မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ ဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို တက္ကသိုလ်စုဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် “အင်ဂျင်နီယာနှစ် ၁၀၀” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်မှု၊ "Welcome To NSPU” သီချင်းဖြင့် သရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မြန်မာ နိုင်ငံ၏ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်မြောက်သောအချိန်ဖြစ်သည့်အပြင် အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University ကို နိုင်ငံ၏မြို့တော် နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်ဝသည့် နေ့ထူးနေ့မြတ်အခမ်းအနားဖြစ်ကြောင်း။
မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များသည် ပျူခေတ်၊ ပုဂံခေတ်မှစပြီး ထွန်းကားခဲ့သည်ကို သမိုင်းအထောက်အထား မှတ်တမ်းများအရ တွေ့ရှိရကြောင်း၊ ပျူခေတ် မြန်မာ့ဗိသုကာအမွေအနှစ်လက်ရာများကို ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့တွင် အထင်အရှားတွေ့ရှိရကြောင်း၊ ပုဂံခေတ်တွင် တည်ထားခဲ့သည့် အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရားများတွင်ရှိသည့် ဗိသုကာလက်ရာများသည် မြန်မာတို့၏ ဗိသုကာပညာရပ် အဆင့်အတန်းမြင့်မားမှုကို အထင်အရှားဖော်ပြနေကြောင်း၊ ထို့ပြင် ပုဂံမင်းလက်ထက် အမရပူရမြို့ စာရေးဦးပိန် တည်ဆောက်ခဲ့သည့် တစ်မိုင်နီးပါးရှည်လျားသော ဦးပိန်တံတားသည် ကျွန်းသစ်ကိုသာ အသုံးပြုထားသည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေကြောင်း။
ရတနာပုံခေတ်တွင် အင်ဂျင်နီယာပညာများ ဖွံ့ဖြိုးတိုးတက်ရာ၌ ၁၈၅၈ ခုနှစ် မှ ၁၈၇၄ ခုနှစ်အတွင်း မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီးက ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံစသည့် ရတနာပုံခေတ်စက်ရုံများကို တည်ထောင်ခဲ့ကြောင်း၊ ၁၈၆၆ ခုနှစ်မှာ မောင်ရွှေအိုးက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ရှိသည့် ဗဟိုဝိဇ္ဇာတက္ကသိုလ်မှ သိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့အပြင် မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၈၆၇ ခုနှစ်တွင် ဖန်ချက်ပညာဆိုင်ရာစာတမ်းကို ဆက်သွင်း ခဲ့သဖြင့် ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည့် မြန်မာ့ပထမဦးဆုံးသော အင်ဂျင်နီယာလည်းဖြစ်ကြောင်း၊ ၁၈၆၆ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်သည် အီတလီနိုင်ငံ၏ ဟိုတယ်ဒီဇိုင်းကိုအခြေခံပြီး ယောမင်းကြီးအုတ်ကျောင်းကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၈၆၉ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ရေးသားပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့ကြောင်း။
၁၈၇၂ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နဲ့ အခြားဥရောပနိုင်ငံများကို သွားရောက်ခဲ့ပြီး လမ်းနှင့်တံတား တည်ဆောက်မှုအပါအဝင် အနောက်တိုင်း ပညာရေးစနစ်များ၊ အုပ်ချုပ်မှုနှင့် အခြေခံအဆောက်အအုံများကို လေ့လာခဲ့ကြောင်း၊ ၁၈၇၄ ခုနှစ်တွင် စစ်ကိုင်းသံဖိုရုံကို အုတ်မြစ်ချ စတင်ဆောက်လုပ်နိုင်ခဲ့ပြီး ပြင်သစ်တွင် သံချက်ပညာသင်ယူခဲ့သည့် သံချက်ဝန်မင်း ဦးမြူက ကြီးကြပ်ပြီး သံပွတ်လုံးမှအစ သံပြား၊ သံလုံး၊ သံမြှောင်များ၊ လက်နက်များ ပြုလုပ်နိုင်ခဲ့ကြောင်း။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ပြည့်နှစ်တွင် “လျှပ်စစ်မီးဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့” ကြွေးကြော်သံဖြင့် ၈၄ မဂ္ဂါဝပ်ရှိသည့် ဘီလူးချောင်းအမှတ် (၂) လောပိတရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် (၁၆၈) မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် တက္ကသိုလ်များကွန်ပျူတာစင်တာကို တည်ထောင်ခဲ့ပြီး ICL-1902S Mainframe အမျိုးအစား ကွန်ပျူတာစက်ကြီးတစ်လုံးကို ပထမဆုံးကွန်ပျူတာအဖြစ် တပ်ဆင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း။
ခေတ်အဆက်ဆက်တွင် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း၊ ရန်ကုန်မြို့တော်ခန်းမကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်းပြီး ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာဗိသုကာလက်ရာတို့ ပေါင်းစပ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ကြောင်း။
ယခု ၂၁ ရာစုတွင်လည်း နေပြည်တော် မြို့တော်တည်ဆောက်ရေးနှင့် နေပြည်တော်တွင်ရှိသည့် လွှတ်တော်အဆောက်အအုံများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ဗိသုကာလက်ရာများနှင့် ခြယ်မှုန်းပြီး မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်မှာ တည်ထားကိုးကွယ်ထားသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသည် ဘူမိဖဿမုဒြာစကျင်ကျောက်ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာ့အမြင့် ဆုံးနှင့် အလေးချိန်အများဆုံး စကျင်ကျောက်ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CNC နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အရှည်ပေ (၈၆၃၈) ပေရှိတဲ့ Cable-Stayed တံတားအမျိုးအစား ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကိုလည်း မြန်မာ့အင်ဂျင်နီယာပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း။
မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက (၁၉၂၃-၁၉၂၄) ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာဌာန စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး၏အစဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ ၁၉၂၄-၁၉၂၅ ပညာသင်နှစ်တွင် မြို့ပြ အင်ဂျင်နီယာသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် မြန်မာ့ပထမဦးဆုံး အင်ဂျင်နီယာဘွဲ့ရ (၂၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။
