ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မိမိတို့၏နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု နိုင်ငံသားတိုင်းကသတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို   စောင့်ရှောက်ရန်တာဝန်ရှိသည်။   ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် လိုအပ်သည်။   ထို့ပြင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အမြဲတမ်းစစ်မှုထမ်းများသာမက အခြားသော နယ်ပယ်ကဏ္ဍအသီးသီးရှိ နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ

ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမဟုတ်ချေ။ မြန်မာနိုင်ငံတွင် ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ ၂၀၁၀  ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် ( ၂၇ /၂၀၁၀)  ဖြင့်  ၁၉၅၉  ခုနှစ်တွင်   ပြည်သူ့စစ်မှုထမ်းဥပဒေကို   ပြင်ဆင်ပြီးသတ်မှတ်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အခန်း ၈ ခန်းပါဝင်သည်။ နိုင်ငံသားတိုင်း အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မကျော်သေးသောသူများ၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ်မကျော်သေးသောသူများ၊ ကျွမ်းကျင်ပညာရှင်များဆိုလျှင် အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ်မကျော်သေးသောသူများ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးသောသူများသည်    စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသည်။   စစ်မှုထမ်းဆောင်ရမည့်ကာလသည် ၂၄ လ (နှစ်နှစ်) ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များသည် ၃၆ လ (သုံးနှစ်)ဖြစ်သည်။

နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရမည့် မွေးရာပါတာဝန်

အရပ်သားတစ်ဦးသည်  စစ်မှုထမ်းတစ်ဦးအဖြစ် ထမ်းဆောင်လိုက်ခြင်းအတွက်  ဦးစွာခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊    အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းကမ်းလိုက်နာ ဆောင်ရွက်တတ်မှု၊ မတူကွဲပြားသော လူအများအချင်းချင်း   ချစ်ခင်စည်းလုံးစွာ ဆောင်ရွက်တတ်မှု၊ စိတ်ဓာတ်ခံယူချက်မြင့်မားလာမှု စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ ထို့ပြင် မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိမြို့၊ မိမိနိုင်ငံကို တန်ဖိုးထားချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ထွန်းကားလာမည်ဖြစ်သည်။  နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို မိမိပါဝင်မစောင့်ရှောက်လျှင် အဖျက်အမှောင့် အနှောင့်အယှက် စသည့်အဖျက်အင်အားများကြီးမားလာပါက မိမိတို့မြို့ရွာ၊ မိမိတို့ပြည်သူ၊ မိမိတို့တိုင်းပြည်ပင် ပျက်စီးခြင်းသို့ရောက်နိုင်ပြီး   နောက်ဆုံးတွင် ပြည်သူများသာ ဒုက္ခဆင်းရဲပျက်စီးခြင်း အဖြစ်သို့ ရောက်နိုင်သဖြင့် နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်အား  ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ကို မွေးရာပါတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်သည်။

နိုင်ငံအများစုတွင် အကောင်အထည်ဖော်နေသော စစ်မှုထမ်းဥပဒေ စစ်မှုထမ်းဥပဒေကို နိုင်ငံအများစုတွင် အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းအောင် ပြုလုပ်လျက်ရှိကြသည်။ ဩစတြေးလျ၊ ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူကီယဲ  စသည့်နိုင်ငံများတွင်လည်းစစ်မှုထမ်းဥပဒေကို    ကျင့်သုံးလျက်ရှိကြသည်။

တချို့နိုင်ငံများတွင် စစ်မှုမထမ်းမနေရစနစ်ကို အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သောတပ်ဖွဲ့များ စသည့်ပုံစံတို့ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် စစ်မှုထမ်းဆောင်ခြင်းဆိုသည်က နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက်  ပြည်သူအားလုံးမှာ တာဝန်ရှိသဖြင့်   ပြဋ္ဌာန်းချက်အမျိုးမျိုး၊  ဥပဒေအမျိုးမျိုးနှင့် ပြဋ္ဌာန်းသက်ဝင် လှုပ်ရှားနေကြသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့်  လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၉၁ ခုနှစ်ကတည်းက စစ်မှုထမ်းဥပဒေကို  စတင်ပြဋ္ဌာန်းကျင့်သုံးနေပြီး အရွယ်ရောက်ပြီးသည့် အမျိုးသားအသက် ၁၈ နှစ်အထက်နှင့် အရွယ်ရောက်ပြီးသည့် အမျိုးသမီးအသက် ၂၀ အထက် ကျန်းမာရေးကောင်းမွန်သူ အားလုံးသည် ပြည်သူ့စစ်ဌာနချုပ်အလိုက် တပ်သားသစ်စာရင်းသွင်းပြီး  သင်တန်းပေးလေ့ကျင့်ကာ စစ်မှုထမ်းတာဝန်သုံးနှစ် ထမ်းဆောင်ရသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားတာရှိသည်။ စင်ကာပူနိုင်ငံတွင်လည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ၁၉၆၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့်သူတိုင်း စစ်မှုထမ်းတာဝန် နှစ်နှစ်ထမ်းဆောင်ရသည်။

ပြည်သူ့စစ်မဟာဗျူဟာ

မြန်မာနိုင်ငံတွင်     လွတ်လပ်ရေးရပြီးနောက် ကျင့်သုံးခဲ့သည့် စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။  မြန်မာနိုင်ငံနှင့်  အသင့်လျော်ဆုံး ပြည်သူ့စစ်မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံမှစတင်ပြီး အကောင်အထည်ဖော်ရန်  ဆွေးနွေးခဲ့ကြသည်။  ၁၉၆၇  ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို ရေးဆွဲပြီး တပ်မတော်သည် စစ်စည်းရုံးမှု၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်နိုင်မှုစွမ်းရည်တို့ဖြင့် ပြည်ပကျူးကျော်မှုဖြစ်သည့် တရုတ်ဖြူကူမင်တန်ကျူးကျော်စစ်၊  ပြည်တွင်းသောင်းကျန်းမှုတို့ကို မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသများ၌  ပြည်သူအားလုံးပါဝင်သည့်   ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးဆောင်ရွက်ခဲ့သောကြောင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။

လက်ရှိအချိန်တွင်  နိုင်ငံတော်ကို  ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊  နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့် လူငယ်လူရွယ်အချို့သည် သိနားလည်မှုမရှိဘဲ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်နေကြသည်။ နိုင်ငံတော်၏ အဖိုးတန်မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှုမရှိဘဲ  အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့်   လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။   လက်ရှိဖြစ်ပေါ်နေသည့်   အကြမ်းဖက်မှုဖြစ်စဉ်များကိုဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများ၊  ပြည်ဖျက်မီဒီယာများအနေဖြင့်  နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြည်သူများအထင်အမြင်လွဲမှားစေရန် မမှန်သတင်းများဖော်ပြ

ထို့ပြင် အွန်လိုင်းမီဒီယာများနှင့်   လူမှုကွန်ရက်စာမျက်နှာများတွင်   ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းအမှားများစွာတို့သည် ပျံ့နှံ့လျက်ရှိရာ အဆိုပါသတင်းများက ပြည်သူလူထုအတွင်း ရိုက်ခတ်ခြင်းကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်မှု၏ ပုံရိပ်ကိုထိခိုက်စေသည်။  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းအပေါ် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက မမှန်မကန်အပုပ်ချကာ ပြည်သူများအထင်အမြင် လွဲမှားစေရန်၊ စိတ်ဓာတ်ပျက်ပြားစေရန် ပြုလုပ်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ မသမာမှုများနှင့် အဂတိမှုများ ကင်းရှင်းရေး၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီအညွတ်ဖြစ်စေရေး၊ စနစ်တကျဖြစ်စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သတင်းတု၊ သတင်းအမှားများနှင့်  ကောလာဟလများအပေါ် မယုံရန်လိုအပ်သည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ဖတ်ရှုနိုင်ရန် ဖော်ပြပေးထားသော website နှင့်  webportal  စာရင်းများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့်   သတင်းပို့ခြင်းများ   ပြုလုပ်နိုင်သည့်ဖုန်းနံပါတ်များ စသည်တို့ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးထားရာ    သိရှိလိုသည်များကိုမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုကြားတွင်  သတင်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်ကကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကားပြောကြားရာတွင် “တာဝန်ရှိသူများအနေဖြင့်    ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ်     မမှန်မကန်ဆောင်ရွက်မှုများ ရှိကြောင်းတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊  မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာအရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းရန် ကိစ္စနှင့်ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန် တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း”  ထည့်သွင်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် တာဝန်ရှိသူများအနေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်းသာ ဆင့်ခေါ်ကြခြင်းပြုရမည်ဖြစ်ကာ    အကျုံးဝင်သူ     နိုင်ငံသားများအနေဖြင့်လည်း တာဝန်ကိုရှောင်လွှဲမှုမပြုဘဲ ကျေပွန်စွာထမ်းဆောင်ရပေမည်။  ထိုသို့ မိမိနိုင်ငံ၊ မိမိမြို့၊ မိမိရပ်ရွာ၊ မိမိ မိသားစုကို တန်ဖိုးထားချစ်မြတ်နိုးသည့် စိတ်ဓာတ်များဖြင့်    တပ်မတော်တွင် တာဝန်ထမ်းဆောင်လာကြသော   ပြည်သူ့စစ်မှုထမ်း သားကောင်းရတနာများသည်   နိုင်ငံတော်က ဂုဏ်ယူတန်ဖိုးထားရပြီး  နိုင်ငံသား၏ တာဝန်ကိုကျေပွန်သော  နိုင်ငံ့သားကောင်း၊   စစ်သည်တော်ကောင်းများ ဖြစ်ပါကြောင်းကို    ဂုဏ်ပြုရေးသားလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

ကိုအောင်(ထုတ်လုပ်)

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။

ကလေးများနဲ့ သစ်သီးဝလံ

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြား ပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ ကိုယ်ခံအားကောင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေး နိုင်တယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။

ကလေးတွေအနေနဲ့ ဘယ်အသီးအနှံတွေကို စားပေးသင့်လဲ။

ဘယ်ရီသီးများ – စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါကို ဖြစ်မလာအောင် ကာကွယ်ပေးတဲ့ ဗီတာမင် C အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ဘယ်ရီသီး တွေကို မုန့်ပဲသွားရည်စာအနေနဲ့ ကျွေးလို့ရသလို ဒိန်ချဉ်နဲ့လည်း ရောပြီး ကျွေးနိုင်ပါတယ်။

ပန်းသီး – အမျှင်ဓါတ်၊ အာဟာရဓာတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်းပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။ ပန်းသီးဟာ အသက်အရွယ်မရွေး စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး တစ်နေ့ကို တစ်လုံး ပုံမှန်စားပေးရုံနဲ့ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး – ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်လို့ ကိုယ်ခန္ဓာ ကြွက်သားကို သန်မာစေတယ်။ ကလေးတွေ အထူးသဖြင့် အားကစားလိုက်စားတဲ့သူတွေဆိုရင် ငှက်ပျောသီးကို နေ့စဉ်ပုံမှန် စားပေးသင့်ပါတယ်။ ကလေး တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။ အသားအရေကို လှပစေတဲ့ ဗီတာမင် B ဓာတ်၊ နှလုံးကျန်းမာစေတဲ့ ဗီတာမင် C ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။

လိမ္မော်သီး – ဗီတာမင် C ပါဝင်မှုများတဲ့ အသီးအနှံအဖြစ် လူသိများကြပြီး အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ ကလေးတွေကို ကျွေးလို့ရပါတယ်။ အသက်ငယ်တဲ့ကလေးတွေကိုတော့ လိမ္မော်စိတ် အနည်းငယ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ အမျှင်ဓါတ်လည်းပါဝင်ပြီး ကိုယ်ခံအားကို ကောင်းစေလို့ တစ်နေ့ကို လိမ္မော်သီးတစ်လုံး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

စပျစ်သီး – အစာကြေလွယ်စေတဲ့ အမျှင်ဓာတ်တွေအပြင်၊ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့ ပိုတက် စီယမ်ဓာတ်တွေ ပါဝင်ပါတယ်။

ထောပတ်သီး – နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Fatty Acid အပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် E ၊ ဗီတာမင် B6 တွေ ပါဝင်လို့ ကလေးတွေအတွက် သင့်လျော်တဲ့ အသီးအနှံ ဖြစ်ပါတယ်။ ထောပတ်သီးကို အစိမ်းစားလို့ရသလို၊ ဖျော်ရည်အနေနဲ့လည်း ကလေးတွေကို တိုက်ကျွေးနိုင်ပါတယ်။

ကိုယ့်ကလေးကို သစ်သီးစားချင်လာအောင် ဘယ်လိုလုပ်သင့်လဲ။

ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ ကျွေးတဲ့အခါမှာ အရောင်စုံသစ်သီးတွေကို သေချာလှီးပြီး ပြင်ဆင်တာက ကလေးတွေကို ပိုပြီးစားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ အပြောင်းအလဲအနေနဲ့ သစ်သီးကို ရေများများနဲ့ကြိတ်ပြီး ဖျော်ရည်အနေနဲ့ တိုက်လို့ရပါတယ်။

ကလေးတွေ မြင်နိုင်လောက်တဲ့ နေရာမှာ သစ်သီးပန်းကန်ကို သေချာပြင်ဆင်ပြီး ထားတာမျိုး၊ ဒိန်ချဉ်နဲ့ သစ်သီး နဲ့ရောပြီး ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။ သစ်သီးတွေကို အမျိုးအစား အစုံလင်ကို နည်းနည်းစီ ကျွေးတာ မျိုးကလည်း ကလေးတွေကို စားချင်စိတ်ပိုဖြစ်စေပါတယ်။ နေ့စဉ် အသီး အနည်းဆုံးတစ်မျိုးလောက်ပါအောင် စားပေးနိုင်ရင် ကလေးတွေအတွက် လုံလောက်ပါတယ်။

