လွန်ခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် တက္ကဆက် အလယ်ပိုင်းတွင် လူဦးရေ ၁၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင် များအဆိုအရ အနည်းဆုံး လူ ၁၂၀ သေဆုံးခဲ့သည်။ ကယ်ဆယ်ရေး အဖွဲ့ များသည် Guadalupe မြစ်ကမ်းတစ်လျှောက် အထူးသဖြင့် ပျက်စီး နေသော နေရာများတွင် အခက်အခဲနှင့် အပူချိန်မြင့်မားမှုများကို ရင်ဆိုင်ကာ ရှာဖွေနေကြသည်။
ဇူလိုင် ၄ ရက် နံနက်စောစောပိုင်းက Guadalupe မြစ်ရေကြီးစဉ်အတွင်း မည်သည့်အရာများလုပ်ဆောင်ခဲ့သည် (သို့) မလုပ်ဆောင်ခဲ့သနည်း ဆိုသည့် သတင်းထောက်များနှင့် ဒေသခံများထံမှ ဝေဖန်မှုဆိုင်ရာ မေးခွန်းများကို တက္ကဆက် အရာရှိများက ရင်ဆိုင်နေရသည်။
United Cajun Navy ၏ ဖြစ်စဉ်ညှိနှိုင်းရေးမှူး Ryan Logue က ၎င်း ရှာဖွေခဲ့သည့်နေရာများတွင် မည်သူမျှကျန်ရှိနေခြင်းမရှိဟုဆိုကာ ရာသီဥတုအခြေအနေများက အသက်ရှင်ရပ်တည်ရန် ပိုမိုခက်ခဲစေသည် ဟု ယုံကြည်ကြောင်း ပြောသည်။ Virginia Beach Water Rescue Team မှ Capt. Max McQuarrie က Guadalupe မြစ်တစ်လျှောက် အပြည့်အဝ ရှာဖွေရန် ရက်သတ္တပတ်များစွာ ကြာနိုင်သည်ဟု ရှင်းပြခဲ့သည်။ နယူးယောက်ပြည်နယ်မှ Kerr County သို့ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရှာဖွေရေးခွေး အဖွဲ့များ စေလွှတ်မည်ဟု Gov. Kathy Hochul က ကြေညာခဲ့သည်။
CNN ၏ မိတ်ဖက် KSAT ၏ သတင်းအရ Ingram Volunteer Fire Department မှ မီးသတ်သမားတစ်ဦးက ဇူလိုင် ၄ ရက် နံနက် အစောပိုင်းတွင် ဒေသခံများ၏ ဖုန်းများသို့ CodeRED သတိပေးချက် ပေးပို့ရန် တောင်းဆိုခဲ့သည်။ KSAT ၏ အရင်းအမြစ်တစ်ဦးထံမှ ရရှိသော အသံဖိုင်အရ Hunt မြို့အနီးရှိ ဒေသခံများအတွက် အရေးပေါ် သတိ ပေးချက် ပေးပို့ရန် Kerr County အရာရှိများမှ ၆ နာရီကြာ အချိန်ယူခဲ့ ရသည်။
Kerrville ရဲတပ်ဖွဲ့မှ Sgt. Jonathan Lamb က ရေကြီးမှုအတွက် အာဏာပိုင်များ၏ တုံ့ပြန်ဆောင်ရွက်မှုသည် ပထမတစ်နာရီအတွင်း ရဲများမှ လူ ၂၀၀ ကျော်ကို ကယ်တင်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။ Kerrville မြို့တော်ဝန် Joe Herring Jr. က ရေကြီးမှုမဖြစ်မီတစ်ရက်က တက္ကဆက်ပြည်နယ်နှင့် ဒေသဆိုင်ရာ အရာရှိများနှင့် ရာသီဥတုခန့်မှန်းချက်ဆွေးနွေးရန် ပြောဆိုခြင်း မရှိခဲ့ဟု ပြောကြားခဲ့သည်။
ရေကြီးမှုအပြီး သတင်းမှားများ ပျံ့နှံ့နေမှုအပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများက တုံ့ပြန်ဆောင်ရွက်မှုများ ပြုခဲ့ကြသည်။ ထိုအတောအတွင်း Homeland Security ဝန်ကြီး Kristi Noem က Federal Emergency Management Agency (FEMA) ကို “ဖျက်သိမ်းရန်” နှင့် ၎င်း၏ လုပ်ငန်း လည်ပတ်ပုံကို အကြီးစားပြုပြင်ပြောင်းလဲရန် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