ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

  “တက်လူတေးသံ”

* ကြက်ဖသာလျှင်

   အရုဏ်ရောင်လှ ဝင်းဝါကြ၏။

* ဥဩသာလျှင်

   ရာသီနွေလ ဖူးပွင့်ကြ၏။

* ဖားငယ်သာလျှင်

   အာကာမိုးက မိုးရွာကြ၏။

* တက်လူသာလျှင်

   မြန်မာပြည်လှ အားသစ်ရ၍

   ဇေယျအောင်လံ ထူမည်တည်း။

                       ဇော်ဂျီ

                       (အိုးဝေမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၃၅ ခုနှစ်)

ယနေ့ကျောင်းနေအရွယ်မောင်မယ်တို့သည် တက်လူငယ်များဖြစ်ကြသည်။ တက်လူငယ်တို့သည် အနာဂတ်ကိုပိုင်စိုးကြရမည်။ အနာဂတ်ကို ပုံဖော်ထုဆစ်ကြရမည်။  အနာဂတ်သည် ယနေ့တက်လူငယ်တို့၏ လက်ထဲတွင်ရှိနေသည်။  ယနေ့တက်လူငယ်တို့၏ စွမ်းရည်စွမ်းအားအပေါ် တည်မှီနေသည်။ ယနေ့ကျောင်းနေအရွယ် တက်လူငယ်တို့၏ စွမ်းရည်စွမ်းအားပြည့်ဝသည့်အလျောက် အနာဂတ်သည် တောက်ပြောင်၊  ထွန်းသစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမည်မှာလည်း သေချာသည်။

ကမ္ဘာဦးကာလ လူနေမှုအဆင့်အတန်းသည် နိမ့်ကျ၏။  ယနေ့မျက်မှောက်ကာလ လူနေမှုအဆင့်အတန်းသည် မြင့်မား၏။ ကမ္ဘာဦးကာလနှင့် ယနေ့မျက်မှောက်ကာလသည် လွန်စွာကွာခြားသွားသည်။

အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာသောကြောင့် နိမ့်ရာမှမြင့်ရာသို့   ရောက်ရှိလာခြင်းဖြစ်သည်။အဆင့်ဆင့်ဖွံ့ဖြိုး တိုးတက်လာသော ဖြစ်စဉ်များတွင်  လူသားတို့၏ တီထွင်ဆန်းသစ်မှု၊  တွေးခေါ်မြော်မြင်မှု၊ စဉ်းစားဆင်ခြင်ချင့်ချိန်မှု၊ ကြံရည်ဖန်ရည်ဉာဏ်ရည် ကျယ်ပြန့်လာမှုတို့က အခရာကျသည်။  ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံ၏ မူလရင်းမြစ်လည်းဖြစ်သည်။ 

ထိုမူလရင်းမြစ်များကို ပိုင်ဆိုင်သူများသည်ကား မဟာလူသားများဖြစ်ပေသည်။မဟာလူသားများဟုခေါ်ဆိုဂုဏ်ပြုအပ်သော ယနေ့ ကျောင်းနေအရွယ် တက်လူငယ်တို့သည် လူသားအရင်းအမြစ်များ၏ အညွန့်အဖူးများပင် မဟုတ်ပါလော။

လူသားအရင်းအမြစ် အညွန့်အဖူးများကို ရှင်သန်ကြီးထွားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြရသည်။  ဗလငါးတန်ပြည့်ဝအောင် ဖြည့်ဆည်းပေးကြရသည်။

ထိုသို့ဖြည့်ဆည်းရာတွင်   အခြေခံပညာသင်ကျောင်းများသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေပေသည်။ အကြောင်းမူကား အခြေခံပညာကျောင်းများသည်    ပညာအခြေခံကောင်းများဖြစ်သည့် “ကာယ၊  ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး”ကို သင်ကြားလေ့ကျင့် ပေးနေသောကြောင့်ဖြစ်သည်။   အတန်းလိုက်သင်ရိုးညွှန်းတမ်းများသည် “ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊  သက်မွေးဘက်စုံပညာရေး”ကို ဦးတည်ထားခြင်းဖြစ်သည်။

ယခုအခါအကောင်အထည်ဖော် ဆောင်ရွက်နေသော အခြေခံပညာရေး အဆောက်အအုံသည် (KG+12)သူငယ်တန်း+ဒွါဒသမတန်း အဆောက်အအုံဖြစ်သည်။ အခြေခံပညာရေး အဆောက်အအုံသည် အခြေခံပညာမူလတန်းဆင့် အုတ်မြစ်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် အခြေခံပညာအထက်တန်းဆင့်တို့ကို  ဆင့်တင်ထားခြင်းဖြစ်ပေသည်။  အခြေခံပညာရေး၏ အုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်တွင် KG+ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊  ပဉ္စမတန်းအထိ တန်းစဉ်(၅)ဆင့်၊ အခြေခံပညာအလယ်တန်းဆင့်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊  နဝမတန်းအထိ  တန်းစဉ်(၄)ဆင့်၊  အခြေခံပညာအထက်တန်းဆင့်တွင် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းအထိ  တန်းစဉ်(၃)ဆင့်ရှိသည်။  အခြေခံပညာရေးအုတ်မြစ်ဖြစ်သော အခြေခံပညာမူလတန်းဆင့်(၅)ဆင့်ပေါ်တွင် အခြေခံပညာအလယ်တန်းဆင့်(၄)ဆင့်၊  နောက်အခြေခံပညာအထက်တန်းဆင့်(၃)ဆင့်ဖြင့် တြိဂံပုံ(၅၊ ၄၊ ၃)အဆင့်(၃)ဆင့်နှင့်တည်ဆောက်ထားရာ အခြေခံပညာရေး အဆောက်အအုံသည်  တောင့်တင်းခိုင်မာနေသည်။

အခြေခံပညာမူလတန်းဆင့်တွင်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော  မြန်မာစာ၊ အင်္ဂလိပ်စာ၊  သင်္ချာ၊  သိပ္ပံ၊ လူမှုရေး ဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊  ကာယပညာ၊  အနုပညာ(ဂီတနှင့်ပန်းချီ)  စသည့်ဘာသာရပ်များ၊ အခြေခံပညာအလယ်တန်းဆင့်တွင် သင်ရိုးဝင် ဘာသာရပ်များဖြစ်သော  မြန်မာစာ၊ အင်္ဂလိပ်စာ၊  သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်နှင့်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များဖြစ်သော စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊  ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)စသည့် ဘာသာရပ်များ၊ အခြေခံပညာ အထက်တန်းဆင့်တွင်  ာသာတွဲအလိုက်ယူထားသော သင်ရိုးဝင်ဘာသာရပ်များဖြစ်သည့်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်များနှင့် တွဲဖက်သင်ရိုးဝင်ဘာသာရပ်များဖြစ်သော  စာရိတ္တနှင့်ပြည်သူ့နီတိ၊  ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)စသည့် ဘာသာရပ်များကို သင်ကြားလေ့ကျင့်ပေးနေသည်။

အတန်းလိုက်သင်ရိုးဝင်ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ဘာသာရပ်နယ်ပယ်အလိုက်   တတ်မြောက်ကျွမ်းကျင်လာမည်။  အတန်းလိုက်တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို သင်ယူလေ့ကျင့်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊  ကြံ့ခိုင်သန်စွမ်းမှု၊  တစ်ကိုယ်ရေသန့်ရှင်းမှု၊  ဖြောင့်မတ်တည်ကြည်မှု၊  ရိုးသားဖြူစင်မှု၊  ကျင့်ဝတ်စည်းကမ်းစောင့်ထိန်းလိုက်နာမှု၊  ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်မှု၊  ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့မှု၊  ထောက်ထားညှာတာစာနာမှု၊ သည်းခံခွင့်လွှတ်မှုစသည့် အလေ့အကျင့်ကောင်းများကို ရရှိလာမည်။  သင်ရိုးဝင်ဘာသာရပ်များက စဉ်းစားမြော်မြင်တွေးခေါ်ဆန်းသစ်နိုင်သည့် ဉာဏ်ရည်ဖွံ့ဖြိုးထက်သန်စေသည်။ 

တွဲဖက်သင်ရိုးဝင်ဘာသာရပ်များက  စာရိတ္တနှင့်  ကိုယ်ကျင့်တရားကိုကြံ့ခိုင်စေသည်။  ထိုသည်ကား  ဘက်စုံပညာရေး၏ အနှစ်သာရဖြစ်သည်။  အခြေခံပညာကျောင်းများက သင်ကြားလေ့ကျင့်ပေးနေသော ဘက်စုံပညာရေးသည် ဗလငါးတန်နှင့်ပြည့်စုံသည့်    ကျောင်းနေအရွယ် တက်လူငယ်များကို မွေးဖွားပေးနေခြင်းပင်မဟုတ်ပါလော။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ဘက်စုံပညာရေးမှတစ်ဆင့်  ဗလငါးတန်ပြည့်ဝသည့်တက် လူငယ်များကိုမွေးဖွားပေးနိုင်ရန် အတွက် အထူးတလည် အကောင်အထည်ဖော်ကာ စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။  အခြေခံပညာကျောင်းများမှ သင်ကြားလေ့ကျင့်ပေးလိုက်သော ကျောင်းနေအရွယ်ကလေးများ  ပညာရေးအဟောသိကံဖြစ်စေမည့်၊  သင်ယူမှုအခွင့်အလမ်း အလှမ်းဝေးစေမည့်၊ ပညာသင်ယူရန်အဟန့်အတားဖြစ်စေမည့်   စသည့်စိန်ခေါ်မှုများကို ကူညီပံ့ပိုးဖြေရှင်းပေးကာ  အတန်းကူးပြောင်းမှုနှုန်း မြင့်မားအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည်။   အဆက်ဆက်က မသင်မနေရ မူလတန်း ပညာရေးကိုသာ  အကောင်အထည်ဖော်နိုင်ခဲ့သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက ကျောင်းနေအရွယ်ကလေးအားလုံး   အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)အထိ သင်မနေရပညာရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်မှာ  အနာဂတ်လမ်းအတွက်   ပညာပန်းများဖြင့် လမ်းခင်းပေးနိုင်ခဲ့ခြင်းဖြစ်ပေသည်။

အခြေခံပညာအလယ်တန်းဆင့်နဝမတန်း(KG+9)အထိ   မသင်မနေရပညာရေးနှင့်အတူ   အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)ကို ပြီးမြောက်အောင်မြင်သူများသည်  အခြေခံပညာအထက်တန်းကျောင်းများသို့ လည်းကောင်း၊  စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများသို့ လည်းကောင်း နှစ်သက်ရာ၊ ဝါသနာပါရာ၊  စိတ်ဝင်စားရာအခြေခံပညာ အထက်တန်းကျောင်းများသို့  စိတ်ကြိုက်ရွေးချယ်ကာ  သင်ယူနိုင်သည့်  အခွင့်အလမ်းများကိုလည်း လမ်းဖွင့်ပေးထားသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်  စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းကိုဖွင့်လှစ်ပေးခဲ့သည်။  အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည်   သက်ဆိုင်ရာတက္ကသိုလ်၊  ဒီဂရီကောလိပ်၊  ကောလိပ်/သိပ္ပံအသီးသီးသို့ တက်ရောက်ပြီး  ပညာသင်ယူနိုင်သကဲ့သို့   စက်မှု၊  စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာ အထက်တန်းအောင်မြင်သူများသည်လည်း  သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊  ကောလိပ်/သိပ္ပံအသီးသီးသို့ တက်ရောက်ပြီး  ပညာသင်ယူနိုင်သည်။

အနာဂတ်ပညာတတ်လူငယ်များ  များပြားလာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးပြီး Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ခဲ့ရာ Polytechnic တက္ကသိုလ် ၈ ခုအထိဖွင့်လှစ်ပေးနိုင်ခဲ့သည်။  ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင်  ဥပဒေဆိုင်ရာ၊  စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်ပြီး  သိရှိထားရန်လိုအပ်သည်။ ထို့ကြောင့်  တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ B.A(Law)နှင့်  B.A(Eco)ဘွဲ့များ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။  ထိုသို့နိုင်ငံတော်က စီမံဆောင်ရွက်အားပေးနေခြင်းသည်  အနာဂတ်မျိုးဆက်သစ် လူငယ်များ  ပညာရည်မြင့်မားပြီး  ပညာရည်မြင့်မားသော အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်လိုသောကြောင့်ဖြစ်သည်။ ထိုသို့ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အရေးကြီးဆုံးသော အချက်မှာ လူသားအရင်းအမြစ်ပင်ဖြစ်သည်။  ဘက်ပေါင်းစုံသော ကဏ္ဍတို့တွင်  ကျွမ်းကျင်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ရှိနေမှသာလျှင် မိမိတို့နိုင်ငံသည် သူများနိုင်ငံများနည်းတူ ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူနေ၍ မလုံလောက်တော့ပေ။ ခေတ်မီနည်းစနစ်များနှင့် ပေါင်းစပ်မှသာ အထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ အရည်အသွေးကောင်းသော ထွက်ကုန်များထွက်ခြင်း စသည့်ရလဒ်များကို ပိုင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ထိုသို့ခေတ်မီနည်းစနစ်များကို ပညာတတ်သော အသိပညာရှင်၊ အတတ်ပညာရှင်တို့ကသာ ဦးဆောင်လမ်းပြ နိုင်ပေလိမ့်မည်။ ဤသည်မှာ ပညာ၏အရေးပါပုံ၊ အရာဝင်ပုံကို ရိုးရှင်းစွာဥပမာပြခြင်းပင်ဖြစ်သည်။ အခြားဘက်ပေါင်းစုံသော ကဏ္ဍတို့တွင်လည်း ထိုသို့သာဖြစ်သည်။

သို့အတွက်ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင်  ယခုကဲ့သို့ပင် ပညာရေးကိုအစဉ်တစိုက် အားပေးဆောင်ရွက်နေရမည်မှာ မလွဲမှားနိုင်သော ဧကန်အမှန်တရားပင်ဖြစ်သည်။  ကျောင်းနေအရွယ် တက်လူငယ်များကို ပညာပြည့်ဝနှလုံးလှသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့် မွေးမြူပေးကြရမည်ဖြစ်သည်။  လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်  တက်လူငယ်မောင်မယ်များ၏ စွမ်းရည်စွမ်းအားစွမ်းပကားက  မိုးပေါ်ရောက်အောင် ပျံသန်းနိုင်သည်အထိ အစွမ်းထက်လှပါပေသည်။ ကျောင်းနေအရွယ် တက်လူငယ်မောင်မယ်များသည်  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက်   ဇေယျအောင်လံထူပေးကြမည့် လူ့စွမ်းအားအရင်းအမြစ်များပင် မဟုတ်ပါလော။ 

ထို့ကြောင့်  “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”  ဆိုသည့်အတိုင်း  ကျရာကဏ္ဍအသီးသီးမှ တက်ညီလက်ညီဖြင့်  ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။     ။

MWD Web Portal
 

ဦးကျော်ညွန့်(ရေနံချောင်း)

မိုးမရွာ ရေမတက်လို့

အက်ကြောင်းနဲ့ ဗရပွေ

တို့မြေကွဲ့လယ်တော။

နေ့ချင်းကွယ် ရေလျှံလို့

ညချင်းကွယ် ရေလျှံလို့

တာတမံ အနိုင်တုတ်ရတယ်

စုပ်ရေကပေါ။

                         မင်းသုဝဏ်

“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင်ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်”

“မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ် တစ်ကြိမ်မီအောင် ကြိုးစားပမ်းစား စိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလို မစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ”

“ဆောက်ခဲ့တဲ့ ဆည်အချို့ဟာ ရေမရှိတဲ့ ဆည်ကောများသာဖြစ်နေတယ်၊ ရေရှိတဲ့ဆည်အချို့ကျတော့  မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး”

“မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက် အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံစိုက်နိုင်တယ်”

ဤသည်တို့မှာ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ တောင်သူအချို့၏ ညည်းတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာ ပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုံကာလ တိုတောင်းလာသောဒဏ်ကို ခံနေရသော ဒေသများထဲတွင်ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ် ရွာကျသည့် မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေးတို့ကို မည်သို့မျှ   အကျိုးမပြုဘဲ  ခြောက်သွေ့ဒေသ တောင်သူများ၏ မျက်စိအောက်တွင်ပင်  ချောင်းများ၊  မြစ်များထဲသို့ စီးဆင်းသွားနေကြသည်မှာ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု၌ အားနည်းချက်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။

လျှံရေကို အသုံးချ

ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော မိုးရေအသင့်အတင့်အပြင် ဒေသဝန်းကျင်ရှိ တောင်တန်းများ၊ ကုန်းမြင့်များမှ စီးဆင်းလာသော တောင်ကျရေများကိုလည်း ရယူအသုံးချနိုင်သည်။

တောင်ကျရေများ၏  သဘာဝအတိုင်း တောင်ပေါ်၌ မိုးရွာပြီးမကြာမီ ဝါးလုံးထိုးကျလာကာ အချို့သောချောင်းခြောက်များတွင် လျှံတက်လာသည်အထိ စီးဆင်းပြီး မိုးတိတ်သည်နှင့်   ရေပြန်ခန်းသွားရာ ယင်းရေများကို အသုံးမချနိုင်လျှင် ထီပေါက်ပြီး  လက်မှတ်ပျောက်သူ၏ အဖြစ်နှင့် အလားတူသည်။

အာဖရိက၊ အနောက်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့်  မြောက်အမေရိကတိုက် တို့ရှိ ခြောက်သွေ့ဒေသများ၊ တစ်ဝက်တစ်ပျက် ခြောက်သွေ့ဒေသအချို့တွင် “လျှံရေရယူသိုလှောင် အသုံးချခြင်းစနစ်”ဟုခေါ်သည့် တောင်ကျရေဖြင့် စိုက်ပျိုးရေးနှင့်  သောက်သုံးရေရယူရေးကို လုပ်ဆောင်လျက်ရှိသည်။ ယင်းစနစ်သုံးစိုက်ပျိုးဧကသည် တစ်ကမ္ဘာလုံးတွင်  ဧကခြောက်သန်းကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် လျှံရေစနစ်သုံး စိုက်ပျိုးမြေအချို့ကို တွေ့နိုင်သော်လည်း လက်ရှိထက် များစွာတိုးချဲ့နိုင်သေးသည်ဟု သိရသည်။ 

လျှံရေတားဆီးလွှဲယူသည့်   တမံကိုချောင်းအကျယ်အတိုင်းဖြစ်စေ၊ ချောင်းအကျယ်၏   တစ်စိတ်တစ်ပိုင်းဖြစ်စေတည်ဆောက်၍   ရေလွှဲယူနိုင်သည်။ ကွန်ကရစ်အုတ်စသည်ကို သုံး၍ အခိုင်အမာ တည်ဆောက်သည်လည်းရှိ၍ သစ်တုံး၊ သစ်ခက်၊ ကျောက်တုံး၊ မြေသား စသည်တို့ဖြင့်လည်း ယာယီတည်ဆောက်ကြသည်။ ယာယီတမံတို့သည် ဒေသတွင်းရနိုင်သော  ပစ္စည်းနှင့်လူအင်အားတို့ဖြင့် ဆောက်လုပ်သဖြင့် ကုန်ကျစရိတ် မများလှသော်လည်း လျှံရေပမာဏများ၍ အရှိန်ပြင်းသောအခါတွင် လည်းကောင်း၊ ချောင်းကြမ်းပြင် မြေသားမတည်ငြိမ်လျှင်လည်းကောင်း တမံများပြိုလဲပျက်စီးနိုင်သည့် အားနည်းချက်ရှိသည်။ အာဖရိကတိုက် ကျေးရွာအချို့တွင်  ချောင်းခြောက်ထဲ၌ ယာယီရေတားတမံလုပ်ပြီး တောင်ကျရေကို လွှဲယူကြသည်။ ရေစီးအားကောင်း၍ ယာယီတမံပြိုသောအခါ ရွာသားတို့၏ လုပ်အားဖြင့်   နောက်တမံတစ်ခု ထပ်ဆောက်ကြသည်။ ဝင်ငွေနည်းသောဒေသဖြစ်၍  ယင်းနည်းအတိုင်း ဒေသထွက်ပစ္စည်းများ၊ ရွာသားတို့၏ ညီညွတ်သော လုပ်အားတို့ဖြင့် လျှံရေရယူနေကြသည်။ ရေရှည်တည်တံ့သော လျှံရေတားတမံကိုဆောက်လျှင်မူ ဒေသ၏ ဇလဗေဒအချက်အလက်တို့ကို လေ့လာပြီးမှ ဒီဇိုင်းထုတ်တည်ဆောက်ရန် လိုအပ်သည်။ 

လျှံရေစနစ်သုံးဒေသများတွင် မိုးရေစတင်စီးဆင်းရာ မြေမှပါလာသောအနည်များသည် မြေဩဇာအာဟာရများအဖြစ် အပင်များကို အကျိုးပြုသည်။ သို့သော် အနည်ပို့ချမှုများလာသည့်အခါ  တမံထိန်းသိမ်းရေး၌ အခက်အခဲတွေ့နိုင်သည်။ မိုးပြတ်သည့်နောက် မြေဆီလွှာထဲတွင် တင်ကျန်ရစ်သောရေများကြောင့် အပင်များ ဆက်လက်ရှင်သန်နိုင်သည်။ ထို့ပြင် မြေပေါ်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ  ကျန်နေသော  ရေများကြောင့် အပင်ကြီးများ ပေါက်ရောက်နိုင်သည်။

လျှံရေများကို ချောင်းဘေးစိုက်ခင်းများသို့ လွှဲယူသကဲ့သို့ မြစ်များ၊ တောင်ကြားများထဲတွင်  ရေစီး၏လားရာကို ကန့်လန့်ဖြတ်ရေတားတည်ဆောက်ပြီး လျှံရေကိုတန့်စေကာ မြစ်ကြမ်းပြင်အောက်မြေသားထဲ စိမ့်ဝင်စေခြင်းဖြင့်လည်း အပင်များကို ရေပေးစိုက်ပျိုးနိုင်သည်။ ပိုလျှံသောရေများသည် ရေတားကိုကျော်၍ ချောင်းရိုး၊ မြစ်ရိုးအတိုင်း  ဆက်လက်စီးဆင်း သွားသည်။ ရေကြီးရေလျှံမှုကို အထိုက်အလျောက် တားဆီးထားခြင်းဖြင့် မြေလွှာများရေ တိုက်စားခံရမှု လျော့နည်းခြင်း အကျိုးကိုလည်း ရသည်။ ပြန့်ပြူးသောမြေပြင်တွင် ဖြတ်စီးသောချောင်းကို ကန့်လန့်ဖြတ်၍ ရေတားကို တစ်ဖက်ပါပုံအတိုင်း တည်ဆောက်ခြင်းဖြင့် ရေစီးကိုဖြန့်ထုတ်ကာ ဘေးပတ်ဝန်းကျင်မြေပြင်ကို ဖုံးလွှမ်းစေခြင်း၊ မြေအောက်သို့စိမ့်ဝင်စေခြင်းဖြင့် အပင်စိုက်ဧရိယာကို ချဲ့ထုတ်သော စိုက်ခင်းများလည်းရှိသည်။

ရေစီးတွင်ပါလာပြီး တမံ၏နောက်တွင် ထိုင်ကျန်ခဲ့သော မြေသားနှင့် အနည်များသည်  စိုက်ခင်းဖြစ်လာသည်။ မြေသားထဲတွင်  စိမ့်ဝင်နေသောရေများကြောင့် အပင်များရှင်သန်သည်။ ပုံပါစနစ်သည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၃၀ဝ၀ ကုန်ပြီး ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိသည်။ တစ်နှစ်လျှင် ခုနစ်လခန့် စိုက်ပျိုးနိုင်သည်။

လျှံရေရယူခြင်းစနစ်ကို ထိန်းသိမ်းရန် ဒေသခံတို့၏လုပ်အားကို အဓိကမှီခိုရသည့်အတွက်  ယင်းတို့ဝင်ငွေကောင်းသော အခြားအလုပ်အကိုင်များ ရလာသည့်အခါတွင် လည်းကောင်း၊ မြေအောက်ရေရလာသည့်အခါတွင် လည်းကောင်း ယင်းစနစ်ကို ဆက်မသုံးတော့သဖြင့် လျှံရေရယူခြင်းစနစ်သည် ပို၍တွင်ကျယ်လာခြင်းမရှိပေ။ သို့သော် ခြောက်သွေ့ဒေသအများအပြားတွင် ဆက်သုံးနေကြဆဲဖြစ်သည်။

ပုံမှန်မိုးရေ

ရံဖန်ရံခါပေါ်လာသော မုန်တိုင်းကြောင့် အလုံးအရင်းနှင့် ရေကြီးရေလျှံကာ မုန်တိုင်းစဲသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခြင်းမဟုတ်ဘဲ တောင်တန်းနှင့် ကုန်းမြင့်တို့မှ မိုးကာလတစ်လျှောက်လုံး ရွာကျစီးဆင်းလာသော မိုးရေကို ခံယူအသုံးချသည့်စနစ်များလည်းရှိသည်။ ဤစနစ်တွင် မိုးရေများကို စိုက်ခင်းသို့ တိုက်ရိုက်ပို့ဆောင် အသုံးပြုကြသကဲ့သို့ အထက်ပုံပါအတိုင်း စိုက်ခင်းထဲမဝင်မီ ရေလှောင်ကန်ဖြင့် သိုလှောင်၍လည်း တစ်ဆင့်ခံအသုံးချနိုင်သည်။ ရေလှောင်ကန်ကြားခံခြင်းဖြင့် ရေဝေဒေသတွင် ရွာကျသော မိုးအနည်းအများကိုကြည့်၍ စိုက်ခင်းထဲဝင်သော ရေပမာဏကို  လိုသလိုထိန်းညှိပေးနိုင်သည်။   မိုးပြတ်ပြီးသည့်နောက်တွင် ဆက်လက်ရေပေးနိုင်သည်။ ကန်အောက်ခြေမှရေများ မြေအောက်သို့စိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပြီးလည်း ဖြစ်သွားသည်။ မြေပေါ်ရေပြတ်သည့်အခါ မြေအောက်ရေကို စုပ်ယူအစားထိုးအသုံးပြုနိုင်သည်။ မိုးပြတ်ကာလရှည်ကြာသော ဒေသများ၊ မိုးရေချိန် အနည်းအများကွာဟမှု ကြီးမားသောဒေသများတွင် အသုံးတည့်သော စနစ်ဖြစ်သည်။

ဤစနစ်သည် အကြီးစားဆည်များနှင့် သဘောတရား တူညီသော်လည်း ပြင်ပအကူအညီ အနည်းဆုံးဖြင့် ဒေသတွင်း ပစ္စည်းကိရိယာ၊   ငွေကြေးအင်အား၊ လူသားအရင်းအမြစ်ကို သုံး၍ တည်ဆောက်ထိန်းသိမ်းနိုင်သော စနစ်များကိုသာ မိုးရေရယူသိုလှောင် အသုံးချခြင်းစနစ်ဟု ခေါ်ကြသည်။ ရေဝေဒေသ အကျယ်အဝန်းအားဖြင့် ၅ ဧကမှ အများဆုံး ဧက ၅၀ဝ အထိရှိသည်။

ဥပမာတစ်ခုအနေဖြင့် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင် အသုံးများသည့် စနစ်တစ်ခု တည်ဆောက်ပုံကို လေ့လာနိုင်သည်။  တမံတူးမည့်မြစ်ကြမ်းပြင်ကို ကန့်လန့်ဖြတ်၍ ကျင်းငယ်တစ်ခုတူးသည်။

ကျင်းတစ်ဖက်တစ်ချက်တွင်လည်း ရွှံ့ရောသောမြေများကို စီ၍ချထားသည်။ ရေစိမ့်မထွက်နိုင်အောင် ရွှံ့များကို လူအား၊ စက်အားတို့ဖြင့် ကောင်းစွာသိပ်ထည့်သည်။ တမံမျက်နှာပြင်နှစ်ဖက်တွင် ရေတိုက်စားမှုမရှိအောင် မြက်စိုက်သည်။ တမံအလျားသည် ပေ ၁၅၀ ခန့်ရှည်ပြီး ရေအနက် ၁၅ ပေခန့် သိုလှောင်ထားနိုင်သည်။ ရေလှောင်ပမာဏမှာ ကုဗပေ ၁၇၀ဝဝဝ၀ ကျော်ဖြစ်သည်။ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ  ၅၀ဝဝဝ  ခန့်ကုန်ကျသည်။ ဇမ်ဘီယာနိုင်ငံ၏တောင်ပိုင်း ပြည်နယ်တစ်ခုတည်းတွင်ပင် ယင်းတမံမျိုး ၃၀ဝ ခန့်ရှိပြီး လူတစ်သန်းကျော်၏ စိုက်ပျိုးမွေးမြူရေးနှင့်   သောက်သုံးရေတို့အတွက် အထောက်အကူပြုလျက်ရှိသည်။

တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးကျလာသော  လျှံရေနှင့် ပုံမှန်မိုးရေတို့ကို မိုးရေလှောင်ကန်ဖြင့် စုဆောင်းရယူခြင်း၏ အခြားကောင်းကျိုးမှာ မြေတိုက်စားခံရမှု သက်သာခြင်းဖြစ်သည်။ အဟုန်ပြင်းသောမိုးရေကြောင့် မြေသားတိုက်စားခံရပြီး သဲနုန်းမြေသားတို့ အနိမ့်ပိုင်းရှိ ချောင်းများ၊ မြစ်များ၊ ကန်များ စသည်တို့အတွင်းသို့ ဝင်ရောက်ကြသည်။ သဲနုန်းပို့ချခြင်းကြောင့် မြစ်ချောင်းကန်ကြမ်းပြင်များ မြင့်တက်လာပြီး ရေစီးနိုင်သည့်နေရာနည်းသွားခြင်းသည်  ရေကြီးရေလျှံမှုကိုဖြစ်စေသောအကြောင်းတစ်ရပ်ဖြစ်သည်။ ရေကြီး၍ ကမ်းပါးတိုက်စားခံရခြင်း၊ ရေကြောင်းပြောင်းခြင်း၊ ဆည်များထဲ ဝင်ရောက်ပို့ချလျှင် လှောင်ရေထုထည်နည်းသွားခြင်း စသည့် ဆိုးကျိုးများပေါ်ပေါက်သည်။ မိုးရေလှောင်ကန်များသည် ယင်းဆိုးကျိုးများကို လျော့ပါးစေသည်။

သဲတမံ

သဲတမံဟုဆိုရာတွင်  သဲဖြင့်တည် ဆောက်ထားသော ရေတားတမံဟု ဆိုလိုခြင်းမဟုတ်ပေ။ သဲချောင်းများ၊ သဲဆန်သော မြေသားရှိရာဒေသများတွင် ချောင်းထဲ၌ ရေတားတမံတည်ဆောက်ကာ တမံနောက်တွင် ဖြည်းဖြည်းချင်း ပြည့်တက်လာသော သဲများထဲတွင် ရေသိုလှောင်သောစနစ်ကို ခေါ်ခြင်းဖြစ်သည်။ တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးဆင်းလာသောမိုးရေများကို မြေပေါ်တွင်မဟုတ်ဘဲ ချောင်းကြမ်းပြင်ပေါ် မို့တက်လာသော သဲထုထဲတွင် သိုလှောင်အသုံးချခြင်းဖြစ်သည်။

သဲတမံတည်ဆောက်နည်းမှာ သဲချောင်းများထဲတွင်  ရေစီးကိုကန့်လန့်ဖြတ်၍ အောက်ခြေကျောက်လွှာ သို့မဟုတ် ရေမစိမ့်နိုင်သော မြေမာအထိရောက်အောင်တူးပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့်တည်ဆောက်ရသည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် အုတ်နှင့်ကွန်ကရစ်ကို မသုံးနိုင်လျှင် အောက်ပိုင်းတွင် ရွှံ့စေးများကို    ရေဖြတ်မစီးနိုင်အောင်အထိ သိပ်ပေးကာ မြေတွင်ပေါ်နေသည့်အပိုင်းကို မြေမာများဖြင့် ခိုင်ခံ့အောင်စီမံ၍လည်း တမံတည်ဆောက်နိုင်သည်။ တမံပြီး၍ မိုးရေစီးဆင်း ဝင်ရောက်လာသည့်အခါ နုန်းများ၊ အရွယ်သေး၍ ပေါ့ပါးသောမြေမှုန်များသည် ရေနှင့်အတူ တမံကိုကျော်၍ ဆက်လက်စီးဆင်းသွားပြီး တမံနောက်တွင် သဲကြမ်းများ တဖြည်းဖြည်း မို့တက်လာကာ တမံထိပ်အထိ ရောက်လာသည်။

အချို့နေရာများတွင် မိုးတစ်ကြိမ်ရွာပြီးသည်နှင့်  သဲများဖြင့်ပြည့်သွားကြပြီး အချို့ဒေသများတွင်မူ မိုးနှစ်ကြိမ်သုံးကြိမ်ခန့် ရွာသောအခါမှ သဲပြည့်သည်။ မျက်မြင်၌  သဲကိုသာတွေ့ရသော်လည်း သဲပြင်အောက်သဲလုံးများကြားတွင် ရေများပြည့်နေသည်။ သဲထုထည် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည်   ရေများဖြစ်ကြသည်။

ဘေးနှစ်ဖက်မြေပြင်ရှိ သဲများထဲသို့လည်း ရေများစိမ့်ဝင်ကူးလူးကာ တင်ကျန်နေသည်။ ယင်းရေများကို လက်ယက်တွင်းများဖြင့်လည်းကောင်း၊ ဆန်ခါတပ်ထားသောပိုက်ဖြင့် တမံဘေးမှဖောက်၍လည်းကောင်း၊ ရေတွင်းများ လက်ဆွဲတုံကင်များဖြင့်လည်းကောင်း ရယူအသုံးချနိုင်သည်။

သဲတမံများသည် ရေဂါလန်ပေါင်းသိန်းနှင့်ချီ၍ သိုလှောင်ထားနိုင်ပြီး သုံးလိုက်၊ မိုးရွာလျှင် ပြန်ပြည့်လိုက်ဖြစ်နေသောကြောင့် လူဦးရေ ၁၀ဝ၀ ခန့်ကို တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ရေများပေးနိုင်သည်။

သဲကြောထဲရှိရေများသည်  တိရစ္ဆာန်အညစ်အကြေး စသည်တို့ကြောင့် ညစ်ညမ်းမှုနည်းပါးသည့်အပြင် မြေပေါ်ရေကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှုမရှိသဖြင့် လှောင်ထားသောရေအား ကြာကြာသုံးရသော အကျိုးကိုရရှိသည်။ ခြင် စသည့်ပိုးမွှားများ ပေါက်ပွားခြင်းမပြုနိုင်။  အခြားတမံကြီးများကဲ့သို့ ဂေဟစနစ်ကို ထိခိုက်နိုင်ခြင်းမရှိ။

တမံကို   ချောင်း၏ကြမ်းပြင်ပေါ်အထိ မဆောက်ဘဲ မြေအောက်တွင်သာ မြှုပ်ထားခြင်းဖြင့် မြေအောက်တမံတည်ဆောက်ကာ မြေအောက်သဲလွှာများတွင်း၌ ရေသိုလှောင်ထားနိုင်သည်။

ယင်းနည်းဖြင့်   ဆောက်ထားသော သဲတမံများသည်  မိုးရေရယူသိုလှောင်အသုံးချစနစ် အမျိုးမျိုးတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည်။ ရေအမြဲမစီးသည့် တောင်ကျချောင်းများ၌ တောင်ပေါ်တွင် မိုးရွာသည်နှင့် သဲနုန်းများ၊ သစ်ပင်များ၊ အမှိုက်သရိုက်များ အရှိန်ဖြင့်ဆင်းလာကာ စီးရာလမ်းတစ်လျှောက်  အပျက်အစီးများစွာ ဖြစ်ပေါ်စေနိုင်ရာ သဲတမံများက ယင်းအန္တရာယ်ကို လျော့နည်းစေသည်။

ရေထုထည် ကုဗပေ ၃၅၀ဝဝဝ မှ ကုဗပေ ၃၅၀ဝဝဝ၀ဝ အထိ သိုလှောင်နိုင်သော သဲတမံများကို ခြောက်သွေ့ဒေသများ၌ တွေ့နိုင်သည်။ အာဖရိကတိုက် ကင်ညာနိုင်ငံရှိ သဲတမံအများစုသည် ၆ ပေအမြင့် ပေ ၁၂၀ ခန့်ရှည်သည်။  ဘိလပ်မြေအိတ်  ၅၀ဝ  အပါအဝင်  ပစ္စည်းနှင့်လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀ဝဝဝ ခန့်ကုန်ကျသည်။ ထိန်းသိမ်းစရိတ် အလွန်နည်းပါးသည်။   သဲတမံတစ်ခုသည်   ပျမ်းမျှနှစ်ပေါင်း ၅၀ ခန့်ခံသည်။ ကင်ညာနိုင်ငံရှိ ရေထုထည်ကုဗပေ ၇၀ဝဝဝ  ခန့်အထိ သိုလှောင်ထားနိုင်သော သဲတမံတစ်ခုက အနီးရှိရွာတစ်ရွာအပေါ်   အကျိုးပြုနိုင်မှုကို လေ့လာသည့်အခါ ပေါ်ထွက်လာသောရလဒ်မှာ   အောက်ပါအတိုင်းဖြစ်သည်။    ။

ကျော်ဦး

သရက်သီးအမှည့်၏ဆေးဖက်ဝင်ပုံ

သရက်သီးသည်  ချိုချဉ်အရသာရှိပြီး ခံတွင်းမြိန်စေသည်။   သွေးသည်းခြေကို ဖျက်စေတတ်ကာ  လေသလိပ်ကိုနိုင်ပြီးကျင်ကြီးအစုကိုဖျက်၍    ဝမ်းကိုရွှင်စေသည်။ ကိုလက်စထရောဓာတ်ကို လျှော့ချပေးပြီး  ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ကာ  အစာကြေစေသည်။  ဦးနှောက်သွေးကြောပြတ်ခြင်းအတွက်  ကောင်းမွန်စေပြီး  မျက်လုံးအတွက်  ဆေးတစ်မျိုးလည်းဖြစ်သည်။ သရက်သီးအမှည့်က သေးပြီးချိုသည့်အရသာနှင့်     ဖန်သည့် အရသာအနည်းငယ်ရှိသည်။    အအေးမိခြင်း၊ Allergic ကြောင့် နှာခေါင်းအတွင်း ပိုင်းရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသည့်အပြင်   ခန္ဓာကိုယ်အားအင်တိုးပွား စေရန်  သရက်သီးမှည့်ဖျော်ရည်ကို  ပျားရည်နှင့်ရောပြီး  သောက်ပေးနိုင်သည်။ ဦးရေပြားကိုလည်း ကျန်းမာစေသည်။

သရက်သီးက သွေးတွင်းအက်စစ်ဓာတ်ကို  လျော့နည်းစေသောကြောင့်  အဆစ်အမျက်ကိုက်ခဲခြင်း၊    ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို  ကာကွယ်ပေးသည်။  သရက်သီးတွင်  ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့်  နှလုံးခုန်မမှန်ခြင်းနှင့်   ကြွက်သားအားနည်းခြင်းတို့ကိုသက်သာစေသည်။ သရက်သီးတွင်ပါဝင်သည့် Glutamic Acid က အာရုံကြော များကို လှုံ့ဆော်ပေးပြီး  အာရုံစူးစိုက်မှုကိုအားကောင်းစေကာ   ဦးနှောက်၏စွမ်း ဆောင်ရည်များကို     ပိုပြီးကောင်းမွန်စေသည်။  ထို့ပြင်  ဖောလစ်အက်စစ် ၊ မဂ္ဂနီ ဆီယမ်၊ ကယ်လ်စီယမ်၊  ဖော့စဖရပ်စ်နှင့်    ပိုတက်ဆီယမ်တို့ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ    သရက်သီးကို စားပေးလျှင် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည်။

သောက်သုံးသင့်သောသရက်သီးဖျော်ရည်

သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသောနွေရာသီတွင်  သရက်သီးဖျော်ရည် သောက်ပြီး အပူဒဏ်ကိုကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသဖြင့် ဆီးကျောက် တည်မှုအန္တရာယ်ကို လျှော့ချပေးပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်းပြဿနာကိုမဖြစ် ပေါ်စေနိုင်ပါ။ သရက်သီးအမှည့်ကို ဖျော်သောက်ပေးမည်ဆိုပါက  ရာသီဥတု ပူပြင်းမှုကြောင့်  ခန္ဓာကိုယ်တွင်ဖြစ်လာနိုင်သည့် အပူလျှပ်ခြင်းကဲ့သို့ ဝေဒနာများမဖြစ်ပေါ်စေရန်   ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

အမျိုးသမီးများနှင့်သင့်လျော်သော သရက်သီး

   သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို   မှန်မှန် မှီဝဲစားသုံးခြင်းဖြင့် သွေးနီဥပမာဏ တိုးပွားလာစေနိုင်သည်။  အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာတို့ကို သက်သာစေသကဲ့သို့ သွေးဆုံးပြီးစ အချိန်အတွက်လည်း  သရက်သီးက အထူးသင့်လျော်သည်။ ထို့ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါရှိခြင်းကြောင့်  သားလျှော သားပျက်ခြင်းမှ ကာကွယ်ပေးနိုင်ရုံမျှမက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်း ညှိကာ   ခန္ဓာကိုယ်တွင်း  အောက်ဆီဂျင် ကောင်းစွာ လည်ပတ်စေနိုင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း    သရက်သီးနှင့် သရက်သီးဖျော်ရည်တို့ကို သောက်သုံးပေးသင့်သည်။

ကင်ဆာတချို့ကို ကာကွယ်ပေးနိုင်သော သရက်သီး

 သရက်သီးတွင်   ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်သောကြောင့် အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ နှင့်   ဆီးကျိတ်ကင်ဆာများမဖြစ်စေရန် ကာကွယ်ပေးသည့်အပြင် ဘီတာကယ်ရို တင်း၊ ပိုတက်ဆီယမ်နှင့်  ဆီလီနီယမ်တို့ ပါရှိသဖြင့် နှလုံးနှင့်နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေပြီး  သွေးဖြူဥကိုလှုံ့ဆော်ပေးကာ    မလိုလားအပ်သည့် ဗက်တီးရီးယားများကို  ပျက်စီးစေနိုင် သည်။

သွေးတွင်းကိုလက်စထရောကျစေနိုင်သော သရက်သီး

သရက်သီးတွင်   အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးတွင်းကိုလက် စထရောပမာဏ    ကျဆင်းအောင်လည်း လုပ်ဆောင်ပေးနိုင်သည်။ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုး    ပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာ ရေးပြဿနာများကို ဖြစ်ပွားစေနိုင်သောဖရီးရယ်ဒီကယ်များကို ထိန်းထားပေးနိုင်သည့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပေါကြွယ်ဝစွာပါရှိသည့်အတွက် သွားဖုံးသွေး ယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊မအီမသာပျို့အန်ခြင်း၊   ပင်လယ်လှိုင်းမူးခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း တရုတ် ဆေးကျမ်းများတွင်   ဖော်ပြထားသည်။ 

ဆီးကျောက်ကြေစေသော သရက်သီးအမှည့်

ဆီးကျောက်တည်သူများ၊    ဆီးလမ်းကြောင်း ပိုးဝင်သူများ ဓာတ်စာအနေဖြင့် သရက်သီးဖျော်ရည်    တစ်ဖန်ခွက်နှင့်လတ်ဆတ်သည့်  မုန်လာဥနီဖျော်ရည် ဖန်ခွက်တစ်ဝက်ကိုရော၍  နေ့စဉ် သောက်ပေးခြင်းဖြင့်   ဆီးကျောက်ကို ကြေစေကာ  ဆီးလမ်းကြောင်းပိုးဝင်ပြီး     ခံစားရသည့် လက္ခဏာများကိုလည်း   သက်သာစေမည်ဖြစ်သည်။

အသားအရေကိုလှပစေနိုင်သောသရက်သီး

သရက်သီးမှည့်တွင်      ဗီတာမင်-A၊ ဗီတာမင်-C နှင့် ဗီတာမင်-E များပါဝင် မှုကြောင့်    အသားအရေကိုချောမွေ့လှပ စေပြီး အရေပြားတွင်   ကြာဆူးကဲ့သို့အဖုများထွက်ခြင်း၊ အသားအရေခြောက် သွေ့ခြင်း၊ အရေပြားတွန့်ခြင်းနှင့်ပါးရေတွန့်ခြင်းတို့ကို သက်သာစေသည်။ တင်း တိပ်၊  မှဲ့ခြောက်နှင့် ဝက်ခြံထွက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး အသားအရေကိုစိုပြည်ချောမောလှပကာ  အရွယ် တင်နုပျိုစေသည်။  သရက်သီးက အသား အရေကိုချောမွေ့စေပြီး ဝက်ခြံများကိုသက်သာစေနိုင်သောကြောင့်    အသားအရေ လှပချင်သူများအနေဖြင့် သရက်သီးကို  စားသုံးပေးသင့်သည်။

သရက်သီးကို စားပေးရုံမျှမက မျက်နှာ ပြင်ပေါ်ရှိချွေးပေါက်များကိုလည်း ပွင့်စေသဖြင့်   မျက်နှာပေါင်းတင်ရန်အတွက် လည်းအသုံးပြုနိုင်သည်။ သရက်သီးကိုခပ် ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ  ၁၅ မိနစ်ခန့်အကြာတွင် ရေနွေးဖြင့်   သန့်စင်ဆေးကြောပေးပါက  ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်း မှကာကွယ်နိုင်သည်။

အမြင်အာရုံကောင်းမွန်စေသောသရက်သီး

ကွန်ပျူတာနှင့်ဖုန်း      နေ့စဉ်အသုံး ပြုသူများအနေဖြင့်  တစ်နေ့တာလိုအပ် သော ဗီတာမင်-A ၏ ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည့်အပြင် Flavonoids ၊ Beta-carotene၊ Alpha-caroteneနှင့် Beta-cryptoxanthin တို့ပါရှိသော သရက်သီး မှည့်ကိုစားခြင်းဖြင့် အမြင်အာရုံကောင်း မွန်စေပြီး မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်း၊ ကြက်မျက်သင့်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းနှင့်မျက်ကြည်လွှာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သည်။ သရက် သီးမှည့်ပုံမှန်စားပေးခြင်းဖြင့်   မျက်စိကို ခရမ်းလွန်ရောင်ခြည်(UV) ဝင်ရောက်သည့်ဒဏ်ကို ကာကွယ်ပေးသောကြောင့် အမြင်အာရုံထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးသည်။

ဆံသားများကိုကောင်းမွန်စေသောသရက်သီး

သရက်သီးတွင်ပါဝင်သည့်   ဗီတာမင်ဓာတ်များက  ဆံပင်အရည်အိတ်ငယ်လေးများကို  အားကောင်းစေသောကြောင့် ဆံပင်အသစ်များကိုလည်း   ထွက်စေပြီးဆံပင်သန်ကာ အရောင်တောက်စေသောကြောင့် ဆံပင်ကျွတ်ပြီး ဆံသားခြောက်သွေ့နေသူများအနေဖြင့် သရက်သီးကိုစားပေးခြင်းဖြင့် ဆံပင်များ ပြန်လည်ကောင်းမွန် လာစေနိုင်သည်။

အစာကြေစေသောသရက်သီး

သရက်သီးတွင်   အမျှင်ဓာတ်နှင့်အစာ ခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့်   Amylase  ကြွယ်ဝစွာပါဝင်သောကြောင့် စားသောက်လိုက်သည့်ကာဗိုဟိုက်ဒရိတ်များကို Am-ylase အင်ဇိုင်းများက ကောင်းစွာချေဖျက် ပေးနိုင်သဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေသည်။ သရက်သီးမှည့်တွင် ချေဖျက်လွယ်သော  အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းပျော့စေပြီး ဝမ်းချုပ်တတ်သူ များ သရက်သီးမှည့် တစ်နေ့တစ်လုံးပုံမှန် စားသုံးခြင်းဖြင့်    ဝမ်းမှန်စေသည့်အပြင် အစာအိမ်နှင့်အူများကို  သန့်စင်စေရုံသာမက အသည်းကိုပါ  ကောင်းကျိုးများစေသည်။ သရက်သီးမှည့်တွင် အစာခြေစနစ် အတွက် အဓိကဖြစ်သောအမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝသဖြင့် သရက်သီးစားသုံး ခြင်းဖြင့်   ဝမ်းချုပ်ခြင်းကို  ကင်းဝေးစေ သည်။

သရက်သီးမစားသင့်သောသူများ

အရမ်းငယ်သော ကလေးများမှလွဲ၍ သရက်သီးကို   လူတိုင်းစားပေးနိုင်သော်လည်း  အလွန်အကျွံမဖြစ်ရန်လိုသည်။

သရက်သီးသည် အမျိုးသမီးများနှင့်သင့်လျော်ကောင်းမွန်သော်လည်း မွေးဖွားခါနီး မိခင်လောင်းများ  အလွန်အကျွံမစားသုံးသင့်ပေ။ သရက်သီးများများစားပြီးနောက် ရေနိုင်နိုင်ချိုးပေးခြင်းဖြင့် အပူကန်မိတ်ဖု ထွက်ခြင်းနှင့် မျက်စိအခိုးဝေခြင်းတို့မှ သက်သာစေသည်။   သရက်သီးအမျိုးအစားအစုံကို  ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်သောကြောင့် ကျန်းမာရေးအတွက်   အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သောသရက်သီးများကို သင့် တင့်မျှတစွာဖြင့်   အရသာရှိရှိ စားသုံးနိုင်ရန်  ရာသီစာသရက်သီး၏ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။

 

ဒေါက်တာလပြည့်ခင်

ဇူလိုင်လ ၂၇ ရက်တွင်  ၂၀၂၅ ခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခဲ့သည်။  ကျောင်းသားမိဘများသည် အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို   လက်ချိုးရေတွက်ခဲ့ရသည်။ 

ဇူလိုင်လ ၂၆ ရက် ညပိုင်းကတည်းက ကျောင်းသားမိဘများနှင့် ကလေးများကောင်းကောင်းမအိပ်နိုင်ဘဲ အောင်စာရင်းအတွက် ရင်ခုန်နေကြသည်။ ထို့နောက် ဇူလိုင်လ ၂၇ ရက် နံနက်စောစောတွင် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့ရသည်။ စာမေးပွဲအောင်မြင်သူများသည် ပျော်လို့မဆုံးဖြစ်နေကြသည်။ ဂုဏ်ထူးများစွာနှင့်အောင်မြင်သောကလေးများသည် အတိုင်းထက်အလွန်ပင်ဖြစ်သည်။

အထူးသဖြင့်  မိဘများသည်  ပို၍ပင်ပျော်ရွှင်နေကြသည်။  သူတို့၏အပျော်များသည် ပတ်ဝန်းကျင်ရှိ မိတ်ဆွေများနှင့်သူငယ်ချင်းများကို ဝမ်းသာပီတိဖြစ်စေသည်။  စာမေးပွဲကျရှုံးသည့် ကလေးများသည် ဝမ်းနည်းပက်လက်ငိုကြွေးနေကြသည်။   တချို့သော မိဘများသည် မစားနိုင်မသောက်နိုင်ပင်ဖြစ်နေကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။

အောင်ချက်ရာခိုင်နှုန်း

၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကျောင်းသား၊ ကျောင်းသူ ၂၀၇၈၉၈ ဦးဖြေဆိုခဲ့ရာ ၉၉၉၂၄ ဦးအောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း  ၄၈ ဒသမ ၀၆  ရာခိုင်နှုန်းရှိခဲ့သည်။ ဆိုရလျှင် စာမေးပွဲဖြေဆိုသူ နှစ်ဦးလျှင်  တစ်ဦးနီးပါးခန့်  အောင်မြင်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် စာစစ်ဌာနသည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်မားဆုံးဖြစ်သည်။  ခြွင်းချက်အနေဖြင့်  နိုင်ငံခြားစာစစ်ဌာနသည် အောင်ချက် ၉၅ ရာခိုင်နှုန်းရှိသည်။

မုဒိတာပွားမိ

စာမေးပွဲအောင်စာရင်းသည်  ကျောင်းသားတစ်ဦး၊  တစ်ယောက်ချင်းစီ၏   တစ်နှစ်တာကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့မှုများကို မှတ်ကျောက်တင်ပေးခြင်းဖြစ်သည်။   အောင်စာရင်းတွင်   ဂုဏ်ထူး ရရှိသည့်ဘာသာရပ်များကို  ဖော်ပြထားလေ့ရှိသည်။  ထို့ကြောင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်ကလေးများသည်  ပို၍ပျော်ရွှင်ကြမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးတွင် အဆင့် ၁ဝ အတွင်းဝင်သည့် ကျောင်းသား၊ ကျောင်းသူများသည် သူတို့၏ကြိုးပမ်းမှုရလဒ်အတွက် ကျေနပ်နေလိမ့်မည်ဖြစ်သည်။  မိဘများသည် သားသမီးများအတွက် ဂုဏ်ယူဝင့်ကြွားပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေကြမည်။ မိဘချင်း ကိုယ်ချင်းစာမိသည်။ ထိုအောင်မြင်မှုများကိုလည်း လှိုက်လှိုက်လှဲလှဲမုဒိတာပွားမိသည်။  မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် များစွာဂုဏ်ယူမိသည်။

ကိုယ်တွေ့ကြုံခဲ့ရ

တက္ကသိုလ်ဝင်စာမေးပွဲသည်    လက်ရေးလက်သား အပါအဝင်  အမှတ်ပေးစည်းမျဉ်းနှင့်အညီ သပ်သပ်ရပ်ရပ် စနစ်တကျဖြေဆိုနိုင်မှသာလျှင် မျှော်မှန်းသလောက် ရလဒ်ထွက်ရှိမည်ဖြစ်သည်။ တချို့သောကလေးများသည် အားလုံးဖြေဆိုခဲ့သော်လည်း  အဖြေလွှာကို ပြန်လည်စစ်ဆေးခြင်းမရှိသဖြင့် မျှော်မှန်းမထားသော စာလုံးပေါင်းသတ်ပုံအမှားအယွင်းများပါသွားနိုင်ပေသည်။

စာရေးသူတို့လည်း   ၂၀၂၀  ပြည့်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မထုတ်ပြန်ခင်က အောင်စာရင်းကို ရင်တမမဖြင့် မျှော်လင့်ခဲ့ရသည်။ ထိုစဉ်က သမီးကြီးသည် ဂုဏ်ထူးငါးဘာသာခန့်မျှော်မှန်းထားသော်လည်း  အောင်စာရင်း ထွက်သည့်အချိန်တွင် သုံးဘာသာပါရှိခဲ့သဖြင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် အမှတ်စာရင်းထွက်သည့်အချိန်တွင်   အမှတ်ကောင်းသဖြင့်   စိတ်ဖြေဆည်ရာရရှိခဲ့သည်။ သမီးကြီးသည် စာမေးပွဲဖြေဆိုရာတွင် စိတ်လောလေ့ရှိသဖြင့်   စိတ်အေးအေးထား၍ဖြေဆိုဖို့ရန်   အမြဲတမ်းသတိပေးခဲ့ရသည်။

စာမေးပွဲအောင်စာရင်းတွင် ပါမလာသော်လည်း စာမေးပွဲဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေးနှင့် အခြားလူမှုရေး အခက်အခဲတစ်ခုခုကြောင့်   ခြေချော်လက်ချော်ဖြစ်သွားနိုင်သည်။

ထိုကလေးများအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးလာသည်ဟု သဘောထားရမည်ဖြစ်သည်။ အရာရာတိုင်းကို ပုံသေကားကျတွက်၍ စိတ်ဓာတ်ကျဆင်းနေရန် မလိုပေ။ အနာဂတ်တွင်ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ တွေ့ရှိလာနိုင်သည်။   ဘဝကို အပြုသဘောဆောင်စွာ ရှုမြင်ထားသင့်သည်။  စာမေးပွဲတစ်ခါကျရှုံးခြင်းသည်  ဘဝတစ်ခုလုံးအတွက်  ဆုံးရှုံးမှုကြီးမဟုတ်ပေ။ လာမည့်ပညာသင်နှစ်တွင်  နှစ်စကတည်းက ဖိဖိစီးစီးသာ ကြိုးစားသွားမည်ဆိုလျှင် ဂုဏ်ထူးများစွာဖြင့်ပင် အောင်မြင်နိုင်မည့်အခွင့်အလမ်းရှိနေပါသေးသည်။ အောင်စာရင်းတွင် ပါရှိမလာသော်လည်း စိတ်ဓာတ်ကျနေစရာမလိုပေ။ ကျရှုံးသော်လည်း ထပ်မံကြိုးစားပါက အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာရှိနေပြီး မုချအောင်မြင်နိုင်မည်ဖြစ်သည်။

ဆန္ဒသာရှိမည်ဆိုလျှင်

လက်ရှိစာမေးပွဲကျရှုံးမှုကို ဘဝအတွက် သင်ခန်းစာအဖြစ်  သဘောထား သွားရမည်ဖြစ်သည်။   အောင်စာရင်းတွင် ပါလာခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးအနေဖြင့် ပထမဆုံးဆောင်ရွက် ရမည့်အလုပ်သည် လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများကို ပြန်လည်သုံးသပ်သွားရန်လိုအပ်သည်။ ပထမဆုံးအချက်မှာ မိမိဖြေဆိုခဲ့သော အမှတ်စာရင်းတောင်းကြည့်ရမည်ဖြစ်သည်။ အမှတ်စာရင်းတွင် အားနည်းချက်ရှိသော ဘာသာရပ်များကို ယခုနှစ်တွင်  ပိုမိုလေ့ကျင့် ကျက်မှတ်သွားရန် လိုအပ်သည်။   အားသာချက်ရှိပြီးသော  ဘာသာရပ်များကို ဆက်လက်လေ့ကျင့် ကျက်မှတ်လိုက်မည်ဆိုလျှင်  သေချာပေါက် ဂုဏ်ထူးထွက်မည်ဖြစ်သည်။  မည်သည့်အရာတွင်မဆို  အောင်မြင်လိုသည့်ဆန္ဒသာ အမှန်တကယ်ရှိနေမည်ဆိုလျှင် တစ်နေ့တွင်   ထိုက်တန်သောအောင်မြင်မှုကို   ဧကန်မုချရရှိသွားမည်ဖြစ်သည်။

နေထိုင်မှုပုံစံပြောင်းရန်လို

လက်ရှိအချိန်တွင် စမတ်ဖုန်းများသည်  လူငယ်များ၏ နေ့စဉ်ဘဝကို လွှမ်းမိုးလာနေပြီဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတက်မည့် ကလေးများအနေဖြင့် ဖုန်းသုံးစွဲချိန်ကို လျှော့သွားရန်လိုအပ်သည်။ လူမှုကွန်ရက်သည် သုံးတတ်လျှင် အကျိုးရှိနိုင်သော်လည်း မသုံးတတ်လျှင် အချိန်နှင့်  ငွေကြေးကုန်ကျပြီး   ပညာသင်ကြားရေးကိုပါ ထိခိုက်နိုင်သည်။

တချို့သောယောကျ်ားလေးများသည်  ဖုန်းဖြင့်ဂိမ်းဆော့နေတတ်ပြီး မိန်းကလေးများသည် လူမှုကွန်ရက်ပေါ်မှနေထိုင်မှု ပုံစံများအပေါ်တွင် သာယာနေတတ်ကြသည်။  ထို့ကြောင့်  မိဘအုပ်ထိန်းသူများသည် သားသမီးများ၏ တယ်လီဖုန်းသုံးစွဲချိန်ကို စောင့်ကြည့်ကန့်သတ်ထားသင့်သည်။ သားသမီးများကို အလိုလိုက်ခြင်းသည်  ချစ်ရာမကျဘဲ နှစ်သလိုဖြစ်နေတတ်ပေသည်။ ပကာသနဆန်သော ပြိုင်ဆိုင်မှုများသည် ကလေးများကို လမ်းမှားသို့တွန်းပို့စေနိုင်သဖြင့် မိဘအုပ်ထိန်းသူများအနေဖြင့် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။

လက်တစ်ကမ်းတွင်ရှိနေ

တချို့သောသူများသည်  တစ်ခါကျရှုံးရုံမျှဖြင့် စိတ်ဓာတ်ကျဆင်းသွားတတ်ကြသည်။ စိတ်ထင်ရာလျှောက်လုပ်တတ်ကြသည်။ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သည်။ အဆိုးရွားဆုံးအချက်သည်   လွဲမှားသောနည်းလမ်းဖြင့်  ထွက်ပေါက်ရှာခြင်းဖြစ်သည်။

အောင်မြင်သူများကိုကြည့်မည်ဆိုလျှင် အချို့သူများသည် တစ်ချိန်ကကျရှုံးခဲ့ဖူးသည်။ သို့သော် အောင်မြင်လိုသည့် ခိုင်မာသောဆန္ဒရှိနေသဖြင့် အကြိမ်ကြိမ်ကြိုးစား၊ အကြိမ်ကြိမ်ရုန်းကန်ထခဲ့ကြရသည်။

မိမိလည်း   ကြိုးပမ်းသွားမည်ဆိုလျှင်  မအောင်မြင်စရာ အကြောင်းမရှိချေ။ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့သာလိုသည်။ အောင်မြင်မှုသည် မိမိ၏လက်တစ်ကမ်းတွင်ရှိနေသည်။

ထူးချွန်စွာအောင်မြင်နိုင်

စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ   ကျရှုံးခဲ့သူများသည် စိတ်ဓာတ်ကျဆင်း နေစရာမလိုပေ။ တမှိုင်မှိုင်တတွေတွေဖြင့် နောင်တရနေရန်လည်း မလိုပေ။   အဓိကလုပ်ဆောင်သွားရမည့် အချက်သည် လာမည့် ပညာသင်နှစ်အတွက်  စိတ်သစ်ခွန်အားသစ်များနှင့် ကြိုးစားသွားရန်သာ လိုအပ်သည်။ ပညာသင်နှစ်အစမှစ၍ တစ်နေ့စာတစ်နေ့ပြတ်အောင်သာ    ကြိုးစားလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင် အတန်းတင်စာမေးပွဲကြီးကို အလွယ်တကူဖြေဆို အောင်မြင်နိုင်မည်ဖြစ်သည်။   စနစ်တကျသာ   လေ့လာသင်ယူလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင်  ဂုဏ်ထူးများစွာဖြင့်ပင် ထူးချွန်စွာအောင်မြင်နိုင်သည်။

ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု အသီးအပွင့်များမည်သည့်အရာမဆို အချိန်ကကုစားသွားမည်ဖြစ်သည်။ မိဘများအနေနှင့်ကလည်း   ကလေးများကို စိတ်ဒဏ်ရာရရှိအောင် လွန်လွန်ကဲကဲဖိအားမပေးသင့်ပေ။   အဆိုးထဲမှ အကောင်းပင်ဖြစ်သည်။

ကောင်းမွန်သောအခြေအနေတစ်ရပ်ကို ဖန်တီးလာခြင်းဖြစ်သည်ဟု သဘောထားသွားရန်သာ လိုအပ်သည်။ ဆိုလိုသည်မှာ  လက်ရှိအခြေအနေထက်   ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်ရေးအတွက်  အခွင့်အလမ်းရှိသည်ဟု သဘောထားရန်သာ လိုအပ်သည်။  တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည်  လာမည့်စာမေးပွဲတွင် အောင်မြင်အောင် ကြိုးစားသွားမည်ဆိုသည့်   ခိုင်မာသော သန္နိဋ္ဌာန်စိတ်ဖြင့်သာ ကြိုးပမ်းသွားမည်ဆိုလျှင်  အောင်မြင်မှု အသီးအပွင့်များကို    ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မည်မှာ  သေချာပါသည်။    ။

MWD Web Portal
 

ဝင်းဇင်(သုတေသန)

ငကျွဲနှင့် ဧည့်မထ၊ မှည့်သမျှ ရွှေငွေ။

ဟဲ့အလှ မယ်မေရယ်၊ လယ်မြေနှံ့ဖြန့်ကြဲ။      

စိုက်ကြစို့ ဘာမဖြုံတယ်၊ ရတနာပုံဆိုက်ဖို့မလွဲ။

ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရသည့်    အမျိုးသားစာဆိုကဗျာ ဆရာကြီး ဇော်ဂျီ၏တို့လယ်သမား ဗုံထောက်သံကဗျာမှ  ဖြစ်သည်။ ထိုဗုံထောက်သံကို    စာသင်သားဘဝကတည်းက ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ခဲ့၊ ဆိုခဲ့၊ ဖတ်ခဲ့ကြသည်။ ကြားနာခဲ့ကြသည်။    နှစ်ကာလကြာညောင်း၍ ယနေ့တိုင်သည်အထိလည်း ကဗျာ၏အဓိပ္ပာယ်မှာ တိုး၍သာပြည့်ဝ လေးနက်နေဆဲဖြစ်ပါ၏။ ဘာမဖြုံအောင် စိုက်ကြပါလျှင်   ရတနာပုံဆိုက်ဖို့ မလွဲဆိုသည်မှာ ကျွန်တော်တို့နိုင်ငံ၏ ရေ၊ မြေအနေအထားနှင့်ဆိုရပါသော် ခေတ်အဆက်ဆက်မှန်ကန်နေမည့်  အရှိတရားတစ်ခုပင်။

တစ်ဆက်တည်းမှာပင်   မူလတန်းအဆင့်တွင် သင်ကြားခဲ့ရသည့် “မြေကြီးက ရွှေသီးရမည်”ဟူသော  ဆိုရိုးစကားကိုလည်း   သတိရမိပြန်သည်။   ဆိုလိုရင်းအနက်မှာ   ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတပစ္စည်းများကြွယ်ဝပြီး    စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နောင်လာနောက်သားများ သိရှိခံယူနိုင်ရန် ကျောင်းသင်ရိုးတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်တန်ရာသည်ဟု  အောက်မေ့မိသည်။

နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များစီမံဆောင်ရွက်ရာတွင် သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းထက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် အဓိကဦးတည်သော နည်းလမ်းကို  ပိုမိုရွေးချယ်သင့်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ  ဖြစ်စဉ်ဖြစ်ရပ်များက  သက်သေခံနေကြသည်။

အကြောင်းမှာ သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းအပေါ် အလွန်အကျွံမှီခိုခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေရုံမျှမက တစ်ချိန်ချိန်တွင်  နိုင်ငံသားတို့၏ အနာဂတ်ကိုပါ   ကြီးကြီးမားမား ခြိမ်းခြောက် လာနိုင်သောကြောင့်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် ရေခံမြေခံကစကားပြောသည်။ အရေးလည်းကြီးသည်။ လက်မှုဖြစ်စေ၊ စက်မှုဖြစ်စေ  အဓိကအားဖြင့် စိုက်ပျိုးမြေအကျယ်အဝန်းနှင့် ရေအရင်းအမြစ်ပေါများ ကြွယ်ဝနေရန်လိုအပ်သည်။

ကျွန်တော်တို့နိုင်ငံ၏ ပထဝီဝင်အနေအထားမှာ   အားရဖွယ်ကောင်းသည်။

မြေပြန့်ဒေသများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ၊  တောင်တန်းများ  စသည်ဖြင့် မြေမျက်နှာသွင်ပြင်အမျိုးမျိုးရှိသည်။ ရာသီဥတုတွင်လည်း  အပူပိုင်းဒေသ၊ သမပိုင်းဒေသနှင့် အအေးပိုင်းဒေသဆိုပြီး  သုံးမျိုးကွဲသည်။ ပင်လယ်ရေမျက်နှာပြင်  အနိမ့်အမြင့်မှာလည်း   မတူညီသည့်အတွက်   ကမ္ဘာနှင့်အဝှမ်း   သဘာဝအလျောက်  ပေါက်ရောက်ရှင်သန်နေသော    သစ်တောသစ်ပင်အများစုကို ကျွန်တော်တို့နိုင်ငံ အနှံ့အပြားတွင် စုံလင်စွာ တွေ့ရနိုင်သည်။

သက်ရှိလောကတွင် သတ္တဝါများနှင့် အပင်များအတွက် ရေကမရှိမဖြစ် လိုအပ်သော အခြေခံအကြောင်းတရားဖြစ်သည်။

အသက်သွေးကြောတမျှ အရေးပါသည်။ ဧရာဝတီမြစ်သည်  ကျွန်တော်တို့နိုင်ငံအတွက်    သဘာဝကပေးထားသော ဆုလာဘ်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားကို ဖြတ်သန်း၍    မြောက်မှတောင်သို့ စီးဆင်းနေသည်။ ၎င်းဧရာဝတီမြစ်ရေကိုအသုံးပြုပြီး     မြန်မာနိုင်ငံ အလယ်ပိုင်း    မြေပြန့်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီသည်အထိ   အောင်မြင်ဖြစ်ထွန်းအောင်  ဆောင်ရွက်နိုင်သော အခွင့်အလမ်းများ   များစွာရှိနေသည်။ ကျွန်တော်တို့နိုင်ငံ အရှေ့ဘက်ပိုင်းတွင် သံလွင်မြစ်နှင့်စစ်တောင်းမြစ်၊ အနောက်ဘက်ပိုင်းဆိုလျှင် ချင်းတွင်းမြစ်၊  မဏိပူရမြစ်နှင့်ကုလားတန်မြစ်တို့က အသီးသီး စီးဆင်းနေကြသည်။ အခြားသောမြစ်ငယ်များနှင့် ချောင်းကြီးချောင်းငယ် အသွယ်သွယ်တို့ကလည်း ပြည်လုံးအနှံ့ ဝန်းပတ်ရစ်ခွေ စီးဆင်းလျက်ရှိနေကြပြန်သေး၏။မြေအကျယ်အဝန်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ   ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် စတုရန်းမိုင်၊ တစ်နည်းအားဖြင့် ဧက ၁၆၈ သန်းရှိသည်ဟု ဆိုနိုင်သည်။  ရေဝေရေလဲထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ဧက ၆၈ သန်းကို ချန်လှပ်ထားဦးမည်ဆိုလျှင်ပင် အသုံးပြုနိုင်သည့် မြေအကျယ်အဝန်းမှာ   ဧကသန်း ၁၀၀ ကျန်ရှိနေဦးမည်ဖြစ်သည်။

သည်မျှ ကျယ်ပြန့်သော စိုက်ပျိုးမြေဧက၊   မတူကွဲပြားသော   မြေမျက်နှာသွင်ပြင်၊  ရာသီဥတုအမျိုးမျိုးနှင့် မြစ်ချောင်းအင်းအိုင်များ ပေါများစွာတည်ရှိနေခြင်းမှာ နိုင်ငံတော်ရွှေသီးဖို့ အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန် သဘာဝတရားက ဖန်တီးပေးထားလေသလားဟု ရည်ညွှန်းပြဆိုရတော့မည်ဖြစ်သည်။ ရေခံလည်းကောင်း၊ မြေခံလည်းကောင်းသဖြင့် စိုက်ပျိုး‌သီးနှံများနှင့်  မွေးမြူရေးတိရစ္ဆာန်များကို နေရာဒေသအသီးသီးတွင် မိမိတို့စိတ်ကြိုက် ရွေးချယ်စိုက်ပျိုးမွေးမြူနိုင်သည့် အခွင့်အလမ်းရှိသော နိုင်ငံတစ်နိုင်ငံဟုသာ ဂုဏ်ယူစွာဆိုလိုက်ချင်သည်။

ပင်စင်စားဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်တော်သည် မနက်မိုးလင်းသည်နှင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင်စောင်ကို ဖတ်လိုက်ရမှ ချဉ်ခြင်း အာလယပြေပျောက်လေ့ရှိသည်။ ငယ်စဉ်ကတည်းက စွဲခဲ့သောအစွဲဖြစ်သည်။   သတင်းများရရှိမှုနှင့်ပတ်သက်၍   ကျွန်တော်တို့ငယ်ငယ်တုန်းကနှင့်စာလျှင် ယနေ့ခေတ်က ပို၍သတိကြီးကြီးထားဖွယ်ဖြစ်သည်။ ပိုင်းဖြတ်ဝေဖန်နိုင်သော   ဆင်ခြင်တုံတရားအားနည်းလျှင်   အားနည်းသည့်အလျောက် သတင်းတု၊ သတင်းလိမ်များက မိမိတို့၏နေ့စဉ်လူမှုဘဝကို ဖုံးလွှမ်းဝါးမျို သွားနိုင်သောကြောင့်ဖြစ်သည်။

ဩဂုတ်လ ၁ ရက်နေ့ထုတ် သတင်းစာနောက်ကျောဖုံးများတွင် ထင်ထင်ရှားရှားဖော်ပြထားသည့်  “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့”၊  “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့  သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသောအကြောင်းအရာသုံးခုကို သတိပြုလိုက်မိသည်။   ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ရေမြေသဘာဝနှင့် အင်မတန်ဆီလျော်ကိုက်ညီသော အချက်များပင်ဖြစ်သည်။

နိုင်ငံတော်တွင်    ရွှေသီးသကဲ့သို့ တစ်ပြည်လုံးချမ်းသာ၍ လူမှုစီးပွားဘဝများ မြင့်မားစေဖို့ဆိုလျှင် ကနဦးအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့်  အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေး   လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်သာဖြစ်သည်။ခေတ်နှင့်အညီတိုးတက်လာသော နည်းပညာရပ်များနှင့်အတူ ကျွန်တော်တို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ရောက်သည်အထိ တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပူးပေါင်းဆောင်ရွက်ကြရမည်လည်းဖြစ်သည်။

နောက်တစ်ဆင့်တက်သော် ထိုစိုက်ပျိုးမွေးမြူရေးမှ ရရှိလာသော အခြေခံကုန်ကြမ်းများကိုပင် အခြေပြု၍ မိမိတို့ပြည်တွင်းမှာပင် ကုန်ထုတ်စွမ်းအားမြင့်မား တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာအောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်နေပြည်သူများဖြစ်သည်။  နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍတို့တွင် တစ်နည်းနည်းဖြင့်   လုပ်ကိုင်နေကြသူများဖြစ်သည်။

ဒေသအလိုက်၊ လူဦးရေအလိုက် နေ့စဉ်လိုအပ်သော စားရေရိက္ခာများဖြည့်ဆည်း ပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားမည်ဆိုလျှင်ပင်  ကျွဲကူးရေပါဆိုသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းစဉ်များတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် အင်္ဂါရပ်လေးမျိုး ပြည့်စုံကောင်းမွန်စေရန် နိုင်ငံတော်အစိုးရမှသည် သက်ဆိုင်ရာဌာန အသီးသီးနှင့်တောင်သူလယ်သမားများအထိ အသိတူ၊ အလုပ်တူ၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေကြသည်များကို တွေ့မြင်ကြားသိနေရသည်မှာ အားရစရာကောင်းလှသည်။

နိုင်ငံနှင့်အဝှမ်း နေရာဒေသတိုင်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊  ငါးစသည်တို့ကို   အောင်မြင်စွာမွေးမြူနိုင်သည့် အခြေအနေမျိုးရှိနေခြင်းမှာ ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးအပ်ထားသည့် အားသာချက်တစ်ရပ်ဟုဆိုရပါမည်။

ပြည်သူများနေ့စဉ်စားသုံးနေသည့် စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများကလည်း စိုက်ပျိုးရေးလုပ်ငန်းများနည်းတူ အရေးကြီးသော  မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်  လုပ်ဆောင်ခြင်းဖြင့် စားသုံးသူများအတွက်   ဖူလုံပေါများ၍ ဈေးနှုန်းသင့်တင့် အကျိုးဖြစ်ထွန်းစေသလို မွေးမြူသူများအနေဖြင့်လည်း လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို  တိုးပွားလာစေမည်ဖြစ်သည်။

ထို့ထက်ပို၍ဆိုရပါလျှင် ထိုထိုသော စိုက်ပျိုးမွေးမြူရေး   ထွက်ကုန်များကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ကြီးမားသော အကျိုးဖြစ်ထွန်းစေမှုနှင့်   အမျိုးသားအကျိုးစီးပွားကို မြင့်မားစေမည်လည်းဖြစ်သည်။

ကျွန်တော်တို့နိုင်ငံအနေဖြင့် အလုပ်လုပ်နိုင်သော  ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများရှိပြီး ဖြစ်သော်လည်း အမှန်တကယ်အကျိုးရှိအောင်   အလုပ်လုပ်နိုင်ရန်လိုအပ်နေသေးသည်ဟု ဆိုရ မည်ဖြစ်သည်။ သည့်အတွက် နိုင်ငံတော်အနေဖြင့်  အလုပ်လုပ်နိုင်ရန်အတွက် အခြေအနေကောင်းများ၊ အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက် ရှိသည်ကိုလည်း တွေ့ရသည်။ အဓိကဦးစားပေးအနေဖြင့် လိုအပ်သောအရင်းအနှီးများနှင့် နည်းပညာများ လိုလေးသေးမရှိ   ဖြည့်ဆည်းပေးနေသည်ကို ထောက်ချင့်၍ သိနိုင်သည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည်   မိမိတို့အမျိုးသားအကျိုးစီးပွားကိုသာ   အလေးထား ဦးစားပေးလာကြသည်ကို    ွေ့ရမည်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည်  မိမိတို့နိုင်ငံ၏ GDP တိုးတက်လာရေးအတွက်   ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ သည့်အတွက် ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း  နိုင်ငံ့  GDP တိုးတက်စေရေးအတွက် ရည်မှန်းချက်များခိုင်ခိုင် မာမာချမှတ်ပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင်  စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်    ဇွန်လပိုင်းအတွင်းက နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်နိုင်ငံသို့   သွားရောက်ခဲ့သည့်  ခရီးစဉ်သတင်းများကို   ဖတ်လိုက်ရသည်။

ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း သိရှိရသည်။ စိုက်ပျိုးမွေးမြူရေး ပို့ကုန်များမှ ရရှိမှုကပင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိသည်ဟုသိရသည်။ အားကျဖွယ်ကောင်းလှသည်။  ကျွန်တော်တို့နိုင်ငံ၏  စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှရရှိမှုမှာ   အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာရှိသေးသည်။   

ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက  ဧရိယာအကျယ်အဝန်း သေးငယ်ခြင်း၊ လူနေထိုင်မှုအရ နည်းပါးခြင်းရှိသော်လည်း GDP မှာ မြင့်မားနေသည်ကိုလည်း သတိပြုမိသည်။ အဓိကအကြောင်းရင်းမှာ ခေတ်မီသည့်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးရရှိလာသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မှု များပြားခြင်းကြောင့်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းတွင်လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး   ပြည်ပသို့ တွင်တွင်ကျယ်ကျယ် တင်ပို့နေသည်ကို တွေ့ရသည်။ တစ်ဖန် အဆင့်မီလယ်ထွန်စက်ပစ္စည်းများ  ထုတ်လုပ်တင်ပို့သည့်နိုင်ငံလည်းဖြစ်သည်။ မွေးမြူရေးဘက်ကြည့်မည်ဆိုလျှင်လည်း   နို့စားနွားကို ကျယ်ကျယ်ပြန့်ပြန့်နှင့်     စနစ်တကျမွေးမြူသည်။ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပြည်ပဈေးကွက်ကို အင်နှင့်အားနှင့်တင်ပို့သည်။ ဘယ်လာရုစ်နိုင်ငံသည် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို   အားသာချက်တစ်ရပ်အဖြစ် အကျိုးရှိစွာအသုံးပြု၍ ပြည်ပပို့ထုတ်ကုန်များကို တွင်ကျယ်စွာ ထုတ်လုပ်ကြခြင်းပင်ဖြစ်သည်။

သို့ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံသည်လည်း   “သူ့မြေမှာ   ဖြူ ပြာ ပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့် ရမပေါ့”ဆိုသော ခံယူချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အခြေခံရေခံမြေခံကောင်းများရှိပြီးဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံအတွင်းခေတ်မီနည်းစနစ်များဖြင့် အင်တိုက်အားတိုက်လုပ်ကိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုအထွက်နှုန်းလည်း    မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ရှေးအစဉ်အဆက်တွင် တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ခဲ့ကြသော သက်သေသာဓကများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။

နိုင်ငံ့စီးပွားကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန်များအပေါ်တွင်သာ မှီခိုအားထားနေရခြင်းမျိုး မဟုတ်ဘဲ  မိမိတို့ပြည်တွင်းမှာပင်  ကုန်ထုတ်လုပ်ငန်းများ    တိုးတက်လာစေရေးအတွက်လည်း ရေရှည်ကိုမြော်တွေး၍ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ 

သည့်အတွက် နည်းပညာနှင့်ငွေကြေးအရင်းအနှီးများ  ပြည့်စုံရန်လိုအပ်သည့်နည်းတူ လူသားအရင်းအမြစ်ကောင်းများ လုံလောက်စွာရှိနေရန်လည်း လိုအပ် သည်။

ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံတွင် တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိသည်။ တည်ထောင်ပြီး စက်မှုဇုန်များတွင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း  ၈၀၃၅ ခုရှိပြီး  လုပ်သားပေါင်း ငါးသိန်းငါးသောင်းကျော်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။ နိုင်ငံတော်၏ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်    စက်မှုဇုန်များဖွံ့ဖြိုး တိုးတက်လာပြီး     စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရန်ကိုလည်း ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းအားပေး မြှင့်တင်ကြရမည်ဖြစ်သည်။   သီးနှံကုန်ကြမ်းအစွမ်းထက်မှုစုံသမျှ နည်းဟန်ထုံမွမ်း၍ တစ်ခန်းစက်မှုဇုန်သို့ တိုးမြှင့်ကြိုးပမ်းကြရမည်လည်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ၏ဖြစ်စဉ်ကိုကြည့်လျှင်  နိုင်ငံအတွင်းမှာရှိသော အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများက အခြေခံကျသည့် တွန်းအားဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် စီးပွားရေးကို နိုင်ငံလုံးအနှံ့ တိုးတက်စေပြီး ပြည်သူများ၏လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်ကို တွေ့ရမည်ဖြစ်၏။

ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် MSMEလုပ်ငန်းများမှာ အစောပိုင်းကတည်းက ပေါ်ထွန်းခဲ့သော်လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ခန့်မှစပြီး   အရှိန်အဟုန်နှင့် အထူးတလည် အားပေးဆောင်ရွက်ခဲ့သည်ကို သတိပြုမိရသည်။ ယနေ့ဆိုလျှင် အတိုင်း

အတာတစ်ခုအထိ လုပ်ငန်းများလည်ပတ်ကာ အောင်မြင်မှုများရရှိနေပြီလည်းဖြစ်သည်။ သို့သော်  မြန်မာနိုင်ငံမှ  MSME လုပ်ငန်းအများစုမှာ စားသောက်ကုန်များဖြစ်နေသည်ကိုတွေ့ရပြီး    အခြားဈေးကွက်ဝင်ထုတ်ကုန်များ၊    စက်မှုထုတ်ကုန်များနှင့်  လယ်ယာလုပ်ငန်းသုံးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်  ဆက်လက်ကြိုးပမ်းကြရဦးမည်ဖြစ်သည်။

MSME လုပ်ငန်းများဆောင်ရွက်ရာတွင်ကုန်ကြမ်းရရှိရေးသည်  အရေးကြီးသော အချက်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေသအလိုက်ထွက်ရှိသော   ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်စေခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့်လျှပ်စစ်ဓာတ်အားများကို   နည်းလမ်းအသွယ်သွယ်ဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။  ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ    ပြည့်စုံရန်လည်း လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးနှင့်  မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  ပူးပေါင်းဖွင့်လှစ် ပေးခဲ့သည်မှာ  ၈၆ ကျောင်းရှိခဲ့ပြီဖြစ်သည်။

စင်စစ်အားဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး ပုံစံအမျိုးမျိုးသော စီးပွားရေးစနစ်များတွင် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းစုဖြစ်သည်။ MSME လုပ်ငန်းများ ပုံမှန်ဖွံ့ဖြိုး တိုးတက်နေမည်ဆိုလျှင် စီးပွားရေးမတည်ငြိမ်သည့်  ကာလများမှာပင်    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းကျောင်းပေးနိုင်စွမ်း    ရှိကြောင်း လေ့လာတွေ့ရှိရသည်။ MSME လုပ်ငန်းများမှတစ်ဆင့်   နိုင်ငံအတွင်းငွေကြေးစီးဆင်း လည်ပတ်မှုကို  စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှု၏    အညွှန်းကိန်းတစ်ခုဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်သည်။   နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများလူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် MSME လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကမောင်းနှင်အား   တစ်ရပ်ပင်ဖြစ်သည်။

တစ်ဆက်တည်းမှာပင်    MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ရာတွင် နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများ   ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း   ထုတ်ကုန်ပြပွဲပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ လုပ်ငန်းအရွယ်အစားများ    ကြီးမားလာစေရန်ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများပေးခြင်း၊ အွန်လိုင်းဈေးကွက် ပလက်ဖောင်းများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင်   ဝင်ရောက်နိုင်ရန်   အကူအညီပေးခြင်း၊  အရင်းအနှီးလိုအပ်ချက်အတွက်   ချေးငွေရရှိရေး   ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ဖြင့်   အားပေးကူညီလျက်ရှိသည်ကိုလည်း နိုင်ငံသားတစ်ယောက်အနေဖြင့် ဝမ်းမြောက်ဖွယ်  တွေ့မြင်ကြားသိနေရသည်။

လုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်ငန်းများအတွက် အရေးအကြီးဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် ကုန်ကြမ်းအား    ပြည်တွင်းထွက်၊  ဒေသထွက်ကုန်ကြမ်းများကိုသာ အဓိကထား သုံးစွဲထုတ်လုပ်ကြရမည်ဖြစ်သည်။    ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုမှသည် အရည်အသွေးမြင့်ထုတ်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာရမည်မှာ မလွဲဧကန်ဖြစ်သည်။ တစ်နည်းဆိုရသော် နိုင်ငံတော်ရွှေသီးမည့် ရှေ့ခရီးအနာဂတ်ပင်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။ 

MWD Web Portal

ပြည်စိုးညိမ်း

နွေတစ်ပိုင်း၊    မိုးတစ်ပိုင်း   ရောနှောနေသော ဝါဆိုလတွင် မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးလှသော မြတ်လေးပန်းကို ဝါဆိုလ၏ရာသီပန်းအဖြစ်  သတ်မှတ်ထားကြသည်။  ပန်းအဘိဓာန်တွင်  မြတ်လေးပန်းအား ဇွဲသတ္တိရှိခြင်းအစွမ်းနှင့် ယှဉ်တွဲ ထားသည်ကိုတွေ့ရသည်။    မူလပေါက် ရောက်ရာအရပ်မှာ  ဟိမဝန္တာတောင်၏ အနောက်မြောက်ဘက်ဒေသဖြစ်သည်။ မြတ်လေးပင်သည်  ချုံနှင့်နွယ်မျိုးဝင်ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ဝ၁ မျိုးခန့်ရှိသည်။

မြတ်လေးပန်းသည် Oleaceae မျိုးရင်း ဖြစ်ပြီး အင်္ဂလိပ်အမည်အားဖြင့် Spanish Jasmine၊ Catalonian Jasmine၊ Califor-nia Jasmine၊ Royal  Jasmine စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။  အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့်  အနီရောင်ဟူ၍ အရောင်လေးမျိုးတွေ့ရတတ်ပြီး ရုက္ခဗေဒအမည်များအရ -

- အဖြူရောင်မြတ်လေးပန်းကို  Jasminum  Grandiflorum Linn    ဟုလည်းကောင်း၊

- အဝါရောင်မြတ်လေးပန်းကို Jasmi-num Angustifolium ဟုလည်းကောင်း၊

- အနီစပ်မြတ်လေးပန်းကို Ipomoea Quamoedit ဟုလည်းကောင်း၊

- အနီရောင်မြတ်လေးပန်းကို   Oua-moclit Vulgaris ဟုလည်းကောင်း သတ် မှတ်ထားကြောင်း  လေ့လာမှတ်သားရ သည်။

မုလေး (ခေါ်) မြတ်လေး

မြန်မာနိုင်ငံ၏    တချို့အရပ်ဒေသ၌  မုလေးပင်ဟုခေါ်ကြသည်။ မုလေးပန်းဟု ရေးသားခေါ်ဝေါ်ကြသည်မှာ  အဘိဓာန်ကျမ်းတွင် သုမနာ-မုလေး။ ဇာတိသုမနာ- မုလေး။ မာလတီ-မုလေး။ ဇာတိ-မုလေး။ ဝိဿကီ-မုလေးဟူ၍  ပရိယာယ်ငါးပုဒ် ပြဆိုထားကြောင်းနှင့် မြန်မာဘာသာတွင် မာလတီဟူသောအပုဒ်တွင် တီသဒ္ဒါကြေ၍  မာလသဒ္ဒါပျက်  မုလေးဟု  ရေးသား ခေါ်ဝေါ်ကြသည်ဟု အယူရှိကြောင်း သိရ သည်။

တော်ဝင်ပန်း

မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ် သည့်အလျောက်    ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် မြတ်လေးပန်းအဆီကို    နန်းတွင်းသုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုးအသုံးပြုကြသည်။   မြတ်လေးပန်း၏ထူးခြားချက်မှာ   အပွင့်ကို ခူးဆွတ်မည့်သူမရှိပါက ဘယ်သောအခါမျှ သူ့အလိုအလျောက် မြေမခဘဲနွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာတွင် မြတ်လေးပန်းလိုကျင့်ဟု  ပမာနှိုင်း၍ ဆိုကြသည်။

ဝိမာနဝတ္ထုအဋ္ဌာကထာတွင်လည်း ပန်းတွင်   မုလေးပန်းမြတ်ကြောင်းဆိုထားသည်။  ရွှေထီးရွှေနန်းမင်းအဆက်ဆက် ထွက်စံတော်မူရာ   ရာဇမတ်တန်း  မင်းလမ်းများတွင် တံခွန်၊ ကုက္ကား၊ မုလေးပွား စိုက်သည်မှာလည်း         အခါခပ်သိမ်း မုလေးပန်းဆိုင်းမရသောကြောင့် မုလေး ပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရသောကြောင့်      မုလေးပွားဟုခေါ်ဆို ကြောင်း လေ့လာမှတ်သားရသည်။

အပင်၏ပုံသဏ္ဌာန်

မြတ်လေးပင်ကို မြန်မာနိုင်ငံအနှံ့အပြား၌     အလှစိုက်ပျိုးလေ့ရှိကြသည်။

အထက်တွင်  ဖော်ပြထားသည့်အတိုင်း မြတ်လေးပင်မှာ အဖြူရောင်၊ အဝါရောင်၊  အနီစပ်နှင့်   အနီရောင်ဟူ၍   အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့် အနီရောင်တို့မှာ ပုံသဏ္ဌာန်ထင်ရှားသည်။

- အဝါရောင်မြတ်လေးပင်သည် နွယ်မျိုးဖြစ်၍   လုံးပတ်မှာ  ၄ လက်မမှ   ၅ လက်မခန့်ရှိသည်။ အကိုင်းအခက်များ ကောက်ကောက်ကွေးကွေးရှိသည်။ အရွက်သည်  ၄ လက်မမှ ၆ လက်မအထိ  ရှည်သည်။ ရွက်ရိုးတံ နှစ်ဖက်စုံထွက်လျက်ရှိပြီး လေးစုံမှ ခြောက်စုံအထိထွက်သည်။ အဖျားချွန်းသည်။  အပွင့်မှာ  အလွန်မွှေးသည်။ အဝါရောင်အပွင့်များပွင့်၍ ကဆုန်လတွင် အသီးသီးကြသည်။

-အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်ကာ လိမ်ကောက် နေပြီး  ၁၃ ပေမှ ၁၅ ပေအထိ   နွယ်တက်သည်။    ရွက်လွှဲထွက်၍   သေးသွယ်သော အရွက်များထွက်သည်။  အပွင့်သည် အဖြူရောင်ရှိ၍ အနည်းငယ်ပျော့ပျောင်း သည်။  မြတ်လေးအနီပွင့်နှင့်  သဏ္ဌာန် တူသော်လည်း        မြတ်လေးအဖြူက သေးငယ်သည်။     လုံးဝန်းသောအသီး သီးသည်။

- အနီစပ်ရောင် မြတ်လေးပင်သည်  ချုံပင်ဖြစ်သည်။ အရွက်မှာ ထိပ်ဖျားချွန်း၍  ၂  လက်မအထိရှည်သည်။ အရွက် အစွန်းသုံးခုရှိသည်။    အရွက်ခပ်ကျဲကျဲ ထွက်သည်။    အပွင့်မှာ   မြတ်လေးအဖြူကဲ့သို့ပွင့်သည်။  အစိမ်းရင့်ရောင်အရွက်မှာ အနည်းငယ်ထူ၍ မျက်နှာပြင်ပြောင်ချောသည်။   အနီရောင်မြတ်လေးပင်သည်လည်း အလားတူအပင်မျိုးဖြစ်သည်။

ဆေးဖက်ဝင် အာနိသင်

 အပွင့်နှင့်အရွက်တို့ကို ဆေးဝါးအလို့ငှာ အသုံးပြုနိုင်သည်။

- မြန်မာ့ဆေးကျမ်းတွင် မြတ်လေးပင်သည်   ဖန်၊  ခါး၏။  စပ်၏။  ပူ၏။ ကြေကျက်လွယ်၏။   အန်စေတတ်၏။ ဒေါသသုံးပါးကို    ငြိမ်းစေတတ်၏   ဟု ညွှန်းဆိုထားသည်။

- မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏အကျိုးကို သီရိရာဇေန္ဒြသေန ရသေ့စီရင်သည့်    ဒြဗျဂုဏ်ဆေးကျမ်းတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏အမုံအကင်းသည်   မျက်စိနာနှင့်သင့်၏။   ထိုမုလေး ရွက်သည်  သလိပ်၊ သည်းခြေကိုနိုင်၏ဟု ဆိုထားသည်။

- ဝေဿာမိတ်တရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင်  မုလေးကျီးပေါင်းကို     ရေဝတီနက္ခတ်အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုထားသည်။

- Herbal  (ခေါ်)   ဆေးဖက်ဝင်အပင်များဆေးကျမ်းတွင်   မြတ်လေးပန်းနှင့်ပတ်သက်၍   ဆေးစွမ်းထက်မြက်ပုံတို့ကို စိုးရိမ်စိတ်ကဲခြင်း၊     စိတ်ငြိမ်စေခြင်း၊ အရိုးကင်ဆာ၊  ရင်သားကင်ဆာ၊  မျက်စိ ကျိန်း၊      စိတ်ဓာတ်ကျခြင်း၊    အရေပြား  ရောင်ရမ်းခြင်း၊  အသားအရေခြောက် ခြင်း၊    အားကုန်ခြင်း၊   ခေါင်းကိုက်ခြင်း၊   စိတ်ဖိအားများခြင်းတို့အတွက် အသုံးပြု နိုင်၏ဟု ဖော်ပြထားသည်။

- အိန္ဒိယဆေးကျမ်းများတွင်   မြတ်လေးပန်းသည် စူးရှခါးသီးပြီး စူးရှသော အရသာရှိ၏။   ခံတွင်းရောဂါ၊ ခေါင်းကိုက်ခြင်း၊   ပန်းနာ၊ ရင်ကျပ်၊  သွားပိုးစားခြင်း၊ ပါးစပ်ရောင်ခြင်း၊ မျက်စိရောဂါများအတွက်   အလွန်အသုံးဝင်၏။ သွားကိုက်ခြင်း၊ ယားယံခြင်းနှင့် နားကိုက်ခြင်းတို့အတွက်လည်း အလွန်ကောင်းမွန်၏။ သွေးရောဂါ၊   နူနာ၊   အနာအမျိုးမျိုးတို့အတွက် အပင်၏အမြစ်သည် ဆေးစွမ်းထက်၏။ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊   သွေးထွက်လွန်ခြင်း၊  လေငန်း၊ ဒူလာရောဂါတို့အတွက် ကောင်း၏။

အနီရောင်ပန်းပွင့်ကို  ဆိုးဆေးအလို့ငှာ  သုံးနိုင်၏။ မြတ်လေးပန်းအဆီသည် ခါး၏။ သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်၏။ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အရေပြားကို ပျော့ပျောင်းစေခြင်း၊ ဦးနှောက်ကို အားပြုစေခြင်း၊ အရိုးအဆစ် ကျန်းမာစေခြင်းအတွက်  အသုံးတည့်၏။

ထို့ပြင် နားကိုက်လျှင်  မြတ်လေးဆီဖြင့် နားကျပ်နိုင်၏။ အမြစ်ကို အခြောက်ခံ၊  အမှုန့်ပြုလုပ်၍ ရေဖြင့်သောက်လျှင်  အူတွင်းရှိ  တုတ်ကောင်၊ သန်ကောင်များ ကို သေစေ၏ဟု  အကျယ်တဝင့်ရေးသား  ထားသည်။

- မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကိုပြေစေသောအာနိသင်ရှိသည်။ ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများအတွက် မြတ်လေးပန်းပွင့်ကို ရှူပေးခြင်းဖြင့် သက်သာစေသည်။

- မြတ်လေးပွင့်သုံးပွင့်ကို   နှမ်းဆီဖြင့်ကြိတ်၍  ရှူပေးလျှင်  ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေနိုင်သည်။

- အရွက်ကိုပြုတ်၍ ငုံဆေးအဖြစ် ငုံပေးပါက သွားကိုက်၊ သွားနာပျောက်ကင်းစေသည်။

- အဝါရောင်ပွင့်သော မြတ်လေးပင်၏ အရွက်ကို ကျိုချက်၍သောက်လျှင် ချောင်းဆိုးရောဂါ ပျောက်ကင်းစေသည်။ ယင်းအပင်၏အရွက်ကို အပူပေး၍ ရလာ သော ပေါင်းခံရည်ကို ယားနာ၊ ပွေးနာများ တွင် လိမ်းပေးလျှင် သက်သာစေသည်။ ယင်းအပင်တစ်ပင်လုံး   (ပဉ္စငါးပါး - အမြစ်၊ ပင်စည်၊  အကိုင်း၊ အရွက်၊ အဖူးအပွင့်) ကို    ဆီနှင့်ချက်၍ ရလာသောအဆီဖြင့် လိမ်းကျံနှိပ်နယ်ပေးလျှင်  အဆစ်ရောင်ရောဂါများ ပျောက်ကင်းစေသည်။

- မြတ်လေးပန်းခြောက်ကို နှမ်းဆီတွင်စိမ်ထားပြီး နားကျပ်ပေးပါက နားပြည်ယို ရောဂါ ပျောက်ကင်းစေသည်။

- နှလုံးရောဂါ၊ အမောရောဂါများအတွက် ဖော်စပ်သောဆေးဝါးများတွင် မြတ်လေးပွင့်ကို ထည့်သွင်းဖော်စပ်ကြသကဲ့သို့   သွေးဆေးအေးများဖော်စပ်ရာတွင်လည်း   ထည့်သွင်းဖော်စပ်လေ့ရှိ သည်။

- အိပ်မပျော်သူများအနေဖြင့်   နှစ်ခြိုက်စွာအိပ်ပျော်စေရန်      မြတ်လေးပန်းခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ရာဝင်ခါနီးတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသောက်သုံးပါ။

- အဖြူရောင်ပွင့်သော မြတ်လေးပင် ပဉ္စငါးပါး    အလေးချိန်ငါးကျပ်သားနှင့် ရေသန့် ၅၀ ကျပ်သားတို့ကို   ထက်ဝက်ခန်းအောင်ကျိုချက်၍  သောက်ပေးခြင်းဖြင့်  မီးယပ်ချုပ်ခြင်းကို ပျောက်ကင်းစေသည်။  မြတ်လေးဖြူပင်အရွက်ကို  ကျက်ကျက်ကျို၍  အမျိုးသား၊   အမျိုး သမီးရောဂါများအတွက်    ဖန်ဆေးရည် အဖြစ်အသုံးပြုနိုင်သည်။   ယင်းအရွက်  ၁၀   ကျပ်သားနှင့်   နှမ်းဆီ ၁၀ ကျပ်သား တို့ကိုစိမ်၍  ရလာသောဆေးအဆီကို ပန်းသေ၊       ပန်းညှိုးရောဂါအတွက်  လိမ်းပေးနိုင်သည်။ ရက်အနည်းငယ်ကြာ သည်အထိ   ဤနည်းအတိုင်းပြုလုပ်ပေး နိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ခါတော်မီ မြတ်လေးပန်းတို့ လှိုင်လှိုင်ပွင့်ကြရာ ဝါဆိုလရာသီတွင် မွန်မွန်မြတ်မြတ်ဘုရားလည်းလှူကာ  ဆံကေသာထက်တွင် ပန်ဆင်ကြရင်း ဆေးဝါးအလို့ငှာ  အလိုရှိ သလို  သုံးစွဲနိုင်ပါကြောင်း အကြံပြုရေး သားလိုက်ရပါသည်။   

MWD Web Portal
 

ပေါက်ပေါက်

ဝါခေါင်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ငါးလမြောက်(ပဉ္စမ)ဖြစ်ပါသည်။ မိုးရာသီမိုးသည်းထန်သည့်ကာလလည်းဖြစ်သည်။ ရာသီမှာသိဟ်၊ ရာသီရုပ်မှာ ခြင်္သေ့ရုပ်၊ ခတ္တာမှာ ရာသီပန်းဖြစ်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာဘာဝနာပွားများကြသည့် မေတ္တာအခါတော်နေ့ဖြစ်ပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်ကို ကျင်းပကြသည်။

မေတ္တာသည် အေးမြသည်။ စင်ကြယ်သည်။ မေတ္တာဓာတ်သည် သီတာရေနှင့် လရောင်တမျှ အေးမြသည်ဟု ဆိုရိုးရှိပါသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဒေါသဖက်သူက ကြမ်းတမ်းသလောက် မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာတရားများနှင့် ထုံမွမ်းနေသည့် မေတ္တာအခါတော် နေ့ဖြစ်ပါသည်။

မေတ္တာအခါတော်နေ့ သတ်မှတ်ကျင်းပခဲ့သည့် အကြောင်းရင်း

ရှေးအခါက (ဂေါတမမြတ်စွာဘုရားလက်ထက်တော်က) ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူကြပြီး တောအုပ်တစ်ခုတွင် တရားပွားများ အားထုတ်ကြသည်။ ဝါတွင်းကာလလည်းဖြစ်နေ၍ ဝါဆိုဝါကပ်ပြုရင်းကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် နတ်များမှာ မနေနိုင်ကြတော့ဘဲ နေရာဖယ်ပေးကြရပါတော့သည်။ ထိုနတ်များက ရဟန်းတော်များကိုမနေနိုင်အောင် အမျိုးမျိုးခြောက်လှန့်ကြသည်။ နတ်များက ခြောက်လှန့်သည့်အကြောင်း‌ မြတ်စွာဘုရားကို ပြန်လည်လျှောက်ကြားသည့်အခါ မြတ်စွာဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များကို မေတ္တသုတ္တန်ဒေသနာတော် ဟောပြသွန်သင်ပေးပြီး တောအုပ်ဆီ ပြန်သွားစေခဲ့ပါသည်။ တောအုပ်ဆီရောက်လျှင် မေတ္တသုတ္တန်လာ မေတ္တာဘာဝနာပွားများကြသည့်အခါ နတ်များက ချစ်ခင်နှစ်သက်ကြကုန်ပြီး နေရာပေးကာ ဂရုတစိုက်ပြုမူလာကြသည်။ ဤသည်မှာ မေတ္တာတရားကြောင့်ပင်ဖြစ်သည်။ မေတ္တာတရားဆိုသည်မှာ ရန်သူရန်ဘက်ပင်ဖြစ်နေပါစေ မိတ်ဆွေချစ်မြတ်နိုးသူဖြစ်သွားသည့် အာနုဘော်နှင့် ပြည့်စုံညီညွတ်ခြင်းပင်ဖြစ်ပါသည်။ ဤသည်ကိုအကြောင်းပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြ ခြင်းဖြစ်ပါသည်။

မေတ္တာသည် ဘုရားဟော ဗြဟ္မစိုရ်တရားလေးပါးတွင် ပါဝင်သည်။ မေတ္တာသည်သာလျှင် ရန်မှန်သမျှကို အောင်နိုင်ပါသည်။ မိမိ၏ဒေါသကို ပယ်ဖျောက်နိုင်သလို တခြားသူ၏ဒေါသကိုလည်း ပယ်သတ်နိုင်သည်မှာ မေတ္တာ၏အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ မေတ္တာတရားသည် ကမ္ဘာပေါ်တွင် စွမ်းအားအထက်မြက်ဆုံး၊ အင်အားအကြီးမားဆုံး လက်နက်ဖြစ်ပါသည်။ မေတ္တာစွမ်းအားထက်မြက် ကြီးမားနက်ရှိုင်း အကျိုးထူးသည်ကို မြတ်စွာဘုရားက-

- ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သည့် ဘုရားလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက်၊

- သောတာပန်တစ်ရာကို လှူရခြင်းထက်၊

- သကဒါဂါမ်တစ်ရာကို လှူရခြင်းထက်၊

- အနာဂါမ်တစ်ရာကို လှူရခြင်းထက်၊

- ရဟန္တာတစ်ရာကို လှူရခြင်းထက်၊

- ပစ္စေကဗုဒ္ဓါအဆူတစ်ရာကို လှူရခြင်းထက်၊

- သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက်၊

-  ဘုရားအမှူးရှိသည့် သံဃာတော်များကို လှူရခြင်းထက်၊

- စတုဒိသာသံဃာတော်ကို ရည်စူးပြီး ကျောင်းဆောက်လှူရခြင်းထက်၊

- သရဏဂုံဆောက်တည်ခြင်းနှင့် ငါးပါးသီလစောင့်ထိန်းခြင်းထက်၊

“နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက် မေတ္တာပွားများခြင်း”က သာလွန်ပြီး အကျိုးကြီးမားပါကြောင်း အဆင့်များခွဲကာ ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာသည်သာ အောင်နိုင်ရာ၊ မေတ္တာသည်သာငြိမ်းချမ်းရာ၊ မေတ္တာသည်သာချမ်းသာရာဖြစ်နေ၍ မေတ္တာပွားများ အားထုတ်ကြမည်ဆိုလျှင် မေတ္တာအကျိုးတစ်ဆယ့်တစ်မျိုးကို သေချာပေါက်ရရှိမည်အမှန်ပင် ဖြစ်ပါသည်။

မေတ္တာအကျိုး တစ်ဆယ့်တစ်မျိုးမှာ-

- ချမ်းသာစွာအိပ်ရခြင်း။

- ချမ်းသာစွာနိုးရခြင်း။

- အိပ်မက်ဆိုးကိုမမြင်မက်ခြင်း။

- လူတို့ချစ်မြတ်နိုးခြင်းကိုခံရခြင်း။

- သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရခြင်း။

- နတ်တို့စောင့်ရှောက်ခြင်း။

- မီး၊ အဆိပ်၊ လက်နက်တို့ မစွဲကပ်မဖျက်ဆီး နိုင်ခြင်း။

- လျင်မြန်စွာ စိတ်တည်ကြည်ခြင်း။

- မျက်နှာအဆင်း အထူးကြည်လင်ခြင်း။

- မတွေမဝေသေရခြင်း။

- ဗြဟ္မာပြည်သို့လားရခြင်းတို့ ဖြစ်ပါသည်။

စာရေးတံမဲပွဲသည် ဝါခေါင်လ၏ရာသီပွဲတော်ဖြစ်သည်။ စာရေးတံအလှူသည် မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသည့် ဆွမ်းအလှူဖြစ်ပါသည်။

စာရေးတံဆိုသည်မှာ-

သစ်သားအချောင်းတံဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက် စသည်တို့ဖြင့် လုပ်ထားသည့်အတံတွင်ဖြစ်စေ ဒါယကာ ဒါယိကာမများ၏ အမည်ကို ရေးထိုးမှတ်သားထားခြင်းဖြစ်သည်။

စာရေးတံဆွမ်းအလှူ ဆောင်ရွက်မှုမှာ ဒါယကာဒါယိကာမများ၏ အမည်ကို ရေးထိုးထားသည့်စာရေးတံကို အသုံးပြုပါသည်။ ရေးထိုးပြီးစာရေးတံအားလုံးကို ထည့်စရာတစ်ခုထဲတွင် ပေါင်းထည့်ကာ မွှေကြရပါသည်။ ပြီးမှ အလှည့်ကျရဟန်းက စတင်မဲနှိုက်ယူရပါသည်။ တချို့က မထေရ်ကြီးကစပြီး မဲနှိုက်ယူပါသည်။ ဆွမ်းဒါယကာ ဒါယိကာမမည်သူမည်ဝါ၏ စာရေးတံကိုနှိုက်ယူပြီးသည့် ရဟန်းသည် ဆွမ်းအလှူရှင်၏ ပင့်လျှောက်မှုဖြင့် အလှူရှင်အိမ်ကို ကြွရပါသည်။ နောက်ပိုင်းအချိန်များတွင် စာရေးတံတွင် ဒါယကာ ဒါယိကာမများ၏အမည်ကို မရေးတော့ဘဲ။ ရဟန်းသံဃာတော်များ၏ ဘွဲ့တော်ကိုသာ ရေးထားကာ ဆွမ်းအလှူရှင်များက မဲနှိုက်ယူရသည့်စနစ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ သံဃာတော်ဆယ်ပါး ပင့်ဆောင် ဆွမ်းကပ်လိုသူက စာရေးတံဆယ်ချောင်း၊ သုံးပါးပင့်ဆောင်ဆွမ်းကပ်လိုက စာရေးတံသုံးချောင်း နှိုက်ယူရသည်။ စာရေးတံပေါ်တွင် ရေးထားသည့်ဘွဲ့အမည်ပါ ရဟန်းသံဃာတော်ကို အိမ်သို့ ပင့်ဆောင်ဆွမ်းကပ်ကြပါသည်။ ဆွမ်းအလှူရှင် ဒါယကာဒါယိကာမများ ကိုယ်တိုင်မဲနှိုက်ယူရ၍ ပိုပြီးသဒ္ဓါရွှင်လန်းဝမ်းမြောက်ကြပါသည်။ နံနက်ဆွမ်း၊ နေ့ဆွမ်းဆိုပြီး ကပ်ကြသလို ကျောင်းသို့ ဆွမ်းအုပ်ပို့ကာ မဲကျသည့် ရဟန်းသံဃာကိုလည်း ဆွမ်းကပ်ကြကာ တရားနာရေစက်ချကြပါသည်။ ပုဂ္ဂိုလ်စွဲမရှိ၊ မဲကျရာရဟန်းသံဃာကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်၍ စာရေးတံအလှူပွဲသည် စေတနာ သုံးတန်ပြည့်ဝသည့် အလှူပွဲတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် မေတ္တာတရားများဖြင့် ပြီးပြည့်စုံထုံမွမ်းနေသည့် မေတ္တာအခါတော်နေ့ (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာဖြင့် အောင်နိုင်မှုကိုရယူနိုင်ရန် မေတ္တာဘာဝနာပွားများရင်း စေတနာသုံးတန်ပြည့်ဝသည့် စာရေးတံအလှူပွဲများ ပြုလုပ်လှူဒါန်းကာ ကုသိုလ်ကောင်းမှု ရယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။

MOI

ဝင်းထွဋ်ဦး

အားကစားနည်းအမျိုးမျိုးတွင် မြန်မာပရိသတ်များ အမျှော်လင့်ဆုံး၊ အနှစ်သက်ဆုံးအားကစားနည်းမှာ ဘောလုံးအားကစားနည်းဖြစ်သည်။ တစ်ချိန်သောကာလက ပြည်နယ်နှင့် တိုင်းဘောလုံးအားကစားပြိုင်ပွဲနှင့် ကျွန်းဆွယ်၊ ဆီးဂိမ်း၊ အာရှအားကစားပြိုင်ပွဲများတွင် တိုင်းနှင့် ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့ကြပုံများကို ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးခဲ့ကြသည်။ တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဘဝဂ်ထိတိုင်ဆူညံသံများဖြင့် အားပေးခဲ့ကြသည်များကို ယနေ့ထက်တိုင်အောင် သတိရနေဆဲဖြစ်သည်။

မျိုးချစ်စိတ်ဓာတ်ရှင်သန်

မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ရေကုန်ရေခန်းအနိုင်မခံအရှုံးမပေးသည့် ပြောင်မြောက်သော ကစားပုံ၊ ကစားကွက်များမှာ ပရိသတ်အားလုံး၏ နှလုံးသားများကို စွဲငြိစေခဲ့သည်။ ရွှေတွဲလဲ၊ ငွေတွဲလဲနှင့် အောင်ပွဲမှပြန်လာကြသော မြန်မာ့လက်ရွေးစင်အားကစားသမားများကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသော မြင်ကွင်းများမှာလည်း ယနေ့ထက်တိုင် မမေ့ပျောက်နိုင်သေးဘဲရှိသည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အသင်းများအပေါ် မြန်မာအားကစားပရိသတ်ထားရှိသည့် ယုံကြည်ကိုးစားမှု၊ ကျေနပ်နှစ်သက်မှု၊ ချစ်ခင်မြတ်နိုးမှုများမှာ လျော့နည်းသွားခြင်းမရှိပေ။ မြန်မာနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓာတ်များ မြန်မာတစ်မျိုးသားလုံး၏ ရင်ထဲတွင်ကိန်းအောင်းနေဆဲ၊ အားကစားမှ ဖြစ်ပေါ်လာသော မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်နေဆဲ။

ပြီးခဲ့သည့် ဇူလိုင်လတတိယပတ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အာဆီယံယူ - ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲများကို မြန်မာအားကစားပရိသတ် စိတ်ဝင်တစား အားပေးကြည့်ရှုခဲ့ကြသည်။ ဇူလိုင်လ ၂၂ ရက်နေ့အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိသရေပွဲကျခဲ့သည်။ အာဆီယံနိုင်ငံများတွင် အစဉ်အလာရှိသည့် ထိပ်တန်းထိုင်းအသင်းကို သရေကစားနိုင်သဖြင့်ကျေနပ်မိသည်။ သို့သော် အုပ်စုပထမပြိုင်ပွဲတွင် တီမောအသင်းကို မထင်မှတ်ဘဲ၊ မမျှော်လင့်ဘဲ သရေကစားခဲ့သည်ကိုမူ မြန်မာပရိသတ်များ မကျေမချမ်းဖြစ်ကြသည်။ မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ကို တီမောအသင်းနှင့် ယှဉ်ပြိုင်ရာတွင် အထင်အရှားတွေ့ရသည်။ အနိုင်ရလျှင် တစ်နိုင်ငံလုံးပျော်မည်။ ရှုံးနိမ့်လျှင် ကြိတ်မနိုင်ခဲမရဖြစ်ကြသည်။

ပရိသတ်များမျှော်လင့်လျက်

ယခုကာလတွင် ယှဉ်ပြိုင်ကစားကြသော ပြည်တွင်း/ပြည်ပအားကစားပြိုင်ပွဲများ၏ အနိုင်/အရှုံးရလဒ်များသည် နှစ်ကုန်တွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အကြိုခြေလှမ်းများဟု ဆိုနိုင်သည်။ အတိတ်တစ်ချိန်က ရွှေရောင်လွှမ်းခဲ့သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားဂုဏ်သည် အားကစားသမိုင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုးထားသည်။ ခေတ်ကာလရွေ့လျောလာသည့်အလျောက် မြန်မာ့အားကစားရွှေရောင်များမှာ မှေးမှိန်လာခဲ့ပြီး မျက်မှောက်ကာလတွင်မူ အားကစားအဆင့်အတန်းမှာ ပြန်လည်ဦးမော့လာသည်ဟုဆိုနိုင်သည်။ အတိတ်က ရွှေရောင်အိပ်မက်များကို မမေ့နိုင်သေးသလို အနာဂတ်အတွက် ရွှေရောင်အိပ်မက်များကိုလည်း ပရိသတ်အားလုံး မျှော်လင့်လျက်ရှိသည်။

၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစား နည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး စုစုပေါင်း မြန်မာအားကစားအဖွဲ့ဝင် ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု နိုင်ငံ့ဂုဏ်ဆောင် ရယူပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာတွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၁ ခုနှစ် နောက်ပိုင်းအခြားအိမ်ရှင်နိုင်ငံများသို့ ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ဆီဂိမ်းပြိုင်ပွဲ များတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အများဆုံး ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ထူးခြားသော စွမ်းဆောင်မှုများကို တွေ့ရမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့

ပါဝင်ယှဉ်ပြိုင်နိုင်မှုအင်အားတွင် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှ အားကစားသမား ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် ပြိုင်ပွဲဝင် ၈၀၀ ကျော်စီပါဝင်သည့် အများဆုံးအင်အားဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်က အင်အား ၇၀၀ ကျော်၊ မလေးရှားက အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအိုနှင့် စင်ကာပူနိုင်ငံတို့က အင်အား ၅၀၀ ကျော်စီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှု အခြေအနေကိုကြည့်လျှင် စုစုပေါင်းထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်းတွင် အိမ်ရှင်ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အားကစားနည်းအားလုံး ရာနှုန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ ငါးနိုင်ငံက အားကစားနည်း ၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ အားကစားသမားပါဝင်မှု အချိုးအစားကိုကြည့်လျှင် အာဆီယံနိုင်ငံအားလုံးက ပါဝင်ယှဉ်ပြိုင်သူအားလုံး၏ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရသည်။ မြန်မာအားကစားအဖွဲ့များအနေဖြင့် အားကစားနည်းစနစ်အစုံအလင်နှင့် ပြိုင်ပွဲဝင်အားကစားသမားအပြည့်အစုံ ပါဝင်ယှဉ်ပြိုင်ကြသည့် အခြားနိုင်ငံများကြားတွင် အားကစားနည်း ၁၉ နည်းနှင့်ပြိုင်ပွဲဝင် ၃၄၁ ဦးဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသော်လည်း အားကစားနည်းအရ ဆုတံဆိပ်ရရှိမှုတွင် မြန်မာနိုင်ငံက မြင့်မားနေသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

အောင်မြင်မှုမြင့်မား

ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူအားကစားသမားဦးရေနှင့် ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၈ ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲ၌ ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက် ပြိုင်ပွဲ၌ ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ အကြိမ် (၃၀) မြောက်ပြိုင်ပွဲ၌ ၇ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက်ပြိုင်ပွဲ၌ ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက်ပြိုင်ပွဲ၌ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိရရှိခဲ့သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် မြန်မာ့အားကစား အောင်မြင်မှုများ မြင့်မားတိုးတက်လာသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၅၃ နည်းထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းပေါင်း ၄၀ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုအခါ အားကစားနည်းအလိုက်ပွဲမဝင်မီ ပြင်ဆင်လေ့ကျင့်နေကြသည်ကို တွေ့ရသည်။ (၃၃) ကြိမ်မြောက် ပြိုင်ပွဲတွင်ပါဝင်မည့် အားကစားနည်းအမျိုးအစားများလာသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းများအလိုက် တိုးတက်ယှဉ်ပြိုင်လာသည်ကို တွေ့နိုင်သည်။

စံချိန်သစ်ပေါ်ထွက်နိုင်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ပွဲမဝင်မီကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သည့်် ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲမှတစ်ဆင့် အစပျိုးလာခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အားကစားပွဲတော်ကြီးတွင် အားကစားသမားပေါင်း ၁၂၀၀၀ ခန့်နှင့်အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းမှစတင်သည်။ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ ကာယဗလ၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စသည့် အားကစားနည်းများသည် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာနိုင်ပြီး စံချိန်သစ်တင်နိုင်သော အားကစားနည်းများဖြစ်သည်။

မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားသည့် ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်၍ အတိတ်က ရွှေရောင်အိပ်မက်များကို အမီမလိုက်နိုင်သေးသော်လည်း ၂၀၀၅ ခုနှစ်မှစတင်၍ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းလာနိုင်သဖြင့် အရှေ့တောင်အာရှဘောလုံးလောကတွင် မြန်မာဘောလုံးအသင်းများ၏ ခြေစွမ်းခြေစများမှာ အလားအလာကောင်းများ ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်း နှစ်သင်းစလုံးအနေဖြင့် အကြိုဗိုလ်လုပွဲများသို့ တက်ရောက်နိုင်ခဲ့သည်မှာ မြန်မာနိုင်ငံနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အခြေအနေဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ကြရပြီး အကြိုဗိုလ်လုပွဲတွင် အာဆီယံ၌ အင်အားအကြီးဆုံး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိအနိုင်ရရှိခဲ့သည်။

ဂုဏ်ပြုပေးအပ်ချီးမြှင့်

ထိုသို့အောင်မြင်မှုများ အဆင့်ဆင့်တက်လှမ်းပြီး မျက်မှောက်ကာလတွင် မြန်မာအားကစားကဏ္ဍ အဆင့်အတန်းတစ်ခုအထိ မြင့်မားတိုးတက်လာခြင်းသည် မြန်မာအားကစားသမားများအားလုံး၏ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာမြင့်မားရေးအတွက် အားကစားဖြင့် ရေကုန်ရေခန်း ကြိုးပမ်းဆောင်ရွက်မည်ဆိုသည့် အောင်စိတ်မြင့်မားမှုရှိနေကြခြင်းဖြစ်သည်။ ထို့ပြင် အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံအတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် အမိမြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် လွှင့်တင်ပေးနိုင်ခဲ့သဖြင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား နိုင်ငံတော်အစိုးရက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသည်လည်း အထောက်အပံ့ကောင်းများဖြစ်သည်။

သာဓကအားဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးဆုများအဖြစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀၀၊ အကြိုဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသားဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အခြားအားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆွတ်ခူးကြသော အားကစားမောင်မယ်များ၊ အသင်းလိုက်၊ အဖွဲ့အလိုက်ပါဝင်သူများ၊ အုပ်ချုပ်သူနည်းပြများပါမကျန် ပါဝင်စွမ်းဆောင်ခဲ့ကြသူအားလုံးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားများအားလုံးက မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ပွဲမဝင်မီ အစွမ်းကုန်ကြိုးပမ်းလေ့ကျင့်ပြင်ဆင်နေကြပြီဖြစ်ရာ ပြီးခဲ့သည့်ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတွဲလဲ ငွေတွဲလဲ အောင်ပန်းဆင်နိုင်ခဲ့သည့် အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အောင်မြင်မှုများကို သယ်ဆောင်ရယူပေးပြီး အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ကြဉ်းပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

MOI

ကိုရင်မောင်

မိုးရာသီတွင်    အအေးဓာတ်ကြောင့်  တချို့က ရေချိုးရမည်ကိုကြောက်ကြသည်။ ရေမချိုးနိုင်သည့်ရက်ကြာသည့်အခါ    အပူအောင်းပြီး   နေမကောင်းဖြစ်တတ်သည်။ ခန္ဓာကိုယ်အတွင်းမှ အခိုးအငွေ့များ အပေါ်သို့တက်သဖြင့် မျက်စိများဝေခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းအုံမူးဝေခြင်း၊ အာခေါင်၊ ပါးစပ်၊ သွားဖုံးများတွင် အပူကန်ခြင်း၊ ခံတွင်းမကောင်းခြင်း၊  ခံတွင်းနံ့နံခြင်းများ ဖြစ်လာတတ်သည်။

ရေချိုးမှားလျှင် အအေးမိပြီး ဖျားနာတတ်သည်မှာ မှန်သော်လည်း သတိတရားဖြင့်ဆင်ခြင်လျှင် မဖြစ်နိုင်ပေ။ ကြောက်၍ ရေမချိုးသည့်ရက်ကြာလျှင် အပူကန်ခြင်းပြဿနာအပြင်    အခိုးငုပ်ခြင်းပြဿနာပါ ဝင်ရောက်လာနိုင်သည်။ အခိုးငုပ်ခြင်းကို ဥပမာပြရလျှင် ဆူနေသောရေနွေးအိုးအဖုံးကို ဖွင့်လိုက်သော အခါ   ရေနွေးငွေ့များ   ကန်ထွက်လာသည်ကိုတွေ့ရ မည်။ ထိုရေနွေးငွေ့သည်   ပြင်းထန်သောကန်အား ရှိသဖြင့်   ရထား၊   မီးသင်္ဘောများပင် သွားနိုင်သော စွမ်းအင်ရှိသည်။ ရေနွေးပူလောင်ခြင်းထက် ရေနွေးငွေ့လောင်ခြင်းက ပို၍ဆိုးသည်။ ဤမျှဆိုလျှင် ကိုယ်တွင်းငုပ်နေသော အပူအင်အားကို သိနိုင်ပြီဖြစ်သည်။

တချို့က  ရေမချိုးဘဲ ရေဖတ်တိုက်လျှင် မဖြစ်ဘူး လားဟု  မေးကြသည်။ နည်းလမ်းမမှန်လျှင် တစ်ခါ တစ်ရံ  ရေဖတ်တိုက်ခြင်းက  ရေချိုးသည်ထက်ပင် ပို၍အအေးမိတတ်သည်။ ရေဖတ်တိုက်ပြီး လန်းဆန်းသွားသည်မှာ နွေရာသီတွင်ဖြစ်နိုင်သည်။ မိုးတွင်း၊ ဆောင်းတွင်း  အေးနေသောအချိန်တွင် ရေဖတ်တိုက်ရန်  အင်္ကျီချွတ်နေစဉ်မှာပင်  အအေးပတ်နိုင်သဖြင့် အထူးသတိပြုရမည်။ ရေအေးလျှင် ရေနွေးရောပြီး ရေနွေးဖတ်တိုက်ခြင်းက ပို၍သင့်လျော်သည်။ ရေနွေးကြောင့် မွေးညင်းပေါက်တွင်     ပိတ်ဆို့နေသော ကြေးညှော်များကင်းစင်ပြီး  အခိုးပွင့်အောင် ပြုလုပ်ရမည်ဖြစ်သည်။  အအေးမပတ်အောင်  အထူးသတိပြုပါ။ အအေးပတ်လျှင်   လူကြီးများတွင်  အနည်းဆုံးတွေ့ကြုံရသည်မှာ        သွေးတိုးလာခြင်းဖြစ်သည်။   အအေးပတ်သွေးတိုးခြင်းသည်  အစားမှားသွေးတိုးခြင်းထက်ပို၍ဆိုးသည်။   နှလုံးကြွက်သားညှစ်အားများပြီး သွေးကြောပေါက်သည်အထိ ဖြစ်တတ်သည်။

တချို့လူများသည် အစားမှားမှ၊ အငန်စားမှ၊ ဆား စားမှ သွေးတိုးသည်ဟု ထင်နေကြသည်။ အအေးပတ် ၍ သွေးတိုးခြင်းသည် ပို၍ဆိုးသည်ကို သတိပြုကြပါ။

ကိုယ်တွင်းမှအပူကို အရေပြားရှိ မွေးညင်းပေါက်များမှ အခိုးအငွေ့အဖြစ် နေ့စဉ်ထုတ်လွှတ်နေသည်။ ထိုမွေးညင်းပေါက်များ ကြေးညှော်ဖြင့် ပိတ်ဆို့မနေ စေရန်၊ အခိုးပွင့်စေရန် နေ့စဉ်ရေချိုးခြင်း၊ ကြေးတွန်းခြင်း၊ ဆပ်ပြာတိုက်ခြင်းကို ပြုလုပ်ကြရသည်။ ထိုသို့ ပြုလုပ်ခြင်းသည်   ကျန်းမာရေးအတွက်ဖြစ်သည်။ လေထုထဲတွင် မိမိတို့မမြင်နိုင်သော ဖုန်နှင့်ဆီချေး ပါသော အခိုးအငွေ့များသည် အမြဲပျံ့လွင့်နေပြီး မွေး ညင်းပေါက်များသို့    လာရောက်ကပ်ငြိပိတ်ဆို့နိုင်သဖြင့် ရေချိုးရန်လိုအပ်သည်ကို  သတိပြုရမည်ဖြစ်သည်။

လူငယ်များအတွက်    ရေချိုးချိန်ကို   သတ်မှတ်မထားသော်လည်း အသက်အရွယ်ကြီးသူများ၊ အိုမင်းသူများ  အအေးမမိစေရန် ရေချိုးချိန်ကို သတိပြုသင့်သည်။ နေမထွက်သောအချိန်၊ နေမထွက်သောနေ့တွင် ရေမချိုးသင့်ပေ။ နေရောင်ခြည်တွင် တေဇောဓာတ်ပါလာသဖြင့်   အပူဓာတ်ရရှိကာ   လူသားများလည်းကျန်းမာ၊   သစ်ပင်ပန်းမန်များလည်း    ဖူးကြ၊  ပွင့်ကြ၊ သီးကြသည်ဟု နိယာမအဆိုရှိသည်။

ရှေးက မြန်မာဗိန္ဒောဆရာကြီးများ၏ လင်္ကာအဆိုအရ   လူကြီးများ  ရေချိုးသင့်သည့်နာရီမှာ   နေထွက်ပြီး  နွေကိုး၊ မိုး ၁၀၊  ဆောင်း ၁၁ ဟု  အဆိုရှိသည်။ အဓိပ္ပာယ်မှာ   လူကြီးများရေချိုးသင့်သည့်အချိန်မှာ နွေရာသီတွင် နံနက် ၉ နာရီ၊ မိုးရာသီတွင် နံနက် ၁၀ နာရီနှင့် ဆောင်းရာသီတွင် နံနက် ၁၁ နာရီဟုဆိုသည်။ အတိအကျမဟုတ်လျှင် ဝန်းကျင်ဟုဆိုနိုင်ပါသည်။ လူကြီးများ  အအေးမိ ကာကွယ်စေရန်   ဤနည်းကို လိုက်နာသင့်သည်။

အေးသောရာသီဥတုတွင် လူတိုင်းအတွက် အအေးမိကာကွယ်ရန် လွယ်ကူသောဆေးနည်းမှာ ရှောက်သီး တစ်လုံးကို    ထက်ခြမ်းခွဲပြီးနောက်     လေးစိတ်စိတ် လိုက်ပါ။ ထိုအထဲမှ တစ်စိတ်ကိုယူပြီး မတ်ခွက်ထဲ ထည့်ပါ။ ဆူပွက်ပြီးသော ရေနွေးအဖြူပူပူကို ခွက် တစ်ဝက်မျှ လောင်းထည့်ပါ။ ပြီးလျှင် အုပ်ထားပါ။ ထို့နောက် ရေချိုးပါ။ ရေချိုးလျှင် အချိန် ၁၅ မိနစ်ခန့် နှင့် အပြီးချိုးပါ။  အချိန်အကြာကြီးမချိုးပါနှင့်။ ရေချိုး ပြီး အဝတ်အစားလဲပြီးသောအခါ နာရီဝက်ခန့်ကြာပြီး ချိန်တွင်   ရှောက်သီးအခွံပါစိမ်ထားသော   မတ်ခွက် ထဲမှ ရေနွေးမှာ သိပ်မပူတော့။ သောက်ရန်အနေတော် ဖြစ်ပါသည်။ ရှောက်သီးခွံမှ အနံ့သင်းသင်းထွက်နေသော  ရေနွေးကို   မတ်ခွက်တစ်ဝက်မျှ   ကုန်အောင်သောက်ပါ။ မွှန်သောအနံ့၊ ခါးသက်သောအရသာနှင့် အနည်းငယ်ချဉ်သောအရသာ   သုံးမျိုးရပါလိမ့်မည်။ အဆိုပါဆေးနည်းသည် အအေးမိခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သော ရေချိုးခံဆေးနည်းဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။

Photo- Cook for your life

ကြည်လွင်မြင့်(မုဒြာ)

ကျွန်တော့်အစ်ကိုကြီးက နယ်မှာနေသူဖြစ်သည်။ သူ့ဇာတိ ဖျာပုံမြို့နယ် သလိပ်ကြီး ကျေးရွာမှာနေသည်။ အသက် ၈ဝ ကျော်ပြီ။ ၁၀ တန်းအဆင့်ထိ ကျောင်းနေခဲ့ဖူးသူဖြစ်၍ အရာရာကို စူးစမ်းလေ့လာသည်။  သတင်းစာဖတ်သည်။  တီဗွီကြည့်သည်။ သူသိချင်တာဆိုလျှင်   ကျွန်တော့်ကိုဖုန်းဆက်၍ မေးလေ့ရှိသည်။

“အေးကွာ ငါသိချင်တာက ဟိုးတစ်နေ့က မင်းတို့အစည်းအဝေးလုပ်နေတဲ့  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကြောင်းပဲ။ အခု တို့ရွာကလယ်သမားတွေထဲမှာ   အတော်လေးအပြောများနေကြပြီး အများစုကလည်း နိုင်ငံတော်အစိုးရကိုအတော်လေးကျေးဇူးတင်နေကြတယ်။ အဲဒီနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဘယ်တုံးကစပြီးပေါ်လာတာလဲ။ ဘယ်လိုစပြီးလုပ်ပေးတာလဲဆိုတာ မင်းသိသလောက်ပြောပြစမ်းပါဦး”

အစ်ကိုကြီးက  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအကြောင်းကိုမေးလာသည်။  ကျွန်တော်ကလည်း ပြောချင်နေသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၏လူများစုဖြစ်သည့်   တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသည့်အစီအစဉ်ဖြစ်သဖြင့်  တောင်သူ လယ်သမားအများစုကို သိစေချင်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏အသီးအပွင့်ကို  တောင်သူလယ်သမားအများစုရရှိခံစားစေချင်သည်။

“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ၂ဝ၂၂ ခုနှစ်က စခဲ့တာအစ်ကိုကြီးရ။ အဲဒီနှစ် ၈ လပိုင်းလောက်မှာ နိုင်ငံတော် အကြီးအကဲက ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရယ်၊ ဒုတိယဝန်ကြီးရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရယ်ခေါ်တွေ့ပြီးတော့ နိုင်ငံတော်အနေနဲ့ ငွေကျပ်ဘီလီယံ ၅ဝဝ ခန့်ကို တောင်သူလယ်သမားတွေ၊ မွေးမြူရေးသမားတွေအတွက် ကူညီထောက်ပံ့ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ လယ်သမားဆိုရင် မျိုးစေ့နဲ့ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုတွေ ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ ပစ္စည်းကိုပဲပေးချင်ကြောင်း၊ သီးနှံထွက်လာရင်လည်း သွင်းအားစုပေးတဲ့အဖွဲ့နဲ့   နောက်တစ်ဖွဲ့က    ဝယ်ယူကြိတ်ခွဲ၊ ရောင်းချရေးအဖွဲ့က  ယူထားတဲ့သွင်းအားစုဖိုးကို ကိုယ့်လယ်ကထွက်တဲ့သီးနှံနဲ့ပြန်သွင်းပြီး ပိုလျှံတဲ့သီးနှံကိုတော့ တောင်သူကစိတ်ကြိုက်ရောင်းချဖို့ပါပဲ။

သီးနှံပေါ်ချိန်မှာတော့  ဈေးနှုန်းသတ်မှတ်ပြီး အဲဒီဈေးနှုန်းနဲ့ပေးသွင်းဖို့ပါပဲ။

မွေးမြူရေးသမားအတွက်လည်း ဒီလိုပါပဲ။ မွေးချင်တဲ့  အသားတိုးကြက်၊ အသားတိုးဝက်၊ အသားစားဘဲတွေကို မျိုးပေးတဲ့ကုမ္ပဏီက မျိုးပေး၊ အစာပေးတဲ့ကုမ္ပဏီ၊ ဆေးဝါးပေးတဲ့ကုမ္ပဏီက အစာ၊ ဆေးဝါးပေး။

အချိန်တန်လို့ထုတ်ရောင်းတော့မယ်ဆိုရင် ဝယ်တဲ့အဖွဲ့က ဒေသပေါက်ဈေးနဲ့ ဝယ်ပေးဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပေးပါတယ်။ အဲဒီပစ္စည်းယူတဲ့တန်ဖိုးငွေ ၁ဝဝ  ကျပ်ကို တစ်နှစ်တစ်ကျပ်ထက်  မပိုတဲ့အတိုးနှုန်းနဲ့ပေးဖို့ အသေးစိတ်စီမံချက် ကျွန်တော်တို့ကို ရေးဆွဲခိုင်းတယ်။ တစ်ပတ်အချိန်ပေးပြီး နောက်တစ်ပတ်မှာ လယ်သမားတွေကိုပေးမယ့် အစီအစဉ်တစ်ခါတည်း တင်ပြပြီး  ငွေကိုလည်းတစ်ခါတည်းပေးမယ် ပြောပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့လည်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်တွေကိုခေါ်ပြီး နိုင်ငံတော်အကြီးအကဲရဲ့စေတနာနဲ့    တောင်သူ လယ်သမားတွေရဲ့ လိုအပ်ချက်ကို   အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့   ငွေပေးငွေယူစည်းမျဉ်းစည်း ကမ်းတွေ၊  စိုက်ပျိုးသီးနှံအတွက်   မျိုးအပါအဝင်သွင်းအားစုလိုအပ်ချက်တွေ၊ စပါး၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာတွေအတွက် သီးနှံတစ်မျိုးချင်း ကုန်ကျစရိတ်တွေတွက်ချက်ရတယ်။

နောက်ပြီး  အရေးကြီးတာက  စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းဖို့ပဲ။ ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်  ကော်မတီတွေဖွဲ့စည်းဖို့ ဖွဲ့စည်းပုံဆွဲရတယ်။ လုပ်ငန်းတာဝန်တွေ အသေးစိတ်ရေးဆွဲရတယ်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ရေးဆွဲရတယ်။

ပြီးတော့ နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်က  တောင်သူလယ်သမားတွေကို ငွေသားတိုက်ရိုက်ပေးလိုက်ရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာမသုံးဘဲ  တခြားနေရာရောက်သွားမှာစိုးတာကြောင့် စပါးစိုက်ချင်တဲ့တောင်သူဆိုရင် မျိုးစပါးပေးမယ်၊ မြေဩဇာပေးမယ်၊ ပိုးသတ်ဆေးလိုရင် ပိုးသတ်ဆေးပေးမယ်။

ဒီနေရာမှာ အကြီးအကဲလမ်းညွှန်တာက တောင်သူလိုချင်တဲ့ အမျိုးအစားနဲ့အမှတ်တံဆိပ်ကိုပေးဖို့ပဲ။

ကိုယ်ပေးချင်တာပေးပြီး ယူချင်ယူမယူချင်နေလုပ်လို့မရဘူး။ မွေးမြူရေးဆိုရင်လည်း အတူတူပဲ။ မွေးမြူရေးသမားလိုချင်တဲ့ အသားတိုးဝက်မျိုး၊ အသားတိုးကြက်မျိုး   သူတို့လိုချင်တဲ့မျိုးကို  သူတို့လိုချင်တဲ့ ကုမ္ပဏီကနေ ချိတ်ဆက်ပေးရမှာ။

နောက်တစ်ပတ်မှာ   နိုင်ငံတော်အကြီးအကဲနဲ့ ထပ်မံတွေ့ဆုံရပြီး ယခင်အဖွဲ့ဝင်များအပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးပါထပ်တိုးလာတယ်။ ဝန်ကြီးသုံးဦးနဲ့ ဒုတိယဝန်ကြီး တစ်ဦးပေါ့။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ငွေချေးပေးမယ့် အစီအစဉ်ကို ရှင်းလင်းတင်ပြတော့ နိုင်ငံတော်အကြီးအကဲက  လိုအပ်တာတွေကို ဖြည့်စွက်ညွှန်ကြားပြီး  သီးနှံအလိုက်  တစ်ဧကစိုက်ရင် မျိုးဖိုးနှင့်သွင်းအားစုဖိုးတွေ ဘယ်လောက်လိုမလဲမေးတယ်။ အဲဒီတုန်းက ၂ဝ၂၂ ခုနှစ်  ဩဂုတ်လဖြစ်တာကြောင့် နွေစပါးစိုက်ရင်  စပါးမျိုးဖိုး၊   ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် တစ်ဧကကို နှစ်သိန်းလိုမယ်။ ပဲတီစိမ်းစိုက်ရင်  မျိုးဖိုးအပါအဝင်  သွင်းအားစုဖိုးငွေကျပ်တစ်သိန်းနှစ်သောင်းလိုမယ်လို့ ကျွန်တော်တို့တင်ပြခဲ့ကြတယ်။  အဲဒီအတွက်ကြောင့်  နွေစပါး ဧက ၈၅ဝဝဝဝ အတွက်  ငွေကျပ် ၁၇ဝ ဘီလီယံနဲ့ ပဲတီစိမ်းတစ်ဧကကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ပဲတီစိမ်းဧက ၅ သိန်းအတွက် ငွေကျပ် ၆ဝ ဘီလီယံ စုစုပေါင်းဘီလီယံ ၂၃ဝ ကျွန်တော်တို့ကို ခွင့်ပြုချထားပေးခဲ့တယ်။

ဝက်မွေးမြူရေးကတော့ တစ်ယူနစ်ကို ကောင်ရေ ၁ဝဝ သတ်မှတ်တယ်။  အဲဒီတုန်းက  ဝက်သားခွဲတစ်ကောင်ကို နှစ်သိန်းလောက်ဈေးရှိပြီး ဈေးထုတ်ရောင်းတဲ့အချိန်ထိ ဝက်တစ်ကောင်မွေးမယ်ဆိုရင် အစာဖိုးအပါအဝင်  ၇ သိန်းလောက် ကုန်တယ်။ အဲဒါကြောင့် ဝက်အကောင် ၁ဝဝ မွေးရင် သိန်း ၇ဝဝ ကုန်မယ်။ အဲဒါကြောင့် ဝက်တစ်ယူနစ်မွေးမယ်ဆိုရင် ကုန်ကျစရိတ်ရဲ့တစ်ဝက်ဖြစ်တဲ့ သိန်း ၃၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်။ အဲဒီလိုပဲ အသားစားကြက်အကောင် ၃ဝဝဝ၊ အသားစားဘဲ အကောင် ၃ဝဝဝ ကို တစ်ယူနစ်သတ်မှတ်ပြီး အသားစားကြက်က   ရက် ၄ဝ မှ ၄၂ ရက်မွေးရင်   ကြက်အကောင် ၃ဝဝဝ ကို သိန်း ၃ဝဝ လောက်ကုန်တယ်။ အဲဒါကြောင့်  အသားစားကြက်၊ အသားစားဘဲ မွေးမယ်ဆိုရင် အကောင် ၃ဝဝဝ တစ်ယူနစ်ကို သိန်း ၁၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်”“အေး ချေးပေးတဲ့ ချေးငွေကတော့ ဟုတ်ပါပြီ။ ဘယ်အချိန်ပြန်ဆပ်ရမယ်ဆိုတာ မင်းတို့ဘယ်လိုသတ်မှတ်ထားသလဲ။  ဘယ်လိုတင်ပြခဲ့သလဲ။ နောက်တစ်ခုက အချိန်တန်လို့ ပြန်မဆပ်နိုင်ရင်ရော ဘယ်လိုအရေးယူဆောင်ရွက်ဖို့ စီမံထားသလဲ”

အစ်ကိုကြီးက အချက်အလက်များကို အသေးစိတ်နားစိုက်နေရာမှ စိတ်ဝင်တစားမေးသည်။“အစ်ကိုကြီး မေးတာ   တကယ်အရေးကြီးတဲ့အချက်ပဲ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အရင်းမပျောက် မတည်ငွေ ဖြစ်ပါတယ်။  ပျောက်ပျက်လို့မရပါဘူး။  ပြီးတော့   နှစ်ချင်းချေးငွေ ဖြစ်ပါတယ်။

စိုက်ပျိုးရေးမှာ နွေစပါးဖြစ်ဖြစ်၊  ပဲတီစိမ်းဖြစ်ဖြစ် တစ်ကြိမ်ပြည့်ရင် မပြည့်မီပြန်ဆပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ မွေးမြူရေးမှာလည်း ဝက်မွေးမွေး၊ အသားတိုးကြက်၊  အသားစားဘဲမွေးမွေး  တစ်နှစ်အတွင်း ပြန်ဆပ်ရပါမယ်။ ဝက်ကတော့ သားခွဲဝယ်ပြီးမွေးရင်ခြောက်လ၊ ခုနစ်လဆိုရင် ရောင်းလို့ရပြီ။ ရောင်းပြီးပြန်ဆပ်  ဒါမှမဟုတ်  နောက်တစ်သားဆက်ပြီး မွေးလို့ရပါတယ်။ အသားစားကြက်၊  အသားစား ဘဲကတော့ ရက်သားကြက်ဝယ်ပြီးမွေးရင်  ၄၂ ရက်လောက်ဆိုရင် တစ်ပိဿာနှစ်ဆယ်၊  တစ်ပိဿာသုံးဆယ်လောက်ဖြစ်လာမယ်။ ၄၇ ရက်မှ ၄၈ ရက်ဆိုရင် တစ်ပိဿာငါးဆယ်၊ ခြောက်ဆယ်လောက်ဖြစ်လာမယ်။ မွေးတဲ့လူက ဈေးကွက်အပေါ်မူတည်ပြီး  ထုတ်ရောင်းမယ်။   ပြီးတော့ နောက်တစ်သုတ်ပြန်ပြီးမွေးမယ်ဆိုရင် တစ်နှစ်ကို လေးသုတ်၊ ငါးသုတ်လောက်မွေးလို့ရမယ်။   ဈေးကွက်အပေါ်မူတည်ပြီး တစ်သုတ်ကို သိန်း ၁ဝဝ ကတော့ အနည်းဆုံးမြတ်တယ်။ အဲဒါကြောင့် သေချာစီမံချက်ချပြီး စနစ်တကျမွေးမယ်ဆိုရင် ကြက်မွေးမြူရေးသမားလည်း အထင်သေးလို့မရဘူး။ တစ်နှစ်ကို သိန်းလေးငါးရာဆိုတာ အေးအေးလေးရနိုင်တဲ့လုပ်ငန်းပါပဲ”“အေးကွာ မင်းပြောတော့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက တို့စိုက်ပျိုးမွေးမြူရေးသမား၊ အခြေခံလူတန်းစားတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးဖို့ တကယ့်အထောက်အပံ့ကောင်းပါ။ ဒါ့ကြောင့် တို့ရွာက လယ်သမားတွေ၊မွေးမြူရေးသမားတွေ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရချင်ကြတာကိုး”အစ်ကိုကြီးက တွေးတွေးဆဆ မှတ်ချက်ချလိုက်သည်။

“အစ်ကိုကြီးတွေးတာမှန်ပါတယ် အစ်ကိုကြီး။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစပြီးချေးပေးတော့ အတိုးနှုန်းနည်းလွန်းလို့   စိုက်ပျိုးမွေးမြူရေး သမားတွေက မဝံ့မရဲဖြစ်နေကြတယ်။ နောက်ပြီး ကျွန်တော်တို့  ငွေချေးပေးတဲ့အချိန်ကလည်း  ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့ဆိုရင် အတော်များများက စိုက်ပြီးဖြစ်နေကြတာကြောင့် မယူကြတော့ဘူး။ အဲဒါကြောင့် အဲဒီပထမဆုံးချေးငွေအသုတ်မှာ ပဲတီစိမ်းအတွက် ချေးငွေဘီလီယံ ၆ဝ မှာ ၄ဝ ဒသမ၂၉၅ ဘီလီယံပဲ ချေးယူကြတယ်။  နွေစပါးအတွက်လည်း ၁၇ဝ ဘီလီယံချေးပေးဖို့  နိုင်ငံတော်ကထုတ်ပေးရာမှာ ၁၃၈ ဒသမ ၈၈၈ ဘီလီယံပဲ ထုတ်ချေးကြပါတယ်”“အေး ကောင်းတာပေါ့ကွာ။ တို့လယ်သမားတွေအတွက် ငွေကြေးအရင်းအနှီးက အရေးကြီးဆုံးပဲဟာ။

နိုင်ငံတော်က  အခုလိုထုတ်ပေးတော့  အများကြီးအထောက်အပံ့ရတာပေါ့။  ဒါနဲ့ တစ်နှစ်ပြည့်တော့ မင်းတို့ပြန်ပြီးကောက်တဲ့အခါမှာရော ဘယ်လောက်ပြန်ဆပ်ကြသလဲ။ အဆင်ပြေရဲ့လား”“ပြေပါတယ်အစ်ကိုကြီး။ နိုင်ငံတော်အစိုးရရဲ့စေတနာကို တောင်သူတွေက နားလည်လက်ခံကြတော့ ပဲတီစိမ်းရော နွေစပါးပါ နှစ်ခုပေါင်း ၁၇၄ ဒသမ ၁၈၄ ဘီလီယံ ထုတ်ချေးရာမှာ  ၁၇၁ ဒသမ ၂၇၈ ဘီလီယံ ပြန်လည်ကောက်ခံရရှိတာကြောင့် ၉၉ ရာခိုင်နှုန်း ပြန်လည်ရရှိတယ်လို့ ပြောလို့ရပါတယ်။”

“အေး  ကောင်းတယ်ကွာ။  ဒါနဲ့ မင်းတို့ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာ ချေးပေးတာလဲ”“ဟုတ်ကဲ့ပါ အစ်ကိုကြီး။ ပဲတီစိမ်းအတွက်တော့ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ချေးပေးတာပါ။ နွေစပါးအတွက်ကတော့ နေပြည်တော်ကောင်စီနယ်မြေ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီးနဲ့  ဧရာဝတီတိုင်းဒေသကြီးတို့မှာပဲဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၇၄ ဒသမ ၂၄ဝ ဘီလီယံ အများဆုံးယူတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးက  ၄၂ ဘီလီယံနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ၆ ဒသမ ၅ ဘီလီယံနဲ့ တတိယအများဆုံးဖြစ်ပါတယ်။  အဓိကက  ကျွန်တော်တို့ဝန်ထမ်းတွေ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီများရဲ့ ကြိုးပမ်းအားထုတ်မှုပဲဖြစ်ပါတယ်”    “ကဲ ဟုတ်ပါပြီ။ မင်းတို့အခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့မျိုးတွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ  ထောက်ပံ့လိုက်တော့ အကျိုးအမြတ် ဘာတွေဖြစ်လာသလဲ။ အထွက်နှုန်းတွေရော တိုးလာသလား”

“အထွက်နှုန်းတိုးတာပေါ့   အစ်ကိုကြီးရ။

ပဲခူးတိုင်းဒေသကြီး၊    ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးသုံးခုမှာ တစ်ဧကပျမ်းမျှ အထွက်နှုန်း ၁ ဒသမ ၈၄ တင်းပိုလာပါတယ်။ 

ပဲတီစိမ်းအထွက်နှုန်း       အကောင်းဆုံးက ပဲခူးတိုင်းဒေသကြီးမှာ   တစ်ဧကအမြင့်ဆုံး ၂၇ ဒသမ ၅ဝ တင်းထွက်ပါတယ်။ ဒုတိယက ဧရာဝတီတိုင်းဒေသကြီးမှာ တစ်ဧက ၂၃ တင်းထွက်ပြီး   တတိယကတော့   ရန်ကုန်တိုင်းဒေသကြီးမှာ တစ်ဧက ၂ဝ ဒသမ ဝ၄ တင်းထွက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပျမ်းမျှ မူလအထွက်နှုန်းထက် ၁ ဒသမ ၈၄ တင်း (နှစ်တင်းနီးပါး)ပိုပြီးထွက်တာကြောင့်    လယ်သမားတွေအားလုံး  ကျေနပ်ဝမ်းသာဖြစ်ရပါတယ်”“အေး ကောင်းပါပြီ။ အထွက်တိုးတာတော့ မှန်ပါရဲ့။ အမြတ်ကရော ဘယ်လောက်တိုးသလဲ”“အဲဒီနှစ်က ပဲခူးတိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတစ်ဦးတစ်ဧကကုန်ကျစရိတ်ငွေကျပ် ၄၄၂၅ဝဝ ဖြစ်ပြီး ပဲတီစိမ်းရောင်းရငွေကျပ် ၁၅၄၉၈ဝဝ ဖြစ်တဲ့အတွက် တစ်ဧကကို ငွေကျပ်၁၁ဝ၇၃ဝဝ  မြတ်ပါတယ်။   ဧရာဝတီတိုင်းဒေသကြီးက     တောင်သူတစ်ဧကကုန်ကျစရိတ် ငွေကျပ်  ၂၇၇၆ဝ၉ ဖြစ်ပြီး တစ်ဧကဝင်ငွေက ၉၆၉၁၂၅  ကျပ်ဖြစ်တာကြောင့် တစ်ဧကကို ၆၉၁၅၁၆  ကျပ်မြတ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတွေကတော့ တစ်ဧကစိုက်စရိတ်ငွေကျပ် ၇၂၅ဝဝဝ ဖြစ်ပြီး ပဲတီစိမ်းပြန်ရောင်းရငွေတစ်ဧက ၁၃၃၃၃၃၃ ကျပ်ရတာကြောင့်  တစ်ဧကကို ၆ဝ၈၃၃၃ ကျပ်မြတ်ပါတယ်”“အေး ဟုတ်ပါပြီ။ မင်းက ပဲတီစိမ်းအကြောင်းချည်း ပြောနေတယ်။ နွေစပါးအခြေအနေလေးလည်း ပြောဦးလေကွာ။   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုကြောင့်  တို့တောင်သူတွေ  စပါးဘယ်လောက်အထွက်တိုး တယ်၊ ဝင်ငွေဘယ်လောက်တိုးတယ်ဆိုတာလည်း ပြောစမ်းပါဦး”စပါးအထွက်နှုန်းတိုး“နွေစပါးမှာတော့ ပြီးခဲ့တဲ့နှစ်က နေပြည်တော်နဲ့ တိုင်းဒေသကြီး ခြောက်ခုမှာ စိုက်ခဲ့ပါတယ်။ အထွက်နှုန်းအကောင်းဆုံးက  ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး  အထွက်နှုန်းအမြင့်ဆုံး တစ်ဧက တင်း ၁၆၀ နဲ့ ပျမ်းမျှအထွက်နှုန်းက ၁၀၁ ဒသမ ၈၁၃ တင်းဖြစ်ပါတယ်။ ဒုတိယအထွက်နှုန်းအမြင့်ဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး အမြင့်ဆုံးအထွက်နှုန်းက တစ်ဧက ၁၃၇ တင်းဖြစ်ပါတယ်။ တတိယအထွက်နှုန်းအမြင့်ဆုံးက ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧက ၁၃၀ ဒသမ ၅၀ တင်းထွက်ပါတယ်။ အသားတင်အကျိုးအမြတ်အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကအသားတင်အမြတ် ၁၃၁၈၃၅၈ ကျပ်မြတ်ပါတယ်။ ဒုတိယအများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင်အမြတ် ၁၁၉၃၇၉၃  ကျပ်မြတ်ပါတယ်။  တတိယအမြတ်များတာကတော့ နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင် ၁ဝ၆၃၈၂၆  ကျပ် မြတ်ပါတယ်။”

“အေးကွာ။ မင်းပြောတဲ့ အမြတ်တွေက တကယ့်ကိုအားရစရာပါပဲ။ ဘာကြောင့် ဒီလိုအမြတ်တွေ ရတယ်ဆိုတာလည်းရှင်းပြပါဦး”အကျိုးကျေးဇူး“ဟုတ်ကဲ့ပါအစ်ကိုကြီး။  ကျွန်တော်တို့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းမှာက သီးနှံစိုက်တဲ့မျိုး၊  မျိုးနဲ့ပတ်သက်ရင်  အဖြစ်

မစိုက်ခိုင်းဘဲ အထွက်ကောင်းတဲ့မျိုး၊ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်စိုက်ပျိုးဖို့ စည်းရုံးဆောင်ရွက်တာဟာ အောင်မြင်ခြင်းရဲ့ လမ်းစပါ။ အစ်ကိုကြီးသိတဲ့အတိုင်း နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်မှာ သီးနှံအထွက်ကောင်းအောင်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုး၊ မြေ၊ ရေ၊ နည်းဆိုတဲ့ နည်းလမ်းလေးသွယ်ကို လိုက်နာခိုင်းတယ်။ ဒါ့ကြောင့် ပထမအချက်သီးနှံမျိုးကို အကောင်းဆုံးရွေးချယ်စိုက်ပျိုးစေတယ်။

ဒုတိယအချက်က မြေ၊  မြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစ်ကိုကြီးတို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက မြေကိုညက်ညက်ထွန်ဖို့၊ စိပ်စိပ်စိုက်ဖို့ မှာခဲ့ကြတယ်။  ဒါကလည်း  သမားရိုးကျဖြစ်ပေမယ့် တကယ်လိုက်နာသင့်တဲ့ကိစ္စရပ်ပဲ။ ပြီးတော့ မြေပြုပြင်တာ၊ ထယ်ရေးလှန်တာ၊ အာဟာရပြည့်ဝအောင် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာထည့်တာတွေက မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။

တတိယအချက်က စိုက်ပျိုးရေ၊ စိုက်ပျိုးရေနဲ့ပတ်သက်ပြီး အလေးထားဖို့လိုတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ရေများရင် လျှော့မယ်။ ရေနည်းရင်သွင်းမယ်။  ဒါက ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေ မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။ အဲ စတုတ္ထအချက်ကတော့ နည်းပဲ။

ဒီနေရာမှာ စိုက်ပျိုးတဲ့နည်းလမ်း၊ စိုက်ပျိုးစနစ် ဒါတွေသည် ခေတ်မီရမယ်။ အမြဲသုတေသနပြုနေရမယ်။ အလားတူပဲ မြေဩဇာကျွေးတာ၊ အပင်အားဆေးဖျန်းတာ၊ ပိုးသတ်ဆေးဖျန်းတာ အပါအဝင် ဆောင်ရွက်တဲ့ နည်းလမ်းတွေဟာ အမြဲတမ်းသုတေသနပြုနေရင် အထွက်နှုန်းတိုးပြီး အောင်မြင်မှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်မှာ  အရည်အသွေး၊ မှန်ကန်တဲ့သွင်းအားစုကို လိုအပ်တဲ့အချိန်မှာ  လုံလောက်တဲ့ပမာဏကို ပြည့်ပြည့်ဝဝသုံးစွဲရခြင်းသည်လည်း  အထွက်နှုန်း တိုးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့သီးနှံကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူမယ့် ဝယ်ယူကြိတ်ခွဲရောင်းချတဲ့  အစုအဖွဲ့ထည့်သွင်းဖွဲ့စည်းထားခြင်းကလည်း    ဈေးနှုန်းမှန်ကန်ပြီး      မှန်ကန်တဲ့ဈေးကွက်ရှိခြင်းကြောင့် စိုက်ပျိုးသူတောင်သူတွေအတွက်  ရင်အေးစေရပါတယ်”“ကဲ ကိုအောင် မင်းပြောပြလို့ ၂ဝ၂၂-၂ဝ၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ပဲတီစိမ်း၊ နွေစပါးစိုက်ပျိုးမှုအစီအစဉ်တွေတော့  အသေးစိတ်သိရပြီ။  အဲဒီနောက်ပိုင်း ဆက်ပြီးလုပ်တဲ့ မိုးစပါး၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့နွေစပါး အစီအစဉ်လေးတွေလည်း ပြောပြစမ်းပါဦး”“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်နဲ့  ကျွန်တော်တို့ လုပ်ခဲ့တာတွေကတော့ အထူးသဖြင့် ပဲတီစိမ်း၊ နွေစပါးနဲ့မိုးစပါး အစီအစဉ်တွေကိုပြောရရင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ပဲတီစိမ်း ၃၃၅၇၉၉ ဧကနဲ့ နွေစပါး ၆၆၉၄၄၃ ဧက၊ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်မှာ  မိုးစပါး ၆၇၁ဝ၆၂ ဧကနဲ့နွေစပါး ၇၃၉၄၉၃ ဧက၊ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးစပါး ၈၆၃၂၆၂ ဧကနဲ့ နွေစပါး ၆၉ဝ၅၂၉ ဧကတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့ပတ်သက်ရင်တော့ ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဆောင်းသီးနှံ မြေပဲ ၁၁၆၄၆၇ ဒသမ ၅ ဧကနဲ့ နှမ်းသီးနှံ ၂၆၃၃၃ ဧကဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးမြေပဲ ၈၇၉၁၃ ဧကစိုက်ပျိုးခဲ့ပါတယ်။ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ဆောင်းသီးနှံအနေနဲ့ မြေပဲ ၉၉၅၁၈ ဧက၊ နှမ်း ၃၇၁၃ ဧကနဲ့နေကြာ ၄၉၄ဝ၂ ဧက စုစုပေါင်းဆီထွက်သီးနှံ ၁၅၂၆၃၃ ဧက နိုင်ငံ့စီးပွားအစီအစဉ်နဲ့ စိုက်ပျိုးခဲ့ပါတယ်”“အေး စိုက်တာပျိုးတာနဲ့အထွက်နှုန်းတွေကတော့ တဖြည်းဖြည်းတိုးတက်လာတာ အားရစရာပါပဲ။ ဒီအတိုင်းဆိုရင် ဟိုတုန်းက ပြောခဲ့ကြတဲ့ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ”တော့မှာပါပဲ။ ဝမ်းသာစရာပါကွာ။ ဒါနဲ့မင်းတို့ ထောက်ပံ့ပေးတဲ့နှုန်းထားက ဘယ်လောက်နှုန်းလဲ”

“ပထမ ၂ဝ၂၂ ခုနှစ်ကစပြီး ထောက်ပံ့တုန်းက နွေစပါးတစ်ဧကငွေကျပ် ၂ သိန်းနှုန်း၊ ပဲတီစိမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်း၊ မြေပဲတစ်ဧက ငွေကျပ် ၃ သိန်းနှုန်း၊ နှမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၅ သိန်းနှုန်း၊ နေကြာတစ်ဧကငွေကျပ် ၂ သိန်းနှုန်းနဲ့  ညီမျှတဲ့သွင်းအားစုတွေ တောင်သူတွေကို ထုတ်ချေးပေးခဲ့ပါတယ်။ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်ကစပြီး  မျိုးစေ့ထည့်သွင်းသုံးစွဲရေးအပါအဝင်  စပါးတစ်ဧကကို ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်း၊ မြေပဲတစ်ဧကကိုငွေကျပ် ၄ သိန်းနှုန်း၊ နှမ်းတစ်ဧကကို ငွေကျပ် ၂ သိန်းနှုန်း၊ နေကြာတစ်ဧကကို ငွေကျပ် ၂  ဒသမ ၅ သိန်းနှုန်းနဲ့ညီမျှတဲ့  သွင်းအားစုတွေကို  ထောက်ပံ့ပေးနေပါတယ်”

“အေးကွာ ကောင်းတယ်။ နိုင်ငံတော်က အခုလုပ်ပေးတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဟာ တို့တောင်သူတွေအတွက် တကယ့်ကိုအကျိုးရှိတဲ့အစီအစဉ်ပဲ။ ဒါနဲ့ပတ်သက်ရင် နိုင်ငံတော်အကြီးအကဲ အစည်းအဝေးတစ်ခုမှာ  ပြောကြားခဲ့သလို “နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး အခြေအနေ ကောင်းများ ဖန်တီးပေးဖို့လိုတယ်”ဆိုတဲ့လမ်းညွှန်ချက်ကို တိုက်ရိုက် အကောင်အထည်ဖော်တဲ့ အစီအစဉ်ပဲ။ ဒီနိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အစီအစဉ်ကြောင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရုံသာမက  တို့နိုင်ငံကတောင်သူတွေရဲ့လူမှုစီးပွားဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာသေချာတယ်လို့ ငါတော့ ယုံကြည်တယ်ကွာ”အစ်ကိုကြီးက     ခိုင်မာလေးနက်သော ယုံကြည်ချက်ဖြင့် မှတ်ချက်ပြုလိုက်ခြင်း ဖြစ်ပါသည်။   ။

 

မောင်အောင်