ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနှင့်တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနှင့် မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာ လုပ်တတ် လာကြပါသည်။ အဆိုပါကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်သည့် Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထား တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။
Terrible Two ဆိုတာ ဘာများပါလိမ့်
Terrible Two ဆိုတာက ကလေးတစ်ယောက်၏အသက် ၁ နှစ်ခွဲ ၂ နှစ်ဝန်းကျင်ကနေ ၄ နှစ်ကျော် ၅ နှစ်တာ အတွင်းမှာ တွေ့ကြုံရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲပါ။ ဒီအချိန်မှာ ကလေးက မကြာခဏ စိတ်တိုစိတ်ဆတ်တာ၊ ဘာလုပ်ပေးပေး စိတ်တိုင်းမကျတာမျိုးနှင့် ဖေဖေမေမေ နားလည်ရခက်သည့် အပြုအမူလေးတွေကို ပြုမူတတ်ကြပါသည်။
ခုလေးတင် အရမ်းသဘောကျတယ်ဆိုသည့် အရုပ်နှင့် ပျော်ပျော်ရွှင်ရွှင် ဆော့နေရာက တော်ကြာနေတော့ မကြိုက် တော့ဘူး စိတ်တိုတယ်ဆိုပြီး အရုပ်ကို ထကောက်ပစ်တာမျိုး၊ လူကြားထဲမှာ သူလိုချင်တာမရလို့ လှဲချပြီး အော်ငို ပစ်တာမျိုး ဂျစ်ကျတာမျိုးတွေကို လုပ်တတ်သည့် အရွယ်ပေါ့။
ဒီလို ဖြစ်ရတာက ကလေးက စိတ်ခံစားမှု အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်တာမျိုးတွေနှင့် သူကိုယ်တိုင်တောင် နားမလည်ဘဲ ရှုပ်ထွေးလှသည့် ခံစားချက်တွေကို ခံစားနေရတာကြောင့်လည်း ဖြစ်ပါသည်။ ထိုအရွယ်မှာ ကလေးက သိချင်တာတွေ များနေသလို သူကိုယ်တိုင်က သူသိချင်တာတွေ နောက်ကို မနည်းမီအောင် လိုက်ရင်း သူဖြစ်ချင်တာ၊ သူ့စိတ်ခံစားချက်တွေကို နားမလည်တာကြာင့် မေမေဖေဖေတို့အပေါ်မှာ ဂျစ်ကျသလို ဖြစ်ရတာပါ။
နားလည်လွယ်အောင် ပြောပြရရင် မြန်ဆန်လှသည့် အပြောင်းအလဲမှာ အသားကျအောင် ကြိုးစားနေရသည့် အချိန်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးတိုင်းက ဒီလိုပဲ ဖြစ်တတ်တာမို့ မေမေဖေဖေတို့က စိတ်ရှည်ရှည်နှင့် ကလေးကို ကူညီ ဖို့တော့ လိုပါမည်။
သားသားမီးမီး Terrible Twos ခံစားနေရတာလား
သားသားမီးမီးတို့မှာ Terrible Twos ခံစားနေရပြီဆိုရင် အခုလို အပြုအမူလေးတွေ တွေ့ရနိုင်ပါသည်။
ဟင့်အင်းကို တွင်တွင်သုံးမည် – အဆိုပါကာလမှာ မြင်သာတာ တစ်ခုက ဒါလေး လုပ်ပါလားဆိုလည်း မလုပ်ချင်ဘူး။ ဒါစားဆိုရင် ဟိုဟာစားချင်တာဆိုမျိုး ဒါမှမဟုတ်လည်း မစားဘူးဆိုတာမျိုး လုပ်တတ်လာပြီ။ မိဘက အိပ်တော့ ပြောရင်တောင် ထဆော့နေတာမျိုးပေါ့။ လူကြီးက ဒါဆို၊ သူတို့က ဟိုဟာ လုပ်ရမှာကျေနပ်တယ်လို့ မေမေဖေဖေတို့ ညည်းတွားကြသည့် ကာလပေါ့။
စိတ်တိုလွယ်မည်– အဆိုပါကာလက အရာရာကို အလွယ်တကူ စိတ်တို ပေါက်ခွဲရင်း သူတို့လေးတွေ၏ စိတ်ရှုပ် ထွေးမှုကို ဒေါသအဖြစ် ပြောင်းလဲပြသတတ်သည့် အရွယ်ပေါ့။ စိတ်တိုင်းမကျမှု များနေတတ်သလို စိတ်တိုလွယ်ကြ ပါသည်။
စကားနားမထောင်ကြဘူး – အဆိုပါကာလမှာ မေမေဖေဖေပြောသမျှကို လိုက်လုပ်တာမျိုး မဟုတ်ဘဲ သူတို့ လုပ်ချင်တာ၊ စားချင်တာ၊ သွားချင်တာကို မလုပ်ရရင် ငိုတာမျိုး၊ ဂျီကျနေတာမျိုးတွေ လုပ်တတ်ကြပါပြီ။ ပုံမှန် လိုက်နာ နေကျ အရာလေးတွေကိုတောင် မလိုက်နာတော့တာမျိုးပေါ့။
ရန်လိုသည့် အပြူအမူတွေ လုပ်လာမည် – အဆိုပါအရွယ်မှာ ရွယ်တူ အချင်းချင်းကို ဖြစ်ဖြစ်၊ လူကြီးတွေကို ဖြစ်ဖြစ် ရိုက်တာ၊ ကိုက်တာမျိုးတွေကို လုပ်တတ်ကြသလို ပစ္စည်းတွေကို ပေါက်ခွဲတာ၊ အရုပ်တွေကို ချိုးပစ်တာမျိုးတွေ လုပ်လာတတ်ကြပါသည်။
အခုဆိုရင် Terrible Twos ကဘာလဲ။ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို သိပြီဆိုတော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။
Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ
Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲဆိုတော့ ကလေးကို စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင် ထားတာပါ။ ဒီလို ပြောလို့ ကလေးကို အလိုလိုက်ပြီး သူလုပ်ချင်တာ အကုန်ပေးလုပ်ရမှာလားဆိုတော့ ဟုတ်ပါဘူး။ ကလေးကို ဖိအား မပေး၊ အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်သည့် အရာတွေနှင့်ပဲ ထိတွေ့စေတာက ကလေးအတွက်ရော မေမေ ဖေဖေတို့အတွက်ရော ပိုမိုလွယ်ကူမှာပါ။
စည်းကမ်းနှင့် တစ်ဖက်ကနေ ထိန်းကျောင်းပေးဖို့ လိုသလို ကလေးနှင့်အပြိုင် စိတ်ဆိုးဒေါသထွက်တာမျိုးတွေ မလုပ်မိဖို့ လိုပါသည်။ ထို့ကြောင့် ကလေးကို အဆိုပါကာလတွင်
ကလေး အသားကျနေပြီဖြစ်သည့် အနေအထားကို ထိန်းထားပေးပါ
ကလေးက ယင်းကာလမှာ စိတ်ခံစားမှု အပြောင်းအလဲကို ဖြေရှင်းနေရင်း ထပ်တိုး စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့ သူတို့လေးတွေ၏ တစ်နေ့တာကို သူတို့လေးတွေ အသားကျပြီးသား အခြေအနေမျိုးဖြင့် ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင် ပေးပါ။
အိပ်ချိန်၊ စားချိန်၊ ကစားချိန်တွေကို အချိန်မှန်စေဖို့ ဂရုစိုက်ပေးပါ
ကလေးကို နံနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို အချိန်လေးတွေ တိတိကျကျ သတ်မှတ်ပေးထားပြီး အချိန်မကျော် စေဘဲ ပြင်ဆင်ပေးတာ၊ ကစားချိန်မှာ ပေးကစားတာ၊ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ပေးတာကလည်း ကလေးကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကနေ အတိုင်းအတာ တစ်ခုအထိ သက်သာစေပြီး Terrible Two ကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
ကလေးကို ရွေးချယ်ခွင့်ပေးပါ
ကလေးကို နံနက်စာကစလို့ သူ့အတွက် ပြင်ဆင်ပေးသည့် အရာရာတိုင်းကို သူစိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ။ ဥပမာ –နံနက်စာကို နို့နှင့် ပေါင်မုန့်စားမလား။ ဒါမှမဟုတ် ထမင်းကြော်စားမလား စသဖြင့်ပေါ့။ ရေခွက်ကိုဆိုရင်လည်း ဘယ်အရောင်ခွက်နှင့် သောက်မလဲ။ အဝတ်အစားဆိုရင်လည်း ဘာလေးဝတ်ချင်လဲ စသဖြင့်ပေါ့။
ကလေးကို စိတ်ခံစားချက်တွေအကြောင်းတွေ နားလည်အောင် ပြောပြပေးပါ
ကလေးက တစ်ခုခုကို စိတ်တိုင်းမကျလို့ အော်ဟစ်ပေါက်ကွဲတာမျိုး လုပ်တဲ့အခါမျိုးမှာလည်း ကလေးကို ဆူတာ မျိုးထက် ကလေးကို နားလည်အောင် ပြောပြပေးပါ။
ဝမ်းနည်းတယ်ဆိုတာ ဘယ်လို၊ လိုချင်တာမရလို့ ဒေါသထွက်တယ်ဆိုတာ ဘယ်လိုမျိုး ဆိုတာကိုပေါ့။ စိတ်ခံစားချက် တွေကို နားလည်စေပြီး ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ပေးတာမျိုးပါ။
ဥပမာ– သားသားလိုချင်တာ မရလို့ ဒေါသထွက်တာကို နားလည်တယ်။ ဒါပေမဲ့ ဒေါသထွက်တိုင်း ပစ်လှဲပြီး အော်ဟစ် တာမျိုး မလုပ်ရဘူးဆိုတာမျိုးပေါ့။ ကလေးခံစားချက်ကို ကိုယ်က နားလည်ပါတယ်ဆိုသည့် သဘောမျိုး ပြသပြီး ဖြည်းဖြည်းချင်း သင်ပေးရမှာပါ။
ကလေးကို စိတ်ပျော်စေမှာလေးတွေ လုပ်ပေးပါ
ဒီကာလမှာ ကလေးက အပြုအမူ ဆန်းလေးတွေကို လုပ်တတ်ကြပါသည်။ ဥပမာ – စကားကို ပြောင်းပြန်ပြောတာမျိုး၊ သီချင်းတွေကို သက်သက် မှားအောင် အော်ဆိုတာမျိုးတွေပေါ့။ လူကြီးတွေအတွက် ပေါတောတော အပြုအမူလို့ ထင်စရာ ရှိသော်လည်း သူတို့လေးတွေအတွက်တော့ ဒီလို အပြုအမူလေးတွေက စိတ်သက်သာရာ ရစေပါသည်။ ထို့ကြောင့် ကလေးနှင့် အတူတူ သီချင်းတွေ အော်ဆိုတာအပါအဝင် သူလုပ်နေသည့် အရာတွေကို အတူတူ လိုက်လုပ်ပေးလိုက်ပါ။
ကလေးကို တစ်ယောက်တည်း ပစ်မထားပါနှင့်
အဆိုပါကာလမှာ ကလေးက အရာရာကို စိတ်တိုင်းမကျ ဂျီကျနေတာက မေမေဖေဖေတို့ကို စိတ်ပင်ပန်း စေနိုင်သော် လည်း ကလေးကို ပစ်ထားတာမျိုး မလုပ်ပါနှင့်။ ဒီလို လုပ်တာက ကလေးကို အထီးကျန်စေပြီး စိတ်ခံစားမှုပိုင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကလေးက ပြောရခက်ရင်တောင် ကလေးကို တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ပါနှင့်။
အာဟာရပြည့်ဝစေဖို့ မမေ့ပါနှင့်
အဆိုပါကာလမှာ ကလေးက ဘာကိုမဆို မစားချင်ဘူးဆိုပြီး ငြင်းတာမျိုးတွေ၊ နည်းနည်းပဲ စားပြီး ဆက်မစားတာ မျိုးတွေ ရှိနိုင်ပါသည်။ ထိုအခြေအနေမှာ ကလေးက မစားဘူး ငြင်းနေရင်တောင် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေး ပါသည့် အဆိုပါကာလမှာ ကလေး အာဟာရ ပြည့်ဝဖို့ကလည်း တော်တော်လေးကို အရေးပါပါသည်။ ထို့ကြောင့် ကလေးကြီးထွားဖွံ့ဖြိုးရန် လိုအပ်မည့် အာဟာရတွေကို ပြည့်ဝစေရန် အစာအုပ်စုတွေကို စုံလင်အောင် ကျွေးပေးဖို့ လိုပါမည်။ ဥပမာ – ပရိုတင်း ပြည့်ဝစေဖို့ အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နို့နှင့် နို့ထွက်ပစ္စည်း၊ ဖော်မြူလာနို့ ဗီတာမင်တွေ ပြည့်ဝစေဖို့ အသီးအရွက်တွေ၊ သစ်သီးတွေ စသဖြင့်ပေါ့။ အကယ်၍ ကလေးက မေမေပြင်ဆင်ပေးသည့် ထမင်းနှင့် ဟင်းတွေကို စားဖို့ ငြင်းမည်။ နည်းနည်းပဲ စားတာမျိုးတွေ လုပ်နေလျှင် အာဟာရ မပြည့်မှာစိုးပါက တစ်ခွက်တည်းမှာတင် သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်သည့် ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် နှင့် သတ္တုဓာတ်တွေ အပြင် Dual Fiber၊ DHA ပါဝင်နေသည့် ဖော်မြူလာနို့လေးကို ပြင်ဆင်ပေးတာကလည်း စားစရာ တွေကို မစားချင်ဘဲ ဘာကျွေးကျွေး ဟင့်အင်း ငြင်းတတ်သည့် သားသားမီးမီးတို့အတွက် အာဟာရလိုအပ်ချက် မရှိစေဖို့ ဖြည့်ဆည်းပေးမှာပါ။ ထို့ကြောင့် ကလေးကို ဘာကျွေးကျွေး ငြင်းတတ်သည့် အဆိုပါကာလတွင် ကလေး၏ နေ့စဉ်စားသုံးမှုမှာ ဖော်မြူလာနို့လေး ပါဝင်အောင် ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။
ကဲ …. အခုပြောပြခဲ့သည့် နည်းလမ်းလေးများဖြင့်Terrible Two ကာလကို ကလေးရော မေမေဖေဖေတို့ပါ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း ……
ဒရင်ကောက်ပင်ဆိုသည်မှာ ရိုးတံခပ်ပျော့ပျော့နှင့် နွယ်ပင်ကဲ့သို့ရှိသည့် အပင်ငယ်တစ်မျိုး ဖြစ်ပြီး အပင်၏ထိပ်ပိုင်းရှိ အရွက်လိပ်ခွေခွေလေးများက “ဋ” ပုံစံဖြစ်နေသောကြောင့် ဒရင်ကောက်ပင်ဟု ခေါ်ကြခြင်းဖြစ်သည်။ ဒရင် ကောက်ပင် ဟု လူသိများသည့် ကျောက်ခက်ပင်ကို ဒေသအလိုက် အခေါ်အဝေါ်များ ကွဲပြားလေ့ရှိပြီး အချို့ဒေသများတွင် ကောက်ကောက်ပင်ဟူ၍လည်းကောင်း၊ ကြို့တကောက်ပင် ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဒရင်ကောက် ပင်တွင် စား၍ရသော မျိုးစိတ်နှင့် စား၍မရသော မျိုးစိတ်ဟူ၍ နှစ်မျိုးရှိသည်။ စား၍ရသောမျိုးစိတ်၏ အင်္ဂလိပ် အမည်မှာ Vegetable Fern နှင့် Fiddlehead Ferns ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Diplazium esculentum (Retz) Sw ဟုလည်း ခေါ်ဆိုကြသည်။ ဒရင်ကောက်ပင်သည် အာရှတိုက်နှင့် ကျွန်းနိုင်ငံများတွင် အများဆုံး ပေါက်ရောက် လေ့ရှိသည်။ မြန်မာနိုင်ငံတွင် မိုးကြိုကာလရောက်ပြီဆိုသည်နှင့် ဒရင်ကောက် အညွန့်များ ပေါများစွာ ပေါက်ရောက် လေ့ရှိပြီး ဈေးများတွင် ရာသီစာအသီးအရွက်များအဖြစ် တွေ့ရလေ့ရှိသည်။ ဒရင်ကောက်ပင်ကို စားသုံးသည့်အခါ အရွက်ဖျားထိပ်ပိုင်း နုနုခွေခွေလေးများကိုသာ စားကြသည်ကို တွေ့ရသည်။ မြန်မာလူမျိုးများအနေဖြင့် ဒရင်ကောက်ညွန့် နုနုလေးများကို ရေနွေးဖျောပြီး ငါးပိရည်၊ ငါးပိထောင်း၊ ခရမ်းချဉ်သီးချက် အစရှိသည်တို့နှင့် တွဲဖက်၍ တို့စရာအဖြစ် စားသုံးတတ်ကြသကဲ့သို့ ရေနွေးဖျောပြီးသား ဒရင်ကောက်ညွန့်လေးများကို ကြက်သွန်နီ၊ မြေပဲလှော်၊ နှမ်းလှော်၊ ပဲကျက်မှုန့်၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ဖြင့်လည်းသုပ်စားကြသည်။ ထို့အပြင် ဝက်ရိုးပြုတ်၊ ကြက်ရိုးပြုတ်၊ ငါးဟင်း ခါးရည်တို့ထဲတွင်လည်း ဒရင်ကောက်ညွန့်ကိုခပ်ပြီး အရည်သောက်ဟင်းအဖြစ် ချက်စားကြသကဲ့သို့ အသားငါး တို့နှင့်တွဲဖက်၍လည်း ကြော်စားကြလေ့ရှိသည်။
ဒရင်ကောက်ပင်တွင် ပါဝင်သောအာဟာရဓာတ်များမှာ ကယ်လ်လိုရီ၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီအုပ်စု၊ သံဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ အိုမီဂါ ၃ တို့ ကြွယ်ဝစွာ ပါဝင်သည်။ ဒရင်ကောက်ပင်တွင် ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာစေနိုင်သည်။
အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနှင့် အဆီဓာတ်ပါဝင်မှုနည်းခြင်းက ကိုယ် အလေးချိန် မတက်အောင် ထိန်းပေးသည်။ ပိုတက်ဆီယမ်ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး သွေးတိုးကျစေရန် အထောက်အကူပြုနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသောကြောင့် ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်သကဲ့သို့ ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းများကိုလည်း တားဆီးပေးနိုင်သည်။ဒရင်ကောက်ပင်တွင် သံဓာတ်ပါဝင်သောကြောင့် သွေးနီဥဆဲလ်များ ဖြစ်ပေါ်စေရန် အထောက်အပံ့ဖြစ်စေပြီး သွေးအားနည်းရောဂါ မဖြစ်ပွားစေရန် အထောက်အပံ့ဖြစ်စေနိုင်သည်။
