နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။
(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။
ကွင်းစလန်ပြည်နယ်၊ ဘရစ်စဘိန်းမြို့ (Brisbane, Queensland State) တွင်ရှိ၍ နယ်မြေ (Campus) များစွာရှိပြီး မူလတက္ကသိုလ်ကြီးကတော့ စိန့်လူးရှားနယ်မြေ (St. Lucia Campus) တွင် ရှိပါသည်။ တက္ကသိုလ်ကြီးမှာ ကျွန်တော်တို့နိုင်ငံ ၁၉၆၂ ခုနှစ်မတိုင်ခင်က ရန်ကုန်တက္ကသိုလ် (The University of Yangon) ကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး (Autonomous, Comprehensive University with Good Reputation) ဖြစ်ပါသည်။
အဓိကနယ်မြေ ၃ ခု - စိန့်လူးရှားနယ်မြေ (St. Lucia Campus/Main Campus) ဘရစ် စဘိန်းမြို့ပေါ်တွင်ရှိပြီး မဟာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းများရှိရာ အဓိက နယ်မြေဖြစ်ပါသည်)၊ ဂတ်တန်နယ်မြေ (Gatton Campus) ယခင်ဂတ်တန် စိုက်ပျိုးရေး ကောလိပ်ကို ကွင်းစလန်တက္ကသိုလ်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ပါသည်၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူကုသရေး မဟာဌာနများ (Merging Gatton Agri-cultural College and UQ) နှင့် သုတေသနစိုက်ကွင်း အပါအဝင် ၁၀၆၈-ဟက်တာ ရှိပါသည်၊ တက္ကသိုလ်ကြီးနှင့် ၈၀-ကီလိုမီတာ (မိုင် ၅၀-ခန့်) ခန့်ဝေးပါသည်၊ ဟားစ တန်နယ်မြေ (Herston Campus) ကျန်းမာရေး၊ ဆေးပညာဆိုင်ရာ မဟာဌာနများ ရှိပါသည်၊ ကွင်းစလန်တက္ကသိုလ်၏ စုစု ပေါင်းဧရိယာ ၁၆၇၀ ဟက်တာ (ဧက ၄၀၀၀ ကျော်) ရှိပါသည်။ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံ(US$ 2.38 Billion) နှင့် သုတေသန အသုံး စရိတ် ဒေါ်လာ ၄၇၅ မီလီယံ (475 Million$) ရှိပါသည်။
ရန်ကုန်တက္ကသိုလ်ကတော့ ၁၉၆၄ ခုနှစ်နောက်ပိုင်း မဟာဌာနများစွာ (Faculties) သီးခြားခွဲထွက်လျက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ် (Rangoon Arts and Science University - RASU)(နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်) ဖြစ်လာပါသည်။ သို့သော် ၁၉၆၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ကိုတော့ မမီတော့ပါ။
ကျွန်တော်တို့ကျောင်းတက်စဉ် ၁၉၈၇ ခုနှစ်လောက်တုန်းကတော့ စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာန (Faculty of Agricultural Science) ရှိပါသည်။ အဲဒီအောက်မှာပဲ စိုက် ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနက ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်း ဝင်းမြင့်တို့ တက်ရောက်ခဲ့သည့် ကိမိလဗေဒဌာန (Depart-ment of Entomology) အကြီးကြီးရှိပါသည်။
ယခုတော့ အဲဒီဌာနလည်း သတ္တဗေဒဌာနနှင့်ပေါင်းသွားပြီး ကျွန်တော်တို့ စိုက်ပျိုးရေးမဟာဌာန ကတော့ သိပ္ပံမဟာဌာန (Faculty of Science) အောက်မှာ စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Agri-culture and Food) ဖြစ်သွားပါပြီ။ ဗဟိုဦးစီးစနစ် (Centralized-Con-trol System) မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ရတက္က သိုလ် (Autonomous University) ဖြစ်၍ ခေတ်၊ စနစ်လိုအပ်ချက်အရ နှစ်စဉ်နှစ်တိုင်း မလိုသည့်ဘာသာများဖြုတ်၊ ပေါင်းသင့်တာပေါင်း၊ လိုအပ်သည့်ဘာသာများ အသစ်ထည့် လိုတိုး၊ ပိုလျှော့ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခင်က ဂက်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agriculture College - ကျွန်တော်တို့ဆီက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကဲ့သို့ပါ) က သီးခြားဖြစ်ပြီး ယခုတော့ ကွင်းစလန်တက္ကသိုလ်၏ ဂက်တန်နယ်မြေ (Gatton Campus) ဖြစ်သွားပြီး စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)၊ တိရစ္ဆာန်ကုသရေးပညာ (Veterinary Science) များ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်ကြားပေးရာနယ်မြေ ဖြစ်သွားပါပြီ။
ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော် မဟာသိပ္ပံသုတေသနအတွက် မြေပဲစိုက်ပျိုးခဲ့ရာ မြေနီပင်လယ်အော်သုတေသနစိုက်ကွင်း (Red Land Bay Research Station)၊ စားကျက်သီးနှံပင်များ သုတေသနလုပ်ရာ ဝါပင်များတောင် သုတေသနစိုက်ကွင်း (Mt. Cotton Research Station) တို့မှာ မလိုအပ်တော့သဖြင့် တက္ကသိုလ်ရန်ပုံငွေအတွက် ရောင်းပစ်လိုက်ပြီဟု ကျွန် တော် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဩစတေလျှ အပြည်ပြည်ဆိုင်ရာ သုတေ သနစီမံကိန်း (Australian Centre for International Agri-cultural Research – ACIAR Project) နှင့် ကွင်းစလန်တက္ကသိုလ်၊နှစ်ပတ်လည် နေ့ (The University of Queensland Anniversary) များသို့ ဖိတ်ကြားခံရသဖြင့် သွားရောက် ခဲ့ရာတွင် သိရှိခဲ့ရပါသည်။
၁၉၈၅-၁၉၈၈ ခုနှစ်များက နိုင်ငံတကာကျောင်းသားများအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့လွန် ပညာ သင်တန်းများ ခေါ်ယူခဲ့ရာတွင်..
- အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science) ကျွန်တော်တက်ရောက်ခွင့်ရခဲ့ပါသည်။
- အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ယခင်စိုက်ပျိုးမွေးမြူရေး ကော်ပိုရေးရှင်းက ဦးစိုးနိုင်၊ ဦးကို ကို တို့ တက်ရောက်ခဲ့သည်ဟု သိရပါသည်။
- အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science) မြန်မာနိုင်ငံမှ ဘယ်သူမျှမတက်ရောက်ခဲ့ရပါ။ (ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါသည်)။
- အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tro-pical Animal Production) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။ ဖိလစ် ပိုင်နိုင်ငံမှသူငယ်ချင်းများစွာ တက်ရောက်ခဲ့ပါသည်။
- စိုက်ပျိုးစီးပွားရေးပညာ (Agri-cultural Economics) ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ။ အာမီဒေးလ်မြို့ နယူးအင်္ဂလန် တက္ကသိုလ် (The Uni-versity of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာ ဒေါ်လီကျော်တို့ တက်ရောက်ခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရခက်နေတဲ့ အရှုပ်အထွေးတစ်ခုအပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် အမှန်အတိုင်း ရှိနေတဲ့ ပကတိအခြေအနေမှန်တစ်ခုကို ကမ္ဘာ့ပြည်သူတွေ သိခွင့်၊ မြင်ခွင့်ရခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့လူမျိုးတစ်ခုရဲ့ အရေးအရာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမိုင်းမှာ အမြဲတမ်း ကစားနေကျ နိုင်ငံရေးခွင်တစ်ခုအဖြစ် အမြဲအသုံးချခံခဲ့ရပါတယ်။ အထူးသဖြင့် BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဟာ မြန်မာလူမျိုးတွေ လက်မခံတဲ့ ရိုဟင်ဂျာအမည်ကို အမြဲသုံးပြီး ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်စားခဲ့ကြဖူးပါတယ်။ ယခုလက်ရှိအာဏာရ ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အဝါမီလိဂ်ပါတီကတော့ BNP နဲ့စာရင် ဆန့်ကျင်ဘက် အပြုသဘောဆန်တဲ့ဘက်မှာ ရပ်တည်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ယခင်နိုင်ငံခြားရေးဝန်ကြီး လက်ရှိလွှတ်တော်ကော်မတီဥက္ကဋ္ဌ၏ အမြင်
ဆိုရရင် နှစ်နိုင်ငံအကြား အချေအတင်ဖြစ်နေရတဲ့ ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်သို့ ပြန်ခေါ်ရေးဟာ ယခင်ကတည်းက နှစ်နိုင်ငံအကြား သဘောတူညီထားပြီး ကိစ္စရပ်ဖြစ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးမှာ မြန်မာနိုင်ငံအစိုးရဘက်က စိတ်အားထက်သန်မှု အမှတ်လက္ခဏာတွေကို အကြိမ်ကြိမ်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။ အကောင်အထည် မပေါ်နိုင်သေးတဲ့ အချက်တွေရှိရာမှာ ဘယ်လိုအချက်တွေကြောင့်လဲဆိုတာ ယခု ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးကိစ္စနဲ့ စပ်လျဉ်းပြီး အခြေအနေမှန်ကို ပြောကြားခဲ့သူက ယခင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအေကေအဗ္ဗဒူမိုမန် (Mr.A K Abdul Moman) ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Jugantor နဲ့ တွေ့ဆုံရာမှာ ယခုလို ဖြေကြားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
သူတို့ဘက်ကတော့ ထုံးစံအတိုင်း ဘင်္ဂါလီကို ရိုဟင်ဂျာ အသုံးအနှုန်းပဲ သုံးစွဲပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့အတွက် ဘင်္ဂါလီလူမျိုးကို ဘင်္ဂါလီလို့ပဲ သုံးနှုန်းပါရစေ။ ကော်မတီ ဥက္ကဋ္ဌ အနေနဲ့က ဒုက္ခသည်တွေ နေရပ်မပြန်ရခြင်း အကြောင်းကို သူ့နိုင်ငံအတွင်းမှာ အမြစ်တွယ်လှိုက်စားနေတဲ့ နာတာရှည်ကင်ဆာဆဲလ်များအဖြစ် တင်စားသွားခဲ့ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ဖို့ အစီအစဉ်ရှိကြောင်းကို သူ့အနေနဲ့ အသိအမှတ်ပြုသွားခဲ့ပါပြီ။ အဓိကအဟန့်အတားနဲ့ လက်သည်တရားခံက ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံအချို့နဲ့ မီဒီယာများ၊ နိုင်ငံအချို့လို့ဆိုရာမှာ အဓိကက အမေရိကန် ဖြစ်ကြောင်း ထောက်ပြသွားပါတယ်။
အဓိကလက်သည်တရားခံများဟု ဘာကြောင့်ဆိုရပါသလဲ
ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌရဲ့ ဖြေကြားချက်အရ UNHCR ၊ အမေရိကန်နဲ့ အပေါင်းပါ မီဒီယာတွေဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့မပြန်ကြဘဲ လက်ရှိဒုက္ခသည်စခန်းတွေ မှာပဲ နေထိုင်ကြဖို့၊ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အကြောင်း စည်းရုံး ပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။ ယခင် ၁၉၉၀ ပြည့်နှစ်များမှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အောင်အောင်မြင်မြင် ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားခဲ့တဲ့အပြင် ဒီအချက်ဟာ အဲဒီကာလက အရေအတွက် နည်းပါးလှတဲ့ မီဒီယာတွေကြောင့် အခြေအနေမှန်ကို အမှန်အတိုင်း သိခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာတော့ မှိုလိုပေါက် လာတဲ့ မီဒီယာတွေကြောင့်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်မပြန်ကြဖို့သာ အလေးပေးဖော်ပြကြတဲ့၊ မရိုးသားလိမ်လည်လှည့်ဖျားတဲ့ မီဒီယာတွေကြောင့်ဆိုတဲ့ အခြေအနေမှန်ကို ယခုလို ဖော်ထုတ်ပြောဆိုခဲ့ခြင်းဖြင့် အနာဂတ်မှာ ဒုက္ခသည်တွေအရေးဟာ အားရစရာ တိုးတက်မှုများ ရှိလာမှာဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိသူတို့နိုင်ငံက ဒုက္ခသည်တွေအရေး ယခုလိုကြန့်ကြာနေရတာဟာ UNHCR လို နိုင်ငံတကာအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း၊ စီးပွားရေးအရ အသုံးချနေကြခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတင်မက ကမ္ဘာတစ်ဝန်းက ဒုက္ခသည် စခန်းအားလုံးမှာလည်း စီးပွားရေးအရ ဒီလိုလုပ်ကွက်တွေရှိနေတာ အစဉ်အလာတစ်ခုဖြစ်ကြောင်း အတိအလင်းထောက်ပြခဲ့တာတွေ့ရပါတယ်။ ဒုက္ခသည်တွေမရှိရင် ဒီအဖွဲ့တွေအနေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားမယ့်အရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံယခင်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုသွားခဲ့ပြီဆိုတော့ အခြေအနေမှန်ကို နားလည်လက်ခံလာတဲ့ သဘောလို့ ယူဆရပါမယ်။
ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ အခြေအနေကောင်းတွေ မရှိသေးကြောင်း၊ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ကောင်းတွေလည်းမရှိသေးကြောင်း စသည်ဖြင့် ထိုအဖွဲ့ အစည်းတွေရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံယခင်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်အသိပေး ပြောကြားခဲ့ပါတယ်။ ၎င်းရဲ့ပြောကြားချက်တွေထဲမှာ ဒုက္ခသည်တွေနေဖို့ အဲဒီဒေသမှာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က နေအိမ်တွေကောင်းကောင်းဆောက်ပေးထားတဲ့ အချက်ကို ဘင်္ဂလား ဒေ့ရှ်ကော အမေရိကန်ကပါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် မပြန်ခိုင်းဘဲ အမေရိကန်နိုင်ငံကို ခေါ်ယူမယ်ဆိုပြီး မက်လုံးပေးကြပြန်တယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါကြောင့် နှစ်နိုင်ငံအကြား ဒုက္ခသည်အရေးကို နှစ်နိုင်ငံချင်းသာ ညှိနှိုင်း ဖြေရှင်းသင့်တယ်လို့ ဥက္ကဋ္ဌ ဘက်က ပိုယုံကြည်သွားပါတယ်။ အခြားတတိယနိုင်ငံ၊ တတိယအဖွဲ့အစည်း ဘယ်လို Third party မျိုးကိုမှ မလိုအပ်ဘဲ ထိုအဖွဲ့အစည်းနဲ့ နိုင်ငံတွေအပေါ် ယုံကြည်မှု ကင်းမဲ့ သွားတဲ့သဘောကို ယခုလိုပြောဆိုလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံနဲ့ပဲဆိုင်တဲ့ နှစ်နိုင်ငံကြား ပြဿနာဖြစ်ကြောင်းကို ပိုပြီး အလေးအနက်ထားလာခြင်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
ဒုက္ခသည်စခန်းရဲ့အနိဋ္ဌာရုံတွေမှာ ဘယ်သူတွေတာဝန်ရှိသလဲ ပြောပြီ
ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့ နောက်ထပ်ပြောကြားချက်တွေ ရှိပါသေးတယ်။ ဒုက္ခသည် သိန်းဂဏန်းရှိတဲ့ ကော့ဘဇား ဒုက္ခသည်စခန်းအကြောင်းပါ။ အနည်းငယ် ပြန်ကောက်ရရင် ထိုစခန်းတွေမှာ အနိဋ္ဌာရုံတွေများလှပါတယ်၊ မကြာခဏမီးရှို့ခံရတယ်၊ ရာဇဝတ်ဂိုဏ်းပေါင်းစုံတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ဘင်္ဂါလီခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှုတွေရှိတယ်။ လုပ်ကြံခံရသူတွေဟာ မြန်မာဘက်ပြန်လိုတဲ့ ဘင်္ဂါလီတွေဖြစ်ပြီး လုပ်ကြံမှုတွေဟာ အာဆာအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့လည်း သိရပြန်တယ်။ ဒါ့အပြင် စိတ်ကြွမူးယစ်ဆေး ဖမ်းမိတဲ့သတင်းတွေကိုလည်း မကြာခဏကြားသိနေရတယ်။ ဒုက္ခသည်တွေဟာ တဲအိမ်တွေနဲ့ အစုလိုက်အပြုံလိုက် နေရတာဖြစ်တယ်။ သဘာဝဘေးဒဏ်၊ လူလုပ်ဘေးဒဏ်များ ခံစားရသလို ဘေးကင်းလုံခြုံမှုမရှိ ဂုဏ်သိက္ခာမဲ့စွာ နေရတယ်လို့ ဒုက္ခသည်တွေက ညည်းညူကြပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရပ် သူတို့ ပြန်ချင်ကြတယ်။ ဒါပေမဲ့သူတို့ကို ပြန်ခွင့်မပေးတာက ဒီစခန်းမှာ အဓိကတာဝန်ယူ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမေရိကန်တို့ပဲဆိုတာ ကော်မတီဥက္ကဋ္ဌက ပြောသွားပါတယ်။ ဒုက္ခသည်စခန်းတစ်ခုဆိုတာ နိုင်ငံတကာအလှူငွေကို လက်ခံရရှိစမြဲပါ၊ ဘယ်လောက် ပမာဏနဲ့ ဘယ်လိုရရှိနေသလဲ၊ ထိုစခန်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံရရှိတဲ့ အလှူ ငွေတွေကို ဘယ်လိုသုံးစွဲနေကြသလဲ၊ အသေအချာမသိရပါဘူးတဲ့၊ ဒီလိုမသိရတဲ့အတွက် သူတို့အစိုးရအနေနဲ့ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေရကြောင်းနဲ့စခန်းတွေကို ပိတ်သိမ်းသင့်ကြောင်း ပြောကြားသွားပါတယ်။
ဒီလိုဖြစ်နေတာဟာ INGO အဖွဲ့တွေနဲ့ UNHCR လိုအဖွဲ့တွေ၊ အမေရိကန်လို နိုင်ငံတွေမှာပဲ တာဝန်ရှိတဲ့သဘောကို ဆိုလိုဟန်ရှိပါတယ်။ တစ်ချိန်တစ်ခါတုန်းကတော့ ဘင်္ဂလားဒေ့ရှ်အပါအဝင် အနောက်အုပ်စုဟာ မြန်မာနိုင်ငံဘက်က ယခုလိုပြင်ဆင်ထားရှိမှု အခြေအနေတွေကို အနှစ်မပါတဲ့လုပ်ရပ်အဖြစ် စွပ်စွဲခဲ့ကြဖူးကြောင်း ဒီနေရာမှာ ကြုံတုန်းထောက်ပြလိုပါတယ်။
ဘင်္ဂလားဒေ့ရှ်က လက်ရှိနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဆန့်ကျင်ဘက် မြန်မာနိုင်ငံဘက်မှာတော့ ယခင်ကတည်းကပင် ပြန်လည်လက်ခံရေးစခန်းတွေကို အဆင်သင့်နေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားပြီးဖြစ်တယ်ဆိုတာ ပြန်အမှတ်ရဖို့လိုပါတယ်။ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းတွေဟာ ပြန်လာမယ့်သူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တွေ ဖြစ်ခဲ့ပါ တယ်၊၊ ကုန်းလမ်းကလာလာ၊ ရေလမ်းကလာလာ နေဖို့ရွာတွေ အသင့်ပြင်ထားပေးခဲ့တယ်။ ပြင်ဆင်ထားရှိမှုအခြေအနေကို ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကိုယ်တိုင် လာရောက် လေ့လာဖူးပါတယ်။ ဒုက္ခသည် ၃၄၅၀ ပြန်လာဖို့ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း သဘောတူညီမှု တစ်ခု ရပြီးခဲ့တာတောင် သူတို့ပြန်မလာခဲ့ကြပါဘူး။ တင်ပြခဲ့သလို အဟန့်အတားတွေကြောင့်ပဲ ဖြစ်ပါတယ်။ မိမိဘက်က ဘယ်လိုပဲပြင်ဆင်ထားရှိကာမူ ပြန်လည်လက်ခံရေးဟာ တစ်ဖက်က ပြန်ပို့နိုင်မယ့်အခြေအနေအပေါ် မူတည်ခဲ့ကြောင်း ယခင်ထားရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သဘောထားကို ယနေ့ မှာတော့ ပြန်လည်လက်ခံပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။
ပြည်ပပယောဂအစုံနဲ့ထိုးကျွေးခံဘဝတွေအကြောင်း ပြောနေပြီ
သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘင်္ဂါလီတွေမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ သဘောရှိတယ်။ ရိုးရိုးသားသား ဒုက္ခသည်တွေရှိကြသလို ARU အပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရိပ်အောက်မှာ ထိုးကျွေးခံဘဝတွေအဖြစ်နဲ့ ရပ်တည်နေကြရတယ်။ နိုင်ငံရပ်ခြား ပယောဂအပြည့်ပါတဲ့ အထဲမှာ OIC က ပိုပြီး ထင်ရှားတယ်။ US နဲ့ EU လည်းပါသလို ICJ နဲ့ HRW တို့ကလည်း ဝင်စွက်ခဲ့ကြတယ်။ ARSA လို အကြမ်းဖက်အဖွဲ့အစည်းတွေလည်း ပါတာပဲ။
ဘေးတီးတဲ့အထဲမှာ BBC ၊ VOA ၊ RFA၊ DVB နိုင်ငံခြားသတင်းဌာန အစုံလည်းပါတယ်။ သူတို့ အားလုံးရဲ့ ကိုယ်စီရည်မှန်းချက်မှာ ဘင်္ဂါလီနိုင်ငံအိပ်မက်ထူထောင်ဖို့အထိ ရည်မှန်းထားတယ်။ ပြင်ပ ပယောဂအစုံအောက်မှာ ကပ်ဘေးသင့်တဲ့အထဲ ဘင်္ဂါလီတွေသာမက ရခိုင်လူမျိုးတွေလည်း ပါခဲ့တာကိုတော့ မျက်ကွယ်ပြုထားကြတယ်။ ဘင်္ဂါလီတွေသာမက ရခိုင်လူမျိုးတွေလည်း နေရပ်စွန့်ခွာကြ ရတာပါ။ မတူတာကဘင်္ဂါလီတွေက INGO တွေရဲ့အထောက်အပံ့နဲ့ စားရေရိက္ခာရကြတယ်။ ဘင်္ဂါလီတွေအတွက် ဒုက္ခသည်စခန်းတွေဟာ နိုင်ငံရပ်ခြား INGO တွေနဲ့ စွက်ဖက်လိုသူ ပြင်ပ အင်အားစုတွေအတွက်တော့ ဆုလာဘ်ကြီးဖြစ်သလို ဘင်္ဂါလီကို ဗန်းပြပြီး ဘင်္ဂါလီတွေကို သတ်ဖြတ်တယ်၊ အဓမ္မပြုကျင့်တယ် စသဖြင့် ဇာတ်နာအောင် လုပ်တာလည်း သူတို့ပါပဲ။