၁၉၆၁ ခုနှစ်တွင် ယခုလက်ရှိ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်ရှိသည့် ရန်ကုန်နည်းပညာ တက္ကသိုလ်နေရာကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုတက္ကသိုလ်၊ ၁၉၉၄ ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ၁၉၉၈ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၊ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်ကအားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University & Polytechnic University (၇) ခုı နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာ နိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (၁) ခု၊ စုစုပေါင်းအင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ် (၅၆) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅) ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်းပြောကြားလိုကြောင်း။
Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်း များအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြား ပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့်ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင်တတ်မြောက်သည့် ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိနိုင်သည့်အခွင့်အလမ်းများ ဖန်တီး ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Polytechnic University များသည် ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့် နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) အဖြစ်မှ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်များသာမက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များ ကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူးပြုဘာသာရပ်ဌာန (၇) ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန (၄) ခု၊ အခြားအထောက်အကူပြု ဘာသာရပ်ဌာန (၅) ခု၊ သင်ကြားရေးဌာနစုစုပေါင်း (၁၆) ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
ယခုအချိန်တွင် အင်ဂျင်နီယာ အထူးပြုဘွဲ့ (၇) မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ (၂) မျိုး၊ စုစုပေါင်းဘွဲ့ (၉) မျိုး အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အင်ဂျင်နီယာအထူးပြုကျောင်းသား (၂၇၀)၊ ကွန်ပျူတာအထူးပြုကျောင်းသား (၁၂၀)၊ စုစုပေါင်း (၃၉၀) ခေါ်ယူသွားမှာဖြစ်ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ်ကို စာသင်နှစ် (၅)နှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်ကို စာသင်နှစ် (၄) နှစ် စသဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ Naypyitaw State Polytechnic University of Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်း စုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်က တည်ဆောက်ပေးလိုက်သည့် Naypyitaw State Polytechnic University ကို ယခုထက်ပိုမို ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ် အင်ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များ ဖြစ်လာစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ရိုးရာအင်ဂျင်နီယာနှင့် ဗိသုကာအတတ်ပညာနှင့် နိုင်ငံ၏ ဂုဏ်အဖုံဖုံကို မြှင့်တင်ပေးခဲ့ကြသည့် ရှေးပညာရှင်အကျော်အမော်များအားလုံး ခေတ်သစ် အင်ဂျင်နီယာပညာများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာပညာရှင်များ အားလုံးကိုအထူးပင် ဂုဏ်ပြုချီးကျူးပါကြောင်းနှင့် ကျေးဇူးဥပကာရတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး သမိုင်းတစ်ခေတ်တွင်ခဲ့သည့် နှစ် (၁၀၀) ပြည့်မှသည် နောင်နှစ်ပေါင်း ထောင်ချီတိုင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာကျောင်းသားဟောင်းကြီးများ၊ အင်ဂျင်နီယာလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်၍ နိုင်ငံ့အကျိုးကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတင် Documentary အား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အင်ဂျင်နီယာသမိုင်းပြခန်းများ၊ နည်းပညာဆိုင်ရာပြခန်းများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြသထားသော ပြခန်းများကို စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ Naypyitaw State Polytechnic University ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် အင်ဂျင်နီယာနှင့် ကွန်ပြူတာနည်းပညာဆိုင်ရာ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ် အဖြစ်မှ Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တက္ကသိုလ်၏အခြေခံအဆောက်အအုံဖြစ်သည့် စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင်ရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး သဘာဝနှင့် လိုက်လျောညီထွေစွာ သက်တောင့်သက်သာ ပညာသင်ယူနိုင်ရေး ကြိုးစားတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ပရိဘောဂလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ ပြည့်စုံလုံလောက်မှုရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာသင်ယူရသည့် ကာလတစ်လျောက် အေးချမ်းပျော်ရွှင်စွာဖြင့် တက္ကသိုလ်ကျောင်းသားဘဝ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝရရှိစေရေးအတွက် အားကစားကွင်း၊ Recreation Centre စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်နေစေရေး သစ်ပင်ပန်းမန်များ၊ အလှရေကန်များ၊ စိတ်လက်ချမ်းသာစွာ အနားယူအပန်းဖြေနိုင်သည့်နေရာများဖြင့် ဖန်တီးတည်ဆောက်ပေးထားသည်ကိုလည်း တွေ့ရှိရကြောင်း။
ယနေ့တွင် Naypyitaw State Polytechnic University ဖွင့်လှစ်မှုနှင့်အတူ တစ်ချိန်တည်း၌ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်း များကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm