ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ယနေ့အချိန်အခါတွင်   ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ  သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေး အတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာ   သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

နိုင်ငံတကာတွင်  စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူဝယ်ယူ၍ မရသော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။

ရေရှည်တည်တံ့သော  စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ  အရေးကြီးလှပါသည်။  အပင်အာဟာရဓာတ် လုံလောက်မျှတစွာ ရနိုင်မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။နွားချေးနှင့် သစ်ဆွေး မြေဩဇာများသုံးစွဲခြင်း၊ သီးနှံ ရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ  လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း  ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

သီးနှံအထွက်နှုန်းများ   တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်းရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှုကို ကောင်းမွန်စေသည့်    ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ  မြေတွင်းသို့ ပြန်လည်ထည့်သွင်း စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို  ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်း ရှိ  အကျိုးပြုဇီဝ သက်ရှိများနှင့်  အပင်အာဟာရဓာတ် လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း  ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်  သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

သစ်စိမ်းမြေဩဇာ

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု(Biomass) အထွက်များများရရှိသော အပင်မျိုးဖြစ်သည့်အတွက် ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။

သီးနှံများမစိုက်ပျိုးမီ   သို့မဟုတ် သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက် စိုက်ပျိုးမည့်သီးနှံအတွက်   လိုအပ်သောနိုက်ထရိုဂျင်ဓာတ်၊  ဖော့စပရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့်   သစ်ဆွေးဓာတ်(Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာ ကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်၊ ဆူးမဲ့ထိကရုံး(Mimosa)အစရှိသည် တို့ကို သစ်စိမ်းမြေဩဇာအပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

Description: C:\Users\NO-73\Desktop\14-2-2025\142132.JPG

ပိုက်ဆန်လျှော်ပင်သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း

သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရ အလွယ်ကူဆုံး အပင်သည်  ပိုက်ဆန်လျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ကို အခြားသီးနှံများ မစိုက်ပျိုးမီ  သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပါသည်။   ပိုက်ဆန်လျှော်၏ အင်္ဂလိပ်အမည်မှာ  Sunn  hemp  ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်း မြေဩဇာပင်အဖြစ်   လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို   ကောင်းစွာ ပေါက်ရောက်ရှင်သန်နိုင်သော  အပင်ဖြစ်ပါသည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိပြီး  နေ့တာရှည်ကာလများရရှိပါက  အပင်ပိုင်းကြီးထွားမှုကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။

ပိုက်ဆန်လျှော်  သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် အတန်းလိုက် (၁’ x ၄”) စိုက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက် စိုက်ပျိုးလျှင် ၄ - ၆ ပြည်နှုန်း သုံးစွဲ ရပါမည်။ မျိုးစေ့များကို မြေအနက် ၆-၈ လက်မခန့်ထိ မြေချစိုက်ပျိုးရပါမည်။

ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ပြီး မျိုးစေ့ကိုညီညာအောင်  ကြဲပက်ရပါသည်။  ထို့နောက်  ထွန်တစ်စပ်ဖြင့်  ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။

မိုးရေကိုသာ  အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုး မြေမြှုပ်ပေးရပါသည်။ လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက်   နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။

နွေသီးနှံရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ   ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍လည်း အပင်  ၄၅  ရက်သားမှ ၆၅ ရက်သားအတွင်း  သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။

အပင်၏အစိတ်အပိုင်းများကို   အစိမ်းအတိုင်းထယ်ထိုး၍ မြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ နောက်သီးနှံစိုက်ပျိုးသင့်ပါသည်။   ကောင်းစွာ   ဆွေးမြည့်သွားသည့်အခါ မြေဆီလွှာအားဖြည့်ပေးသော မြေဩဇာအဖြစ်ရရှိမည်။

ပိုက်ဆန်လျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။

ပိုက်ဆန်လျှော်သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    (၁)     မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

    (၂)     လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူ ပေးသည့်တွက်  မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးရာ ရောက်ပါသည်။

    (၃)     မြေဆီလွှာအတွင်းရှိ  အပင်အာဟာရဓာတ်များကို မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

    (၄)     မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများပျက်စီးမှုကို ကာကွယ်ပေးပါသည်။

    (၅)    မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။

သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်)ကို သုံးစွဲခြင်းသည် မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊ ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးတက်ရေးနှင့်  ပျက်စီးနေသောမြေဆီလွှာနှင့် သစ်ဆွေးဓာတ် လျော့နည်းနေသော မြေဆီလွှာများ၊ မြေချဉ်ငန်ကိန်း မြင့်လွန်းသော အပူပိုင်းဒေသ မြေဆီလွှာများပြုပြင်ရန်အတွက် သုံးစွဲရန်အထူးသင့်လျော်ပါသည်။  သက်တမ်းတိုတိုနှင့် ကြီးထွားနှုန်းမြန်ဆန် ၍ မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်နှင့် နိုက်ထရိုဂျင်ပမာဏ များများ ဖြည့်တင်းပေးသည့်အပြင်  အကုန်အကျသက်သာသည့် ပိုက်ဆန်လျှော်ကိုဝင်ငွေရ သီးနှံများ မစိုက်မီသစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း   သိရှိနိုင်ပါရန်   ရေးသားတင်ပြအပ်ပါသည်။        ။

အိအိဖြိုး

နေရောင်ခြည်မှပေးစွမ်းသော တေဇော ဓာတ်သည် ယခုနောက်ပိုင်း အဖြစ်များလာသော လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးကြောင်း အသက်အရွယ်ရလာသော လူကြီးပိုင်းများအား အသိပေးလိုပါသည်။ နံနက်ခင်းလမ်းလျှောက် သောအခါ သစ်ပင်ကြီးများနှင့် အရိပ်အောက် တွင် လမ်းလျှောက်ခြင်းထက် နေရောင်ခြည် တိုက်ရိုက်ရသောနေရာတွင် လမ်းလျှောက်ခြင်း က ပို၍ကောင်းသည် . . ."

ကျန်းမာရေးလိုက်စားသော မိသားစုများသည် နံနက်ခင်းအိပ်ရာထ၍ မျက်နှာသစ်၊ သွားတိုက်ပြီးသည်နှင့် မိမိအိမ်တံခါးပေါက်များကို ဖွင့်ထား ပြီး နံနက်ခင်းထွက်လာသော နေရောင်ခြည်ကို အိမ်အတွင်းပိုင်းအထိ ဝင်နိုင်သမျှဝင်အောင် ဆောင်ရွက်သင့်သည်။

နံနက်ခင်းထွက်ပေါ်သော နေရောင်ခြည်သည် လောကကြီးကို အကျိုးပြုသော တေဇောဓာတ်ပါရှိသည်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အာကာသဟူသော ပဉ္စဘူတဓာတ်ကြီးငါးပါးတွင် တေဇော ဓာတ်တစ်ခုတည်းကသာ ရင့်ကျက်စေသော အစွမ်းသတ္တိရှိသည်။ နေရောင်ခြည်တွင်ပါဝင်သော တေဇောဓာတ်ကြောင့် သတ္တဝါများ နှင့်အပင်များ ရှင်သန်ကြီးထွားဖြစ်ထွန်းသည်ဟု အယူအဆရှိသည်။ နေရောင်ခြည်မရှိလျှင် အပင်နှင့်သတ္တဝါများ မရှင်သန်နိုင်ဟုဆို သည်။

နံနက်စောစော နေရောင်ခြည်ကို ခံယူခြင်းဖြင့် လူ့ခန္ဓာကိုယ်မှ အရိုး၊ အဆစ်နှင့်အကြောများကို သန်မာစေသည်။ အရိုးပျော့ခြင်း၊ အကြော ပျော့ခြင်း၊ ထိုင်းမှိုင်းခြင်း၊ လေးလံခြင်းများကို ပြေပျောက်စေပြီး ရွှင်လန်း တက်ကြွမှုကို ဖြစ်စေနိုင်သည်။ နံနက်ခင်းနေရောင်ခြည်အောက်တွင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ရေချိုးခြင်းတို့ပြုလုပ်ပေးလျှင် ကျန်းမာ ရုံမျှမက အရိုးများသန်စွမ်းခြင်း၊ အရွယ်တင်နုပျိုခြင်းတို့ကို ဖြစ်စေနိုင် သည်။

အိမ်တွင်းရှိ ဖုန်နှင့် အမှိုက်သရိုက်များကြားတွင် ပုန်းအောင်းနေသော ယားယံခြင်းကိုဖြစ်စေသည့် ပိုးမွှားတို့သည် နေရောင်ခြည်ကြောင့် သေစေနိုင်သည်။ နေရောင်ခြည်မရသောနေရာတွင် ပိုးမွှားများခိုအောင်း နေလေ့ရှိသဖြင့် နေရောင်ခြည်ဝင်နိုင်သမျှဝင်အောင် ပြတင်းပေါက်များ၊ ခန်းဆီးများကို နံနက်ခင်းတွင် ဖွင့်ပေးထားသင့်သည်။

အနောက်တိုင်းကျန်းမာရေး ပညာပေးဂျာနယ်များတွင် နံနက်ခင်း နေရောင်ခြည်တွင်ပါဝင်သော ဗီတာမင် D အကြောင်းကို များစွာ ရည်ညွှန်းရေးသားလေ့ရှိကြောင်း တွေ့ရသည်။ မွေးကင်းစနှင့် အသက် ငါးနှစ်အောက်ကလေးများကို နံနက်ခင်း နေရောင်ခြည်အောက်တွင် တစ်နာရီခန့် နေ့စဉ်ထားပေးခြင်းဖြင့် သန်မာထွားကျိုင်းစေသည့်အပြင် အရိုးပျော့ရောဂါမှလည်း ကာကွယ်နိုင်သည်ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။

နေရောင်ခြည်မှပေးစွမ်းသော တေဇောဓာတ်သည် ယခုနောက်ပိုင်း အဖြစ်များလာသော လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးကြောင်း အသက်အရွယ်ရလာသော လူကြီးပိုင်းများအား အသိပေးလိုပါသည်။ နံနက်ခင်း လမ်းလျှောက်သောအခါ သစ်ပင်ကြီးများနှင့် အရိပ်အောက် တွင် လမ်းလျှောက်ခြင်းထက် နေရောင်ခြည်တိုက်ရိုက်ရသောနေရာ တွင် လမ်းလျှောက်ခြင်းက ပို၍ကောင်းသည်။

အသက်အရွယ်ကြီးသော လူကြီးများကို လမ်းမလျှောက်နိုင်သော် လည်း နံနက်ခင်းနေရောင်ခြည်အောက်တွင် ထိုင်ပေးခြင်းကို နေ့စဉ် တစ်နာရီခန့် ပြုလုပ်ပေးရုံဖြင့် လေဖြတ်ခြင်းမှ ငါးဆယ်ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

Source: Myawady Web Portal

အမည်မသိ

တုပ်ကွေးအဖျားသည် အအေးပတ်၍ ဖျားသောအဖျားမဟုတ် အပူလျှပ်၍ ဖျားသော အဖျားမျိုးလည်းမဟုတ်။ ကိမိလအဖျားဟု ခေါ်သော ပိုးကြောင့်ဖြစ်သည့် အဖျားမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ပိုးမှကူးစက်သော အဖျားဖြစ်သည်။ ထိုပိုးမျိုးသည် ရာသီဥတုအကူး အပြောင်းတွင် ဖြစ်လေ့ရှိသည်။ ရာသီဥတုကြောင့်ဖြစ်လေ့ရှိသော နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့နှင့် ယှဉ်တွဲကာ ဖြစ်ပွားကူးစက်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ရာသီဥတု အပူ၊ အအေး ကူးပြောင်းချိန်တွင် တုပ်ကွေးဖျားသူ အတော်များများ တွေ့ရသည်။ ထိုသို့ ဖြစ်ပွားသူများ မှာ ဘတ်စကားစီးသူ၊ ရုံး၊ ကျောင်း၊ ဈေး၊ ဘဏ် စသောလူအများနှင့် ထိတွေ့ဆက်ဆံရသော နေရာများသို့ သွားရောက်ရသူများတွင်ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရသည်။

တုပ်ကွေးပိုးသည် အိပ်ရေးပျက်၍ ကိုယ်ခံအားနည်းသူများတွင် ပို၍ ကူးစက်လွယ်သည်။ အလုပ်ချိန်နောက်ကျသဖြင့် ညနေစောင်း သို့မဟုတ် ညပိုင်းရေချိုးသူများတွင် ပို၍ဖြစ်ပွားလေ့ရှိသဖြင့် နေဝင်ပြီးနောက်ပိုင်း ရေမချိုးလျှင် အကောင်းဆုံးဖြစ်သည်။

တုပ်ကွေးဖြစ်ချင်သည့်လက္ခဏာ နှာရည်ယို၊ ချောင်းအနည်းငယ်ဆိုး ပြီး မျက်နှာနီမြန်းလာလျှင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကွမ်းရွက် ပြုတ်ရည်သောက်သင့်သည်။ ကွမ်းရွက်သုံးရွက်ကို ရေနွေးမတ်ခွက် တစ်ဝက်တွင် ဆားအနည်းငယ်ထည့်၍ နွမ်းသွားအောင် ၁၅ မိနစ်ခန့် အုပ်ထားပါ။ ကွမ်းရွက်နွမ်းသောအခါ ခပ်ပူပူလေးမှုတ်သောက်လျှင် နဖူးမှ ချွေးစို့လာပြီး တော်ရုံအဖျားမှာ ပျောက်ကင်းနိုင်သည်။

ဒုတိယနည်းမှာ ကွမ်းရွက်သုံးရွက်၊ ထန်းလျက် (အမည်း) ခုနစ်ခဲ၊ ဆားမန်ကျည်းစေ့ခန့်ကို မတ်ခွက်တစ်ခွက်စာ ရေနွေးဖြင့်ထည့်ပြီး သုံးပုံ တစ်ပုံခန်းအောင် ကျိုချက်ပါ။ ထို့နောက် ကြွေပန်းကန်လုံးကြီးထဲသို့ ထည့်ပြီး အငွေ့ကို မျက်နှာနှင့်ထိတွေ့အောင် ခေါင်းငုံ့ကာ ကြွေဇွန်းဖြင့် ခပ်သောက်ပါ။ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်မတ်ခွက်တစ်ဝက် ကုန် အောင်သောက်လျှင် ပထမရက် အဖျားဝင်ခါစ တုပ်ကွေးအဖျားကို ကာကွယ်နိုင်သည်။

ကြာဆံဟင်းခါးနှင့် ရှောက်သီးသုပ်သည် တုပ်ကွေးဖျားသူများအတွက် ဓာတ်စာဖြစ်သည်။ ကြာဆံဟင်းခါးတွင်ပါသော ချင်းနှင့် ငရုတ်ကောင်း မှုန့်တို့သည် ဖျား၍ အစာကြေကျက်အားနည်းနေသော အစာအိမ်ကို ဝမ်းမီးတောက်ပြီး အစာကြေအားပေးသည့်အပြင် ခံတွင်းပျက်ခြင်းမှ လည်း ပြန်လည်ကောင်းမွန်လာစေနိုင်သည်။ တချို့ဓာတ်စာဆရာများက တုပ်ကွေးဖျားသူများကို ကြက်သားနှင့် ရှောက်ရွက်သုပ်စားခိုင်းသည်။ အသားမစားသူ၊ သက်သတ်လွတ်စားသူများမှာ ရှောက်ရွက်ဟင်းချို သောက်ပေးလျှင် အဖျားတက်ခြင်းမှ သက်သာစေနိုင်သည်။

(ကြာဆံဟင်းခါး သောက်သူများ သတိပြုရန်မှာ ငုံးဥ ထည့်မချက်ရန် ဖြစ်သည်။ ငုံးဥသည် အဖျားကို ငုပ်စေသည်။ အစာမကြေဖြစ်စေသည်။)

တုပ်ကွေးကို အဖျားပျောက်အောင် ဆေးပူချည်း တိုက်၍မရပေ။ အအေးဓာတ်ပါသော ဓာတ်စာများစားပေးမှသာ ရက်မကြာဘဲပျောက် ကင်းနိုင်သည်။ တုပ်ကွေးဖျားသူကို နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း အုန်းစိမ်းရည်ကို တိုက်ပေးလျှင် အားပြည့်ပြီး အဖျားကျစေနိုင်သည်။ ညနေသုံးနာရီမှ ခြောက်နာရီအတွင်းတွင် သံပရာရည်သောက်သင့် သည်။ တုပ်ကွေးဖျားနေစဉ် ထမင်းမစားဘဲ ဆန်ပြုတ်၊ ပဲရာဇာဟင်းချို၊ ခေါက်ဆွဲပြုတ်၊ ကြက်ပေါင်းရည် စသည်တို့ကိုသောက်သုံးသင့်သည်။

ဂျပန်ခေတ်က ဆေးဝါးများ ရှားပါးချိန်တွင် အားဆေးအဖြစ် အုန်းစိမ်း ရည်ကို အကြောဆေးအဖြစ် ပိုက်ဖြင့် သွေးကြောအတွင်းသို့ တိုက်ရိုက် ထိုးပြီး ကုသမှုပြုခဲ့သည်ဟု သိရသည်။ ဝမ်းလျှော၍ အားပြတ်ခြင်း၊ ဆီးချုပ်ဆီးအောင့်ခြင်းများကိုလည်း အုန်းစိမ်းရည်ဖြင့် ကုသနိုင်သည်။ ပင်လယ်ကမ်းခြေ၌အပန်းဖြေသူများသည် အုန်းစိမ်းရည်သောက်လျှင် အားပြည့်ရုံသာမက အုန်းစိမ်းရည်အအေးဓာတ်ဖြင့် စိတ်ကိုပါလန်းဆန်း စေနိုင်သည်။
 

ကြည်လွင်မြင့်(မုဒြာ)

ဆရာကြီးခင်ဗျာ။     ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။  ဆီးကျိတ်ကြောင့်  ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။  ပထမတော့ဆီးက  ညဘက်မှာ  အသွားများရာကနေ အခုနောက်ပိုင်း    ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း  ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း   လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။  ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့   သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်များကို   ညွှန်ပြပေးစေလိုပါတယ်။

ကျောက်ကပ်ရောဂါအတွက်   အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေ၊ အသီးအရွက်တွေနဲ့ ဆေးပင်တွေအများကြီး ရှိပါတယ်။တိုင်းရင်းဆေးဆိုတိုင်း လျက်ဆားနဲ့ ဆားပါတဲ့ဆေးတွေကိုပဲမြင်နေရင်  အမြင်မှားပါ လိမ့်မယ်။ အထူးသဖြင့် Herbal Medicine ဆေးပင်တွေနဲ့ကုသမှုက ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဖော်စပ်ပြီးသား တိုင်းရင်းဆေးဝါးတွေနဲ့ မကုသချင်ဘူးဆိုရင်   ကျောက်ကပ်အတွက် အဆင်ပြေမယ့်နည်း လမ်းတွေကို ပြောပြပေးပါမယ်။

- ကျောက်ကပ်ရောဂါအတွက် ကျောက်ဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့တွေဖယ်၊ အသားကိုခြစ်၊  ဖျော်ရည်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ၊ ကော်ဖီတစ်ခွက်စာမှာ ချင်းကိုကြိတ်ပြီး  အရည်စစ်ယူ၊  ဟင်းစားဇွန်း တစ်ဇွန်းရောထည့် ထိုအထဲမှာ အနည်းငယ် နီအောင်လှော်ထားတဲ့သကြား  တစ်ဇွန်း ထည့်  အဲဒီနည်းအတိုင်း ကျောက်ဖရုံသီး၊ ချင်း၊ သကြားဖျော်ရည်ဆေးကို ဟင်းစား ဇွန်းသုံးဇွန်းမှ  ငါးဇွန်းအထိ နံနက်၊  ည တစ်ရက်နှစ်ကြိမ်သောက်ပေးပါ။ ကျောက်ကပ်ရောဂါ၊ ဆီးကြောင့်ဖြစ်တဲ့အဖောရောဂါ၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောရောင်တဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါတယ်။

- တောဆီးဖြူပင်ကလည်း  ဆီးကောင်းပြီး အဖောအရောင်ကျစေပါတယ်။  တောဆီးဖြူပင်တွေက မိုးဦးကျမှာပေါပါတယ်။ လယ်ကွင်းပြင်တွေမှာ   ပေါက်လေ့ရှိပြီး နွေရာသီမှာတော့ ရှားပါတယ်။  တောဇီးဖြူ ပင်က အသီးသေးသေးလေးတွေ စုပြုံသီးနေတဲ့ အပင်မျိုးပါ။   ဆီးကိုသန့်စင်စေပြီး ကျောက်ကပ်အဖောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းရောဂါတွေအတွက် ကောင်း တဲ့ဆေးပင်မျိုးဖြစ်ပါတယ်။ အပင်တစ်ပင် လုံးနုတ်ပြီး   ပဉ္စငါးပါးကို ရေနွေးနဲ့ကျို၊ တစ်ရက်ကို မတ်ခွက်တစ်လုံးကနေ နှစ်လုံးသောက်နိုင်ပါတယ်။

- နောက်တစ်နည်းကတော့ ဟင်းဂလာပင်ကိုရှာပါ။ မြစ်ချောင်းရှိတဲ့နေရာနဲ့ သဲသောင်ခုံတွေမှာကပ်ပြီး   ပေါက်တဲ့အပင်မျိုးပါ။ ဟင်းဂလာကို အများစုက ချဉ်ဖတ် ထည့်ပြီးစားသုံးတတ်ကြပါတယ်။   ဟင်းဂလာပင် စငါးပါးကို   အရည်ညှစ်ယူပြီး    ရေနွေးကြမ်းပန်းကန်တစ်လုံးစာ  နံနက်၊ ညသောက်ပေးရင် ကျောက်ကပ်ဖောရောဂါ နဲ့ ခန္ဓာကိုယ်ရောင်ရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။

- ကျောက်ကပ်အတွက်     ကောင်းတဲ့နောက်ဆေးပင်တစ်မျိုးကတော့   ကန့်ကလာပင်ပါ။ သဲသောင်ခုံတွေပေါ်မှာ၊ ရေ အစိုဓာတ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ ကပ် ပေါက်တဲ့အပင်မျိုးပါ။ ကန့်ကလာရွက်ကို အရည်ညှစ်ယူပြီး  သောက်လို့ရပါတယ်။ အပင်တစ်ပင်လုံးနုတ်ယူပြီး ရေနဲ့သုံးခွက် တစ်ခွက်တင်   ကျိုပြီးသောက်ရင်လည်း ရပါတယ်။ ကျောက်ကပ်ဖောရောဂါအတွက်  အဖောအရောင်ကျစေတဲ့ အပင်မျိုးဖြစ်ပါတယ်။  

ကျောက်ကပ်မကောင်းသူတိုင်း ရေကိုများများသောက်ပေးပါ။ မြန်မာ့ရိုးရာရေ နွေးကြမ်း  များများသောက်ပေးရင်လည်း ဆီးကောင်းပြီး အဖောအရောင်ကျစေနိုင်ပါတယ်။   ကျောက်ကပ်ဖောရှိသူတွေက ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ ထိုင်ရင် ပိုပြီးတော့ ဖောရောင်စေနိုင်တာကြောင့်  ထိုင်နေတဲ့အခါမှာ  ခြေနှစ်ဖက်ကိုဆန့်ပြီး ခုံတစ်ခုံပေါ်မှာ တင်ထားရပါမယ်။  ခြေထောက်ရောင်ရင်  ရေမချိုးမီ တမာရွက်ပြုတ်ရည် စိမ်ပေးပါ။  ကနဖော့ရွက်၊  ကနဖော့ပင်များကိုပြုတ်ပြီး ရေချိုးပေးရင်လည်း အဖောအရောင်ကျစေတယ် လို့ဆိုပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်မကြာခဏ ခါးနာတတ်ပါတယ်။    အလုပ်မှာလည်း အထိုင်မများဘဲ    အသွားအလာများပါတယ်။  နေ့စဉ် မော်တော် ဆိုင်ကယ်တော့ စီးရပါတယ်။  တစ်ခါတစ်ရံ   ခါးနာရင်ကျောနဲ့ခါးမှာ ပူအောင့်ပြီး ဆီးလည်းနည်း ပါတယ်။ ကျွန်တော်ကဝမ်းလည်းချုပ်လေ့ ရှိပါတယ်။ ခါးနာရောဂါအတွက် သင့်တော် မယ့်ဆေးနည်းပေးစေလိုပါတယ်။

ခါးနာရောဂါလို့ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်လို့ဖြစ်တဲ့ ခါးနာ၊ ခါးရိုးဆစ်အကြောအဆစ်ရောင်လို့ဖြစ်တဲ့ ခါးနာ နဲ့ အထိုင်များသူတွေမှာဖြစ်လေ့ရှိတဲ့ ကျီးပေါင်းခါးနာဆိုပြီး အခြေခံအားဖြင့်တော့  သုံးမျိုးတွေ့ရှိ ရတတ်ပါတယ်။ အထိုင်များတာ၊   ကျောက်ကပ်မှာ  ကျောက်တည်တာတို့ကြောင့်    ရက်ရှည်ခါးနာတတ်ပါတယ်။

- ကျောက်ကပ်ခါးနာဖြစ်ရင်  တောဆီးဖြူပင်၊   ထိကရုံးပင်ပြုတ်သောက်ပါ။

ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။မြင်းခွာရွက်အသုပ်ပြုလုပ်စားပါ။ ဟင်းချိုချက်သောက်ပါ။

- အကြောအဆစ်ရောင်ခါးနာဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုနွေးအောင် မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ အသက်ကြီးသူတွေ   ခါးနာရင်သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ပေးပါ။

- ကျီးပေါင်းတက်   ခါးနာဖြစ်နေရင် မိဿလင်ကို  အမှုန့်ပြုလုပ်ပြီး  ပိတ်စနဲ့ ထုပ်ပြီးကြပ်ထုပ်ပြုလုပ်ပါ။ ကျီးပေါင်းဖြစ်တဲ့ နေရာမှာ မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုး လိမ်း၊ မိဿလင်ကြပ်ထုပ်ကိုရေနွေးငွေ့ခံ အပူပေးပြီး  ခံနိုင်သမျှကြပ်ပူထိုးပေးပါ။ ဆီစိမ့်ဝင်အောင်ကြပ်ပူထိုးပေးပါ။ ကျီးပေါင်း တက်တဲ့နေရာ၊ မောက်နေတဲ့နေရာ၌ လိမ်းဆေးအဖြစ် ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းနေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးနဲ့ဖျော်ပြီး လိမ်းပေးပါ။ မိဿလင်ဥအစိုကို ထုထောင်းပြီး အရက်ဦးရည်ဖြင့်စိမ်ထား ပြီးလိမ်းပါ။ ဝံအူမြစ်နဲ့ တောရှောက်မြစ်တို့ကိုသွေးပြီး ပုံမှန်လိမ်းပေးရင် ကျီးပေါင်းတက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့မိသားစု မှာ ကလေးတွေရော လူကြီးတွေပါ ရာသီ အကူးအပြောင်းဖျားပြီးနောက်   အဖျား သက်သာတော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ ချောင်းခြောက်ကြီးဆိုးပြီး လည်ချောင်းတွေ လည်းနာပါတယ်။   အသံလည်းပျက်ပါတယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ့် ဆေးနည်းများသိလိုပါတယ်။

ဖျားပြီးနောက် အပူငုပ်ကျန်တဲ့အခါချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ ဖျားပြီးနောက် ရေနိုင်နိုင်မချိုးရင်လည်း ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချောင်းခြောက် ဆိုးရာမှာ ရိုးရိုးအပူငုပ်ပြီးဆိုးတဲ့ချောင်းမျိုးရှိသလို အဆုတ်မှာရောဂါပိုးကျရောက်ပြီး အဆုတ်မကောင်းလို့ဖြစ်တဲ့  ချောင်းခြောက်ဆိုးခြင်းမျိုးလည်း ရှိပါတယ်။

ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့တော့လိုပါတယ်။ အပူငုပ်ပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါအတွက် ကုသနည်းတွေကို ဖော်ပြပေးပါမယ်။

- အပူကုန်စေဖို့  နံနက်စောစောအုန်းသီးအနု   အုန်းစိမ်းရည်သောက်ပြီး  ရေချိုးပေးပါ။

- အုန်းစိမ်းရည်ထဲ   ချင်းပါးပါးလှီးထည့်ပြီး မီးဖြင့်ဆူရုံမျှအပူပေးကာ ခပ်နွေးနွေးသောက်ပေးပါက   ရက်ရှည်အပူငုပ် ချောင်းခြောက်ဆိုးခြင်းကို    သက်သာ ပျောက်ကင်းစေပါတယ်။

- လောက်သေရွက်ကို လက်တစ်ဆုပ်လောက်  ရေနွေးမတ်ခွက်နှစ်လုံးစာထည့်ကျိုပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာ သောက်ပေးပါ။

- မီးကွင်းဂမုန်းရွက်ကို အရည်ညှစ်ယူထားတဲ့ သတ္တုရည်ထဲမှာ ဆားလှော်အနည်း ငယ်ထည့်သောက်ပါက    အသံကပ်ပြီး ချောင်းခြောက်ဆိုးတဲ့ရောဂါကို  သက်သာ ပျောက်ကင်းစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး  အသံဝင်နေရင်    ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။

- ချောင်းအဆက်မပြတ်ဆိုးပြီး  အာခေါင်ခြောက်ရင် ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး  သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။

- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်း စားပါ။

- သင်္ဘောအဖိုပင်ရဲ့ အရွက်၊ အဖူးကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါ။

- ဥသျှစ်ရွက်ကိုဟင်းချိုချက်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။

- ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်ပြီးစားပါ။ လေပူထပြီးချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

- တိုင်းရင်းဆေးအမှတ် (၁) မက်လင် ချဉ်ဆေးကို  တိုင်းရင်းဆေးအမှတ်   (၇) နွယ်ချိုကဲဆေးနဲ့       ဆတူရောစပ်ပြီး မကြာခဏလျက်ပေးပါက   သလိပ်ကပ်ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို သက်သာစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး ရင်ကျပ်ရောဂါရှိရင်   ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါနုပ်နုပ်စဉ်းပြီး  ပရဆေးဆိုင်တွေမှာ  ဝယ်ယူရရှိနိုင်တဲ့  ဒိုဘာလာသကြား (ခေါ်)  မှန်ရောင်သကြားခဲ  အနည်းငယ် ရောပြုတ်ပြီး    တစ်ရက်လျှင်   မတ်ခွက် တစ်လုံးစာသောက်ပါ။

- ကလေးငယ်များ  ချောင်းခြောက်ဆိုးချွဲကပ်လျှင်   ကွမ်းရွက်ကိုမီးကင်ပြီးရင်ဘတ်နဲ့နောက်ကျောမှာ  ကပ်ပေးပါ။ကွမ်းရွက်နဲ့ဆားကိုထုပ်ပြီး   သံပြားပေါ် မှာ မီးဖုတ်ပြာချ၊  ထိုပြာကိုသံပရာရည်နဲ့ ဖျော်လျက်ပါ။

- ကလေးငယ်များ  ကြက်ညှာချောင်း ဆိုးခေါ် ရက် (၁၀၀) ချောင်းဆိုးဖြစ်လျှင် တရုတ်စကားပင်၏အခေါက် ဒါမှမဟုတ် အကိုင်းကိုအခြောက်လှန်း ပြာချပြီး သိန္ဓော ဆားနှင့်ရောလျက်ပေးပါက   သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Source: Myawady Web Portal

 

ကြည်လွင်မြင့်(မုဒြာ)

ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို   ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊    ရောင်းလိုအားသည်  ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက်  ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။  ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍  အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊ သစ်တော၊ စွမ်းအင်   အစရှိသော ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်ရေး ဆောင်ရွက်ချက်များသည်  နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

GDP(Gross Domestic Product)အညွှန်းကိန်းသည်  တစ်နှစ်တာကာလအတွင်း  ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏   စုစုပေါင်းငွေကြေးတန်ဖိုး၊ တိုင်းပြည်၏ စီးပွားရေး အတက်အကျကို  ညွှန်ပြနေခြင်းလည်းဖြစ်သည်။

ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲအားပေးခြင်းဖြင့် ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုကို  တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား  ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍    နိုင်ငံ၏စီးပွားရေး အဆင့်အတန်း  မြှင့်တင်သွားရပေမည်။   နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့်   နိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍ အသီးသီးကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။   စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့်   အခြေခံအရင်းအနှီးမှာ  လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေမီးအစုံစုံပြည့်စုံလျှင်  ထိုရေမြေပေါ်တွင် အခြေပြုတည်ဆောက်သွားနိုင်မည့်     စီးပွားရေး အဆောက်အအုံများစွာ ပေါ်ထွက်လာနိုင်ပေသည်။

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေး   လုပ်ငန်းများစွာကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစုများစွာမှသည်   စီးပွားရေးတွန်းအား တစ်ရပ်ဖြစ်လာပြီး   ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးများ   ဖြစ်လာသည်အထိ တိုးတက်ပြောင်းလဲ  လာနိုင်ပေသည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေးဆိုင်ရာ လိုအပ်သော   နည်းစနစ်နှင့်အသုံးဝင်သော နည်းလမ်းများကို  ကောင်းစွာ အသုံးချရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီတွင်    စိတ်ကူးသစ် များစွာ ပါရှိသည်။  မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စားစီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။  မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့   တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဈေးကွက်ဝင်ရောင်းအား ကောင်းသည့် ပြင်ဦးလွင်က ဝိုင်၊ စတော်ဘယ်ရီ၊  နာနတ်ယိုနှင့်  မလိုင်မုန့်များ၊ ပုဂံညောင်ဦးက ပုန်းရည်ကြီးနှင့်ဆီးယို၊ ကျောက်ပန်းတောင်းအာလူးကြော် အစရှိသည့်   ဒေသထွက်စားစရာများသည်  လူတိုင်းပါးစပ်ဖျားတွင်   ရေပန်းစားလှသည်။

လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ်ရပ်တည်ကြသည်။   အပြန်အလှန်အားဖြင့်   ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏ တောင်းဆိုမှုအလိုက် ဖြည့်စွမ်းနိုင်သည့်အစီအမံများချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြုလုပ်ဆောင်သူများသည်  စားသုံးသူတိုင်းအတွက် လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့် ဈေးနှုန်းသည် ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သော  ပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့်   ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊    အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များဖြစ်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကို တွက်ဆ၍ ဈေးကွက်အပေါ်  သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများ  ပြုလုပ်ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်နှင့်အပြိုင် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊   တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ထိထိမိမိ အသုံးချရန် လိုအပ်ပေသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ပြီး   ကုန်ချောထုတ်လုပ်မှု အပိုင်းတွင်လည်း လူအများကြိုက်နှစ်သက်သည့်   အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများအထိ    ဈေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။

နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသ ထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့်   ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင်   ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း   ပုံစံတူအတုအပ သတိပြုစရာအခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည်  သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင် ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း  ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန် လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို   ပြသရန်ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး   အလေးထား ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုများနှင့် ရင်းနှီးစိုက်ထုတ်ငွေ လိုအပ်မှု  အစရှိသည့် လုပ်ငန်းတစ်ခု၏ အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို  ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ် နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားကို  အကဲခတ်နိုင်ရမည်ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသိရှိရမည့် စနစ်တစ်ခုဖြစ်သည်။  ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့် ယှဉ်ပြိုင်မှုအသွင်အပြင်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့်   အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ရာခိုင်နှုန်းမှာ  နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍   ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင်  လိုအပ်လျက်ရှိသည့် ကွက်လပ်များကို  ဖြည့်ဆည်းနိုင်ရေး စီးပွားရေး လုပ်ငန်းရှင်အားလုံး အသေးစားနှင့်အလတ်စား  စီးပွားရေး လုပ်ငန်းများ လုပ်ငန်းတစ်ခုချင်းမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို   အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။  လုပ်ငန်းတိုင်းသည် မှန်ကန်သော လုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။

တစ်ဦး၏အားသာချက်ကို   တစ်ဦးကနားလည်ပြီး  မိမိ၏အရည်အသွေးကို တိုးတက်စေသည့်   ပြိုင်ဘက်ကောင်း ရွေးချယ်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ထုတ်ကုန်အသစ်၊ အမယ်သစ်များ   ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။   ချေးငွေနှင့် အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံ ရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်း အစီအစဉ်ရှိသည်။ မတူညီသောလုပ်ငန်း အစီအစဉ်၊   မတူညီသောလုပ်ငန်း နယ်ပယ်များတွင်  လုပ်ငန်းတစ်ခု    ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည်  အကျိုးအမြတ်ကို  ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင် ကောင်းပေါ်တွင်  တည်မှီနေခြင်းကြောင့်  ခိုင်မာသော ဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ  ပိုမိုအားကောင်းလာပါက   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်၊   လူသုံးကုန်များနှင့် အဝတ်အထည်များ သုံးစွဲအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချသွားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း   ၂၀၂၅  ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ  နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌  (၇၈) နှစ်မြောက်   ပြည်ထောင်စုနေ့အထိမ်းအမှတ်  MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး   ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို   အခြားဒေသမှ  ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊  အားနည်းချက်များကို   သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည်    “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်”ကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု  အစီအမံများ  အောင်မြင်ရေးအတွက်   အားပေးမြှင့်တင်ရန်၊  MSME  များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့်    တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို  ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်   ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊  MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊   ပြည်ထောင်စုအဆင့် အသိအမှတ်ပြု  MSME  လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့်    ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ 

သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ လူတိုင်းအသုံးချနိုင်သည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ  ထုတ်လုပ်နိုင်မည်ဆိုပါက    ပြည်ပဝင်ငွေများလည်း ရရှိနိုင်ပေသည်။  နိုင်ငံတော်၏အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ပြည်ပဝင်ငွေရရှိခြင်း   အစရှိသည့်အခြေအနေများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေး(MSME) လုပ်ငန်းများကို   အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ပစ္စည်းအားလုံး Made in  Myanmar  စာတန်းထိုး ဖော်ပြပါရှိမှုနှင့်အတူ ထုတ်ကုန်များ ကမ္ဘာပတ်နိုင်ခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း   သုံးသပ်တင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

ထက်ဝေအောင်(စစ်ကိုင်း)

မြန်မာမိန်းကလေးတွေအတွက် မရှိမဖြစ် မြန်မာ့ရိုးရာသနပ်ခါးကတော့ ကျွန်မတို့ငယ်စဉ်ကလေးဘဝ ကတည်းက ကျွန်မတို့ရဲ့အဘွားတွေအမေတွေ အစ်မတွေက အမြတ်တနိုးလိမ်းပေးခဲ့ပါတယ်။ အသားအေးတယ်။ ချစ်စရာကောင်းတယ်။ ကလေးငယ်များကို သနပ်ခါးခွံ့ခြင်းဓလေ့လည်းရှိကြပါတယ်။  ကလေးတွေကြို့ထိုးရင်  သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ ခါးသက်သက်အရသာလေးကလည်း နှစ်သက်စရာလေးပါနော်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေဘိုသနပ်ခါးသီချင်းလေး ထဲက “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ၊ ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့   မန္တလေးမြို့တော်သူ   ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့်       စိမ်းစိမ်းညက်ညက်ဖြူဖြူ ကြံကြံဖန်ဖန်ရန်ကုန်သူ      မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန်သတဲ့ဆူ။” အသားဖြူဖို့   သနပ်ခါးလိမ်းပါတဲ့နော်။  နောက်ရှိပါသေးတယ်။

“ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ။” ဆိုတဲ့ သီချင်းလေးတွေက မြန်မာမိန်းကလေးတွေရဲ့ ချစ်စရာအလှတရားကိုဖော်ဆောင်ပေးပြန်ပါတယ်။

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့မှာတွေ့ရှိရကြောင်း    မှတ်သားရပါတယ်။   မြန်မာ့သနပ်ခါးဟာ       အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စီးပွားဖြစ် စိုက်ပျိုးကြရုံသာမက မိမိတို့ အိမ်ခြံဝင်းထဲတွင်လည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာခရိုင်အတွင်း သနပ်ခါးစိုက်ပျိုးထွက်ရှိရာ ‌ဒေသများအနက် အရာတော်မြို့ကို  “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါတယ်။   ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်လည်း ထင်ရှားပါတယ်။ သနပ်ခါးပင်ဟာ ရေငတ်ဒဏ်နှင့် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုကောင်းစွာခံနိုင်တဲ့   နှစ်ရှည်ပင်ဖြစ်ပါတယ်။ ဂရုတစိုက်ပြုစု ပျိုးထောင်ရတဲ့အပင်မျိုးဖြစ်ပြီး မြေချစိုက်ပျိုးတဲ့နေ့မှ   သုံးနှစ်အထိ အချိန်စောင့်ရပါတယ်။ သနပ်ခါးပင်ဟာ   တစ်ဖန်ပြန်ပြီး    စိုက်ပျိုးစရာမလိုတဲ့  အဖိုးတန် နှစ်ရှည်ပင် ဖြစ်ပါတယ်။ ပထမအကြိမ်ခုတ်ပြီး  သန်မာထွားကျိုင်းတဲ့သားတက်များ ထပ်ခါထပ်ခါ ထွက်လာနိုင်တဲ့အတွက် ဘိုးစဉ်ဘောင်ဆက်ခုတ်ယူရောင်းချနိုင်လို့ “အပူပိုင်းပဒေသာပင်၊   အပူပိုင်းဒေသရဲ့ရတနာ” တစ်ပါးလို့ တင်စားကြပါတယ်။

မြန်မာ့ရိုးရာယဉ်ကျေးမှုများစွာရှိတဲ့အနက်  မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်တဲ့ ဓလေ့တစ်ခုဖြစ်နေပါတယ်။ မြန်မာသနပ်ခါးလိမ်းတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ဟာ အေဒီ ၅ ရာစုမှအေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့ပြီး ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြကြောင်း   မှတ်သားရပါတယ်။  သမိုင်းမှာ ဗိဿနိုးဘုရင်မကြီးရဲ့ အလှပြင်ပစ္စည်းမှာ ကျောက်ပျဉ်နှင့်သနပ်ခါးပါဝင်ခဲ့သလို ရာဇဓာတုကလျာရဲ့ ရွှေပိန်းချကျောက်ပျဉ်ကိုလည်းတွေ့ရှိမှတ်သားရပါတယ်။ 

အေဒီ  ၁၁ ရာစု၌ ပုဂံပြည်ရှိ မြင်းကပါက ဂူပြောက်ကြီးဘုရား၊   နဂါးရုံဘုရား၊   အပယ်ရတနာဘုရားတို့၏ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနဲ့အသုံးပြုရတဲ့ကျောက်ပျဉ်နဲ့ အလှဆင်နေတဲ့ မိန်းမပျိုပုံများကို တွေ့ရှိရပါတယ်။  ဒါ့ကြောင့်  ရှေးခေတ်ကတည်းက သနပ်ခါးကို မြန်မာမိန်းကလေးများ နှစ်သက်မြတ်နိုးစွာ  အလှဆင်လိမ်းခြယ်ခဲ့ကြောင်းသိရှိနိုင်ပါတယ်။ အခုနှစ်မှာတော့    သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုသို့တင်သွင်းရန်အတွက် အ‌ထောက်အပံ့ဖြစ်ဖို့ လှုပ်ရှားမှုအနေနဲ့ သွေးချင်းတို့စုံလင် သနပ်ခါးသဘင်သရုပ်ဖော်ပြိုင်ပွဲကို   ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်။ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ  အသက်အရွယ်မရွေးလိမ်းခြယ်ကြပါတယ်။     နံနက်ခင်းအချိန်ကျောင်းတက်မယ့်   ကလေးငယ်များဆိုရင်   သနပ်ခါးဖွေးဖွေးနဲ့  အလွန်ပင်ချစ်စရာကောင်းလှပါတယ်။

ရုံးတက်မယ့် ရုံးဝန်ထမ်းမိန်းကလေးကြီးကြီးငယ်ငယ်တို့မှာလည်း   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှပတင့်တယ်နေကြပါတယ်။ အိမ်မှာကျန်ရစ်တဲ့ အဘွားတို့ကိုလည်း   သနပ်ခါးလေးလိမ်းခြယ်ပေးထားရင် အလွန်ကျက်သရေရှိနေပါတော့တယ်။

သနပ်ခါးကို အမြတ်တနိုးနဲ့ ပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိတဲ့ ရခိုင်လူမျိုးတို့ရဲ့ နံ့သာသွေးပွဲလေးကလည်း အလွန်ပင်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကျွန်မအဖေ စစ်တွေမှာ   တာဝန်ကျစဉ်က ပါဝင်ဆင်နွှဲခဲ့ရတဲ့   ရခိုင်လူမျိုးတို့ရဲ့   ရိုးရာသင်္ကြန်ပွဲတော်ဟာ       ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များနဲ့ ကျင်းပလေ့ရှိကြပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် သင်္ကြန်အကြိုရက်မှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ သနပ်ခါး   စတဲ့အမွှေးနံ့သာတို့ကို  တပျော်တပါးသွေးကြပြီး ရိုးရာဓလေ့အစဉ်အလာအတိုင်း ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာရည်များနဲ့ပူဇော်ခြင်း၊ ရောင်ခြည်‌တော်ဖွင့်ခြင်းတို့ပြုလုပ်ပြီး ကုသိုလ်ယူလေ့ရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ နံ့သာသွေးပွဲကို     စန္ဒာသူရိယမင်းလက်ထက်မှ စတင်ပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးသော  သက္ကရာဇ်  ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်မိဖုရားနဲ့တကွ မှူးမတ်ပြည်သူအပေါင်းတို့က နံ့သာသွေးကြကာ အမွှေးနံ့သာရည် များနဲ့ ပူဇော်ကြခြင်းကြောင့်   နံ့သာသွေးပွဲစတင် ကျင်းပခဲ့ကြကြောင်း မှတ်သားရပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံရဲ့      ဒေသတစ်ခုဖြစ်တဲ့ ယောနယ်မှာလည်း   သနပ်ခါးပါးတို့ပွဲဆိုတဲ့ ရိုးရာဓလေ့လေးတစ်ခုရှိပါသေးတယ်။   အင်မတန်ချစ်စရာကောင်းတဲ့   ပွဲတော်လေးဖြစ်ပါတယ်။    ကိုယ်တိုင်မကြုံရပေမယ့်     “သနပ်ခါးပါးတို့ပွဲ” သီချင်းလေးကို သတိရမိပါတယ်။

“ သဘောဖြူ မနောဖြူ ယောသူတို့ရွာ၊ ပုံတောင်ပုံညာကာဆီး ကြီးဧရာ့ရွာ အပျိုချောတွေ သောသောညံမစဲ အပျို အပျို အပျို အပျို၊ လူပျိုချောတွေ သောသောညံမစဲ လူပျို လူပျို လူပျို လူပျို၊ တစ်နှစ်တစ်ခါကြုံဆုံကြသည်ပွဲမှာ ချစ်ဘူတာရုံဆိုရမည်မလွဲပါ၊ ညလုံးပေါက်ဆင်နွှဲကြတာ သနပ်ခါးပါးတို့ပွဲပါ” တဲ့နော်။

ယောနယ်က တစ်ရွာနဲ့တစ်ရွာ စည်းလုံးညီညွတ်မှု၊ ၅၂၈  ချစ်ခြင်းမေတ္တာ၊ လူငယ်ဘဝ မောင်နှင့်မယ်တို့ရဲ့ ၁၅၀၀ မေတ္တာရသတို့ကို မြင်ရသိရတဲ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်မှာ မြတ်စွာဘုရား အားပူဇော်တဲ့ ဆီမီးဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများ၊ မီးကြာခွက်များနဲ့ မီးစကြာလှည့်ပွဲတို့ကို နယ်သူနယ်သားများစုပေါင်းပြီး   ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတာကလည်း   ကုသိုလ်ရေးဆိုလက်မနှေးတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။   လူကြီးလူငယ်အပေါင်း  မှန်တွေ ၊ သနပ်ခါးဘူးတွေယူကာ လှလှပပဝတ်စားပြင်ဆင်ပြီး မီးစကြာလှည့်မယ့်ပွဲတော်သို့သွားကြပါတယ်။ အဲဒီမှာ အပျို လူပျိုတွေတန်းစီပြီး သနပ်ခါးတို့သူကတို့ မှန်ထောင်ပေးသူဆီမှာ သနပ်ခါးညီမညီပြန်ညှိနဲ့ အင်မတန်ပျော်စရာကောင်းလှပါတယ်။   ယောနယ်ရဲ့  ချစ်စရာရိုးရာဓလေ့သနပ်ခါးပါးတို့ပွဲလေးက ကြည်နူးစရာအလွန်ကောင်းလှပါတယ်။ ကျွန်မရဲ့မိခင်ကြီးဇာတိမြို့  မင်းဘူးနဂါးပွက်တောင် မှာဆိုရင် စောင်းတန်းထဲမှာ သနပ်ခါးကျောက်ပျဉ်အကြီးကြီးနဲ့   သနပ်ခါးတုံးတွေ   လှူဒါန်းထားတာတွေ့ရပါတယ်။ ဘုရားဖူးလာရင်း နံ့သာသွေးပြီးလည်းလှူနိုင်သလို  ကိုယ်တိုင်လည်းလိမ်းကြ မှန်ကြီးကြီးကိုကြည့်ပြီး သနပ်ခါးညှိကြနဲ့  ပျော်စရာတစ်ခုပါပဲ။ မြန်မာနိုင်ငံအနှံ့အပြားက ဘုရားစေတီပုထိုးများရဲ့ ဘုရားစောင်းတန်းတွေမှာ  သနပ်ခါးကျောက်ပျဉ်နဲ့သနပ်ခါးတုံးတွေလှူထားတတ်ကြပါတယ်။ 

မြန်မာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာတစ်မျိုးဖြစ်ပါတယ်။ အပွေးအခေါက်ရှိတဲ့အပင်ဖြစ်ပါတယ်။ အသီး၊ အရွက်၊ အမြစ်၊ ပင်စည်၊ အကိုင်းအားလုံးဆေးဖက်ဝင်ပါတယ်။      မြန်မာ့ဆေးကျမ်းများမှာတော့ “သနပ်ခါးသည်ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာနှစ်မျိုးစလုံးကိုနိုင်စေ၏။    ပူ၍ကိုက်သော ဒူးဆစ်ရောင်ရောဂါကို သနပ်ခါးပင်အမြစ်ကိုသွေးလိမ်းပေးလျှင်   အေးပြီးအရောင်ကျစေ၏”  ဟုဆိုထားကြောင်းသိရပါတယ်။  သနပ်ခါးခေါက်မှာ Tannic acid အဓိကပါဝင်တဲ့အတွက် ဗက်တီးရီးယားများကိုသေစေနိုင်ခြင်း၊   အရေပြားကိုကျုံ့ဝင်စေပြီး တင်းရင်းစေတဲ့    အော်ဂဲနစ်ပစ္စည်းများပါဝင်တဲ့အတွက်   အရွယ်တင်နုပျိုစေခြင်း၊  အသားအရေကြည်လင်စေခြင်း၊ ဝက်ခြံ၊ တင်းတိပ်အဖြူအမည်းစက်များ၊ အဖုအပိမ့်များကို  ပျောက်ကင်းစေခြင်းတို့ဖြစ်ပါတယ်။ အရေပြားယားယံမှုဖြစ်ပါက သနပ်ခါးနဲ့ဆားကိုသွေးလိမ်းရင် ပျောက်ကင်းနိုင်ပါတယ်။ သနပ်ခါး လိမ်းထားတဲ့အခါ   အသားအရေမှာရှိတဲ့ ချွေးပေါက်၊ အဆီပေါက်တွေကိုကျုံ့သွားပြီး အဆီထွက်အားကို လျော့နည်းစေပါတယ်။  မြန်မာကျေးလက် လုံမပျိုတို့ဟာ   ကောက်စိုက်ချိန်၊    နွေရာသီ ကောက်ရိတ်သိမ်းချိန်၊ သီးနှံခူးချိန်တို့မှာ သနပ်ခါးကို ထူထူလိမ်းကာ အပူဒဏ်ကိုကာကွယ်လေ့ရှိပါတယ်။ ရှေးခေတ်နန်းတွင်းသူတို့လည်း နှစ်ခြိုက်စွာ လိမ်းခြယ်ခဲ့ကြကြောင်း  မှတ်သားရပါတယ်။  ယခုအချိန်ထိ မြန်မာအမျိုးသမီးများသာမက  အမျိုးသားများပါ နေ့စဉ်နေ့တိုင်း သနပ်ခါးကို အလှဆင်ပစ္စည်းအဖြစ် အမြတ်တနိုးလိမ်းခြယ်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း သနပ်ခါးကို ကြိုက်နှစ်သက်ပါတယ်။ အောက်ခံ ခရင်တစ်ခုခုလိမ်းပြီး သနပ်ခါးကို ထူထူလိမ်းလေ့ရှိပါတယ်။ သနပ်ခါးမပါရင် နေအပူဒဏ်ကိုခံနိုင်မှုမရှိပါ။   သနပ်ခါးပါးကွက်ကြားလေးနဲ့   လှရက်ရှာပေတယ်လို့ ဆိုကြတယ်မဟုတ်ပါလား။ သင်းသင်းလေးမွှေးသော သနပ်ခါးရနံ့လေးကိုလည်း အလွန်နှစ်သက်မိပါတယ်။ ကျောက်ပျဉ်ပေါ်မှာ မြန်မာ့သနပ်ခါးတုံးစစ်စစ်ကို   ရေလေးဖျန်းကာသွေးပြီး   လိမ်းရတဲ့ အရသာက အလွန်မွှေးပျံ့အေးမြလှပါတယ်။

သနပ်ခါးဟာ သင်းသင်းလေးမွှေးလို့ အခုချိန်မှာတော့ အလှပြင်ပစ္စည်းတချို့မှာ သနပ်ခါးနံ့လေးထည့်ပြီး ထုတ်လုပ်နေကြပါပြီ။  

ရေမွှေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါစတာတွေမှာလည်း သနပ်ခါးအနံ့ကို ဓာတုဗေဒနည်းနဲ့ဖော်စပ်ကာ ထည့်သွင်းအသုံးပြုကြပါတယ်။ သနပ်ခါးစစ်စစ်နှင့် မတည့်သူရှားမယ်လို့ထင်ပါတယ်။ မြန်မာ့သနပ်ခါးဟာ တော်ဝင်တဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်ကြီးတစ်ဦးက   သနပ်ခါးကို   N သုံးလုံး (Natural, Nontoxic,Non-allergic)လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

အခုအချိန်မှာတော့  ရယ်ဒီမိတ်သနပ်ခါးဘူးများ ထုတ်လုပ်နေကြပါတယ်။ သနပ်ခါးတုံးအစစ်လောက် မကောင်းပါဘူး။ သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်တင်သွေးပြီး ချက်ချင်းလိမ်းရတဲ့အရသာကိုပဲနှစ်သက်ပါတယ်။   သနပ်ခါးတင်မကဘဲ   ကျွန်မတို့နိုင်ငံမှာ အမွှေးနံ့သာပင်များလည်း  ပေါက်ရောက်ပါတယ်။ ကရမက်၊ နံ့သာဖြူ၊ တောင်တန်ကြီး၊ တောင်တန်ကတိုး  စတဲ့အမွှေးနံ့သာပင်များကလည်း ကျွန်မတို့ မြန်မာမိန်းကလေးများအတွက် သဘာဝကပေးတဲ့ အော်ဂဲနစ်အလှအပဆိုင်ရာပစ္စည်းများဖြစ်ကြပါတယ်။  ရာသီဥတုအပေါ်မူတည်ပြီး  လိမ်းကျံလို့ရပါတယ်။ ဆေးဖက်ဝင်တဲ့ အမွှေးနံ့သာများဖြစ်ပါတယ်။ ကရမက်ဆိုရင်အသားအေးတယ်။ နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးအမူးရောဂါအတွက် ကရမက်ကိုသွေးပြီး ဆန်ဆေးရည် ရောသောက်ပါက သက်သာစေနိုင်ကြောင်း မှတ်သားရပါတယ်။ တောင်တန်ကြီး၊ တောင်တန်ကတိုးဆိုရင် ခြေထောက်နာတာတို့ ကိုက်ခဲတာတို့ဆိုရင် ဆေးအဖြစ်လိမ်းနိုင်ပါတယ်။ နံ့သာဖြူ၊ နံ့သာနီတို့ဆိုရင် ကျွန်မတို့အဘွားတွေလိမ်းထားပါက အနံ့သင်းသင်းချိုချိုလေးနဲ့မွှေးနေတာပါ။    မြန်မာ့ဆေးကျမ်းမှာ “နံ့သာဖြူ၊   နံ့သာနီ(နံ့သာနှစ်ပါး) သွေးတဲ့အရည်နဲ့ ကံ့ကော်ဝတ်ဆံပေါင်းလိမ်းပေးရင်    ပူပြီးကိုက်တဲ့ ဒူးဆစ်ကိုက်ရောဂါသက်သာစေပါတယ်” လို့ မှတ်သားရပါတယ်။

သနပ်ခါးကို မြန်မာလူမျိုးသာမက နိုင်ငံခြားသားများကလည်း နှစ်ခြိုက်ကြကြောင်းတွေ့ရှိရပါတယ်။ သနပ်ခါးလေးနဲ့ မိန်းကလေးတွေဟာ အလွန်လှပကြပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးစံကို    များများဖော်ထုတ်ကြ စေချင်ပါတယ်။       သနပ်ခါးစစ်စစ်ထုတ်ကုန်များထုတ်လုပ်စေချင်ပါတယ်။ မြန်မာ့ရေမြေတောတောင်ကနေ ထွက်ရှိတဲ့ ဆေးဖက်ဝင်သဘာဝ မြန်မာ့သနပ်ခါးဟာ အဖိုးထိုက်တန်လွန်းလှပါတယ်။ မြတ်နိုးတန်ဖိုးထား သင့်ပါတယ်။   ကျွန် ကတော့ အမြဲသနပ်ခါးလိမ်းနေရရင်     ကျေနပ်နေတာပါပဲ။

ဘာမိတ်ကပ်မှလိမ်းဖို့မလိုပါဘူး။   အဖိုးတန်မြန်မာ့သနပ်ခါးကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကျွန်မတို့ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။    မြန်မာနဲ့ သနပ်ခါးဟာ ခွဲခြားမရတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြစ်ပါတယ်။

သနပ်ခါးလေးလူးပြီး   မြန်မာရိုးရာဝတ်စုံလေးဝတ်ကာ ကျက်သရေရှိတဲ့ ယဉ်ကျေးတဲ့ မြန်မာအမျိုးသမီးများ ကျန်းမာလှပနိုင်ကြပါစေ။     ။

Source: Myawady Web Portal

ချယ်ချယ် (YU)

ခန္ဓာကိုယ်မှာ အလုံး ဒါမှမဟုတ်  အဖုအကျိတ်တစ်ခုခုဖြစ်ပေါ်နေတယ်ဆိုရင်  ကင်ဆာများဖြစ်နေပြီလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ  ဖြစ်တတ်ပါတယ်။

အဖုအကျိတ်တိုင်း ကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ    အဖုအကျိတ်တွေထွက်ပေါ်လာတဲ့အခါ ကင်ဆာကျိတ် ဟုတ်၊ မဟုတ်  ခွဲခြားသိရှိနိုင်ဖို့ ကြိုတင်လေ့လာ ထားသင့်ပါတယ်။

ရင်သားပေါ်မှာ   အဖုအကျိတ်ပေါ်ရင်  ရင်သားကင်ဆာလို့ယူဆကြတယ်။    အဖြစ်များတာက ဖိုင်ဘရိုအဒီနိုမာ (Fibroadenoma) အကျိတ် ဒါမှမဟုတ်အန္တရာယ်မရှိတဲ့အရည်အိတ် (Cyst)ဖြစ်နိုင်ပါတယ်။

အဲဒီအကျိတ်က ဂလန်ဂျူလာ(Glandulas) တစ်သျှူးတွေကနေဖြစ်ပေါ်လာတဲ့ အန္တရာယ်ကင်းအကျိတ်ဖြစ်ပါတယ်။ ကိုင်ကြည့်ရင် တင်းတင်းမာမာလေးဖြစ်ပြီး ဘေးဘက်၊ အထက်အောက် ရွှေ့ကြည့်လို့ရပါတယ်။ အသက် ၂၀-၃၀ ဝန်းကျင်မှာ အဖြစ်များပါတယ်။ ကိုင်ကြည့်လို့ ဂျယ်လီလိုပျော့ပြီး နာကျင်ရင်တော့ အရည်အိတ်(Cyst) ဖြစ်နိုင်ပါတယ်။ အသက် ၃၀-၄၀ ကျော်အရွယ်မှာအဖြစ်များပါတယ်။

Fibroadenoma အကျိတ်က ကိုယ့်ကို ဘာဒုက္ခမှမပေးရင်   ဒီအတိုင်းထားလို့ရပါတယ်။   ဒါမှမဟုတ် နာကျင်လာရင် ဆရာဝန်က အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်ပေးနိုင်ပါတယ်။ အသက်  ၃၅ နှစ်အောက်ဆိုရင် အာထရာဆောင်းနဲ့ အရည်အိတ် (Cyst) ဟုတ်၊ မဟုတ် စစ်ကြည့်လို့ရပါတယ်။ အရည်အိတ် (Cyst) ဖြစ်ပြီး နေရထိုင်ရအဆင်မပြေရင် အဲဒီ  အဖုထဲက အရည်တွေစုပ်ထုတ်နိုင်ပါတယ်။ FNAB- Fine Needle Aspiration biopsy ဆိုတာကတော့ အကျိတ်ထဲ   အပ်သေးသေးထိုးထည့်ပြီး  ဆဲလ်တွေဖယ်ရှားပြီးတဲ့အခါ ဓာတ်ခွဲခန်းဆီပို့ပြီး ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။

ရင်သားကင်ဆာဆိုလည်း စိုးရိမ်စရာမလိုပါဘူး။ရင်သားကင်ဆာက အများအားဖြင့် နာကျင်မှုမရှိသလို Fibroadenoma နဲ့အရည်အိတ် (Cyst) ထက်စာရင်ကြီးထွားမှုနှေးကွေးပါတယ်။ အရွယ်အစား၊ ပုံသဏ္ဌာန်အပြောင်းအလဲကို သတိပြုမိရင်၊ ပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးခံစားရရင်   အကျိတ်ပေါ်ပြီး   အရေပြားနီရဲတာ၊ တွန့်ခေါက်တာ၊ ချိုင့်ဝင်တာ ဒါမှမဟုတ်အရည်ထွက်တာတို့ကို သတိပြုမိရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။   ရင်သားတစ်ဖက်တည်းမှာပဲ နာကျင်နေပြီး  ခံရခက်နေတယ်ဆိုရင်တော့ စိုးရိမ်သင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ရင်  ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း  (Chemotherapy)၊ ဓာတ်ရောင်ခြည်ပေးခြင်း (Radiation) တို့ ပြုလုပ်ပြီး ကုသမှုခံယူတဲ့အခါ လုံးဝပျောက်ကင်းတဲ့ အခြေအနေထိရောက်ရှိနိုင်ပါတယ်။

ခြေထောက်မှာ အကျိတ်မာမာဖြစ်နေတဲ့အခါ ကင်ဆာထင်ပြီး    ကြောက်ရွံ့နေတတ်ပါတယ်။ ဖြစ်နိုင်ခြေက အဆီဖု  ဒါမှမဟုတ်  အရေပြားပေါ်က အကျိတ်   (Dermatofibroma)   ဖြစ်ပါတယ်။

အရေပြားအကျိတ်    (Dermatofibroma)  ဆိုတာ ကင်ဆာမဟုတ်တဲ့ အကျိတ်မာဖြစ်ပါတယ်။ အသားရောင်၊ အဖြူရောင်၊ ပန်းရောင် စတဲ့အရောင်တွေရှိပြီး ပိုးကိုက်သလို၊ ဆူးစူးသလို ပြန်လည်တုံ့ပြန်တာဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဲဒီအကျိတ်က ခြေထောက်၊ လက်၊ ဗိုက်၊ ခါး၊ လည်ပင်းမှာဖြစ်ရင်‌ ဒါက အဆီဖု(Lipoma) ဖြစ်ပါတယ်။

အဖုအကျိတ်တွေကြီးထွားလာပြီး အလှမပျက်မချင်း    ဖယ်ရှားစရာမလိုပါဘူး။      ကင်ဆာမျိုးဖြစ်တဲ့ စကွေးမက်ဆဲလ်ကင်ဆာ  (Squamous cell  carcinoma) ကတော့  ခြေ၊ လက်၊ မျက်နှာနဲ့ နားမှာဖြစ်တတ်ပြီး အရင်ဆုံး အနီရောင်အရေပြားကနေ တဖြည်းဖြည်းကြီးပြီး မာလာတတ်တယ်။ ဒါကြောင့်အပြောင်းအလဲတစ်ခုခု   သတိထားမိလိုက်တာနဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ပေါင်ခြံမှာ အဖုစမ်းမိရင် ကင်ဆာဆိုပြီး စိုးရိမ်မိ တတ်ကြတယ်။ ဖြစ်နိုင်ခြေက အသားပို ဒါမှမဟုတ်အရေပြားထဲမြုပ်နေတဲ့  အမွေးဖြစ်တတ်တယ်။

အသားပိုထွက်တာက    ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်ရှိ ပေါင်ခြံ၊   လည်ပင်း၊  ချိုင်း၊  ဆီးခုံနဲ့ပေါင်တို့မှာဖြစ်တတ်ပါတယ်။ ချိုင်းနဲ့ဆီးခုံမှာ အမွေးအမှင်တွေ ကိုဖယ်ရှားပြီးနောက် အသစ်ထွက်လာတဲ့ အမွေးတွေက   အပြင်မထွက်ဘဲ   အတွင်းမှာမြုပ်နေရင်လည်းအဖုဖြစ်နိုင်ပါတယ်။

အသားပိုတွေကို ဆရာဝန်တွေအနေနဲ့ ဖယ်ရှားပေးဖို့လွယ်ကူပေမယ့် ကိုယ့်ကိုအန္တရာယ်မပေးရင်ဒီအတိုင်းထားလို့ရပါတယ်။ အမွေးက အရေပြားထဲမြုပ်နေရင် တစ်ခါတစ်ရံရောဂါပိုးဝင်ပြီး ရောင်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေး( Antibiotic) လိုပါတယ်။    ဒီလိုမဖြစ်ရအောင်    အမွေးမရိတ်မီ အရေပြားကြေးချွတ်နိုင်ပါတယ်။ အမွေးပေါက်တတ်တဲ့နေရာတွေကို ပိုးသတ်နိုင်တဲ့လက်ဖက်ဆီ  (Tea Tree Lotion) လိမ်းပေးနိုင်ပါတယ်။