ကိုးကား- https://hellosayarwon.com/

HelloSayarwon

မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အား စိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးသည် အရောင်အသွေး လှပသကဲ့သို့ ခန္ဓာကိုယ် အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်း အနှစ် ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြ ပါတယ်။ ခရမ်းချဉ်သီးကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သော သူ များသည် ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးအား ယိုထိုး၍သော် လည်းကောင်း စားသုံးကြပါတယ်။ ခရမ်းချဉ်သီးသည် အာဟာရဖြစ်စေရန် တစ်ခုတည်းတွက်သာမက ဘဲ ခန္ဓာကိုယ်၏ အလှအပရေးရာနှင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံ တစ်မျိုးလည်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီးနှင့် အလှအပရေးရာ

ခရမ်းချဉ်သီးကို စားသုံးလျှင် အသားအရေလှသည်ဟူသော အချက်ကို လူတိုင်းနီးပါး သိကြပါတယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေ တို့ ပါဝင်သောကြောင့် အဆီပြန်သော အသားအရေ များအတွက် အဆီပြန်သည့် ပြဿနာကို ထိန်းညှိပေးပါတယ်။ ဝက်ခြံများကို ဖယ်ရှားပေးနိုင်သည့် အပြင် အသားအရေကိုစိုပြေစေပြီး ချွေးပေါက်များကိုကျဉ်းစေတယ်။ ခရမ်းချဉ်သီးအား အသားအရေပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အသားအရေပြဿနာများကို ထိထိရောက်ရောက် ထိန်းသိမ်းကုသပေး နိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း(Lycopene)ဟူသော ရောင်ခြယ် ပစ္စည်းပါဝင်မှုကြောင့် ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံးနှင့်ဆံပင် တို့ကိုပါ ကျန်းမာကောင်းမွန်စေပါတယ်။

ခရမ်းချဉ်သီးတွင် ပါဝင်သော ဗီတာမင်အေသည် ဆံပင်ကို နက်မှောင်သန်စွမ်းစေသည့်အပြင် ဆံပင်အရောင်မွဲခြောက်ခြင်း၊ ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းတို့အတွက်လည်း အလွန်သင့်တော်သော အရာဖြစ်သည့်အတွက် နေ့စဉ်ပုံမှန်စားသုံးပေးပါက အသားအရေလှပစေသည့်အပြင် ဆံပင်၏ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ထို့ပြင် ခရမ်းချဉ်းသီးကို ပုံမှန်စားသုံးပါက အမြင်အာရုံကြည်လင်စေသည့်အတွက် ကွန်ပျူတာဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ စာဖတ်များသူများ၊ အမြင်အာရုံအားနည်းသူများအနေဖြင့် ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် အမြင်အာရုံအားနည်းခြင်းအား သက်သာစေနိုင်ပါတယ်။

ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း(Lycopene)ဓါတ် အများအပြားပါဝင်မှုကြောင့် အသားအရေအား နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ရာများကိုလည်း သက်သာပျောက်ကင်းစေရန် အထောက်အကူပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဓါတ်တိုးဆန့်ကျင်အာနိသင်နှင့် သွေးတွင်းရှိ အဆိပ် အတောက်များကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်သည့် ဗီတာမင် အေနှင့် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် ခရမ်းချဉ်သီးအား အစိမ်းစားလျင်ပင် ဓါတ်တိုးပစ္စည်းများကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် ကင်ဆာ

ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း(Lycopene) ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာဆဲလ်များပွားများ လာမှုကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် အရိုးကျန်းမာရေး

ခရမ်းချဉ်သီးတွင် ကယ်လ်ဆီယမ်(Calcium) နှင့် ဗီတာမင်ကေတို့ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အရိုးတစ်ရှူးများကို အကောင်းဆုံးအားဖြစ်ပေးနိုင်သည့်အပြင် အရိုးများသန်မာစေရန် လိုအပ်သည့် အာဟာရများကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော လိုင်ကိုပင်း(Lycopene) ခေါ် Antioxidant ဓါတ်က ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်ဓါတ်များကို ညီညွတ်မျှတအောင် ထိန်းသိမ်းပေးသည့်အတွက်ကြောင့် အရိုးပွရောဂါ၊ အရိုးအားနည်းခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အရိုးများ ဆုံးရှုံးရခြင်းစသည့် အရိုးနှင့်ပတ်သက်သည့် ရောဂါများအား ကာကွယ်ပေးနိုင်ပါသည့်အပြင် ခရမ်းချဉ် သီးတွင်ပါဝင်သော ကယ်လ်ဆီယမ်(Calcium)ကြောင့် သွားများကိုလည်း ကျန်းမာခိုင်ခန့်စေပါတယ်။

ခရမ်းချဉ်သီးနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်ကျန်းမာရေး

ခရမ်းချဉ်သီးသည် နေ့စဉ် ခန္ဓာကိုယ်တွင် လိုအပ်သော ပိုတက်စီယမ်ပမာဏ (၁၁.၄၄)ရာခိုင်နှုန်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ထို ပိုတက်ဆီယမ်ဓါတ်ကပဲ သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေပြီး သင့်တော်သော သွေးပေါင်ချိန်ပမာဏကိုလည်း ထိန်းချုပ်ပေးသည့်အတွက် ခရမ်းချဉ်သီးသည် သွေးပေါင်ချိန် ထိန်းညှိရာတွင် အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကိုလက်စထရောဓါတ်များလာပါက ရောဂါပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီနှင့် ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုလက်စထရောကိုကျစေပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုသည့် ကိုလက်စထရောများကို ချေဖျက်ပေးနိုင်သည့်အတွက် နှလုံးနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်ပွားနိုင် ချေနည်းပါးစေပါသည်။ ခရမ်းချဉ်သီးတွင်ပါဝင်သော အမျဉ်ဓါတ်၊ ဗီတာမင် စီ၊ ပိုတက်စီယမ် နှင့် Choline ဓါတ်တို့သည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးပါသည်။ ထို့ပြင် သွေးလည်ပတ်မှု  ကောင်းမွန်စေသည့်အတွက် သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါများသို့ သွေးရောက်ရှိနိုင်ရန်အတွက်လည်း ကူညီပေးပါတယ်။ ခရမ်းချဉ်သီးတွင် ရေဓါတ်များစွာ ပါဝင်သည့်အတွက် အစိမ်းစားသုံးပေးပါက ဆီး ကျောက်တည်ခြင်းများကို ကာကွယ်ပေးနိုင်သည့်အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း လျော့ချပေး နိုင်သည့်အတွက် တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးပါက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 ခရမ်းချဉ်သီးအား ပုံမှန်စားသုံးပေးခြင်းအားဖြင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း ကဲ့သို့ သော အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများမှ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခရမ်း ချဉ်သီးသည် အဆုတ်ကိုလည်း ကျန်းမာစေသည့် သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသည့် အခါခန္ဓာကိုယ်မှ နီကိုတင်းကြောင့် ထိခိုက်မှုကိုဆိုးရွားစွာဖြစ်စေနိုင်တယ်။ ထိုကဲ့သို့ ထိခိုက်မှုနည်းပါး စေချင်ပါက ခရမ်းချဉ်သီးအား စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော Coumaric အက်စစ်နှင့် Chlorogenic အက်စစ်များသည်  စီးကရက်ငွေ့တွင်ပါဝင်သော ကာစီနိုဂျင်ကြောင့် ခန္ဓာ ကိုယ်တွင်း ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ဆေးလိပ် သောက်သုံးသူများအနေဖြင့် ခရမ်းချဉ်သီးအား နေ့စဉ်စားသုံးပေးသင့်ပါကြောင်းနှင့် ခရမ်းချဉ်သီးမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား တင်ပြလိုက်ရပါတယ်။

Source: https://doca.gov.mm/en/node/4138

 

 

DOCA(စစ်ကိုင်း)

လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို    လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။  မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်  သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ  လူသားတို့၏အသိပညာ၊ အတတ်ပညာများကို သဘာဝတရားနှင့်ပေါင်းစပ်အသုံးချကာ လူတို့အတွက်  စား၊ ဝတ်၊ နေရေးမှ အရေးကြီးဆုံးဖြစ်သည့် စားရေးအတွက် လိုအပ်သည့်   စားပင်သီးပင်များ အောင်မြင်စွာဖြစ်ထွန်းလာအောင် စိုက်ပျိုးနိုင်ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက်  မြေကြီးဆိုသည်မှာ  အလွန်တန်ဖိုးရှိလှသည်။

ထို့အတူ ရွှေဆိုသည်မှာလည်း လူတိုင်းနှစ်သက်စွဲလမ်းစွာ  ဝတ်ဆင်ကြသော တန်ဖိုးကြီးသတ္တုတစ်မျိုးဖြစ်သည်။ အလွန်တန်ဖိုးရှိသည့်မြေကြီးမှ အလွန်တန်ဖိုးရှိသည့် ရွှေထွက်ပေါ်လာသကဲ့သို့ စားရေးအတွက်  အရေးပါသော တန်ဖိုးရှိသည့် သီးပင်စားပင်များ ဖြစ်ထွန်းလာစေခြင်းကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။

အဓိကအားဖြင့် မြေကြီးနှင့်စဉ်ဆက်မပြတ်  ထိတွေ့ဆက်ဆံဆောင်ရွက်ရမည့်လုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်သည်။

မြန်မာတို့ပိုင်ဆိုင်သော မြန်မာ့မြေတွင် မြန်မာတို့စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်ရာဝယ်မိမိတို့စိုက်ပျိုးချင်သည့် သီးနှံအပေါ်မူတည်၍ မြေကိုပြင်ဆင်စိုက်ပျိုးကြရမည်ဖြစ်သည်။   စိုက်ပျိုးရေးဟုဆိုရာတွင်  “ကောက်ပဲသီးနှံ”ဟူသောဝေါဟာရကို သုံးကြသည်မှာ လယ်ယာသီးနှံ၊ စက်မှုသီးနှံ၊ ဆီထွက်သီးနှံအားလုံးကို ကိုယ်စားပြုခြင်းဖြစ်သည်။ စာပေလောကတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအမည်များကိုစုပေါင်း၍ “စာနယ်ဇင်း”ဟုခေါ်သကဲ့သို့ဖြစ်သည်။

စိုက်ရေးပျိုးရေးတွင် မြေကြီးသည် အကောင်းဆုံး  သွင်းအားစုဖြစ်သည်။ 

မြေကြီးသည် အပင်အတွက် အာဟာရ၊ အောက်ဆီဂျင်နှင့် ရေကိုသိမ်းဆည်းပေးနိုင်ခြင်း၊ သီးနှံအကြွင်းအကျန်နှင့်စားကျက် အကြွင်းအကျန်များအား   မြေကြီးကိုအသုံးပြု၍  မြေဆွေးပြုလုပ်နိုင်ခြင်း၊ အပင်များထောင်မတ်နေစေရန် ကူညီပေးနိုင်ခြင်း စသည့်အရေးပါသည့် အရာဖြစ်သည်။ မြေကြီးတွင် အဓိကပါဝင်သောပစ္စည်းလေးမျိုးမှာ  သတ္တုပစ္စည်းများ(ကျောက်စရစ်၊ သဲ၊ နုန်း၊ ရွှံ့အစရှိသည်…)၊ အော်ဂဲနစ်ပစ္စည်းများ (အပင် အကြွင်းအကျန်၊   တိရစ္ဆာန်အကြွင်းအကျန်၊ အဏုဇီဝသက်ရှိ အစရှိသည်…)၊  ရေ(မြေ၏စိုစွတ်မှု ၃၀ မှ ၅၀ ရာခိုင်နှုန်း)နှင့်  လေ(အောက်ဆီဂျင်နဲ့  ကာဗွန်ဒိုင်အောက်ဆိုက်)တို့ဖြစ်သည်။  အထက်ပါတို့ကိုပေါင်းစပ်ပြီး  မြေကြီးဟုခေါ်ခြင်းဖြစ်သည်။

အထက်ပါမြေကြီးပေါ်တွင်  ကောက်ပဲသီးနှံစိုက်ပျိုးရာ၌  သိရှိပြီးဖြစ်သည့် လိုအပ်ချက်များမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည်။ အမျိုးအစား ပို၍ကောင်းခြင်းကို  နေရာကဏ္ဍတိုင်းတွင်  အလိုရှိကြသည်။  လူတို့တွင်   အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဆိုသကဲ့သို့ ကောက်ပဲသီးနှံစိုက်ပျိုးမှုတွင်လည်း မျိုးကောင်းမျိုးသန့်သည် အဓိကဖြစ်၍ “မျိုးစေ့မမှန် ပင်မသန်”   ဆိုစကားပင်ရှိထားသည်။

မျိုးကောင်းမျိုးသန့်   ရရှိရေးအတွက် ပညာရှင်များက သုတေသနပြုကြရသည်။

စမ်းသပ်တီထွင်မှုပြုကြသည်။ ပြည်တွင်းမှာသာမက ပြည်ပကအောင်မြင်ဖြစ်ထွန်းသော သီးနှံအလိုက်မျိုးများကို လေ့လာမှတ်သားရသည်။