ဗီတာမင် အေ ပါဝင်သောကြောင့် အမြင်အာရုံကျန်းမာစေပြီး မျက်လုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသည်။ ကြက်မျက်သင့်ခြင်း၊ အသက်အရွယ်ကြောင့် အမြင်အာရုံထိခိုက်ခြင်းများမဖြစ်စေရန် ကာကွယ်ပေးသည်။ ဗီတာမင် ဘီ၁၂ ကြွယ်ဝစွာပါဝင်သောကြောင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာစေသည်။ ကယ်လ်ဆီယမ်နှင် မဂ္ဂနီဆီယမ် ပါဝင်သောကြောင့် အရိုးများကို သန်မာစေနိုင်ပြီး အရိုးပါးခြင်း၊ အရိုးပွခြင်းမျိုး မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ အဆစ်များ၊ ကြွက်သားများနှင့် ခန္ဓာကိုယ်အတွင်းအပြင်တွင်ဖြစ်ပေါ်သည့် ရောင်ရမ်းမှုများကို သက်သာစေရန် အတွက် ဒရင်ကောက်ပင်ကို စားသုံးပေးနိုင်သည်။
ဒရင်ကောက်ပင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည်ဆိုသော်လည်း အစိမ်းစားရန် မသင့်တော်ပေ။ ထို့ပြင် ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိလျှင် ခန္ဓာကိုယ်အတွင်းရှိ ဗီတာမင် ဘီ၁ ဓာတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများဖြစ်သည့် အစာစားချင်စိတ် မရှိခြင်း၊ အစာမကြေခြင်း၊ ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စသည့် အရာများကို ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါအခံကြောင့် ဆေးစွဲသောက်နေရသူများအနေဖြင့် ဒရင်ကောက်ပင်ကိုစားသုံးလိုပါက နားလည် တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
သင်မသိသေးသည့် ဒရင်ကောက်ပင်၏ အံ့ဖွယ်အချက် (၆) ချက်ကို အောက်မှာ ဖော်ပြထားပါသည်။
(၁) ဒရင်ကောက်ပင်သည် ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါသည်။
အာဟာရဓာတ်ပါဝင်မှု သိပ်သည်းဆမြင့်သည့် ဒရင်ကောက်ပင် 100 g မှာ 34 ကယ်လိုရီ ပါဝင်ပါသည်။ သူ့ထဲမှာ ပါရှိသည့် အမျှင်ဓာတ်က ဦးနှောက်တွင်းရှိ အစာစားချင်စိတ်ကို လှုံဆော်ပေးသည့် ghrelin ဟော်မုန်းကို တားဆီးပေး ပါသည်။
(၂) ဒရင်ကောက်ပင်သည် ရောဂါကူးစက်မှုတွေကို လျော့ချပေးနိုင်ပါသည်။
လူတွေမှာ နေ့စဉ်လိုအပ်သည့် ဗီတာမင်စီ ပမာဏက 100 ဂရမ်ပါ။ ဒရင်ကောက်ပင်မှာ 44 ရာခိုင်နှုန်းပါဝင်နေပါသည်။ ဗီတာမင်စီသည် ရေတွင်ပျော်ဝင်နိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း တိုးမြင့်စေပြီး ခန္ဓာကိုယ်မှာရှိသည့် ကင်ဆာဖြစ်စေနိုင်သည့် free radicals တွေကို လျော့ကျစေပါသည်။
(၃) ဒရင်ကောက်ပင်သည် ကျန်းမာသည့် သွေးဖိအားကို ရရှိစေနိုင်ပါသည်။
ခန္ဓာကိုယ်ကြွက်သား၊အရိုးနှင့် နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးသည့် ပိုတက်ဆီယမ်ဓာတ် လုံလောက်စွာ ပါရှိပါသည်။ ဒါကြောင့် သွေးတိုးရောဂါရှိသည့်သူတွေအတွက် ဒရင်ကောက်ပင်ကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေပါသည်။
(၄) ဒရင်ကောက်ပင်သည် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်သည့် အစွမ်းသတ္တိရှိပါသည်။
မဂ္ဂနီဆီယမ်သည် သွေးထဲမှာရှိသော သကြားဓာတ်၊ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နှင့် သိုင်းရွိုက်ဂလင်းများ၏ လုပ်ငန်းဆောင်တာ များကို ထိန်းချုပ်ပေးသည့် အင်ဇိုင်းဓာတ်များအတွက် အလွန်ပင်အရေးပါလှပါသည်။ ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါဝင်ပါသည်။ မဂ္ဂနီဆီယမ် လျော့နည်းခြင်းသည် မျိုးအောင်နှုန်းလျော့ကျခြင်း၊ ဖွံဖြိုးမှု နည်းခြင်း၊ မွေးရာပါချို့ယွင်းချက်များနှင့် အထွေထွေအားနည်းချက်များကို ဖြစ်ပွားစေနိုင်ပါသည်။
(၅) ဒရင်ကောက်ပင်သည် ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျောချပေးနိုင်ပါသည်
သူ့ထဲမှာ တွေ့ရသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene သည် ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင် ပါသည်။ သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးသည့်သူများသည် အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ကြောင်း သိရှိရပါသည်။
(၆) ဒရင်ကောက်ပင်သည် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။
အမြင်အာရုံကို တိုးတက်စေပြီး ကြက်မျက်သင့်ရောဂါ၊ မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်း အစရှိသည်တို့ကို ကာကွယ် ပေးနိုင်သည့် ဗီတာမင်အေ လုံလောက်စွာ ပါရှိပါသည်။ မုန်လာဥနီလိုပဲ ဒရင်ကောက်ပင်သည်လည်း လက်စွဲထား သင့်သည့် ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။
အချုပ်ဆိုရလျှင် ဒရင်ကောက်ပင်သည် မျှတသည့် အာဟာရဓာတ်ကို ပေးစွမ်းနိုင်သည့်အပြင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ် ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါသည်။ ဝိတ်ကျလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ သို့သော် ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိလျှင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဗီတာမင် ဘီဝမ်း ဓာတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများဖြစ်သည့် အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း ၊ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စသည့် အရာတွေ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဒရင်ကောက်ပင်ကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြရန် တိုက်တွန်းလိုပါသည်။
ပေးပို့သူ - မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြန်မာ့ဆယ့်နှစ်လရာသီလများတွင် နယုန်လသည် တတိယမြောက်လဖြစ်ပေသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် နံယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်တင်၍ရေးကြ၏။ အချို့ကျောက်စာများတွင်မူ နယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်မတင်ဘဲရေးသည်လည်း ရှိပေသည်။
ပုဂံဒေသရှိ တက်နွယ်ကျောင်း ကျောက်စာ (အင်းဝခေတ်-၈၀၄ ခု)၊ ပြာသာဒ်ဥမင် ကျောက်စာ (၈၀၄-ခု)၊ မြစည်းခုံဘုရားကျောက်စာ (၈၇၀-ပြည့်) တို့တွင် နံမျုန်ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ တန်ခူးကဆုန်၊ လနမျုန်၊ ဖုန်ဖုန်လွင့်မြူလိမ်း (မှန်စီသတ်ပုံ)၊ ကဆုန်နမျုန်၊ ကြိုးသုန်သုန်၊ နယုန်န သတ်မြန်း (သီရိမင်္ဂလာသတ်ပုံ) ရေးသားကြသည်ကိုလည်း တွေ့ရလေသည်။ ထိုသတ်ပုံများအရ နမျုန် ဟု အရေးအသားတွင်ခဲ့သည်ကိုလည်း တွေ့ရပေသည်။
ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဆရာလှေသင်းအတွင်းဝန် ဦးချိန်က နယုန်လအဖွင့်ကို -
“နယုန်၏ရင်းမြစ်မှာ “နရယုဂ” ဟူသော ပါဠိပုဒ်ဖြစ်သည်။ နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ်လာသည်ဟု ယူရန်ရှိသည်။ မေထုန်ရာသီ၏အမည်များကို ရာဇမတ္တဏ်ကျမ်း ရာသီအဘိဓာန်အပိုင်း၌− “ဇိတုမ၊ မိထုန၊ နရယုဂ”ဟု သုံးမျိုးပြဆိုထားသည်။ ထိုသုံးမျိုးတွင် “နရယုဂ” ကား မေထုန်ရာသီ၏ နာမည်တစ်မျိုးဖြစ်၏။ အဓိပ္ပာယ်မှာ မိန်းမ ယောက်ျားအစုံ (နရ=လူ+ယုဂ=အစုံ) ဟု ဆိုလိုပေသည်။”
ဝန်မင်း၏ဆိုလိုချက်မှာ မေထုန်ရာသီဟော နရယုဂသဒ္ဒါမှ ပါဠိပျက်အနေနဲ့ နရယုဂ် ဖြစ်လာ၍ နရယုဂ် မှ နယုန် ဖြစ်လာသည်ဟု ဆိုလိုပေသည်။
နံတွင် နိဂ္ဂဟိတ်ကို မသတ်ပြု၍ နမျုန်ဟု ယှဉ်ပူးပြောဆိုရေးသားကြသည်။ ရေးနည်း ခေါ်နည်း မူမမှန်၍ ဖောက်ပြန်သောကြောင့် လိုက်နာသူနည်းသဖြင့် နောင်ကွယ်ပျောက်သွားလေသည်။ သို့ဖြစ်၍ ရေရှည် တွင်မူ “နယုန်” ဟူသော အရေးသည်သာတည်တံ့ခဲ့ပေသည်။
ဤ၌ “နံယုန်” တွင် “နံ” ဝေါဟာရသည် အချိန်အခါဟောဖြစ်ပေသည်။ ဘယ်နံရောအခါ၊ ဘယ်နံသော အခါ၊ ဘယ်နံခါ ဟု ပြောဆိုရေးသားကြသည်။ ဤသို့သိနိုင်ကြောင်းကို-
“… သည်းအူဆွတ်ပျံ့၊ ရှိရစ်တံ့လည်း၊ ဘယ်နံ့မတွေ့၊ ဘယ်နေ့မမြင် (ရှင်အဂ္ဂသမာဓိ နေမိမဂ္ဃစိုးပျို့)”
“… ဤလူပေါင်း၏၊ အကြောင်းမှားကျင့်၊ ဆိုလှစ်ဖွင့်ပိတ်၊ ယခင်ရှေးလွန်၊ တမနွန်က၊ ဖြစ်ဟန်ခြင်းရာ၊ လူ၏ရွာတွင် (ရှင်အဂ္ဂသမာဓိ-နေမိငရဲခန်းပျို့)”
“… ဤလူတွင်သောချံသာ၊ တမုနွန်ချံသာကိုဝ်လိုဝ်သောသူကာ။”
“… အမုနွန် စကားကိုဝ် ဖတ်စိတ်၏။…”
“… ဤကား မင်တကာ အမုနွန်ဟုတ္တာ” (ပုဂံမြို့- သက္ကရာဇ် ၆၁၁ ထိုး ကျစွာမင်း အမိန့်တော်ပြန် တမ်းကျောက်စာ) ပါစာပေများအရ သိရပေသည်။
ထိုအချိန်အခါအဓိပ္ပာယ်ဆောင်သော နံ ဝေါဟာရကို တိဗက်၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို စသည့် တိုင်း နိုင်ငံဒေသရှိ လူမျိုးစုတို့၏ ဝေါဟာရဖြစ်သော… နာမ်(တိဗက်)၊ နင်-နိအေန်(တရုတ်)၊ နာမ်(ဂျိန်းဖော)၊ န-နန်-နိုင်(ကချင်)၊ နီ(ရှမ်း)၊ နီး(ကရင်)၊ ဆနမ်(ပလောင်)၊ နိ(လီဆူး) ဘာသာစကားများတွင်လည်း အချိန်အခါ ရာသီနှစ်ကာလများကို ဤနည်းနှင်နှင် နာမ်၊ နံ၊ န ဟု ပြောဆိုသည်ကိုတွေ့ရလေသည်။ နယုန်တွင် သုံးသော န ဖြစ်လေသည်။
ယုန် ဝေါဟာရသည်လည်း ယိုစီး၊ သက်၊ ဆင်း၊ ကျ၊ ကြွေ၊ ပြို၊ လဲ၊ ရွာ၊ သွန်း၊ လောင်း၊ ဖျန်း၊ ပက် ဆိုသည့် အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း- ရုဒ်(တိဗက်)၊ ယှက်-ယှာက်(ထိုင်း)၊ ယုန်-ယု(တရုတ်)၊ ဗော-ရုန်(မွန်ဂို)၊ ယုန် ယု ရု ရုန် ရုမ် ရင် ရော(ကချင်)၊ ရွာ-ရွှာ-ရုင်-(ပေါင်းရှေ့ချင်း)၊ ရို-ရူ(နာဂ)၊ ဟာဟိုစ်(ရှမ်း)၊ သရိုဟ်(မွန်)၊ ရူ-ရ (ကရင်) စသည့် တိုင်းပြည် နိုင်ငံလူမျိုးစုတို့၏ ဘာသာစကားဆင့်ပွားပြောင်းလဲမှုကို သုတေသနပြု၍ ဖော်ပြပါလူမျိုးစုတို့၏ ယု-ရု ဟူသော ဝေါဟာရများမှ ယိုစီးခြင်း၊ ရွာသွန်းခြင်း၊ ကြွေကျခြင်း အဓိပ္ပာယ်ဆောင်သော ယုန် ဖြစ်လာသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဆိုမိန့်ထား လေသည်။ ထို့ကြောင့် နယုန်လကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာသောလဟု အဓိပ္ပာယ်ဖွင့် ဆိုထားလေ သည်။
စာပြန်ပွဲ
“နွေအကုန် မိုးအကူး ဝသန်ကာလ မိုးသားကျူးစ အခါသမယတွင် “ရွှေစာတော် ပြန်မေးလို့ မြတ်လေး တဲ့ စံပယ်ငုံ၊ မေထုန်ဆိုရာသီကူး၊ ဖူးပွင့် ဝတ်မှုန်…” ဆိုသည့်အတိုင်း မေထုန်ရာသီတွင် ကျရောက်သော နယုန်လနှင့် စာတော်ပြန်ပွဲသည် တွဲလျက်ရှိပေသည်။
စာမေးသဘင်သည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ ပုဂံခေတ်ကပင် ရှိခဲ့ရာ၏။ သို့သော် စာပေအထောက်အထားအရ စာပြန်ပွဲ စာမေးပွဲ ဟူသော ဝေါဟာရကို မတွေ့ရပေ။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဦးကျည်ပွေ့ကို စာမေးသည့်ကန်ဟူသော ပြောစမှတ်ပြုခဲ့သည့်နေရာကား ယခုတိုင်တွေ့ နေရပါ၏။ သို့သော် ပုဂံသုတေသီများ၊ ရှေးဟောင်းသုတေသနပညာရှင်များ အတည်မပြုသောနေရာ ဖြစ်ပေသည်။
ပုဂံခေတ်ထိုးကျောက်စာများတွင် ပိဋကသုံးပုံအလှူ၊ ကျောင်းအလှူ၊ မြေအလှူ၊ ကျွန်အလှူ စသည်များကို များစွာပင်တွေ့ရသော်လည်း စာမေးသဘင်ကိုမူ မတွေ့ရပေ။ စာသင်သည်ဆိုသည်နှင့် အမေးအဖြေသည် ရှိမြဲပင်ဖြစ်၏။ ဤသည်ကို သုတေသီများက သမိုင်းမှတ်တမ်းအရရှာဖွေရာ ပုဂံခေတ် ပထမ အင်းဝခေတ်ထိ အထောက်အထားမတွေ့ရပေ။ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှသာ စတင်ခဲ့သည်ဟုဆိုလေသည်။ စနေမင်း၊ တနင်္ဂနွေမင်း၊ ဟံသာဝတီရောက်မင်း မင်းသုံးဆက် အမှုတော်ထမ်းခဲ့သော သီရိဥဇနာ ခေါ် အင်ရုံဝန်ကြီးရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် (ကျော်အောင်စံနန်း) နန်းတော်ကိုသိမ်း၍ အင်းဝမြို့တော်မှာ ကျောင်းဆောက်ပြီးလျှင် ပခန်းကြီးမြို့ ကျေးပိုက်သင် (ပထမကျော်) ရှင်ညာဏဝရကို တင်လှူ၍ ကျော်အောင်စံထား ဟုတွင်၏။… ဟုလည်းကောင်း။ ဘိုးတော်ဘုရားမေးသဖြင့် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြားတော်မူသော “အမေးတော် ဖြေကျမ်း” လာ ပထမရှင်လောင်း၊ ပဉ္စင်းလောင်းများကို ရှေးမင်းများလက်ထက် စာပြန်သည့် နည်းပြန်စေသော် သင်၊ မသင့် ဟု မေးလျှောက်ချက်သည်လည်းကောင်း၊ ရှေးယခင်မင်းစဉ် မင်းဆက် စာပြန်ပွဲဆိုင်ရာမှတ်တမ်းများ မရှိခဲ့သော်လည်း (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းပါ ပထမပြန် စာပြန်ပွဲ ဥပဒေထုတ်ပြန်ချက်များကဲ့သို့…) စာတော်ပြန်ပွဲများ အစဉ်အဆက်ရှိခဲ့သည်ကို သိနိုင်ရာ၏။စာတော်ပြန်ပွဲကို ဘုရင့်သုဓမ္မာဇရပ်ကြီးများတွင် ကျင်းပကြောင်းကို “ရွှေသားခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်လောင် ဝင်းဝါ၊ သုဓမ္မာဝယ်…” ဟုစာဆိုဦးယာ ဖွဲ့ဆိုသော လူတားစာ အရသိရပေသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်း ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီးလက်ထက်နှင့် သားတော် သီပေါမင်းလက်ထက် စာတော်ပြန်ပွဲများမှာမူ အလွန်စည်ကားသိုက်မြိုက်ပြီး မင်းခမ်းမင်းနားဝင်လာသည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရရော၊ ကုန်းဘောင်ဆက် ရာဇဝင်များ အရပါသိရ ပေသည်။