ဒါကြောင့်လည်း ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ကြောက်လန့်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအစိုးနဲ့ ဒုက္ခသည်တွေအကြားဒေသခံရခိုင်လူမျိုးတွေနဲ့ဒုက္ခသည်တွေအကြားမှာ ရန်တိုက်ပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အကောင်းမမြင်၊ လူဆိုးဖြစ်အောင် ဖန်တီးပြီးသား ဖြစ်သွားသလို သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်အမှားတွေကို ဖုံးကွယ်ပြီးသားလည်း ဖြစ်သွားပါတယ်။ လုပ်ရပ် အမှားတွေဆိုတာက စီးပွားရေးအရ ဂွင်တစ်မျိုး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်၊ မြန်မာ့တပ်မတော်ကို သိက္ခာချ၊ Genocide နဲ့ ထောင်ချောက်ဆင်၊ ဒုက္ခသည်အရေး ဗန်းပြပြီး မြန်မာနိုင်ငံကို မတော်မတရားစွပ်စွဲ၊ အခွင့်အရေးရရင် နယ်မြေလူမျိုးအပါခွဲထွက်ပြီး နိုင်ငံ ထူထောင်ဖို့အထိ အစီအစဉ်တွေရှိနေတာ ကို ဆိုလိုတာပါ။
အဲဒီအဖွဲ့တွေရဲ့ ဖန်တီးချက်တွေဟာ ဒေသတွင်းမတည်မငြိမ်ဖြစ်စေမှု အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်သည်အထိရည်ရွယ်ပါတယ်။ဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေအရအမေရိကန်ဟာ မြန်မာကို အပုပ်ချနေပြီး ဒုက္ခသည်တွေကို အမေရိကန်က စာနာပေးသယောင် လုပ်ပြနေခြင်းဟာ ကျွန်တော့်အနေနဲ့တော့ သူတို့ပြည်တွင်းနိုင်ငံရေး ဂွင်အတွက်သာ လုပ်စားနေခြင်း တစ်မျိုးဟု မှတ်ယူမိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ အမှန်တကယ် ယခုလို ဖြေကြားပြောဆိုချက်တွေဟာ ယခင် ဆက်ဆက်ကတည်းက မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ်ဖြေကြား ဖြေရှင်းခဲ့မှုတွေနဲ့ တစ်ထပ်တည်း ကျနေကြောင်းသတိထားမိပါတယ်။ ယခုအချိန်မှာဘင်္ဂလားဒေ့ရှ်ဘက်ကအခြေအနေမှန်ကို နားလည် လက်ခံလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ် ပြုလာတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါတယ်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အပြုသဘော ချဉ်းကပ်မှုတွေဟာ ယခုထက်ပိုပြီး အပေါင်းလက္ခဏာ ဆောင်လာမယ့် သဘောများ ရှိလာပြီလို့ မျှော်လင့်ပါတယ်။
အခြားဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံမှမလိုပါ။ နှစ်နိုင်ငံအကြားကိစ္စရပ်ကို အိမ်နီးချင်းနိုင်ငံ အချင်းချင်း ညှိနှိုင်းဖြေရှင်းခြင်းအားဖြင့် ပိုပြီးထိရောက် အောင်မြင်မှုရှိလာမယ်လို့ ခံယူထားပါတယ်။ ပြဿနာတစ်ရပ်ကို အဖြေရှာရာမှာ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းက ဖိအားပေးနည်းလမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲဆိုတာ ယနေ့ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေမှာ ထင်ဟပ်နေပြီ ဖြစ်တဲ့အတွက် ထိုထောက်ပြချက်တွေကို ဘယ်လိုမှ မျက်ကွယ်ပြုလို့မရပါဘူး။
အရင်းအမြစ်ကို ဖြေရှင်းနိုင်ပြီဆိုမှသာ လက်တွေ့ကျ၊ မျှတပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်း တည်ငြိမ်မှု တစ်ခုကို မလွဲမသွေရရှိနိုင်မှာဖြစ်ပါကြောင်း ဤနေရာကနေ တင်ပြလိုက်ရပါတယ်။
Source- www.moi.gov.mm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် လူမှုရေး ဦးတည်ချက်တစ်ခုဖြစ်သော “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟုပါဝင်သည်။ နိုင်ငံတော်က ရည်မှန်းထားသည့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် အဓိကအထောက်အကူ ပြုပေးနိုင်သည်မှာလည်း အားကစားသာဖြစ်သည်။
လူသားတို့၏ ကာယစွမ်းအားနှင့် ဉာဏစွမ်းအားကို ပေါင်းစပ်အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ခြင်းကို အားကစားဟူ၍ ကျွန်မလေ့လာ နားလည်ထားခဲ့သည်။ ပြည့်ပြည့်စုံစုံပြောရပါမူ အားကစားဟူသည် သေချာရေရာသောပန်းတိုင် နည်းဗျူဟာနှင့် မျှတခြင်းတို့ဖြင့်စုဖွဲ့မှု၊ ယှဉ်ပြိုင်မှု၊ ဖျော်ဖြေရေးနှင့် ကျွမ်းကျင်မှုတို့ကို စုစည်းထားခြင်းဖြစ်သည်ဟုပင် ဆိုရပေမည်။ Sports is Games or Competitions Involving Physical and Mental Activity ဟုဆိုပါသည်။ အားကစား (SPORTS) တွင်ပါဝင်သည့် စကားလုံး တစ်ခုချင်းစီတွင် လေးနက်သော အဓိပ္ပာယ်တို့ရှိနေကြောင်း သိရှိနိုင်ပေသည်။ S သည် (Suppleness) ပျော့ပျောင်းမှု၊ P သည် (Politeness) ယဉ်ကျေးသိမ်မွေ့မှု၊ O သည် (Obedience) နာခံတတ်မှု၊ R သည် (Readiness) အဆင်သင့်ဖြစ်မှု၊ T သည် (Tactful ) ပါးနပ်လိမ္မာမှု၊ S သည်(Skill) ကျွမ်းကျင်မှုဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များတွင် “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာပြုမူ ဆောင်ရွက်မှုပုံစံ အားလုံးကို အားကစား”ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အားကစား၏ ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့်ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီပါဝင်သည့်ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီဖြစ်သည်။ အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေခြင်း ဖြစ်သည့်အတွက် “အားကစား ပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများ”ဟု တင်စားလာနေကြပြီဖြစ်သည်။
အားကစားပြိုင်ပွဲကြီးများတွင် ပါဝင်ကစားနေကြသည့် အားကစားသမားများ၏ စိတ်ဓာတ်ကိုမဆိုထားနှင့် ကလေးများ အပျော်တမ်းကစားကြသည့် အားကစား ပွဲငယ်များတွင်ပင်လျှင် သူတို့အချင်းချင်း ချမှတ်ထားသည့် စည်းကမ်းကိုလိုက်နာ၍ ကစားကြရပေသည်။ ထို့ကြောင့် အားကစား၏ အနှစ်သာရမှာ စည်းကမ်းလိုက်နာခြင်း ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ သို့ဆိုပါလျှင် ကလေးဘဝမှစ၍ အားကစားလေ့လာ လိုက်စားသူသည် စည်းကမ်းလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းကို ရရှိလာမည်ဟုဆိုလိုချင်သည်။
