ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး

Posted_Date

Image

ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး

Body

(Ending Plastic Pollution Globally) 

ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ    ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။

ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို  တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။  ၂၀   ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့  ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။

ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့်  စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက်  ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်  နှစ်စဉ် ပလတ်စတစ်တန်ချိန်   သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန်  ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။

နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက  ၂၀၂၅  ခုနှစ်တွင် ပင်လယ်ပြင်အတွင်း  ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း  ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင်  ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ    အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော   ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ်  (Microplastics)  အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။

ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို    အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း  ထိခိုက်စေသည်။     ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော   ဇီဝမျိုးစုံမျိုးကွဲများသည်လည်း   ပလတ်စတစ်ညစ်ညမ်းမှုများကြောင့်  လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။  ပလတ်စတစ်များသည်  ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက   ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း   ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်

ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့်  ပလတ်စတစ်အမှုန်များက  လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

ပလတ်စတစ်ထုတ်လုပ်ခြင်း   လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး    ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့်   မိုးခေါင်ခြင်း၊   မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။

သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်  ဇွန်လ   ၅   ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး  (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။  အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍    ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။  ၁၉၈၇  ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့   အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ    မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို  ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။    “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင်  ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး   ကတိကဝတ်သည်  ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့်  ဆန်းသစ်တီထွင်မှုရှိသော     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း  ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး  စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို  အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက်   ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့်  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို  ၂၀၂၀  ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်   တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  စီစဉ်ဆောင်ရွက်လျက်ရှိသည်။  ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များတွင်  စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ  အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက်   အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊  ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return)  စသည်တို့ကို  အဖွဲ့အစည်းအလိုက်ဖြစ်စေ၊  တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။

ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန်  နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။

လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည်  မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ  “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  ၂၀၂၅ ခုနှစ်   ဇွန်လ  ၅     ရက်တွင်ကျရောက်မည့်   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား   ကြိုဆိုဂုဏ်ပြုရင်း  တိုက်တွန်းနှိုးဆော်လိုက်ပါသည်။   ။

Source: MWD Web Portal

အပူချိန်ကလက်ရှိအတိုင်းဆိုရင် ပျောက်ပျက်သွားနိုင်တဲ့ ရေခဲတောင်ကြီးများ

Posted_Date

Image

အပူချိန်ကလက်ရှိအတိုင်းဆိုရင် ပျောက်ပျက်သွားနိုင်တဲ့ ရေခဲတောင်ကြီးများ

Body

ရေခဲတောင်ကြီးများဆိုတာ အခုနောက်ပိုင်းမှာ မကြာခဏပြိုကျလာနေရတဲ့ တောင်ကြီးများထဲမှ တစ်ခုဖြစ်လာပါတယ်။ ရေခဲကိုအရည်ပျော်စေတာက အပူချိန်လို့ဆိုနိုင်သလိုမျိုးပဲ ရေခဲတောင်ကြီးများကို အရည်ပျော်ပြီးပြိုကျလာစေတာကလည်း ကမ္ဘာ့အပူချိန်ကြောင့်ပါပဲ။ တစ်နည်းပြောရရင် ကမ္ဘာ့ အပူချိန်မြင့်တက် လာနေတာကြောင့် ရေခဲတောင်ကြီးများပြိုကျလာ ရခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆွစ်ဇာလန်နိုင်ငံမှာရေခဲတောင်တစ်တောင်ပြိုကျရာ     တောင်ခြေမှာရှိတဲ့ကျေးရွာတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ ဒီအခြေအနေမျိုးဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်သလို ရှေ့လျှောက်လည်းဒီထက်ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သိပ္ပံပညာရှင်များကသတိ ပေးထားပါတယ်။

ရေခဲတောင်တွေအရည်ပျော်ပြိုကျလာတာနဲ့အမျှ သူတို့ရဲ့အောက်ခြေမှာ ရေကန်ကြီးတွေဖြစ်ပေါ်လာရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာဆိုးဝါးလှတဲ့အကျိုး ဆက်တွေကိုလည်း ရင်ဆိုင်လာရပါတယ်။ အလက်စကာပြည်နယ်မှာဆိုရင် အရည်ပျော်သွားတဲ့ရေခဲ တောင်မှထွက်ပေါ်လာတဲ့ရေများကြောင့် ရေကြီးမှု ဖြစ်ပွားပြီး အဲဒီရေကြီးမှုက ဂျူးနိုမြို့အထိရောက်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံရှိ   မာမိုလာဒါရေခဲတောင်ကြီးပြိုကျခဲ့တဲ့အတွက် ရေခဲတောင်တက်သမား ၁၁ ဦးအသက်ဆုံးရှုံးခဲ့ရတာ တွေ့ရပါတယ်။