ကောက်ပဲသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သည် အပင်တစ်ပင်အတွက်  အမြစ်ပင်ဖြစ်သည်။ ထိုအမြစ်ခိုင်မာရှင်သန်ရေး အတွက်  လိုအပ်သည်မှာမြေဖြစ်သည်။ မြေကိုအလှဆင်ရမည်ဆိုသည်ထက် သက်ရှိလူသားတစ်ဦးကို ပြုစုရသကဲ့သို့ပမာတူလှသည်။    စိုက်ပျိုးရေးတွင် နှစ်ပေါင်းကြာရှည်စွာ ရှိနေသည့်ဆောင်ပုဒ်တစ်ခုမှာ “ညက်ညက်ထွန် စိပ်စိပ်စိုက်”ဟူ၍ဖြစ်သည်။ မြေကြီးကို ကြေညက်နေအောင် ထွန်ပေးရသလို မြေကြီးပေါ်တွင် သီးနှံအလိုက်သတ်မှတ်ထားသည့် မျိုးစေ့နှင့်အပင်အရေအတွက်ကိုလည်း ပြည့်မီစေရန်  စိုက်ပျိုးရမည်ဖြစ်သည်။

သူ့အတိုင်းအတာနှင့်  သူ့အချိုးအစားအလိုက် မြေဩဇာထည့်သွင်းပေးကြရသည်။

မျိုးကောင်းမျိုးသန့်ရရှိပြီဆိုသည်နှင့် ကောက်ပဲသီးနှံများကို မြေကြီးတွင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ရေသည် စိုက်ပျိုးမှုကွင်းဆက်တစ်လျှောက်လုံးတွင် အရိပ်တကြည့်ကြည့်နှင့် ရှိနေရမည်ဖြစ်သည်။ ရေနှင့်ကင်းကွာသောအခါ  ကောက်ပဲသီးနှံများ ဖြစ်ထွန်းနိုင်မည် မဟုတ်သည့်အတွက် ရေရရှိရေးစီမံကြရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ မြေအောက်ရေစသည်တို့မှ   ရေကိုရအောင်ယူကြရမည်။ ကောက်ပဲသီးနှံရှင်သန်ကြီးထွား လာရေးအတွက် ရေလိုအပ်ချိန်တွင် ရေကိုအဆင်ပြေစွာ   ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။   ထမင်းအသက်ခုနစ်ရက်၊   ရေအသက် တစ်မနက်ဆိုသည်နှင့်အညီ ရေသည် အပင်များအတွက် အရေးပါလှသည်။ စိုက်ပျိုးရေးတွင် စိုက်ပျိုးရေနှင့်အောင်ရေ  နှစ်မျိုးလုံးကို အချိန်နှင့်တစ်ပြေးညီ  အသုံးပြုနိုင်ရမည်ဖြစ်သည်။ ရေများလျှင်လည်း  သီးနှံပျက်စီးနိုင်သကဲ့သို့ ရေနည်းလျှင်လည်း အောင်မြင်မှုနည်းပါးပေလိမ့်မည်။

မျိုး၊  မြေ၊  ရေဟူသော  ညီနောင်သုံးဖော်တို့ ပြိုင်တူလှုပ်ရှားနိုင်ရေးအတွက် ဦးဆောင်ထိန်းကျောင်း ပေးရမည်မှာ နည်းပညာဖြစ်သည်။  နည်းပညာသည် ကောက်ပဲသီးနှံအားလုံး၏  အနှစ်ချုပ်သို့မဟုတ်  ခေါင်းဆောင်ဖြစ်သည်ဟုဆိုနိုင်သည်။ နည်းပညာချို့တဲ့နေလျှင် အောင်မြင်မှုပန်းတိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။  စိုက်နည်းမှန်မှ အထွက်နှုန်းမှန်မည်ဖြစ်သည်။ တိတိကျကျဆိုရသော် မြေကြီးကရွှေသီးနိုင်မည်သာဖြစ်သည်။

အထက်ပါအတိုင်း  စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လျှင်၊  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ခေတ်မီနည်းစနစ်များနှင့်  စိုက်ပျိုးမည်ဆိုလျှင်  သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းစွမ်းအားများ  တိုးချဲ့ခြင်း၊  အထွက်တိုးအောင်လုပ်ဆောင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျှင်  စိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်နှစ်ဆတိုးမြှင့်ကာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။  စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်လာလျှင် ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပြည်ပဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။  မြန်မာနိုင်ငံက တောင်သူလယ်သမား လုပ်ငန်းရှင်များအတွက် “မြေကြီးကရွှေသီး”ခြင်းပင်ဖြစ်သည်။

စိုက်ပျိုးရေးထွက်ကုန်များတွင် မြန်မာလူမျိုးတို့  အဓိကထားစားသုံးသည့် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲပုပ်၊ နေကြာ၊ အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည့်  ပဲအမျိုးမျိုး၊နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၊  သစ်သီးဝလံအမျိုးမျိုးနှင့် အခြားထုတ်ကုန်များ   ထုတ်လုပ်ရန် ကုန်ကြမ်းသီးနှံ   အစရှိသည်တို့ပါဝင်သည်။   စိုက်ပျိုးရေးထွက်ကုန်များကို အရေအတွက်ရော၊   အရည်အချင်းပါ ကောင်းမွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပကတင်သွင်းနေရမှုများ  လျှော့ချ နိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်သည်။  နိုင်ငံခြားငွေသုံးစွဲရမှုလျော့ကျလျှင်   ပြည်တွင်းငွေကြေးလည်ပတ်မှုများ  တည်ငြိမ်တိုးတက်ကောင်းမွန်လာပြီး   နိုင်ငံစီးပွားရေး မြင့်တက်လာနိုင်သည်။ နိုင်ငံစီးပွားရေး တိုးတက်လာပြီဆိုလျှင်  ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများပါ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ “မြေကြီးကရွှေသီး”ခြင်း၏   အကျိုးဆက်များပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား  တွေ့ဆုံအမှာစကား ပြောကြားရာတွင်  “တိုင်းပြည်သာယာဝပြောစေရေးမြေကြီးက   ရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက  ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး ထုတ်ကုန်များ  တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း  တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်း အောင်မြင်ပြီး ပြည်ပဈေးကွက် လိုအပ်ချက်ရှိသည့်   ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်  နိုင်ငံတော်အစိုးရသည် “မြေကြီးကရွှေသီး” နိုင်အောင် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာသည် မရှိမဖြစ်အရာများဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က လုပ်ငန်းရှင်များထံ ရင်းနှီး မတည်ငွေများ ပေးအပ်ထားသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်   ပြည်ထောင်စုအဆင့် MSME  ထုတ်ကုန်ပြပွဲနှင့်  ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ  ၁၆ ရက်အထိ ကျင်းပပေးခဲ့သည်။  တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်စကားအတိုင်း   အောင်မြင်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို ပြည်သူများမြင်တွေ့ကြရပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ MSME လုပ်ငန်းရှင်များအနေဖြင့်   မိမိတို့၏  လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် ငွေကြေးလိုအပ်ချက်ရှိပါက   မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် ၁၆ ခုတို့တွင် ချေးငွေများ လျှောက်ထားကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးရေး  ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ကြိုးပမ်းကြရမည်။ ထိုသို့ကုန်ထုတ်လုပ်မှု တိုးတက်မှ နိုင်ငံ၏ GDP လည်း   တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်၍ နိုင်ငံ့ GDP တိုးတက်ရေးအတွက်  လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၊   စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို တိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းဆိုသည်မှာလည်း   မြေကြီးပေါ်တွင်  အဓိကတည်ဆောက်ရသည့် အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် မြေကြီးမှရွှေသီးစေခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှ အသားစို၊ အသားခြောက်၊  အေးခဲအသား၊  အသားမျှင်၊ စည်သွတ်ဘူး၊ ကြက်အူချောင်း၊ ဝက်အူချောင်း စသည့်အစားအစာများ၊ အင်္ကျီ၊ ဦးထုပ်၊ ဖိနပ်တို့ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန် လူ့အသုံးအဆောင်ပစ္စည်းများ၊ နွားနို့၊ နို့စိမ်း၊ နို့အေး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ဆီ၊ မလိုင်၊ ထောပတ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်သော  သဘာဝမြေဩဇာများ စသည်ဖြင့်မွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်လာကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ၏အဓိကဖြစ်သော တိရစ္ဆာန်အစာများကိုလည်း ပြည်တွင်းထွက် စိုက်ပျိုးရေးမှ ရရှိသည့်ကုန်ကြမ်းများကိုအခြေခံပြီး အဆင့်မြင့်နည်းပညာများနှင့် ထုတ်လုပ်ဖြန့်ချိ သုံးစွဲကြရမည်ဖြစ်သည်။ ထို့အတူ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့်ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။ ပြောင်းထုတ်လုပ်မှုတွင်လည်း ပြောင်းပင်အစေးမှ အဆင့်မြင့်ပြောင်းကော်၊ ပြောင်းဆန်မှ  ပြောင်းဆီနှင့်ပြောင်းပင်ကို တိရစ္ဆာန်အစာနှင့် ဘိုင်အိုအက်သနော(ဇီဝလောင်စာဆီ) ထုတ်လုပ်ခြင်းများ ပြုလုပ်နိုင်သည်။

စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမှာ  “မြေကြီးကရွှေသီး”စေခြင်းဖြစ်သည်။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အထက်တွင်ဖော်ပြထားသကဲ့သို့ အဓိကလိုအပ်ချက်မှာ နည်းပညာဖြစ်သည်။ ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ   ဖွင့်လှစ်သင်ကြားပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များကိုလည်း တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင်  နဝမတန်းပြီးမြောက်သည်နှင့် နည်းလမ်းလေးသွယ်တွင် မိမိတို့နှစ်သက်ရာ သင်ယူခွင့်ကိုလည်း ပေးထားပြီးဖြစ်သည်။

မြေကြီးက   ရွှေသီးဖို့ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းဈေးကွက်ကြီးများ ခိုင်မာစွာရှိနေသည့်အတွက်  မိမိတို့၏စွမ်းအားကို ဖော်ထုတ်ပြသကြရန်သာဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်နည်းနည်းအားဖြင့် ပါဝင်နေသူများဖြစ်ကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် ပန်းတိုင်ရည်မှန်းချက်များ    ချမှတ်ထားသည်မှာ   သုတေသနအထပ်ထပ်လုပ်ဆောင်ပြီးမှ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်  လုပ်ငန်းတိုင်းရည်မှန်းချက်ပြည့်မီရေးကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းတိုင်းတွင် မိမိတို့မမျှော်လင့်ထားသည့်အရာများ ရှိတတ်သည်။  မမြင်ရသည့်နေရာတွင် အန္တရာယ်များရှိနေတတ်သည်။ အခက်အခဲများရှိနေပါက ထိုအခက်အခဲများကို  ကြီးမားသောအောင်မြင်မှုဆီသို့  ဆွဲခေါ်သွားရမည်ဖြစ်သည်။  လုပ်ငန်းရှင်များ၊ လုပ်သားများအားလုံးတွင် အကောင်းမြင်မှုနှင့် စိတ်အားထက်သန်မှု ရှိနေရမည်ဖြစ်သည်။  အကောင်းမြင်စိတ်ဓာတ်သည် အောင်မြင်မှုဆီဦးတည်ပြီး  အဆိုးမြင်စိတ်ဓာတ်သည်  ဆုံးရှုံးမှုသို့  ဦးတည်သည်။

ထို့ကြောင့်    ကြီးပွားတိုးတက်ကာ လုပ်ငန်းများ အောင်မြင်လိုသူတိုင်း၊ မြေကြီးမှ ရွှေသီးလိုသူတိုင်းအနေဖြင့် စိတ်ဓာတ်ကောင်းရမည်။ စည်းကမ်းစနစ်တကျရှိရမည်။  နိုင်ငံနှင့်လူမျိုးအပေါ်၊  မိမိ၏လုပ်ငန်းအပေါ်သစ္စာထားရှိရမည်။ ထို့ပြင် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းတွင် စည်းလုံးမှု  အမြဲရှိနေရမည်ဖြစ်သည်။  တစ်ဦးကမေတ္တာ  တစ်ဦးကစေတနာဆိုသကဲ့သို့ လုပ်ငန်းရှင်နှင့်လုပ်သားများ စည်းလုံးမှုရှိမှလည်း အောင်မြင်ပေမည်။

ထို့အတူ လုပ်ဆောင်သူများအားလုံးတွင် ကိုယ်စီစွမ်းရည်များ ရှိနေကြရမည်ဖြစ်သည်။ ကိုယ်စီစွမ်းရည်ဆိုသည်မှာ မိမိတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင် နိုင်သည့် အရည်အချင်းဖြစ်သည်။ 

“မြေကြီးကရွှေသီး”ရမည်ဟူသော မင်္ဂလာစကားနှင့်အညီ ယနေ့အချိန်အခါသည် မြန်မာတို့အတွက် အချိန်ကောင်း၊ အခါကောင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များကို   လုပ်ဆောင်ပေးလျက်ရှိသည်။  ထို့ကြောင့်  ရောက်ရှိနေသည့် အချိန်အခါကောင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌  မြေကြီးမှရွှေသီးအောင် “တစ်စိတ်ဝမ်း တစ်လက်ညီ” ပြည်ရေးကို ပြိုင်တူညီညာ လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။    ။

Source: Myawady Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းမှာ တောသူတောင်သားများ  ဖြစ်ကြသည်။ ထိုသူများ မက်မက်မောမောစားကြသည့် နံနက်ခင်းစာမှာ ပဲပြုတ်ဆီဆမ်းနှင့် ညဉ့်ဦးကတည်းက ပိုလျှံအောင်ချက်ထားသည့် ထမင်းကြမ်းဖြစ်သည်။

ပဲပြုတ်ဟုဆိုလိုက်သည်နှင့် မျက်စိထဲတွင် မြန်မာ့ရိုးရာစားစရာ စားတော်ပဲပြုတ် ကို   မြင်ပြီးဖြစ်ပါသည်။  ရေစိမ်ထားပြီး အညှောက်ကလေးများ ထွက်နေသော စား တော်ပဲလုံးကို အနူးမြန်အောင် ဆော်ဒါ နှင့်  ဆားသင့်ရုံထည့်ပြုတ်ထားသဖြင့် ဆိမ့်သောအရသာ ခပ်လေးလေးနှင့် ချိုငန်သော  အရသာရှိသည်။    ထိုပဲပြုတ်ကို   နှမ်းဆီ သို့မဟုတ်  မြေပဲဆီကို ဆမ်းစားလေ့ရှိကြသည်။

တောသူတောင်သားများ ထမင်းကြမ်း စားကြခြင်းမှာ အဆာခံခြင်းကြောင့်ဖြစ်သည်။ နံနက်စောစော နွားတစ်ရှဉ်းနှင့် တောင်ယာလယ်တောဆင်းသူများ အဖို့  နေ့လယ်နေမြင့်မှ   နွားများနေမပူအောင် အလုပ်သိမ်းအိမ်ပြန်ကြရသည်။ ထိုအချိန် အတွင်း   နောက်ထပ်     ဗိုက်မဆာစေရန် ထမင်းကြမ်းကို   စားကြရခြင်းဖြစ်သည်။ အမှန်မှာ အစာအိမ်နှင့် သင့်လျော်သော နံနက်ခင်းစာမှာ   ထမင်းပူပူနွေးနွေးဖြစ်သည်။ ထမင်းအေးသည်  ဝမ်းမီးကိုငြိမ်းစေသဖြင့် အလုပ်မလုပ်သောသူများ မစားသင့်ပေ။ ရင်တောင့်ပြီး အစာမကြေဖြစ်ရာမှ ကြာလျှင် အစာအိမ်ရောင်ရောဂါရနိုင်သည်။

စားတော်ပဲပြုတ်ကို ခံတွင်းတွေ့ကြခြင်းမှာ ဆော်ဒါနှင့်ပဲပြုတ်ထားသောကြောင့် ဖြစ်သည်။ ဆော်ဒါသည် အစာအိမ်မှ လေကို အထက်သို့ပွ၍တက်စေသော အစာဖြစ်သဖြင့် ဆော်ဒါများလွန်းလျှင် မကောင်းပေ။   ပဲပြုတ်ပြုတ်သူများက  ပဲလုံးအနူးမြန်စေရန် ထည့်ပြုတ်ခြင်းဖြစ်သည်။

မြန်မာ့ရိုးရာအစားအစာ ပဲပြုတ်သည် အင်္ဂလိပ်ခေတ်တွင် အိန္ဒိယမှပါလာသော ကာကာများ၏ လက်ဖက်ရည်ဆိုင်များမှ နံပြားနှင့်ပေါင်းပြီး  လူကြိုက်များသော အစားအစာဖြစ်လာသည်။

ပဲအမျိုးအစားများစွာအနက်  စားတော်ပဲလုံးကို   လူကြိုက်များရခြင်းမှာ ဆိမ့်၍ အားရှိသော  ပဲမျိုးဖြစ်သောကြောင့်ဖြစ် သည်။ ကုလားပဲနှင့်မတူသော အချက်မှာ ကုလားပဲသည် အားရှိသော်လည်း ဝမ်းကို ချုပ်စေသည်။ စားတော်ပဲသည် လေကို  ပွစေသဖြင့် ဝါယောဓာတ်ပါသော အစား အစာဖြစ်သည်။ ဝမ်းကို မချုပ်ပေ။  စား တော်ပဲလုံး ရေစိမ်သောအခါ အညှောက် လေးများထွက်သဖြင့် အရည်ကို စုပ်ယူ နိုင်သည့် အာပေါစာဖြစ်သည်။ အညှောက်ပေါက်လေးတွင် တွန်းကန်ထွက်နိုင်သည့် အာကာသဓာတ်ရှိသဖြင့်  စားတော်ပဲစားလျှင် ချွေးထွက်စေနိုင်သော သတ္တိ ရှိသည်။ အဖျားရှိသူများ ကုလားပဲနှင့် မတည့်သော်လည်း စားတော်ပဲပြုတ်နှင့် တည့်သည်။ နံနက်စာအဖြစ် ထမင်းပူပူ နှင့်စားနိုင်သည်။

မြန်မာ့ရိုးရာ အစားအစာများတွင် နံနက်စောစော စားလေ့ရှိသော စားတော်ပဲပြုတ်သည် ကျန်းမာရေးနှင့် သင့်လျော် သော အစားအစာဖြစ်သည်။ ပိန်သူဖြစ်စေ၊ ဝသူဖြစ်စေ သင့်လျော်ပြီး အာဟာရဓာတ်လည်း ပြည့်စုံသောအစားအစာဖြစ်သည်။ အထူးပါဝင်သော သတ္တိထူးမှာ အစာအိမ်သစ်တွင် ခိုအောင်းနေသော လေချဉ်လေဟောင်းကို ဖွထုတ်ပြီး အပြင်သို့ထွက်စေကာ အစာစားချင်စိတ်ကိုဖြစ်စေသော သတ္တိ၊ ဆာလောင်သောအပူကို ငြိမ်းစေပြီး အာဟာရဖြစ်စေသော  အစားအစာဖြစ်ကြောင်း  တင်ပြအပ်ပါသည်။    ။

Source: Myawady Web Portal

ကြည်လွင်မြင့်(မုဒြာ)

ကျေးလက်နေပြည်သူများ၏  စားရေရိက္ခာ ပြည့်စုံဖူလုံရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းကြက်မွေးမြူရေးကို“ဟင်းစားမှသည် တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်  စီးပွားဖြစ်မှသည် ပြည်ပပို့ကုန်အမည်တစ်မျိုး…”အဖြစ်မွေးမြူပါက  မိသားစုစားရေရိက္ခာအတွက် ဟင်းစားရရှိလာမည့်အပြင် ပိုလျှံသည်များကို ဈေးကွက် တင်ပို့ရောင်းချပါက မွေးမြူရေး အလုပ်အကိုင် အခွင့်အလမ်း  စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့်  ပိုလျှံ တိုးပွားဝင်ငွေ အခွင့်အလမ်းရရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည်  မြေကြီးပေါ်တွင်  စိုက်ပျိုးမွေးမြူကာ စိုက်ပျိုး၍ အပင်မှထွက်ရှိလာသည်များကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျွေးမွေး၍   အသား၊   ငါး၊   နို့၊ ဥများ ထုတ်လုပ်ကာ   လူသားများအတွက် အဓိကလိုအပ်သော    အစာကွင်းဆက်၊   အစာသံသရာ အတွက် စားရေရိက္ခာပြည့်စုံဖူလုံအောင် ဆောင်ရွက်ပေးနေသော လုပ်ငန်းဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းအရ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ကြက်ကောင်ရေစုစုပေါင်း ၈၀ ဒသမ ၈၆  သန်းရှိကာ ဒေသကြက်ကောင်ရေသည် ကြက်စုစုပေါင်း၏   ၅၄  ဒသမ  ၃  ရာခိုင်နှုန်းရှိပြီး ပြည်သူများ၏   အသားရိက္ခာအတွက်   အဓိက ပံ့ပိုးပေးနေသော  မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသများတွင်  တိုင်းရင်းကြက်မွေးမြူရေးသည် ဝင်ငွေကောင်းရရှိစေနိုင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော တိုင်းရင်းကြက်မျိုးများဖြစ်သည့်

(က)   စစ်တကောင်းကြက်

( ခ )   အင်ပင်ဝကြက်

( ဂ )   လည်ပြောင်ကြက်

(ဃ)   တိုက်ကြက် အစရှိသောမျိုးများသည် အထူးထင်ရှားသည်။

တိုင်းရင်းကြက်မွေးမြူရေးသည် ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ်မများဘဲ မွေးမြူထုတ်လုပ်နိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပေသည်။ အဓိကအားဖြင့်

      (၁)     အဆောက်အအုံ၊ အစာ၊ ဆေး၊ ခြံသုံးပစ္စည်းနှင့် လုပ်အားခ စသည့်ကုန်ကျစရိတ်များ သက်သာစွာ မွေးမြူနိုင်ခြင်း။

      (၂)      ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊  အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်မျိုးများထက် ခံနိုင်ရည်ရှိခြင်း။

      (၃)     ဒေသတွင်းမိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း။

      (၄)     ဖောက်စက်မလိုအပ်ဘဲ မိမိကိုင်တိုင်ဝပ်၍ သားပေါက်နိုင်ခြင်း။

       (၅)     ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး  ကြက်ငယ်များအဝရှင်သန်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။

      (၆)     အရွယ်ရောက်သောအခါ    မိမိဘာသာရန်သူကို  ကာကွယ်ရှင်သန် လှုပ်ရှားနိုင်ခြင်း။

      (၇)     ကြက်သား၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။

      (၈)     ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အသွေးကောင်းများ ရှိပေသည်။

အထက်ဖော်ပြပါ အရည်အသွေးကောင်းများရှိသော်လည်း တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျကျွေးမွေး၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျှင် သေပျောက်ဆုံးရှုံး ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။

“ဆရာမပြ နည်းမကျ”ဆိုသကဲ့သို့ တတ်သိနားလည်သော ဆရာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)များ၏ နည်းမှန်လမ်းမှန်နည်းပေး လမ်းပြမှုဖြင့်   တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျမွေးမြူထုတ်လုပ်ပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မှန်ကန်သောမွေးမြူရေး လုပ်ငန်းဖြစ်ပေသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများသည် အချိန်တိုကာလအတွင်း  ရင်းနှီးမြှုပ်နှံငွေပြန်လည်ရရှိနိုင်ခြင်း၊  မိမိတို့ဒေသအတွင်းရှိ  တိုင်းရင်းကြက်မျိုးများ၏  ထုတ်လုပ်နိုင်မှုစွမ်းရည်သည် စနစ်တကျ မွေးမြူထုတ်လုပ်ပါက   ပုံမှန်သိရှိထားသည်ထက် များစွာသာလွန် ကောင်းမွန်ခြင်း၊ အသားနှင့်ဥများ၏ အနံ့အရသာများမှာ မွေးမြူရေးကြက်ဥ၊ ကြက်သားများထက် လူကြိုက်များပြီး ထုတ်ကုန်တန်ဖိုးပိုမိုမြင့်မားခြင်းတို့ကြောင့်    ယခုအချိန်ကာလတွင် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းသည် မွေးမြူရန်အခွင့်အလမ်း ပိုမိုကောင်းမွန်လျက်ရှိသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန်  ကြက်ခြံဆောက်လုပ်ပေးရမည်။ ညအိပ်ရန်၊   ခွေး၊ ကြောင်၊  ငှက်၊  သားရဲတိရစ္ဆာန်တို့ရန်မှ ကာကွယ်ရန်နှင့်      ရာသီဥတုဒဏ်မှ ကာကွယ်ရန်ဖြစ်သည်။    တိုင်းရင်းကြက်များသည် ကိုယ်တိုင်ရှာဖ ွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ထမင်း(သို့)ရောစပ်စာ၊ အစာစိမ်း၊ဒေသအလိုက် ရရှိနိုင်သော  ပိုးစာရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ဗေဒါရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်တို့ဖြင့်ရောစပ်ကာ အစာခွက်ဖြင့် ကျွေးမွေးနိုင်သည်။

သန့်ရှင်း၍  လတ်ဆတ်သော အစာနှင့်ရေရရှိရေးသည်   မွေးမြူရေးအတွက်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။  သန့်ရှင်းသောအစာနှင့် ရေရရှိရေးအတွက် သန့်ရှင်းသော အစာခွက်၊ ရေခွက်အသုံးပြုရေးသည်လည်း အရေးကြီးလှပေသည်။

တိုင်းရင်းကြက်များသည် မြန်မာနိုင်ငံအနှံ့အပြားဒေသ အသီးသီး၏ ရာသီဥတုပတ်ဝန်းကျင် အခြေအနေနှင့် ယဉ်ပါးပြီးဖြစ်ကာ  မိဘ၊ ဘိုးဘွားလက်ထက် အစဉ်အဆက်မွေးမြူခဲ့ကြသော  ဒေသကြက်မျိုးများဖြစ်သည်။ တိုင်းရင်းကြက်မွေးမြူရေးတွင်-

“ကြက်မကိုးကောင် ကိုးလရှောင်တစ်နေ့တစ်ကောင် စားသုံးမျိုးမတုံး” ဆိုသောစကားရှိသည်။ စနစ်တကျမွေးမြူမှသာလျှင် ဆိုရိုးစကားနှင့်ကိုက်ညီသော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးတွင်  ဥတင်းများ ထားရှိပေးရမည်။ ကြက်ခြံ၏ မှောင်၍ ထောင့်ကျသောနေရာတွင် ဥတင်းကိုမြေပြင်မှ ၁ ပေခွဲအကွာတွင် ကောက်ရိုး၊ မြက်ခြောက်ခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးရမည်။    ကြက်မတစ်ကောင်လျှင်   ဥတင်းတစ်ခုနှုန်းထားပေးရမည်။  ဝပ်ကြက်မ သားပေါက်ပြီးပါက ဥတင်းထဲမှ ကောက်ရိုး၊ မြက်ခြောက်များကို စွန့်ဖယ်၍ မီးရှို့ပစ်ရမည်။ ကြက်သန်း၊ လှေးများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥတင်း၊ အိပ်တန်းအကြိုအကြားနေရာများကို ဆေးရွက်ကြီးထည့်ခြင်း၊ ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် ပက်ဖျန်း၊ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ကြက်ငယ်လေးများ ပေါက်လာပါက သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် သုံးကြိမ်မှလေးကြိမ် သားပေါက်ရာမှ ငါးကြိမ်မှခြောက်ကြိမ်အထိ ပိုမိုပေါက်ပွားနိုင်ပြီး ခွေး၊ ကြောင်၊ ကျီး၊ စွန် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။

 တိုင်းရင်းကြက်မွေးမြူရေးခြံကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။  သန့်ရှင်းရေး ပြုလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းပါဝင်မှုကိုကြည့်ရှုပြီး ကြက်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးရမည်။ အထူးသဖြင့် တိုင်းရင်းကြက်များ အိပ်တန်းဝင်နေချိန်နှင့် အစာကျွေးချိန်တွင် သေချာစစ်ဆေးပေးရမည်။

တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေသော အတားအဆီးမှာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုဖြစ်သည်။ မှိုင်ကုပ်ပြီးရက်ပိုင်းအတွင်း   ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည်။ ကြက်ဝမ်းကျရောဂါသည် ဒုတိယဆုံးရှုံးမှုများသော ရောဂါဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားကာ ဆုံးရှုံးမှုများတတ်သည်။ ကြက်ငယ်ကလေးများ ညအချိန်တွင် ခြင်ကိုက်ရာမှ မျက်ခွံတွင် အနာဖြစ်ပြီး ကြက်ကျောက်ရောဂါလည်းဖြစ်ပွားတတ်သည်။ ၎င်းရောဂါများကို ကာကွယ်ဆေးပေးခြင်းဖြင့်   အပြည့်အဝကာကွယ်နိုင်သည်။

Description: C:\Users\TinTunAung\Desktop\27-2-2025\272132.JPG

    သန်ကောင်များကြောင့်လည်း ထုတ်လုပ်မှု ကျဆင်းတတ်သဖြင့် သန်ချဆေးများကိုလည်း ပုံမှန်တိုက်ကျွေးပေးရန် လိုအပ်သည်။

မှတ်တမ်းများထားရှိခြင်းသည်  တိုင်းရင်းကြက်မွေးမြူရေးတွင် ကြက်မျိုးရွေးချယ်မှုကို အထောက် အကူဖြစ်စေသည်။  ကြက်မတစ်ကောင်ချင်းအလိုက်  ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာစားနှုန်းတို့ကိုမှတ်တမ်းထားမှသာ  မျိုးကြက်ရွေးချယ်ခြင်းနှင့်  ပယ်ခြင်းများပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးကို မိရိုးဖလာနည်းဖြင့်သာ မွေးမြူနေကြသဖြင့် တိုးတက်မှု နှောင့်နှေးနေပေသည်။ နည်းစနစ်တကျ မွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်းနှင့် ကြီးထွားနှုန်း၊ထုတ်လုပ်မှု အမြင့်မားဆုံးရရှိစေရန် ဆောင်ရွက်နိုင်ပြီး ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင် ရာသီဥတုအခြေအနေများတွင် လိုက်လျောညီထွေဖြစ်စေနိုင်သည့် မျိုးသစ်များထွက်ပေါ်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေး အသွင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံဒေသအသီးသီးရှိ     ဒေသကြက်မျိုးများကိုပြန်လည်ဖော်ထုတ်မွေးမြူနေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း  တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူခြင်းဖြင့်  အစားအစာပြည့်စုံဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်၏ စားရေရိက္ခာပြည့်စုံ ဖူလုံရေးတွင်အရေးပါသောမွေးမြူရေး လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: Myawady Web Portal

အောင်သူရိန်(လယ်ဝေး)

ကော်ဖီဆိုဆိုတာက လူတော်တော်များများအတွက် မနက်ခင်းကို စတင်သည့် သောက်စရာပါ။ မနက်ခင်းမှာကော်ဖီတစ်ခွက်သောက်ခြင်းသည် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေရန်အတွက် အထောက်အကူ ပေးနိုင်ပါသည်။ ကော်ဖီက စိတ်ရောကိုယ်ပါ လန်းဆန်းစေသည်ဆိုသော်လည်း ကော်ဖီကို အချိန် မှန်ကန်စွာ သောက်သုံးတတ်ရန် လိုပါသည်။ ထို့ကြောင့် တစ်နေ့တာအတွက် ကော်ဖီသောက်ရန် အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကော်ဖီဆိုတာက နည်းနည်းသောက်ရင် ဆေးဖြစ်သော်လည်း အလွန်အကျွံ သောက်ပါက စိတ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းများပါဖြစ်စေနိုင်ပါသည်။ ကော်ဖီကို အချိန်မှန်မှန်လေးနှင့် ပမာဏ မှန်မှန်လေး သောက်မိမှ လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေမည်ဖြစ်ပါသည်။ 

ကဖင်း၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း

ကော်ဖီကို ဘယ်အချိန်မှာ သောက်တာ အကောင်းဆုံးလဲဆိုတာကို မပြောသေးခင် ကဖင်း အကြောင်းလေး နည်းနည်းလောက် ရှင်းပြပေးချင်ပါသည်။ ကဖင်းဆိုတာက ကော်ဖီ၊ ရေနွေးကြမ်း၊ လက်ဖက်၊ လက်ဖက်ရည် တို့တွင် ပါလေ့ရှိသည့် အရာလေး တစ်ခုပါ။ 

ကဖင်းက ဘာလုပ်ပေးလဲဆိုရင် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါသည်။ နားလည်အောင် ပြောပြရမည်ဆိုပါက စိတ်ကိုလန်းဆန်းတက်ကြွနေစေခြင်းပဲ ဖြစ်ပါသည်။ ကော်ဖီက အသင့်အတင့် သောက်သုံးမယ်ဆိုပါကစိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်သော်လည်း ကော်ဖီကို လိုတာထက် ပိုပြီးသောက်သုံးမိမည် ဆိုပါက အာရုံစူးစိုက်ရန် ခက်ခဲစေပြီး အတက်ကြွလွန်နေခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းများကိုပါ ခံစား ရနိုင်ပါသည်။ 

ကဖင်းကို အလွန်အကျွံ သောက်သုံးစားသုံးမိခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးခုန်မြန်ခြင်းနှင့် နှလုံးသွေးကြောများကို ထိခိုက်စေနိုင်ပါသည်။ 

ကော်ဖီကို မနက်ခင်း သောက်မယ်ဆိုရင်

၈ အောင်စ ပါဝင်နေသော ကော်ဖီတစ်ခွက်မှာ ကဖင်းက ၁၀၀ မီလီဂရမ်အထိ ပါဝင်နေပြီး ကော်ဖီမှုန့် ပါဝင်မှုနှင့် ဘယ်လိုဖျော်စပ်ထားလဲဆိုသည့်အပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။ 

ကော်ဖီက စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်သောကြောင့် မနက်ခင်းမှာ ကော်ဖီသောက်သုံးခြင်းက တစ်နေ့တာကို လန်းဆန်းတက်ကြွစေမည်ဖြစ်ပါသည်။ နောက်တစ်ခုက နံနက်စောစော ၇ - ၈နာရီ ပတ်ဝန်းကျင်ဆို ခန္ဓာကိုယ် ထဲက သဘာဝဟော်မုန်း ကော်တီစောက ထွက်လာပြီး လူကို လန်းဆန်းတက်ကြွအောင် လုပ်နေပါပြီ။ ဒါကလည်း ဖြစ်သင့်သည့် အချက်ပါ။ နံနက်စောစောမှာ လန်းနေမှ အလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။

နဂိုတည်းက လန်းနေသည့်သူက ကော်ဖီထပ်သောက်လိုက်မည်ဆိုပါက ကိုယ်သောက်သည့်ပမာဏ၊ ခံနိုင်ရည်ပေါ် မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပါသည်။ ကဖင်းဒဏ်ခံနိုင်သည့်သူများတွင် သိပ်ပြဿနာ မရှိသော်လည်း ကဖင်းဒဏ်ကို သိပ်မခံနိုင်သည့်သူများ၊ များများသောက်မိသည့်သူများတွင် လူက အလန်းလွန်ပြီး ရင်တုန်ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်ပါသည်။

ညဘက်မှာ ကော်ဖီသောက်ခြင်းက ညဘက်မှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှာပါ။ ကော်ဖီသောက်ပြီးချိန်မှာ ကော်ဖီမှာပါလာသည့် ကဖင်းကို ချေဖျက်ရန်  လူပေါ်မူတည်ပြီး ၂နာရီမှ ၁၀ နာရီလောက်အထိ အချိန်ယူ ရပါသည်။ ဒါကလည်း ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် အနေအထားကိုလိုက်ပြီး တစ်ယောက်နှင့် တစ်ယောက်ကွာခြားနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ညဘက်မှာ ကော်ဖီသောက်ခြင်းက ကောင်းကောင်း အိပ်ပျော်စေရန် ခက်စေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်ပါသည်။

“ကော်ဖီကို ဘယ်အချိန်မှာ မသောက်သင့်ဘူးလဲ” ဆိုသည်နှင့်ပတ်သက်ပြီး စာတမ်းများရှိသော်လည်း ဘယ်အချိန်မှာ သောက်သင့်လဲဆိုသည်နှင့် ပတ်သက်ပြီး တိတိကျကျ လေ့လာထားခြင်း မရှိပါ။

မိမိ၏ ခံနိုင်ရည်၊ မိမိလိုချင်သည့် အာနိသင်ပေါ်မူတည်ပြီး ချိန်ညှိသောက်ခြင်းက အကောင်းဆုံးပါ။ နံနက် နိုးနိုးချင်းကို လုပ်စရာတွေ ပုံပြီး မလန်းဘူးလား။ ဒါဆိုရင် နိုးတာနှင့် သောက်နိုင်ပါသည်။ နေ့လယ်လောက်မှ သောက်တတ်သူလား။ ဒါဆို နေ့လယ်လောက်မှ သောက်ပါ။ 

မိမိ၏ တစ်နေ့တာ အလုပ်များ၊ အိပ်ချိန်များ၊ ကျန်းမာရေးများ မထိခိုက်သ‌ရွေ့ အဆင်ပြေသည့် အချိန်မှာ သောက်လို့ရပါသည်။ အကြမ်းအားဖြင့် ကော်တီစောစကျသည့် နံနက်ခင်း ၉ နာရီ ကနေ ၁၁ နာရီ ကြားလောက်ဆိုလျှင် လန်းဆန်းဖို့လည်း လိုနေသေးသည်ဆိုပါ  သောက်နိုင်ပါသည်။ ညနေဆိုလျှင် အိပ်ချိန်နှင့် အချိန်ခွာပြီး သောက်ပေးပါ။ ဒါကလည်း မိမိ၏ ကဖင်းခံနိုင်ရည်အပေါ် မူတည်ပါသည်။ အိပ်ချိန်နှင့် ၅နာရီခွာပြီး သောက်တယ်။ အိပ်မပျော်ဘူးလား။ ဒါဆို ၆နာရီ ခွာသောက်ပါ။ အိပ်ချိန်နှင့် ၂နာရီပဲ ခွာသောက်တာ အိပ်ပျော်တယ်ဆိုပါက ၂နာရီခွာသောက်ရင် ရပါပြီ။ ကော်ဖီနှင့် ပတ်သက်လာလျှင် မိမိခန္ဓာကိုယ်၏ တုံ့ပြန်မှုကို နားထောင်ခြင်းက အကောင်းဆုံးပါ။

ကိုးကား- https://hellosayarwon.com

Htet Htet Zaw Win
  • စီးကရက်မီးခိုးငွေ့မှာတွေ့ရသည့် ဓာတုအဆိပ်ငွေ့များသည် ရင်သားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ စသည့်ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကို တိုးမြင့်စေ ပါသည်။

  • တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်းသည် နှလုံးနှင့်ဆိုင်သည့် ရောဂါများ ဖြစ်စေရန်အတွက် လုံလောက်ပါသည်။ နှလုံးရောဂါနှင့် သေဆုံးရသူများထဲက ၂၀% သည် ဆေးလိပ်သောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

  • တစ်နေ့ တစ်ဘူး နှုန်းဖြင့် နှစ်ပေါင်း ၃၀၊ သို့မဟုတ် တစ်နေ့ နှစ်ဘူး နှုန်းဖြင့် ၁၅ နှစ် သောက်ခဲ့သူ ဆိုပါက အဆုတ်ကင်ဆာစစ်ဆေးရန် ကြိုတင်စာရင်းပေးသင့်ပါသည်။ အဆုတ်ကင်ဆာကို စောစော သိပါက စောစောကုနိုင်ပြီး ပျောက်ကင်းအောင် ကုသပေးနိုင်ပါသည်။

စီးကရက်တွင် အန္တရာယ်ဖြစ်နိုင်သည့် ဓာတုပစ္စည်းပေါင်း ၄,၀၀၀ ကျော် ပါဝင်ပြီး အဆိုပါ ပါဝင်ပစ္စည်းများ အနက် ၆၀ ကျော်က ကင်ဆာဖြစ်စေနိုင်ပါသည်။ စီးကရက်များများသောက်သည့်သူ၊ စီးကရက်ကို နှစ်ရှည် လများ သောက်သည့်သူများသည် သေစေနိုင်သည့် ရောဂါများဖြစ်သည့် ကင်ဆာ၊ အဆုတ်လေအိတ်များ ပျက်စီးသည့် ရောဂါ၊ နမိုးနီးယား၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အခွင့်အလမ်း ပိုများပါသည်။