ရှေးယခင်က စာပြန်ပွဲအနေနဲ့သာရှိခဲ့ပြီး နောင်တွင် သဘောရေးဖြေပါ ပါဝင်လာပေသည်။ ပထမကျော် ဖြေဆိုရာ အမှတ်ပေးအရ အာဂုံပြန်လည်းတူ၊ အဖြေတွင်လည်းတူနေ၍ လက်ရေးလက်သားနှင့် မျဉ်းသားသည်ကို အမှတ်ဖြတ်၍ ပထမကျော်ပေးခဲ့သည့် သာဓကမျိုးလည်း ရှိခဲ့ပေသည်။ဤ၌ စာပြန်ပွဲ၊ပထမပြန်ပွဲ၊ ပါဠိပထမပြန်စာမေးပွဲဆိုသည်ကို ခွဲခြားသိဖို့ရာ လိုပေသည်။ ရှေးအစဉ်အလာအရ နယုန်လ စာပြန်ပွဲဆိုသည်ကို စာအလင်္ကာများအရ သိရပါ၏။
အင်ရုံစာတမ်းအရ ပထမပဉ္စင်းလောင်း၊ ဒုတိယပဉ္စင်းလောင်း စသည်ဖြင့် အဆင့်လေးဆင့်၊ အတန်း လေးတန်းရှိလေသည်။ သမဏသာရုပ်ကျ (ဝိနည်းတော်နှင့်အညီ ပြောဆိုမှု)၍ စာပေအနေနှင့်လည်း မေးတိုင်းဖြေဆိုနိုင်သော သာမဏေကို ပထမပဉ္စင်းလောင်းတော်၊ ထို့နောက် ဉာဏ်ပညာအရည် အသွေးကို ထောက်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ လေးခုခွဲ၍ ရဟန်းဘောင်သို့ တက်ရောက်ကြရလေသည်။ ထိုကိုအကြောင်းပြု၍ ပထမစာတော်ပြန်ဟု ခေါ်ကြောင်း မှတ်သားရပေသည်။
ဤသဘောမျိုးကိုပင် ပင်းယရွှေစည်းခုံဆရာတော် သဒ္ဓမ္မာလင်္ကာရ စီရင်တော်မူသော သက္ကဒါန် သိကြားစာတမ်း၊ နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းတို့တွင်လည်း မှတ်တမ်းပြုထားပေသည်။ ဟံသာဝတီရောက် မင်းကြီးလက်ထက်(၁၀၈၆)ပထမကျော်ရတော်မူသော ပထမကျော်အောင်စံထား ဆရာတော်ပြုစုတော်မူသည့် အဋ္ဌသာလိနီ ဂဏီဌကျမ်း နိဂုံးပိုဒ်တွင်- “အညေသံ=တစ်ပါးသောသူတို့၏၊ ပထမတာဝ=ရှေးဦးစွာ၊ ဥပ္ပန္နဥပသမ္ပဒါ=ရအပ်သော ပဉ္စင်းအဖြစ် ရှိလေသတည်း။
ဣတိတသ္မာ=ထို့ကြောင့်၊ ပထမေ=ပထမမည်၏။”ဟု မိန့်ဆိုထားလေသည်။ သမိုင်းစဉ်အရမူ ဘိုးတော်ဘုရားလက်ထက်မှ ပုဂံမင်းလက်ထက်တိုင် ပြဋ္ဌာန်းကျမ်းများနှင့် ဖြေဆိုနည်းများသည် များစွာကွဲလွဲမှုမရှိဟု ဆိုရာ၏။
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၅ ခုနှစ် နောက်ပိုင်းတွင် ပထမ စာတော်ပြန်ဥပဒေသများကို ပြင်ဆင်ဖွဲ့စည်းပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖွဲ့စည်းခဲ့လေသည်။
နောင်သော် ပထမကျော်ဘွဲ့ကိုမူ ပထမကြီးတန်းတွင် အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသော ပုဂ္ဂိုလ်ကို ပေးအပ်လေသည်။ မဟာရာဇဝင်ကြီး တတိယတွဲတွင် ထိုအကြောင်းအရာများကို သိနိုင်ပါ၏။ ဖော်ပြပါအကြောင်းအရာသည် စာပြန်ပွဲမတိုင်မီ (တကယ့်ပွဲကြီးမတိုင်မီ) ပြဋ္ဌာန်းချက်ကျမ်းစာများကို ပထမပြန်ဆိုရပြီးနောက်ပိုင်း ပထမ၊ ဒုတိယခွဲခြားကာ ဝင်ရောက်ရ၍ ပထမပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ ဒုတိယပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။
ဒုတိယအယူမှာမူ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(တတွဲ) မြန်မာ့မင်းအုပ်ချုပ်ပုံစာတမ်းများအရ စာပြန်ပွဲဝင်မည့် ရဟန်းလောင်း၊ ရှင်လောင်းများသည် သတ်မှတ်အရည်အချင်းပြည့်စုံပြီဆိုပါက ဘုရင့်ရှေ့တော်မှောက်သို့ မင်းညီမင်းသားဝတ်စုံများဖြင့် ဝင်ရောက်ခစားကြရ၏။ (အားလုံး ရှင်လိင်ပြန် ရသည်)ဘုရင့်ရှေ့တော်မှောက်ခစားရသောအခါ တော်၊ ဒူး၊ စနည်း၊ ဘဝေါ၊ လင်္ကျာမင်းခန်းတော် လက်ဝဲမင်းခန်းတော် စသည့် (Protocol) ဖြင့်သာ ခစားကြရ၏။ “တော်” ဆိုသည်မှာ မြန်မာ့နန်း တွင်းရေး သမိုင်းရာဇဝင်တွင် ထင်ရှားခဲ့ကြသော တွင်သင်းမင်းကြီး ဦးထွန်းညို၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန် ဦးဖိုးလှိုင် စသည့်ပုဂ္ဂိုလ်များကဲ့သို့ သင့်လျော်သည့် နေရာများတွင် အခြေအနေအရ နေထိုင်ခစားကြသည်မျိုးကိုဆိုပေသည်။
“ဒူး”ဆိုသည်မှာ သတ်မှတ်နေရာတွင် ဒူးတုတ် ခစားရကြောင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့ပင် မင်းညီမင်းသားများ ခစားကြရသော ပထမနေရာတော် ဆိုသည်လည်း ရှိပေသည်။ ထိုနေရာတွင် ရှင်လိင်ပြန်ပြီး လူပုဂ္ဂိုလ်တို့သည် မင်းညီမင်းသားဝတ်စုံဖြင့် ဘုရင်အားခစားကြရ၏။ ဘုရင်က အားပေးချီးမြှောက်၏။ ထိုကဲ့သို့ ခစားသောအခါ မင်းညီမင်းသားဝတ်ရုံ၊ ဗောင်း၊ နားတောင်း၊ ခေါင်းပေါင်းဖြူ ဖော့လုံး၊ မင်းခမ်းတော်ဆိုင်ရာ အသုံးအဆောင်များပါ ပါဝင်ရ၏။ မှတ်တမ်းပြုထားချက်များ ရှိပေသည်။
ထို့ကြောင့် ပထမနေရာတော်ကို အကြောင်းပြု၍ “ပထမ” ပြန်စာမေးပွဲဟု ခေါ်ကြောင်းလည်း ပြောစမှတ်ပြုကြပါ၏။ ထိုစာပြန်ပွဲတော်သည် သီပေါမင်းပါတော်မူပြီး (၂၉-၁၁-၁၈၈၅) ကိုးနှစ်ကျော် ၁၀ နှစ်မျှ စာမေးသဘင်မရှိဘဲ ဖြစ်နေလေတော့သည်။
ထိုအခါ အမျိုးသားရေးဦးဆောင်သူများက(Conservative)စာပြန်ပွဲ စာမေးပွဲသဘင်ကို တမ်းတလွမ်းမိကြောင်းကို ရေးဖွဲ့သီဆိုလာကြ၏။ ထိုအထဲတွင် ၁၂ လရာသီ စည်တော်သံ တွဲ၍ -လမေထုန်နယုန်ကျလို့၊ သာသနာ့ဒါယကာလွမ်းမိဖြာဖြာ၊ ခုနှယ်ခါသုဓမ္မာရွှေစာပွဲနှင့် လွဲပြီဗျလေး …ချိန်ရာသီကရကဋ်မို့ နှစ်ပါးနတ်တစ်ကျွန်းပါ လွမ်းမိခါခါ၊ ရိုက်ချုံးငယ်ညာ၊ ပဉ္စင်းတော် ချိန်ခါနှင့်၊ နန်းနှစ်ဖြာနယ်မြေဝေးလို့၊ လွဲရှာပေါ့လေး…စသဖြင့်နှိုးဆော်လာကြရာ ဗြိတိသျှအစိုးရက စာမေးပွဲကျင်းပရန် စိုင်းပြင်းလာရလေသည်။ ထိုစဉ်က မြန်မာနိုင်ငံပညာရေးကို ဗြိတိသျှအစိုးရမှ ဦးဆောင်သူမှာ လော့ဒ်မက်ကောလေးဆိုသူဖြစ်၏။ သူ၏မူဝါဒအရ အုပ်ချုပ်ရေးနှင့် ကြေးတိုင်နှင့် မြေစာရင်းကို အထူးဦးစားပေးလေ၏။ ထို့နောက် ၁၈၈၉ ခုနှစ်နောက်ပိုင်းတွင် မစ္စတာ ဂျန်ဗင်ဆိုဖရန်ပုပ်(MA)က ဦးဆောင်၏။ ထိုပုဂ္ဂိုလ်သည် တောင်ခွင်ရှင်သာသနာပိုင်၊ ပခန်းဆရာတော်၊ လှထွေးဆရာတော်၊ ကင်းဝန်မင်းကြီးစသည့် ဘုရင်ခေတ်မီလိုက်သော ပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ စာပြန်ပွဲစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲခဲ့လေသည်။ မစ္စတာပုပ်မှာ မြန်မာနိုင်ငံ ပညာရေးတာဝန်မယူမီ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်တွင် တိမ်ကောပပျောက်နေသော သက္ကတဘာသာကို ပြန်လည်ထွန်းကားအောင်မြင် အောင် နည်းစနစ်သစ်များဖြင့် ပြောင်းလဲတီထွင်ရာ၌ အောင်မြင်မှုရခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။
သက္ကရာဇ် ၁၂၅၆ ခုနစ် (၁၈၉၃-ဒီဇင်ဘာလ)တွင် မြန်မာဘုရင်များလက်ထက်တော်ကကဲ့သို့ ပထမပြန်စာမေးပွဲများ ကျင်းပရန် အမိန့်ရလေသည်။ ထိုအမိန့်အရ ၁၂၅၇ နယုန်လဆန်း ၈ ရက် (၁-၆-၁၉၈၅) တွင် ပထမပြန်စာမေးပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့လေသည်။ ရပ်တန့်နေသော စာမေးသဘင်ကို ပုံသဏ္ဌာန်သစ်ဖြင့် ရဟန်းသာမဏေများသာမက လူဝတ်ကြောင်များကိုပါ ဖြေဆိုခဲ့စေသည်။ အာဂုန်ပြန်မပါဘဲ ပါဠိဘာသာထွန်းကားရေးကို ဦးတည်မှုကြောင့် “ပါဠိပထမပြန်”စာမေးပွဲဟု အမည်တွင်ခြင်းလည်း ရှိပေသည်။ ရှေးအစဉ်အလာအရ ရဟန်းသာမဏေများသာ ဖြေဆိုခဲ့ကြသော်လည်း မစ္စတာတော် စိန်ခို၏ အကြံပေးချက်အရ ၁၂၆၃ (၁၉၀၁) ခုနှစ်မှစ၍ သီလရှင်များကို ပါဝင်ခွင့်ပြုခဲ့လေသည်။
ထိုသို့ ကျင်းပသည့်အချိန်အခါတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ လူပုဂ္ဂိုလ်နှင့် ရဟန်းတော် အချို့က ဗြိတိသျှအစိုးရက ပါဠိပထမပြန်စာမေးပွဲကို နှစ်စဉ်ကျင်းပနေစဉ် ဤစာမေးပွဲကို မဖြေဆိုကြဘဲ အမျိုးသားစာမေးပွဲများကို စီစဉ်၍ မြန်မာပြည်အနှံ့ကျင်းပ ဖြေဆိုလာကြပေသည်။
ထိုစာမေးပွဲများအနက် နောင်သော် နှစ်ရာကျော် ရာပြည့်တည်ရှိလာသော စာမေးပွဲကြီးများ ဖြစ်ပေါ်လာပေသည်။ မန္တလေးပရိယတ္တိသာသနဟိတအသင်း (ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတည်ရှိ)၊ ရန်ကုန်တွင် စေတီသင်္ဂဏအသင်း (ရွှေတိဂုံစေတီတော် အပေါ်တွင် တည်ရှိ) မန္တလေးစာမေးပွဲကို ထိုစဉ်က သကျသီဟဘုရားကြီး ပရိဝုဏ်အတွင်းကျင်းပခဲ့၍ သကျသီဟစာမေးပွဲဟု ပရိယတ္တိစာပေလောကတွင် ထင်ရှားပေသည်။ ထိုစာမေးပွဲများ အောင်သောအခါအဘိဝံသဆိုသည့် ဘွဲ့ကိုရရှိပေသည်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီး၊ ဗန်းမော်ဆရာတော်ကြီး၊ ယောဆရာ တော်ကြီး၊ ပါချုပ်ဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်၊ လှရတနာဆရာတော် ယခုနိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် စသည့်ထေရ်ကြီးများမှာ ထိုအမျိုးသား စာမေးပွဲများကို အောင်မြင်တော်မူခဲ့ကြ၍ ဘိဝံသ… “သ.စ.အ” ဟု ချီးမြှင့်တပ်ခွင့် ရရှိကြလေသည်။ (သကျသီဟစာမေးပွဲအောင်လျှင် “သ”၊ စေတီသင်္ဂဏ စာမေးပွဲအောင်လျှင် “စ” အစိုးရ ဓမ္မာစရိယ အောင်လျှင် “ အ” ဟု အတိုကောက် သုံးပါကြောင်း)ဤသို့နှင့် နယုန်လတိုင်း ရှေးအစဉ် စာပြန်ပွဲ၊ စာမေးပွဲများကို ကျင်းပလာခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာဖြေလကို ပြောင်းလဲခဲ့လေသည်။ တနွေစာဝါများလိုက်၊ စာသင်ပြီး နယုန်လစာပြန်ပွဲပြီးသည်နှင့် ဝါဆိုရောက်သွားသောအခါ နားချိန် မရှိခြင်း၊ နွေရာသီစာပေသင်ကြားရမှု ရာသီသဘောကို ငဲ့ခြင်း၊ နိုင်ငံတော် အစိုးရကျောင်းများ ပိတ်ထားချိန်ဖြစ်၍ စာဖြေဌာနလွယ်ကူခြင်း၊ တောင်သူလယ်သမားများ အလုပ်ခွင်နားချိန်ကာလ ဖြစ်ခြင်း၊ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ရွက်ရေးကိုအဆင်ပြေခြင်း စသည် စသည် အကြောင်းကြောင်းတို့ကြောင့် တပေါင်းလတွင် ပြောင်းလဲ၍ကျင်းပရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁-၄-၁၉၅၄ ခုနှစ်တွင် ပါဠိပထမပြန် ဥပဒေပြဋ္ဌာန်းခဲ့လေသည်။
နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ ငြိမ်းချမ်းရေးအခါတော်နေ့ဟုသတ်မှတ်ခဲ့ကြပေသည်။ ကပ္ပိလနှင့် ကောလိယနှစ်ပြည်ထောင်တို့ ရောဟဏီမြစ်ခွဲဝေမှုကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွား အံ့ဆဲဆဲတွင် ဗုဒ္ဓဘုရားရှင် လာရောက်ဖြန်ဖြေ တရားဟောတော်မူရာ၌ ပြေငြိမ်းသွားပေသည်။
ထိုဟောကြားချက်တွင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဇာတ်တော်များကို အခြေခံ၍ ဟောကြားတော်မူလေသည်။
(၁) အရာရာမဟုတ်သည်၌ အငြင်းအခုံမပြုသင့်ကြောင်းကို ဖန္ဒနဇာတ်တော်ဖြင့် ဟောဖော် ရှင်းပြတော်မူပါသည်။
(၂) တစ်ဆင့်စကားဖြင့် အငြင်းအခုံမပြုသင့်ကြောင်းကို “ပထဝီဥန္ဒိယ” ဇာတ်လမ်းဖြင့် ခပ်ဆန်းဆန်း ရှင်းပြတော်မူသည်။
(၃) အားရှိသူတိုင်း အားနည်းသူအား အောင်နိုင်သည် မဟုတ်ကြောင်းကို “လဠုကိက” ဇာတ်ကွက်ဖြင့် မှတ်ချက်ပြတော်မူပါသည်။
(၄) စည်းလုံးမှုမရှိက ပျက်စီးတတ်ကြောင်းကို “ဝဋ္ဋက”ဇာတ်ကြောင်းဖြင့် ထပ်လောင်းရှင်းပြတော်မူပါ သည်။
(၅) စည်းလုံးမှုရှိမှသာ ကြီးပွားနိုင်ကြောင်းကို“ရုက္ခဓမ္မဇာတ်သဘောဖြင့် ထပ်ဟောတော်မူပြန်ပါသည်။
(၆) နောက်ဆုံးတွင် မိမိကိုယ်ကို မိမိက ဒုက္ခ
မပေးသင့်ကြောင်းကို”အတ္တဒဏ္ဍ”သုတ်ဖြင့် ဖုံးအုပ် ငြိမ်းအေးစေတော်မူပါသည်။
ထိုဇာတ်တော်ပါအကြောင်းအရာထဲမှ အချက်အလက်များကို လူသားများ လိုက်နာကျင့်သုံးကြပါက ယနေ့ခေတ် ကမ္ဘာကြီး ပြန်ပေးဆွဲခံထားရသလို အဖြစ်မျိုးမှ တစ်နည်းမဟုတ်တစ်နည်း လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာ၏။ လူမှုအဖွဲ့အစည်း သေးသေးလေးမှသည် အာဆီယံ၊ နေတိုး၊ ဆီတိုး၊ ကုလသမဂ္ဂအထိပင် ကျင့်သုံး၍ရ၏။မဟာသမယသုတ်ရွတ်လျှင် နတ်များချစ်ခင်၏ဟုဆို၏။ ထိုသည်ကို တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီးက မဟာသမယသုတ်တွင်ပါသော နတ်ဒေဝတာများ၏ နာမတော်များ (နာမည်များ)ကို ရွတ်ဖတ်ရုံနှင့် ငြိမ်းချမ်းမှုကို မည်သို့မည်ပုံရနိုင်ကြောင်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားထားသော အမေးရှိပေသည်။ဗုဒ္ဓ၏သုတ္တန်ဒေသနာတော်သည် အသုံးချတတ်သူအတွက် ကောင်းခြင်းကို ပေးစွမ်းပါ၏။
ဆရာတော်ကြီးမိန့်ဆိုချက်မှာ နှစ်ဖက်သောလူများမှာ(နတ်များမှာ) အချို့ မျက်နှာငယ် မထင်မရှား သူများပါ၏။ ထိုသို့သောသူများကို ဘုရားရှင်က ဇာတိ၊ နာမ၊ ဂုဏ စသည့်အမျိုးနာမနှင့်တကွ တရင်းတနှီး ခေါ်ဝေါ်ပြောဆိုဆက်ဆံသောအခါ ပီတိများဖြစ်၍ ဘုရားစကား (တရားတော်)အတိုင်း လိုက်နာ ကျင့်သုံး၍ ငြိမ်းချမ်းမှုရပုံကို ဟောထားသည့် တရားတော် ရှိပေသည်။
ကမ္ဘာကျော် လူမှုဆက်ဆံရေး မိတ္တဗလဋီကာဆိုင်ရာ ဟောပြောပို့ချသူ ဒေးကာနက်ဂျီနှင့် နပိုလျံဟီး ကဲ့သို့သော မိတ္တဗေဒ ပညာရှင်က ၂၀ ရာစုမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ဗုဒ္ဓ၏မိတ္တဗလ မဟာသမ ယသုတ္တန်ကား B.C ၆ ရာစုကပင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ ။
MWD Web Portal
ကမ္ဘာ့နိုင်ငံများကြားကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါနောက်ဆုံးမျိုးကွဲအသစ် Nimbus ခေါ် NB.1.8.1 ခေါ် Omicron အုပ်စုဝင် SARS-CoV-2ဗိုင်းရပ်စ်မျိုးကွဲ NB.1.8.1 ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာကစောင့်ကြည့်နေပြီဖြစ်သော Nimbus ၏ထူးခြားချက်သည် ရှေ့ကမျိုးကွဲများထက် ကူးစက်မှုပိုမိုမြန်ဆန်ခြင်းကြောင့် ဒေသတစ်ခုတွင်ကူးပြီဆိုသော်အချိန်တိုအတွင်း ကူးစက်ခံရသူအရေ အတွက်မြင့်တက်လာသည်ကို တွေ့ရကြောင်း သတင်းများအရ သိရသည်။