ရေခဲတောင်ကျွမ်းကျင်ပညာရှင်များရဲ့ပြောဆိုမှု အရဆိုရင် ၂၀၁၆ ခုနှစ်တုန်းက တိဗက်ဒေသရှိ အာရူရေခဲတောင်ပြိုကျသလိုမျိုး ရုတ်တရက်ဆိုသလို ရေခဲတောင်တွေပြိုကျမှုဟာ ဖြစ်မြဲဖြစ်လာနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပြီလို့သိရပါတယ်။ နောက်ထပ်လအနည်းငယ်မျှအကြာမှာတော့  တိဗက်ဒေသရဲ့အာရူရေခဲတောင်မှာပဲ ရေခဲတောင်ပြိုကျမှုထပ်မံဖြစ်ပွားခဲ့တာကို တွေ့ရှိလိုက်ရပါတယ်။

၂၀၀၆ ခုနှစ်တုန်းကဆိုရင်လည်း ပီရူးနိုင်ငံမှာ ရေခဲတောင်တစ်ခုပြိုကျမှုဟာ ဆူနာမီအသေးစား လေးဖြစ်ပွားရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ဧပြီလမှာပဲ ရေခဲတောင်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ရေကန်မှာ  ရေကြီးမှုကြောင့်  မြေပြိုမှုဖြစ်ပွားတဲ့အတွက်လူနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးရေခဲတောင်တွေ မကြာခဏဆိုသလိုပြိုကျလာမှုများက ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူထောင်ပေါင်းများစွာရဲ့အသက်အိုးအိမ် စည်းစိမ်များကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ အန္တရာယ်သတိပေးချက်ကြီးတစ်ခုဖြစ်လာ နေပြီလို့ သိပ္ပံပညာရှင်များကအကြိမ်ကြိမ်သတိပေးလာကြတာကိုတွေ့ရပါတယ်။

အထူးသဖြင့် လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ရေခဲတောင်များအရည်ပျော်ကျမှုဟာ အလွန်မြန်ဆန်စွာဖြစ်ပေါ်လာနေတာပါ။ အပ်(စ်)တောင်တန်း တစ်ခုတည်းမှာကိုပဲ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက နေ အခုချိန်အထိကို ရေခဲတောင်ထက်ဝက်လောက် အရည်ပျော်သွားတာတွေ့ရပါတယ်။ လက်ရှိအပူချိန် မြင့်တက်မှုက ဒီနှုန်းအတိုင်းဆက်သွားနေမယ်ဆိုရင် အခုရာစုနှစ်အကုန်ပိုင်းမှာ အပ်(စ်)တောင်တန်းမှာရှိ တဲ့ရေခဲတွေအားလုံးအရည်ပျော်ပျောက်ဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်များကပြောထားပါတယ်။

မကြာသေးခင်က ရေခဲတောင်ပြိုကျမှုဖြစ်ပွားတဲ့ ဆွစ်ဇာလန်နိုင်ငံဆိုတာ ဥရောပဒေသမှာရှိတဲ့ရေခဲတောင်များအနက် ရေခဲတောင်အများဆုံးရှိရာဒေသ တစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ၂၀၂၂ ခုနှစ်တုန်း က ရေခဲအရည်ပျော်မှု ၆ ရာခိုင်နှုန်းရှိပြီး နောက်ပိုင်းမှာလည်း ရေခဲတွေအရည်ပျော်မှုက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ပီရူးနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရေခဲတောင်စုစုပေါင်း ၁၇၅ လုံးအထိပြိုကျသွားတာကိုလည်းတွေ့ရှိရပါတယ်။ ဒီလို မျိုးရေခဲတွေအရည်ပျော်ကျမှုက    ကမ္ဘာ့အပူချိန်မြင့်တက်လာလို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

လက်ရှိသိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်အရပြော ရမယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ လက်ရှိအခြေအနေ အတိုင်းပဲဆက်ရှိနေမယ်ဆိုပါက ကမ္ဘာကြီးရဲ့ပင်မ ရေအရင်းအမြစ်များဖြစ်တဲ့ ရေခဲတောင် ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။