၁။ ကင်ဆာ

စာရင်းဇယားများအရ အဆုတ်ကင်ဆာသည် ထိုင်းလူမျိုး အမျိုးသားများတွင် ဒုတိယ အဖြစ်အများဆုံးနှင့် ထိုင်းအမျိုးသမီးများတွင် စတုတ္ထအဖြစ်အများဆုံးအဆင့်တွင် ရှိနေသည်ကို တွေ့ရှိရပါသည်။ အဆုတ်ကင်ဆာ သည် အဆုတ်ကတစ်ဆင့် အခြားအရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကို ကင်ဆာဆဲလ်များ ပျံ့နှံ့သွားစေပြီး အသက်ဆုံးရှုံးမှု အလွန်များပြားသောကြောင့် အဆုတ်ကင်ဆာကို ကင်ဆာရောဂါဖြစ်ခြင်း၏ ပင်မ အကြောင်း တရားကြီးအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကင်ဆာ၏ ရေသောက် မြစ်ပါ။

ထို့အပြင် စီးကရက်မီးခိုးငွေ့တွင် တွေ့ရသည့် ဓာတုအဆိပ်ငွေ့များသည် ရင်သားကင်ဆာ၊ အစာရေမြို ကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကိုလည်း တိုးမြင့်စေ ပါသည်။ ယခုလို အန္တရာယ်များသောကြောင့် တစ်နေ့ စီးကရက် နှစ်ဘူးနှုန်းနှင့် ၁၅ နှစ်လောက် သောက်ထား သည့်ပုဂ္ဂိုလ် ဆိုပါက ရင်ဘတ်ဓာတ်မှန် နှင့် low-dose CT ရိုက်ကြည့်ပြီး အဆုတ်ကင်ဆာ ဖြစ်နေပြီလား ဆိုသည်ကို စစ်ဆေးကြည့်သင့်ပါသည်။ ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရပါက လုံး၀ပျောက်ကင်းသွား စေရန် ကုသ၍ ရနိုင်ပါသည်။

၂။ အဆုတ်လေအိတ်များပျက်စီးသည့်ရောဂါ

အဆုတ်က လေအိတ်သေးသေးလေး သန်းပေါင်းများစွာပါဝင်ပြီးတော့ အောက်ဆီဂျင်ကို သန့်စင်ပေးပြီး သွေးထဲကို ပို့ဆောင်ပေးသည့် တာဝန်ကို ဆောင်ရွက်ကြပါသည်။ ဆေးလိပ်ကို ရေရှည် သောက်သည့်သူ ဆိုလျှင် ဆေးလိပ်တွင် ပါဝင်သည့် ဓာတုပစ္စည်းများက အဆိုပါလေအိတ်ကလေးများကို ကြီးမား ဖောင်းပွ ရောင်ရမ်းပြီး ပျက်စီးစေပါသည်။ လေအိတ်လေးများ ရောင်ရမ်းလာပါက အောက်ဆီဂျင်ကို စစ်ထုတ်ပေးခြင်း၊ သယ်ပို့ပေးခြင်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ လူမှာ အောက်ဆီဂျင် မလုံလောက်မှုနဲ့ အသက်ရှုမဝခြင်းများ ဖြစ်လာပါသည်။

လူတစ်ယောက်သည် အဆုတ်တွင် လေအိတ်ရောင်ရမ်းနေပြီဆိုပါက နှလုံးအောင့်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်လာတတ်ပြီး ၎င်းတို့၏ နေ့စဉ်ဘဝကိုလည်း ထိခိုက် လာပါသည်။ ပြင်းထန်သည့် အဆုတ်လေအိတ်ရောင်ရမ်းသည့်ရောဂါသည် ရောဂါခံစားနေရသည့်သူကို ရောဂါဒဏ် အတော်ခံရစေပါသည်။အသက်ရှူရခက်လို့ လွန်စွာမောပန်းပြီး အိပ်ရာထဲလဲသည့် အထိဖြစ်စေပါသည်။ တစ်ချို့ဆို အောက်ဆီဂျင်ကို တောက်လျှောက် ပေးထားရပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်သူများ အသက်ရှူရ ခက်လာပြီ၊ အသက်ရှူမ၀ဖြစ်လာပြီဆိုပါက ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အခြေအနေ ပိုဆိုး မသွားခင် ကုသမှုခံယူသင့်ပါသည်။

၃။ နမိုးနီးယား

အဆုတ် ရောင်ရမ်းရာကတစ်ဆင့် နမိုးနီးယားဖြစ်လာပါသည်။ ရောင်ရမ်းရသည့် အရင်းအမြစ်ကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုပေါက်ပွားမှုများကြောင့် ဖြစ်နိုင်သည့်အပြင် အန္တရာယ်ရှိသော အရာတွေဖြစ်သည့် ဖုန်၊ အခြားဓာတုပစ္စည်းများ အထူးသဖြင့် စီးကရက်အငွေ့များကို အသက်ရှူ လမ်းကြောင်းတစ်လျှောက် ရှိုက်သွင်း၊ ရှူထုတ်လုပ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာကတော့ အသက်ရှူရခက်ခဲခြင်းနှင့် ရင်ကြပ်ခြင်းတို့ ဖြစ်ပါသည်။ တစ်ချို့က အစပိုင်းတွင် အဖျားလေး နည်းနည်းရှိပြီး အအေးမိသလိုလို၊ ခေါင်းကိုက် သလိုလို၊ ချမ်းစိမ့်စိမ့်နှင့် ချောင်းဆိုး၊ လည်ချောင်းနာခြင်းက စတာပါပဲ။ နည်းနည်း ပြင်းလာရင်တော့ ရင်ဘတ် အောင့်မည်၊ အသက်ရှူမမှန်ဖြစ်မည်၊ ချောင်းအရမ်းဆိုးပြီး သလိပ်ထဲ သွေး ပါလာမှာပဲဖြစ်ပါသည်။

နမိုးနီးယားက တကယ်တော့ မွေးကင်းစကလေးများ၊ သက်ကြီးလူကြီးပိုင်းများနှင့် ကိုယ်ခံအား နည်းသည့် သူများတွင် ဖြစ်လေ့ရှိကြပါသည်။ ပြင်းထန်နမိုးနီးယားဆိုပါက အသက်အန္တရာယ် ရှိပါသည်။ အဆိုပါ ပုဂ္ဂိုလ် များကတော့ ဆေးလိပ်သောက်ခြင်းကို အထူးရှောင်ရှားရမှာဖြစ်ပါသည်။ passive smoking လို့ခေါ်သည့် တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း / ဆေးလိပ်ငွေ့ရှူမိခြင်းများလည်းပါ ပါသည်။

၄။ နှလုံးသွေးကြောပိတ်ခြင်း

စီးကရက်မီးခိုးထဲတွင် ပါဝင်သည့် အဆိပ်ဓာတ်များသည် နှလုံးခုန်မူမမှန်မှုကို ဖြစ်စေပြီးတော့ နောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းလာသည့်ဘက်ကို ဦးတည်ပါသည်။ ဆေးလိပ်ငွေ့က အားကစားလုပ်နေချိန်ဖြစ်ဖြစ် နားနေသည့် အချိန်ပဲဖြစ်ဖြစ် နှလုံးခုန်နှုန်းကို မြန်စေပါသည်။ တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်း က နှလုံးနှင့်ဆိုင်သည့် ရောဂါများ ဖြစ်စေရန် လုံလောက်ပါသည်။ နှလုံးရောဂါနှင့် သေဆုံးရ သူများထဲက ၂၀% က ဆေးလိပ်သောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ သန္ဓေတားဆေး သုံးစွဲနေသည့် အမျိုးသမီး ဆိုလျှင် ဆေးလိပ်က ဆီးချိုဖြစ်စေရန် အားပေးပါသည်။ ဆေးလိပ်သောက်ခြင်းသည် ပြင်းထန်သည့် နှလုံး တိုက်ခိုက်ခံရမှုနှုန်းကိုလည်း မြင့်တက်စေပါသည်။

၅။ ဆီးချို

Birmingham VA Medical Center, Alabama မှာ စေတနာ့ဝန်ထမ်း အဖွဲ့တစ်ဖွဲ့နှင့် စမ်းသပ်မှုအရ ဆေးလိပ် သောက်သူ ၂၂% က သွေးတွင်းသကြားဓာတ် မြင့်တက်နေသည်ကို တွေ့ရပါသည်။ ဒါက “ဆီးချိုဖြစ်တော့မယ်” ဟု သံချောင်းခေါက်လိုက်ခြင်း ဖြစ်ပါသည်။ အဖွဲ့၏ ၁၇% က လုံး၀ ဆေးလိပ်မသောက်တတ်သူဖြစ်သော်လည်း ဆေးလိပ်သောက်သူများနှင့် နီးနီးကပ်ကပ်နေလေ့ရှိကြပါသည့်အတွက် အဆိုပါ အုပ်စုမှာလည်း ယင်းလက္ခဏာ များကို တွေ့ရပါသည်။ ဆေးလိပ်ဖြတ်ပြီးသည့်သူများနှင့် ဆေးလိပ် လုံး၀မသောက်တတ်သူများကို နှိုင်းယှဉ်လေ့လာရာမှာတော့ ၁၄% နဲ့ ၁၁.၅% လောက်ပဲ ရှိကြပါသည်။

အဆိုပါ သုတေသန အချက်အလက်များက ဘာကိုပြနေသလဲဆိုလျှင် ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ သွေးတွင်း သကြားဓာတ် မြင့်တက်ခြင်းနှင့် ဆီးချိုရောဂါတို့၏ ဆက်စပ်ပုံကို သိသာစေပါသည်။ ဆေးလိပ်ငွေ့က ပန်ခရိယမှာ သွားစုနေပြီးတော့ ပန်ခရိယ၏ လုပ်ငန်းဆောင်တာများကို ကျဆင်းစေပါသည်။ အကျိုးဆက်ကတော့ ဆီးချိုရောဂါ ဖြစ်ကြပါသည်။

ထို့အပြင် ဆီးချိုဝေဒနာရှင်များသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခက်ခဲသည်ကိုလည်း တွေ့ရပါသည်။ ဆေးလိပ်မသောက်တတ်သူများနှင့် နှိုင်းယှဉ်ပါက အင်ဆူလင်အသုံးပြုရာမှာလည်း ပြဿနာ ရှိနေတတ်ပါသည်။ နောက်ပြီးတော့ ကျောက်ကပ်ရောဂါ၊ ထိသိနာဗ်ကြောများကို ထိခိုက်သည့် အာရုံကြော ရောဂါ၊ ဆီးချိုကြောင့် မျက်လုံးကွယ်ခြင်း စသဖြင့် အမျိုးမျိုး ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်များက ဆီးချိုသမားကို ဆေးလိပ် ဖြတ်ခိုင်းခြင်း၊ အဆီနည်းသည့် အစားအစာများသာ စားသုံးစေခြင်း၊ လေ့ကျင့်ခန်း များများလုပ်စေခြင်း၊ ဆရာဝန်ညွှန်ကြားသည့် ဆေးများကို သောက်ခိုင်းခြင်း၊ ဆေးခန်း မှန်မှန် ပြခိုင်းခြင်း စသဖြင့် ညွှန်ကြားပေးပြီး အသက်အန္တရာယ် ထိခိုက်မှု ဖြစ်လာနိုင်ခြေများကနေ လျှော့ချပေးလျက် ရှိပါသည်။

နိဂုံးချုပ်အားဖြင့်ပြောရမည်ဆိုပါက သေစေနိုင်သည့် ရောဂါမှန်သမျှသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်နေပါသည်။ ဖော်ပြခဲ့သည့် ရောဂါငါးမျိုးအပြင် ခံတွင်းရောဂါ၊ သွားပျက်စီးခြင်း၊ ခံတွင်းနံ့နံခြင်း၊ ကိုယ်သင်းရနံ့ ဆိုးရွားခြင်း၊ Gold Finger ဟု ခေါ်သည့် လက်ချောင်းများတွင် အဝါရောင် စွဲခြင်း၊ ပါးရေနားရေ တွန့်ခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း စသဖြင့် နောက်ဆက်တွဲရောဂါမျိုးစုံ ဖြစ်နိုင်ပါသည်။ အဆိုပါ ရောဂါမျိုးစုံသည် ဆေးလိပ်သောက်သူများ၏ ဘဝအတွက် အနုတ်လက္ခဏာဆောင်သည့် အကျိုးဆက်များဖြစ်ပါသည်။ အဆိုပါရောဂါများနှင့် စိတ်ဓာတ်ကျပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ရောဂါအကြီးစားများနှင့် ရင်ဆိုင်နိုင်ကြောင်း အသိပညာပေးလိုက်ပါသည်။ 

Photo: PCT NEW HOMEPAGE

Suchat Jerajakwatana, M.D.