ရောဂါလက္ခဏာများသည် လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ချောင်းဆိုးခြင်း၊ဖျားခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊အသက်ရှူရခက်ခြင်းများဖြစ်သည်။ရောဂါမဖြစ်မီကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်နှင့်အညီ ရောဂါကူးစက်မှုမခံရစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ လူတိုင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး (booster dose)ထိုးနှံထားသင့်သည်။
ရောဂါလက္ခဏာတွေ့ရှိပါက စိုးရိမ်သောကမဖြစ်ဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍စနစ်တကျကုသစစ်ဆေးမှုခံယူသင့်သည်။ကိုဗစ်-၁၉ ရောဂါသာမကရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ရေကြီးရေလျှံ၊ဝမ်းပျက်ဝမ်းလျှော ရာသီအလိုက်ဖြစ်သော ကူးစက်ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေသကဲ့သို့ နိုင်ငံပိုင်မီဒီယာများမှလည်း ဖော်ပြနေသော သတိပေးနှိုးဆော်ချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အသိပညာပေးမှုများကို လေ့လာမှတ်သားလိုက်နာကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြင့်တက်လာသည့်အခြေအနေနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများ၌ အသေအပျောက်ရှိနေသည့်အခြေအနေကြောင့် ပေါ့ပေါ့ဆဆမနေကြရန်၊ နိုးနိုးကြားကြားသတိဖြင့်နေကြရန် လိုအပ်ပါသည်။မြန်မာနိုင်ငံတွင်လည်းဓာတ်ခွဲအတည်ပြုချက်များအရ ကိုဗစ်-၁၉ ရောဂါပိုးပြန်လည်တွေ့ရှိပြီဖြစ်သည်။ လက်ရှိတွင် ကျောင်းဖွင့်ချိန်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း တို့ဖြစ်ပွားပါက ကျောင်းမလွှတ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ ကုသမှုခံယူရန်နှင့် ဆေးကုသမှု ခံယူရေးအတွက် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ ပါဝင်ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာနမှလည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အတွက် ကာကွယ်နိုင်သည့် ကာကွယ်ဆေးများထိုးနှံပေးလာသည့်အကြိမ်များတွင်လည်း မပျက်မကွက်ထိုးနှံမှုခံယူကြရန်၊ မှတ်တမ်းထားကြရန် လိုအပ်သည်။ လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ စနစ်တကျ ကာကွယ်ခြင်းဖြင့်ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်ကြမည်ဖြစ်သည်။
၂၀၂၁ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း(Delta wave)တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သွေးအတွင်း အောက်ဆီဂျင်ပမာဏ အတက်အကျမြန်ဆန်မှုများ တွေ့ကြုံခဲ့ရပြီး အောက်ဆီဂျင်အိုးရှူရ၊ ပြန်ဖြည့်ရ၊ ဆေးလိုက်ဝယ်ရ၊ ဆေးဆိုင်နှင့်အောက်ဆီဂျင်စင်တာတို့၌ တန်းစီခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။
ယခု ကိုဗစ်-၁၉ ရောဂါက တစ်ကျော့ပြန်လာပြီဖြစ်သည်။ တစ်ဦးမှတစ်ဦးထံကူးစက်မှု အလွန်မြန်သည့်အတွက် မိမိမိသားစု၊ တစ်အိမ်တည်းနေအဘိုး၊ အဘွား၊ ကလေးငယ်များနှင့် ဆီးချို၊ ကင်ဆာ၊ သွေးတိုး၊ နှလုံးရောဂါ စသည့် နာတာရှည် ဆေးကုသမှုခံယူနေသူများရှိပါက ဦးစားပေး၍ ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။ ကိုယ်က ကိုယ်ခံအားကောင်းသည့် လူငယ်လူရွယ်ပိုင်းဖြစ်သော်လည်း အသက်ကြီးသူများ၊ ကိုယ်ခံအားလျော့နည်းသည့်နာတာရှည်ရောဂါသည်များမှာ ကိုဗစ်-၁၉ ရောဂါအပြင် မူလရောဂါအခံပါ ပူးတွဲခံစားရနိုင်ပါသည်။
ရောဂါဖြစ်သည့်ရက် ပိုကြာလာနိုင်သကဲ့သို့ ဆေးရုံတက်ရသည့်အခြေအနေထိ ရောက်သွားပြီး သေဆုံးနိုင်ခြေလည်းပိုများကြောင်း ယခင် ကိုဗစ်-၁၉ ရောဂါအတွေ့အကြုံအရ ဆင်ခြင်သင့်သည်။ ကိုဗစ်-၁၉ရောဂါ၏ ပြင်းထန်မှုအနည်းအများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။
ယခုကိုဗစ်-၁၉ ရောဂါသည် မပြင်းထန်သောသက်ရောက်မှုနှင့် မူလအရင်းခံ နာတာရှည်ရောဂါကြီးများ၏ဆိုးကျိုးများ ပိုမိုပြင်းပြင်းထန်ထန်ခံစားရသည်။ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာများသိထားသင့်ပါသည်။ ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်အတွင်း သာမန်အအေးမိအဖျားနှင့်ဆင်တူပြီး လည်ချောင်းအနည်းငယ်နာခြင်း၊ ကိုက်ခဲပင်ပန်းနွမ်းနယ်ခြင်း၊ အာသီးအနည်းငယ်ရောင်ခြင်း၊ ကိုယ်အပူချိန်(၃၆.၅. C) ရှိပြီး အစားအသောက်မျိုချရာတွင် အခက်အခဲရှိခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း၊ အစာအိမ်လေထခြင်း၊ အနည်းငယ်မူးဝေခြင်းတို့ ဖြစ်လာနိုင်သည်။
ထို့ပြင် အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်း၊ ရံဖန်ရံခါအသက်ရှူရန်ခက်ခဲခြင်း၊ခြေချောင်းများနာကျင်ခြင်း၊ဝမ်းလျှောခြင်း၊အော့အန်ခြင်း၊ နေမကောင်းဖြစ်နေသည့် ကိုးရက်မြောက်နေ့တွင် အပြင်းအထန်အဖျားတက်လာပြီး အသက်ရှူရန် အပြင်းအထန်ကြိုးစားလာရမည်ဖြစ်သည်။ အဆိုပါအနေအထားများသို့ ရောက်ရှိလာပါက သွေးစစ်ပြီးရင်ခေါင်းဓာတ်မှန်(CXR) ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမရှိစေရေး နှာခေါင်းစည်း (Surgical Mask) တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ လက်ဆွဲနှုတ်ဆက်ခြင်း မှရှောင်ရန်၊ အပြင်သွားပါက လက်အိတ်ဝတ်ဆင်ရန် စသည်တို့ကို လိုက်နာရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံရပါမည်။ အန္တရာယ်များသူများ(High risk person)ကို ဦးစားပေးထိုးနှံသင့်သည်။ လူတိုင်းထိုးနှံသင့်သည်။ ထပ်ဆင့်မြှင့်ကာကွယ်ဆေးများလည်း ထိုးနှံသင့်သည်။ မည်သည့်ကိုဗစ်-၁၉ ရောဂါအမျိုးအစားကာကွယ်ဆေး၊ ထိုးနှံပြီးအရေအတွက်၊ ထိုးနှံမည့်နေ့များ၊ ကိုယ်တွင်း/ ပြင်ပရောဂါရှိ၊ မရှိ၊ မိမိနှင့်တည့်၊ မတည့်ဖော်ပြပြီး လူတွင်ရှိနှင့်ပြီးသော ဆေးများထိုးနှံသောက်သုံးမှု၊ နှလုံး၊ အဆုတ်တို့ သွေးခဲပြဿနာ ယခင်ဖြစ်ခဲ့ဖူးခြင်း ရှိ၊ မရှိ၊ တစ်လအတွင်း ဗိုင်းရပ်စ်တစ်မျိုးအတွက် ကုသဆေး၊ ကာကွယ်ဆေး ထိုးဆေး၊ သောက်ဆေး အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ လက်ရှိအခြေအနေတို့အား ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ ထိုးနှံသင့်သည်။ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း၊ အနံ့မရခြင်း သတိပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD Web Portal
ဟီးရိုးအင်းဆိုတာ
ဟီးရိုးအင်း(Heroin)သည် မော်ဖင်းမှထုတ်ယူရရှိသောဆေးဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ ဝေါဟာရအားဖြင့် Diamorphine ဟုခေါ်၍ ဓာတုသင်္ကေတမှာ C21H23NO5 ဖြစ်သည်။ မော်ဖင်းကို ဘိန်းမှထုတ်ယူရရှိခြင်းဖြစ်သောကြောင့် ဟီးရိုးအင်းသည်လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုး ပင်ဖြစ်သည်။ အဖြူရောင်ဖြစ်သောကြောင့် ဟီးရိုးအင်းကို ဘိန်းဖြူဟူ၍လည်းကောင်း၊ ဆေးဖြူမှုန့် ဟူ၍လည်းကောင်း၊ နံပါတ်ဖိုးဟူ၍လည်းကောင်း အမည်များဖြင့် လူသိများထင်ရှားသည်။ ဟီးရိုးအင်း သည် မော်ဖင်းနှင့်အကျိုးပေးပုံချင်းဆင်တူသဖြင့် ဆေးဘက်တွင် မော်ဖင်းကို အသုံးပြုသည့်အတိုင်း ဟီးရိုးအင်းကိုလည်း အသုံးချလေ့ရှိသော်လည်း အကျိုးအာနိသင်အရာ၌မူ ဟီးရိုးအင်းသည် မော်ဖင်း နှင့် ဘိန်းတို့ထက် အဆပေါင်းများစွာ ပြင်းထန်ထိရောက်ပြီး ပိုမို၍ အဆိပ်ပြင်းထန်ကာ ပိုမိုလွန်ကဲစွာပင် အလေ့အကျင့်အထုံ စွဲမြဲမြန်ဆန်စေသည်။ ဟီးရိုးအင်းသည် နာကျင်မှုဝေဒနာကို မငြိမ်းစေတတ်သလို အိပ်ပျော်အောင်လည်း အလျင်အမြန်မဖြစ်စေတတ်ဘဲ မှီဝဲသူအား တုံ့နှေးခြင်း ဖြစ်စေတတ်သည်။
ဟီးရိုးအင်းနှင့် လူမှုကျင့်ဝတ် လစ်ဟင်းမှု
ဟီးရိုးအင်းကို ဘိန်းစွဲသူများကမှီဝဲလေ့ရှိပြီး ဟီးရိုးအင်းသည် အခြားမည်သည့်ယစ်မျိုးနှင့်မျှမတူဘဲ မှီဝဲသူ၏စိတ်ကို ပိုမိုလွန်ကဲစွာထိခိုက်စေသည်။ မှီဝဲစ၌ ပေါ့ပါးပျော်ရွှင်လာစေကာ ငါသာလျှင်အဓိက၊ ငါလုပ်လျှင် မည်သည့်အရာမဆိုအောင်မြင်ရမည် စသည့်အမြင်အစွဲများဝင်လာပြီးနောက် အရှိကိုအရှိ အတိုင်း မမြင်နိုင်တော့ဘဲ ပုံကြီးချဲ့ထင်မြင်လာကာ မဆင်မခြင်ပြုလုပ်တတ်သော သတ္တိများပေါက်ဖွားလာစေသည်။ ဟီးရိုးအင်းစွဲသူများသည် ကိုယ်ချင်းစာ တရားနှင့် စောင့်ထိန်း လိုက်နာအပ်သော လူမှုကျင့်ဝတ်နှင့်တာဝန်များ မေ့ပျောက်လစ်ဟင်းကာ လူမှုအသိုင်းအဝိုင်းနှင့် ဆန့်ကျင်ဘက် အပြုအမူများ ပြုလုပ်လာပြီးနောက် အချိန်ကြာလာလျှင် လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှ ဖယ်ကြဉ်ကာ ရာဇဝတ်ကောင်များဘဝသို့ ကူးပြောင်းသွားတတ်သည်။ ထို့ကြောင့် လူညွန့်တုံးစေသော မူးယစ်ဆေးဝါး ဟီးရိုးအင်းကို မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင် တရားဝင် ရောင်းဝယ်သုံးစွဲခြင်းကို ပိတ်ပင်တားမြစ်ထားသည့်အပြင် ဟီးရိုးအင်းကို ထုတ်ယူရရှိနိုင်သော ဘိန်းပင်စိုက်ပျိုးခြင်းကိုလည်း တားမြစ်ထားသည်။
ဟီးရိုးအင်းထုတ်လုပ်ရာတွင် ပါဝင်သည့်ဓာတုပစ္စည်းများအဆိုပါ ဟီးရိုးအင်း ၁ တန်ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်း ဘိန်းနှင့်ဓာတုပစ္စည်းများဖြစ်သည့် တိုင်းရင်းဆေး(ပရဆေးများ)တွင် “ဇဝက်သာ” ဟုအများသိကြသော အမိုနီယမ်ကလိုရိုက် (Ammonium Chloride)၊ အက်စီတစ်အင်ဟိုက်ဒရိုက် (Acetic Anhydride)၊ ဟိုက်ဒရိုကလိုရစ် အက်စစ် (Hydrochloric Acid)၊ အက်စီတုံး (Acetone) နှင့်အခြားပစ္စည်းများ ပါဝင်ထုတ်လုပ်ရသည်။
စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် ပါဝင်သည့်ဓာတုပစ္စည်းများ
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဖြစ်သည့် အမ်ဖက်တမင်း (Amphetamine)နှင့် မက်အဖက်တမင်း (Methamphetamine) ထုတ်လုပ်ရာတွင် Acetic Acid ၊ Acetic Anhydride၊ Acetone ၊ Acetyl Chloride ၊ Chloroform ၊ Ethyl Ether ၊ Ephedrine ၊ Hydrochloric Acid ၊ Phenyl Acetic Acid ၊ Phosphrous Pentachloride ၊ Pseudoe-phedrine၊ Sulphuric Acid၊ Thionyl Chloride နှင့် Toluene အစရှိသည့် ဓာတုပစ္စည်းများကို ထည့်သွင်းအသုံးပြုရသည်။ ထို့ကြောင့် အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ကြေညာထားသကဲ့သို့ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေအရလည်းကောင်းကန့်သတ်ဓာတုပစ္စည်းများ (Restricted Chemicals) အဖြစ် အမိန့်ကြော်ငြာစာများထုတ်ပြန်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ မက်အဖက်တမင်း (Methampheta-mine) ထုတ်လုပ်ရာတွင် အက်ဖီဒရင်း (Ephedrine) နှင့် သိုင်အိုနိုင်းလ်ကလိုရိုက် (Thionyl Chloride)၊ ကလိုရိုဖောင်း (Chloroform) ၊ အက်စီတစ်အက်စစ် (Acetic Acid) ၊ ပလာဒီယမ် (Palladium)နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ (Hydrogen Gas) တို့ သတ်မှတ်အချိုးအစားအလျောက်ပါဝင်ကြသည်။
စိတ်ကြွဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာဓာတုပစ္စည်း
များမှာ အက်စီတစ်အက်စစ် (Acetic Acid)၊ အက်စီတုန်း (Acetone)၊ ကလိုရိုဖောင်း (Chloroform)၊ အီသိုင်းလ်အီသာ (Ethyl Ether)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydro-chloric Acid )၊ ဆာလ်ဖျူရစ်အက်စစ် (Sulphuric Acid)၊ အိုင်ဆိုဆာဖရိုးလ် (Isosafrole)၊ တော်လူအင်း (Toluene)၊ ပိုက်ပါရိုနောလ် (Piperonal)၊ ဆာဖရိုးလ်(Safrole)၊ ၃၊ ၄ မီသိုင်းလင်းဒိုင်အောက်စီဖီနိုင်းလ်-၂ ပရိုနန်း (3,4 Methylenedio-xyphnyl-2 Pronone) တို့ဖြစ်သည်။ MDMA အက်တက်စီ (Ecstasy) ဆေးဝါးများမှာ အမ်ဖက်တမင်း (Amphetamine) နှင့် မက်အဖက်တမင်း (Methamphetamine) ဆေးဝါးတို့ထက်ပိုမိုအစွမ်းထက်ပြီး ပို၍စျေးကြီးသည်။
ထိန်းချုပ်ဓာတုပစ္စည်း (PrecursorChemicals) (၄၃) မျိုးမြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်အညီ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၅-၂-၂၀၂၅ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၅)ဓာတုပစ္စည်း စုစုပေါင်း ၄၃ မျိုးကို Schedule-I၊ Schedule-II နှင့် Schedule -III ဟု အုပ်စုသုံးစုသတ်မှတ်၍ ပြင်ဆင်ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထိန်းချုပ်ဓာတုပစ္စည်းများကို စက်မှုဝန်ကြီးဌာနမှ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေအရ ၂၀၁၆ ခုနှစ်တွင် ကန့်သတ်ဓာတုပစ္စည်း ၂၆ မျိုးနှင့် ၂၀၂၁ ခုနှစ်အတွင်း ၁၁ မျိုးကို ထပ်မံ၍ထုတ်ပြန်ကြေညာ၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
Schedule-I တွင် ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၂၅) မျိုး
(က) ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်း ဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဇယား(၁)ပါ ထိန်းချုပ် ဓာတုပစ္စည်းများ-
( ၁ ) Acetic Anhydride (အက်စီတစ် အင်ဟိုက်ဒရိုက်):C4H6O3 (108-24-7)
( ၂ ) N-acetylanthranilic Acid (အင်-အက်စီတိုင်းလ်အင်သရာနီလစ်အက်စစ်) :C9H9NO3 (89-52-1)
( ၃ ) 4-anillino-N-phenethyl- piperidine (ANPP)/ Fentanyl analogues (၄-အနီလီနို- အင်ဖီနိုင်သိုင်းလ် ပိုင်ပါရီဒင်း)(အေအင်ပီပီ) :C19H24N2 (21409-26-7)
( ၄ ) Ephedrine(အက်ဖီဒရင်း)C10H15NO (299-42-3)
( ၅ ) Ergometrine (အာဂိုမတ်ထရင်း) : C23H27N3O6(60-79-7)
( ၆ ) Ergotamine (အာဂိုတမင်း) : C33H35N5O5 (113-15-5)
( ၇ ) Isosafrole (အိုင်ဆိုဆာ ဖရိုးလ်):C10H10O2 (120-58-1)
( ၈ ) Lysergic Acid (လိုက်ဆာဂျစ်အက်စစ်) :C16H16N2O2 (82-58-6)
( ၉) 3,4-MDP-2-P methyl glycidate (PMK glicidate)(all stereoisomers)(၃၊ ၄-အမ်ဒီပီ-၂ပီ မီသိုင်း ဂလိုက်စီဒိတ်):C12H12O5 (13605-48-6)
(၁၀ ) 3,4-MDP-2-P methyl glycide acid (PMK glycidic acid) (all stereoisomers)(၃၊ ၄-အမ်ဒီပီ-၂-ပီ-မီသိုင်း ဂလိုက်စီဒစ်အက်စစ် (ပီအမ်ကေဂလိုက်စီဒစ် အက်စစ်): C11H9O5.Na (62167189-50-4)
( ၁၁ ) 3,4 - Methyllenedio- xyphenyl-2 Propane (၃-၄ မီသိုင်းလ်လင်ဒိုင်အောက်ဆီ ဖီနိုင်းလ်-၂-ပရိုပန်နုန်း) :C10H10O3 (4676-39-5)
( ၁၂ ) Norephedrine (နော်အက်ဖီ ဒရင်း) : C9H13NO (14838-15-4)
( ၁၃ ) N-phenethyl-4-piperidone (NPP) (အင်-ဖီနိုင်းသိုင်းလ်-၄-ပိုက်ပါရီဒုန်း (အင်ပီပီ):C13H17NO (39742-60-4)
( ၁၄ ) Phenylacetic Acid (ဖီနိုင်းလ်အက်စစ်တစ် အက်စစ်):C8H8O2(103-82-2)
( ၁၅ ) 1-phenyl - 2 Propanone (၁-ဖီနိုင်းလ်-၂-ပရိုပန်နုန်း) :C9H10O (103-79-7)
( ၁၆ ) Alpha-phenylacetoa-cetamide (APAA) (including its optical isomer)(အလ်ဖာ-ဖီနိုင်းလ်အက်စီတိုအက်စီတမိုဒ်(အေပီ အေအေ):C10H11NO2(4433-77-6)
( ၁၇ ) Alpha-Phenylacetoace-tonitrile (APAAN) အလ်ဖာ-ဖီနိုင်းလ်အက်စီတိုအက်စီတိုနိုဒ်ထရေး (အေပီအေအေအန်): C10H9NO (4468- 48-8)
( ၁၈ ) Piperonal (ပိုက်ပါရိုနယ်လ်):C8H6O3 (120-57-0)
( ၁၉ ) Potassium Permanganate(ပိုတက်စီယမ်ပါမင်းဂနိတ်):KMnO4(7722-64-7)
( ၂၀ ) Pseudophedrineဆူဒိုအက်ဖီဒရင်း) : C10H15NO(345-78-8)
( ၂၁ ) Safrole (ဆာဖရိုးလ်): C10H10O2 (94-59-7)
(၂၂ ) tert-Butyl 4-(phenylamino) piperidine-1- carboxylate (1-boc-4-AP) တာတ်- ဗြူတိုင်း ၄-(ဖီနိုင်အမိုင်နို)ပိုင်ပါရီဒင်း-၁-ကာဘောက်စီလိတ် (၁-ဘီအိုစီ-၄-အေပီ): C16H24N2O2 (125541-22-2)
( ၂၃ ) Methyl alpha-phenylacet- oacetate (MAPA) မီသိုင်းလ် အယ်ဖာ- ဖီနိုင်းအက်စီတို အက်စီတိတ် (အမ်အေပီအေ):C9H10O2 (101-41-7)
( ၂၄ ) Norfentanyl နော်ဖင်တာနိုင်း :C14H20N2O (1609-66-1)
( ၂၅ ) N-Phenyl-4-piperidinamine (4-AP) အင်-ဖီနိုင်းလ်-၄-ပိုင်ပီရီဒီနာမိုက် (၄-အေပီ) :C11H16N2(23056-29-3)
ဆက်လက်ဖော်ပြပါမည်။
MWD Web Portal
ဇွန်လ ၂၂ ရက်မှာ အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက သတင်းတစ်ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီသတင်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားပြီး တိကျစွာပစ်ခတ်တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို ဝင်ရောက်လိုက်ပြီဆိုတဲ့သတင်းပါပဲ။ အတိအကျဆိုရရင် အမေရိကန်က အီရန်အပေါ်ကို ပူးပေါင်းတိုက်ခိုက်မှုလုပ်လိုက်တာပဲဖြစ်ပါတယ်။
အဲဒီပူးပေါင်းတိုက်ခိုက်မှုမှာ B-2 Spirit အမျိုးအစားကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက်စင်း၊ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်းတို့ပါဝင်ပါတယ်။ သူတို့အသုံးပြုခဲ့တဲ့ခဲယမ်းတွေကတော့ GBU-57A/B Massive Ordnance Penetrator အမျိုးအစားဗုံးများနဲ့ Tomahawk အမျိုး
အစားအနိမ့်ပျံဒုံးကျည်များဖြစ်ပါတယ်။ GBU-57A/B ဆိုတာ တစ်နည်းပြောရရင် ဘန်ကာဖျက်ဗုံးများဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ GBU-57A/B ဘန်ကာဖျက်ဗုံးများကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများပိုမိုမြင့်တက်လာအောင် ဖန်တီးလာတယ်လို့ ဆိုရမှာပါ။
ဒီစစ်ပွဲထဲ အမေရိကန်ပါဝင်လာမှုအတွက် အဓိကအကျဆုံးသော တိုက်ခိုက်ရေးအင်အားစုက B-2 Spirit အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက် စင်းဖြစ်ပါတယ်။ အဲဒီဗုံးကြဲလေယာဉ်များဟာ လုံခြုံရေးအလွန်တင်းကျပ်လှတဲ့ လေတပ်စခန်းတစ်ခုစီကနေထွက်ခွာလာတာပါ။ ပြီးတဲ့အခါ အီရန်လေပိုင် နက်ထဲဝင်လာပြီး GBU-57A/B ဘန်ကာဖျက်ဗုံး ၁၂ လုံးကို ဖော်ဒိုးယူရေနီယံသန့်စင်ရေးစက်ရုံဆီကြဲချ လိုက်တာဖြစ်ပါတယ်။ အဲဒီစက်ရုံကို မြေအောက် အနက် မီတာ ၈၀ မှ ၁၀၀ အတွင်းမှာတည်ဆောက်ထားတာဖြစ်ပြီး အပေါ်မှာတော့ကျောက်နဲ့သံကူကွန်ကရစ်တို့ပေါင်းစပ်ထားတဲ့ထုထည်ကြီးရှိတယ်လို့ ဆိုပါတယ်။ အဲဒီထက်လည်းပိုနိုင်ပါတယ်။
GBU-57A/B ဆိုတဲ့ ဗုံးအမျိုးအစားကလည်း နျူကလီးယားမဟုတ်တဲ့ဖျက်အားအပြင်းဆုံးဗုံးတစ်လုံးဖြစ်ပါတယ်။ အမေရိကန်တို့တီထွင်ထားတဲ့ ခဲယမ်းတွေထဲမှာပေါ့။ သူ့ရဲ့အလေးချိန်က ပေါင်ချိန် ၃၀၀၀၀ အထိရှိပြီး ထူထဲမာကျောတဲ့သံမဏိကိုယ်ထည်ကိုအသုံးပြုထားတာပါ။ ဒါ့အပြင် မာကျောတဲ့ အဆောက် အအုံတွေထဲကို နက်ရှိုင်းစွာတိုးဝင်သွားပြီး အတွင်းမှာပေါက်ကွဲမှုဖြစ်စေနိုင်ဖို့အတွက် အဆင့်မြင့် စနက်တံကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ သူ့ကို GPS စနစ်၊ ရွေ့လျားမှုဆိုင်ရာလမ်းညွှန်စနစ်တို့ ပေါင်းစပ်အသုံးပြုထားတဲ့ ပဲ့ထိန်းစနစ်အသုံးပြုပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့တိကျမှု အဝန်းက ၅ မီတာပတ်လည်ရှိပြီး အခိုင်အမာကိုတည်ဆောက်ထားပါတယ်ဆိုတဲ့ မြေအောက်အဆောက်အအုံတွေက သူ့ရဲ့တိုက်ခိုက်မှုအောက်မှာ ပျက်စီးသွားကြရ တာဖြစ်ပါတယ်။
B-2 Spirit ဆိုတဲ့လေယာဉ်ကလည်း GBU-57 ဗုံးသီးတွေကိုသယ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ သူက တာဝေး ပြေးကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး တင်းကျပ်စွာကာကွယ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲကို တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး ရည်မှန်းချက်တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ဒီဇိုင်းဆွဲထားတာပါ။ တောင်ပံအလျားက ၁၇၂ ပေနဲ့ ထွက်ခွာစဉ်တင်ဆောင်နိုင်တဲ့ အများဆုံးအလေးချိန်က ပေါင်ချိန် ၃၇၆၀၀၀ နီးပါးရှိပါတယ်။ General Electric ကုမ္ပဏီကထုတ်လုပ်ထားတဲ့ F118-GE-100 အင်ဂျင်လေးလုံးတပ် B-2 Spirit ဗုံးကြဲလေယာဉ်က ရေဒါကိုစုပ်ယူနိုင်စွမ်းရှိတဲ့ ကိုယ်ထည်နဲ့အတူ ပျံသန်းစဉ်တောင်ပံတွေက ရေဒါပုံရိပ်ဖော်မှုကိုအနိမ့်ဆုံး အထိလျှော့ချပေးနိုင်ပါတယ်။ B-2 Spirit ရဲ့တိုက်ပွဲဝင် နိုင်တဲ့အကွာအဝေးက မိုင်ပေါင်း ၃၅၀၀ အထိရှိတာပါ။ ဒါတောင်မှ လေယာဉ်ဆီထပ်မဖြည့်ဘဲ သွားနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်။ ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတွေရဲ့အကူအညီသာယူလိုက်ရင် သူ့ရဲ့စစ်ဆင်နိုင်တဲ့အကွာအဝေးက ကမ္ဘာကိုတောင်ပတ်လို့ ရလောက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ရေတပ်မှနျူကလီးယားစွမ်းအင်အသုံးပြုပဲ့ထိန်းဒုံးကျည်တင်ရေငုပ်သင်္ဘောဖြစ်တဲ့ Ohio အတန်းအစား USS Georgia ရေငုပ်သင်္ဘောက BGM-109 Tomahawk မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်အစင်းပေါင်း ၃၀ ကို တည်နေရာအတိအကျမဖော်ပြထားတဲ့နေရာကနေ အီရန်နိုင်ငံအတွင်းရှိ နာတန့်နဲ့ အက်စဖာဟန် နျူကလီးယားအဆောက်အအုံနေရာများနဲ့ အခြားပစ်မှတ်နေရာများဆီပစ်လွှတ်လိုက်ပါတယ်။ ရေငုပ်သင်္ဘောရဲ့တည်နေရာကို မဖော်ပြထားပေမယ့်လည်းအဖြစ်နိုင်ဆုံးနေရာများက အာရေဘီယံပင်လယ်နဲ့ အိုမန်ပင်လယ်ကွေ့တို့မှဖြစ်နိုင်ပါတယ်။ USS Georgia ဆို တာ သမားရိုးကျတိုက်ခိုက်မှုများကိုလုပ်ဆောင်နိုင်စေဖို့အတွက်သာမက အထူးစစ်ဆင်ရေးများမှာပါ အထောက်အကူပြုနိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေမှာ နျူကလီးယားဒုံးကျည်များကိုပစ်လွှတ်ဖို့ ဒုံးပစ်ပေါက်များပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုဖယ်ရှားပြီး ဒေါင်လိုက်ဒုံးပစ်ပေါက်များ တပ်ဆင်လိုက်မယ်ဆိုရင် Tomahawk ဒုံးကျည်စုစုပေါင်း ၁၅၄ စင်းအထိ တင်ဆောင်ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။ Ohio အတန်းအစား ပဲ့ထိန်းဒုံးကျည် တင် ရေငုပ်သင်္ဘောက အလျားပေ ၅၆၀ နဲ့ တန်ချိန် ၁၈၀၀၀ ရှိပြီး နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကို အသုံးပြုထားတာကြောင့် ရေအောက်ထဲမှာအချိန် ကန့်သတ်ချက်မရှိ ငုပ်လျှိုးကာသွားလာနေနိုင်စွမ်းရှိပါတယ်။ အထူးတပ်ဖွဲ့ဝင်များအပါအဝင် စစ်သည် စုစုပေါင်း ၁၆၀ အထိတင်ဆောင်နိုင်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်တဲ့ အဲဒီရေငုပ်သင်္ဘောများဟာ အသံထွက်ရှိမှု နိမ့်ပါးလှတာကြောင့် အမေရိကန်ရေတပ်မှာရှိတဲ့ ကိုယ်ပျောက်စစ်ရေယာဉ်များအနက် အထင်ရှားဆုံး စစ်ရေယာဉ်များဖြစ်ပါတယ်။
အဲဒီရေငုပ်သင်္ဘောများကနေပစ်လွှတ်လိုက်တဲ့ Tomahawk ဒုံးကျည်များက တစ်စင်းကိုအလေးချိန် ပေါင် ၃၅၀၀၊ အလျား ၁၈ ဒသမ ၂၅ ပေရှိကာ အကွာ အဝေးအားဖြင့် မိုင်ပေါင်း ၉၃၀ မှာရှိတဲ့ပစ်မှတ်ကိုပင် ထိမှန်နိုင်စွမ်းရှိပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ထိပ်ဖူးက ပေါင်ချိန် ၁၀၀၀ ရှိပြီး ထိပ်ဖူးကတစ်လုံးတည်းဖြစ်ပါတယ်။ သူ့စွမ်းဆောင်ရည်က အနိမ့်ပျံဒုံးကျည်လို့ဆိုထားတဲ့အတိုင်း မြေမျက်နှာပြင်အနိမ့်ပိုင်းကနေ ပျံသန်းတာဖြစ်တာကြောင့် တန်ဖိုးအားဖြင့်ကြီးမား လှတဲ့မြေပြင်ပစ်မှတ်များကို ထိရောက်မှုရှိစွာတိုက်ခိုက်နိုင်စေတာဖြစ်ပါတယ်။
အခုစစ်ဆင်ရေးမှာ လေကြောင်းအကူအညီအနေ နဲ့ EA-18G Growler အီလက်ထရွန်နစ်စစ်ဆင်ရေး လေယာဉ်လိုမျိုး အထောက်အကူပေးလေယာဉ်တွေ လည်းပါဝင်ပါတယ်။ EA-18G Growler ရဲ့စွမ်းရည် က ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားအောင်လုပ်နိုင်စွမ်းရှိတာဖြစ် ပါတယ်။ ဒီလိုနည်းနဲ့ အီရန်ရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်များကို နှောင့်ယှက်ဟန့်တားလိုက်နိုင်တာဖြစ်ပါတယ်။ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်း ရေးစနစ်များအတွက်ကိုတော့ RQ-4 Global Hawk ဒရုန်းများနဲ့ RC-135 Rivet Joint လေယာဉ်များကိုအသုံးပြုရပါတယ်။ အဲဒီစနစ်တွေက ပစ်မှတ်ကို ချိန်ရွယ်မှုအတွက်အချက်အလက်တွေသာမက တိုက်ခိုက်ပြီးနောက် တိုက်ပွဲထိခိုက်မှုဆန်းစစ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီထောက်ပံ့ပေးနိုင်ပါတယ်။
ဒါကြောင့် အမေရိကန်တပ်မတော်က အခုစစ်ဆင်ရေးမှာ ပူးပေါင်းတိုက်ခိုက်မှုလုပ်သွားတာဖြစ်တယ်လို့ပြောခဲ့တဲ့အတိုင်း အရင်ဆုံးအီရန်ရဲ့လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို သက်မဲ့ဖြစ်သွားစေအောင်လုပ်ပါတယ်။ ပြီးတဲ့အခါ ကင်းထောက်၊ အကဲကြည့်၊ ထောက်လှမ်းမှုတွေလုပ်ပါတယ်။ အချက်အလက်တွေရရှိပြီးချိန်မှာ B-2 Spirit ဗုံးကြဲလေယာဉ်များက ဖျက်အားပြင်း GBU-57 ဗုံးများကိုကြဲချသလို တစ်ချိန်တည်းမှာပဲ ရေငုပ်သင်္ဘောကနေ Tomahawk ဒုံးကျည်အစင်း ၃၀ နဲ့မတူညီတဲ့ပစ်မှတ်များကို တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့အခုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ထိရောက်မှုပမာဏဘယ်လောက်အထိရှိတယ်ဆိုတာကိုတော့ အတိအကျမသိရ သေးပါဘူး။
အီရန်က သူ့ရဲ့အရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေ၊ ယူရေနီယံသန့်စင်စက်ရုံတွေကို နက်ရှိုင်းလှတဲ့ မြေအောက်အနက်ထဲမှာ ထားရှိထားတာဖြစ်တာ ကြောင့် အခုတိုက်ခိုက်မှုမှာ အီရန်ကဘယ်လောက် အတိုင်းအတာအထိ ဆုံးရှုံးမှုဖြစ်သွားတယ်ဆိုတာကို အတိအကျမသိရတာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တာဝန်ရှိသူတချို့က သူတို့အနေနဲ့ အမေရိကန်က ဝင်ရောက်တိုက်ခိုက်မှာကို ကြိုသိနေတဲ့အတွက် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို ဘေးကင်းရာဆီရွှေ့ပြောင်းထားတာကြောင့် ဘယ်လိုဆုံးရှုံးမှု ကြီးကြီးမားမားမှမရှိဘူးလို့ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးဘက်ကို အီရန်ကဒုံးကျည်များစွာနဲ့ပစ်ခတ် လိုက်တာတွေ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ အစ္စရေးနဲ့အီရန်တို့ဖြစ်တဲ့ ပြဿနာမှာ အမေရိကန်ဟာ မူလကအစ္စရေးဘက်ကနေပြီး နောက်ကွယ်ကနေပါဝင်ခဲ့ပေမယ့် အခုတော့သူကိုယ်တိုင်ပဲ သမိုင်းမှာတစ်ခါမှမသုံးဖူးတဲ့ဗုံးကို ပထမဆုံးအကြိမ်ထုတ်သုံးပြီး အီရန်ကိုတိုက်ခိုက်ခြင်းအားဖြင့် အစ္စရေး-အီရန်စစ်ပွဲထဲကို တိုက်ရိုက်ဝင် ပါလာတာဖြစ်ပါတယ်။ ဒီလိုဝင်ပါမှုကြောင့်နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေရတဲ့ အရှေ့အလယ်ပိုင်း ဒေသတင်းမာမှုများက အခုထက်ပိုပြီးမြင့်တက်လာမှာအသေအချာပါပဲ။ ။