အကယ်၍များ ကမ္ဘာ့အပူချိန်ကို ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုသဘောတူညီချက်အတိုင်း ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက် ရှိနေအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ရေခဲတောင်တွေရဲ့အရည်ပျော်ကျမှုနှုန်းကိုနှစ်ဆပိုမိုထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပညာရှင်များရဲ့ လေ့လာချက်မှာဖော်ပြထားပါတယ်။

ရေခဲတောင်တွေဆိုတာက ကမ္ဘာကြီးရဲ့ရာသီဥတု ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်းစောင့်ရှောက်ပေးနေသူများဖြစ်ရုံသာမက လူသားတို့အတွက်မရှိ မဖြစ်အရေးကြီးတဲ့ ရေချိုအရင်းအမြစ်ကိုပေးစွမ်းနေသူလည်းဖြစ်ပါတယ်။ အကယ်၍ ရေခဲတောင်များရဲ့ အရည်ပျော်ကျမှုနှုန်းက အခုထက်ပိုများလာမယ် ဆိုရင် ကမ္ဘာ့အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုများစွာ ဖြစ်ပေါ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။

Ref: IE

Source: MWD Web Portal

ကာကွယ်ရေးဆိုတာထက်ပိုတဲ့ မိုင် ၂၀၀ ကျော်ရှည်သော ဂိုဘီတံတိုင်းကြီး

Posted_Date

Image

ကာကွယ်ရေးဆိုတာထက်ပိုတဲ့ မိုင် ၂၀၀ ကျော်ရှည်သော ဂိုဘီတံတိုင်းကြီး

Body

ဂိုဘီတံတိုင်းကြီးအကြောင်းကို ကျွန်တော်တို့ သိရှိထားတာ နည်းနည်းလေးပဲရှိပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက သုတေ သနပြုလေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေ ကြတာဖြစ်ပါတယ်။ ဂိုဘီတံတိုင်းဆိုတာက အလယ်ခေတ်တံတိုင်းစနစ်ကြီးတစ်ခုပါ။ သူ့ကိုအလယ်အာရှအင်ပါယာတစ်ခုရဲ့ခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခု ဂိုဘီတံတိုင်းကိုလေ့လာမှုများလုပ်တဲ့အခါ အဲဒီအင်ပါယာခေတ်က စွမ်းဆောင်နိုင်အားကိုလည်း ဒီကနေ့ခေတ်ပညာရှင်များက သိရှိခွင့်ရလာတာပါ။ အထူးသဖြင့် သူတို့ရဲ့ဗိသုကာပညာရပ်မှာ ဖြစ်ပါတယ်။

အလယ်ခေတ်တံတိုင်းစနစ်ကြီးဆိုတာက အရှေ့ အာရှဒေသမှာ အရှည်လျားဆုံးနဲ့ပဟေဠိအဆန်ဆုံးသော ဗိသုကာပညာရပ်ဆိုင်ရာထူးခြားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အလယ်ခေတ်တံတိုင်းစနစ်ကြီးဆိုတာ တံတိုင်းတွေ၊ ကတုတ်ကျင်းတွေ၊ ဝင်းခြံတွေကိုဆက်သွယ်ထားတဲ့ ကွန်ရက်ကြီးတစ်ခုပါ။ အဲဒီ ကွန်ရက်ကြီးထဲမှာမှ ဂိုဘီတံတိုင်းဆိုတာ မိုင်ပေါင်း ၂၄၈၅  မိုင်ရှည်လျားတဲ့  တရုတ်၊  မွန်ဂိုလီးယား၊ ရုရှားတို့ကြား မွန်ဂိုလီးယားဒေသရဲ့ခြောက်သွေ့တဲ့တောင်ပေါ်ကန္တာရထဲမှာတည်ရှိပြီး မိုင် ၂၀၀ အရှည်ရှိ တံတိုင်းအစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။

ဒါ့အပြင် ၁၀ ရာစုနဲ့ ၁၃ ရာစုကြားမှာ အင်ပါယာ အဆက်ဆက်ကတည်ဆောက်ခဲ့တဲ့ အမျိုးမျိုးသော တံတိုင်းတွေကို ရှေးဟောင်းသုတေသနပညာရှင်များ စွာက သုတေသနများစွာလုပ်ဆောင်ခဲ့တဲ့အထဲမှာ ဂိုဘီတံတိုင်းဆိုတာ ထင်ရှားလှတဲ့ဗိသုကာလက်ရာ တွေနဲ့ပြည့်နှက်နေတဲ့ တံတိုင်းတစ်ခုဖြစ်တယ် ဆိုတာကို ပညာရှင်များက တညီတညွတ်တည်းအတည်ပြုထားကြတာကိုလည်း တွေ့ရပါတယ်။ အခု ဂိုဘီတံတိုင်းကို သုတေသနပြုလေ့လာမှုတွေလုပ်ခဲ့တဲ့ ပညာရှင်များက ဂျေရုဆလင်ရှိ ဟီဘရူး တက္ကသိုလ်နဲ့ ယေးတက္ကသိုလ်တို့မှဖြစ်ပါတယ်။ သူတို့အနေနဲ့ အဓိကလေ့လာမှုတွေလုပ်ခဲ့တာက ဂိုဘီတံတိုင်းရဲ့ အစနေရာ၊ တံတိုင်းကိုဆောက်ခဲ့သူနဲ့ တံတိုင်းရဲ့ လုပ်ဆောင်ချက်တို့ဖြစ်ပါတယ်။

“မိမိတို့အနေနဲ့ ဒီသုတေသနကိုလုပ်ရတဲ့အဓိက ရည်ရွယ်ချက်က တံတိုင်းတွေ၊ ခံတပ်တွေနဲ့ အဟန့်အတားတွေကိုတည်ဆောက်ရာမှာ ဘယ်လိုမျိုးနည်း ပညာတွေကိုအသုံးပြုထားတယ်ဆိုတာရယ်၊ အသုံးပြုခဲ့တဲ့ကာလရယ်၊ သူတို့ရဲ့တည်ဆောက်မှုရည်ရွယ်ချက်တို့ကို ကောင်းစွာနားလည်စေဖို့ဖြစ်ပါတယ်”လို့ သုတေသီများကပြောထားပါတယ်။

ဒီတံတိုင်းကိုဦးစွာတည်ဆောက်ခဲ့တာက ရှီရှား မင်းဆက်မှာဖြစ်ပြီး ကျောက်တုံးတွေ၊ သစ်သားတွေနဲ့ မြေကြီးတွေကိုအသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတိုင်းတည်ရှိရာနေရာက လူနေထိုင်ရာနေရာတွေနဲ့ အလှမ်းဝေးကွာတဲ့နေရာတစ်ခုဖြစ်တာကြောင့် တည်ဆောက်ရေးပစ္စည်းတွေကို အဲဒီနေရာအရောက်ပို့ဆောင်နိုင်တယ်ဆိုတာ သူတို့ခေတ်ရဲ့သယ်ယူပို့ဆောင်ရေးစနစ်ကောင်းမွန်မှုကို ထင်ဟပ်စေပါတယ်။

ဒါ့အပြင် အဲဒီခေတ်ကနေထိုင်သူတွေဟာ ခြေဦးတည့်ရာလျှောက်သွားပြီး ဘယ်နေရာမှာမှအတည်တကျနေထိုင်ခြင်းမရှိဘူးလို့ ပြောဆိုထားမှုတွေရှိပေ မယ့်လည်း ဂိုဘီတံတိုင်းကြီးကိုသုတေသနပြုမှုအရဆိုရင် အလယ်ခေတ်ကသူတွေဟာ အရင်ယူဆထား ချက်တွေနဲ့အညီမဟုတ်ဘဲ နေရာတစ်ခုမှာအတည် တကျနေတဲ့အပြင် နယ်မြေတစ်ခုကိုလည်း ခိုင်ခိုင် မာမာပိုင်ဆိုင်ပြီး   ကာကွယ်ထားနိုင်စွမ်းရှိတယ်ဆိုတာကိုပါမြင်တွေ့ရပါတယ်။ ဒါကြောင့် ဂိုဘီတံတိုင်း ကြီးကို တည်ဆောက်ထားခြင်းရဲ့ရည်ရွယ်ချက်က နယ်နိမိတ်ကိုပိုင်းခြားသတ်မှတ်ခြင်း၊ လူဦးရေနဲ့ သယံဇာတကိုထိန်းချုပ်ခြင်းနဲ့  ပိုင်နက်နယ်မြေကိုခိုင်မာစွာထိန်းချုပ်ခြင်းတို့အတွက် ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

Ref: IE

Source: MWD Web Portal

ရုရှားနှင့် ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲ ထပ်မံပြုလုပ်

News Image

ရုရှားနှင့် ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲ ထပ်မံပြုလုပ်

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှကိုယ် စားလှယ်အဖွဲ့များသည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံပြုလုပ်ကြောင်း သိရသည်။ ထိုဆွေးနွေးမှုသည် လက်ရှိနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအဆုံးသတ်စေရေးကို ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။