အားကစားသမားများကို လေ့လာကြည့်မည်ဆိုလျှင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုသာမက နည်းပြဆရာ၊ အုပ်ချုပ်သူ၊ အားကစားဆေးပညာရှင် စသည်တို့၏လမ်းညွှန်မှုနှင့် အဆုံးအဖြတ်များကိုလည်း အလေးထားကာ လေးစားလိုက်နာကြကြောင်း တွေ့ရှိရသည်။ အားကစားတစ်ရပ်ကို ယှဉ်ပြိုင်ရာတွင် “ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ဆိုသည့်စကားနှင့်အညီ မလျှော့သော ဇွဲသတ္တိ ပြင်းပြသော လုံ့လဝီရိယတို့နှင့် ပါဝင်ယှဉ်ပြိုင်ကြရသည်။
အခြေခံပညာကျောင်းများတွင် လူငယ်လူရွယ်များကိုအကဲဖြတ်ရွေးချယ်၍ စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးမည်ဆိုပါက အားကစားသမားကောင်းများစွာ ပေါ်ထွက်လာနိုင်သည်။ ယှဉ်ပြိုင်ရာတွင် အားကစားသမား အချင်းချင်း၊ ယှဉ်ပြိုင်ဘက်အချင်းချင်း သစ္စာရှိမှုနှင့် ကိုယ်ကျိုးစွန့်၍ကူညီရိုင်းပင်းမှုများသည် ရွှေတံဆိပ်ဆုရရှိရေးထက်ပင်ပို၍ အရေးပါလှကြောင်းတွေ့ရှိရသည်။ အနိုင်ရသူအပေါ်တွင် မနာလိုဝန်တိုစိတ်ဓာတ်မထားခြင်း၊ ရေသာခိုချင်သော စိတ်ကို မမွေးမြူဘဲ အားသွန်ခွန်စိုက်ကြိုးစား၍ ကစားခြင်း၊ အားကစားသမား အချင်းချင်း အပြန် အလှန်လေးစားခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း စသည်တို့သည် အားကစားသမားကောင်းတို့၏ စွမ်းရည်များဖြစ်သည်။
အဆိုပါ အားကစားစိတ်ဓာတ်မျိုးသည် အားကစားလုပ်နေကြသူများတွင်သာ မွေးမြူထားရန်မဟုတ်ပေ။
လူသားတိုင်းတွင်ထားရှိရမည့် စိတ်ဓာတ်ဖြစ်သည်။ ဤစိတ်ဓာတ်သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုသည့် နိုင်ငံသားကောင်းတို့၏ ခံယူချက်နှင့်မှန်ကန်သော စိတ်ဓာတ်ဖြစ်သည်။ အားကစားသမား ကောင်းတစ်ဦးသည် ပွဲကြည့်ပရိသတ်ကိုစော်ကားခြင်းနှင့် ရိုင်းစိုင်းညစ်ညမ်းသည့် အပြုအမူများကို ရှောင်ကြဉ်ခြင်း စသည့် ကိုယ်စိတ်နှလုံးကို စောင့်ထိန်းတတ်သူဖြစ်ရမည်။ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကို စောင့်သိရိုသေပြီး အမျိုးဂုဏ်နှင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားများဖြစ်ရန် အားသွန်ခွန်စိုက်ကြိုးပမ်း ယှဉ်ပြိုင်ကြရသည်။ ပွင့်လင်းရိုးသားမှု၊ သည်းခံခွင့်လွှတ်မှု၊ စိတ်ရှည်မှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့သည် အားကစားသမား ကောင်းတို့၏ ဂုဏ်ပုဒ်များဖြစ်သည်။
ထို့ကြောင့် ကျောင်းများတွင် အားကစား စိတ်ဓာတ်မွေးမြူပေးသည့် အလေ့အကျင့် ကို ကျောင်းသား၊ ကျောင်းသူများရရှိစေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။ ဤပွဲများသည် လူငယ်များကို အားကစားစိတ်ဓာတ် တစ်နည်းအားဖြင့် လူကြီးလူကောင်းတစ်ဦးတွင် ရှိရမည့် စိတ်ဓာတ်ကောင်းများကို မွေးမြူထားရှိတတ်အောင် လေ့ကျင့်ပေးသည့်ပွဲများ ဖြစ်သည်။ အားကစားပွဲတစ်ခုတွင် အောင်မြင်လိုစိတ်နှင့် စည်းကမ်းဥပဒေကို လိုက်နာစိတ်တို့ ဒွန်တွဲနေတတ်သည်။ ထိုစိတ်နှစ်ခုတို့ကို ချိန်ညှိနိုင်စွမ်းရှိလာလျှင် လူ့ဂုဏ်သိက္ခာနှင့်လူ့တန်ဖိုးတို့ မြင့်တက်လာမည်ဖြစ်ပေသည်။ ဤရလဒ်မှာ လူငယ်များအတွက် အဖိုးမဖြတ်နိုင်သော ရလဒ်ဖြစ်သည်။
အားကစားသမားကောင်းဟူသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ လိုက်နာ၍ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊ စည်းလုံးညီညွတ်သည့် အသင်းအဖွဲ့ဖြင့် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ခြင်း၊ မိမိ၏ပြိုင်ဘက်ကို လေးစားတန်ဖိုးထားခြင်းတို့ဖြစ်သည်။ ဤကဲ့သို့ အားကစားသမားများ၏ စိတ်ထားမျိုးကို ကမ္ဘာသူကမ္ဘာသားများ လိုက်နာကျင့်သုံးပါက ကမ္ဘာကြီးသည် စစ်ပွဲများကင်းစင်၍ ငြိမ်းချမ်းသာယာဝပြောပါလိမ့်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ပြောကြားခဲ့ကြောင်း လေ့လာမှတ်သားခဲ့ဖူးသည်။ သို့ဖြစ်ပါ၍ လောကအတွက် ငြိမ်းချမ်းသာယာမှုကို ဆောင်ကြဉ်းပေးနိုင်သော ကြီးကျယ်မြင့်မြတ်သည့်အရာကို “အားကစား”ဟု ခေါ်ဆိုသတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့သည် စကားရပ်တို့ကိုလည်း လေ့လာမှတ်သားရသည်။
အချို့သောမိဘ၊ ဆရာသမားများက အားကစားပွဲလုပ်ခြင်းကြောင့် အချိန်ကုန်ခြင်း၊ စာသင်ပျက်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း စသည့်အတွေးများ ရှိနေသေးကြောင်းတွေ့ရှိရသည်။ ယနေ့ခေတ်ကဲ့သို့ လူငယ်ထုအတွင်း အတွေးမှား၊ အမြင်မှားများရှိနေခြင်းကြောင့် အချို့သော လူငယ်များလမ်းမှားသို့ ရောက်ရှိနေချိန်ကာလမျိုးတွင် အားကစားပွဲများကို ပို၍ပင် ကျင်းပပေးခြင်းဖြင့် အားကစားစိတ်ဓာတ်များ ရင့်သန်လာစေမည်ဖြစ်သည်။
စာမတတ်လျှင် နောင်နှစ်များတွင် တတ်အောင် သင်ပေးနိုင်မည်ဟူ၍ အချိန်ဆိုင်းနိုင်မည်ဖြစ်သော်လည်း အတွေးအခေါ်မှားယွင်းပါက အချိန်မဆိုင်းဘဲ အန္တရာယ်ရှိသွားနိုင်သည်။ လူငယ်တစ်ဦး၏ စိတ်ဓာတ်နှင့်ခံယူချက်ကို ပြုပြင်ပေးနိုင်သည့် အကောင်းဆုံးသော နည်းစနစ်တစ်ခုမှာ အားကစားနှင့်လက်ပွန်းတတီးရှိနေစေရန် လမ်းညွှန်သင်ကြားပေးခြင်းပင်ဖြစ်သည်။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ အတွေ့အကြုံများကို ပြန်လည်မျှဝေသည့် အစီအစဉ်နှင့် စခန်းသွင်းလေ့ကျင့်ခြင်းများကို လေ့လာစေခြင်းဖြင့်လည်းလူငယ်များအတွက် အားကစားနည်းစနစ်များနှင့် အတွေ့အကြုံများကို ပို၍စိတ်ဝင်စားမှုရှိလာစေနိုင်သည်။ မူကြို၊ မူလွန်နှင့် မူလတန်းအရွယ်မှစ၍ အားကစားနည်းများနှင့် မိတ်ဆက်ပေးပြီး တစ်မျိုးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကိုရှင်းပြကာ ကလေးတစ်ဦးစီ နှစ်သက်ရာ အားကစားနည်းကို ရွေးချယ်ကစားခွင့်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်သည်။
ရလဒ်အနေဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုကို အချိန်တိုအတွင်း အမြန်ဆုံး ပေးစွမ်းနိုင်သည့်အရာမှာ အားကစားပြိုင်ပွဲများဖြစ်သည်။ မသမာသူများ၏ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများသည် လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်။ စည်းလုံးညီညွတ်မှုပျက်ပြားခြင်းသည် နိုင်ငံ့အင်အားကို လျော့ပါးစေခြင်း၏ အရင်းခံအကြောင်းတရားဖြစ်သည်။
နိုင်ငံ့ဂုဏ်ကိုဆောင်ပြီး မိမိနိုင်ငံအလံတော်ကို နိုင်ငံခြားသားပါမကျန် အလေးပြုနိုင်စေရန် စွမ်းဆောင်နိုင်သူမှာ အားကစားသမားများသာ ဖြစ်ကြောင်း ဝမ်းသာလှိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။ မိမိနိုင်ငံတော်အလံကို နိုင်ငံခြားသားများနှင့်အတူ အလေးပြုရခြင်းကို အလွန်ချိုမြိန်သောအရသာဟု ခံစားရသည်။
ယခုအခါ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ်ပညာတတ် လူငယ်လူရွယ်များ အနာဂတ် နိုင်ငံတော်တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့် အခမ်းအနားများနည်းတူ ခမ်းနားထည်ဝါစွာ မကြာမီ ကာလတွင် ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်လေရာ အားကစားကဏ္ဍကို တိုးတက်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အမိမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်၍ အမျိုးသားရေး ဦးတည်ချက်များကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
Source- Myawady Webportal
ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောကနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်းဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏အသည်းနှလုံးသဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပေသည်။ အေဒီ (၁၁)ရာစုမှ အေဒီ (၁၃)ရာစုအထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်းတီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည်တို့၏ရင်ထဲတွင် အံ့မခန်းရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင်ဖြစ်ပါသည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာလက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာအနုပညာလက်ရာကို ကိုယ်ပိုင်တီထွင်ပုံဖော်နိုင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့် အကြံပြုချက် ၁၉ ချက်ကိုလည်း တစ်ပါတည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့ပါသည်။ ယင်းအကြံပြုချက်များထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများအား သုတေသနပြုပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပါရှိပါသည်။
မြကန်တွင် ရေသိုလှောင်၍ အသုံးပြုခဲ့ကြ
ပုဂံခေတ်၏ ရေစီမံခန့်ခွဲအသုံးချမှုကို လေ့လာရာတွင် ပုဂံမြို့သည် ဧရာဝတီမြစ်၏ ဘေးကပ်လျက် ရှိသော်လည်း ရေကို ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ တုရင်တောင်ခြေရင်းမှ မြကန်တွင် ရေသိုလှောင်၍ ၎င်းမှတစ်ဆင့် ရေကို အသုံးပြုခဲ့ကြပါသည်။ တုရင်တောင်နှင့် ပုပ္ပားတောင်တို့မှ စီးဆင်းလာသောရေများနှင့် ၎င်းအနီးရှိ ချောင်းတို့မှ စီးဆင်းလာသော ရေတို့ကို မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဆည်တာပေါင်ဖို့၍ ရေစုဆောင်းခဲ့ကြပြီး ၎င်းမှတစ်ဆင့် ပုဂံမြို့ဟောင်း ကန်အတွင်းသို့ ရေစစ်ကန်၊ ရေစုကန် အဆင့်ဆင့်ဖြင့် သွယ်တန်းသုံးစွဲခဲ့ကြသည်ကို လေ့လာတွေ့ရှိရပါ သည်။
ယနေ့အချိန်အထိ ထင်ရှားစွာတွေ့ရှိရသော ရေလမ်းကြောင်းမှာ မြကန်မှတစ်ဆင့် အလံပုဂံ (အလံပြကန်)၊ အလယ်ကန် (မရိုးကန်)၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)၊ ရွှေထီးကန်တို့မှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေသွယ်ယူသုံးစွဲခဲ့ကြပါသည်။ မြကန်သည် ပုဂံမြို့ဟောင်းကျုံးမှ အထက်အမြင့်ပေ ၂၅၀ ကျော်တွင် တည်ရှိသည့်အတွက် ရေကို ကောင်းစွာ စီးဆင်းသွယ်တန်းနိုင်ပေသည်။ ရေသွယ်ယူရာ စီးဆင်းရာ ရေလမ်းကြောင်းများရှိ ပအိန်းကန်၊ ချောင်းထိပ်ကန်၊ ဇေယျသွပ်ကန်၊ ဘုရားကြီးကန်၊ မင်္ဂလာကန် (၃)၊ မင်္ဂလာကန်(၂)၊ သမထီးကန်၊ ချိုးကန်၊ သူဌေးကန်၊ ကုသိနာရုံကန်၊ ကန်သစ်ကန်၊ ကြပ်ကန်၊ မြင်းကပါအင်းနှင့် ဝက်ကြီးအင်းတို့သည်လည်း ထင်ရှားသည့်ရေကန်များ ဖြစ်ကြပါသည်။
ပုဂံခေတ်က ရေကန်များတူးဖော်ခြင်းနှင့်ပတ်သက်၍ မြကန်ကျောက်စာ၊ အလံပုဂံကျောက်စာ၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ၊ မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ စသည်တို့တွင် ရေးသားထားသည့် အထောက်အထားများ တွေ့ရှိရပါသည်။ မြကန်ကျောက်စာတွင် -
“ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများ ခြင်းအကျိုးငှာ ရေမရှိသော လယ်မြေမရှိသော ထွန်ယက်စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌၊ အတို့သခင်အရှင်တရားမင်းသည် ရေကို မြဲမြံစွာ ဆည်စေ၏ ရေကန်ကိုတူးစေ၏ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏ ထိုအခါ ဗုဒ္ဓဘုရားသခင် ထံမှ ဗျာဒိတ်ရသော ဆင်ဖြူကို ယာဉ်ပြုထသော မြတ်သော အရှင်ဂြီတြိ ဘုဝနာ ဒိတျာဓမ္မရာဇာ ဓိရာဇ စကြာဝတေးမင်းဖြစ်သော သဗ္ဗညုတဉာဏ်ကို ဆုတောင်းသော ဘုရားလောင်းသည် [၁၀] ဤ ရေကန်ကို တရားပြီးလျှင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန်လက်တွေခိရေဟရသောအမည်ကို ပေးတော်မူ၏ [သု] လူအပေါင်းတို့သည် သိကြကုန်လော့” ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်ကို လေ့လာတွေ့ရှိရပေသည်။
မဟာသေနာပတိ အနန္တမောင်နှံကျောက်စာ (သက္ကရာဇ် ၅၈၅ ခု၊ (၅၇၄ ခု) တွင်လည်းကောင်း၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ (သက္ကရာဇ် ၆၃၇) တွင်လည်းကောင်း၊ ဝပေသူကြီး ကျောက်စာ (သက္ကရာဇ် ၇၄၃ ခု) တွင်လည်းကောင်း ကန်တူးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကျောက်စာအထောက်အထားများတွင် တွေ့ရှိရပါသည်။
ပုဂံခေတ်၏ ရေကိုကောင်းစွာစီမံခန့်ခွဲမှုကို ထင်ဟပ်
မြကန်မှရေကို ပုဂံမြို့ဟောင်းသို့ သွယ်တန်းသုံးစွဲခြင်းဖြင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် အဆောက်အအုံများ၊ ဘုရားပုထိုးစေတီများ တည်ဆောက်ကြသည့်အခါများတွင် အသုံးပြုရန်ရည်ရွယ်၍ ဤကဲ့သို့ ရေအသုံးချမှုကို စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ပုဂံခေတ်၏ ရေကိုကောင်းစွာ စီမံခန့်ခွဲမှုကို ထင်ဟပ်စေပါသည်။ ပုဂံဒေသ၏ မြေအမျိုးအစားသည် သဲဆန်သောမြေဖြစ်သဖြင့် ရေစီးဆင်းမှုနှင့်အတူ သဲနုန်းများ ပါဝင်လာလေ့ရှိသဖြင့် ရေစုကန်၊ ရေစစ်ကန်များကို ရေစီးကြောင်းတစ်လျှောက်တွင်ထား၍ အဆင့်ဆင့် ရေကိုသန့်စင်ပြီး သွယ်တန်းရယူအသုံးပြုခဲ့ကြပေသည်။ ရေကန်များအတွင်းရှိ သဲနုန်းများ အနည်ကျ၍ ရေကန်တိမ်ကောမသွားစေရန်လည်း ဒေသခံပြည်သူတို့က နှစ်စဉ်ကန်ဆယ်သန့်စင်ခြင်း လုပ်ခဲ့ကြသည့် အစဉ်အလာသည် ယနေ့တိုင် ပုဂံဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကန်ဆယ်ခြင်းဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံခေတ် ရေစီမံခန့်ခွဲမှုသုတေ သနလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံ Trent University မှ ပညာရှင်များနှင့် ပူးပေါင်း၍ တုရင်တောင်အနီး ကတက်ကန်နှင့် နတ်ရေကန်တို့တွင် ရေစီမံခန့်ခွဲမှုတူးဖော်သုတေသန ပြုလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်လည်းပူးပေါင်း၍ ၂ဝ၁၉ ခုနှစ်မှ ယနေ့အထိ ရှေးခေတ်ရေလမ်းကြောင်းများကို ပြန်လည် ဖော်ထုတ်သုတေသနပြု လေ့လာလျက်ရှိကြပါသည်။ ဤသို့ ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီထံသို့လည်း ၂၀၁၉ ခုနှစ်က ပေးပို့တင်ပြခဲ့ပါသည်။
ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့
ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၇ ဒသမ ၄၀ အထိ ရွာသွန်းခဲ့သဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် မိုးရေချိန်လက်မ ၁၇ ဒသမ ၄၅ အထိ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများတွင် မိုးရေများဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံ ၅၉ ခု ထိခိုက်မှုဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ မြေအောက်ရေနှင့် ဧရာဝတီမြစ်ရေကို အဓိကအသုံးပြုလာကြပြီး ရေကန်များမှာ အသုံးပြုမှု အားနည်းလာခြင်းကြောင့် မူလရေစီးလမ်းကြောင်းနှင့် ရေကန်များမှာ အနည်များပို့ချလာခြင်း၊ ရေစီးလမ်းကြောင်းများတွင် လူနေအိမ်များ တိုးချဲ့လာခြင်း၊ သီးနှံစိုက်ပျိုးမှုများ၊ ရေစီးလမ်းကြောင်းများကိုဖြတ်၍ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်းစသည့် ဆောင်ရွက်မှုများကြောင့် မိုးများသည့်နှစ်များတွင် မိုးရေစီးဆင်းရန် ရေလမ်းကြောင်းများ ပျက်စီးသဖြင့် မြေနိမ့်သည့် နေရာများ၊ လမ်းများနှင့် ရှေးဟောင်းအဆောက်အအုံများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီး၊ ရေလျှံ၊ ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ ၁၅-၅-၂ဝ၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီး၊ ရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့်ဌာန များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါသည်။
ယခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရေကန်များ၊ ရှေးခေတ်ရေလမ်းကြောင်းများကို မြေပြင်ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကောင်းကင်မှတ်တမ်းများ (Aerial Photo)၊ Drone မှတ်တမ်းဓာတ်ပုံများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရေကန် ၁ဝ၆ ကန်ကို အသေးစိတ်မှတ်တမ်း (Detail Assessment Survey) တင်နိုင်ခဲ့ပါသည်။ ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအရ ၁၀ ဧကနှင့်အထက် ရေကန် ငါးကန်၊ ၁ဝ ဧကနှင့် ငါးဧကကြားရှိ ရေကန် ခြောက်ကန်နှင့် ငါးဧကအောက် ရေကန် ၉၅ ကန်တို့ ဖြစ်ပါသည်။
ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof;Dr.Massimo Sarti ၏ အကြံပြုချက်များနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) ဆောင်ရွက်ခြင်း၊ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity) မပျက်မယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများကို ထိခိုက်မှုမရှိစေခြင်း၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းသုတေသနတန်ဖိုး မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ချက် ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှုရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit Excavation) ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ရှေးခေတ်ရေလမ်းကြောင်းများ၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ရာတွင် အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြုချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့်ပတ်သက်၍ အသုံးချမှုအလိုက် အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ်လေ့လာဆန်းစစ်မှု (Detail Assess-ment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှု ပြုလုပ် ရာတွင် ရေဝင်၊ ရေထွက်လမ်းကြောင်းများပါသော မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသတို့အတွင်းရှိ သဘာဝရေကန်၊ ဆည်၊ ချောင်းများ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏ မြေမျက်နှာအသွင်အပြင်အနေအထားကို ဖော်ပြသည့် Topo-graphic Map (0.25 Meter Interval) ရေးဆွဲခြင်းလုပ်ငန်းများကို ဦးစားပေးအပိုင်းလိုက် တိုင်းတာပြုစုရန် စသည့်အကြံပြုချက်များကို ရေကြီး၊ ရေလျှံဖြစ်ပွားခဲ့သည့်နေရာများ၊ ဘုရားများတွင် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA) လုပ်ငန်းကိုလည်း ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သော အဖွဲ့လေးဖွဲ့ခွဲ၍လည်း ဆောင်ရွက်လျက်ရှိပါသည်။ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity)မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ်ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ/မရှိ စမ်းသပ်တူးဖော်ခြင်း(Test Pit) တို့လည်း တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ စနစ်တကျရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း (ကန်ဆယ်ခြင်း) ကြောင့် ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများအနီး ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခြင်း၊ ဘုရားတံတိုင်းအတွင်း ရေဝင်ရောက်မှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ ပြန်လည် ဖော်ထုတ်ရာတွင် ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ နားလည်တတ်ကျွမ်းသည့် ဌာနများ၊ ဒေသခံများ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် Hydrological Expert Prof; Dr. Massimo Sarti နှင့် ရန်ကုန်မြို့တွင် ၉-၃-၂၀၂၄ ရက်နေ့က ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပညာရှင်၏ ရေလမ်းကြောင်းဆိုင်ရာ အကြံပြုချက်များနှင့်အညီ အမွေအနှစ်ထိခိုက်မှုမရှိစေဘဲ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ကန်ဆယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
နည်းပညာပိုင်းဆိုင်ရာဆွေးနွေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံဒေသသို့ သွားရောက်၍ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ် ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန (ရန်ကုန်) နှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့က နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဤကဲ့သို့ ရှေးဟောင်းရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ရေစီး၊ ရေလာကောင်းမွန်လာခြင်း၊ ရေကြီးသည့်အခါများတွင် ရှေးဟောင်းအဆောက်အအုံများတွင် ရေကြီး၊ ရေလျှံမှု လျော့နည်း၍ ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ ကျေးငှက်၊ တိရစ္ဆာန်နှင့်လူတို့ သောက်ရေ၊ သုံးရေ ပိုမိုရရှိလာပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေကာ ပူပြင်းသည့်ဒေသ၏ ရာသီဥတုဒဏ်၊ ရေရှားပါးပြတ်လပ်သည့် သဘာဝဘေးဒဏ်များကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချရာ အထောက်အကူလည်း ဖြစ်စေနိုင်ပါသည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ အမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း ခြင်းများ ဆောင်ရွက်သည့်အခါ ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရပါသည်။ ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်သည့်အခါ တစ်ဦးတစ်ယောက်တည်း တစ်ဌာနတည်းက ဆောင်ရွက်၍မရပါ။ ယခုကဲ့သို့ ပုဂံဒေသ၏ အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်သည့်အခါ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် ပူးပေါင်း၍လည်းကောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti သည် ၁၀-၃-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ ပုဂံဒေသသို့ လာရောက်၍ ရေလမ်းကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းအကြံပြုပါသည်။ ၎င်းပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာဆွေးနွေးခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန(ရန်ကုန်)၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၄-၃-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြေလွှာစမ်းသပ်သုတေသနပြုခြင်း(Test Pit)၊ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment-HIA)၊ မြေပြင်အနေအထားပြမြေပုံ (Topographic Map)၊ ဘူမိဗေဒနှင့် ဓာတ် သတ္တုရှာဖွေရေးဦးစီးဌာနမှ ပုဂံဒေသတစ်ခုလုံးအတွက် ဘူမိဗေဒမြေပုံ၊ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြု ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
ရေကန်များပြန်လည်ဖော်ထုတ်ပြုပြင်ထိန်သိမ်းခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက် နိုင်မှုဆန်းစစ်ချက်(Heritage Impact Assessment- HIA) လုပ်ငန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လေးဦးက ဦးဆောင်၍ အဖွဲ့လေးဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရေကန်များ တူးဖော်ပြုပြင်ခြင်း မဆောင်ရွက်မီ မြေလွှာစမ်းသပ်သုတေသန(Test pit)ပြုလုပ်၍ ရေထိန်းသိမ်းနိုင်သည့် သဘာဝရေနေအလွှာ ထိခိုက်မှုမရှိစေရေး ကြိုတင်သုတေသနလုပ်ငန်း ဆောင်ရွက်ပါသည်။ ရေဝင်လမ်းကြောင်းနှင့် ရေကန်၏ မြေမျက်နှာသွင်ပြင်အနေအထားသိရှိနိုင်ရန်အတွက် မြေပြင်အနေအထားပြမြေပုံ (Topographic Map) ရေးဆွဲဆောင်ရွက်ပြီးမှသာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၂၀၂၃ ခုနှစ်တွင် အလံပုဂံကန်(အလံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)တို့ကို ကန်ပေါင်မြှင့်တင်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေခေါ်မြောင်း ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်(မင်းနန်သူ) တို့တွင် ကန်ဆယ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကန်ပေါင်မြှင့်တင်ခြင်းနှင့် ရေခေါ်လမ်းကြောင်းများ၊ ရေလာရိုးများနှင့် ချိတ်ဆက်ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။
ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေး
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖျောက်ဆိပ်ပင်ကန် ၁၊ ၂၊ ၃၊ ဖိုးသူတော်ကန် (စူဠာမဏိကန်)နှင့် မြောက်တဝက်ကန်တို့ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မနူကန်၊ မရွဲကန်၊ ငှက်ပစ်တောင်ကန်၊ တောင်ကျောင်းကန် (တောရကျောင်းကန်)၊ ကန်သစ်ကန် (ပြဿဒ်ကန်) နှင့် မြေဘုံသာဘုရားလှကန်တို့ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝက်ကြီးအင်းကန်၊ ချိုးကန်၊ မင်္ဂလာကန် ၁၊ ၂၊ တာမဏီကန် ၁၊ ၂ တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေနန်းရင်တော ၁ (ထိန်ကန်)၊ ၂ နှင့် ၃ တို့ကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများဖြင့် ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန် (မင်းနန်သူ)တို့နှင့် အလှူရှင်များက ရေကန်များ ပြန်လည်ဖောက်ထုတ်ခြင်း (ကန်ဆယ်ခြင်း)၊ ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေးခြင်း၊ ရေဝင်ရိုးများ ပြန်လည်ဖော်ထုတ်ခြင်း၊ Topographic Map ရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။
ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှု အထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံးအချိန်ကာလတွင် နည်းလမ်းမျိုးစုံဖြင့် ရေကိုစနစ်ကျစွာ စီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့် ရေကန်များက သက်သေပြလျက်ရှိပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများအား ရှာဖွေဖော်ထုတ်သုတေသနပြု ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီနှင့် ICOMOS တို့၏ အကြံပြုချက်များ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးခေတ်ရေကန်များ၏ သဘာဝရှုခင်းအလှတို့ဖြင့် ချိတ်ဆက်၍ ပုဂံဒေသအတွက် ခရီးစဉ်အသစ်များ ဖော်ဆောင်၍ ပုဂံခေတ်ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေပန်းများ၊ စေတီ၊ ပုထိုးများသာမက ရေစီမံခန့်ခွဲမှုဆိုင်ရာ သဘာဝအလှအပရှုခင်းများကို လာရောက်ခံစား လေ့လာကြပါဟု ဖိတ်ခေါ်လိုက်ရပါသည်။ ။
Source- Myawady Webportal