယူအသုံးပြုနိုင်ကြ၍ မီးဘေးကာကွယ်ရေးတွင် များစွာ ခရီးရောက်ပါသည်။ မီးလောင်သောအခါ အမြန်ဆုံး ငြှိမ်းသတ်နိုင်ရန် ကိရိယာများကို အဆင်သင့် ထားသင့်သည်။ မီးသတ်အဖွဲ့များ မရှိသေးသည့် ကျေးလက်တောရွာများတွင် မီးချိတ်၊ မီးကပ်များ အဆင်သင့် လုပ်ထားသင့်ပါသည်။
အထူးဂရုပြုရမည့် တောမီး
တောမီးလောင်ခြင်းသည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊ ပတ်ဝန်းကျင်နှင့် လူသားများအတွက် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ လူသားများ၏ ပေါ့ဆမှု (ဥပမာ - မီးညှိပြီး သတိမထားခြင်း)၊ သဘာဝအကြောင်းရင်း (ဥပမာ - မိုးကြိုးပစ်ခြင်း၊ သစ်ပင်အချင်းချင်းပွတ်တိုက်ခြင်း) စသည်တို့ကြောင့် တောမီးလောင်ပါသည်။ တောမီးများမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။ ကျေးရွာများနှင့် အဖိုးတန်သစ်တောများမှာ တောမီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်သည်။ အနောက်နိုင်ငံများ၌ တောမီးကို အထူးဂရုပြုကြသည်။ တောမီးကို ကာကွယ်ရန်၊ ထိန်းချုပ်ရန် တောင်ပူစာထိပ်များ၌ မီးကြည့်မျှော်စင်များ ဆောက်ထားပြီးလျှင် တောမီးလောင်သည်နှင့်တစ်ပြိုင်နက် အချက်ပေး၍ မီးငြှိမ်းသတ်ကြသည်။
ပြည်သူမှ အားကိုးအားထားပြုရသည့် မြန်မာနိုင်ငံမီးသတ်
မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနကို တည်ထောင်ခဲ့ပါသည်။ သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်ကပင် မီးကပ်တပ်သား ၆၆၃ ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်းအဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက်အထားများရှိပါသည်။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ကို သုံးမျိုးခွဲခြားထားပါသည်-
( ၁ ) အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ (သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)
( ၂ ) ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ
( ၃ ) သီးသန့်ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့ဝင်များ (မီးဘေးစိုးရိမ်ရသောစက်ရုံ/ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများအတွက် ဖွဲ့စည်းထားသော ဝန်ထမ်းများ)ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိရာ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် ၁၉၁ သို့ အမြန်ဆုံးအကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန် နှိုးဆော်ထားပါသည်။ ထို့ကြောင့် ရန်သူမျိုးငါးပါးတွင် အဆိုးဆုံးဖြစ်သော မီးလောင်ခြင်းအား ကြိုတင်ကာကွယ်ရန် ပြည်သူ တစ်ဦးချင်းစီက မိမိနေထိုင်ရာ နေအိမ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ အသိ/ သတိ ရှိရှိဖြင့် ပူးပေါင်းကာကွယ်မှသာ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်းကို တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်သော ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းလျက်ရှိသည်။
မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုသာ အစဉ်ရှေးရှုသည့် နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံနှင့်ပထဝီအနေအထား၊ စီးပွားရေးအနေအထား၊ ယဉ်ကျေးမှုအနေအထား တူညီသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်လျက်ရှိသည်။ ထိုအဖွဲ့အစည်းများတွင် ဘင်းမ်စတက်အဖွဲ့အစည်းသည်လည်း တစ်ခုပါဝင်သည်။ ဘင်းမ်စတက်ဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့်၊ ထိုင်းနိုင်ငံတို့ ပါဝင်သောဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဘင်းမ်စတက်အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် ဗန်ကောက်ကြေညာ စာတမ်းနှင့်အတူ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို “ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ” ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ဘင်းမ်စတက် အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘင်းမ်စတက်သည် အာဆီယံကဲ့သို့ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို လက်ရှိအမည်ဖြစ်သည့် “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်)” (BIMSTEC=Bay of Bengal Initiative for Multi Sectoral Technical and Economic Cooperation) ဟုပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။
ဘင်းမ်စတက်အဖွဲ့တွင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီ အစည်းအဝေးဟူ၍ အဓိကယန္တရား (၄) ရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ လုပ်ငန်းအဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။
ဘင်းမ်စတက်အဖွဲ့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် ထိပ်သီးအစည်းအဝေးကို ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပါသည်။ လက်ရှိအချိန်အထိ (၆) ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်တွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်အဖွဲ့၏ ဒုတိယအမြင့်ဆုံး အစည်းအဝေးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသောနိုင်ငံက လက်ခံကျင်းပလေ့ရှိပြီး လက်ရှိ အချိန်အထိ (၂၀) ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ (၂၀) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆဋ္ဌမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ၂၀၂၅ ခုနှစ်ဧပြီလ ၃ ရက်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများက လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို ရေးဆွဲအတည်ပြုနိုင်ခဲ့သည့်အတွက် ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် ရှိသည့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် စတင်အသက်ဝင် ခဲ့ပြီဖြစ်သည်။
ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အားလုံးသည် အချုပ် အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီဆန္ဒအပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည်။ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ “သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာ သည့် ဘင်းမ်စတက်” ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်မူဘောင် (Framework Agreement on the BIMSTEC Free Trade Area Agreement - FTA) ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း FTA ကို ထူထောင်ရန် အလှမ်းဝေးနေဆဲပင်ဖြစ်ကြောင်း၊ FTA ကို ထူထောင်ခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးတို့ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် FTA ၏ အသီးအပွင့်များကို ရရှိခံစားနိုင်ရေးအတွက် ယင်း၏ဆက်စပ် သဘောတူစာချုပ်များ ဆွေးနွေးအပြီးသတ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် အခြားအရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုမှာ ဆက်သွယ်ချိတ်ဆက်မှု (connectivity) ပင်ဖြစ်ကြောင်း၊ ဆက်သွယ်ချိတ်ဆက်မှုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်ပေးနိုင်မည့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်ရေး ပင်မစီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် သာယာဝပြောသည့် ဘင်းမ်စတက်ကို တည်ဆောက်ရာတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးသည် အရေးကြီးလှကြောင်း၊ မိမိတို့၏ လူဦးရေသည် အစဉ်တိုးပွားလျက်ရှိသည့်အတွက် တိုးပွားလာသည့် လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စားနပ်ရိက္ခာဖူလုံရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)နှင့် ဘင်းမ်စတက်ငါးလုပ်ငန်းနှင့် မွေးမြူရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စီမံချက်တို့ကို ဦးဆောင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုကို ဖြေရှင်းနိုင်ရန်အတွက် ယင်းလုပ်ငန်းစီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဘင်းမ်စတက်ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အက္ခရာစဉ်အလိုက် အဆိုပြုခန့်အပ်လေ့ရှိပြီး သက်တမ်း (၃)နှစ် တာဝန်ထမ်းဆောင်ရပါသည်။ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ရာထူးကို သီရိလင်္ကာနိုင်ငံက ပထမဦးဆုံးအဖြစ် ၂၀၁၄-၂၀၁၇ ခုနှစ်ကာလအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် အက္ခရာစဉ်အလိုက် တာဝန်ထမ်းဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇-၂၀၂၀ ပြည့်နှစ်ကာလကိုလည်းကောင်း၊ ဘူတန်နိုင်ငံက ၂၀၂၀-၂၀၂၃ ခုနှစ်ကာလကို လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုအခါ (၄) ဦးမြောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အဖြစ် အိန္ဒိယနိုင်ငံသား မစ္စတာ အင်ဒရာမာနီပန်ဒေးကို ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဘင်းမ်စတက်အဖွဲ့၌ ယခင်က ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၁၄) ခုရှိခဲ့ပြီး ယခုအခါ ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခု သတ်မှတ်ခဲ့ကာ အဖွဲ့ဝင် (၇) နိုင်ငံအနေဖြင့် တစ်နိုင်ငံလျှင် ကဏ္ဍ (၁) ခုစီနှင့် ယင်းကဏ္ဍအောက်ရှိ ကဏ္ဍခွဲများကို အောက်ပါအတိုင်း ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms.Paetongtarm Shinawatra၊ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Shri Narendra Modi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Tshering Tobgay တို့နှင့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် လည်းကောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများနှင့် သီးသန့် တွေ့ဆုံရာတွင်လည်းကောင်း မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ကူညီဆောင်ရွက်ပေးသည့် အခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ပပျောက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့် အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် အချိန်နှစ်ရက်တာအတွင်း မိမိနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်အတွက် အတွေ့အကြုံပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များရရှိရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်နေသော အခြားကဏ္ဍရပ်ပေါင်းစုံအတွက်လည်း အားလပ်ချိန်ပင်မထား အနားယူချိန်ပင်မရှိ အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပေသည်။ နိုင်ငံ့အပေါ်ထားရှိသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ စိတ်စေတနာကို ပြည်သူတစ်ယောက်အနေဖြင့် ဝမ်းသာပီတိဖြစ်စွာ ခံစားမိသလို နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း များစွာကျေနပ်အားရမိပါသည်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်းမ်စတက်အစည်းအဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသော နိုင်ငံရေး ဦးတည်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှန်သို့ပြန်လည် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ ချမှတ်ကာ စနစ်တကျဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်ရေးလုပ်ငန်းစဉ်အတိုင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည့်မတ်ခိုင်မာရေး ဆောင်ရွက်လျက်ရှိရာ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုတွင် မိတ်ကောင်းဆွေကောင်းများနှင့်အညီ လက်တွဲဆောင်ရွက်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။ ။
Source: https://myawady.net.mm/stories
သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့် မြေငလျင်လှုပ်ခတ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည် ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်တွင် နီးကပ်စွာတည်ရှိနေမည်ဆိုလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ တချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသော မြေအောက်တွင် ဗဟိုပြုသောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်ပွားချေ။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည် ရှောင်တိမ်းရန် အခက်ခဲဆုံးအန္တရာယ်ပင်ဖြစ်သည်။
အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့ရသည်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်
နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များသည် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ရုရှား၊ တရုတ်၊ ထိုင်း၊ မလေးရှား အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များမှလည်း ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့်အခြားသောနိုင်ငံများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်များ
ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြားလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊ အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည်အကြိမ်ရေပိုမို များပြားလာခဲ့သည်။ ထိုသဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်သေကျေပျက်စီး ဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသော အဆောက်အဦများ ကြိုတင်ဆောက်လုပ်ထားသော်လည်း ဆုံးရှုံးမှုများ ရှိနေဆဲပင်ဖြစ်သည်။
သိပ္ပံပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသပညာရှင်များနှင့် မုန်တိုင်းစောင့်ကြည့် လေ့လာသူများသည် ကြီးမားသောသဘာဝဘေး အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် အခက်တွေ့လျက်ရှိကြသည်။ ခေတ်မီနည်းပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးလေဝသနှင့် ဆက်စပ်သော အခြားသဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့် အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊ တောမီးလောင်မှုများ၊ မြေပြိုမှုများနှင့် မီးတောင်ပေါက်ကွဲမှုများသည် လူသားတို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော သဘာ၀ဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။
ဆူနာမီလှိုင်းလုံးများကြောင့် ဆားငန်ရေဖုံးလွှမ်းခံရသည့် လယ်ကွင်းများကို ကာလအတန်ကြာ ပြုပြင်ပြီးမှသာ ပြန်လည်စိုက်ပျိုးနိုင်သည်။ ထိုနည်းတူစွာ ငလျင်ဒဏ်ကြောင့်ပြိုလဲခဲ့သော လူနေအိမ်ရာများနှင့် အခြေခံအဆောက်အဦများကိုလည်း အချိန်နှင့်ငွေကြေးများစွာ အကုန်အကျခံပြီးမှသာ ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ် လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသောကြောင့် နေ့စဉ်လူနေမှုဘဝသည် များစွာခက်ခဲကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ်၏ နောက်ဆက်တွဲရောဂါများကိုလည်း ခံစားကြရသည်။
ကြိုတင်ပြင်ဆင်ခြင်း
၂၁ ရာစုဦးပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုများ သိသိသာသာ များပြားလာခဲ့သည်။ ကမ္ဘာ့နိုင်ငံများစွာသည် ရာသီဥတု ပြောင်းလဲမှုမှ ထွက်ပေါ်လာသော ဆိုးကျိုးများကို ခါးစည်းခံစားရလျက်ရှိသည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အကြိမ်ရေ ပိုမိုများပြားလာသလို ပိုမိုလည်းပြင်းထန်လာသည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများလျော့ပါး သက်သာအောင် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။
သဘာဝဘေးကို မည်သူမှတားဆီး၍မရနိုင်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုမူ လျှော့ချနိုင်သည်။ အဆိုပါလုပ်ငန်းများကို အခြေခံအုတ်မြစ်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့်ဖြစ်နေစေခြင်းတို့ဖြစ်သည်။ သဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေးချက်များကို ဘေးကျရောက်မည့် ဒေသရှိ ပြည်သူလူထုက အချိန်နှင့်တစ်ပြေးညီ ရရှိပါက ဘေးကင်းစိတ်ချရသည့် နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့် အချိန်မီကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ငလျင်ဘေးကိုစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့ ငလျင်ဘေးအပါအဝင် သဘာဝဘေးထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့မအားညမအား လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အဦများအား ဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားနိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။