အဖုက တဖြည်းဖြည်းကြီးလာပြီး စမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေတာ၊ သွေးထွက်တာတို့ရှိရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။   နောက်ပြီး  ချိုင်း၊ပေါင်ခြံနဲ့   လည်ပင်းမှာ   နာကျင်မှုမရှိတဲ့အဖုကတစ်လကျော်ကြာဖြစ်ပေါ်နေရင်လည်း ဆရာဝန်နဲ့ပြသသင့်ပါတယ်။

လည်ပင်းမှာထွက်တဲ့အကျိတ်က   အဆီအိတ် (Sebaceous  cyst) ဖြစ်နိုင်ပါတယ်။ အသက် ၂၀-၃၀ ကျော်အရွယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။

ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်ပါတယ်။ အဆီဂလင်းတွေပိတ်ပြီး   အဆီတွေများလာကာ  1-10စင်တီမီတာနဲ့အထက်အရွယ်ရှိ  နာကျင်မှုကင်းတဲ့ အဖုတွေဖြစ်လာနိုင်ပါတယ်။

ဆရာဝန်က ထုံဆေးပေးပြီး ဖယ်ရှားလို့ရပေမယ့် ခွဲစိတ်လို့ကျန်ခဲ့တဲ့အမာရွတ်က     နဂိုအဖုအကျိတ်ထက်တောင် ပိုကြီးနိုင်တာကြောင့် အဖုကြီးမှ ဒါမှမဟုတ် ရောဂါပိုးဝင်နိုင်ခြေရှိမှ ခွဲထုတ်လေ့ရှိပါတယ်။

အဆီအိတ်အဖုကနေ ကင်ဆာဖြစ်မလာနိုင်ပေမယ့် အဲဒီအဖုက အနီရောင် ဒါမှမဟုတ် ပန်းရောင်အဖုလေးဖြစ်ပြီး အက်ကွဲတာ၊ သွေးထွက်တာတို့ဖြစ်လာရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

 အရေပြားအောက် အဆီကျိတ်တွေက အရေပြားအောက်နားကထွက်လာတဲ့    အဆီအိတ်     ဒါမှမဟုတ် အလုံးငယ်လေးဖြစ်ပြီး မျက်နှာ၊ လည်ပင်းနဲ့ နောက်ကြောတွေမှာ အဖြစ်များပါတယ်။ ဒီအဖုအကျိတ်တွေက    နာကျင်မှုမရှိဘဲ    လှုပ်လို့ရတာ၊ ဖြည်းဖြည်းချင်းကြီးလာတာများတယ်။   ဒါပေမဲ့ တစ်ခါတလေ  ရောင်ပြီးနာလာတတ်တယ်။

မွေးညင်းပေါက်နားမှာဖြစ်တာများပြီး တစ်ခါတလေမှာ  ထိခိုက်ဒဏ်ရာကြောင့် ပိုဆိုးတတ်ပါတယ်။

အဆီကျိတ်တွေက အရေပြားအောက်နားလေးကထွက်လာတဲ့နာကျင်မှုမရှိတဲ့  အဖုငယ်လေးဖြစ်ပြီး နှစ်ကြာလာတဲ့အခါ အလွန်ကြီးလာတတ်တယ်။

အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးလည်းဝင်လာနိုင်တယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အဖုက နီရဲပြီး နာလာတယ်။ ဒီလိုဖြစ်လာရင် အရည်ပျစ်ပျစ်တွေထွက်လာတတ်တယ်။ လိုအပ်ရင် အသားစယူပြီးစစ်ဆေးကြည့်သင့်ပါတယ်။

ကုထုံးတွေအနေနဲ့  အဖုအကျိတ်တွေကအန္တရာယ်မရှိလို့ ဒီအတိုင်းထားလို့ရတယ်။ ဒီအဖုတွေက  နီပြီး ရောင်ရမ်းလာရင်တော့ ရေနွေးဝတ်ကပ်ပေးသင့်ပါတယ်။ ရောင်နေတဲ့အဖုကို အရောင်ကျစေဖို့    စတီးရွိုက် (Steroid)  ဆေးထိုးတာ၊ ပြည်တည်ပါက ခွဲထုတ်တာအပြင် အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေမှာအဖုဖြစ်ရင်၊  အဲဒီအဖုမှာ  ရောဂါပိုးဝင်နေမယ်ဆိုရင်  ခွဲစိတ်ထုတ်ပစ်သင့်ပါတယ်။

အဖုအကျိတ်အားလုံး      ကင်ဆာမဟုတ်တဲ့အတွက်   အမြဲစိတ်ပူနေဖို့မလိုပါဘူး။   ခန္ဓာကိုယ်အပေါ်ယံအရေပြားကနေ စမ်းလို့ရတဲ့အဖုအကျိတ်အများစုက မစိုးရိမ်ရပါဘူး။

အဖုအကျိတ်ကိုကိုင်ကြည့်ရင်ပျော့တယ်၊  လှုပ်တယ်၊     ရွေ့သွားတယ်၊    နာတယ်။ အဆီကျိတ် (Lipoma) နဲ့ ချွေးပေါက်ကနေထွက်တဲ့အကျိတ်  (Sebaceous cyst )တွေက မနာတတ်ပါဘူး။

တစ်ခါတစ်ရံ လှုပ်ရှားမှုလုပ်လိုက်ရင်နာတယ်၊ကြီးလာတယ်၊ အနားပေးလိုက်ရင် သက်သာသွားပြီး သေးသွားတယ်။  ဒါက  အားကစားသမားတွေမှာထိခိုက်မိရင်   ပြင်းပြင်းထန်ထန်လှုပ်ရှားတဲ့အခါအဖုအကျိတ်ပေါ်တာမျိုးပါ။ ဒါမျိုးဆိုရင် ရေခဲအုံပြီး ပတ်တီးစည်းပေးသင့်ပါတယ်။

ကိုင်ကြည့်ရင်မာတယ်၊ မရွေ့ဘဲ တဖြည်းဖြည်းနဲ့ကြီးလာတယ်။ အမျိုးသမီးတွေရဲ့ ရင်ဘတ်အကျိတ်၊အမျိုးသားတွေရဲ့ငယ်ပါအကျိတ်၊ ချိုင်း၊ လည်ပင်း၊ ပေါင်ခြံနေရာကအကျိတ်တွေဆိုရင် သတိထားသင့်ပါတယ်။

 ဘယ်အဖုအကျိတ်ကိုမဆို   ၁ လက်မထက် တဖြည်းဖြည်းကြီးလာရင်    သတိထားသင့်တယ်။ ထိမိခိုက်မိတာမဟုတ်ဘဲ အဖုအကျိတ်၊ အလုံးအသစ်တစ်လုံးပေါ်လာပြီး  တစ်ပတ်၊ နှစ်ပတ်လောက်အတွင်း ပျောက်မသွားရင် မိသားစုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ အဖုအကျိတ်တိုင်းကင်ဆာ တစ်ခုတည်း စဉ်းစားစရာမဟုတ်ဘဲ တီဘီကိုလည်း ခေါင်းထဲထည့်စဉ်းစားရမှာဖြစ်တယ်။  အဖုအကျိတ်တိုင်း ဆေးတွေလိမ်းလိုက်၊ သောက်လိုက်လုပ်စရာမလိုပါဘူး။ ညှစ်မထုတ်သင့်ပါဘူး။ အဆီကျိတ်အများစုက ကင်ဆာမဟုတ်ပါဘူး။ မမာဘူး၊ လှုပ်လို့ရတယ်၊ အကျိတ်ကိုစမ်းကြည့်လို့ လိမ့်နေတယ်ဆိုရင်   မခွဲဘဲနေနိုင်ပါတယ်။ အရေပြားတင်မက အမြစ်ပါတွယ်နေရင် ခွဲစိတ်ဖယ်ရှား သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။        ။              

 

ဒေါက်တာလွင်သန့်

နှာရည်ယိုရွှဲ တပို့တွဲ

တပို့တွဲလသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး ဆောင်းရာသီ နောက်ပိုင်းချိန်ဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တို့ တွဲညွတ် သောရာသီဖြစ်၍ တပို့တွဲလဟုခေါ်ခြင်းဖြစ်သည်။ တပိုဝ်သည် ထန်းဖူးကိုဆိုလိုပြီး တွဲသည်၊ အသီးခိုင်တွဲလောင်းကျသည်ကို ရည်ညွှန်းသည်။ တပို့တွဲလတွင် ထန်းဖူးများကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည် ခံသည့်လဖြစ်၍    ထိုလ၌  ထန်းတောင်သူများ   ထန်းလျက်ချက်ကာ အလုပ်များသောလဖြစ်သည်။

တပို့တွဲလ၏ အထိမ်းအမှတ်ပန်းများမှာ ပေါက်ပန်း၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမင်းနဲပွဲကျင်းပကြသည်။ ကောက်ညှင်း စပါးသစ်ပေါ်ချိန်တွင်   ထမင်းနဲထိုး၍   ကျွေးမွေး လှူဒါန်းလေ့ရှိကြသည်။

ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့ကာ နွေဦးပေါက်လာသည်။ ဆယ့်နှစ်လရာသီရှိသည့်အနက် ရှေးယခင်က မြန်မာနိုင်ငံ၏  အေးသောလကို  တပို့တွဲလအဖြစ်   သတ်မှတ်ခဲ့ပြီး အချမ်းအေးဆုံးအချိန်ကို တပို့တွဲလပြည့်နေ့မတိုင်မီ လေးရက်အလိုနှင့် တပို့တွဲလပြည့်ပြီးနောက်   လေးရက်အထိ   သတ်မှတ်ခဲ့ကြသည်။  တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲ တပို့တွဲဟုလည်း ဆိုကြသည်။

တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့

သနပ်ခါးစိုက်ပျိုးသော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့်ပေါက်မြို့တို့၌  တပို့တွဲလပြည့် နေ့ညတွင်  မြို့နယ်များအလိုက်  ဘုရားစေတီများ၌ သနပ်ခါးမီးပူဇော် ခြင်းနှင့်အတူ ထမနဲစတုဒိသာပွဲများ ပြုလုပ်လေ့ရှိကြသည်။ ဖော်ပြပါ သနပ်ခါးစိုက်ပျိုးသော ဒေသများအနက် အရာတော်၊ ရေစကြို၊  မြိုင်၊ ရွှေဘိုမြို့တို့တွင် သနပ်ခါးမီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ် တပို့တွဲလပြည့်နေ့က စတင်ကျင်းပနိုင်ခဲ့ပြီး  ၂၀၂၀  ပြည့်နှစ်က ပေါက်မြို့၌ ထမနဲပွဲနှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။  ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်လိုက်သည်။

ပေါက်ပန်းအကြောင်း သိကောင်းစရာ

ဆယ့်နှစ်လရာသီပန်းများတွင်  ပေါက်ပန်းသည် တပို့တွဲလ၏ပန်း အဖြစ် မှတ်တမ်းတင်ထားသည်။  ရာသီမသိ ပန်းနှင့်ညှိဟူသော  ဆိုရိုး စကားနှင့်အညီ နှာရည်ယိုရွှဲ တပို့တွဲကာလ၌ ပေါက်ပင်တစ်ပင်လုံး ပန်းများဝေနေအောင် ပွင့်ကြသည်။   ပေါက်ပန်းများသည်   ကြက်တူရွေး နှုတ်သီးသဏ္ဌာန်ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော်လည်း အပွင့်အလွန်လှသည်။  လိမ္မော်ရောင်နီကြန့်ကြန့်ပန်းများ ပင်လုံး ကျွတ်ဝေဆာနေသဖြင့်  အဝေးမှကြည့်လျှင်  မီးတောက်များသဖွယ် အမြင်ဆန်းကြယ်နေသည်။ ထို့ကြောင့် ရောမလူမျိုးများက ပေါက်ပင်ကို Flame of the Forest  (သစ်တောမီးတောက်ပင်)  ဟု အင်္ဂလိပ်အမည် မှည့်ခေါ်ကြဟန်တူသည်။  မြန်မာနိုင်ငံ၏  အထက်အညာဒေသများ၌  အဖြူရောင် ပေါက်ပန်းမျိုးကိုလည်း တွေ့ရတတ်သည်။

အရသာရှိသောပေါက်ပန်း

 သဘာ၀အလျောက်ပေါက်ရောက်သော်လည်း တချို့ကဟင်းလျာ အဖြစ်စားသုံးရန်  ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အပွင့်၏အရသာမှာ မဆိုသလောက်ခါး၍ ဆိမ့်သက်သဖြင့် ခံတွင်းရှင်းသည်။ အပွင့်ကို ကြော်စား၊ ချက်စား၊ ဟင်းချိုချက်စား၊ ပြုတ်ပြီးသုပ်စား စသည်ဖြင့် ဟင်းလျာမျိုးစုံ ပြုလုပ်စားသုံးနိုင်သည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်စားနိုင်သလို အရွက်ကြော်အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍ တစ်ဖုံစားသုံးနိုင်သည်။

ပေါက်ပင်၏ပုံသဏ္ဌာန်

ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်သည်။ တောင်တန်းဒေသများမှအပ  မြန်မာနိုင်ငံမြေပြန့်ဒေသရှိ ချောင်း၊ မြောင်း၊ အင်း၊  အိုင် နံဘေးများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသည်။  ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ  ၅၀ မှ ပေ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များပါရှိပြီး အကိုင်းအခက်ကောက် ကွေး၍ထွက်သည်။    အညွန့်နှင့်အရွက်တို့တွင်  ကတ္တီပါကဲ့သို့   နူးညံ့သော အမွေးများရှိသည်။ အခေါက်မှ အနီရောင်အစေးများ ထွက်ရှိသည်။ အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍ အရင်း ကျယ်သည်။ အရွက်၏ အပေါ်ယံမျက်နှာပြင်သည် သားရေကဲ့သို့ပြောင် ချောသော်လည်း  အောက်မျက်နှာပြင်တွင်  အမွေးနုလေးများရှိသည်။  ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ တန်ခူးလ၊ ကဆုန်လတို့တွင် အသီးသီးလေ့ရှိသည်။  အသီးတောင့်သည်  ၆ လက်မမှ  ၈ လက်မ အထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်း တွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင် ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။

ဆေးဖက်၀င် ပေါက်ပန်း

အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့်  အစိတ်အပိုင်းအားလုံး ဆေးဖက်၀င်သည်။    မြန်မာ့ဆေးကျမ်းများ အဆိုအရ ပေါက်ပင်သည် ဖန်၊ ခါး၊ စပ်အရသာရှိသည်။ ပူသည်၊ ဝမ်းမီးကိုတောက်စေသည်၊ ကျိုးသောအရိုးကိုဆက်စေသည်၊ ဆီးရွှင်စေသည်။ ပေါက်သီး သည် စပ်သည်၊  ဒူလာသရောနာ၊ ဝမ်းမီးတောက်သောအနာ၊  အလုံးအခဲ တည်သောအနာ၊  မြင်းသရိုက်နာများအားနိုင်သည်။ အပွင့်သည် ဖန်၊ ခါး၊ စပ်သည်၊ အေးသည်၊ လေကိုပွားစေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။  အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့်နှင့် နူနာရောဂါတို့ကိုပျောက်ကင်းစေသည်။ ကြက်မျက်သင့်သော အနာ၊ နှာစေးနာတို့ကိုနိုင်သည်။ အဆီ အနှစ်ကိုဖြစ်စေသည်။  ဝမ်းကိုက်ရောဂါကို  ပျောက်ကင်းစေသည်ဟု ဖော်ပြထားသည်။

အိန္ဒိယဆေးကျမ်းများတွင်    ပေါက်စေ့သည်    ဝမ်းသက်စေသည်၊ ကပ်ပါးကောင်များကိုသေစေသည်။   ပေါက်ရွက်နှင့်ပေါက်ပန်းသည် ခွန်အားဖြစ်စေသည်၊ အရေပြားကို သွေးတိတ်စေသည်၊ ဆီးရွှင်စေသည် ဟု ဖော်ပြထားသည်။

အပွင့်နှင့်ကျန်းမာရေး

- အဖြူ နှင့် အနီ နှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍    ဆေးစွမ်းထက်မြက်သည်။

- ပေါက်ပွင့်ကို ရေအေးတွင်   တစ်ညစိမ်၍   နံနက်တွင်   သကြား      အနည်းငယ် ထည့်သောက်ပါက စအိုဝနာခြင်း၊  ဆီးနှင့်ရော၍သွေးပါ ခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။

- ဆီးချုပ်ခြင်း၊   ဆီးအောင့်ခြင်း၊   ဆီးအိမ်ရောင်ခြင်းတို့အတွက်   ပေါက်ပွင့်ကို   ရေနွေးနှင့်ကျိုချက်သောက်ပါ။  ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ် အုံပေးခြင်းဖြင့် ဆီးရွှင်စေသည်။

- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင်  လက်ဖက်ခြောက်ကဲ့သို့ခတ်၍ သောက်ပါက အသည်းရောဂါအမျိုးမျိုးနှင့် ပျက်စီးနေသောအသည်း ကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်း ကိုပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အသက်ကြီးသူများ ဖြစ်တတ်သော   လေအားနည်းဝေဒနာကိုလည်း  သက်သာစေသည်။

- အပွင့်ကို  အရည်ညှစ်ပြီး မျက်စိတွင်ခတ်ပေးပါက   မျက်စိမှုန်၊ မျက်စိဝေခြင်းတို့ကို ပျောက်ကင်းစေသည်။

- ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့် သို့မဟုတ်  အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါ။

- အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့် ရောဂါဖြစ်ပါက အပွင့်ကို ပြုတ်စားပေးနိုင်သည်။

- မီးယပ်အဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါအတွက် အပွင့်ကို သုပ်စားနိုင်သည်။

အစေးနှင့်ကျန်းမာရေး

- အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့်   အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းနိုင်ပါသည်။

- ပေါက်စေးကို  ဝမ်းသွားပျောက်ဆေးအဖြစ်  ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ၀မ်းသွားခြင်းဖြစ်ပါက ပေါက်စေးလက်ဖက် ရည်ဇွန်း သုံးပုံတစ်ပုံခန့်ကို တစ်ရက်လျှင်သုံးကြိမ်   ရေနွေးဖြင့်   သောက်ပါ။

အစေ့နှင့်ကျန်းမာရေး

- ပေါက်စေ့သည် ဝမ်းကိုက်နာ၊  အလွန်ပူသောအနာနှင့်  သွားနာရောဂါများကိုနိုင်သည်။

- ပွေး၊  ယားနာများအတွက် ပေါက်စေ့ကို  သံပရာရည်နှင့်သွေး၍ လိမ်းပါ။

- အစေ့ကို ရေတွင်စိမ်၍ အခွံခွာပြီးလျှင် အတွင်းဆန်ကို  အခြောက်လှန်းကာ ကြိတ်၍   နံနက်၊ ည  တစ်နေ့နှစ်ကြိမ်    ဆက်စားပြီး  လေးရက်မြောက်သောအခါ  ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျစေနိုင်သည်။

- ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့်သန်ကောင်တို့ကိုနိုင်သည်။ ပေါက်စေ့၊ ငရုတ်ကောင်းနှင့် ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးလေးများလုံးပြီး စားလျှင် သန်ကောင်များကိုသေစေသည်။

အရွက်နှင့်ကျန်းမာရေး

- အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။

- အရွက်ကို အနာ၊ အဖုအပိမ့်များပေါ် လိမ်းအုံပေးပါက ပျောက်ကင်းစေသည်။

- အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့်    ဆတူရောပြီး  ရှူပေးပါက  စိတ်ဖောက်ပြန်ပျံ့လွင့်သော ရောဂါကို ပျောက်ကင်းစေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်း အတိုင်း ရှူပေးပါ)

-  အတက်ရောဂါ၊  ဝက်ရူးပြန်ရောဂါဖြစ်ပါက   ပေါက်ရွက်ကို  ငရုတ်ကောင်းနှင့်ရောကြိတ်ပြီး ရှူပေးပါ။

- ပေါက်ရွက်ကို ကျီးအာသီးဆန်နှင့် ရောစားပါက  ပန်းသေရောဂါ  ပျောက်ကင်းနိုင်သည်။

- တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက်   ပေါက်ရွက်ကို   ကြက်သွန်နီများများနှင့် ကြော်စားပါ။

- အပူလောင်နာဖြစ်ပါက ပေါက်ရွက်သတ္တုရည်ထည့်ပေးပါ။

- ထိခိုက်ဒဏ်ရာရပါက   ပေါက်ရွက်သတ္တုရည်ကို   လက်ဖက်ရည်    အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။ အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။

အခေါက်နှင့်ကျန်းမာရေး

-  အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။

- အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော်  အဆိပ်တက်ခြင်းမှပြေစေသည်။

- တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့်အခေါက်ပြုတ်ရည်သောက်ပါ။

ဥနှင့်ကျန်းမာရေး

- ပေါက်ဥမှုန့်ကို  ပျားရည်နှင့်စားပါက  အားအင်ပြည့်ဖြိုးကာ အသက် ရှည်စေသည်။

အမြစ်နှင့် ကျန်းမာရေး

- အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွံခြင်းတို့ကို ပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။

- အဆစ်ရောင်ရောဂါအတွက်  အမြစ်ကိုရေနှင့်သွေးပြီး  မီးနှင့်နွေးအောင်ပြုလုပ်ကာ ရောင်နာနေသော အဆစ်ပေါ်လိမ်းပေးပါ။

သတိပြုရန်

ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော်လည်း  တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကြူး စားသောက်မိပါက ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ စားသုံးရန် မသင့်ကြောင်း ရေးသားလိုက်ရပါသည်။ 

Source: Myawady Web Portal

 

ပေါက်ပေါက်

မြန်မာနိုင်ငံတွင်   ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းဝတ်ရေးဖူလုံစေခြင်းအပြင် ပြည်တွင်းလိုအပ်သောကုန်ကြမ်းများကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ ချည်တင်သွင်းမှုလျှော့ချနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့်   နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရန်မှာ  အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း  ဝါသီးနှံကို မြန်မာနိုင်ငံ၏   သီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ အရေးပါသော မဏ္ဍိုင်သီးနှံ ၁၀ မျိုးတွင် တစ်ခုအဖြစ်ထည့်သွင်းလျက် စိုက်ပျိုးထုတ်လုပ်မှု   တိုးတက်မြင့်မားရေးကိုတွန်းအားပေး   ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်မှာ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။    ထို့ပြင် နိုင်ငံတော်မူဝါဒမှာလည်း လက်ရှိဝါစိုက်ဧကအပေါ်တွင်   တစ်ဧက ပန်းတိုင်အထွက်နှုန်းရှိရန် ကြိုးစားဆောင်ရွက်ရေး  လမ်းညွှန်မှု ပြုထားသဖြင့် ဝါတစ်ဧက  ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေးကိုလည်း  စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကာလအတွင်း  မျိုးစေ့ထုတ်ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း၊   စံပြကွက်၊ စမ်းသပ်ကွက်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက်   ဌာနအစီအစဉ်ဖြင့် ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ထက် ၆၄,၆၀၇ ဧက၊ ၁၆ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက်  ၅၇,၅၄၁ ဧက၊ ၁၂ ဒသမ ၅၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရသည်။ အထွက်နှုန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  ၂၀၂၁-၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တစ်ဧကလျှင် ၂ ဒသမ ၄၈ ပိဿာ ပိုမိုထွက်ရှိခဲ့ပြီး  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက်  တစ်ဧကလျှင် ၃၄ ဒသမ ၆၁ ပိဿာ ပိုမိုတိုးတက်ထွက်ရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ဝါသီးနှံပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ရရှိရေးနှင့် အရည်အသွေးကောင်းဝါများရရှိရေးအတွက် ဖော်ပြပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်-

ဝါသီးနှံဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း

ဝါသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တို့ရှိ ခရိုင် ၂၆ ခရိုင်၊ မြို့နယ် ၇၆ မြို့နယ်တွင် ဇုန်ပေါင်း ၁၄ ဇုန်ဖြင့် ၂၀၂၃-၂၀၂၄ မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ ဝါသီးနှံဇုန်များသတ်မှတ်ကာ  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ချည်မျှင်အလွန်ရှည်သော စပ်မျိုးများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအတွင်း  ၁/၈၀ ချည် အပါအဝင် အရည်အသွေးကောင်းချည်များ ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်အလွန်ရှည်သောဝါမျိုးများ    စိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်သောကြောင့် လက်ရှိချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာ ဧကငါးသိန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သောဧက တစ်သိန်းအား ဂွမ်းမွေးအရှည် ၃၂ မီလီမီတာနှင့် အထက်ရှိသော ဝါမျိုးများစိုက်ပျိုးခြင်းကို ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းမှစ၍ တဖြည်းဖြည်းတိုးချဲ့သွားရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း

ဝါမျိုး၏ မျိုးရိုးဗီဇသည် ဝါအထွက်နှုန်းအပေါ် ၅၀ - ၆၀ ရာခိုင်နှုန်းအကျိုးပြုစေသောကြောင့် မျိုးရိုးဗီဇခိုင်မာကောင်းမွန်သော ဝါမျိုးများရွေးချယ်စိုက်ပျိုးရမည်ဖြစ်ရာ ဝါမျိုးစေ့စနစ် ဖွံ့ဖြိုးစေရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြုခြင်း၊ မျိုးစေ့၏သန်စွမ်းနိုင်စွမ်း (Seed Vigor)ကောင်းမွန်၍ ကျန်းမာသန်စွမ်း

သည့်မျိုးစေ့များကို   အသုံးပြုခြင်း၊ ဂွမ်းမွေးတိုချွတ်ထားသော (Acid Delinted) ဝါမျိုးစေ့များကိုအသုံးပြုခြင်း၊ တစ်ဧက အပင်ဦးရေနှုန်းမြင့်မားမှု (High Population Density)ကို ခံနိုင်ရည်ရှိသောဝါမျိုးများ ရွေးချယ်အသုံးပြုခြင်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်ကာ   စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၊ ဝါသီးနှံမျိုးသန့်ခြံများမှ သုတေသနပြု၍ မျိုးစေ့စီးဆင်းမှုစနစ်(Seed Flow)နှင့်အညီ   ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသောချည်မျှင်ရှည်ဝါမျိုး ငါးမျိုးအား အက်စစ်ဖြင့် ဂွမ်းမွေးတိုချွတ်ခြင်း၊ ဆေးလူးနယ်ခြင်း၊ အခြောက်ခံ၍ စနစ်တကျထုပ်ပိုးခြင်းများ ဆောင်ရွက်ပြီးမှသာ  တောင်သူများထံ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ ထို့ပြင် ဝါမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသည့်ခြံများ၊ ဝါကြိတ်စက်များအနေဖြင့်  ဝါမျိုးစေ့ ဂွမ်းမွေးတိုချွတ်သည့်   လုပ်ငန်းစဉ်ကို  စနစ်တကျ   ဆောင်ရွက်နိုင်စေရန် နည်းပညာပေးခြင်းအပါအဝင် လိုအပ်သည့်အစီအမံများ၊ ပစ္စည်းကိရိယာများကို ဖြည့်တင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝအသုံးချနိုင်ရေး စီမံဆောင်ရွက်ခြင်း 

မျိုးစေ့အနေဖြင့် အမွေးတိုချွတ်ခြင်း (Acid Delinted)လုပ်ထားသော ဝါမျိုးစေ့များအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် မြေဩဇာအချိုးကျအသုံးပြုရန်အတွက် ချည်မျှင်ရှည်ဝါတစ်ဧကတွင် ယူရီးယား-တီစူပါ-ပိုတက်ရှ်(NPK)ဓာတ်မြေဩဇာကို စိုက်ပျိုးမြေအသင့်အတင့်ကောင်းမွန်ပါက (၂၂၄-၁၁၂-၂၂၄) ပေါင်နှုန်း  သို့မဟုတ် ကွန်ပေါင်း-ယူရီးယား-ပိုတက်ရှ်(၂၂၄-၁၁၂-၁၂၂) ပေါင်နှုန်းအသုံးပြုရန်လိုအပ်ခြင်းနှင့် နွားချေး၊ သစ်ဆွေးနှင့်သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း ၅-၁၀ စီးနှုန်း  ထည့်သွင်းပေးရမည်။ အထွက်ကောင်း အရည်အသွေးကောင်းဝါများရရှိရန်နှင့် ရာသီဥတုဆိုးရွားသည့်ဒဏ်များကို ခံနိုင်ရည်ရှိစေရန်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့်   မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ရမည်။ ဝါပင်အတွက် မျှော်မှန်းအထွက်နှုန်းရရှိရေးနှင့်ဂွမ်းအရည်အသွေးတိုးတက်ကောင်းမွန်ရေးမှာ ဖြည့်စွက်ရေသည် အရေးကြီးသောသွင်းအားစုတစ်ခုဖြစ်ရာ ဝါသီးနှံသက်တမ်းအတွင်း ပျမ်းမျှရေအသုံးပြုမှုမှာ ၃၆-၄၃ လက်မဖြစ်သဖြင့် မိုးကောင်းသောက်ဧရိယာများတွင် မြေအောက်ရေထုတ်ယူရရှိနိုင်မည့် ရေအရင်းအမြစ်များ နီးစပ်ပါက နေရောင်ခြည်စွမ်းအင်သုံး Tube Well များ တူးဖော်အသုံးပြုခြင်းနှင့် ရေအလိုအပ်ဆုံးအချိန်ဖြစ်သော     ဝါသီးနှံသီးပွင့်ချိန်များတွင် ဖြည့်စွက်ရေ ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။

ဝါအထူးအထွက်တိုးရေး နည်းလမ်း ၁၀ ချက်ကို တောင်သူများ လိုက်နာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ဝါအထူးအထွက်တိုးရေး နည်းလမ်း၁၀ ချက်ဖြစ်သည့်    မျိုးကောင်း၊ မျိုးသန့်အသုံးပြုခြင်း၊  စနစ်တကျ စိုက်ပျိုးမြေပြုပြင်ခြင်း၊  စိုက်ချိန်မှန်ကန်စေခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ အချိန်မီအပင်သားခွဲခြင်း၊ ပေါင်းမြက်များ  အချိန်မီရှင်းလင်းခြင်း၊   သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးညီ အချိန်ကိုက်ထည့်သွင်းခြင်း၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သလို  ရေသွင်း/ရေထုတ်ပြုလုပ်ခြင်း၊ စနစ်တကျဝါကောက်သိမ်းခြင်းနှင့်  ရိတ်သိမ်းချိန်လွန်နည်းပညာများလိုက်နာခြင်းတို့ကို ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် တိတိကျကျ  လိုက်နာဆောင်ရွက်ရေးအတွက်      ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝါသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များထုတ်လုပ်ဖြန့်ဖြူးရန်နှင့်  အထွက်တိုးစိုက်ပျိုးနည်းစနစ်များကို  ဖော်ထုတ် သတ်မှတ်ရန်အတွက် သုတေသနလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရရှိလာသောသု တေသနရလဒ်ကောင်းများကို    တောင်သူများအား နည်းပညာဖြန့်ဝေပေးလျက်ရှိသည်။

၎င်းအပြင်   တောင်သူများကိုယ်တိုင်  ပါဝင်သော ဝါမျိုးရွေးချယ်သည့် သုတေသနများကိုလည်း    တောင်သူစိုက်ခင်းများတွင်    ဆောင်ရွက်သွားမည်ဖြစ်သည်။

နည်းပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း

 ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍  လိုအပ်သည့်သွင်းအားစုများ  ထည့်သွင်းမှုနည်းပညာများ၊  ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုဆိုင်ရာနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲရှိ ဝါသီးနှံဆိုင်ရာပညာရှင်များမှ မြေ၊ မျိုး၊ ပိုးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်(Subject Matter Specialist- SMS) များနှင့်ပေါင်းစပ်၍  ဇုန်အသီးသီးမှဝါသီးနှံပညာပေးဝန်ထမ်း များအတွက် Trainings of Trainers (ToT) သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်၊ စာအုပ်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး   အဆိုပါနည်းပညာများအပါအဝင် အထွက်တိုးစိုက်ပျိုးနည်းပညာများကို တောင်သူများ

မျက်မြင်သိရှိ လိုက်နာကျင့်သုံးလာစေရေးအတွက် သင်တန်းများ၊   ကွင်းသရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့်  နည်းပညာစာအုပ်၊  စာစောင်များ ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ခြင်းတို့မှာ အရေးကြီးသောလုပ်ငန်းများဖြစ်ပါသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် စိုက်ပျိုးပညာပေးရေးလုပ်ငန်း ဆောင်ရွက်နေသူများအားလုံး  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

Source: Myawady Web Portal

 

Myawady Web Portal

အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယသက်တမ်းကာလအတွင်း မူဝါဒ ပြောင်းလဲမှုများသည် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများ စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် လွတ်လပ်မှုများကို ထိန်းညှိဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ဆောင်းပါးကို China Daily သတင်းဌာနတွင် ရေးသားဖော်ပြထားရှိပါသည်။"

တွေ့ရှိချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖိလစ်ပိုင်တက္ကသိုလ် အာဆီယံစင်တာ (Asian Center-AC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲ (Webinar) တွင် ပညာရှင်များသည် အာရှဒေသနှင့် Trump ဒုတိယသက်တမ်းအကြား အခြေအနေများ (Asia and Trump 2.0) ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် သမ္မတ Trump လက်ထက်အတွင်း ပထဝီနိုင်ငံရေးအခြေအနေများပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်းများအပေါ် ပြည်ပမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ASEAN အဖွဲ့သည် သမ္မတ Trump ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကဦးစားပေးအဖြစ် ပါဝင်နေခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြားအင်အားကြီးနိုင်ငံများကြား မိတ်ဖက်ဆက်ဆံရေးနှင့် သဘောတူညီချက်များသည် အမေရိကန်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ Trump ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မြှင့်တင်ခြင်းမူဝါဒသည် တရုတ်နိုင်ငံထောက်ပံ့ရေးကွင်းဆက်များတွင် တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေသည့် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်မှုများရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့နောက် ပညာရှင်များက သမ္မတ Trump ၏ ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Paris သဘောတူညီမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ နုတ်ထွက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း၌ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီးနိုင်ငံများ မဟုတ်သော်လည်း နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်ဟု University of Copenhagen မှ ပညာရှင် Melissa Hubahib Loja က ပြောကြားထားကြောင်း၊ အင်အားကြီးနိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းများ ဆက်လက်ခိုင်မာအားကောင်းစေရန် နိုင်ငံရေးကဏ္ဍများတွင် စဉ်းစားချင့်ချိန်၍ နည်းလမ်းများချမှတ်ရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း၊ စင်ကာပူနိုင်ငံ Nanyang Technological University မှ ပညာရှင် Collin Koh Swee Lean က စင်ကာပူနိုင်ငံသည် သေးငယ်ပြီး အဓိကစီးပွားရေးအနေဖြင့် ကုန်သွယ်ရေးကို အလေးထားလုပ်ကိုင်နေရသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သည့် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ASEAN အဖွဲ့ဝင်ကဲ့သို့သော ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ ကမ္ဘာ့လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန် မိတ်ဖက်ရွေးချယ်ဆက်ဆံခြင်းထက် နိုင်ငံအများနှင့်လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ခြိမ်းခြောက်စေသည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံအချင်းချင်း သဘောတူညီချက်များ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး ASEAN အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့နိုင်လိမ့်မည်ဟု ပညာရှင် Koh က ထပ်လောင်းပြောကြားခဲ့ကြောင်း၊ University of Tokyo မှ ပညာရှင် Maria Thaemar Tana က ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အုပ်စုတစ်စုတည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အခြားသောအုပ်စုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်သည်ဟု ယူဆ လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဤသို့ဆက်လက်ယူဆနေမည်ဆိုပါက အာဆီယံအဖွဲ့၏ ဒေသအတွင်းဩဇာလွှမ်းမိုးနိုင်မှုသည် အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှု၊ ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းနှင့်ပြည်ပဖိအားများကြီးထွားလာခြင်းကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

Asian Center မှ တွဲဖက်မောက္ခ Aaron Jed Rabena က Asian အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ Trump ၏ ခန့်မှန်း၍မရသော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံအပေါ်မှီခိုနေမှုများ လျှော့ချလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာများသည် ၎င်းတို့၏သဘောထားအမြင်၊ လက်တလောကြုံတွေ့ရသည့် ခြိမ်းခြောက်မှုနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှု မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာမူ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံနှင့်ပင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း၊ ၎င်းအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံအတွက် မဟာဗျူဟာမြောက် စိန်ခေါ် မှုများဖြစ်ပြီး ၎င်းတို့အကြားသင့်တော်သည့် နိုင်ငံခြားရေးမူဝါဒများကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

Asian Center မှ ပညာရှင် Noel Christian Moratilla က ကြားနေဝါဒဆိုသည်မှာ အချိန်တစ်ခု၌ အရေးကြီးသောအရာနှင့် ဆက်စပ်နိုင်မှုများကို ရှာဖွေသိရှိခြင်းပင်ဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်၊ စစ်အေးကာလအတွင်း Non-Aligned Movement (NAM) ကို တည်ထောင်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် အငြင်းပွားခြင်းထက် အခြား ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နည်းလမ်းများကိုလေ့လာ၍ နှစ်နိုင်ငံအကြား ချိန်ညှိလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားထားကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံမှ သုတေသနပညာရှင် Irine Hiraswari Gayatri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ရန် အခြားစီးပွားရေးမိတ်ဖက်များ ရှာဖွေလျက်ရှိကြောင်း၊ ဥပမာအားဖြင့် BRICS အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံပါဝင်လာမှုသည် မဟာမိတ်အသစ်များ ဖန်တီးလိုသည့်ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် မဟာဗျူဟာဆိုင်ရာလွတ်လပ်မှု (strategic autonomy) ကို ထိန်းသိမ်းထားသော်လည်း တရုတ်၊ အမေရိကန်နိုင်ငံတို့နှင့်ပါ မဟာမိတ်ဆက်ဆံရေးကို ထိန်းညှိစီမံလျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်ချက်

ဆောင်းပါးတွင် ASEAN အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏မူဝါဒများမှ သက်ရောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် လိုအပ်သည်ဟု Webinar ဆွေးနွေးပွဲတစ်ခုအတွင်း ပညာရှင်များက သုံးသပ်ချက်များ၊ ခန့်မှန်းချက်များကို ရေးသားဖော်ပြထားရှိပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းတို့အပေါ် စိုးရိမ်လျက်ရှိပြီး ဒေသအတွင်း သက်ရောက်မှုများဖြစ်ပေါ်မလာစေရေး ကြိုတင်ပြင်ဆင် နေခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအရ ပညာရှင်များသည် ASEAN နိုင်ငံများအား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် အကြံပြုနေခြင်းဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပေးပြောကြားနေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။

အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားနေမှုများမှ အာဆီယံအပေါ်သက်ရောက်မှုများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးတည်ဆောက်ထားရှိမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် မြန်မာနိုင်ငံအတွက် အဟန့်အတားအချို့ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား အလွန်အကျွံမှီခိုအားထားနေမှုကို သတိထားခြင်းဖြင့် စီးပွားရေးအရ ASEAN အဖွဲ့အပြင် အခြားနိုင်ငံများနှင့် ဈေးကွက်စီးပွားရေးချဲ့ထွင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပြည်တွင်းကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံခြားရေးမှုဝါဒများ ချိန်ညှိချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်ဟု ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် နိုင်ငံ၏သဘောထားအမြင်နှင့် မူဝါဒများအပေါ် များစွာမူတည်လျက်ရှိသောကြောင့် ပြောင်းလဲလာနိုင်သည့် ကမ္ဘာ့နိုင်ငံရေးရေချိန်ကို စောင့်ကြည့်လေ့လာ၍ သင့်တော်မှန်ကန်သည့်နိုင်ငံရေးမူဝါဒများချမှတ်နိုင်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

နိုင်ငံတကာသတင်းထုတ်ပြန်ချက်များလေ့လာရေးအဖွဲ့ (International News Monitoring Team)