ကုလသမဂ္ဂတွင် မကြာသေးမီက ဖြစ်ပွားခဲ့သောထူးခြားသည့်ဖြစ်ရပ်များသည် ဥရောပနှင့် အမေရိကန်ကြားကွဲလွဲမှုများကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် ကမ္ဘာ့နိုင်ငံရေးစင်မြင့်သို့ ပြန်လည်ရောက်ရှိလာပြီး အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒပြောင်းလဲမှုနှင့်အတူ အမေရိကန်နှင့် ဥရောပမဟာမိတ်အဖွဲ့များအကြား ကွဲလွဲမှုများ ပိုမိုကြီးမား နက်ရှိုင်းလာခဲ့သည်။

လွန်ခဲ့သော သုံးနှစ်အကြာကာလ ရုရှား-ယူကရိန်း ပဋိပက္ခစတင်ခဲ့သည့်အချိန်က ဥရောပအတွက် အမေရိကန်ထက် ပိုမိုအားကောင်းသော မဟာမိတ်မရှိခဲ့ပေ။

သို့သော် ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် အမေရိကန်သည် ၎င်း၏ အနီးကပ်ဆုံးမဟာမိတ်များကို ဆန့်ကျင်ကာ ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အတည်ပြုရန်အတွက် ရုရှား၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယား တို့နှင့် ပူးပေါင်းရပ်တည်ခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထွေထွေညီလာခံအစီအစဉ်တစ်ခုတွင် ကုလသမဂ္ဂပဋိညာဉ်နှင့်အညီ ယူကရိန်း၏နယ်မြေပိုင်ဆိုင်မှုကို ပြန်လည်အတည်ပြုရန်နှင့် ရုရှားတပ်များ ဆုတ်ခွာရန် တောင်းဆိုသည့် အဆိုတစ်ရပ်ကို အဖွဲ့ဝင် ၁၉၃ ဦးမှ အတည်ပြုနိုင်ရေး ယူကရိန်းက ကြိုးပမ်းခဲ့သည်။ 

ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့သော်လည်း ယခင်နှစ်များကထက် ထောက်ခံမှု နည်းပါးခဲ့သည်။ အဖွဲ့ဝင်များစွာက အမေရိကန်၏ ရပ်တည်ချက်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများကို ရှောင်ရှားလိုခဲ့ကြသည်။

ဝါရှင်တန်၏ သံတမန်များသည် အခြားနိုင်ငံများအား ယူကရိန်း၏အဆိုကို ဆန့်ကျင်မဲပေးရန် နှင့်၎င်းတို့၏ “ရှေ့ဆက်လှမ်းမည့် ဆုံးဖြတ်ချက်” ကို ထောက်ခံရန် တိုက်တွန်းခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် စစ်ပွဲနှင့်ပတ်သက်၍ ရုရှားကိုသာ အပြစ်မတင်ဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြင့် စစ်ပွဲအလျင်အမြန် ပြီးဆုံး နိုင်ရေးဆောင်ရွက်သွားကြရန် တောင်းဆိုထားသည်။

ဝါရှင်တန်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း၏ ဆန္ဒမဲနှင့် တန်းတူညီမျှရှိစေသည့် အထွေထွေညီလာခံတွင်သာမက ပိုမိုဆုံးဖြတ်နိုင်စွမ်းရှိသည့် လုံခြုံရေးကောင်စီတွင်လည်း အသိပေးခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် တရားဝင်အာဏာသက်ရောက်မှုရှိသော်လည်း တစ်ခါတစ်ရံတွင် အတည်ပြုရန်ခက်ခဲပြီး ရုရှား၏ ဗီတိုအာဏာကြောင့် ယူကရိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

အမေရိကန်၏ ရပ်တည်ချက်သည် ဥရောပကို အံ့အားသင့်စေခဲ့ပြီး ဥရောပသံတမန်တစ်ဦးက BBC ကို အမေရိကန်သည် ဗိုလ်ကျကာ ဥရောပ၏ လုံခြုံရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ပါဝင်သော ဆလိုဗေးနီးယားသံအမတ် Samuel Zbogar က BBC ကို ဥရောပသည် ဝါရှင်တန်၏ မြန်ဆန်သောအရွေ့များနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေရကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် ကောင်စီအစည်းအဝေးတွင် ပြန်လည် သုံးသပ်မှုအချို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 “ဥရောပသမဂ္ဂခေါင်းဆောင်များသည် အခြားသူများ လုပ်ဆောင်နေသည်များကို တုံ့ပြန်နေရုံမျှဖြင့် မလုံလောက်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ တက်ကြွစွာပါဝင်နိုင်ရေးအစီအစဉ်တစ်ခုရေးဆွဲရန် လိုအပ်ကြောင်းနှင့် ဥရောပအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းရန် တာဝန်ရှိ ပါကြောင်း” ၎င်းက BBC ကို ပြောကြားခဲ့သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၏ ညီလာခံခန်းမတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်၏ နောက်ဆုံးသဘောထားနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေစဉ် တုံ့ပြန်မှုများစွာ ရှိခဲ့သည်။

ကိုးကား- BBC News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပြည့်အစုံဆက်လက်ဖတ်ရှုရန်-https://www.bbc.com/news/articles/c5y0de4wpvlo?fbclid=IwZXh0bgNhZW0CMTEAAR18_UUqp4xuLyl78FVSjSePRFD52PLyD1L9c9P37IJ_RfO0uhTEWpREBQ_aem_vkzsBu5AVLNanQDf2RzMmQ

 

 

Nada Tawfik

ဒီမိုကရေစီအရေးကြွေးကြော်၊ လူ့အခွင့်အရေးရှေ့တန်းတင်၊ လစ်ဘရယ်လမ်းကြောင်း ထာဝရလျှောက်လှမ်းနိုင်ရေး ရေသောက်မြစ်များဖြစ်တဲ့ USAID  နဲ့ NED...၊ ထိုအေဂျင်စီနဲ့ ဖောင်ဒေးရှင်းနှစ်ခုကို ဒီမိုကရေစီနဲ့ လစ်ဘရယ်အရေး ဦးဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက ယနေ့ဒီမိုကရေစီဘက်တော်သားများဖြစ်တဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင် အီလွန်မတ်စ်တို့ကိုယ်တိုင် USAID နဲ့ NED တို့ရဲ့ဆောင်ရွက်ချက်နဲ့ အဂတိဖြစ်မှုတွေအပေါ် ပိတ်ဆို့ဟန့်တားစိစစ်ခြင်း တွေကို ဘာကြောင့်များ ပြင်းပြင်းထန်ထန်ဆောင်ရွက်နေကြပါသလဲ။

အမှန်တကယ် ထိုကမ္ဘာလုံးဆိုင်ရာ USAID နဲ့ NED တို့ဟာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေ၊ လစ်ဘရယ်တန်ဖိုးတွေနဲ့ မကိုက်ညီပါကြောင်း အကြောင်းအချက်များစွာကို ယနေ့အမေရိကန်ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုယ်တိုင်က သိမြင်နားလည်လက်ခံသွားကြလို့ပဲလား။ ဖြစ်ပေါ်လာသော အတွေးသစ်အမြင်သစ်များနဲ့အတူ...။

စေတနာမမှန် အကြောင်းမကောင်းခြင်းကနေ သင်ခန်းစာယူနိုင်ရန်

မှန်ကန်တဲ့ အပြောင်းအလဲတစ်ခုဆိုတာ လူနည်းစု သိနေရုံနဲ့မပြီး လူအများစုက လက်ခံလာဖို့လည်း လိုပါတယ်။ အမေရိကန်တို့သာ သိနေရုံမဟုတ်၊ EU လို နိုင်ငံတွေ အချို့အချို့သောလူတွေ နားလည်လက်ခံလာဖို့လည်း လိုပါသေးတယ်။

မဟုတ်ရင် ယူကရိန်းလို၊ အီရတ်၊ လစ်ဗျားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့သလို အကြောင်းကြောင့် အကျိုးဖြစ်ရတဲ့ အကြောင်းအကျိုးဆက် ဆိုးကျိုးသဘောတွေ များစွာရှိလာနိုင်ပါတယ်။ သင်ခန်းစာ ယူစရာတစ်ခုက... ဘယ်လောက်ပဲကောင်းတဲ့ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ ချမှတ်ထားသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်သူတွေမှာ အတ္တနဲ့ ကိုယ်ကျိုးစီးပွား အလွန်အမင်းရှေးရှု မိတဲ့အခါ မကောင်းစေတနာအရင်းခံ အဖျက်လုပ်ရပ်တွေနဲ့ အကျိုးဆက်မကောင်းခြင်းများ ဖြစ်ပေါ်လာရကြောင်း လက်ခံနိုင်ဖို့ဖြစ်ပါတယ်။ ပညာဉာဏ်အမြော်အမြင်နည်းပြီး လုပ်နည်းလုပ်ဟန်မမှန်တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်က အဆုံးသတ်မကောင်း၊ ဇာတ်သိမ်းမလှဖြစ်ရတယ်ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။

ဆက်ရရင် အမေရိကန်နိုင်ငံရေးဟာ ကမ္ဘာအနှံ့ရောင်စုံတော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်ခဲ့တာကြာပါပြီ။ မိမိ တို့အလိုကျ မတရားပုံသွင်းယူ အားလုံးအပေါ် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ ရာစု နှစ်တစ်ခု မကတော့ဘူး ထင်ပါတယ်။ မူဝါဒရေးရာမှာ ငါသာ Unipolar တစ်ကိုယ်တော် ထင်တိုင်းကြဲ ကမ္ဘာ့စူပါပါဝါအဆင့်ကနေ တဖြည်းဖြည်းလျှောကျလာပြီး နိုင်ငံတကာ Multipolar အရွေ့မှာ နိုင်ငံရေး၊ စီးပွားရေး အစစအရာရာဆုတ်ယုတ်လာတဲ့ အမေရိကန်နိုင်ငံကြီးကို ပြန်လည် ဆွဲတင်နေတဲ့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်တို့ဟာ ယခုအချိန်မှာတော့ အမေရိကန်တို့အတွက် သူရဲကောင်းများ ဖြစ်နေကြပါပြီ။ ဒီမှာတင် ရီပတ်ဘလစ်ကင်ပြိုင်ဘက် ဒီမိုကရက်တို့ ကျဆုံးသွားခဲ့ရပြီး အမေရိကန်ပထမဆိုတဲ့ အမျိုးသားရေးဆန်ဆန် MAGA တို့က ရှေ့တန်း ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဟုတ်ခဲ့ပါ

အမျိုးသားရေးဆန်တဲ့ လက်ရှိခေါင်းဆောင်တွေရဲ့ အမေရိကန်အကျိုးစီးပွား ဦးစားပေးမူဝါဒတွေဟာ ခေါင်းဆောင်အစဉ်အဆက် ကိုင်စွဲလာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာဖွယ်ရာရှိနေပါတယ်။ ကိုယ်မလိုလားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ယခင်ကလို မစဉ်းစားနိုင်တော့ဘဲ ပြည်တွင်းရေးမှာ ဦးစားပေးပြုပြင်ရမယ့် ပြောင်းလဲမှုများဘက် ဦးတည်နေခြင်းက အမေရိကန်နဲ့တကွ ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မှန်ကန်တယ်လို့ ယူဆပါတယ်။

အရင်က ဒီမိုကရေစီ တန်ဖိုးစစ်စစ်နဲ့ လူ့အခွင့်တန်ဖိုး အမှန်အကန်တွေကို USAID နဲ့ NED တို့ကို အသုံးပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသုံးချနေတယ်လို့ ယူဆခဲ့ကြတယ်။ သို့ပေမယ့် အမေရိကန်ခေါင်းဆောင်အဆက်ဆက်ဟာ ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ်မှာ မိမိအလိုကျ ပုံစံသွင်းဖို့၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးဖို့သာ အလားတူ ဖောင်ဒေးရှင်းတွေ၊ အေဂျင်စီတွေကို အသုံးချခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီစံတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ၊ သက်ဆိုင်ရာနိုင်ငံတန်ဖိုးတွေနဲ့ ကိုက်ညီဖို့ မလိုပါဘူး။ အဓိကအရေးကြီးတာက မိမိအလိုကျ Global Agenda အတိုင်း ကမ္ဘာကြီးတစ်ခုလုံးက လိုက်ပါဆောင်ရွက်ကြဖို့ပါပဲ။ မိမိတို့အစီအစဉ်အတိုင်း မဆောင်ရွက်နိုင်တဲ့ အစိုးရများဟာ ပြုတ်ကျအောင် ဖြုတ်ချခံခဲ့ရပါတယ်။