Ref: AR
MWD Web Portal
မှတ်စုတို
ထန်းပင်သည် အပူပိုင်းဒေသတွင်သာ အများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် တွေ့နိုင်သည်။ ထန်းပင်ဟု ပြောလိုက်ပါက လူတိုင်းသိကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ထန်းပင်ကို တွေ့ရပြီး မိုးရေချိန် ၂၀ လက်မနှင့် ၄၀လက်မကြားဒေသများတွင် ပေါက်ရောက်သည်။ ထန်းပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပေါက်ရောက်ရှင်သန်နိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ကာ ကျေးလက်ဒေသအနှံ့အပြားတွင် ထန်းပင်၊ ထန်းတောများစွာတွေ့ရှိ၍ ထန်းဖို၊ ထန်းမဟူ၍နှစ်မျိုးရှိသည်။ အညာဒေသသည် လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကတည်းက ထန်းအရင်းအမြစ်ကို ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ အညာရိုးရာယဉ်ကျေးမှု ထွက်ကုန်များသည် မြန်မာနိုင်ငံသာမက ကမ္ဘာအထိ ဂုဏ်သတင်း ကျော်ဇောခဲ့သည်။ အညာဒေသ၌ ခေတ်အဆက်ဆက် ထန်းပင်၊ ထန်းတောများ ပေါများသည်။ အရှေ့တောင်အာရှတစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် ဒေသ၏ အမှတ်သင်္ကေတသည် အုန်းပင်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ အမှတ်သင်္ကေတသည် ထန်းပင်ဖြစ်သည်ဟု ဆိုကြသည်။
ထန်းပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သောစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏ မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ပေါက်ရောက်ဖြစ်ထွန်းပြီး ထန်းပင်၊ ထန်းတောများစွာရှိခြင်းကြောင့် ဈေးကွက်တွင် မျက်နှာပန်းလှသော ထန်းလျက်လုပ်ငန်းကို များစွာလုပ်ကိုင်နိုင်သည်။ ထန်းပင်အသုံးပြုမှုပေါ်မူတည်ပြီး ထန်းလက်၊ ထန်းရွက်၊ ထန်းသီး၊ ထန်းမြစ် စသည်ဖြင့် တစ်ပင်လုံး အသုံးဝင်သည်။ အညာကျေးလက်ဒေသများမှာ ထန်းလက်ဖြင့် အိမ်ကာခြင်းအပြင် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးပြုလုပ်၍ အသုံးပြုကြခြင်းသည် အညာဒေသ၏ ရိုးရာဓလေ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသည်။ ထန်းပင်မှတစ်ဆင့် လူတိုင်းသောက်သုံးနိုင်သော ထန်းရည်ရရှိပြီး ထိုထန်းရည်မှတစ်ဆင့် ထန်းလျက်အမျိုးမျိုးချက်လုပ်ရောင်းချနိုင်သည်။ အညာဒေသယာခင်းများ၏ ခြံစည်းရိုးများတွင် ထန်းပင်များ စိုက်ပျိုးထားခြင်းများဖြင့် ထန်းပင်၊ ထန်းတောပေါများပြီးဒေသခံကျေးလက်နေ ထန်းတောင်သူများ ထန်းလျက်ချက်လုပ်ငန်းကို ဒေသစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြသည်။
ထန်းလျက်လုပ်ငန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်း ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း မြို့နယ်တို့တွင် အများဆုံး ပေါက်ရောက်သည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အနည်းငယ်တွေ့ရသည်။
အညာဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည် မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများက ပူပြင်းခြောက်သွေ့လှသည့် မိုးခေါင်ရေရှားလှသော အညာဒေသ၏ ပြယုဂ်သဖွယ် ထင်ရှားစွာ တည်ရှိနေပါတော့သည်။ ။
MWD Web Portal
ယမန်နေ့မှအဆက်
အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံသည် ဓာတုပစ္စည်းအများဆုံးထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးများအကြားတည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများတားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ အိမ်နီးချင်းနိုင်ငံများ၊ BIMSTEC နိုင်ငံများ၊ ASEAN ဒေသတွင်းနိုင်ငံများနှင့် ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC၊ ဩစတြေးလျနိုင်ငံ AFP၊ အမေရိကန်နိုင်ငံ DEA၊ တရုတ်နိုင်ငံ NNCC၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး သတင်းများဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ခြောက်နိုင်ငံပါဝင်သော Operation 1511 ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/22 ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် Operation 39/24 အထူးစစ်ဆင်ရေးကိုလည်းကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသရှိ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပသို့ပျံ့နှံ့မှုမရှိစေရေးရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကျော် ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်အနေနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ခရီးအသွားအလာများသည့် လမ်းကြောင်း များတွင် ခေတ်မီရှာဖွေရေးကိရိယာများ(X-ray စက်တပ်ယာဉ်များ)တပ်ဆင်အသုံးပြု၍ တိကျစွာ စစ်ဆေးဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းများပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံ နည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်း အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိလာရသည်။
နှစ်မျိုးသုံးဓာတုပစ္စည်းများ (Dual-use Chemicals)
ယနေ့ကမ္ဘာပေါ်တွင် ဓာတုပစ္စည်းအများစုသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ်ထည့်သွင်း အသုံးပြုနေကြသည်။ အဆိုပါဓာတုပစ္စည်းများသည် နှစ်မျိုးသုံးဓာတုပစ္စည်း(Dual-use Chemicals) အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများသို့ တရားမဝင်ရောက်ရှိသွားပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို အသွင်ပြောင်းဓာတုပစ္စည်းများ (Designer Precursors)အသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချမှု(ရောင်းဝယ်မှု)များသည် ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေမှာလည်း များပြားလာခဲ့သည်ကို ကြားသိ/တွေ့မြင်နေရသည်။ လူလုပ်မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကရင်းမြစ်သည် ပရီကာဆာဓာတုပစ္စည်းများ(Precursor Chemicals)ဖြစ်သည်။ ထိုပရီကာဆာများသည် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာ နေရာများသို့ ဝင်ရောက်လျက်ရှိသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မဖြစ်မနေလိုအပ်သည့် ပရီကာဆာထိန်းချုပ်ရေးကို အထူးအရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည်။
ထိန်းချုပ်ဓာတုပစ္စည်းများ သို့မဟုတ် ပရီကာဆာဓာတုပစ္စည်းများ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ကန့်သတ်တားဆီးထားသော ဓာတုပစ္စည်းများကို ထိန်းချုပ်ဓာတုပစ္စည်းများ (Controlled Chemicals) သို့မဟုတ် ပရီကာဆာဓာတုပစ္စည်းများ (Precursor Chemicals)ဟု ခေါ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ် (UNDCP)နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများကို ပရီကာဆာများ(Precursors)ဟု စတင်သုံးစွဲလာခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတုပစ္စည်းပရီကာဆာများတွင် အစပြုသည့် အခြေခံပစ္စည်း (Starting Material)၊ ပျော်ဝင်ပစ္စည်း (Solvent)နှင့် ဓာတ်ပြုပစ္စည်း(Reagent)ဟူ၍ သုံးမျိုးပါဝင်သည်။
မူးယစ်ဆေးဝါးရရှိအောင်ပြုလုပ်နိုင်မှု
မူးယစ်ဆေးဝါးကို အမျိုးအစားသုံးခုဖြင့်ပြုလုပ်နိုင်ပြီး ပထမတစ်မျိုးမှာ သဘာဝအတိုင်းရရှိသော ဘိန်းပင်မှဘိန်း၊ ဆေးခြောက်ပင်မှဆေးခြောက်နှင့် ကိုကင်းပင်မှကိုကင်းရွက်တို့အား မူးယစ်ဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ဒုတိယတစ်မျိုးမှာ တစ်ပိုင်းတစ်စ ပြုပြင်ဖန်တီးထားသောဆေးဝါးများ ဥပမာအားဖြင့် ဘိန်းကိုဓာတ်ပြုပျော်ဝင်စေသည့် ဓာတုဗေဒပစ္စည်းများဖြစ်သည့် အက်စီတစ်အင်ဟိုက်ဒရိုက်(Acetic Anhydride)နှင့် အီသာ(Ether)တို့ဖြင့် ထုတ်လုပ်ရရှိသော ဟီးရိုးအင်း(Heroine)ဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာ ပြုပြင်ဖန်တီးထားသောဆေးဝါးများ(Synthetic Drugs)ဖြစ်သည်။
ဥပမာအားဖြင့် မက်သာဖက်တမင်း (Me-thaphetamin)နှင့် အက်တက်စီ(Ecstacy) MDMA တို့ကို အစပြုကုန်ကြမ်းပစ္စည်းဖြစ်သည့် အက်ဖီဒရင်း (Ephedrine) သို့မဟုတ် ပီတူးပီ(P2P)ကိုဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ဓာတုပစ္စည်းများဖြစ်သည့် သိုင်အိုနိုင်းလ် ကလိုရိုက်(Thionyl Chloride)၊ အီသာ(Ether)၊ ဖောစဖရပ်ပင်တာကလိုရိုက်(Phosphorous Pentachloride)၊ ဟိုက်ဒရိုကလိုရစ်အက်စစ်(Hydrochloric Acid)တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဖြစ်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင်တစ်မျိုးမျိုးမှ ထွက်ရှိသော သို့မဟုတ် ထုတ်လုပ်သောအရာဝတ္ထုများ၊ ဆေးဝါးများကိုလည်း မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည်။ မူးယစ်ဆေးဝါးသည် စိတ်ပူပင်သောကကိုလျှော့ချနိုင်ပြီး လေးနက်သောစူးစမ်းမှုနှင့် ကိုယ်ရေးကိုယ်တာရောင်ပြန်ဟပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြသည်။
ပရီကာဆာများ (Precursors)
ပရီကာဆာ(Precursor)ကိုလည်း နှစ်မျိုးခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်
အစပြုကုန်ကြမ်းပစ္စည်း(Starting Mate-rials)အဖြစ်သုံးသည့် အက်ဖီဒရင်း(Ephedrine)၊ ပီတူးပီ(P2P)နှင့် ဆာဖရိုးလ်(Safrole)တို့ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဓာတ်ပြုပစ္စည်းနှင့်ပျော်ဝင်ပစ္စည်းအဖြစ်သုံးသည့် အက်စီဆစ်အင်ဟိုက်ဒရိုက်(Acetic Anhydride)၊ အီသာ(Ether)နှင့် သိုင်အိုနိုင်းလ်ကလိုရိုက် (Thionyl Chloride)တို့ဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အနည်းငယ်သာပါဝင်တတ်သည်။ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဟီးရိုးအင်း(Heroine) ထုတ်လုပ်ရာတွင်အသုံးပြုသောပရီကာဆာများမှာ Acetic Acid၊ Acetic Anhydride၊ Acetone၊ Acetyl Chloride၊ Chloroform၊ Ethyl Ether၊ Ethylidene Diacetate၊ Hydrochloric Acid၊ Methyl Ethyl Ketone၊ Phosphrous Pentachloride၊ Phosphrous Trichloride၊ Sulphuric Acid နှင့် Thionyl Chloride တို့ဖြစ်သည်။
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ (Psychotropic Substances)
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ (Psychotropic Substances)ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စိတ်ကိုပြောင်းလဲစေသည်ဟုကြေညာထားသည့် ဆေးဝါးများဖြစ်သည်။ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု ကြေညာထားသည့်အပင်တစ်မျိုးမျိုးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအဖြစ်သို့ ရောက်ရှိရန် ထုတ်လုပ်ခြင်း၊ ယင်းသို့ထုတ်လုပ်သော အရာဝတ္ထုကို ဓာတုပစ္စည်း သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးနှင့် ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ်ခြင်းတို့ကို စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်းဟုဆိုသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ပုံများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ ။
နိုင်ငံတော်အကြီးအကဲ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြင်လွင်ဦးမြို့ ခရီးစဉ်မှာ သွားရောက်ခဲ့တဲ့ နေရာလေးတစ်ခု။ အဲဒီနေရာက ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းပါ။ ဒီသတင်းကို နားထောင်လို့အပြီးမှာ ကျွန်မရဲ့ စိတ်အစဉ်ဟာ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကာလက အဲဒီကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ ပုံရိပ်တွေဆီလွင့်ပါရောက်ရှိသွားခဲ့ပါတယ်။ ဖခင်တာဝန်ကျရာ နေရာဒေသအသီးသီးကို လိုက်ပါပြောင်းရွှေ့ခဲ့ရတဲ့ မြို့တွေအနက် ကျွန်မမှတ်မှတ်ထင်ထင်ရှိခဲ့တဲ့၊ ဇာတိချက်ကြွေမွေးရပ်မြေလို့ မှတ်ထင်ထားတဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကိုတော့ ကျွန်မတစ်သက်ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး ။