မူလလစ်ဘရယ်စံနှုန်းများနဲ့ရော ကိုက်ညီပါရဲ့လား

Agenda ဆိုရာမှာ အနာဂတ်ကာလ တစ်ချိန်ချိန်မှာ အဆမတန်အင်အားကြီးထွားတိုးတက်လာမယ့် တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ကို ကြိုတင်ဟန့်တား ပိတ်ဆို့ထားပြီး ထိုနှစ်နိုင်ငံနဲ့ ပလဲနံပသင့်နိုင်ငံတွေ ပြိုကျပျက်သုဉ်းသွားရန် အစီအစဉ်ဖြစ်ပါတယ်။ ဒီ Agenda အစီအစဉ်ကြောင့်ပဲ ယနေ့ကမ္ဘာမှာ စိတ်မချမ်းသာဖွယ် အဖြစ်အပျက်များစွာ မြင်တွေ့နေရခြင်းဖြစ်ပါတယ်။ လက်ရှိရော အတိတ်က မြန်မာနိုင်ငံနဲ့ ယူကရိန်းဖြစ်စဉ်ဖြစ်ရပ်များကိုကြည့်ရင် တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ကန့်သတ်ရေး China containment မှသည် China confinement နဲ့ Russia containment အထိ သွားနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစီအစဉ်များရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်စပ်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပဲ အမေရိကန်နဲ့အနောက်အုပ်စုတို့မှာ အလားတူအစီအစဉ်များစွာ ရှိခဲ့ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့နဲ့အတူ လစ်ဘရယ်အယူဝါဒတစ်ခုကို မတူကွဲပြားခြားနားမှုရှိကြတဲ့ လူ့အဖွဲ့ အစည်းများအတွင်း အတင်းအဓမ္မသွတ်သွင်းနေခြင်းပါပဲ။ ကမ္ဘာကြီးမှာ မတူညီတဲ့ယဉ်ကျေးမှု၊ ကွဲပြားတဲ့ဘာသာ တရား၊ ခြားနားတဲ့ နောက်ခံသမိုင်းအသီးသီးရှိကြပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် လူတစ်ဦးချင်းစီတိုင်း ကိုယ်ကြိုက်တဲ့ ဘာသာအယူဝါဒကို ကိုးကွယ်နိုင်တယ်၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ မူလလစ်ဘရယ်ဆိုင်ရာ တန်းတူညီမျှတရားမျှတမှုစံနှုန်းတချို့က အချို့သောသူတွေအတွက်တော့ နမူနာယူစရာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် မိမိတို့ကျင့်သုံးနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစနစ်များ၊ တန်ဖိုးများ၊ စံနှုန်းများအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကောင်းသည်ထက်ကောင်းအောင် မပြုပြင်နိုင်ခဲ့ကြပါဘူး။ ဒီအချက်ကို အခြေခံပြီး အမေရိကန်နဲ့ အနောက်အုပ်စုတို့က ကမ္ဘာကြီးကို လွှမ်းမိုးပြီးမှ ဖြစ်နိုင်ရင် ရွာကြီးတစ်ရွာတည်းအဖြစ် မြင်လိုနေခြင်း ဖြစ်ဟန်တူပါတယ်။ လိုချင်တာကို မရမကပုံဖော်မယ်၊ အကျိုးဆက်အနေနဲ့ ရောင်စုံတော်လှန်ရေးနဲ့ အကြမ်းဖက် မှုတွေ၊ အာခံအန်တုမှုနဲ့ အရိုအသေတန်မဲ့ ရိုင်းစိုင်းမှုတွေ၊ ဘာသာတရားစော်ကားမှုနဲ့ ခွဲခြားမှုတွေ၊ ကျင့်ဝတ်ဖောက်ဖျက်မှုတွေ၊ Sex education နဲ့ ရုပ်ရှင်ဗီဒီယိုနဲ့ မီဒီယာကနေ ပျံ့နှံ့လာတဲ့ လိင်တူလိင်ကွဲ LGBT Lesbianနဲ့ sex change operation ကိစ္စတွေစတဲ့ သဘာဝလွန်ဆန့်ကျင်ဘက် သက်ရောက်မှုများစွာကို ယနေ့ခေတ်မှာ မြင်တွေ့ ကြားသိလာကြရပါတယ်။

ကျောထောက်နောက်ခံနဲ့ အသွင်ယူပုံ

ဒီလိုသက်ရောက်မှုတွေနဲ့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်များဖြစ်လာဖို့ မီဒီယာလွတ်လပ်ခွင့် ခေါင်းစဉ်အောက်မှာ မီဒီယာကို ကောင်းကောင်းအသုံးချခဲ့ကြ တယ်၊ CIA လို ထောက်လှမ်းရေးအဖွဲ့ အစည်းများရဲ့ ကျောထောက်နောက်ခံနဲ့ INGO, NGO တွေက အေဂျင်စီဖောင်ဒေးရှင်းများအဖြစ် အသွင်အမျိုးမျိုး ယူခဲ့ကြတယ်။ လူသားချင်းကူညီထောက်ပံ့မှု ခေါင်းစဉ်အောက်မှာ စစ်ဘေးရှောင်၊ သဘာဝဘေး၊ ကျန်းမာရေး၊ ပညာရေးအကြောင်းပြ ထောက်ပံ့မှုမျိုးစုံနဲ့ အမျိုးမျိုးကူညီပြကြပါလိမ့်မယ်။ ဒါပေမယ့် ထိုကူညီမှုမျိုးစုံကတစ်နိုင်ငံလုံးမှာ လွှမ်းခြုံမှုမရှိဘဲ နယ်စပ်ဒေသက ရောင်စုံလက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ရာဒေသခံတွေနဲ့ လက်နက်ကိုင်တွေအတွက်ပဲဖြစ်နေတာ တွေ့ရတယ်။ သက်ဆိုင်ရာ နိုင်ငံရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မယ်၊ ကိုယ်လိုချင်တဲ့သူ အနိုင်ရအောင်လုပ်၊ ကိုယ့်လူတည်မြဲဖို့အတွက် သာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရေးအရာတွေမှာ လွှမ်းမိုးမှုယူ၊ ချုပ်ကိုင်ခြယ်လှယ်မှုအမျိုးမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။

ဒီလို ခြယ်လှယ်ချုပ်ကိုင်မှုအမျိုးမျိုးအတွက် US နဲ့ အနောက်အုပ်စုရဲ့ လက်တံခြေတံများစွာအနက်က USAID နဲ့ NED တို့ကို မျက်နှာဖုံးလှလှစွပ်ထားတဲ့ INGO အဖွဲ့များအဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒီနေရာမှာ အမေရိကန် CIA သည် USAID နဲ့ NED တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုအဖြစ် လျှို့ဝှက်လှုပ်ရှားပါတယ်။

အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာဘီလီယံချီငွေများစွာဟာ CIA က တစ်ဆင့် ထိုအဖွဲ့နှစ်ဖွဲ့ဆီ စီးဝင်စေပြီးမှ အစိုးရဆန့်ကျင်သူတွေဆီကို ပြည်တွင်း NGO တွေကတစ်ဆင့် လျှို့ဝှက်ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဒီနေရာ မှာ USAID နဲ့NED တို့ကို ပရိယာယ်ဝေဝုစ်၊ အလိမ်အညာ၊ အဂတိတွေနဲ့ ပွစာတက် နေတဲ့ အဖွဲ့တွေအဖြစ် အီလွန်မတ်စ် ကိုယ်တိုင်ရဲ့ ဖော်ပြထားချက်များကို မှတ်သားမိပါတယ်။

ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ် မြေပေါ်မြေအောက်နည်းလမ်းစုံနဲ့ ချဉ်းကပ်ရာမှာ အင်မတန်လက်သံပြောင်တဲ့အဖွဲ့တွေဖြစ်ပါတယ်၊၊ မီဒီယာကို ငွေကြေးပုံအောပြီး သူတို့ ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့သင်ခန်းစာမျိုးကတော့ အတုယူစရာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျမဖြစ်တဲ့ နိုင်ငံတွေကို မတည်မငြိမ်ဖြစ် စေဖို့၊ လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားဖို့၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်းစတဲ့ လူ့အဖွဲ့အစည်းတွေအတွင်း စိမ့်ဝင်ပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲရာမှာ ထိရောက်ထက်မြက်တဲ့ လက်နက်ကိရိယာများ ဖြစ်ခဲ့ပါတယ်။

ဘယ်လောက်ပဲ လူထုထောက်ခံတဲ့အစိုးရတစ်ခု ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စီးပွားရေးဖွံ့ဖြိုးနေပါစေ၊ ဘယ်လိုပဲတည်ငြိမ်တဲ့နိုင်ငံဖြစ်နေပါစေ ဒေါ်လာလွှမ်းမိုးမှုပါတဲ့ လမ်းပေါ်ထွက် ဆူပူအုံကြွဆန္ဒပြမှုဒဏ်ကို နိုင်ငံအစိုးရတွေ၊ ပြည်သူတွေဟာ မခံနိုင်ကြပါဘူး။ အာဏာရှင်နဲ့ အဂတိခေါင်းစဉ်တပ် နည်းလမ်းပေါင်းစုံနဲ့ အပုပ်ချမှုများအောက်က လှုံ့ဆော်မှုမှန်သမျှဟာ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်ရာမှာ အလွန်လွယ်ကူပါတယ်။ နိုင်ငံတကာ၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေးဖွံ့ဖြိုးရေး၊ ပွင့်လင်းမြင်သာမှုစတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်က ဘာဖိုရမ်၊ ညာဖိုရမ်၊ ဘယ်လိုလူ့အဖွဲ့ အစည်းဆိုတာတွေဟာ အလွန်အန္တရာယ်များတဲ့အတွက် ထိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆက်ဆံရာမှာ များစွာသတိ ထားရမှာဖြစ်ကြောင်း ဖော်ပြလိုတယ်။

ပရိယာယ်ဝေဝုစ်များဖြင့် NED

ဒီနေရာမှာ USAID နဲ့ NED နှစ်ခု အနက် National Endowment for Democracy (NED) ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ ဒီမိုကရေစီအထောက်အပံ့ဖောင်ဒေးရှင်းတစ်ခုအကြောင်း ဦးစွာ တင်ပြလိုပါတယ်။ သမ္မတရော်နယ်ရေဂင် လက်ထက် ၁၉၈၃ ခုနှစ်က စတင်သန္ဓေတည်လာခဲ့တဲ့ NED ဟာ NDI National Democratic Institute နဲ့ IRI International Republican Institute ဆိုပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်အထိုင်နှစ်ဖွဲ့ ခွဲခြားလှုပ်ရှားပါတယ်။

မူလရည်ရွယ်ချက်က ဒီမိုကရေစီအရေး၊ မီဒီယာလွတ်လပ်မှုနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဖြစ်ပြီး ဆိုဗီယက်နဲ့ အရှေ့ဥရောပကို ဖြိုခွဲဖို့အဓိကဖြစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာ NED ရဲ့ မူလအစီအစဉ်တွေ ဘေးရောက်သွားရပြီး အမေရိကန်ဒီမိုကရေစီစနစ် ကမ္ဘာအနှံ့ခြေဆန့်နိုင်ရေး CIA ရဲ့ လက်ရုံးတစ်ခုဖြစ်လာခဲ့တယ်။ NED ကြောင့် ပိုလန်အစိုးရ ပြိုကွဲခဲ့ရဖူးတယ်၊ ယူဂိုဆလားဗီးယားနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ရတယ်။ ယနေ့ရုရှား - ယူကရိန်းပဋိပက္ခဟာဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရုရှားယိမ်းတဲ့ ယူကရိန်းအစိုးရကို အနောက်အုပ်စုထောက်ခံတဲ့ပါတီတွေက ဖြုတ်ချခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။

၂၀၀၃ ဂျော်ဂျီယာ နှင်းဆီတော်လှန် ရေးနဲ့ ၂၀၀၄ ယူကရိန်း လိမ္မော်ရောင် အုံကြွမှုတွေမှာ NED ရဲ့ များပြားတဲ့ ငွေကြေးအကူအညီတွေက အဓိကကျခဲ့ကြောင်း တွေ့ရှိချက်တွေရှိပါတယ်။ အမေရိကန်ရဲ့ NED လုပ်ရပ်တွေဟာ ဥရောပတင်လား၊ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် အီဂျစ်သမ္မတ မူဘာရက်ပြုတ်ကျခဲ့မှုနဲ့အတူ ယီမင်၊ လစ်ဗျား၊ အယ်လ်ဂျီး ရီးယားနိုင်ငံတွေဆီက အာရပ်နွေဦး တော်လှန်ရေးတွေ၊ လက်တင်အမေရိက ဘိုလီဗီးယားနိုင်ငံက ပြည်သူအရွေးချယ် ခံသမ္မတ မိုဆာရေးလ် ပြုတ်ကျသွားတဲ့ဖြစ်စဉ်တွေမှာ NED က ခိုးကြောင်ခိုးဝှက်နဲ့ ပါဝင်ပတ်သက်ခဲ့ပုံတွေကို လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအမေရိကန်နိုင်ငံရဲ့ အဖြစ်အပျက်များစွာက လျင်မြန်စွာ ပြောင်းလဲနေပါပြီ။ အရင်အစိုးအဆက်ဆက်ထားရှိခဲ့တဲ့ အစီအစဉ်တွေ နေရာမှာ လိုလားချက်အသစ်တွေနဲ့ ပြည်တွင်း‌ရော ပြည်ပမှာပါ ပုံဖော်မှုများ တွေ့နေရပြီဖြစ်ပါတယ်။ ရိုက်ခတ်မှုက အတော်ပြင်းထန်မယ့် လက္ခဏာရှိနေ တယ်။ အမြဲတမ်းမိတ်ဆွေဆိုတာမရှိ၊ ထာဝရရန်သူဆိုတာမရှိဆိုတဲ့စကားကို လက်ခံနိုင်ရင် အပြောင်းအလဲက တည်ငြိမ်မယ့်သဘော ရှိပါတယ်။

ရွေ့လျောနေတဲ့ အပြုသဘောဖြစ်တည်မှုတစ်ခုကို မရမက ဟန့်တားရင်တော့ ရှိပြီးသားပဋိပက္ခက ပိုမိုကြီးထွားလာရုံပါပဲ။ ဘယ်လိုအပြောင်းအလဲပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့က ကမ္ဘာ့ရေးရာနဲ့ မြန်မာ့အရေးအဆက်အစပ်များကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ အကွက်ကျကျအရွေ့တွေမှာ အမြော်အမြင်ရှိရှိ လိုက်ပါနိုင်ရင်တော့ အပြောင်းအလဲက ကိုယ့်အတွက်ပါပဲ။ ဘယ်လိုပဲရိုက်ခတ်ရိုက်ခတ် အပြုသဘောဆန်နေမှာသာဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အမေရိကန် NED အပေါ်မှာ ရေးရေးလေးမြင်သာရုံ ဖော်ပြထားပါတယ်။ နောက်ဆောင်းပါးမှာတော့ USAID နဲ့ NED နှစ်ဖွဲ့ ပူးပေါင်းပြီး ကမ္ဘာ့ရေးရာများစွာမှာ ဘယ်လို လျှို့ဝှက်ပါဝင်ပတ်သက်နေကြပါသလဲ ဆက်လက်လေ့လာဖော်ပြသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Source: www.moi.gov.mm

 

မြင့်မြတ်