မိမိဒေသကို ချစ်မြတ်နိုးပြီး အဲဒီဒေသမှာ မွေးဖွားခဲ့တဲ့၊ အသက်အရွယ်ကြီးမြင့်စွာ ရှိနေကြတဲ့ ဒေသခံများနဲ့ Elder အဖွဲ့ ဖွဲ့စည်းပြီး ဒေသရဲ့ အစဉ်အလာနဲ့ ဂုဏ်သတင်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေကို အကြံပြုပေးပါလို့ ပြင်ဦးလွင်ခရီးစဉ်မှာ မှာကြားခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာကို တွေ့မြင်ခဲ့ရပါတယ်။
ဖခင်တာဝန်ကျရာနေရာတွေကို လိုက်ပါနေထိုင်ရတဲ့ ကျွန်မတို့လို တပ်မတော်သား သားသမီးတွေ ဘဝက ဇာတိမြေဆိုတာ သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အချိန်အတော်ကြာနေထိုင်ခဲ့ရတဲ့ ဒေသကိုတော့ ကိုယ့်မွေးရပ်ဇာတိလို တွယ်တာခုံမင်ခဲ့ကြပါတယ်။ ဖခင်တာဝန်ကျရာ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်မှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့ရတော့ ပြင်ဦးလွင်ဟာ ကျွန်မတို့ နှစ်သက်တွယ်တာ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ဇာတိမြေဆိုလည်း မှားမယ်မထင်ပါဘူး ။
မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဟာ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ပညာရေးမြို့တော်၊ ကျန်းမာရေးမြို့တော် စသည်ဖြင့် အမည်နာမမျိုးစုံနဲ့ လှပတင့်တယ်စွာရှိနေတဲ့ အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးတစ်ခုပါ။ ဒီမြို့လေးရဲ့ အ.ထ.က(၃)မှာ ကျွန်မတို့ ညီအစ်မတစ်တွေ ပညာရည်နို့သောက်စို့ခဲ့ကြတာ ဖြစ်ပါတယ်။ ယခင်ကတော့ မိန်းကလေးကျောင်းဖြစ်ပြီး ကျောင်းအိပ်၊ ကျောင်းစား မိန်းကလေးဘော်ဒါဆောင်ရှိလို့ ပြင်ဦးလွင်နဲ့ နီးစပ်ရာဒေသတွေက တိုင်းရင်းသားသွေးချင်း ညီအစ်မတွေဟာ ဒီကျောင်းတော်ကြီးမှာ အတူတကွ ပညာသင်ကြားခဲ့တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းခဲ့ကြပါတယ်။
မိမိမှတ်မိသလောက် ၁၉၇၈ ခုနှစ် လောက်မှာတော့ မိန်းကလေး၊ ယောက်ျားလေး ရောလိုက်ပြီး ဘော်ဒါလည်း လက်မခံတော့ပါဘူး။ ဒီကျောင်းတော်ကြီးမှာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့၊ အိမ်တွင်းမှုအချိန်၊ ကာယအချိန်၊ ပြင်ပဗဟုသုတတွေရစေဖို့ အဖွဲ့လိုက် ပတ်ဝန်းကျင်ရှိ လေ့လာ စရာနေရာတွေကို ပို့ဆောင်ပေးပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေဖို့ ဆောင်ရွက်ပေးခဲ့တာတွေကို ပြန်လည်အမှတ်ရနေမိပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သုတ၊ ရသ၊ ဗဟုသုတများစွာကို မျှဝေပေးနေတဲ့ ကျွန်မတို့ရဲ့ ကျောင်းတော်ကြီးရဲ့ အလံတိုင်ရှေ့မှာ နေ့စဉ်နိုင်ငံတော်အလံအလေးပြုမှုနဲ့အတူ ကျောင်းသီချင်းကို သံပြိုင်သီဆိုခဲ့ကြတာကို အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ ဒီကျောင်းသီချင်းရဲ့ ဖန်တီးရှင်ကတော့ ဆရာကြီး ဦးအောင်သင်းဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ မြန်မာစာကထိက တာဝန်ထမ်းဆောင်စဉ် အ.ထ.က(၃) အတွက် ရေးသားစပ်ဆိုပေးခဲ့တဲ့ ကျောင်းသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ သိပ္ပံဆရာ မာဂရက်ဘသောင်းက သူ့ရဲ့အကော်ဒီယံနဲ့ သံစဉ်ရှာဖွေလို့ စာသားနဲ့ လိုက်ဖက်အောင် ပုံဖော်ပေးခဲ့တဲ့ တေးသွားနဲ့အတူ ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေအားလုံး သံပြိုင်သီဆိုခဲ့ကြတာတွေကို အတူတကွပညာဆည်းပူးခဲ့ကြတဲ့ သူငယ်ချင်းရောင်းရင်းမိတ်ဆွေတွေ၊ စီနီယာအစ်ကိုတွေ၊ အစ်မတွေ၊ မောင်ငယ်ညီမငယ်တွေ ပြန်လည်အမှတ်ရစေဖို့ ဖော်ပြလိုက်ပါတယ်။
အ.ထ.က(၃)၊ ပြင်ဦးလွင် ကျောင်းသီချင်း
စိမ်းနီပြာ အဝါလွှမ်းတဲ့ ပန်းဥယျာဉ်သို့အညီ x x x x x x အမုံရင့်လွှာ ညှာတံချီ x x x x x x အဟုန်းပြင်းစွာပွင့်ရာ မြေမှန်သည် x x x x x x အော် ဆရာများရဲ့ စွမ်းအားညီ x x x x x x ဂါရဝတရားနဲ့ အားထားသည် x x x x x x အမှတ်(၃) ကျောင်း ဂုဏ်ရည် x x x x x x မိဘတွေပါပေါင်း x x x x x x အောင်ကြောင်းစိတ်ညီ x x x x x x ဒို့တစ်တွေ ဦးဆောင်မည် x x x x x x စည်းကမ်းရှိရှိ တာဝန် သိသည် x x x x x x ကျောင်းဂုဏ်ကို ထိန်းသိမ်း မြှင့်ရမည် x x x x x x
ပညာဟူသည်မြတ်ရွှေအိုး x x x x x x ဆိုရိုးရှိ ခဲ့သည် x x x x x x ဝိဇ္ဇာသိပ္ပံစွယ်စုံညီ x x x x x x သဲသဲမဲမဲဆည်းပူးမည် စိတ်လည်းကြံ့ခိုင်ကိုယ်လည်းကြံ့ခိုင် x x x x x x ပိုင်ပိုင်နိုင်နိုင်တက်လှမ်းမည် x x x x x x ဟေ့တက်လှမ်းမည် အားကစားမှာလည်း ယှဉ်မယ်ပြိုင်မယ်ဇွဲဖွံ့ဖြိုးရေးကို တူတူနွှဲတက်ညီလက်ညီ x x x x x x ဟင် .... အားကစားမှာလည်း x x x x x x ယှဉ်မယ်ပြိုင်မယ်ဇွဲ x x x x x x ဖွံ့ဖြိုးရေး ကို တူတူနွှဲတက်ညီလက်ညီ x x x x x x တစ်သွေးထဲ တစ်သားထဲ မိသားစုစိတ်ဓာတ်မပြတ်သုံး အမြတ်ဆုံး အမှတ် (၃) ယုံယုံကြည်ကြည် x x x x x x x x
ကျောင်းကို ရောက်ရှိစဉ် နိုင်ငံတော်အကြီးအကဲရဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေအပေါ် ထားရှိတဲ့စေတနာကို ဆရာ ဆရာမတွေနဲ့ တွေ့ဆုံမှာကြားခဲ့တဲ့အချက်တွေက သက်သေပြလျက်ရှိပါတယ်။ အဲဒါတွေကတော့ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းဟူသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမည်။ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေးသင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်ဘဝလမ်းတစ်လျှောက်၌ သာယာကောင်းမွန်သည့် လူမှုဘဝကို ရရှိစေမည်... ” ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
ဒီအချက်တွေကို ဆရာ ဆရာမတွေက လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာဆောင်ရွက်ကြရင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ကြမယ့် နိုင်ငံသားကောင်း၊ သမီးကောင်းတွေ၊ နိုင်ငံတော်က အားထားရမယ့် သားကောင်းသမီးမွန်တွေကို မွေးထုတ်ပေးနိုင်ပါစေကြောင်း ဆန္ဒမွန်ပြုမိပါတယ်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပညာရည်နို့ သောက်စို့ခဲ့ရတဲ့ အ.ထ.က(၃) ပြင်ဦးလွင်မှ ဆရာ ဆရာမများနဲ့ ဘဝတစ်သက်တာတစ်လျှောက်လုံး မိမိရဲ့သင်ဆရာ ကြားဆရာများအားလုံးကိုလည်းကောင်း၊ တစ်ယောက်တစ်နေရာဆီမှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေဆဲ၊ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမိကျောင်းတော်ကြီးမှာ ပညာသင်ကြားဖူးခဲ့တဲ့ ကျောင်းသား ကျောင်းသူဟောင်းများ၊ ပညာသင်ကြားနေဆဲ ကျောင်းသား ကျောင်းသူများအားလုံးကိုလည်းကောင်း မှတ်မှတ်ထင်ထင်သတိရလျက်ရှိပါကြောင်းနဲ့ မိမိတို့ရဲ့ ကျောင်းသီချင်း ကမ္ဘာတည်သရွေ့တည်တံ့ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။ ။
MOI
ဒီနေ့ကမ္ဘာကြီးက ဘာနဲ့တူနေသလဲဆိုတော့ ပြန်ပေးအဆွဲခံထားရတာနဲ့တူနေတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် တူရာစုကြတာပဲ။ သာတဲ့ဘက်က၊ နိုင်တဲ့ဘက်က လုပ်ချင်တာလုပ်တာပဲ။ အဆိုးမြင်တာမဟုတ်ဘူး။ ကမ္ဘာကြီးကပျက်စီးသွားပြီ။ အင်အားရှိသူသာ နိုင်စတမ်းပဲ။ ရုပ်ပိုင်းဆိုင်ရာတွေသာ တိုးတက်ဖွံ့ဖြိုး လာတယ်။ စိတ်ပိုင်းဆိုင်ရာက ယိုယွင်းသွားပြီ။ ပညာထက် အင်အားက ရှေ့ရောက်ခဲ့ပြီ။
ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာကြီးဟာငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုးရေးတို့ဆိုတာတွေမှာ အကြီးအကျယ်မြှုပ်နှံခဲ့တယ်။ ကမ္ဘာအနှံ့က တက္ကသိုလ်ကြီးတွေက ပညာရှင်ပေါင်းများစွာ မွေးထုတ်ခဲ့တယ်။ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးခဲ့တယ်။ အဖွဲ့အစည်းပေါင်းများစွာက ဖောင်ဒေးရှင်းတွေ ထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ဆုတံဆိပ်ပေါင်းများစွာပေးကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းများစွာ ပေါ်ထွက်လာတယ်။ ပြည်တွင်းက အင်န်ဂျီအိုလိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကကြာလေပိုလို့သာ မငြိမ်းမချမ်းဖြစ်လာတယ်။ Good Governance တို့၊ Gender တို့၊ Peace တို့၊ Development တို့ဆိုတဲ့ ပရောဂျက်တွေက အကောင်အထည်ဖော်လို့ကို မပြီးနိုင်ဘူး။ ဘတ်ဂျက်တွေသာ အဆက်မပြတ်တောင်းခံနေတယ်။ ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် - ဆိုဗီယက် စစ်အေးတိုက်ပွဲကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ဘူးလို့ အကြောင်းပြမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ ထင်တိုင်းကြဲနိုင်တဲ့အခြေအနေမှာလည်း ကမ္ဘာကြီးက ငြိမ်းချမ်းမလာခဲ့ပါဘူး။ အခု ၂၀၂၅ ခုနှစ် အမေရိကန်နိုင်ငံမှာ အမျိုးသားရေး သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ဒုတိယအကြိမ်အာဏာရလာခဲ့ပြီး Make America Great Again အားသွန်နေချိန်မှာ တစ်ဖက်မှာလည်း တရုတ်နဲ့ရုရှားနိုင်ငံတွေက သူတို့သမိုင်းတစ်လျှောက် အင်အား အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။
ပြန်ပေးဆွဲတယ်ဆိုတဲ့ကိစ္စဆီ ပြန်လှည့်ရအောင်။ အဲဒီစကားလုံးက နည်းနည်းကြီးတယ်။ အာဏာရှင်နိုင်ငံတွေကို အဲဒီအသုံးအနှုန်းသုံးရင် အကြောင်းမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေကို သုံးရင်အဲဒါ နည်းနည်းပြဿနာရှိတယ်။
အခု ဆောင်းပါးခေါင်းစဉ်က ‘ပြန်ပေးအဆွဲ ခံထားရတဲ့ကမ္ဘာ’ ဆိုတော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်နေတယ်။ ဆိုတော့ဆောင်းပါးမှာ လွတ်လပ်တဲ့ လစ်ဘရယ်ကမ္ဘာဘက်ခြမ်းမှာ သဘောထားကွဲလွဲနေတာတွေကို အဓိက မီးမောင်းထိုးရေးသားသွားမယ်။ ဒီဆောင်းပါးက အနောက် ဆန့်ကျင်တဲ့ ဆောင်းပါးမဟုတ်ဘူး။ သို့သော် အမှန်ဖြစ်ပျက်နေတာတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြသွားပါမယ်။
လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲ
အခုဆို သိတဲ့အတိုင်းပဲ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးမှာ လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲတယ်။ အနောက်နိုင်ငံဆိုတာ အမေရိကန်တို့၊ ဥရောပတို့စတဲ့ ဒီမိုကရေစီနိုင်ငံတွေပေါ့။ လက်ဝဲဆိုတာ သဘာဝပတ်ဝန်းကျင်တို့၊ ကျား၊ မသာတူ ညီမျှမှုတို့၊ လိင်တူချစ်သူများတို့ စသဖြင့် လူ့အခွင့် အရေးကိစ္စတွေ အလေးပေးတယ်။ လက်ယာကျတော့ လူ့အခွင့်အရေးတွေကို မပစ်ပယ်ပေမယ့် အမျိုးသားရေးကို ဦးစားပေးတယ်။ တစ်ဖက်နဲ့ တစ်ဖက်က ဆန့်ကျင်ဘက်တွေပေါ့။ နှစ်ဖက်စလုံး ဒီအမေရိကန်ပညာရေး၊ ဒီဥရောပပညာရေးက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံသားအချင်းချင်း ဖြစ်လေတော့ မြွေမြွေချင်း ခြေမြင်ကြတယ်။ နည်းနည်းလေးမှ အကြောမခံဘူး။
တစ်ဖက်ကရွေးကောက်ပွဲနိုင်ရင် သူ့အရင်တစ်ဖက်က လုပ်ခဲ့တာကို ဖျက်ပစ်တယ်။ အသစ်က ပြန်စတယ်။ အပြန်အလှန်ပဲ။ သိပ်ကြာတော့ ဘက်နှစ်ဖက်စလုံးက အစွန်းတွေရောက်လာတယ်။ လက်ဝဲဆိုလည်း လက်ဝဲစွန်း၊ လက်ယာဆိုလည်း လက်ယာစွန်းအဲဒီလိုမျိုးတွေဖြစ်လာတယ်။ လက်ဝဲဘက်ကလည်း လက်ယာသမားတွေကို ဖက်ဆစ်လို့ရင့်ရင့်သီးသီး သုံးနှုန်းသလို လက်ယာဘက်ကလည်း လက်ဝဲတွေကို ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်တယ်။ အဲဒီလိုအခြေအနေတွေကဟိုး စစ်အေးတိုက်ပွဲကာလမှာကတည်းက ရှိခဲ့ပေမယ့် ဒီနေ့ကာလမှာ သိပ်ကိုသိသာထင်ရှားလာတယ်။ နိုင်တဲ့ဘက်က ရသလောက်လုပ်တာပဲ။ သူ့လူသူကြည့်တယ်။ သူ့လူမဟုတ်ရင် ပထုတ်တယ်။ ပထုတ်တာထက်ကျော်ပြီး အပြစ်ရှာ ထောင်ချတယ်။ လိုချင်တာကို ဖိအားအမျိုးမျိုးပေးပြီး လှည့်ပတ်လုပ်တာပဲ။ ငါတို့ဘက်ပါမလား။ ငါတို့ဘက်ရပ်မလား။ ကိုယ်ထိလက်ရောက် မဟုတ်သည့်တိုင် တစ်နည်းပြန်ပေးဆွဲတာပဲပေါ့။ အနည်းဆုံး တစ်ဖက်ဆန့်ကျင်သူတွေရဲ့အမြင်မှာဒါဟာ ပြန်ပေးဆွဲတာပဲ။
ထရမ့်ပထမအကြိမ် (၂၀၁၆-၂၀၂၀) အာဏာရခဲ့တုန်းကထရမ့်က သမ္မတအာဏာအသုံးပြုပြီး သူလုပ်ချင်တာတွေလုပ်တော့ ထရမ့်ကို ဆန့်ကျင်သူတွေက အမေရိကန်နိုင်ငံရေးဟာ ပြန်ပေးအဆွဲ ခံထားရသလိုပဲလို့ပြောကြတယ်။ ထရမ့်ရွေးကောက်ပွဲရှုံးပြီး အာဏာလက်လွတ်သွားတဲ့နောက်ပိုင်းထရမ့်ကို တရားစွဲဆိုဖို့ကိစ္စတွေဖြစ်လာတယ်။ ထရမ့်ကို ထောက်ခံသူတွေက လက်မခံဘဲ အပြစ်မရှိ အပြစ်ရှာတယ်၊ ဥပဒေကိုလုပ်ချင်သလိုလုပ်တယ်၊ အမေရိကန်ဟာ ပြန်ပေးအဆွဲခံထားရတယ်ဆိုတဲ့ သဘောပြောကြပြန်တယ်။
လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့မြင်
ပြောကြစတမ်းဆို လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့ မြင်တယ်။ အမေရိကန်တို့၊ ဥရောပ(အများစု)တို့ အားလုံးက လစ်ဘရယ်တွေပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဦးစားပေးတဲ့ နိုင်ငံတွေပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အထူးသဖြင့်စစ်အေးတိုက်ပွဲနှောင်းပိုင်းမှာ လစ်ဘရယ်တွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ်။ အနောက်ကမ္ဘာက အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေအကုန် လစ်ဘရယ်တွေပဲ။ လစ်ဘရယ်မဟုတ်ရင် မရှင်သန်နိုင်ဘူး။ အနောက်ကမ္ဘာဆိုပေမယ့်သူတို့ဟာ ကမ္ဘာအနှံ့လွှမ်းခြုံတယ်။ အချိန်တွေကသိပ်ကြာလာပေမယ့် တစ်ကမ္ဘာလုံးက လစ်ဘရယ်ဖြစ်မလာဘူး။ တစ်ဖက်မှာ လစ်ဘရယ်မဟုတ်တဲ့ ရုရှားတို့၊ တရုတ်တို့လို နိုင်ငံတွေ စုရုံးကြီးထွားလာတယ်။ နောက်ဆုံး လစ်ဘရယ်ထဲမှာ တင် သဘောကွဲလွဲလာတယ်။
ခုနပြောတဲ့ လက်ဝဲ၊ လက်ယာဆိုတာ အဲဒီရလဒ်တွေပဲ။ နဂိုကတည်းက လစ်ဘရယ်နိုင်ငံတွေမှာလက်ဝဲ၊ လက်ယာဆိုတဲ့ နိုင်ငံရေးအက်ကြောင်းက ရှိနှင့်ပြီးဖြစ်တယ်။ ဒီနေ့ကာလမှာ သိပ်ထင်ရှားလာပြီး အစွန်းဘက်တွေက ပိုအားကောင်းလာတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ လစ်ဘရယ်တွေရဲ့ အားနည်းချက်က မပြင်ဆင်တာပဲ။ သူတို့လုပ်ငန်းစဉ်နဲ့ သူတို့ ဘယ်သူ့မှဂရုမစိုက်ဘူး။ လူ့အခွင့်အရေးမှ လူ့အခွင့်အရေးပဲ။ ပြင်ဆင်ဖို့စိတ်ကူးမရှိဘူး။ အခုဆို သူ့ထောင်ချောက်နဲ့သူ ပိတ်မိနေတယ်။
လစ်ဘရယ်အာဂျင်ဒါ၊ လစ်ဘရယ်တန်ဖိုး၊ လစ်ဘရယ်လုပ်ငန်းစဉ်ဆိုတာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ရွှေ့ပြောင်းခိုလှုံသူများအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် အများအကြိုက်တွေပေါ့။ ကမ္ဘာအနှံ့ ပရောဂျက်တွေ အမျိုးမျိုးဖော်ဆောင်ကြတာပေါ့။ ကမ္ဘာကြီးက ယဉ်ကျေးငြိမ်းချမ်းလာ သလားဆိုတော့ ဒီနေ့မြင်တဲ့အတိုင်းပဲလေ။ ဘာမှဖြစ်မလာဘူး၊ ပြောရင်တော့ အဆိုးမြင်ရာရောက်တာ ပေါ့ဗျာ။ ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့။ မထိရောက်တဲ့အပြင် အချို့နေရာတွေမှာ နောက်ပြန်ဆွဲသွားတယ်။ လက်တွေ့ပဲကြည့်ပါ။ သူတို့ အဲဒီလူ့အခွင့်အရေးတွေ ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မပြောလိုဘူး။ သူတို့ မူရင်း ဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာတောင် လစ်ဘရယ် တန်ဖိုးတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝေဖန်တဲ့ ထရမ့်လို အမျိုးသားရေးလက်ယာသမားတွေ ရွေးကောက်ပွဲနိုင် အာဏာရလာတယ်မဟုတ်လား။
လစ်ဘရယ်တွေဟာ ငါတို့ဘက်မှာနိုင်ငံတကာ အဖွဲ့အစည်းတွေရှိတယ်၊ မီဒီယာတွေရှိတယ်၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေရှိတယ်ဆိုပြီး မာန်တက်တာပေါ့။ အစိုးရတွေအထက်မှာ ရှိချင်လာတယ်။ လစ်ဘရယ်ပြီးရင်း လစ်ဘရယ်တာပဲ။ ပြန်ပြီးဆန်းစစ်ဝေဖန်တာတွေမလုပ်ဘူး။ ငါတို့သာ အမှန်ဆိုတဲ့အထိုင်က သူများကိုကြည့်တယ်။ ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲသွားတယ်။ နောက်ဆုံးလစ်ဘရယ် ထောင်ချောက်ထဲကျတော့တာပဲ။ ပြန်ထွက်မရတော့ဘဲ နောက်ဆုံး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေ ထွက်တော်မူ နန်းကခွာရပါတော့တယ်။
ထရမ့်တို့အမြင်က လစ်ဘရယ်တွေဟာ အမေရိကန်တို့၊ ဥရောပတို့နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ ဒါကြောင့် ထရမ့်ကလစ်ဘရယ် အသိုက်အဝန်းထဲမှာတင် သူပုန်ထတာပေါ့။ သူလည်းလစ်ဘရယ်ပညာရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူပဲလေ။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် ရွေးကောက်ပွဲအပြီးမှာ မဲရလဒ်ကိုမကျေနပ်လို့ ထရမ့်လူတွေက အမေရိကန်လွှတ်တော်ကိုဝင်စီးတယ်။ အမေရိကန်မီဒီယာတွေမှာ ပုန်ကန်မှု၊ ဆူပူအုံကြွမှုလို့ သုံးတယ်။ သူပုန်ထတယ်ပေါ့။ အခုဘာပြောကြမလဲ။ သူပုန်ဆိုတဲ့သူက နောက်တစ်ကြိမ် ရွေးကောက်ပွဲအောင်ပြန်ပြီလေ။ အခု ၂၀၂၅ ခုနှစ်မှာ ထရမ့်ကြီးအိမ်ဖြူတော်မှာ နောက်တစ်ကြိမ်ရုံးထိုင်ပြီ။ ထရမ့်လက်ထဲ အာဏာရောက်ပြီဆိုတော့ ထရမ့်ဆန့်ကျင်သူတွေက အမေရိကန်တော့ ပြန်ပေးအဆွဲခံရပြီတဲ့။ လေးနှစ်တစ်ကြိမ် အပြန်အလှန် ပြန်ပေးဆွဲနေကြတယ်ပေါ့။
လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မ သာတူညီမျှမှုက အရေးကြီး
ကြုံတုန်းဂျန်ဒါ (Gender) ကိစ္စရေးချင်တယ်။ လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မသာတူညီမျှမှုက အရေးကြီးတယ်။ လစ်ဘရယ်တွေက ထရမ့်ဟာ မိန်းမတွေကို မလေးစားဘူးလို့မြင်တယ်။ ထရမ့်ကိုဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေ အများဆုံးပဲလို့ မီဒီယာတွေမှာဖော်ပြတယ်။ အခုထရမ့်နိုင်ပြီဆိုတော့ အမျိုးသမီးအတော်များများ မကျေမနပ်ဖြစ်ကြတာပေါ့။ ထရမ့်တို့လို အမျိုးသားရေးသမားတွေက အမျိုးသမီးအခွင့်အရေးတို့၊ LGBT အခွင့်အရေးတို့ သိပ်ဦးစားပေးခြင်းဟာ နိုင်ငံတော်ကို အားနည်းချည့်နဲ့စေတယ်လို့မြင်တယ်။ ထုတ်သာ မပြောတာဖြစ်တယ်။
တစ်နည်းပြောရရင် လစ်ဘရယ်တွေဟာ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေးတွေ ကတစ်ဆင့် အကာအကွယ်ယူပြီး နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ အမျိုးသမီးထုနဲ့ လှည့်တိုက်ပေးတယ်လို့မြင်တယ်။ ဘယ်သူက အမျိုးသမီးတွေနဲ့ ရန်ဖြစ်ချင်မှာလဲ။ ယောကျ်ားနဲ့ မိန်းမ လူရှေ့သူရှေ့စကားများရင် ယောကျ်ားဘက်က အရှုံးပဲလေ။ ဒါကြောင့် ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် ဒီမိုကရက်တစ် အမျိုးသမီးသမ္မတလောင်း ကာမလာနဲ့ မဖြစ်မနေလုပ်ရတဲ့ စကားစစ်ထိုးပွဲ တစ်ကြိမ်ပဲဝင်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကာမလာက ကမ်းလှမ်းတော့ထရမ့်က မတုံ့ပြန်ဘူး။
အဲဒီတုန်းက ထရမ့်မလိုလားသူတွေကထရမ့်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတယ်။ ထရမ့်ကြောက်သွားပြီပေါ့၊ ကာမလာကို မယှဉ်ရဲဘူးပေါ့၊ မိန်းမတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲဘူးပေါ့စသဖြင့် လှောင်ပြောင်ကြတယ်။ လစ်ဘရယ်ဆိုတာ ဒါပဲလေ။ လူအုပ်နဲ့ဝိုင်းအနိုင်ကျင့်တဲ့နေရာမှာ လစ်ဘရယ်တွေက ရှေ့ဆုံးကပဲ။ တစ်နည်းပြန်ပေး ဆွဲနည်းတစ်မျိုးပဲ။
ဒါကြောင့်လည်း လက်တွေ့ကျတဲ့ အမေရိကန်လူထုက လစ်ဘရယ်တွေကို ရွေးကောက်ပွဲမှာ နှပ်ပစ်တာပေါ့။ အခုဆို SpaceX တို့၊ Tesla တို့ရဲ့ ပဲ့ကိုင်ရှင် အီလွန်မတ် (Elon Reeve Musk) တို့၊ Facebook (Meta) ပဲ့ကိုင်ရှင် ဇူကာဘက် (Mark Zuckerberg) တို့ကတောင် အလုပ်တွေမှာ အလုပ်ချိန် အပြည့်လုပ်ဖို့၊ အပျော်အပါးလျှော့ဖို့၊ လူလျှော့မယ်တို့၊ လုပ်ငန်းခွင်မှာ ကျားကျားလျားလျား လုပ်ရမယ်တို့စသဖြင့် လစ်ဘရယ်တွေမကြိုက်တဲ့ ဖိုဝါဒဆန်ဆန် သဘောထားတွေ တင်ပြနေကြလို့ လစ်ဘရယ်အသိုက်အဝန်းမှာ မကျေမနပ်ဖြစ်နေ ကြပါတယ်။ သူတို့တစ်သက် ကြိုးစားခဲ့တဲ့ ဂျန်ဒါ တွေ ဘေးချိတ်ခံထားရသလို ခံစားနေရတယ်ပေါ့။ အခုနောက်ဆုံး ပြောနေကြတာ အမေရိကန်နိုင်ငံရေးကို ထရမ့်နဲ့သူ့အနားက ဘီလျံနာသူဌေးလူတစ်စုက ချုပ်ကိုင်နေကြပြီ၊ အမေရိကန်ကို လူတစ်စုကအုပ်ချုပ်နေပြီ၊ တစ်နည်းအမေရိကန်နိုင်ငံရေးကို လူတစ်စုက ပြန်ပေးဆွဲထားပါပြီတဲ့။
နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ရှုမြင်
အကျိုးအမြတ် မယူဘူးဆိုတဲ့ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေတောင် အချို့လေ့လာ သူတွေရဲ့အမြင်မှာ ပြန်ပေးအဆွဲခံထားရတဲ့ သဘောသဘာဝနဲ့မကင်းပါဘူး။ ပညာတတ် လစ်ဘရယ်တွေက အခြေခံလူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုတဲ့ စကားလုံးတွေသုံးပြီး နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ အချို့နိုင်ငံရေးသမားတွေက ရှုမြင်ပါတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ငွေတွေသာသုံးပြီး ကမ္ဘာကြီးက ပြဿနာတွေများလာတာ၊ အာဏာရှင်နိုင်ငံတွေကနေရာ ပိုရလာတာတွေကို ထောက်ပြကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ခေတ်စနစ်တွေ၊ အရေးအခင်းတွေကို မလွှမ်းနိုင်ဘဲ ခေတ်စနစ်တွေ၊ အရေးအခင်းတွေရဲ့ လွှမ်းတာကိုသာခံရင်း အလိုက်အထိုက်နေလာတာ နှစ်ပေါင်းများစွာ ကြာတော့ သူတို့အပေါ် အများပြည်သူရဲ့ ယုံကြည်မှုကလည်း ကျဆင်းလာပါတယ်။ သို့သော်နိုင်ငံတွေဟာ နိုင်ငံတကာဆက်ဆံရေး အသိုက်အဝန်းမှာတည်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အရေးကြီးတဲ့အစိတ် အပိုင်းဖြစ်တာကြောင့် အားလုံးက အလိုက်အထိုက်ပဲနေကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအရ လူ့အခွင့်အရေးအဖွဲ့တွေ၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာ တွေ ချိတ်ဆက်အလုပ်လုပ်ကြတာမို့ အနည်းနဲ့အများ လစ်ဘရယ်နိုင်ငံရေးသမားတွေနဲ့ နီးစပ်မှုရှိပါတယ်။ လစ်ဘရယ်အထိုင်ကပဲအပြန်အလှန် ကူညီရိုင်းပင်းကြပါတယ်။ အခုလို ကမ္ဘာတစ်လွှား လစ်ဘရယ်တန်ဖိုးတွေ အတိုက်အခိုက်ခံလာရချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအနေကျပ်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်တည်ရှိတဲ့ အမေရိကန်နိုင်ငံမှာတောင် လစ်ဘရယ်ဆန့်ကျင်ရေးနိုင်ငံရေးသမားတွေ လွှမ်းမိုးလာနေတာမို့ အချို့ကဌာနချုပ်ကို အမေရိကန်ကနေ ရွှေ့ပြောင်းဖို့ တောင် အကြံပြုကြပါတယ်။ ထရမ့်လိုလူတွေရဲ့ အမြင်ကတော့ ယူအင်န်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာ အလုပ်မဖြစ်ဘဲ ပညာတတ်လစ်ဘရယ်တွေ ပြန်ပေးဆွဲထားတဲ့ နိုင်ငံတကာအစိတ်အပိုင်း တစ်ခုအနေနဲ့ရှုမြင်ပါတယ်။
ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရ
နောက်ဆုံးဗျာ။ သတင်းမီဒီယာတွေတောင် သတင်းမီဒီယာကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး သိသိသာသာသူ့ဘက်၊ ကိုယ့်ဘက်လိုက်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ လိုရာဆွဲရေးကြတာပဲ။ အရောင်ဆိုးကြတာပါပဲ။ အတင်းပဲ လက်ခံခိုင်းတာ ပါပဲ။ အတင်းပဲ ထောက်ခံခိုင်းတာပါပဲ။ ဖတ်တဲ့သူ အများစုကလည်း သတင်းဖတ်ရင် ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ထောက်ခံတာပဲ ဖတ်ချင်ကြတယ်။ သတင်းကဘက်မလိုက်ဘဲ ရေးရင်လည်း မကြိုက်ကြဘူးပေါ့။ သတင်းအောက်မှာ ထောက်ခံသူ လူအုပ်ကြီးက ညာသံပေးပြီး အသိပေးသလိုလို၊ ခြိမ်းခြောက်သလိုလိုနဲ့ လူမိုက်ဆန်ဆန် မှတ်ချက် တွေ အများကြီးပါပဲ။ အချို့သတင်းတွေက ဖတ်ရင်း နဲ့ ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရသလို ခံစားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အမေရိကန်မီဒီယာ ၈၀ ရာခိုင်နှုန်းကျော်ကထရမ့်ကို ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲနီးတော့ အဓိကသတင်းမီဒီယာအတော်များများက သူတို့ထရမ့်ကို ဆန့်ကျင်ကြောင်း တရားဝင်သတင်းဖော်ပြကြပါတယ်။ ထရမ့်ပြောသမျှ တစ်လုံးမကျန် လိုက်ကောက်ပြီး ဘယ်နေရာကတော့မှားနေတယ်၊ ဘယ်နေရာမှာတော့ လိမ်ပြောတယ်စသဖြင့် အသေးစိတ် သတင်းဖော်ပြကြပါတယ်။ ထရမ့်ကို ကြောက်စရာကောင်းသူအဖြစ် ပုံဖော်ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ ထရမ့်ကသူပြောမယ့် မိုက်ခွက်မကောင်းလို့ စိတ်တိုနေတာကို အကျယ်တဝင့်ဖော်ပြပြီး ထရမ့်ဟာ ရွေးကောက်ပွဲ နီးလာတော့ သူရှုံးမှာသိလို့ ကယောင်ချောက်ချား ဖြစ်နေတယ်၊ စိတ်တိုတယ်ဆိုတာ စိတ်ပူပန်မှုရဲ့ လက္ခဏာဖြစ်တယ်စသဖြင့် မမှားလိုက်နဲ့၊ တွယ်တော့တာပါပဲ။
မဲဆွယ်ပွဲတစ်နေရာမှာလည်း လူမရှိတဲ့ ထိုင်ခုံ တွေရိုက်ပြပြီး အခုဆို မဲဆန္ဒရှင်တွေက ထရမ့် ဘာကောင်မှန်းသိလို့ ကျောခိုင်းနေကြပြီ၊ သူ့ပွဲတွေ လူနည်းလာနေပြီဆိုပြီး ရေးပြန်တယ်။ ရေးတဲ့၊ ပြောတဲ့မီဒီယာတွေက ကမ္ဘာကျော်မီဒီယာကြီးတွေဆိုတော့ အဝေးကစာဖတ်သူတွေကတော့ ဟုတ်များ နေသလားပေါ့။ ထရမ့်အခြေအနေမကောင်းဘူးပေါ့။ မဲရလဒ်လည်းထွက်လာရော ထရမ့်ကမဲအပြတ်အသတ်နဲ့ နေရာအများစုမှာ အနိုင်ရခဲ့တာပါပဲ။ အခုဆို ထရမ့်ဘက်သားလုပ်ငန်းရှင်အချို့က နာမည်ကြီး မီဒီယာတွေကို လိုက်ဝယ်ပြီး ထိန်းချုပ်ဖို့ကြိုးပမ်းနေကြပါတယ်။ နင်ပြီးငါ့အလှည့်ပေါ့။ အပြန်အလှန် ပြန်ပေးဆွဲနေကြတဲ့သဘော ဖြစ်နေတယ်။
အင်အားကြီးသူ နိုင်စတမ်း
ဆိုတော့ကာ ကမ္ဘာကြီးမှာ ဒီကနေ့ဖြစ်နေတာတွေက မရိုးသားဘူး။ နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။ လက်ရှိနိုင်ငံတကာအခြေအနေက အင်အားကြီးသူ နိုင်စတမ်းပဲ။ ပညာနဲ့တင် အခြေခံလို့မရဘဲ အတွေ့အကြုံပါလိုလာတယ်။ သတင်းတွေဖတ်တဲ့အခါ ဘယ်သူ့ဘယ်သူမှမုန်းဖို့မဟုတ်ဘဲ သတိနဲ့ ဖတ်ရှုသုံးသပ်တတ်ဖို့လိုတယ်။ စိတ်ကိုဖွင့်ထားပြီး ဖြန့်ကြက်လေ့လာနေကြပါ။ ဘာလုပ်လုပ် အသိပညာ တိုးတက်ဖို့လိုတယ်။
မြန်မာလူငယ်တွေဟာ အလုပ်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ နိုင်ငံပေါင်းစုံကို ရောက်ရှိကျင်လည်ကြမှာ ဖြစ်ပါတယ်။ တစ်ခုတည်းမှာ၊ တစ်နေရာတည်းမှာ ရပ်နေကြမှာမဟုတ်ဘူး။ လုံခြုံရေးသတိရှိကြပါ။ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ပါ။ နိုင်ငံတကာဆက်ဆံရေးအသိရှိကြပါ။ လူရည်လည်ဖို့လိုတယ်။ ခံစားချက်ကို ဦးစားမပေးပါနဲ့။ မဟုတ်ရင်ဘဝမှာ အကြိမ်ကြိမ်ပြန်ပေးအဆွဲခံရပါလိမ့်မယ်။ ။
MWD Web Portal